ရွှေနှလုံးသား

တတိယမြား

သန်းထွန်းဇော်

01 January 2026
တတိယမြား
Share to

နေခြည်အဖျော့တွင် တောရိပ်တောင်ရိပ်ဆန်သော တောင်ဝိုင်းမြေက ဆောင်းဝင်စမို့ စိမ့်အေးချင်လာသည်။ ကျောင်းပရိဝုဏ်ထဲ ဝင်လာချိန်တွင် သွယ်က ကျွန်တော် ကိုင်ဆွဲထားသော လက်ကလေးကို ဆတ်ခနဲ ပြန်ဆွဲရုပ်လိုက်သည်။

'သွယ်က ရှက်တယ်ပေါ့'

ကျွန်တော် သွယ့်မျက်နှာကို ကြည့်ရင်း အပြုံးနှင့် မေးလိုက်သည်။

'သွယ်တို့က မိန်းမသားရှင့်။ ဆင်ခြင်နိုင်မှ တန်ကာကျမယ်။ ကိုဇော် အဆောင်ရှေ့ရောက်ရင် နေခဲ့တော့လေ။ သွယ်တစ်ယောက်တည်း ပြန်လည်းရပါတယ်'

'မဟုတ်တာဘဲ သွယ်ရယ်။ အဆောင်ရောက်တဲ့အထိ ကိုယ်လိုက်ပို့ပေးမှာပေါ့။ ဘာဝေးတာမှတ်လို့'

ပြောရင်း လျှောက်လာကြသည်။

မြေနံ့သာဆောင်နှင့် ဇင်းကျိုက်ဆောင်ရှေ့အရောက်တွင် သွယ်က ကျွန်တော်နှင့် အသာခွာ၍ လျှောက်သည်။ ကျွန်တော် ဘာမှမပြောတော့။ သွယ်ပြောသလို သူတို့က မိန်းမသား မဟုတ်ပါလား။ သူနှင့် ကျွန်တော်သည် ချစ်သူစစ်စစ်ဖြစ်ကြောင်း သူငယ်ချင်းများကလည်း သိနေကြပြီမို့ မဏ္ဍပ်တိုင် တက်စရာ၊ ကြော်ငြာစရာ မလိုတော့။

'စမ်းချောင်းကလေးကို ခဏကြည့်ပါဦးလား သွယ်။ ပြန်ဖို့ စောပါသေးတယ်'

နာဂဝံသစမ်းချောင်းပေါ်ရှိ အုတ်တံတားဖြူဖြူလေးပေါ် ရောက်တော့

ကျွန်တော် ပြောသည်။

'အထူးအဆန်းမှ မဟုတ်တော့တာဘဲ ကိုဇော်ရယ်။ မကြည့်တော့ပါဘူး။ ဒီနေရာက လူသွားလူလာ များတယ်။ တော်ကြာ သူများတွေ ပြောစရာ ဖြစ်နေမယ်။ အဆောင်ပဲ

တန်းပြန်ကြရအောင်'

'တက္ကသိုလ်၊ ကောလိပ်နယ်မြေကတော့ လူသွားလူလာ များမှာပေါ့သွယ်။ မော်လမြိုင် ကောလိပ်နယ်မြေက ချစ်သူစုံတွဲတွေ နာဂဝံသ စမ်းချောင်းပေါ်က ဖြတ်လျှောက်ရင် စမ်းချောင်းလေးကို အတူတူကြည့်ကြရတယ်တဲ့။ ဒါမှ နှစ်ယောက်စလုံးရဲ့ အချစ်တွေဟာ နာဂဝံသ စမ်းချောင်းရေလို မခန်းခြောက်မှာတဲ့'

            'ဘယ်ပုဂ္ဂိုလ်က ခပ်ကြောင်ကြောင် ပြောသွားတာလဲ'

            သွယ်က ခပ်တိုးတိုး ရယ်ပြီး ပြန်မေးသည်။

            'တကယ်ပြောတာ သွယ်ရဲ့။ ဒီမှာ ချစ်သူဘဝကနေ ဆုံစည်းပေါင်းဖက်သွားကြတဲ့ သူတွေဟာ ခုန ကိုဇော် ပြောသလို လုပ်လို့ဗျ။ ကိုဇော်လည်း ကိုယ့်ထက် စီနီယာကျတဲ့ လူတွေပြောလို့ ကြားတာပဲ။ ဘာလဲ... သွယ်က ကိုယ်တို့အချစ်ကို နာဂဝံသ စမ်းချောင်းရေလို သဘောထားတာ မကြိုက်လို့လား'

            'အပိုတွေ ပြောမနေပါနဲ့ ကိုဇော်ရယ်။ ကိုဇော်က ကြာလေပိုလေ။ ကိုပိုကြီး ဖြစ်နေပြီ'

            သွယ်က ပြောပြီး ပါးစပ်ကို လက်ကိုင်ပဝါလေး အုပ်ကာ ခပ်သောသောရယ်သည်။

            ကျွန်တော်တို့နှစ်ယောက် မောရဆောင်၊ သံလွင်ဆောင်နှင့် တနင်္သာရီဆောင်တို့ကိုဖြတ်ပြီး သွယ် တို့၏ ရွှေမြိုင်ဆောင်ဘက်သို့ လျှောက်ခဲ့ကြသည်။

            ကျွန်တော်နေသော မောရဆောင်နှင့် သွယ်တို့၏ ရွှေမြိုင်ဆောင်က သိပ်မဝေး။ ကိုက် ၂ဝဝ ခန့် လျှောက်ပြီး တံတောင်ဆစ်ချိုးကွေ့လျှင် ရောက်ပြီ။

            'တာ့တာနော် ကိုဇော်။ သွယ်သွားပြီ။ ကိုဇော်လည်း စာပြန်ကျက်တော့။ အဆောင်ရှေ့မှာထိုင်ပြီး ကောင်မလေးတွေကို ငေးမနေနဲ့နော်။ သွယ်အဆောင်ပေါ်က လှမ်းကြည့်လို့ ကိုဇော်မပြန်သေးရင်တော့ မလွယ်ဘူးမှတ်'

            'ပြန်မှာပါသွယ်။ ကိုယ့်မှာ သွယ်ကလွဲလို့ ငေးကြည့်ရမယ့် ကောင်မလေးလည်း တစ်ယောက်မှ မရှိပါဘူး'

            သွယ်က အဆောင်ဝင်းထဲ ဝင်သွားသည်။ သွယ် ဝင်သွားတော့မှ ကျွန်တော်လည်း လှည့်ပြန်ခဲ့သည်။

            ဖြူဝင်းသော အသားအရေ၊ အချိုးအစားကျနသော ကိုယ်နေဟန်နှင့် လှသောပသော သွယ်သည် ချစ်သူသက်တမ်း တစ်နှစ်ပင် မပြည့်သေးသော်လည်း နှစ်ယောက်စလုံး ကျောင်းပြီး ဘွဲ့ရလျှင် လက်ထပ်ယူမည်ဟု ကျွန်တော် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို သွယ်ကလည်း မငြင်းဆန်။ 

            သို့ရာတွင် နဖူးစာမင်ရေကပဲ ကျဲလေသလား၊ ကျူးပစ်ဆိုသော မြားနတ်မောင်ငနဲကပဲ အိပ်မှုန်စုံမွှားနှင့် ရမ်းသမ်းပစ်ခတ်ကာ ထိချက်လွဲချော်လေသလား မသိ။

            ပထမနှစ်အပြီး ကျောင်းပိတ်ရက်၌ သွယ် သူ့အရပ် သူ့ဒေသဖြစ်သော ချောင်းဆုံသို့ အပြန်တွင် မမျှော်လင့်ဘဲ စက်သူဌေးတစ်ယောက်နှင့် အိမ်ထောင်ကျသွားရသည်။ သည်မှာတင် သွယ်သည် သူချစ်သော မော်လမြိုင်ကောလိပ်နှင့် ကျွန်တော့်ကို စွန့်ခွာကျောခိုင်းသွားခဲ့ရသလို ကျွန်တော့်မှာလည်း အသည်းဒဏ်ရာကို နင့်နင့်သီးသီး ခံစားလိုက်ရသည်။

            သွယ်မရှိတော့သည့် နောက်ပိုင်း နာဂဝံသ စမ်းချောင်းလေးကို ဖြတ်လေတိုင်း တစ်ချိန်က သွယ့်အား လုပ်ကြံဖန်တီးပြောခဲ့သော ကျွန်တော့်စကားတွေက စကားနောက် တရားပါသလို ဖြစ်သွားရလေသလား စဉ်းစားရင်း ရင်ထဲက နာကျင်အောင် ခံစားခဲ့ရသည်။

            ယမင်းရုပ်လေးလို လှပနုနယ်သော သွယ့်ကို မေ့မဖျောက်နိုင်သေးသလို သွယ့်အကြောင်းကိုလည်း သိလိုသဖြင့် သူငယ်ချင်း ချောင်းဆုံသား မင်းကျော်လွင်ဦးကို မေးရသည်။

            'သွယ်နဲ့ တွေ့သေးလား မင်းကျော်လွင်ဦး။ အရင်လိုကော လှသေးရဲ့လား။ အိမ်ထောင်ရေးကော အဆင်ပြေရဲ့လား'

            'ငါကလည်း ကျောင်းပိတ်ရက်လောက်ပဲ ချောင်းဆုံမှာ ရှိတာဆိုတော့ သွယ်သွယ်စိုးနဲ့ သိပ်ပြီး မတွေ့ဖြစ်ဘူးလေကွာ။ တစ်ခါတော့ ဈေးထဲမှာ ဆုံတယ်။ အရင်အတိုင်း လှတုန်းပါပဲ'

            'ငါ့အကြောင်းကော မေးသေးလား'

            'သူ့အမျိုးသား ဘေးမှာပါလာတော့ စကားရပ် မပြောဘူးကွ။ နှုတ်ဆက်ရုံလောက်ပါ'

            သွယ့်အကြောင်း ကြားရတော့ ရင်ထဲက နွေးလာသလို ခံစားရပြန်သည်။

            သွယ်ပေးခဲ့သော နှလုံးသားဒဏ်ရာ ဒဏ်ချက်တွေက လက်တလောတွင် အပြင်းအထန် ခံစားခဲ့ရသော်လည်း ကျွန်တော်ကျင်လည်နေသည့် နေရာက မိန်းမလှတောမို့ ကာလတစ်ခု အတွင်းမှာပင် အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ရသည်။

            သွယ့်ကို လွယ်လွယ်နှင့် မေ့ပျောက်မသွားသည်မှာတော့ အမှန်ပင်။

            စတုတ္ထနှစ်သို့အရောက် တစ်ခုသော ကျောင်းပိတ်ရက်တွင် ကျွန်တော်တို့ သူငယ်ချင်းများ မင်းကျော်လွင်ဦးနှင့် ချောင်းဆုံသို့ အလည်လိုက်ဖြစ်ကြသည်။ ချောင်းဆုံကို အလည်အသွားချင်ဆုံးက ကျွန်တော်ဆိုလျှင်လည်း မမှား။ ကျွန်တော် အလည်လိုက်ချင်ရသည့် အကြောင်းရင်းကလည်း နောက်နောင် ဘယ်လိုမှ ပြန်ဆုံစည်းခွင့် မရှိတော့သော သွယ့်ကို နောက်ဆုံးအနေနှင့် မြင်တွေ့လို၍သာ။

            သွယ်အိမ်ထောင်ကျသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်၍ ခုဆိုလျှင် သားတွဲလွဲ၊ သမီးတွဲလွဲနှင့် ဖြစ်နေလောက်ပြီ။

            နှစ်ယောက်သား တစ်ကမ္ဘာဆီခြားခဲ့ပြီမို့လည်း ဆုံတွေ့ဖို့ရန် စိတ်ကူးမရှိ။ အိမ်ထောင်ရှင်ဘဝနှင့် ဖြတ်သန်းနေသော သွယ့်ကို မြင်တွေ့ချင်ရုံ သက်သက်။ ဒါကို မင်းကျော်လွင်ဦးနှင့်  သူငယ်ချင်းတွေကလည်း နားလည်သဘောပေါက်ပြီးသား။

            'တိုက်ဆိုင်လိုက်တာ သက်ဇော်ရေ။ ဟို စက်ဘီးနားမှာ ရပ်နေတာ သွယ်သွယ်စိုးလေကွာ။ တွေ့တယ် မဟုတ်လား'

            မင်းကျော်လွင်ဦးက ကျွန်တော်တို့ ထိုင်နေသော လက်ဖက်ရည်ဆိုင်ရှေ့ မလှမ်းမကမ်းသို့ မေးငေါ့ပြရင်း ပြောသည်။ မင်းကျော်လွင်ဦး မေးငေါ့ပြရာသို့ ကျွန်တော် ရင်ခုန်စွာနှင့် လှမ်းကြည့်လိုက်တော့ သွယ့်ကို မမြင်။ မေးနှစ်ထပ်နှင့် အနောက်တိုင်း ကောင်းဘွိုင် ဇာတ်ကားများတွင် ဘီယာထည့်သော ဝက်သစ်ချသားစည်လို အသားဖြူဖြူနှင့် မိန်းမဝဝကြီးတစ်ယောက် ကလေးချီ၍ ရပ်နေသည်ကိုသာ တွေ့လိုက်ရသည်။

            'ဘယ်မလဲကွ သွယ်။ မတွေ့ပါလား'

            ကျွန်တော် ပြန်မေးသလို တိုးကြည်၊ မြင့်ဆွေနှင့် အောင်မြင့်ရွှေတို့လည်း ဆိုင်ရှေ့သို့ လှမ်းကြည့်ကြသည်။

            'ဟိုမှာကလေးချီပြီး ရပ်နေတာ သွယ်သွယ်စိုးလေကွာ။ အိမ်ထောင်ကျ ကလေးမွေးပြီးတော့ ပုံပျက်ပန်းပျက် ဝဝနေလို့ မင်းမမှတ်မိတာပါ။ သေသေချာချာ ကြည့်ပါဦး'

            မင်းကျော်လွင်ဦး၏ စကားကြောင့် ထိုမိန်းမဝဝကို သေသေချာချာကြည့်တော့မှ မျက်နှာက သွယ့်ပုံ ပြန်ထွက်လာသည်။ တစ်ချိန်က ယမင်းရုပ်လေးလို လှပခဲ့သည့် သွယ်တစ်ယောက် အိမ်ထောင်ရက်သားကျ၊ ကလေးမီးဖွားပြီးမှ သည်လိုပုံစံမျိုးကြီး ထွက်လာသည်မှာ ယုံနိုင်စရာပင်မရှိ။

            'ခု သူ့ဘေးကို ရောက်လာတဲ့ မိန်းမဝဝကြီးက သူ့ အမေကွ။ သူတို့မျိုးက အိမ်ထောင်ကျပြီးရင် အဲဒီလို ဒီဇိုင်းတွေ ထွက်ကုန်ရော'

            မင်းကျော်လွင်ဦးက ရှင်းပြသည်။

            'မင်းသိပ်ကံကောင်းတယ် သက်ဇော်၊ သွယ်သွယ်စိုး မင်းကို လမ်းခွဲသွားလို့၊ နို့မို့ဆို ဒီလိုဖက်တီးပုပ်ကြီး မင်းဆီမှာ အဖတ်တင်နေလိမ့်မယ်'

            အောင်မြင့်ရွှေက မှတ်ချက်ချသည်။

            တကယ်လည်း ဟုတ်နေသည်။

            ကျွန်တော်ကတော့ ဝက်သစ်ချသား ဘီယာစည် ဒီဇိုင်းထွက်လာသော သွယ်နှင့် ပစ်ချက်လွဲချော်အောင် ပစ်ခတ်လိုက်သော မြားနတ်မောင်ကိုသာ ကျေးဇူးတင်နေမိသည်။

            မီမီဆွေသည် သိပ်အချောအလှကြီး မဟုတ်သော်လည်း မျက်နှာသွယ်သွယ်၊ ကိုယ်နေဟန် သွယ်လျလျနှင့် ချစ်စရာတော့ ကောင်းသည်။ စိန့်တိုင်းသား သွေးပါသူမို့ အသားလည်း ဖြူသည်။ သူ့မိခင် ဒေါ်ကျင်ရီကလည်း အသက် ၅ဝ ကျော်ခန့် ရှိပြီဖြစ်သော်လည်း ကိုယ်နေဟန်ကတော့ သွယ်လျလျပင်ဖြစ်သည်။ ဒါကိုထည့်ပြောရခြင်းမှာ ကျွန်တော့်အတွက် အရေးပါသော အချက်တစ်ချက်ကြောင့် ဖြစ်သည်။

            ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် 'စိတ်တိုင်းကျ' လက်ဖက်ရည်ဆိုင်နှင့် လမ်းခွဲပြီး မီမီဆွေတို့၏ 'ဆုံစည်းရာ' လက်ဖက်ရည်ဆိုင်သို့ ပြောင်းလာခြင်းကပင် ကျွန်တော်နှင့် မီမီဆွေအတွက် ဆုံစည်းရာ ဖြစ်ခဲ့သည်။

            အရင်ကဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်း စာသမားတစ်သိုက် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင်သာ ထိုင်ကြသည်။ လက်ဖက်ရည်သောက်ရင်း စကားဝိုင်းဖွဲ့၍ စာအကြောင်း၊ ပေအကြောင်း ပြောကြသည်။ ရေနွေးအကုန် အများဆုံးမှာ ကျွန်တော်တို့ဝိုင်းဆိုလျှင် မမှား။ ဆိုင်ရှင် ကိုအုန်းသောင်နှင့်လည်း ခင်မင်နေသည်မို့ ပိုက်ဆံရှိလျှင် လက်ငင်းပေး၊ မရှိလျှင် ဘီလ်ဖွင့်၍သောက်၊ စာမူခရ လခကျလျှင် ပြန်ရှင်းနှင့်မို့ တကယ်လည်း စိတ်တိုင်းကျခဲ့ကြသည်။

            သည်လိုစိတ်တိုင်းကျနေရာက ကဗျာရေးသည့် သင်းရည်လွင်သည် တစ်ရစ်ပြီးတစ်ရစ် တက်လာသည်။ လက်ဖက်ရည်ကြွေးကို မရှင်းသည်က အစပြု၍ ဆိုင်ရှင် ကိုအုန်းသောင်၏ ဇနီး မပုလဲစိန်နှင့် စကားများကြရင်း စိတ်တိုင်းမကျတော့သဖြင့် ကျွန်တော်တို့ တစ်ဖွဲ့လုံး ထိုဆိုင်ကို ကျောခိုင်းခဲ့ကြသည်။

            မီမီဆွေသည် အီကိုဘွဲ့ ရထားပြီးမှ မိဘလက်ငုတ်လက်ရင်း လက်ဖက်ရည်ဆိုင်၌ ကောင်တာထိုင်ခြင်းဖြစ်သည်။ ဘွဲ့ရပြီးသား တက္ကသိုလ်၊ ကောလိပ်ကျောင်းသား ဖောက်သည်များမို့ မီမီဆွေက ကျွန်တော်တို့ အဖွဲ့ကို အရေးပေးသည်။

            နောက်တစ်ခုမှာ မီမီဆွေသည် စာအလွန်ဖတ်သူဖြစ်ရာ စာရေးသူများကိုလည်း လေးစား၏။ မဂ္ဂဇင်းများတွင် ကျွန်တော် ရေးသားဖော်ပြခြင်း ခံရသော မေတ္တာဘွဲ့ ဝတ္ထုတိုလေးများကိုလည်း အရေးတယူ ဖတ်၏။ မီမီဆွေနှင့် ကျွန်တော် ဇာတ်လမ်းစခြင်းမှာလည်း သည်နေရာကပင် ဖြစ်လေ၏။

            'သိပ်ပြီး အချိန်ဆွဲ မနေနဲ့ သက်ဇော်။ အခြေအနေပေးနေပြီပဲ။ မဂ္ဂဇင်း စာအုပ်ကြားထဲ စာညှပ်ထည့်ပြီး ပေးလိုက်ရောပေါ့'

            ပိုင်စိုးဦးက အကြံဉာဏ်ကောင်း ပေးသည်။

            'ဟုတ်တယ်ကွ၊ ဒါမျိုး အချိန်မဆွဲထားသင့်ဘူး။ မင်းတို့နှစ်ယောက် အဆင်ပြေမှ တို့လည်း လက်ဖက်ရည်ကို ဘီလ်ဖွင့်သောက်လို့ရမှာ'

            သင်းရည်လွင်ကလည်း ထောက်ခံသည်။

            'သယ်...လာပြန်ပြီ။ ဒီ ဘီလ်ကိစ္စ။ စိတ်တိုင်းကျမှာ ပုလဲစိန်နဲ့ ဖြစ်ခဲ့တာကို အမှတ်မရှိဘူး။ အားအားရှိ အကြွေးယူဖို့ပဲ စိတ်ကူးနေတော့တာပဲ။ ကိုယ့်သူငယ်ချင်း ကောင်းစားရေးမို့ ကူညီမလား အောက်မေ့ပါတယ်။ ခုတုံးလုပ်ဖို့လောက်ပဲ စဉ်းစားနေတယ်။ ငါလုပ်လိုက်ရနာတော့မယ်'

            ထူးကျော်က တန်ဆောင်တိုင်လပြည့်ညက ကပြခဲ့သော ပါးကွက်အာဏာသား၏လေသံနှင့် ငေါက်ငမ်းလိုက်သည်။ သည်တော့မှ သင်းရည်လွင်မျက်နှာပိုး သတ်သွားသည်။

            'မီမီဆွေက လှတော့ လှပါရဲ့။ သက်ဇော်နဲ့ဆို လိုက်လည်း လိုက်ဖက်ပါရဲ့။ သွားလေး နည်းနည်း အဖီ ထုတ်ထားတာက လွဲရင်ပေါ့'

            လှိုင်ထွဋ်က မီမီဆွေ သွားအနည်းငယ် ခေါနေသည်ကို အကြောင်းပြု၍ နောက်သည်။

            'ဟ...အချစ်ရေးမှာ သွားခေါတာ ဘာအရေးပါ တာမှတ်လို့၊ အိမ်ထောင်ကျလို့ သင်္ဘောသီးသုပ်ရင် သင်္ဘောခြစ်တောင် ငှားဖို့ မလိုဘူးပေါ့ကွ'

            ပိုင်စိုးဦးက ဝင်နောက် ပြန်သည်။

            ကျွန်တော်ကတော့ သူတို့ပြောသမျှ နားထောင်၍သာ နေလိုက်သည်။

            အလှတရားကို မြတ်နိုးသော အနုပညာသမား ကျွန်တော့်အဖို့ မီမီဆွေသည် တစ်ချိန်က 'သွယ်' လောက် မလှမှန်း သိပြီးသား။ ဒါကြောင့်လည်း ပထမတော့ အင်တင်တင်လုပ်နေခြင်း ဖြစ်သည်။

            နောက်ပိုင်းတွင်တော့ မီမီဆွေနှင့် လူချင်းလည်း ပို၍နီးစပ်လာ လုံးတူဒေါက်တူချင်းလည်း ဖြစ်ကြသမို့ ပိုးဟပ်ဖြူမလေးအား စာသဝဏ် သုံးကြိမ်ပါးရုံနှင့်ပင် ချစ်သူတွေ ဖြစ်သွားကြသည်။

            သည်လိုပညာစုံသည့် အရွယ်တွင် ချစ်သူတွေ ဖြစ်သွားကြတော့ စိတ်သဘောထားချင်း ကိုက်ညီလျှင် အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ရန်အထိ ကျွန်တော်စဉ်းစားရသည်။

            သို့ရာတွင် ဘယ်ဘဝက ပြုဖူးခဲ့သော ဝဋ်ေကြွေးကြောင့်လေမှန်း မသိ။ ချစ်ကံခေသူ ကျွန်တော့်မှာ မီမီဆွေနှင့် ချစ်သူဘဝဖြင့် မကြည်နူးရခင်မှာပင် အားပြင်းမုန်တိုင်းတစ်ခု၏ ဆိုင်းမဆင့် ဗုံမဆင့် ဝင်ရောက် တိုက်ခတ်ခြင်းကို ခံရပါလေတော့သည်။

            မီမီဆွေ၏ မိဘများသည် ကျွန်တော်တို့ အကြောင်းကို သိသည်နှင့် သမီးဖြစ်သူအား သူတို့လို စိန့်သွေးပါသူ တစ်ယောက်နှင့် ဗြုန်းစားကြီး နေရာချပေးလိုက်တော့သည်။

            မီမီဆွေနှင့် ကျွန်တော် လမ်းခွဲရခြင်းသည်ပင် ကျွန်တော်တို့အဖွဲ့နှင့် ဆုံစည်းရာ လက်ဖက်ရည်ဆိုင်တို့၏ လမ်းခွဲခြင်းလည်း ဖြစ်ပါလေသည်။ သင်းရည်လွင်ကတော့ သည်တစ်ပွဲတွင် သူသာ အနစ်နာဆုံးဟု ဝမ်းပန်းတနည်း မြည်ကြွေးရှာလေသည်။

            မီမီဆွေနှင့် ကွေကွင်းပြီး ကတည်းက အချစ်ရေးကိစ္စတွင် ကျွန်တော်စိတ်ကုန်ခန်း သွားခဲ့ရလေသည်။

            မီမီဆွေသည် ကလေးနှစ်ယောက် မွေးဖွားပြီးချိန်တွင် အရင်လို မဟုတ်တော့ဘဲ အသွင်သဏ္ဌာန် အတော့်ပင် ပြောင်းလဲသွားသည်။

            အပျိုဘဝက ပြည့်ဖြိုးသွယ်လျသော မျက်နှာလေးက သိသိသာသာကြီး ချောင်ကျသွားသလို ငယ်ငယ်ရွယ်ရွယ်နှင့် အံသွားတွေ ကျိုးကုန်သဖြင့် ပါးနှစ်ဖက်စလုံး ချိုင့်ဝင်နေသည်။ မီမီဆွေ၏ ပိန်ချုံးချုံးမျက်နှာသည် ပါးနှစ်ဖက် ချိုင့်ဝင်ပြီး သွားက ခေါနေသဖြင့် ဖြူစုတ်စုတ် ဂဠုန်မလေးပုံ ပေါက်နေသည်။

            မယားဂဠုန်နှင့် မဆုံစည်းလိုက်ရသော ကျွန်တော်သည် သည်တစ်ကြိမ်တွင်လည်း ကံကောင်းသွားရ ပြန်လေသည်။

            ဒုတိယမြားချက်ကို လွဲချော်အောင် ပစ်ခတ်လွှတ်လိုက်သော မြားနတ်မောင်ကို ဒုတိယမ္ပိ ကျေးဇူးတင်မိသည်။

            'အသက် ၃ဝ အရွယ်ဆိုတာ အိမ်ထောင်ရက်သားပြုဖို့ လွန်တောင်နေပြီ။ အရိုးများတယ် ချေးခါးတယ် လုပ်မနေနဲ့တော့။ အခုကော နင့်မှာ ရည်ရွယ်ထားတဲ့ မိန်းကလေး ရှိလား။ မရှိရင်တော့ တို့တွေကပဲ မိဘဝတ္တရားအတိုင်း စီစဉ်ပေးတော့မယ်'

            အမေက ရာဇသံ ပေးလာသည်။

            'ဟုတ်တယ် ငါ့သား၊ မင်းလည်း လူပျိုလူလွတ် ဘဝနဲ့ အကြာကြီး ပျော်ခဲ့၊ ပါးခဲ့ပြီးပြီပဲ။ ကျေနပ်ရောပေါ့။ အရွယ်လွန်မှ အိမ်ထောင်ရက်သားကျရင် သားသမီးတွေ အရွယ်ရောက်အောင် ပြုစုပျိုးထောင်တဲ့ အခါကျတော့ ပိုပြီး ပင်ပန်းခက်ခဲမှာပေါ့။ တကယ်ဆို ကျောင်းပြီး ဘွဲ့ရကတည်းက အိမ်ထောင်ပြုဖို့ကောင်းတာ။ တို့များ အိမ်ထောင်ကျတဲ့အချိန်က ၂ဝ ကျော်တွေပဲ ရှိကြသေးတာ။ မင့်အမေ ပြောသလိုပဲ မင့်ဘက်က ရွေးချယ်ချင်လည်း ခွင့်ပြုတယ်။ တော်၏ မတော်၏ ဆိုတာတော့ တို့များက လေ့လာမယ်။ တော်တယ်ဆိုရင် နေရာချပေးမယ်။ ဒီလိုမှ မဟုတ်ရင်တော့ မင့်အမေ ပြောသလိုပဲ စီစဉ်ရလိမ့်မယ်။ စဉ်းစားပြီး အဖြေပေးပေတော့'

            အဖေ့အသံက တည်တည်ငြိမ်ငြိမ် ပြတ်ပြတ် သားသား။

            မည်သို့ပင်ဆိုစေ လောလောဆယ် ရွေးချယ်စရာ ကျွန်တော့်မှာ ချစ်သူနှင့်တူတာဆိုလို့ တစ်ယောက်မှ လက်ကျန်မရှိ။

            သည်တော့လည်း ရှောင်လွှဲ၍ မရတော့သည့် အဆုံးတွင် အိမ်ထောင်ရေး ကံကြမ္မာအား မိဘနှစ်ပါးထံ ဝကွက်အပ်နှံရုံကလွဲ၍ အခြားမရှိပြီ။ ကျွန်တော့်အတွက် မြားနတ်မောင် ပစ်လွှတ်ရမည့် မြားချက်သည် သည်တစ်ခါ တော့ လွဲချော်စရာ မရှိတော့။

            အိမ်ထောင်ရက်သား ကျခဲ့သည်မှာ ဝက်သစ်ချသား ဘီယာစည်ဖြစ်လာ သောမိန်းမ၊ ဂဠုန်နှင့် တူလာသောမိန်းမတို့နှင့် ကံကောင်းစွာ လွဲဖယ်ခဲ့ရသောကျွန်တော်သည် တကယ်တမ်း နဖူးတွေ့ ဒူးတွေ့တွင်မူ ဘယ်လို မိန်းမမျိုးနှင့် ဆုံစည်းရလေမလဲ စောင့်သာကြည့်ရပေတော့မည်။

သန်းထွန်းဇော်

(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်