အကြင်နာခင်၊ဆေးတက္ကသိုလ်၊
၁။
လေးထောင့်ပုံ
မှန်ချပ်ကြီးကြီးထဲမှ ပုံရိပ်သည် ကျွန်မအတွက် ထူးဆန်းနေသလိုပင်။
လူတော်တော်များများက
လှပသည်ဟုမှတ်ချက်ချလေ့ရှိသော မထူမပါး မျက်ခုံးတစ်စုံ၊ မျက်ဝန်း
လှလှဝိုင်းဝိုင်းများနှင့် ကော့ညွတ် ပျော့ပျောင်းသော မျက်တောင်စိပ်စိပ်များ၊
နှာတံပေါ်ပေါ်နှင့်
ပန်းရောင်သန်း
နှုတ်ခမ်းတစ်စုံ၊ လေးထောင့်စပ်စပ် မျက်နှာကျပေါ်မှာ ရှိနေသော
ထိုပုံပန်းသဏ္ဌာန်များဖြင့် အနောက်တိုင်းဆန်ဆန် ကြည့်ကောင်းသည်ဟု ကျွန်မကို
သူငယ်ချင်းများက ပြောလေ့ရှိသည်။
ပြီးတော့သူငယ်ချင်းတွေရဲ့
စိတ်အဝင်စားဆုံး အကဲခတ်မှုတစ်ခုမှာတော့ ကျွန်မမျက်ဝန်းများ၏
အေးစက်သောပုံရိပ်များကို ဖြစ်သည်။
ဆေးတက္ကသိုလ်
ပထမနှစ်မှစ၍ လေးနှစ်တာ ခင်လာခဲ့သော သူငယ်ချင်းများသည် ကျွန်မ၏စိတ်အာရုံမှလာသော
မျက်ဝန်း၏ သေသပ်မှုကို တစ်စိတ်တစ်ဒေသ သိရှိနေကြပြီ။ ကျွန်မအပေါ် ဖခင်တစ်ယောက်၏
တာဝန်မကျေမှုနှင့် ကျွန်မအမေအပေါ် ခင်ပွန်းကောင်းတစ်ယောက် မပီသမှုစသော ဘဝအတွေ့အကြုံများဖြင့်
ကြီးပြင်းလာခဲ့သော ကျွန်မသည် ယောက်ျားများအပေါ် စက်ဆုပ်မုန်းတီးဖွယ်အဖြစ်
ခံစားမိနေခြင်းသည် မမှားဟု ပြောချင်ပါသည်။ အပျိုဖော်ဝင်စအချိန်မှစကာ ယောက်ျားများအပေါ်
အထင်မကြီးလိုခြင်း၊ မယုံသင်္ကာစိတ်များခြင်းတို့ဖြင့် ကျွန်မ၏ လှပသော မျက်ဝန်းများသည်
၎င်းတို့အား အေးစက်မနှစ်လိုစွာ ကြည့်မြင်တတ်ခဲ့လေသည်။
သို့သော်...
လေးထောင့်ပုံ မှန်ချပ်ကြီးကြီးထဲမှ
ပုံရိပ်သည် ကျွန်မ အတွက် ထူးဆန်းနေခဲ့ပြီ။ တဖျတ်ဖျတ်လက်နေသော မျက်ဝန်းကြည်ကြည်များ၊
ရှက်သွေးရောင်ဖြာနေသော မျက်နှာပြင်၊ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းအစုံတို့သည်
ခြုံငုံကြည့်လိုက်လျှင် နူးညံ့သိမ်မွေ့မှုတို့ဖြင့် ပြည့်လျှမ်းနေသည်။ အရင်က
အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့်
ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ
လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တသြ အကြည့်များ၊ စပ်စုလိုမှုများ၊
ကဲ့ရဲ့တင်ဆိုမှုများ အပေါ်တွင်လည်း မတုန်မလှုပ် တည်ငြိမ်နေနိုင်ခဲ့ပြီ။ တချို့သော
သူငယ်ချင်းများကတော့ ကျွန်မ၏ မျက်ဝန်းလှလှများ အသက်ဝင် လှုပ်ရှားလာပြီဟု ရယ်ရယ်မောမော
ချီးကျူးကြသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မ၏ဘဝ (သို့မဟုတ်) ခံစားယုံကြည်ချက်တစ်ခု၏
အပြောင်းအကွေ့တစ်ခုကို စတင်ပြီဖြစ်ကြောင်း သတိပြုမိလိုက်ပါသည်။ ထိုပြောင်းလဲမှု၏
နောက်တွင် တစ်စုံတစ်ခုသော အရာသည် ဘယ်လို သွင်ပြင်ဖြင့် ကြိုလင့်နေမည်လဲဟု ကျွန်မ
စိတ်ဝင်စားလှသည်။
မေမေကတော့ သဘာဝတရား၏
ဖန်တီးပေးမှုအပေါ် အလိုက်သင့် မျောပါရန်နှင့် အရာအားလုံးကို ပုံသေ မှတ်ယူမထားရန်
သတိပေးဆုံးမခဲ့သည်။ အရွယ်ရောက်သော လုံမပျိုတစ်ဦး၏ ပထမဆုံး ပြောင်းလဲခြင်းအပေါ်
နားလည်တတ်သော မိခင်တစ်ဦးအနေဖြင့် တားဆီးခြင်း၊ တိုက်တွန်းခြင်း မရှိဘဲ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကျွန်မကို လွတ်လပ်ခွင့် ပေးခဲ့ပါသည်။ မေမေ
ပြောခဲ့ဖူးသည့် 'ယောက်ျားတိုင်း သမီး အဖေလို မဟုတ်သလို သမီးအဖေဟာ ယောက်ျားတွေထဲက ယောက်ျားတစ်ယောက်ဖြစ်တယ်'
ဆိုသော စကားကိုလည်း ကျွန်မ ကောင်းကောင်း သဘောပေါက်နေခဲ့ပြီ။ ကျွန်မ၏
ယုံကြည်ချက်အချို့နှင့် အပြုအမူတချို့ကို ပြောင်းလဲစေခဲ့သော သူကတော့ ကျွန်မနှလုံးသားကို
ယိမ်းယိုင်တက်ကြွစေခဲ့သည့် ကျွန်မ ၏ ချစ်သူကောင်လေး ဖြစ်ပါသည်။
၂။
ကျွန်မ၏ ဆေးကျောင်းတက်နေသော
နှစ်ကာလသုံးခု လွန်မြောက်ပြီးသည့်တိုင် ဖူးစာဖက်၊ လက်တွဲဖော်၊ ချစ်သူရည်းစား စသည့်
စကားလုံးများနှင့် စိမ်းကားနေဆဲ ဖြစ်သည်။ သူငယ်ချင်း တော်တော်များများ၏
နှလုံးသားရေးရာ အတွေးများ ပိုမို အသက်ဝင်လာပုံများကိုတော့ မျက်စိရှေ့တင် မြင်နေ
ကြားနေရပေသည်။ ကျွန်မကတော့ ထိုစုံတွဲများ၏ အဆင်မပြေမှုများကို ကြားနေရလျှင်
ယောက်ျားသားများအပေါ် ထိထိခိုက်ခိုက် တွေးရင်း မယုံသင်္ကာစိတ်များဖြင့်
တစ်ကိုယ်တည်း လောင်ကျွမ်းရမြဲ ဖြစ်သည်။ သို့သော် ကျွန်မ၏ အရင်းနှီးဆုံး သူငယ်ချင်း
ထိုက်ထိုက်နှင့် သူ့ကောင်လေးစုံတွဲ၏ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် အဖြစ်အပျက်များက
ကျွန်မကို မျက်စိလည်စေခဲ့သလို မိန်းကလေးတို့၏ ပျော့ပျောင်း သက်ညှာတတ်သော စိတ်ထားအပေါ်
ပိုမိုအံ့သြခဲ့ရသည်။ (ထိုသို့ ပျော့ပျောင်း နူးညံ့၍ ခွင့်လွှတ်တတ်သောစိတ်မှ
ဘုရားသခင်၏ လက်ဆောင် မိခင်စိတ်တည်းဟူသော မိန်းမသားတို့၏ မွေးရာပါ
မေတ္တာစိတ်ကြောင့် ဖြစ်သည်ဟု လက်တွေ့ကျကျ ခံစားသိမြင်လာချိန်တွင် ကျွန်မသည်
ချစ်သူကောင်လေးအပေါ် နက်နက်နဲနဲ ချစ်မိနေခဲ့ပြီ ဖြစ်သည်)
ထိုက်ထိုက်က သူ့ချစ်သူ ကောင်လေးအပေါ်
မြတ်နိုးမှု၊ သံယောဇဉ်တွယ်မှု၊ နားလည် ခွင့်လွှတ်ပေးနိုင်မှု၊ အားကိုးမှုတွေကို
ကျွန်မဆီ ရင်ဖွင့်ပြောပြသောအခါ အချစ်၏ ထူးဆန်းသော စွမ်းပကားကို ဇဝေဇဝါဖြစ်စ
ပြုခဲ့သည်။ ကျွန်မကရော တစ်ချိန်ချိန်မှာ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်
ခွင့်ရလေမလား။ ဆေးကျောင်းမှာတော့ ကျွန်မက ယောက်ျားမုန်းဝါဒီအဖြစ် နာမည်ကြီးမို့
ကျွန်မမှာ ခုံနံပါတ်ကပ်ရပ် သူငယ်ချင်းကလွဲလို့ ခင်မင်စရာ ယောက်ျားသူငယ်ချင်း
မရှိခဲ့ပါ။ သူငယ်ချင်းတွေ ပြောသလို ကျွန်မ၏ ဘုရားသခင် ဖန်ဆင်းပေးပြီးသား
ကိုယ်ပွားကို တစ်ချိန်ချိန်မှာတော့ မထင်မှတ်စွာ တွေ့ရဦးမည် လား။ ကျွန်မသည်
အေးစက်သော မျက်ဝန်းများဖြင့်ပင် အေးစက်စက် ပြုံးခဲ့ဖူးသည်။
မိုးရာသီမှာပင် မိုးရွာသည့်ရက်
အလွန်ကိုရှားပါးသော မကွေးမြို့ဝယ် မိုးသည်းသည်းထန်ထန် ရွာသော နေ့တစ်နေ့တွင်
မထူးဆန်းသော ဖြစ်ရပ်တစ်ခုကြောင့် ကျွန်မ၏နှလုံးသားတွင်လည်း စိုစွတ်အေးမြခဲ့ရသည်။
မိုးစက်တွေကို သဘောကျသော ကျွန်မသည် အဆောင်ရှေ့က လမ်းမပေါ်မှာ တဖြည်းဖြည်း
လမ်းလျှောက်ရင်း မိုးရေစက်များ အကြားတွင် ကြည်နူးနေခဲ့သည်။ ထိုစဉ်မှာ ကျွန်မလို မိုးရွာထဲမှာ
လမ်းလျှောက်ရင်း မျက်နှာပေါ်ကျလာသော မိုးစက်များကို လက်နှစ်ဖက်ဖြင့် ပွတ်သုတ်ကာ
ကြည်နူးပျော်ရွှင်နေသော သူ့ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ကျွန်မက အဆောင်မှ
အနည်းငယ်ဝေးသော လမ်းကြားလေးတစ်ခု အရောက်မှာ သူက အဲဒီလမ်းကြားလေးထဲက ထွက်လာခဲ့တာဖြစ်သည်။
သီချင်း တစ်ပိုင်းတစ်စကို လေချွန်ရင်း အပျော်ကြီး ပျော်နေပုံရသော သူသည် ကျွန်မကို
အနည်းငယ် အံ့သြသလို ကြည့်ရင်း နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြခဲ့လေသည်။ သူ့အပြုံး
တစ်စသည် မိုးပေါ်က ရွာကျလာသော မိုးစက်ပွင့်များက ပန်းပွင့်များကို
လန်းဆန်းစေသကဲ့သို့ ကျွန်မ နှလုံးသား ပန်းဖူးလေးကို ပိုမိုလန်းဆန်း စေခဲ့သည်ဆိုတာ ချက်ချင်းပဲ ရိပ်မိခဲ့ပါသည်။ ကျွန်မသည်
မိုးရေတွေ ရွှဲနစ်ကာ တဆတ်ဆတ်တုန် ချမ်းနေသော်လည်း စိတ်ထဲမှာ နွေးထွေးလှုပ်ရှားလျက်
သူ့ကို ပြန်လည် ပြုံးပြရင်း သူ့အတွက် သီးသန့်အတွေးများကို ပိုင်ဆိုင်ခဲ့ရသည်။
မိုးရေတွေ ကြားထဲမှာ ကြည်ကြည်လင်လင် ပြုံးရင်း မိတ်ဆွေဖွဲ့လာသော ကောင်လေးကို ပြန်လည်တုံ့ပြန်
ခင်မင်မိခြင်းသည် သူ၏ ရိုးသား၍ အပြစ်ကင်းသော Baby Face လေးကြောင့်
ဖြစ်ပါလိမ့်မည်။ ထိုခဏ၌ ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခဲ့ရ သည်။
ထိုနေ့က သူသည် ကျွန်မကို အဆောင်သို့
လိုက်ပို့ပေးခြင်းဖြင့် နောက်ရက်များတွင် ကျွန်မအဆောင်သို့ လာလည်ခွင့်
ရသွားခဲ့သည်။ အဆောင်မှ သူငယ်ချင်းများ၏ အံ့သြမှုတို့ဖြင့် မေးသောမေးခွန်းများကို
စိတ်ပါလက်ပါ ဖြေရှင်းလျက် ကျွန်မ၏ ဒိုင်ယာရီစာအုပ်တွင် ထူးထူးခြားခြား ရေးမှတ်စရာ
နေ့တစ်နေ့ကို ရရှိခဲ့သည်။ ဆက်၍ ဆက်၍ ရရှိခဲ့သော ကျွန်မ၏ နေ့ရက်များသည် သူနှင့်
ဆုံတွေ့စကားပြောရသော ပန်းနုရောင်နေ့များ၊ သူ့ကို သတိရနေတတ်သော အလွမ်းများဖြင့်
ပြည့်သိပ်နေ သည့် အပြာရောင်မှိုင်းမှိုင်းနေ့များ ဖြစ်သည်။ ထိုသို့
ရောင်စဉ်ဖြာလက်သော နေ့သစ်များအပေါ် ကျွန်မ ယစ်မူးတွယ်တာမိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုကောင်လေးသည်လည်း ဆေးကျောင်းကပင် ဖြစ်ပြီး ကျွန်မထက်
နှစ်တန်းငယ်သော ဒုတိယနှစ် ကျောင်းသား ဖြစ်လေသည်။ တစ်ဦးတည်းသော သမီးအဖြစ်
အဖော်မဲ့စွာ ကြီးပြင်းလာရသော ကျွန်မသည် အတန်းဖော် သူငယ်ချင်းများအပေါ် အလွန်တွယ်
တာတတ်သလို သူ့အပေါ်တွင်လည်း မောင်ငယ်လေး တစ်ယောက်လို ဆုံးမချင်လျက် သူ့ကလေးဆန်မှုများ
အပေါ် အလိုလိုက် နားလည်ရင်း သံယောဇဉ် ဖြစ်တည်မိသည်။
သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ရင်း
ဘဝအမြင်တွေကိုပါ ဆွေးနွေးခဲ့ကြသည်။ သူသည် တစ်ခါတစ်ရံ အငယ်ပီပီ
ချွဲနွဲ့ဂျီတိုက်တတ်သော်လည်း ဘဝအတွက် ခိုင်မာပြတ်သားသော Future Plan ဖြင့် ဦးတည်ကြိုးစားနေသူ ဖြစ်သည်။ ကျွန်မ၏ မိသားစုဘဝကို သိခဲ့ပြီးနောက်
သူသည် စာနာနားလည်တတ်သော မောင်ငယ်တစ်ယောက်ပမာ ကျွန်မကို အမြဲလိုလို အားပေးနှစ်သိမ့်တတ်ပါသည်။
သွယ်ဝိုက်သောနည်းအားဖြင့်ပင် သူ့အပြုအမူတွေသည် ကျွန်မအပေါ်ထားသော လေးနက်မှုကို
ထင်ဟပ်နေစေသည်။ သူငယ်ချင်း တစ်ယောက်လို၊ မောင်ငယ်တစ်ယောက်လို တစ်ယောက်နှင့်
တစ်ယောက် ရင်းနှီးခင်မင်နေစဉ် ခြောက်လအကြာမှာ သူသည် ကျွန်မအပေါ် ရှိနေသော
ချစ်ခြင်းမေတ္တာအကြောင်း ဝန်ခံဖွင့်ပြောခဲ့ပါသည်။ ကျွန်မတို့နှစ်ယောက်၏
အသက်အပိုင်းအခြား ကွာခြားမှုအပေါ် သူ စိုးရွံ့ပူပန်နေသလို ဖြူဖြူစင်စင်
ခင်မင်မှုကို တန်ဖိုးမထားသူဟု စွပ်စွဲခံရမှာကိုလည်း ကြောင့်ကြနေပြန် သည်။
ထိုစဉ် ကျွန်မ၏ မယုံသင်္ကာစိတ်တွေ အုံကြွလာခဲ့ပြီး
အဖေ့ပုံရိပ် တချို့ဖြင့် အိပ်မက်ဆိုးတွေမက်ရင်း ညတာရှည်ခဲ့ရသည်။ 'ယုံကြည်မှုဆိုတာ
ယောက်ျားတွေအတွက် မသင့်တော်ဆုံးအရာ'ဟု ကျွန်မ ဒိုင်ယာရီ
စာအုပ်ထဲက စာသားသည် ကျွန်မကို ခြောက်လှန့်လျက်ရှိသည်။ ကျွန်မ၏အတွေး
ဆိုးဆိုးများဝယ် သူ့မျက်နှာ၊ သူ့အပြုံး၊ သူ့အပြုအမူတို့ကလည်း တရစ်ဝဲဝဲ ဝင်ရောက်လျက်ရှိသည်။
သံသယ အတွေးများဖြင့် ကျွန်မကိုယ် ကျွန်မရစ်နှောင်ရင်း သူ့အတွက် ပြင်းပြင်းထန်ထန်
ခံစားရသော အလွမ်းတို့ဖြင့် ပူလောင်ဆွေးမြည့်လျက်...။
ယုံကြည်မှုတစ်ခုသည် အချစ်ဆိုသော
အရာအတွက် အခြေခံကျပါသလား၊ သို့မဟုတ် အချစ်သည် ယုံကြည်မှုအတွက် အခြေခံဖြစ်ပါသလား။
မည်သို့ဖြစ်စေ၊ အချစ်နှင့် ယုံကြည်မှုဟူသည် ဒွန်တွဲလျက်ရှိသည်ဟု ကျွန်မ
သတ်မှတ်သည်။ ကျွန်မသည် သူ့ကို ချစ်သလားဆိုသည့်မေးခွန်းဖြစ်သည်။ သူ့ကို မြင်လျှင်
စည်းချက်မမှန်စွာ အခုန်မြန်တတ်သော နှလုံးအိမ်၊ တစ်မုဟုတ်ချင်း အေးစက်သွားတတ်သော
ခြေဖျား၊ လက်ဖျားတွေ၊ သူ့မျက်နှာကို တစိမ့်စိမ့် ကြည့်ငေးနေလိုစိတ်၊ သူ့အပျော်တွေ၊
သူ့အားငယ်မှုတွေမှာ သူနှင့်အတူ ပါဝင်ခံစားပေးလိုစိတ်နှင့် သူ့ကို အားကိုးတိုင်ပင်လိုမှု၊
သူ့ကို သတိရနေမှု ဒီအချက်တွေဖြင့် ကျွန်မခံစားမှုကို တစ်စုံတစ်ခုအဖြစ် သတ်မှတ်ရမည်
ဆိုလျှင်...။
ကျွန်မ သူ့ကို ချစ်သည်။
ကျွန်မသည် အချစ်တစ်ခုကို အခြေခံ၍
သူ့အပေါ် ယုံကြည်မှုတစ်ခု ပေးဆပ်မည်။ ဇဝေဇဝါ မယုံရဲသော စိတ်၏နောက်ဝယ်
ယုံကြည်အားထားမှုသည် မားမားရပ်လျက်ရှိသည်။ သူ့ အပြစ်အနာအဆာ တချို့ကို
မိခင်စိတ်ဟူသော မိန်းမသားတို့၏ မေတ္တာဖြင့် အေးချမ်းညင်သာစွာ
ခွင့်လွှတ်နိုင်ခဲ့ပြီ။ တာဝန်မကျေခဲ့သော ဖခင်အား စိတ်မနာဘဲ ခွင့်လွှတ်နိုင်သော
ကျွန်မ အမေ၏ ချစ်ခြင်းမေတ္တာကို သဘောပေါက် နားလည်ခဲ့ပြီ။ ကျွန်မသည် သူ့ကို မောင်လေးတစ်ယောက်လို
မေတ္တာထားမိသည်။ ချစ်သူတစ် ယောက်လို ချစ်သည်။ လုံခြုံမှုတစ်ခု
ရရှိနိုင်မည့်အရိပ်တစ်ခုအဖြစ် အားကိုးမိပါသည်။ ကျွန်မသည် ချစ်ခြင်းကို အရင်းတည်လျက် သူ့အပေါ်တွင်
အနှိုင်းမဲ့သော ယုံကြည်စိတ်ချမှုဖြင့် ပျော်ဝင်ခဲ့ပြီ။
၃။
မှန်ထဲမှ အရိပ်သည် ကျွန်မကိုယ်တိုင်ပင်
ဖြစ်သည်။ ရွှန်းလဲ့သော မျက်ဝန်းဝိုင်းဝိုင်းနှင့် မျက်တောင်ကော့ ရှည်ရှည်များ၊
ပုံသွင်းထားသော မျက်ခုံးတစ်စုံ၊ ခပ်ဟဟပြုံးရယ်နေသော ပန်းဆီရောင် နှုတ်ခမ်းတစ်စုံ။
အေးစက်ငြိမ်သက်သော အတွေးမဲ့မျက်ဝန်းမှသည် ရွှင်မြူး တက်ကြွသော မျက်ဝန်းဆီသို့
မထင်မှတ်စွာ ပြောင်းလဲခဲ့သော ကျွန်မအတွက် မြားနတ်မောင်သည် ကံကောင်းခြင်း
လက်ဆောင်များဖြင့် သာယာစေခဲ့ပါသည်။
ချစ်သူကောင်လေး၏ လေးနက်မှု၊
သစ္စာရှိမှု၊ မျှမျှတတတွေးခေါ်မှု စသည့် အခြေအနေများဖြင့် ကျွန်မတို့
နှလုံးသားရေးရာသည် အခြားသူများထက်တော့ အေးချမ်းခဲ့ပါသည်။ ကျွန်မကို သူက 'သဝန်မတိုဘူးလား'ဟု ကျီစယ်ခဲ့လျှင် 'မောင့်အပေါ်ထားတဲ့ ယုံကြည်မှုကို
မောင်ကိုယ်တိုင် ဖျက်လိမ့်မယ်လို့ မယုံကြည်ဘူး'ဟု
ပြန်ပြောမိမြဲဖြစ်သည်။ ထိုအခါ သူသည် ကျွန်မကို ငဲ့ညှာစွာ ငေးကြည့်ရင်း 'သစ္စာတရားကို အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ မောင့်ကို ယုံကြည်တဲ့အတွက်
ကျေးဇူးတင်ပါတယ်။ မောင့်အတွက် ဘယ်တော့မှ စိတ်မကောင်း မဖြစ်စေရဘူး'ဟု ဆိုမြဲ ဖြစ်သည်။
ကျွန်မကတော့ ပြောင်းလဲမှုတစ်ခုကို
တည်ငြိမ်စွာ ရင်ဆိုင်လျက် နှလုံးသား၏ ဆန္ဒအရ သူ့အပေါ် ယုံကြည်မှုများဖြင့်
အချစ်တစ်ခုကို စိုက်ပျိုးရှင်သန်စေခဲ့ပြီ။ ထိုအပင်သည် ဆက်လက်ရှင်သန်မည်
(သို့မဟုတ်) ညှိုးနွမ်းသွားမည်ကိုတော့ အချိန်ကသာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။
ကျွန်မကမူ သူ့ ဘက်မှ ပြောင်းလဲခြင်းကို ရင်ဆိုင်ခဲ့ရသည်ရှိသော် မိခင်စိတ်ဟူသော
ခွင့်လွှတ်နိုင်သည့် မေတ္တာတရားနှင့်ပင် ဖြေသိမ့် နိုင်ပါလိမ့်မည်။ ယခုမူ ကျွန်မ၏
နှလုံးသားက အချစ်တွင် ယုံကြည်စွာ ပျော်ဝင်လျက် ရှိပါသည်။ ထာဝရအတွက် ရည်ရွယ်သော
သစ္စာဖြင့် ကျွန်မတို့ နှစ်ယောက်၏ ဘဝကို အချစ်နှင့် ယုံကြည်မှုကို အခြေခံကာ
တည်ဆောက်ကြပါမည်။
အကြင်နာခင်၊ဆေးတက္ကသိုလ်၊
(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်
နှစ်ယောက်သား တစ်ကမ္ဘာဆီခြားခဲ့ပြီမို့လည်း ဆုံတွေ့ဖို့ရန် စိတ်ကူးမရှိ။ အိမ်ထောင်ရှင်ဘဝနှင့် ဖြတ်သန်းနေသော သွယ့်ကို မြင်တွေ့ချင်ရုံ သက်သက်။