အဖြူရောင်
...မြမန်းဂီရိ
သေလာတောင်... နန်းတည်ထောင် ကုန်းဘောင် နေသို့လင်း...
စ,လာပြီ။
တမင်တကာ အသံသြသြကြီးနဲ့ လုပ်ဆိုနေတဲ့ မမဝင်းရဲ့ အသံကို ကြားရပြီးရင်
ဘာတွေဆက်ဖြစ်မလဲဆိုတာ မွန်တို့ တစ်ဆောင်လုံး သိပြီးသား။ ဟိုဘက်ခြံက သေနာကောင်၊
ချောင်းတဲ့အကောင်၊ နှာခေါင်းရောင်နေသို့လင်း၊ ဟော... ချောင်းတယ်ခင်ဗျ၊ ချောင်းတယ်။
မမဝင်းဆိုတာ မွန်တို့အဆောင်မှာ
အသက်အကြီးဆုံး။ စည်ပင်ရုံးက အရာရှိ မမ။ အပျိုကြီးပီပီ အင်မတန် ရွတ်တာ။ သူ
စိတ်လိုလက်ရရှိချိန်တွေမှာ အခုလို တော်ရုံနဲ့ ပြီးတတ်ပေမယ့် သူများ
စိတ်တိုနေချိန်ဆိုရင် ဟိုဘက်ဆောင်က ချောင်းတဲ့သူ မစားသာဘူးမှတ်။ ရှက်တတ်ရင်
ချက်ချင်း လဲသေသွားနိုင်လောက်တဲ့ စကားလုံးလှလှတွေ သုံးပြီး တစ်ဖက်လူ
နာလန်မထူနိုင်အောင် တိုက်ခိုက်နေကျ။
သူတို့တွေကလည်း သူတို့တွေပဲ။ အေးလေ...
အဆောင်ဆိုမှတော့ မ,တစ်ရာသား၊ လူမျိုးစုံ၊ စရိုက်မျိုးစုံ ကွန်းခိုတတ်ကြတာကိုးနော်။
မွန်တို့အဆောင်က 'မြတမာ' ဆောင်။
မွန်တို့နဲ့ ကပ်လျက်က 'အရိပ်ကလေး' အမျိုးသားဆောင်။
စိတ်ကူးယဉ်တဲ့ အဆောင်ပိုင်ရှင်က ချစ်သူရဲ့ နောက်က သစ္စာရှိကြမယ့် အဆောင်သားတွေတဲ့၊
အရိပ်ကလေးလိုပေါ့တဲ့။ မြို့ထဲ အိမ်တွေရဲ့ ထုံးစံအတိုင်း အဆောင်ချင်းက ဘာမှမဝေးဘူး။
ခြံစည်းရိုးကလည်း ဝါးတွေကို စိတ်ပြီး ကပ်ရက်ထားတဲ့ ဝါးကပ်စည်းရိုး။ ဘယ်နှခုနှစ်က
ကာထားမှန်း မသိတော့။ အပေါက်အပြဲတွေနဲ့ဆွေးလို့။ နှစ်ဆောင် လုံးက မျက်နှာစာဘက်ကို ကပ်ပြီး
ဆောက်ထားတာဆိုတော့ အဆောင်နှစ်ခုကြား ခြံစည်းရိုးနဲ့ အဆောင်တွေနဲ့က ၁၅ ပေလောက်စီ
ကွာတယ်။ အဆောင်နဲ့ ခြံစည်းရိုးကြားမှာ ရေချိုးရတဲ့ကန်။ မွန်တို့အဆောင်က
မိန်းကလေးဆောင်သာ ဆိုတယ်။ ရေချိုးခန်း မရှိဘူး။ ကာမထားဘူး။ အဲဒီတော့ မွန်တို့
ရေချိုးပြီဆိုရင် ဟိုဘက်ဆောင်က ကောင်လေးတွေက ချောင်းကြရော။
တချို့က လူကြီး လူကောင်းဆန်ဆန်
သမာဓိချောင်းပေါ့။ အိမ်သာသွား သလိုလို၊ အဆောင်ထဲဝင် သလိုလို ဖြတ်သွားဖြတ်လာ
ချောင်းတယ်။ အဲ... တချို့ကတော့ လူရွှင်တော်ချောင်းနည်း။ မွန်တို့ ရေချိုးရင်
သူတို့ပါ လိုက်ချိုးပြီး ဆပ်ပြာတိုက် သလိုလို၊ သွားတိုက်သလိုလိုနဲ့။
ရေချိုးတဲ့နေရာက မျက်နှာပြောင်နဲ့ လှမ်းချောင်းတယ်။ ရေကန်နှစ်ခုကလည်း
မျက်စောင်းထိုးကလေး။ ဝါးထရံပဲ ခြားတာကိုးနော်။
မွန်ရောက်စတုန်းကဆို ညမှောင်မှ
ရေချိုးရဲတယ်။ ဒါပေမယ့် မန္တလေးလို နေရာမျိုးမှာ ရေမချိုးရဘဲ ဘယ်သူက
ကြာရှည်နေနိုင်မတဲ့လဲ။ နောက်တော့ မျက်စိရှင်ရှင်ထားပြီး ချိုးရတော့တာ။ အခုတော့လည်း
ရိုးသွားသလိုပါပဲ။
မွန် မှတ်မိသေးတယ်။ လားရှိုးက LCCI လာတက်တဲ့ ကောင်မလေး။
သူက ရေချိုးမလို့ ပြင်တုန်းရှိသေးတယ်။ ဝါးကပ်စည်းရိုးကြားက မျက်လုံးကြီး
ပေါ်လာလို့ အော်လိုက်တာ တစ်ဆောင် လုံးကို ဆူညံသွားတာပဲ။ 'မျက်လုံးကြီး...
မျက်လုံးကြီး'ဆိုပြီး ငိုတာ တော်တော်နဲ့ မတိတ်ဘူး။
အဆောင်ရှင် အန်တီကိုယ်တိုင် လာချော့ပြီး ဟိုဘက်အဆောင်မှူးကို ပြောပေးမှ
တိတ်တော့တယ်။
မြတမာကို ရောက်တဲ့ သူတိုင်း
ရင်ဆိုင်နေကျဆိုတော့ ကြာတော့လည်း ရိုးသွားတတ်ကြတာပါပဲ။ အခုလို
ကျောင်းပိတ်ထားချိန်မှာတော့ တစ်ဆောင်လုံးမှ မွန်တို့ ငါးယောက်ပဲ ရှိတာ။ မမဝင်းရယ်၊
မသိင်္ဂီရယ်၊ မလေးရယ်၊ မွန်နဲ့ လားရှိုးက ကောင်မလေး မူယာ။ မသိင်္ဂီ နဲ့ မလေးက
မန္တလေး တက္ကသိုလ်က ကျူတာ မမတွေ။ မွန်က MFL မှာတရုတ် ပထမနှစ်
တက်နေတာ။
ညနေ၊ မနက် ရေချိုးချိန်တွေဆိုရင်
မွန်တို့ တစ်ဆောင်လုံး စုပြီးမှ ချိုးရတယ်။ အုပ်စုတောင့်တော့ ချောင်းလည်း ခဏပဲ။
မမဝင်းရဲ့ လေသံကိုတော့ သူတို့ တစ်ဆောင်လုံး ကြောက်ကြ သား။ တစ်ဆောင်လုံးသာ
ပြောရတယ်။ မချောင်းတဲ့သူလည်း ရှိတာပေါ့။ သူတို့ အဆောင်က လူစုံတယ်။ ကုမ္ပဏီဝန်ထမ်း၊
ကျောင်းဆရာ၊ G.T.I
ကျောင်းသား၊ ညနေပိုင်း
ကျောင်းသားတွေ၊ နေလတို့၊ KMD တို့ တက်နေတဲ့သူ၊
နောက် Language တစ်ခုခု တက်နေတဲ့သူ
အစုံပါပဲ။
အဲသလို မစာမနာ ချောင်းတတ်ကြတာ
တစ်ခုကလွဲရင် အရိပ်ကလေးဟာ မွန်တို့ရဲ့ မောင်နှမဆောင်ပါပဲ။
အဆောင်နေတဲ့ လူတိုင်းဟာ
ရည်ရွယ်ချက်ကိုယ်စီနဲ့ မိဝေးဖဝေး လာနေကြရတာကိုးနော်။ နေ့ခင်းဘက်တွေမှာ
ကိုယ့်အလုပ်နဲ့ကိုယ်။ ညဘက်တွေ ရောက်တော့မှ အဆောင်မှာစု၊ အတွေ့အကြုံ တွေဖလှယ်
သိပ်ပျော်စရာကောင်းတဲ့ ညကလေးတွေပေါ့။
မွန်တို့အဆောင်နဲ့ ရေကန်ကြားမှာ
အုန်းပင်ကြီး တစ်ပင်ရှိတယ်။ လသာတဲ့ ညတွေဆိုရင် အုန်းလက်တွေပေါ်မှာ လရောင်က
ဖြာကျလို့။ လေတိုက်တိုင်း လှုပ်ရှားနေတဲ့ အုန်းလက်တွေဟာ လရောင်ရဲ့ ရောင်ပြန်နဲ့
တလက်လက် ရွေ့နေတာ မွန် အနှစ်သက်ဆုံးပဲ။ ရေချိုးကန်ဘက် ထွက်တဲ့ အဆောင် လမ်းကြားမှာ
ဖျာကလေးချပြီး နေကြာစေ့ဖြစ်ဖြစ်၊ လက်ဖက်သုပ်ဖြစ်ဖြစ် စားကြရင်း ပေါက်ကရပြောကြ၊
တစ်နေ့တာ ခံစားရသမျှ ဒုက္ခတွေကို ရယ်သံတွေနဲ့ သုခအဖြစ် ပြောင်းကြ၊ မန္တလေးညတွေဟာ
မွန့်အတွက်တော့ တကယ် မမေ့နိုင်စရာပေါ့။
ပြောစရာတွေ ကုန်လို့
ငြိမ်သွားပြီဆိုရင် မွန်ကစပြီး သီချင်းဆို၊ မသိင်္ဂီကော၊ မူယာကော၊ မလေးကော။ ဂီတဟာ
စိတ်နှလုံးကို ညွတ်နူးစေတတ်တာပဲ။ မွန့်သီချင်း သံနောက်မှာ သူတို့တစ်တွေ
တန်းစီပါလာပြီး တစ်အုပ်စုလုံး သံပြိုင်ဆိုကြ။ ဆိုရင်း ဆိုရင်း တစ်ယောက်ယောက်ကများ
မှားပြီဆိုရင် နောက်တစ်ယောက်က လိုက်မှား။ ကျန်တဲ့သူတွေလည်း ဇဝေဇဝါ။ ကိုယ်ဆိုတာပဲ
မှားသလား အတွေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝါးခနဲ ရယ်မောမိကြ။
ခဏကြာရင် လျှောက်လည်ပြီး ပြန်လာတဲ့၊
ဒါမှမဟုတ် တီဗီကြည့်ပြီး ပြန်လာတဲ့ ဟိုဘက်အဆောင်က အဖွဲ့တွေ ရောက်လာပြီ။ ပြီးရင်
ရေကန်ပေါင်ပေါ်ထိုင်ပြီး ဂစ်တာ တီးတော့တာပဲ။ နောက် သီချင်းတွေ ဖျက်ဆို ရယ်နေရတယ်။
သူတို့ တစ်အုပ်စုလုံး အဘွားကြီးသံနဲ့။
'၈၆ နှစ်၊ ၈၆ နှစ်... ကိုကို
ကျွန်မကို အဘွားလို့ မခေါ်နဲ့'
အဲဒီသီချင်းများ ဆိုရင်
မွန်တို့ပါးစပ်ကို ပိတ်မနေရဘူး။ ရယ်ရလို့။ ပါးစပ်ညောင်းပြီဆိုရင်
မောင့်လပြည့်ဝန်းလို၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာလို၊ အမေ့အိမ် လိုမျိုး
နားထောင်ချင်ပြီဆိုရင် အစပိုင်း တစ်ကြောင်း၊ နှစ်ကြောင်းလောက် ဆိုပြလိုက်။
ဒါဆိုရင် သူတို့က သိပြီ။ ဒါ မွန်တို့ Request လုပ်တာပဲဆိုပြီး
ဖျက်မဆိုတော့ဘဲ ကောင်းကောင်းလေး တီးပြတတ်တယ်။
သူတို့ကလည်း လူလည်ကျတတ်သေး။ မွန်တို့
တောင်းသမျှ ဆိုပြပြီးရင် ပန်းချစ်သူတို့၊ စတော်ဘယ်ရီ ချစ်သည်းရှင်တို့
စုံတွဲသီချင်းတွေကို တီးပြီး မွန့်ကို ဆိုခိုင်းတတ်ရဲ့။ မွန်တို့ကများ မသိ
ဟန်ဆောင်နေရင်...
'အရုပ်ဆိုးဆိုးနဲ့ မမကြီး၊ စုံတွဲ ဆိုရအောင်'လို့
ပြန်အော် တတ်ပြန်ရော။ ဒါဆို မနေသာတော့ဘူး။ မွန်ဆိုတာကလည်း သီချင်းသာ ဆိုနေရရင်
ထမင်းမေ့၊ ဟင်းမေ့။ 'သီချင်းတွေနဲ့ ဘဝတည် ဆောက်နေတာ'လို့ ပြောင်ချော်ချော် ကြွေးကြော်တတ်သူဆိုတော့ နှစ်ခါမပြောရဘူး။
ခြံစည်းရိုးကလေး ခြားပြီး
ပန်းချစ်သူကို ဆိုမိတိုင်း မွန့်ရင်မှာ တစ်စုံတစ်ရာ လှစ်ဟာသွားသလို။ အဲသလိုနဲ့ပဲ
သူ့ကို သံယောဇဉ်တွယ်ခဲ့ရတော့တာ။ ဘယ်အချိန်ကများ သန္ဓေတည်ခဲ့ပါလိမ့်လို့
တွေးမိတဲ့အခါမှာ သူ့အပေါ် သံယောဇဉ်က အရမ်းကို ခိုင်မြဲနေခဲ့ပြီပဲ။
သူ့အသံ၊ သူ့သီချင်းနဲ့ သူ့ဂီတမှာ
မွေ့လျော်တွယ်တာခဲ့မိတဲ့ မွန်က သူ့ကို အခုထက်ထိ မမြင်ဖူးခဲ့ဘူး။
သီချင်းသံ သက်သက်သာ မှတ်မိတဲ့ သူ့အသံကို
ကြားရဖို့ ညတွေညတွေကို ရင်ခုန်လှုပ်ရှားစွာ မျှော်တတ်ခဲ့ပြီ။
မွန်က သီချင်းနှစ်သက် သူပီပီ
သီချင်းတော်တော်များများ ရပေမယ့် သူက ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ ရင်ဂိုနဲ့
သူကြိုက်တဲ့ သီချင်းတွေလောက်ပဲ ရတဲ့သူ။
မွန်တို့အဖွဲ့က သီချင်းတောင်းလို့
ဆိုပြရရင် ဖယောင်းတိုင် မီးရောင်ကလေးနဲ့ Notes တွေကြည့် ပြီးတီး၊
လက်က တီးနိုင်ပြီး ပါးစပ်က မဆိုနိုင်တော့ ထစ်အ၊ ထစ်အနဲ့ အဲဒီအချိန်တွေဆို
သူ့သူငယ်ချင်းတွေက...
'လုပ်ကြပါဦးဟ၊ ငါတို့လည်း
ထောက်ကြပါဦးဟ'
ညာတာပါတေးနဲ့ မွန့်ကို
သီချင်းဆိုခိုင်းတတ်မြဲ။ တစ်ခါတစ်ခါတော့လည်း သူ့အသံ သြသြချိုချိုကလေးနဲ့
စတော်ဘယ်ရီ စားချင်တယ်၊ စတော်ဘယ်ရီ စားချင်တယ်ဆိုပြီး စတော်ဘယ်ရီ ချစ်သည်းရှင်ကို
တီးတတ်ရဲ့။ မွန်ဆိုတဲ့ မွန်ကလည်း သီချင်းတွေကိုသာမက ဂစ်တာပိုင်ရှင်ကိုပါ အိပ်မက် မက်တတ်နေပြီဆိုတော့
ဟန်ဆောင်ပြီးတောင် မငြင်းဖြစ်ဘူး။ ကိုယ်ဆိုရမယ့်အလှည့်မှာ ညင်သာစိတ်ကူး
အိပ်မက်တွေနဲ့ မျက်လုံးကလေးမှိတ်ပြီး အလိုက်သင့် ဆိုတတ် စမြဲ။
မွန်တို့ မျက်နှာသစ်တာ ပဲဖြစ်ဖြစ်၊
ပန်းကန်ဆေးတာ ပဲဖြစ်ဖြစ်၊ ရေချိုးတာပဲဖြစ်ဖြစ် ရေကန်ကလေးနား လာပြီဆိုကတည်းက သူတို့
အဆောင်ဘက်ကို အကြည့်တွေ ပို့လွှတ်ပြီးသား။ အရင်တုန်းက ကာကွယ်ဖို့။ အခုတော့
ရှာဖွေဖို့ပေါ့။
ညတွေ ညတွေမှာ မွန့်ကို အိပ်မက်လှလှ
မက်စေတတ်တဲ့ စိတ်ကူးထဲက မွန့် မင်းသားဟာ ဘယ်သူများလဲ။ သာမန်စကားပြောသံတွေကို
မဝေခွဲတတ်တဲ့ မွန်နဲ့ ညရောက်မှ အဆောင်မြဲတဲ့ ဂစ်တာတီးတဲ့သူ နှစ်ယောက်ရဲ့
တွေ့ဆုံခွင့်က အလှမ်းဝေး လွန်းလှပါရဲ့။
မှတ်မှတ်ရရ လပြည့်ညတွေကို
နှစ်ခါဖြတ်ကျော်ပြီး တစ်ခုသော စနေမှာ မွန်နဲ့ မလေးက အဝတ်လျှော်ရင်း
သီချင်းဆိုလိုက်ကြ၊ စကားပြောလိုက်ကြ၊ သူတို့ အဆောင်ဆီမှာလည်း ညတိုင်းဖြစ်တဲ့
ဖဲဝိုင်းအကြောင်း ငြင်းရင်း ခုန်ရင်း ရေချိုးနေကြ ညနေကလေးက ပျော်ရွှင်စွာ
အသက်ဝင်နေတယ်။ ခဏနေတော့ ဂစ်တာသံသဲ့သဲ့နဲ့အတူ သီချင်းဆိုသံ။ မွန့်ရင်တွေ ပရမ်းပတာ
ခုန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
'မလေး... မလေး၊ သူ့ကို
တွေ့ဖူးချင်တယ်'
ဗလုံးဗထွေး ပြောလိုက်မိတဲ့
စကားသံတွေနဲ့အတူ ဟန်မဆောင်ချင်တဲ့ မွန့်ရင်ထဲက တစ်စုံတစ်ရာကို ရိပ်မိစွာ မလေးက
လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း...
'လာခဲ့၊ ဒီနေရာက မြင်ရတယ်'
မွန့်မှာ မြင်ကလည်း မြင်ချင်၊
ကြည့်လိုက်ဖို့လည်း မရဲ၊ ဗျာများပြီး ကြောင်တက်တက် ရပ်နေတုန်း။
'ဟဲ့... မွန်ရဲ့
ကြည့်ချင်တယ်ဆို၊ လာကြည့်လေ'
မွန်တို့ ကြည့်နေတာ တစ်ယောက်ယောက်
မြင်သွားမှာ စိုးရိမ်စိတ်ကို သူ့ကို မြင်ဖူးချင်စိတ်က အနိုင်ယူတယ်။ ကဲ... အဲသလို
ကြည့်တော့ ဘာဖြစ်သေးတုန်း၊ ကိုယ့်ဘာသာ အားတင်းရင်း ဝါးကပ်အပေါက်ကြားက
ချောင်းကြည့်မိတော့ တွေ့ပါပြီ။ ပါတိတ်ရှပ်လက် တိုကလေးနဲ့ ကချင်ပုဆိုး ကလေးနဲ့။
'သူ့ကို မွန်သိတယ်။ OASIS
မှာ ထိုင်ရင် မွန့်ကို
ပြောင်ပြနေကျ။ အမလေး အရုပ်ဆိုးဆိုးနဲ့ စိတ်ညစ်ပါတယ်။ တကယ်ပါပဲ။ ရုပ်က ဆိုးရတဲ့အထဲ
နည်းနည်းလေးမှ ဣန္ဒြေမရဘူး'
မွန်က အလိုမကျစွာ ရေရွတ်မိတော့ မလေးက
တဟားဟား အော်ရယ်ပါလေရော။ သူကတော့ မွန့်ရဲ့ အဖြစ်ကို မသိတဲ့သူပီပီ စိတ်အေးလက်အေး
သီချင်းဆို မပျက်ဘူး။
သူက အသားညိုတယ်။ ပါးစပ်ပြဲတယ်။ ရုပ်က
ဘာလိုနေမှန်း မသိရဘူး။ အရုပ်ဆိုးမှန်း သိသာစေပေမယ့် ဘယ်နေရာက ရုပ်ဆိုးတာလို့
ထောက်မပြနိုင်ဘူး။ ဂစ်တာတီး သီချင်းဆို ကောင်းတာကလွဲပြီး ဘာတစ်ခုမှ
ထူးခြားထင်ရှားမှု မရှိတဲ့ အဲဒီအရုပ်ဆိုးဆိုး ကောင်လေးကိုပဲ အစွဲလမ်းကြီး
စွဲလမ်းမိပါရော။
ပေါ့ဆိမ့် တစ်ခွက်နဲ့ OASIS ရဲ့ ညနေတွေဟာ
သူ့ကြောင့် ပိုချိုမြိန်လာတယ်။
သူကတော့ မွန့်ကို အစောကြီးကတည်းက
သိထားပြီးပုံပါပဲ။ G.T.I
နောက်ဆုံးနှစ်ကျောင်းသားတဲ့။
မိတ္ထီလာကတဲ့။ အခု Mid Term ပြီးလို့ ညနေ
မိတ္ထီလာ ပြန်ရမှာတဲ့။ တမာပန်းရနံ့တွေ မွှေးတဲ့ မနက်တစ်ခုမှာ သူကိုယ်တိုင်
ပြောပြတဲ့ သူ့အကြောင်းကို နားထောင်ရင်း စားပွဲချင်း ကပ်ရက် ပထမဦးဆုံး
စကားပြောဖြစ်ကြတယ်။
'မကျွမ်းခင်က လွမ်းနှင့်သည်'ဆိုတဲ့ စကားလေးကို အခေါက်ပေါင်း မရေမတွက်နိုင်အောင် ရေတွက်ရင်း
သူပြန်လာမယ့်ရက်ကိုပဲ မျှော်ရတော့တယ်။ ရက်ပေါင်း ၂ဝ ကျော် ဝေးနေခဲ့ရတဲ့
လသာရက်တစ်ရက်မှာ သူ့သီချင်းသံကို ကြားရတယ်။
'မွန် သူ့ကို တကယ်ပဲ
လွမ်းနေခဲ့တာပါကွယ်'
တီးတိုး ရေရွတ်ရင်း မွန့်ညတွေ
အရောင်စုံလာခဲ့တော့တာပေါ့။
နောက်နေ့ ညနေ OASIS မှာ ဆုံတော့ မိတ္ထီလာ လက်ဆောင်မုန့်တွေနဲ့
မွန့်စားပွဲမှာ လာထိုင်။ မွန်က အတိုးချ အလွမ်းတွေနဲ့ သူ့ကို ငေးမော။ သူက
ရောက်တတ်ရာရာ စကားတွေပြောရင်း ဒုတိယအကြိမ် ဆုံမိကြပြန်တယ်။
'ဟေ့ကောင်...ဟေ့ကောင်၊
ဆရာမအတွက်ဆို'
'မင်းက ဒီလိုလား။
အဆောင်ရောက်မှ သိမယ်'
'မိုက်တယ်ကွာ။ ဖိုးသားတို့
စွံပုံများကတော့'
'......'
'..........'
မွန်တို့တွေ အခုမှ သိကြတာပါကွယ်။
ဒီလောက်တောင် အော်ဟစ်သောင်း ကျန်းဖို့မသင့်ပါဘူး။ မွန်က အလိုမကျစွာ
မျက်မှောင်ကုတ်မိတော့...
'ဒီကောင်တွေ ယူစားမှာစိုးလို့
ဆရာမအတွက်လို့ ညာပြောထားတာ သွားတော့မယ်နော်။ ဆက်ထိုင်နေရင် အော်လို့ပြီးမှာ
မဟုတ်ဘူး'
တောင်းပန်ကြည့်ကလေးနဲ့
သူ့သူငယ်ချင်းတွေ ဝိုင်းမှာသွားပြန်ထိုင်တဲ့အထိ တစ်ယောက်တစ်ပေါက် အော်တုန်း။
မွန့်ဘက်ကို တစ်ပြုံကြီး လှည့်ကြည့်ပြီး ထင်ရာ မြင်ရာပြောတုန်း။ မွန်က
ယောကျ်ားလေးတွေကို အကြောင်းမဲ့ ကြောက်လန့်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ၇ ယောက် ၈
ယောက် ဝိုင်းထိုင်ပြီး လှောင်ပြောင်တဲ့ဘက် သန်းနေတဲ့ သူတို့ရဲ့
နောက်ပြောင်မှုကိုတော့ တကယ်ပဲ စိတ်ကုန်မိတော့တယ်။ လွတ်လပ်ပွင့်လင်းတဲ့
ခေတ်လူငယ်တွေ မဟုတ်ကြဘူးလေလား။
အဲဒါနဲ့ပဲ မွန် OASIS ကို မသွားဖြစ်တော့။
တစ်ပတ်ကျော်တဲ့အထိ သူ့ကို မတွေ့ရတော့။ ညတွေကတော့ ပုံမှန်ပါပဲ။ သူ သီချင်းဆိုရင်
သီချင်းသံမှာ မွန်တို့ တစ်ဆောင်လုံး ငြိမ်သက်နစ်မျောမြဲ။
တစ်ရက်... အဲဒီရက်ဟာ မွန်နဲ့သူ့ကို
ရင်းနှီးခွင့်၊ တွယ်တာခွင့်ရအောင် ဘုရားသခင် ဖန်ဆင်းတဲ့ရက်ပါပဲ။ မန္တလေးမြို့ကို
ရောက်တာ လေးလကျော်နေပြီဖြစ်တဲ့ မွန်က အခုထက်ထိ စက်ဘီးစီး မကျင်လည်သေး။ အဲဒီညနေက
ကျောင်းကအပြန် မွန်တို့ အဆောင်လမ်းကြားက ကားတစ်စီးကို ဝင်တိုက်မိတယ်။ ကားက
လမ်းဘေးမှာ ရပ်ထားတာပါပဲ။ ဘယ်လိုက ဘယ်လိုဖြစ်မှန်းမသိ။ သိတဲ့အချိန်မှာ
မွန့်စက်ဘီးက ကားကို တိုက်ပြီးနေပြီ။
ကားပိုင်ရှင် မိသားစုရဲ့ အော်သံရယ်၊
လန့်သွားတဲ့ အရှိန်ရယ် အဆောင်ထဲကို ဘယ်လိုဝင်လာလို့ ဝင်လာမှန်းကို မသိလိုက်မိဘူး။
ကြောက်လည်းကြောက်၊ ရှက်လည်းရှက်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိဘူး။
အဆောင်ထဲမှာလည်း တစ်ယောက်မှမရှိ။ မွန်က အဲသလောက် ပျော့ညံ့တတ်တာမှ မဟုတ်တာကွယ်။
ဒါပေမယ့် ဘာကို အလိုမကျမှန်း မသိ၊ အလိုမကျတဲ့အရှိန်တွေနဲ့ ငိုမိတော့တယ်။ ဟင့်အင်း၊
မွန့်ဘေးမှာ အားပေးမယ့်သူ ဘယ်သူမှ မရှိခဲ့ဘူး။
မွန်ငိုနေတဲ့အချိန် သူကလည်း မွန့်ကို
အရှာ၊ ဝါး ကပ်ပေါက်ကလေးကနေ...
'ဘာဖြစ်လို့ ငိုနေတာလဲ'
မွန် ရှင်းပြတာ နားထောင်ပြီး...
'ငိုနေလို့ ဘယ်ဖြစ်မှာလဲ။
သွားတောင်းပန်လိုက်လေ။ အဆောင်မှ ဘယ်သူမှ မရှိဘူးလား။ လာခေါ်မယ်၊
လိုက်တောင်းပန်ပေးမယ်'
သူက အဆောင်ရှေ့က လာခေါ်ပြီး
ကားပိုင်ရှင်တွေ ကျေနပ်တဲ့အထိ တောင်းပန်ပြီးတော့ မွန့်ကို OASIS ခေါ်သွားပြီး
လက်ဖက်ရည် တိုက်၊ နောက်တော့ မွန့်ကို ကြည့်ပြီး ရယ်ပါလေရော။
'ကလေးလည်း မဟုတ်ဘဲနဲ့ ငိုတာ
မရှက်ဘူးလား'
အဲဒီနေ့ကစလို့ ညနေတိုင်း သူလာခေါ်၊ ၈
နာရီ အဆောင်ပိတ်ချိန်မှ ပြန်။ မွန် တို့နှစ်ယောက်ကြား သံယောဇဉ်တွေ ဘယ်တော့မှ
မပြတ်နိုင်တော့ဘူးလို့ မွန် ထင်မိတော့တာပေါ့။
၃ နှစ်နဲ့ ၁ဝ ရက်တိတိ ငယ်တဲ့၊ မွန်က
ချာတိတ်လို့ခေါ်တဲ့ သူဟာ မွန့်ကို မယုံ ကြည်နိုင်လောက်အောင် ခွန်အားတွေ ပေးတယ်။
သူ့ကို စွဲလမ်းတွယ်တာရခြင်း၊ သူ့ကို ချစ်ရခြင်းများနဲ့ မွန်ဟာ မယုံနိုင်အောင်
ပြောင်းလဲခဲ့တာပဲ။
မမလို့ သူခေါ်လိုက်တဲ့ ခဏတိုင်းမှာ
သူ့အလိုဆန္ဒတွေဟာ မွန့်အလိုဆန္ဒတွေဖြစ်ခဲ့။ သူ့ကို ချစ်ခဲ့တဲ့အချိန်ကစလို့ မွန်ဟာ
မွန်မဟုတ်တော့ဘဲ သူဖြစ်သွားခဲ့။ သူ့ကို ချစ်မိတဲ့အချစ်တွေနဲ့ မွန်ဟာ ဘဝကို
ပျော်ရွှင်ကျေနပ်ခဲ့။
အဲဒီအချိန်အထိ မွန် သူ့နာမည်အရင်းကို
မသိခဲ့ဘူး။ အိမ်နာမည်နဲ့ G.T.I ကျောင်း
သားဆိုတာကလွဲရင် သူ့ အကြောင်း၊ သူ့အိမ်အကြောင်း ဘာတစ်ခုမှ မစုံစမ်းခဲ့၊ မသိချင်ခဲ့။
ပတ်ဝန်းကျင်ရဲ့အရိပ်တွေကို ကြောက်တတ်ခဲ့သူလေ။ သူ့အပေါ် ချစ်နေခြင်းတစ်ခုသာ
လိုအပ်ခဲ့ပြီး သူက မွန့်ကို ချစ်တယ်ဆိုရင် ပြီးပြီပေါ့။ ဘာလိုသေးလဲ။ မွန်တို့
အချစ်တွေကို အရောင်ပြောင်းစေမယ့် အရိပ်ထိုးမှုအားလုံးကို သတ္တိမဲ့စွာ
ရှောင်ပုန်းနေတတ်ခဲ့တယ်။
မွန်ချစ်တဲ့သူဟာ ဂစ်တာတီးတဲ့၊
သီချင်းဆိုကောင်းတဲ့ အနုပညာမြတ်နိုးသူ တစ်ယောက်ပဲ မဟုတ်လားကွယ်။
အနုပညာမြတ်နိုးသူရဲ့ နှလုံးသားထဲမှာ ဟန်ဆောင်လိမ်ညာခြင်းတွေ၊ မာယာတွေ၊
ကျောရရုံကြံတတ်တဲ့ စိတ်ဆိုး စိတ်ညစ်တွေ ဘယ်လိုနည်းနဲ့မှ မရှိနိုင်လို့ တစ်ဖက်သတ်
ယုံကြည်ခဲ့သူ လေ။
'မွန့်ရဲ့ တစ်ဖက်သတ်ယုံကြည်ကိုးစားမှုတွေပေါ့'
'မမကို ချစ်တယ်'
မွန့်လက်ကို တင်းတင်း ဆုပ်ပြီး
သူပြောချိန်မှာ မွန့်ရင်က အချစ်တွေနဲ့ ညွတ်နူးပျော့ပျောင်းလို့။ သူ့လက်ကို ပြန်လည်
ဆုပ်ကိုင်ရင်းနဲ့ အနာဂတ်တွေ တောက်ပလင်းလက်လို့။ မွန်နဲ့သူ ရေနီမြောင်းအတိုင်း ၃၅
လမ်းဘက်အထိ လမ်းလျှောက်ဖြစ်တယ်။ အပြန်ရေနီမြောင်းရဲ့ တံတားလေးတစ်ခုပေါ်မှာ
ထိုင်ရင်း လရောင်နဲ့ တလက်လက် တောက်ပနေတဲ့ ရေနီမြောင်းရေပြင်ကို ပြိုင်တူငေး
နေမိကြတယ်။ သူကလည်း တိတ်လို့၊ မွန်ကလည်း တိတ်လို့။ လရောင်ရဲ့ ဖမ်းစားမှု၊
ပတ်ဝန်းကျင်ရဲ့ ငြိမ်သက် တိတ်ဆိတ်မှုတွေကြောင့် မဟုတ်ဘဲ သူ့ကို ချစ်တဲ့
ချစ်စိတ်သက်သက်နဲ့ သူ့ကို ချစ်တဲ့အကြောင်း မွန်ပြောပြမိတယ်။
မွန်က သူ့ကို ချစ်မိမှတော့ ဘာကို
ထိန်းချုပ်ရဦး မတဲ့လဲ။ ဘာကို မျိုသိပ်ရဦး မတဲ့လဲ။ အချစ်ဟာ အချစ်ပါပဲ။ မပွင့်မလင်း
အချစ်ထက် အခုလို ပွင့်ပွင့်လင်းလင်း အချစ်ကို မက်မောသူ မွန်က ဟန်မဆောင်ချင်ဘူးလေ။
မွန်တို့ အချစ်ညကလေးရဲ့
အမှတ်တရအဖြစ်နဲ့ သူ့ ကျောင်းကားကတ်ကလေးကို အပိုင်သိမ်းမိတော့ သူက ရယ်ရွှင်စွာ...
'ဘာလဲ၊ အခုမှ
စိုးရိမ်ပြီပေါ့။ ထွက်ပြေးရင် လိုက်ဖမ်းရအောင်လား'
'ဟင့်အင်း၊ မွန်လိုချင်တာ
မောင့်ပုံရိပ်ကလေးကိုပဲ။ မိဘနာမည်တွေ၊ နေရပ်လိပ်စာတွေ မဟုတ်ဘူး'
သူက သက်ပြင်းရှိုက်ရင်း မွန့်လက်ကို
တင်းတင်းဆုပ်ကာ...
'မမကို ပြောပြစရာတွေ
ရှိတယ်ကွာ။ သူများတွေပြောလို့ မမ သိရမှာထက် ကျွန်တော်ကိုယ်တိုင် ပြောပြတာ
ကောင်းတာပေါ့နော်'
မိန်းမ တစ်ယောက်ကို နှစ်နှစ်နီးပါး
အချစ်ကြီးကြီးနဲ့ ချစ်လာခဲ့ပြီးမှ အဲဒီမိန်းမရဲ့ ထားရစ်ခဲ့ခြင်းမှာ အချစ်တွေ
ကုန်ဆုံးပြီလို့ ထင်ခဲ့သူတဲ့။ စိတ်လေလေနဲ့ ရည်းစားတွေ အများကြီးထားခဲ့ပြီး
ဘယ်သူ့ကိုမှ မချစ်တတ်ခဲ့သူ။ ဆယ်ဂဏန်းနီးပါး ရည်းစားတွေထဲမှာ မမက
နောက်ဆုံးတွေ့ခဲ့သူတဲ့။
ဒါဆို မွန့်ကို
ချစ်တယ်ပြောခဲ့တာကတော့ကော။ ဟင့်အင်း... မွန်ဟာ သူ့ အဖြေကို မကြားရဲဘဲ အတွေးထဲမှာပဲ
မေးနေမိတယ်။ သူကလည်း ငေးမောရီဝေစွာနဲ့ အချစ်ဦးကို တမ်းတနေလေသလား။
'ကျွန်တော် မမကို ချစ်တယ်။
ကျွန်တော့်စိတ်နဲ့ ထပ်တူကျလို့ကို ချစ်တာ။ စိတ်ချင်းတူလို့ကို ချစ်တာ။ တစ်ခါတစ်ခါ
ကျွန်တော် တွေးနေတာတွေ မမ သိနေသလိုပဲ။ ပြီးတော့ အခုလို လရောင်အောက်မှာ
လမ်းလျှောက်တာမျိုး၊ ရေနီမြောင်း အတိုင်းလေ။ သူငယ်ချင်းတွေက ကျွန်တော့်ကို
ဂေါက်တစ်ယောက်လို သတ်မှတ်တာ၊ ရယ်ကြတာ။ အခု မမနဲ့ကျမှ။ ကျွန်တော် မမကို ချစ်တယ်။
ဘယ်တော့မှ ခွဲမသွားဘူး။ မမကော...'
တိုးတိတ်ခိုင်မာတဲ့ သူ့
ပစ္စုပ္ပန်စကားတွေမှာပဲ အရည်ပျော်ကျဆင်းရင်း သူ့အတိတ်တွေက တစ္ဆေတစ်ကောင်လို
ခြောက်လှန့်ဆဲ။ ဒါပေမယ့် မွန်ဟာ လက်တွေ့ကျသူပဲ ဖြစ်ချင်ခဲ့တာ မဟုတ်လား ကွယ်။
'ဟင့်အင်း... မောင့် အတိတ်ကို
စိတ်မဝင်စားဘူးကွာ။ မွန်ရော မောင်ရော ဘာမှမတတ်နိုင်တဲ့ အတိတ်ကို
ပြန်ပြောနေမယ့်အစား မွန့်ကို သစ္စာရှိပါ။ မောင့်ရဲ့ကောင်းကျိုး ဆိုးကျိုးတွေကို
ဝေမျှခံစားမယ့် ချစ်သူတစ်ယောက် မောင့်ဘေးမှာ ရှိနေပြီဆိုတာကိုပဲ မောင် သတိရပါ'
ကျွန်တော့်ဘဝလေးဟာ မ,လက်ထဲမှာပဲ...
ကျွန်တော့်ကို သနားရင် မရက်စက်လိုက်နဲ့ဦး...
'မ'သီချင်းကို
သူ ဆိုတဲ့အခါ သူ့အချစ်တွေကို ဂုဏ်ယူကျေနပ်ခဲ့စမြဲ။ သူ့ အပေါ်ထားတဲ့
မွန့်အချစ်တွေဟာလည်း တိုးလို့ ခိုင်မာလာမြဲ။ သူနဲ့တွေ့ခွင့် မရှိတော့တဲ့
ညအချိန်တွေမှာ သူ့အသံကို နားစွင့်ရင်း ချောင်းဆိုးနေတာ၊ ရေ အကြာကြီးချိုးနေတာ၊
သူ့ဆီ ဖုန်းလာတာ၊ ည အရမ်းမိုးချုပ်မှ အိပ်တာ အားလုံးကို သိရှိနေတာ ဘာသာကျေနပ်တတ်မြဲ။
နံရံကလေး တစ်ချပ်ခြားတာကလွဲရင် သူဟာ
မွန့်ဘဝပဲ မဟုတ်လားကွယ်။
မွန်က စက်ဘီးစီးရမှာ ကြောက်တတ်သူ။
အဲဒီတော့ မွန်တို့နှစ်ယောက် တမာပင်တွေအောက်၊ ကျုံးဘေး၊ ရေနီမြောင်းဘေး
လရောင်အောက်မှာ၊ လမ်းမီးတိုင် အလင်းရောင်အောက်မှာ၊ ကျဲကျဲ တောက်ပူနေတဲ့
နေရောင်အောက်မှာ လက်တွဲလမ်းလျှောက်ရင်း တစ်သက်တာ မခွဲတမ်းကတိတွေနဲ့၊ အချစ်တွေနဲ့
ပျော်ရွှင်ခဲ့ကြတာ။
အရာရာ ပြီးပြည့်စုံတဲ့ မွန်နဲ့သူ့ရဲ့
အချစ်ရက်တွေထဲမှာ မွန်အကြောက်ဆုံးက သူ့ သူငယ်ချင်းတွေ မွန်တို့ နှစ်ယောက်ကို
တွေ့အောင်ရှာပြီး တွေ့ခဲ့ရင်လည်း အော်ဟစ်လှောင်ပြောင်တတ်သော၊ သူ့ကို မွန့်ထံမှ
ခွဲထုတ်ဖို့ ကြိုးစားတတ်သော၊ အပြစ်ရှာ မျက်ဝန်း မှေးမှေးတွေ ပိုင်ဆိုင်သော
သူ့သူငယ်ချင်းတွေကို မွန်က နည်းနည်းလေးမှ သည်းမခံနိုင်။
မွန်က သူနဲ့ သူ့အချစ်တွေကလွဲရင်
အားလုံးကို မေ့လျော့ထားချင်သူ။ မွန်တို့ နှစ်ယောက်ရဲ့ သီးသန့်ဘဝလေးမှာ
ဘယ်လိုအရိပ်မျိုး၊ ဘယ်လိုစွက်ဖက်မှုမျိုးကိုမှ မလိုလားတတ်ခဲ့သူ။
သူ့သူငယ်ချင်းတွေကတော့
ခင်မင်ရင်းနှီးစွာ ချစ်စနိုး ကျီစယ်ခြင်းထက် ကဲလွန်ပြီး ရက်စက်စွာ
နောက်ပြောင်တတ်သူတွေ။
အချစ်ဆိုတာ ပြက်ရယ်ပြုစရာမှ မဟုတ်တာဘဲ
မောင်ရယ်။ ပြီးတော့ မွန်တို့တွေက တစ်ခါမှ မသိဘူး၊ မခင်ဘူးကြသူတွေလေ။
အဲဒီလိုနဲ့ မွန်နဲ့ သူ့သူငယ်ချင်းတွေ
အစေးမကပ်ခဲ့။ မွန်တို့နှစ်ယောက်ရဲ့ အချိန်တွေကို ဖဲ့ယူဖို့ ကြိုးစားတတ်တဲ့
သူ့သူငယ်ချင်းတွေကို မွန်က ကြိုးစားပြီး ရှောင်တိမ်းတတ်ပေမယ့် မွန့်ရဲ့သူကတော့
မွန့်ကို OASIS
မှာ မိနစ် ၂ဝ လောက်
ထားရစ်ခဲ့ပြီး သူငယ်ချင်းနောက် လိုက်သွားရက်သူလေ။
'သဘောထား သေးတဲ့သူတွေနဲ့
အတူနေရတာ မမိုက်ဘူး'
'မမနဲ့ဆိုရင်
ပတ်ဝန်းကျင်ဆိုတာ မရှိတဲ့နေရာမှာ နေမှရမယ်'
'နေပါဦး မောင်ရဲ့။
မောင့်သူငယ်ချင်းတိုင်းကို မွန်က အဲလိုဆက်ဆံလို့လား။ မောင်မိတ်ဆက်ပေးတဲ့
မောင့်ဆရာဆိုတဲ့ လူတွေဆို မွန် လေးလေးစားစား ဆက်ဆံတာပဲ မဟုတ်လား။ အခုတော့
မွန်နဲ့လည်း မရင်းနှီးဘဲ သက်သက်မဲ့ လှောင်ပြောင် သရော်ချင်တဲ့ သူတွေကို မွန်က
သဘောထား မကြီးနိုင်ဘူး'
'မမ မသိပေမယ့် သူတို့က မမကို
သိတယ်'
'မောင့် သူငယ်ချင်းတွေက
မိတ်ဆွေသူငယ်ချင်းကို ဘယ်လိုဆက်ဆံရတယ်ဆိုတာ သိပုံမပေါ်ဘူး။ မွန် မသိတဲ့
မောင့်သူငယ်ချင်းတွေကို သိလာအောင်လည်း မကြိုးစားချင်ဘူး။ အရာရာ ကို
လှောင်ချင်သရော်ချင်တဲ့ လူတွေကို မုန်းတယ်။ မဆက်ဆံချင်ဘူး'
အဲဒီပြဿနာက မွန်တို့အတွက်
နံရံကလေးတစ်ချပ် မဟုတ်ဘဲ တံတိုင်းကြီးတစ်ခု ဖြစ်စေခဲ့သည်။
တစ်ရက် OASIS က အရိပ်ကျတဲ့ ထိုင်ခုံကလေးမှာ
စကားပြောလိုက်၊ ရယ်လိုက်၊ ငြင်းလိုက်နဲ့ ရင်ခုန် ပျော်မွေ့နေတုန်း...
'ဟေ့ကောင် ဖိုးသား၊ ဘယ်နှနာရီ
ထိုးပြီလဲ။ ကျောင်းမသွားသေးဘူးလား'
ခပ်တင်းတင်း မျက်နှာပေးနဲ့
မွန်တို့ကို ခပ်စူးစူး စိုက်ကြည့်နေသူ...မွန့်ရင်ထဲက ဒေါသက အရှိန်ခပ်ပြင်းပြင်း
ဟန်မဆောင်တတ်တဲ့ မွန့် မျက်နှာကို ကြည့်ရင်း...
'စိတ်မဆိုးပါနဲ့ မမ ရယ်။ သူက
ကျွန်တော့်ကို ချစ်လို့ ပြောတာပါ'
မွန်ကတော့ သူ့မျက်နှာကိုသာ
စိုက်ကြည့်မိရင်း...
'မလိုဘူးလေ မောင်ရဲ့။ သူ
ပြောစရာစကားမှ မဟုတ်တာ။ မောင်က ကလေး ပေါက်စနကလေးမှ မဟုတ်တာ။ ပြီးတော့ ဒါ
ကျောင်းချိန်မဟုတ်သေးဘူး။ မွန်တို့ နှစ်ယောက်က ဘာတွေလဲဆိုတာ သူ နားလည်ပေးရမှာပေါ့။
အဲဒါ မိုက်ရိုင်းတယ်လို့ ခေါ်တယ်'
'သြော်... သြော် This
is called မိုက်ရိုင်းတယ်ပေါ့။
လာပါ မမရယ်။ အလကားနေရင်း စိတ်တို မနေပါနဲ့။ Pink Night မှာ သီချင်း ဆိုပြမယ်'
CD OK အခန်းငယ်ထဲမှာ မွန်
သိပ်နှစ်သက်တဲ့ သူ့ သီချင်းသံတွေကို မခံစားနိုင်လောက်အောင် မွန့်စိတ်တွေ
တင်းကျပ်နေခဲ့တယ်။ မွန်နဲ့ သူ့ကြားထဲမှာရှိတဲ့ တံတိုင်းကြီးက ပိုပြီး
ထူထဲခိုင်ခံ့နေခဲ့ ပြီလေ။
မွန် ကြောက်တတ်တဲ့ ပတ်ဝန်းကျင်ရဲ့
အရိပ်တွေ ဒါ ကံတရားမဟုတ်ဘူး မောင်ရေ။ လူတွေရဲ့ စီရင်ချက်တွေပဲ။ အဲဒီအချိန်ကစပြီး
မွန့်ရဲ့ အနာဂတ်ကို အနည်းငယ် ရိပ်မိနေသလိုလို။ ဒါပေမယ့်လည်း ပြာရီအက်ကွဲတဲ့ သူ့
သီချင်းသံတွေ၊ မမလို့ခေါ်တဲ့ သူ့အသံတွေအောက်မှာ မွန့် အသိဉာဏ်တွေ မှုန်ဝါးဝေသီကာ
အဲဒီတံတိုင်းကြီးကို မေ့နေတတ်ပြန်ရော။
စက်ဘီးတိုက်မိတဲ့နေ့ကစပြီး
တစ်နေ့မပြတ် တွေ့နေခဲ့ရတဲ့ သူ့ကို ၅ ရက်ပြည့်တဲ့အထိ မတွေ့ရ၊ အသံမကြားရ။
ဟင့်အင်း... ဘာမှလည်း အဆက်အသွယ်မရ။ ရေကန်ဘက်ထွက်တဲ့ အဆောင်လမ်းကြားကလေးမှာ
ထိုင်ပြီး မွန့်ညတွေ မိုးလင်းလုလု။
မောင်ရေ၊ အချစ်မှာ မာနမရှိ၊ အတ္တမရှိ။
ဒါပေမယ့် ချစ်နေခြင်းတစ်ခုတော့ အသေအချာ လိုအပ်သည်လေ။
မွန့်စာကို သူ ဖတ်ပြီးပြီ။
လာသင့်ပြီလို့ ယူဆခဲ့ချိန်အထိ သူ ပေါ်မလာခဲ့။ လာမယ့်လာတော့လည်း...
'ကိုငယ် ခေါ်ထားလို့ မမရယ်။
သူ့ဆိုင်မှာ ဘယ်သူမှ မရှိလို့။ အခုလည်း မလာရဘူးတဲ့။ မမ စာထုတ်ပြမှ လာခိုင်းတာ။
ဒါတောင် အချိန်သိပ်မရဘူး။ ညနေ ၆ နာရီဆို လူကျလာပြီ။ ကျွန်တော် ရှိနေမှဖြစ်မှာ'
'နေပါဦး မောင်ရဲ့။
မောင့်ကိုငယ်က အရေးကြီးသလား။ မွန်က အရေးကြီး သလား။ အခု မောင်နဲ့ မွန် မတွေ့ရတာ
တစ်ပတ်တိတိ ရှိပြီ။ မောင့်အကြောင်းပြချက်က ဒါပဲလား'
မွန့်မျက်ရည်တွေကို သူ့ ပါးပြင်နဲ့
ထိကပ်ခြောက်သွေ့စေရင်း...
'ကျွန်တော့်ကို နားလည်ပေးပါ
မမရယ်။ ကိုငယ့်ကို မလွန်ဆန်နိုင်တဲ့ အကြောင်းတွေ ကျွန်တော့်မှာ ရှိတယ်။ မမသိရင်
စိတ်ညစ်လိမ့်မယ်။ ပြောမပြချင်ဘူး။ ကျွန်တော် တောင်းပန်ပါတယ်'
'မောင် မွန့်ကို နည်းနည်းမှ
မညှာဘူး။ ဖုန်းတောင်ဆက်ဖော်မရဘူး။ မွန် ဘာတွေ ခံစားနေရသလဲ မောင် မသိဘူး။
သိဖို့လည်း မကြိုးစားဘူး မဟုတ်လား'
'မမရယ်၊ စားသောက်ဆိုင်
ဆိုတော့လည်း ဖုန်းပြောရတာ မလွတ်လပ်ဘူး။ ကိုငယ်တို့ကလည်း အနားမှာ အမြဲရှိနေတာ'
မွန်တို့ စတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၈
လကျော်ကတည်းက ညနေ ၈ နာရီ အဆောင်ပိတ်ချိန်မှ ပြန်တတ်တဲ့သူက အဲဒီနေ့ကတော့ ညနေအလင်း
ရောင်အောက်မှာပဲ မွန့်ကို ထားရစ် ထွက်ခွာသွားခဲ့ တယ်။
အနေဝေးလို့ အေးစက်မာကျောသွားမယ့်
အရာတွေထဲမှာ မောင့်အချစ်တွေကော ပါနေမလားလို့ တွေးတော စိတ်မောရုံပါပဲ။
ဒီတစ်ခါတော့ ၁ဝ ရက်တိတိ ကြာတယ်။
နောက်ဆုံးတွေ့ပြီး ၁ဝ ရက်မြောက် ညနေခင်းမှာ...
'အရုပ်ဆိုးဆိုးနဲ့ မမကြီး'
ဒါ
မွန်တို့ အထိမ်းအမှတ်။ မွန်တို့တွေ မသိကြခင်ကတည်းက သူတို့ တစ်အုပ်စုလုံး အော်နေကြ။
အရင်ကတော့ သူ အဲလို အော်လိုက်တိုင်း မွန့်ရင်ထဲမှာ တဆတ်ဆတ်တုန်ပြီး ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ၊ ပျာလောင်ခတ်တတ်စမြဲ။
ဒီတစ်ခါ
သူ့အော်သံကိုတော့ ငြိမ်သက်စွာပဲ လက်ခံဖြစ်တော့တယ်။ မွန့်ရင်တွေ လေးလံတင်းကျပ်လို့
အရင်လို မပျော်နိုင်။ သူနဲ့စပြီး သိကတည်း တစ်စုံတစ်ရာ ပြောစရာရှိတိုင်း သူက
အဲလိုအော်။ ဒါဆိုရင် မွန်က ရောက်ရာအရပ်ကနေ ဝါးကပ်ပေါက်ကလေးကို ပြေးလာတတ်မြဲ။
လက်ဖက်ရည်ဆိုင်မှာ ဆုံဖို့တို့၊ ရုပ်ရှင်ကြည့်ဖို့တို့ ချိန်းတတ်မြဲ။
အဆောင်မှူးကို ကြောက်တော့ စကားတော့ အကြာကြီး မပြောရဲဘူးပေါ့လေ။
မွန်
ဝါးကပ်ပေါက်ကလေးနားရောက်တော့...
'အဝတ်တွေ ပြန်လာယူတာ။
မမ အသံမကြားရလို့ လှမ်းအော်ကြည့်တာ'
'အပြီး ပြန်လာတာ
မဟုတ်ဘူးပေါ့'
'နောက် ၅ ရက်ဆို
အပြီးပြန်လာလို့ ရပြီ။ အဲဒီတော့မှ တွေ့မယ်နော်။ အခု ၅ နာရီထိုးနေပြီ။ ၆ နာရီကို
ကျွန်တော် ပြန်သွားရမှာ။ အခု မမကို တွေ့လို့ အလွမ်းပြေသွားပြီ'
'ရတယ်လေ... မောင့်
သဘောပဲ'
မွန် ချက်ချင်းလှည့်
ထွက်လာခဲ့ပြီး အခန်းထဲမှာ ထိုင်နေမိတယ်။ ဘယ်လို သဘောလဲ မောင်ရယ်။ မွန့်ကို
ထည့်တွက်စရာ မလိုဘူးလို့ ယူဆထားခဲ့တယ်ပေါ့။ ဘာကို နာကြည်းရမှန်း၊ ဝမ်း နည်းရမှန်း
မသိနိုင်အောင် ဝိညာဉ်ကော ခန္ဓာပါ ကျောက်ရုပ်တစ်ရုပ်လို။
ခဏနေတော့ သူ
ရောက်လာပြီး...
'မမ စိတ်ဆိုးနေမှာ
စိုးလို့။ မမက လိမ္မာပါတယ်၊ ဟုတ်တယ် မဟုတ်လား။ ငါးရက်နေရင် ကျွန်တော် ပြန်လာလို့
ရပြီ'
'ကိစ္စမရှိဘူး။
မောင်လာချင်တဲ့အချိန်မှလာ။ မွန့်ကို ထည့်မတွက်နဲ့။ မောင် စိတ်ညစ်နေရလိမ့်မယ်'
'မမရယ်၊ ကျွန်တော်
ရှင်းပြပြီးပြီပဲ။ ကျွန်တော့်မှာ အခက်အခဲ ရှိပါတယ်လို့'
'သူတို့ဆိုင်မှာ
မောင်ရှိမှ ဖြစ်မှာတဲ့လား'
'ကျွန်တော်
မလွန်ဆန်နိုင်လို့ပါ မမရယ်'
'ဒါ
သွေးရိုးသားရိုးတော့ မဟုတ်ဘူး။ မောင့်ကိုလည်း မယုံချင်တော့ဘူး။ ကိစ္စမရှိဘူး။
မွန့်ကို ထားခဲ့တော့။ မောင့်လမ်း မောင်သွား'
'မမရာ... မမ တွေးလိုက်ရင်
တစ်ဆုံးပဲ'
'မောင် လွန်ဆန်လို့
မရဘူးဆိုတာ ငွေရေးကြေးရေးလား'
'ဟုတ်တယ်။
ကျွန်တော့်ရဲ့ အခက်အခဲ မှန်သမျှ သူ ရှင်းပေးထားတာ မမကို ပြောဖူးပါတယ်။ ကျွန်တော်
ဟိုတစ်ခါ လွင့်နေတုန်းကလည်း အခုလိုပဲ ဆိုင်မှာ ခေါ်ပြီး ထိန်းပေးထားတာ'
'ဘာ... ဒါဆို အခု
မောင်က လွင့်နေတာပေါ့ ဟုတ်လား။ မွန်နဲ့မောင်ရဲ့ကိစ္စမှာ သူတို့က
ထိန်းပေးနေရတယ်ပေါ့။ ဒါဆို မောင်က မွန့်ကို ဘယ်လိုသဘောထားနေသလဲ ပြောပါဦး။ မောင့်ရဲ့
အချစ်ဆိုတာ ဘာလဲ၊ ဘယ်မှာလဲ'
'ကျွန်တော် စကားမှား
သွားတာပါ မမရယ်။ အခုက သူတို့ တကယ်လိုအပ်နေလို့ပါ။ ကျွန်တော် မမကို ချစ်တယ်။
မခွဲနိုင်ဘူး'
'မွန်တို့
နှစ်ယောက်ကြားမှာ ငွေကြောင့်စိတ်ဆင်း ရဲရမယ့် ပြဿနာဖြစ်ရမယ်လို့ နည်းနည်းမှ
မမျှော်လင့်ခဲ့ဘူး။ မွန်ချစ်ခဲ့တာ ပကာသနတွေ၊ ဓနဥစ္စာတွေ မပါဘူး။ ဂစ်တာတီးတဲ့၊
သီချင်း ဆိုကောင်းတဲ့ ကောင်လေးတစ်ယောက်ကို အရိုးသားဆုံး၊ အသန့်ရှင်းဆုံး
ချစ်ခဲ့တာ။ မောင့်ဆီက အချစ် တစ်ခုကလွဲပြီး ဘာကိုမှ မလိုချင်ဘူး'
မွန့်ဆံပင်တွေကို
ညင်သာစွာ သပ်တင်ပေးရင်း...
'လိမ္မာပါတယ်ကွာ။ မမ
ကျေနပ်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ ပြော'
မွန်က
တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေမိတော့တယ်။
'သြော်... မေ့နေတာ၊
ဒီမှာ ကိုငယ်က ပေးလိုက်တာ။ ကျွန်တော့်ကို မဖတ်ရဘူးတဲ့။ မမကို ပေးလိုက်ပါတဲ့'
လွယ်အိတ်ထဲက ထုတ်ယူ
ကမ်းပေးလာတဲ့ သူ့ရဲ့လေ့ကျင့်ခန်း စာအုပ်ကလေး။ မွန်နဲ့သူနဲ့ တွေ့ကြတဲ့အချိန်တိုင်း
အဲဒီစာအုပ်ကလေးရဲ့ နောက်ကျောမှာ မွန့်ခံစားချက်တွေ၊ အချစ်တွေကို ပုံဖော်
ပေးနိုင်မယ့် ကဗျာပိုင်းအစ ကလေးတွေ ရေးပေးနေကျ။
သင်္ချာတွေ၊ လေ့ကျင့်ခန်းပုံတွေ၊ မွန့်ကဗျာတွေ၊ သီချင်းစာသား
အပိုင်းအစတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ စာမျက်နှာတစ်ခုမှာ...
တို့ချစ်ခြင်းကို
ကွင်းအောင်တစေ
အမြဲမွှေသည့်
သက်ကြီးဝန်တို
ကုန်းမအို
ရေလိုခန်းခြောက်ပါစေသား...
ဟိုတစ်နေ့က တွေ့တုန်းက
မွန်တို့နှစ်ယောက်နဲ့ သူ့ သူငယ်ချင်းတွေရဲ့ အခြေအနေကို လက်မခံနိုင်လောက်အောင်
စိတ်ညစ်ညစ်နဲ့ ရေးပေးခဲ့တဲ့ ရှေးဟောင်းကဗျာလေး။ အဲဒီကဗျာလေးရဲ့ အောက်မှာ...
အရပ်ရှည်သလို စိတ်လည်း
ရှည်ရှည်ထားပါ။ မင်းကိုးကွယ်တဲ့ အချစ်က ထမင်းမကျွေးဘူး။ ကျုပ်တို့လို
လောကကြီးအကြောင်း နောကျေနေတဲ့ ဆရာကြီးကို ပြစ်မှားတဲ့အတွက် သေးသိမ်နိမ့်ကျတဲ့
ယောကျ်ားမျိုးနဲ့ပဲ တွေ့ပါစေလို့ ဆုတောင်းပေးနေတယ်...
ဖတ်ရင်း ဖတ်ရင်း မွန့်က
အံ့သြမင်သက်စွာ ဒါ အပြင်းထန်ဆုံး စော်ကားတိုက်ခိုက်မှုပဲ။ ယောကျ်ားတစ်ယောက်အတွက်
မရှိသင့် မရှိအပ်တဲ့ စိတ်ထားတွေ၊ ရေးသားမှုတွေ။ ဒါ မောင့်သူငယ်ချင်းတဲ့လား။
နောက်ပြီး ချစ်သူနှစ်ယောက်ကြားမှာ မစွက်ဖက်သင့်တဲ့ အပြုအမူပဲ။ ကိုငယ်
ဆုတောင်းပေးသလို မွန်က သေးသိမ်နိမ့်ကျတဲ့ ယောကျ်ားတွေနဲ့ ပတ်သက်မိပြီပေါ့။
ဟင့်အင်း... မယုံနိုင်။
ဒါဟာ သူငယ်ချင်းဆိုတဲ့ စည်းကို
ရိုက်ချိုးစိန်ခေါ်တာပဲ။ မွန်တို့အခြေအနေကို မျက်ခြည်ပြတ်မခံ စပ်စုနေခဲ့တာကိုး။
မွန့်ချစ်သူရဲ့ စာအုပ်မှာ မွန်တို့အဖြစ်အပျက်နဲ့ တိုက်ဆိုင်လို့ ဘာရယ်မဟုတ်
ရေးပေးမိတဲ့ ကဗျာလေးဟာ သူတို့နဲ့ ဘာဆိုင်လို့လဲကွယ်။ သူတို့အတွက် ပေးလိုက်တဲ့
စာသားလည်း မဟုတ်။ ဒီလောက် ရင့်ရင့်သီးသီး တုံ့ပြန်စရာ လိုသလား။ ယောကျ်ားတန်မယ့်
နှုတ်သီးကောင်း လျှာပါး ဒီလောက်ထိဝင်ပြီး စွက်ဖက်တာ ဘာကြောင့်လဲ။
ရွှေသမင် ဘယ်က ထွက်သလဲ။
မောင်ဟာ ချစ်သူကို တန်ဖိုးထား
ကာကွယ်ဖို့ထက် သူငယ်ချင်း ကြိုးဆွဲရာ ကချင်တဲ့ ယောကျ်ားတစ်ယောက် ဖြစ်နေပါလား။
ဘာလို့များ ချစ်တယ်ပြောခဲ့ရသလဲ မောင်ရယ်။
'မမရာ၊ မမ ဘာတွေ တွေးနေတာလဲ။
ကျွန်တော် တစ်ယောက်လုံး ဘေးမှာထိုင်နေတာရော သတိရသေးရဲ့လား။ ကျွန်တော် ဘာလုပ်ရမှာလဲ'
'မောင် လုပ်ချင်တာလုပ်
မောင့်သဘောပဲ။ မွန် မတားဘူး။ သွားချင်လည်း သွား။ ဒါပေမယ့် သွားပြီဆိုရင်
ပြန်လှည့်မကြည့်တမ်းနော်။ ဘယ်တော့မှ ပြန်မလာနဲ့။ ပြန်မဆက်သွယ်နဲ့'
'မမ သက်သက် အကျပ်ကိုင်တာပဲ'
'မောင် ထင်ချင်သလို ထင်လေ။
ကိုယ်ငယ်က မောင့်ကို ရက်တွေအကြာကြီး အပိုင်ယူထားပြီးပြီ။ ဒီ တစ်ညနေလေး မသွားရုံနဲ့
သူတို့ ဆိုင်ကြီး ပြုတ်မသွားပါဘူး'
'မဟုတ်ဘူးလေ။ ကိုငယ်က
ကျွန်တော့်ကို တစ်မျိုးထင်သွားမှာပေါ့။ မကောင်းဘူးလေ'
'ကိုယ့်ချစ်သူ
တစ်ယောက်လုံးကို ရက် ၂ဝ လောက် ပစ်ထား၊ ဖုန်းတောင် မဆက်ဘူး။ အဲဒါကျတော့
ကောင်းတယ်ပေါ့။ ဒါ တမင်သက်သက် ကြိုတင်ကြံစည်တာ။ မောင့်ကိုလည်း မယုံတော့ဘူး'
'ဟုတ်ပြီလေ၊ မမက
နေဆိုရင်နေမယ်။ ကိုငယ်နဲ့ ကျွန်တော် ပြဿနာဖြစ်ရင် မမ ဘယ်လိုနေမလဲ'
'လာပြန်ပြီ၊ ဒီ ကိုငယ်။
ဖြစ်စရာအကြောင်းကို မရှိဘူး။ ဖြစ်ရင်လည်း မွန်နဲ့ မဆိုင်ဘူး'
'ကျွန်တော့် ပြဿနာ မမ ပြဿနာ
မဟုတ်ဘူးပေါ့'
'ဒီပြဿနာမှာတော့ လုံးဝ
မဟုတ်ဘူး'
'ဒါဆို ကျွန်တော် သွားမယ်'
ချစ်သူကို အချစ်တစ်ခုတည်းနဲ့
ရွေးချယ်ခဲ့။ ချစ်သူဟာ ဘဝ၊ ပစ္စုပ္ပန်၊ အနာဂတ် ဖြူစင်တဲ့ အချစ်သက်သက်ပါပဲ။
အရှုံးအမြတ် တွက်ချက်မှုမပါ။ မိဘဆွေမျိုး အင်အားပြမှုတွေ မပါ။
ကဲ... သူ့ဆီမှာ မွန့် အတွက် အချစ်တွေ
မရှိဘူးဆိုတာ သိလာခဲ့မှတော့ ရှေ့ဆက်ရဦးမလား။ မွန်ဟာ အချစ်အတွက်လည်း ပြတ်သားခဲ့တယ်။
အချစ်မရှိဘူးဆိုတာ သိလာရင်လည်း ပြတ်သားရဲရမှာပေါ့။
Good Bye မောင်ရေ...။
သူ အဆောင်လာတွေ့ရင် မွန်
ထွက်မတွေ့ခဲ့။ သူ့ အသံကြားရင် ဖုန်းချပစ်ခဲ့။ လမ်းမှာတွေ့ရင် ပြတ်တောက်စွာ
ငြင်းပယ်ခဲ့။
ကိုငယ့်စကားအတိုင်း ပြောရရင် သေးသိမ်နိမ့်ကျတဲ့
ယောကျ်ားတစ်စုရဲ့ လှည့်စားမှုက အောင်မြင်စွာ လွတ်မြောက်ခဲ့သူပေါ့။
အခုတော့ Final စာမေးပွဲတွေပြီးလို့ Field
ဆင်းနေရပြီတဲ့။
မန္တလေးမြို့က ထွက်ခွာသွားခဲ့ပြီပေါ့။
ပြာမိုက်နေတဲ့ ကောင်းကင်မှာ လကလေးက
တစ်ခြမ်း ကွေးသာနေတယ်။ ဆွေးမြည့်နေတဲ့ ဝါးထရံကလေးကို ကျော်ပြီး ကြည့်မိတော့
သူ့အခန်းကလေးက မှောင်မိုက်စွာ ငြိမ်သက်နေပြီပဲ။ ပိုင်ရှင်မရှိတော့ဘဲ
အခန်းကျဉ်းကလေးဟာ မွန့်လိုပဲ တိတ်ဆိတ်စွာ အထီးကျန်နေတာပေါ့။ ပြာရီအက်ကွဲတဲ့ သူ့
သီချင်းသံတွေကို ပြန်လည် ကြားယောင်ရင်း တိုးတိတ်စွာ ကြေကွဲမိပြန်ရော။
လွမ်းစရာရှိရင် နာတာနဲ့ ဖြေရမတဲ့။
ရယ်စရာကောင်းတဲ့ မွန်က အဲဒီနာစရာတွေကိုပဲ လွမ်းနေတတ်ရဲ့။
ကိုယ်ဆိုတယ်... ဒီ သီချင်းတွေနဲ့...
ရည်ရွယ်ပါတယ် မအတွက်ပဲလေ... အကြင်နာတွေ ပြန်လာမှာ လားကွယ်... စောင့်နေမိတယ်...
ကားဂိတ် သွားခါနီး အချိန်ထိ ထပ်တလဲလဲ
ဆိုနေတဲ့ သီချင်းကလေး။ သူငယ်ချင်းတွေ ဆွဲခေါ်တာကို ကန့်လန့် ကန့်လန့်ပါသွားရင်း 'အရုပ်ဆိုးဆိုးနဲ့
မမကြီး၊ ပြန်လာခဲ့မယ်' အော်ဟစ်သွားခဲ့ သူ။
လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့
ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်။
ဘယ်ဘက် ရင်ခွင်က စူးစူးနင့်နင့်
နာကျင်လာတော့ ခပ်တင်းတင်း ဆုပ်ကိုင်မိတယ်။
Man Always Remember Lady Because Of
Romance Only...
ယောကျ်ားတွေဟာ အချစ်သက်သက်နဲ့
မိန်းမတွေကို သတိရနေတတ်သတဲ့။ ဟင့်အင်းကွယ်... မောင့် အချစ်သက်သက်ကို မရခဲ့ဘူးလို့
တွေးထင်မိတဲ့အခါ..
လကလည်း သာမြဲ...
ညကလည်း အေးချမ်း မြဲ...
နံရံတစ်ချပ်ရဲ့ ဒီဘက်ခြမ်းမှာတော့
မွန်ကလည်း တွယ်ငြိဖူးတဲ့ အချစ်တွေကို နာကျင်စွာ လွမ်းဆွတ်နေတတ်မြဲ။
အဖြူရောင်
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...
ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။
နှစ်ယောက်သား တစ်ကမ္ဘာဆီခြားခဲ့ပြီမို့လည်း ဆုံတွေ့ဖို့ရန် စိတ်ကူးမရှိ။ အိမ်ထောင်ရှင်ဘဝနှင့် ဖြတ်သန်းနေသော သွယ့်ကို မြင်တွေ့ချင်ရုံ သက်သက်။