ရွှေနှလုံးသား

ထောင့်ဖြောင့်ဖြည့်ဖက်

မော်မော့်မောင်

01 April 2026
ထောင့်ဖြောင့်ဖြည့်ဖက်
Share to

            'မင်းနဲ့ ခင်နှောင်းက ချစ်သူတွေ ဖြစ်နေကြပြီ မဟုတ်လား'

            'မဟုတ်က ဟုတ်ကကွာ။ မင်းကို ဘယ်သူက ပြောလိုက်တာလဲ'

            'ဘယ်သူကမှ ပြောတာ မဟုတ်ဘူး ထက်ခိုင်။ ငါ့မျက်စိနှစ်လုံးစလုံးနဲ့ကို မြင်တာ။ မနေ့က ညနေပိုင်း ပွဲရုံက ပြန်တော့ မင်းစက်ဘီးနောက်မှာ ခင်နှောင်းထိုင်လိုက်ရင်း မင်းခါးကို ဖက်ထားတယ်လေ။ သူငယ်ချင်းပဲ ရှိပါသေးတယ်လို့တော့ ဗြောင်ငြင်းဖို့ မကြိုးစားနဲ့နော်။ ဘယ်သူငယ်ချင်း ကောင်မလေးကမှ ဘီးနောက်က ခါးဖက်ပြီး မလိုက်ဘူး'

            'မငြင်းပါဘူးကွာ။ မင်းထင်သလို ငါနဲ့ခင်နှောင်းက ချစ်သူတွေတော့ ချစ်သူတွေပါပဲ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တကယ်မချစ်ကြတဲ့ ဟန်ဆောင်ချစ်သူတွေကွ'

            'ဘာရယ်ကွ၊ ဟန်ဆောင်ချစ်သူတွေ ဟုတ်လား။ အဲဒါ ဘာအဓိပ္ပာယ်လဲ ရှင်းပြပါဦး'

            'ဒီလိုကွ၊ ပြီးခဲ့တဲ့ တစ်ပတ်က ငါ့တို့ပွဲရုံ အိတ်အော်ဒါရတော့ ပွဲရုံမှာရှိတဲ့ အလုပ်သမားနဲ့တင် သတ်မှတ်ရက်အတွင်း ပြီးအောင် မချုပ်နိုင်လို့ အပြင်အလုပ်သမား ထပ်ခေါ်ရတာ မင်းလည်း သိသားပဲ'

            'အေးလေ၊ မင်း သူငယ်ချင်း မျိုးဇော်ဦးတောင် ပါလာသေးတယ် မဟုတ်လား'

            'အေး... အဲဒါမျိုးဇော်ဦးကြောင့်ပဲ အခုဇာတ်လမ်း ဖြစ်လာရတာ။ အဲဒီကောင်က ငါ့သူငယ်ချင်း ဆိုပေမယ့် အရမ်းအခင်ကြီး မဟုတ်ဘူး။ အကျင့်စရိုက်ကလည်း ခပ်ပျက်ပျက်ရယ်။ ရည်းစားတွေ အများကြီးထားပြီး သူ့ရည်းစားတွေဆီက လိုချင်တာကို မရရအောင် ယူတယ်။ လိုချင်တာ ရပြီးရင် ခွာထုတ်ပစ်တယ်။ သူ့ရဲ့ အဲဒီစရိုက်ကို မကြိုက်လို့ ငါက သူနဲ့သိပ် မပေါင်းဘူး။ ဒါပေမယ့် ပွဲရုံကို ရောက်လာတော့ မပေါင်းချင်လည်း ရတာပေါ့ကွာ။ ပြီးတော့ သူက အမြဲတမ်း

အလုပ်သမားမှ မဟုတ်တာ။ ပေါင်းရလည်း ခဏတစ်ဖြုတ်ပေါ့'

            'မင်းစကားကလည်း ခုထိ လိုရင်းကို မရောက်သေးဘူး'

            'ဒါဆို တိုတိုပဲ ပြောမယ်ကွာ။ အဲဒီနေ့က အော်ဒါမှာတဲ့ အိတ်အရေအတွက် ပြည့်သွားလို့ အပြင်အလုပ်သမားတွေအတွက် နောက်ဆုံးရက်။ ညနေပိုင်း အလုပ်သိမ်း ပိုက်ဆံရှင်းပြီးတော့ မျိုးဇော်ဦးက လက်ဖက်ရည်ဆိုင်ခေါ်လို့ ငါ လိုက်လာခဲ့တယ်။ လမ်းရောက်တော့...'

            'ထက်ခိုင်၊ မင်းတို့ပွဲရုံမှာ ငါ အမြဲလုပ်ချင်လို့ရမလား'

            'ပုံမှန်အတိုင်းဆိုရင် ရှိတဲ့အလုပ်သမားနဲ့ လည်ပတ်နေနိုင်တာမို့ လူအသစ် မလိုဘူးကွ။ နေပါဦး၊ မင်းက ဘာဓာတ်ပေါက်ပြီး ငါတို့ပွဲရုံရဲ့ အမြဲတမ်း အလုပ်သမား ဖြစ်ချင်စိတ် ပေါ်လာရတာလဲ'

            'ခင်နှောင်းဆိုတဲ့ လမင်းလေးက မင်းတို့ပွဲရုံမှာ သာနေလို့ပေါ့ကွာ'

            'ဘာ... ခင်နှောင်း၊ ဟုတ်လား'

            'ဟုတ်တယ်ကွ။ ခင်နှောင်းကို ငါ ချစ်နေမိပြီ ထက်ခိုင်။ အဲဒါဖြစ်နိုင်ရင် မင်းတို့ပွဲရုံမှာ ငါ့အတွက် တစ်နေရာစာလောက် လုပ်ပေးပါလား။ မင်းက လက်ထောက်မန်နေဂျာပဲကွာ။ မင်း လုပ်ပေးရင် ဖြစ်မှာပါ'

            'ခင်နှောင်းနဲ့ နီးစပ်ဖို့အတွက်ဆိုရင်တော့ လက်လျှော့လိုက် မျိုးဇော်ဦး။ မင်း နောက်ကျသွားပြီ'

            'ဘာဖြစ်လို့လဲ ထက်ခိုင်။ ခင်နှောင်းမှာ ချစ်သူရှိ ထားပြီးသားလို့ မင်း ပြောချင်တာလား'

            'ဟုတ်တယ် မျိုးဇော်ဦး။ ခင်နှောင်းမှာ ချစ်သူရှိတယ်ဆိုတော့ မင်း လိုက်မနေပါနဲ့တော့ကွာ'

            'ငါ မယုံဘူး။ ပြီးတော့ ချစ်သူရှိတယ်ပဲ ထားဦး။ ချစ်သူရှိတာ ယောကျ်ားရှိတာမှ မဟုတ်ဘဲ ထက်ခိုင်။ ငါက ဘာလို့ နောက်ဆုတ်ရမှာလဲ။ ကုန်ကုန်ပြောမယ်ကွာ။ မိန်းကလေးတစ်ယောက်မှာ စေ့စပ်ထားတဲ့သူ ရှိနေတယ်ဆိုရင်တောင် ကာမပိုင်ယောကျ်ား မရှိသေးလို့ ဘယ်လူပျိုမဆို လိုက်ခွင့်ရှိတယ်။ အခု ခင်နှောင်းကို ငါလိုက်မယ့် ကိစ္စမှာလည်း ဘယ်သူ တားမြစ်တာကိုမှ နာခံစရာ မလိုဘူး'

            'မင်း မှားနေပြီ မျိုးဇော်ဦး။ တခြားသူတွေ တားမြစ်တာကို မနာခံရင်တောင်မှ ငါ့ရဲ့ တားမြစ်ချက်ကိုတော့ မင်း ဂရုစိုက်ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်နှောင်းရဲ့ချစ်သူက ငါ ဖြစ်နေလို့ပဲ'

            'မင်း အဲဒီလို ပြောလိုက်တာကို မျိုးဇော်ဦးက ယုံလား'

            'ဘယ်ယုံလိမ့်မလဲကွာ။ အဲဒါကြောင့် ငါက သူ ယုံကြည်သွားတဲ့အထိ သူ့ကို လှည့်စားဖို့ အဖြစ်မှန်အားလုံး ခင်နှောင်းကို ရှင်းပြလိုက်တယ်။ ပြီးတော့ ငါ့ကို စိတ်မဆိုးဖို့နဲ့ ငါစီစဉ်ထားတဲ့အတိုင်း လိုက်လုပ်ပေးဖို့ ခင်နှောင်းကို တောင်းပန်ရတာပေါ့ကွာ။ ဒါကလည်း ခင်နှောင်းအတွက်သက်သက်ပါ'

            'အဲဒါနဲ့ပဲ မင်းနဲ့ ခင်နှောင်း ဟန်ဆောင်ချစ်သူတွေ ဖြစ်သွားကြတယ် ဆိုပါတော့'

            'အေး... ဟန်ဆောင် ချစ်သူတွေမို့ ငါနဲ့ခင်နှောင်း တွဲနေတာကို ပွဲရုံက လူတွေ မသိစေချင်ဘူး။ အဲဒါကြောင့် ပွဲရုံကအထွက်မှာ သီးသန့်စီ ထွက်ခဲ့ကြပြီး ရှေ့တစ်ပြကျော်လောက်ကျမှ ခင်နှောင်းကို ငါ့စက်ဘီးပေါ် တင်ခေါ်တယ်။ လမ်းမှာ မျိုးဇော်ဦး နောက်က ခပ်ခွာခွာ လိုက်လာတာဆိုတော့ တကယ့်ချစ်သူတွေလို့ သူ ထင်သွားအောင် သရုပ်ဆောင်ကြရတယ်။ ဒါကို မင်းက မထင်မှတ်ဘဲ မြင်သွားပြီး ငါတို့ကို ချစ်သူတွေလို့ ထင်သွားတာ မဟုတ်လား'

            'ထင်ရုံမဟုတ်ဘူး ထက်ခိုင်။ ဝမ်းပါသာသွားတာ။ ဒါနဲ့ နေပါဦး၊ မျိုးဇော်ဦးကို မင်းနဲ့ခင်နှောင်းက ချစ်သူတွေပါလို့ ဘာကြောင့် လိမ်ပြောရတာလဲ။ ခင်နှောင်းကို မျိုးဇော်ဦးလိုက်တာ မင်းအတွက် ဘာနစ်နာစရာများ ရှိလို့လဲ'

            'ခင်နှောင်းဆိုတာ ငါတို့ပွဲရုံက အလုပ်သမတစ်ယောက်။ ပွဲရုံပိုင်ရှင် ငါ့အဒေါ်ရဲ့ ရွာက ရပ်ဆွေရပ်မျိုး။ ပွဲရုံကို ရောက်လာတာကလည်း တစ်လကျော်ကျော်ပဲ ရှိသေးတာ မဟုတ်လား။ ခင်နှောင်းလို ရိုးအတဲ့ တောသူ တစ်ယောက် ငါတို့ပွဲရုံရောက်ပြီး မကြာခင်မှာပဲ မျိုးဇော်ဦးလိုကောင်မျိုးနဲ့ ငြိပြီး မဖြစ်သင့်တာတွေ ဖြစ်မသွားစေချင်ဘူး။ ခင်နှောင်းအတွက် ပြီးတော့ ငါတို့ပွဲရုံအတွက် ရှေ့ကိုကြိုကြည့်ပြီး ခင်နှောင်းဟာ ငါ့ချစ်သူပါလို့ ပြောလိုက်ရတာပဲ'

            'အင်း... မင်းရဲ့ဆင်ခြေက နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အပြည့်အစုံ မဟုတ်သေးဘူး။ အဓိကကျတဲ့ အချက်တစ်ချက် ကျန်နေသေးတယ်လို့ ငါ သေချာပေါက် ပြောရဲတယ် ထက်ခိုင်'

            'ဘာလဲ ငါကိုယ်တိုင်က ခင်နှောင်းကို ချစ်နေလို့လို့ မင်းဆိုလိုချင်တာလား မင်းသိန်း။ အဲဒီလိုဆိုရင် မင်းထင်တာက တက်တက်စင်အောင် လွဲနေပြီ ကိုယ့်ကောင်။ ငါ့စိတ်က ခင်နှောင်းအပေါ်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုတာထက် မပိုဘူး'

            'ဒါကတော့ မင်းအပြောပေါ့ ထက်ခိုင်ရာ။ ငါတို့ ဆယ်တန်းတုန်းက ဆရာ ပြောတဲ့စကားကို မင်း မှတ်မိသေးလား။ ဘဝမှာ သူများကို ညာတာထက် ကိုယ့်ကိုယ်ကိုယ် ညာတာ ပိုဆိုးတယ် ဆိုတာလေ။ မင်းလည်း အခု အဲဒီလို ဖြစ်နေဦးမယ်နော်။ သတိလေးထားကြည့်ဦး'

            'မင်းရဲ့ စွပ်စွဲချက်က ပြင်းထန်လှချည်လား မင်းသိန်း'

            'ဆောရီးပွဲကွာ။ ငါက မင်းအတွက် ပြောမိတာပါ။ တကယ်တော့ မင်းက ငါ ထင်သလို ကိုယ့်ကိုယ်ကိုယ် ညာနေတာမှ မဟုတ်ဘဲ။ ကိုယ့်နှလုံးသား ကိုယ်ညာနေတာပဲ ဥစ္စာ'

            'မင်း ဘာဖြစ်နေတာလဲ ထက်ခိုင်။ ကြည့်ရတာ အိပ်ရေးပျက် ဖဲရှုံးဖြစ်နေတဲ့ သူကျလို့'

            'ဘာမှ မဖြစ်ပါဘူးကွာ'

            'ဒါ့ထက် မင်းနဲ့ ခင်နှောင်းရဲ့ ဟန်ဆောင်ချစ်သူဇာတ်လမ်းက အဆုံးသတ်သွားပြီလား'

            'ဒီနေ့ပဲ ပြီးသွားပြီ။ အမှန်တော့ မျိုးဇော်ဦးက ငါတို့နှစ်ယောက် တကယ့်ချစ်သူတွေလို့ ယုံကြည်ပြီး ခင်နှောင်းနောက်ကို မလိုက်တော့တာ ငါးရက်ရှိနေပါပြီ။ ဒါပေမယ့် ငါက ပိုပြီး စိတ်ချရအောင် တစ်ပတ်ပြည့်တဲ့အထိ ဆက်ဟန်ဆောင်ပေးတာ ဒီနေ့နောက်ဆုံးပဲ။ နောက်နေ့မှာ ဘာတာဝန်မှ မရှိတော့ဘူး'

            'သြော်... အဲဒါကြောင့် မင်းက နောက်နေ့မှာ ခင်နှောင်းနဲ့ ပတ်သက်စရာ မရှိတော့တာ။ စက်ဘီး တစ်စီးထဲ အတူစီးခွင့် မရှိတော့တာ။ အကြင်နာစကားလေးတွေ ပြောခွင့်မရှိတော့တာတွေ တွေးပြီး မှိုင်တိ မှိုင်တိုင် ဖြစ်နေတာကိုး'

            'မဆိုင်လိုက်တာ မင်းသိန်းရာ။ ငါ တွေးနေတာက တခြားပါ'

            'ဘာလဲ၊ ခင်နှောင်းရဲ့ ဟန်ဆောင်ချစ်သူ လုပ်ခဲ့ရတဲ့ အချိန်လေးဆီ ပြန်သွားဖို့ သိပ္ပံဝတ္ထုတွေထဲကလို ကာလယန္တရားတီထွင်ဖို့ တွေးနေတာလား'

            'ကျွတ်... မင်းမှာ ဒီ အကြောင်းကလွဲပြီး တခြား ပြောစရာ မရှိလောက်အောင် အကြောင်းအရာ ရှားပါးနေပြီလား မင်းသိန်း'

            'မင်းစကားက ငါ့အတွက် လွမ်းချင်ရက် လက်တို့ ဖြစ်နေတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက် စမ်းပါ ထက်ခိုင်။ အဲဒါဆိုရင် ငါ တခြားတစ်ခုခုကို ပြောင်းပြောမယ်။ မဟုတ်ရင်တော့ မိတ်ကပ်ဖို့ထား တဲ့ မင်းနှလုံးသားရဲ့ ပကတိအရောင်အသွေးကို မြင်ရဖို့ ဒီအကြောင်းကို ပြောနေဦးမှာပဲ'

            'အစကတည်းက ဗလာသက်သက်ဖြစ်နေတဲ့ စာမျက်နှာပေါ်မှာ လာရှာမှတော့ စာလုံးတွေကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ။ သိပ်ပြီး စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ကွာ။ ခင်နှောင်းကို ငါက ကိုယ့်ညီမတစ်ယောက်လိုပဲ သဘောထားတာပါ'

            'မနက်ခင်းက ပြောစရာရှိတယ် ညနေအပြန်ကျရင် စောင့်ဦးဆိုလို့ ကျွန်တော် စောင့်နေတာ။ ဟိုကောင် နှောင့်ယှက်လို့လား ခင်နှောင်း'

            'ဟင့်အင်း... မဟုတ်ပါဘူး ကိုထက်ခိုင်။ ဒါပေမယ့် ကိုထက်ခိုင် ခွင့်ယူထားတဲ့ မနေ့က ညနေပိုင်း ခင်နှောင်းအပြန်မှာ ကိုမင်းသိန်းက ခင်နှောင်းနောက်ကိုလိုက်ပြီး ရည်းစားစကား ပြောတယ်'

            'ဘာ... မင်းသိန်းက ခင်နှောင်းကို ရည်းစားစကားပြောတယ် ဟုတ်လား။ ခင်နှောင်းက ဘာပြန်ပြောလိုက်လဲ'

            'ဒီလိုပဲ ကောင်းအောင် ကြည့်ပြောလိုက်ရတာပေါ့။ ပွဲရုံတစ်ခုထဲမှာ အတူလုပ်နေကြတာဆိုတော့ ပစ်ပစ်ခါခါ ပြောလို့ မကောင်းဘူးလေ။ ပြီးတော့ ခင်နှောင်းကလည်း ကိုမင်းသိန်းကို မချစ်နိုင်တာ ကလွဲရင် မုန်းမှမမုန်းတာ'

            'မင်းလုပ်ပုံက ဟုတ်ကို မဟုတ်ဘူး မင်းသိန်း'

            'ဟ... ဘလိုင်းကြီး လာခွပ်နေပါ့လား။ ငါက ဘာလုပ်လို့လဲ'

            'ခင်နှောင်းကို ရည်းစား စကားပြောတယ်ဆို။ အဲဒါဘာသဘောလဲ'

            'ချစ်တဲ့သဘောပေါ့ ထက်ခိုင်ရာ။ ခင်နှောင်းက ချစ်ဖို့ကောင်းလို့ ငါ ချစ်မိတယ်။ အဲဒီအကြောင်းကို ခင်နှောင်းသိအောင် လိုက်ပြောတယ်။ ဒါပဲလေ'

            'ဘာကွ၊ ခင်နှောင်းကို ချစ်လို့။ တောက်... အခု ငါ့ရှေ့မှာ ရှိနေတာသာ တခြားသူဆိုရင် ငါ ဆွဲထိုးပစ်လိုက်ပြီ မင်းသိန်း'

            'နေစမ်းပါဦး ထက်ခိုင်၊ မင်းချစ်နေတာလည်းမဟုတ်၊ မင်းနဲ့လည်း ဘာမှမဆိုင်တဲ့ ခင်နှောင်းကို ငါ ရည်းစားစကားလိုက်ပြောတယ် ဆိုတာနဲ့ မင်းက ဘာကြောင့် ဒေါသတွေ လှိမ့်ထွက်နေရတာတုန်း'

            'ဘာကြောင့်လဲဆိုတော့ ငါ... ငါ...'

            'မင်း ခင်နှောင်းကို ချစ်နေမိလို့ပဲ ထက်ခိုင်။ ဒါပေမယ့် ခင်နှောင်း ကို ချစ်နေတဲ့ မင်းရဲ့မသိစိတ်ကို မင်းရဲ့သိစိတ်က ဖုန်းကွယ်ထားလို့ အဲဒါကို မင်း သတိမထားမိဘူး။ ခင်နှောင်းကို သွေးရိုးသားရိုး ခင်မင်ရုံ သက်သက်ပဲလို့ မင်းက ထင်နေတယ်။ ဟုတ်တယ် မဟုတ်လား ထက်ခိုင်'

            'အင်း... မင်းပြောတာ ဟုတ်သလိုလိုပဲ။ ဒါနဲ့ ခင်နှောင်းကို ချစ်နေတယ်ဆိုတာကို ငါကိုယ်တိုင်တောင် မသိတာ မင်းက ဘယ်လိုလုပ်သိတာလဲ'

            'ဒါကတော့ ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။ အဲဒါကြောင့် မင်းရင်ထဲက အချစ်စိတ်တွေ နိုးထလာအောင် မင်းသူငယ်ချင်း မျိုးဇော်ဦးကို အကူအညီ တောင်းပြီး ခွင်ဆင်တယ်။ ဒါပေမယ့် မင်းအချစ်စိတ်တွေက လုံးလုံးလျားလျား နိုးမလာသေးဘဲ အိပ်မှုန်စုံဖွား ဖြစ်နေတုန်းမို့ ငါ ဝင်ပြီး ပွဲကြမ်းလိုက်ရတာပဲ'

            'ဒါဖြင့် မျိုးဇော်ဦးက ခင်နှောင်းကို လိုက်တာ။ မင်းက ခင်နှောင်းကို ချစ်တယ်လို့ ဆိုတာတွေက တကယ်မဟုတ်ဘူးပေါ့'

            'ဒါပေါ့ ထက်ခိုင်ရာ။ မျိုးဇော်ဦးရော ငါပါ မင်းအတွက် ဟန်ဆောင်လူကြမ်း လုပ်ပေးကြတာပါ။ တစ်လက်စတည်း ပြောရဦးမယ်။ ခင်နှောင်းကလည်း မင်းကို စိတ်ဝင်စားတယ်ဆိုတာ သေချာတယ် ကိုယ့်ကောင်။ ငါ သူ့ကို ရည်းစားစကား ပြောတဲ့ကိစ္စ မင်းကို ပြန်ပြောတယ် ဆိုကတည်းက သူ မင်းအပေါ်မှာ စိတ်ညွတ်နေလို့ဆိုတာ အသိသာကြီး'

            'ခင်ဗျား အကူအညီတောင်းလို့ ပေးရတယ်ဆိုပေမယ့် ကျွန်တော် ခင်နှောင်းကို အရင်က ကျွန်တော်တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေတုန်းကလို အပေါ်ယံတင်မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတယ်လို့ ပြောရင် ခင်ဗျား ယုံမလား ကိုမင်းသိန်း'

            'စစ်မှန်တဲ့ အချစ်စိတ်ဆိုတာ အချိန်ကာလ၊ အခြေအနေဆိုတာတွေအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတတ်တာမျိုးမှ မဟုတ်တာ။ သူ့ သဘောသူဆောင်ပြီး သူ့ ပြဋ္ဌာန်းချက်နဲ့သူ ရှိပြီးသားပဲဆိုတော့ ခင်ဗျားပြောတာကို ကျွန်တော် ယုံပါတယ် ကိုမျိုးဇော်ဦး'

            'ကျွန်တော့်အဖြစ်ကလည်း ဆိုးပါတယ်ဗျာ။ အချစ်စစ်စစ်ကို တွေ့ရှိချိန်နဲ့ စွန့်လွှတ်ရချိန်က တစ်ထပ်တည်း ကျနေရတယ်လို့။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်ပါတယ်လေ။ ပြီးတော့ ချစ်သူဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ပြည့်စုံနိုင်ဖို့ ယောက်ျားနဲ့မိန်းမဆိုတဲ့ လိင်ကွဲနှစ်ယောက် ပေါင်းစပ်မှ ရနိုင်ပေမယ့် အချစ်မှာတော့ တစ်ယောက်တည်းက တစ်ဖက်သတ် ချစ်နေရုံနဲ့လည်း အချစ်ရဲ့ အဓိပ္ပာယ်ဟာ နောက်ထပ် ဘာမှထပ်ဖြည့်စရာ မလိုအောင် ပြီးပြည့်စုံနေပြီးသားဆိုတာကို သိခွင့်ရလိုက်တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်'

            'အေးဗျာ၊ လူတစ်ယောက်ရဲ့ အချစ်စိတ်ကို လှုပ်နိုးနိုင်ဖို့ လူတစ်ယောက်ရဲ့ အချစ်စိတ်က ခုတုံးဖြစ်သွားရတာ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး။ ခင်ဗျားဘဝရဲ့ ကျန်နေသေးတဲ့ အစိတ်အပိုင်းမှာ အခုလိုအဖြစ်မျိုး ထပ်မကြုံပါရစေနဲ့လို့ ကျွန်တော် ဆုတောင်းပေးနေပါ့မယ်'

            'ထက်ခိုင်က သူ ခင်နှောင်းကို ချစ်နေပါတယ်လို့ ဝန်ခံချက်ပေးချိန်။ တစ်နည်းအားဖြင့် သူ့ရင်ခုန်သံကို သူ နားလည်သွားချိန်မှာ ငါ ပီတိဖြစ်သွားတယ်။ ငါ့လုပ်ဆောင်ချက် အောင်မြင်သွားပြီ မဟုတ်လား။ ပြီးတော့ တစ်ပြိုင်နက်တည်းမှာပဲ ငါ တိတ်တခိုး ချစ်နေရတဲ့ ခင်နှောင်းကို မျှော်လင့်ခွင့်မရှိတော့မှန်း သတိရမိချိန် ဆွေးသွားတယ်။ အဲဒီအချိန်က ငါ့ရင်ထဲမှာ ခံစားချက်နှစ်ခု ပြိုင်တူရှိနေပုံကို ဘယ်လိုပြောရမလဲ ဆိုတော့ ဟိုကွာ...'

            'ကြည်ကြည်နူးနူး ကြေကွဲနေတယ် ဆိုပါတော့'

            'အေးကွ။ မင်းပြောသလိုကြီး ဖြစ်နေတယ်။ အဲဒီ ခံစားချက်ရဲ့ အရိပ်အယောင်တွေ မျက်နှာပေါ်မှာ ထင်ဟပ်မနေအောင် ငါ တော်တော်ကြိုးစားပြီး ထန်းချုပ်ထားရတာကွ သိလား။ ဒါပေမယ့် ထင်ဟပ်သွားလည်း ဘာမှ ဖြစ်လာမှာတော့ မဟုတ်ပါဘူးလေ။ ထက်ခိုင်ဆိုတဲ့ကောင်က သူများခံစားချက်ကို မျက်နှာပေါ်မှာ ဖတ်တတ်ဖို့ မပြောနဲ့ ကိုယ့်ရင်ဘတ်တောင် ကိုယ်မဖတ်တတ်တဲ့ကောင် ဥစ္စာ။ အဲဒီလို ထုံလို့လည်း ငါက သူ့ကို သနားပြီး ခင်နှောင်းနဲ့ နီးစပ်အောင် ကြံဆောင်ပေးလိုက်တာပေါ့။ ခင်နှောင်းကိုယ်တိုင်က ထက်ခိုင်ဘက်ကို စိတ်ယိုင်နေတာကို အကဲခတ်မိတာကြောင့်လည်း ပါတာပေါ့ကွာ'

            'ငါကတော့ မင်းကို ချီးကျူးပါတယ် မင်းသိန်း။ ကိုယ်တိုင်လည်း နှစ်နှစ်ကာကာ ချစ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကိုယ်နဲ့ တန်းတူလောက်ပဲ ချစ်နိုင်မယ့် တခြားသူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ကိုယ်တိုင်ကိုယ်ကျ တွန်းပို့နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး'

            'တခြားသူဆိုတဲ့ အသုံးအနှုန်းက သူစိမ်းဆန်လွန်းပါတယ် ဖိုးဇော်ရာ။ တကယ်တော့ ထက်ခိုင်က ငါ့အတွက် တခြားသူမဟုတ်ပါဘူး။ မင်းနဲ့ ငါ့ရဲ့ ခင်မင်မှုအောက် မလျော့တဲ့ ခင်မင်မှုမျိုးနဲ့ ခင်မင်ရတဲ့ ငါ့သူငယ်ချင်းတွေထဲက သူငယ်ချင်းတစ်ယောက်ပဲလေကွာ'

မော်မော့်မောင်

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်

ရွှေနှလုံးသား
...
တတိယမြား
သန်းထွန်းဇော်

နှစ်ယောက်သား တစ်ကမ္ဘာဆီခြားခဲ့ပြီမို့လည်း ဆုံတွေ့ဖို့ရန် စိတ်ကူးမရှိ။ အိမ်ထောင်ရှင်ဘဝနှင့် ဖြတ်သန်းနေသော သွယ့်ကို မြင်တွေ့ချင်ရုံ သက်သက်။