ရွှေနှလုံးသား

နိုးတစ်ဝက် အိပ်မက်

နေဒီယံ၊ကျောက်ပန်းတောင်း၊

01 October 2026
နိုးတစ်ဝက် အိပ်မက်
Share to

            ကျွန်မ ပင်ပန်းနေပါပြီ။ တကယ်ပဲ ပင်ပန်းလှပါပြီ။ ဒီစကားလုံးတွေကို ကျွန်မကိုယ် ကျွန်မ အားတင်းဖို့ ရွတ်နေတာလား၊ ဖြေသိမ့်ဖို့ ရွတ်နေတာလားဆိုတာတောင် ကျွန်မကိုယ်ကျွန်မ မဝေခွဲတတ်တော့ပါဘူး။ စောစောက ကျွန်မလမ်းလျှောက်နေတယ်။ အခု ထိုင်နေတယ်။ ဟော...နောက်ခဏမှာ ကျွန်မ လမ်းလျှောက်ချင် လမ်းလျှောက်နေရဦးမယ်လေ။ ဒီလိုပဲလား။ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ယေဘုယျသဘောတွေလား။ ကျွန်မတစ်ယောက်သာဖြစ်ရမယ့် ချွင်းချက်သဘောတွေလား။ ကျွန်မမှာ အဖြစ်အပျက်တစ်ခုကို မှားမှန်၊ ကောင်းဆိုး ဝေဖန်နိုင်တဲ့ အသိဉာဏ်တောင် ပျောက်ဆုံးကုန်ပြီ ထင်ပါရဲ့။ ကျွန်မသိတာဟာ ကျွန်မ တကယ်ပဲ ပင်ပန်းလှပါပြီ။ ခွန်အားဆိုတာ နောက်ထပ် လုံးဝအသုံးချလို့ မရတော့လောက်အောင်ကို ပင်ပန်းနေပါပြီ။

ညခင်းဟာ ရီဝေဆွတ် ပျံ့ဖွယ်ပါ။ စောစောက မြူတွေဆိုင်းနေပေမယ့် အခုတော့ လမ်းမီးရောင်ကြောင့် မှုန်ဝါးသွားရပြီ။ သစ်ရွက်တွေ လမ်းလျှောက်သံ တရှဲရှဲကို ကြားရတယ်။ အဝေးမှာ အမူးသမားတစ်ယောက်ရဲ့ တေးဆိုသံ သဲ့သဲ့ကို ကြားရတယ်။ ကျွန်မခေါင်းထက်က စကားဝါရနံ့ကလည်း သင်းပျံ့တယ်။ ကဲ...ဘာလိုသေးလဲ။ ကျွန်မဘဝဟာ ပြည့်စုံပါတယ်။ လူတစ်ယောက် ဖြစ်တည်မှုအတွက် ရှိသင့်တဲ့ အခွင့်အရေးတွေအားလုံး ကျွန်မမှာ အပြည့်အဝ ရှိပါတယ်။ ဒါပေမယ့် အခုတော့  ကျွန်မ ပြိုလဲလုနီးပါပြီ။ ပင်ပန်းတယ်ဆိုတဲ့ အခြေအနေရဲ့နောက်မှာ အားငယ်မှုတွေ၊ အနာဂတ်မဲ့မှုတွေ ဘယ်လောက်ပါနေသလဲ။ တဖြည်းဖြည်း လေးလံပိကျလာတဲ့ ဖြေသိမ့်မရမှုတစ်ခုဟာ ကျွန်မခန္ဓာကိုယ်ကို တစ်စတစ်စ ကိုက်ဖဲ့နေပါပြီ။ ကဲ...ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မမှာ အရာရာကို အသစ်က ပြန်စနိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်များ ကျန်လိမ့်ဦးမလဲ။ အဲဒီလို စဉ်းစားမိရင်လည်း ကျွန်မ ဝမ်းနည်းရပါတယ်။ ကျွန်မဘဝမှာ အရာရာကို အသစ်က ပြန်စနိုင်ဖို့ အခွင့်အရေးဆိုတဲ့ မျှော်လင့်ချက် မပြောနဲ့၊ လက်ရှိရပ်တည်နေရတဲ့ ဖြစ်တည်မှုကနေတောင် တဖြည်းဖြည်း ဝေးကွာနေခဲ့ပါပြီ။ အရာရာရဲ့နောက်မှာ ကျွန်မ ကျန်ခဲ့ပြီးပြီ။ မိန်းမသားဆိုတဲ့ ဘဝဖြစ်တည်မှုက အရာရာနဲ့ ကျွန်မကို ခွဲခြားထားတာ ကြာခဲ့ပါပြီ။

            အခု မောင်ပြန်မလာသေးဘူး။ မောင့်ကို ကျွန်မ မုန်းတယ်။ မောင့်အသားကို ကျွန်မ အစိမ်း စားချင်တယ်။ မောင့်မျက်လုံးအိမ်ထဲကို ကျွန်မ လက်သည်းချွန်တွေနဲ့ ထိုးနှစ်ပစ်ချင်တယ်။ ပြီးတော့ မောင့်နဖူးကို ကျွန်မ နမ်းချင်တယ်။ ချွေးစို့နေတဲ့ မောင့်နောက်ကျောနဲ့ ကျွန်မပါး ကပ်ထားချင်တယ်။ မောင့်ခြေချောင်းကြားမှာ ပေနေတဲ့ ရွံ့စက်တွေကို ကျွန်မ လက်သည်းချွန်တွေနဲ့ ဖဲ့ချပေးချင်သေးတယ်။ မနေ့က ကျွန်မ မောင့်မျက်နှာကို အက်ဆစ်နဲ့ ပက်ပစ်ချင်နေခဲ့တာ။ ဒီနေတော့ ပါးလျတဲ့ မောင့်ခြေသံတွေကို ကျွန်မ တောင့်တနေမိတယ်။

            'မင်း အရူးပဲ...'

            မောင့်အသံဟာ စက္ကူတစ်စကို လုံးချေပစ်လို့ ထွက်လာတဲ့အသံမျိုး။ ဒါပေမယ့် ကျွန်မ နှစ်သက်တယ်။ သူ့ရှေ့မှာ ကျွန်မ လုပ်တာကိုင်တာ အဆင်မပြေဖြစ်တိုင်း မောင်က ကျွန်မကို မျက်လုံးမှေးကျဉ်းပြီး ကြည့်တတ်တယ်။ ကျွန်မ စိတ်ကောက်တဲ့အခါတိုင်း ကိုယ့်ပြဿနာကို သူ့ပြဿနာဖြစ်အောင် လုပ်တတ်လို့ မောင့်ကို မုန်းမိတာလည်း အကြိမ်ကြိမ်။ ဒါပေမယ့် မောင့်ကိုယ်သင်းရနံ့လောက် လောကမှာ ဘယ်အရာကမှ ကျွန်မကို မဆွဲဆောင်နိုင်ပါဘူး။ မောင့်ပခုံးစွန်းမှာ ခေါင်းတင်လိုက်ရတယ်ဆိုရင်ပဲ ဘဝမှာ အရာရာကို ပေးဆပ်ပစ်ဖို့၊ စွန့်လွှတ်ပစ်ဖို့ ကျွန်မ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

            ငယ်ငယ်တုန်းက ဖေဖေ့ကို အားကျတယ်။ ဖေဖေ့ရဲ့ သန်မာတဲ့ လက်မောင်းလုံးကြီးတွေကို ခိုစီးတိုင်း ကျွန်မတို့ မောင်နှမတွေ ပျော်လိုက်ကြရတာ။ ဖေဖေက ကျွန်မနဲ့ ဘောလုံးကန်တယ်၊ ရေကူးတယ်၊ ငါးမျှားတယ်၊ ပွဲဈေးကြည့်တယ်။ ကျွန်မရဲ့ ဖြစ်တည်မှုက ဖေဖေ့ရဲ့ အခွင့်အရေးကို လုံးဝ မထိခိုက်ခဲ့ပါဘူး။

            'သမီးလေး...ဒီကနေ့ကစလို့ အနေအထိုင် ဆင်ခြင်ရမယ်နော်။ မေမေတို့ မိန်းမသားတွေမှာ သီးသန့်သတ်မှတ်ထားတဲ့ စံအတိုင်း တန်ဖိုးတွေ ရှိတယ်။ မိန်းမ တစ်ယောက်ရဲ့ဘဝဟာ စံတန်ဖိုးတွေနဲ့ ကင်းကွာလို့ မရဘူး။ သမီးလေးရဲ့ တန်ဖိုးတွေ မေမေ ပြောပြမယ်နော် ...'

            ရှက်လိုက်တာ။ ပြီးတော့ ဝမ်းလည်းနည်းရတယ်။ မေမေ့ကို မုန်းတယ်။ ကျွန်မကိုယ်ကျွန်မ မုန်းတယ်။ ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး။ ကျွန်မ ဘောလုံးကန်ချင်တယ်၊ ဖေဖေနဲ့ ငါးမျှားထွက်ချင်တယ်၊ မောင်လေးတွေနဲ့ ရေကူးပြိုင်ချင်တယ်။ ဒါပေမယ့် အပြောင်းအလဲဟာ ကျွန်မနဲ့ လောကကို ကန့်လန့်ကာ ခြားထားပေးခဲ့ပါပြီ။ ကန့်လန့်ကာကြားက ချောင်းပဲကြည့်ရမလား၊ အပေါက်ဖောက်ပြီးပဲ ကြည့်ရမလားလို့ စဉ်းစားရင်းနဲ့ လေးဘက်လေးလံက နံရံတွေက ကျွန်မကို ပိတ်ထားခဲ့ပါပြီ။ မိုးရေထဲမှာ လမ်းမလျှောက်ရဘူး၊ အပြင်ကို တစ်ယောက်တည်း မသွားရဘူး၊ အင်္ကျီလက်ရှည် ဝတ်ရမယ်၊ ခြေသံမကြားအောင် လမ်းလျှောက်ရမယ်။ ပိုက်ကွန်တွေဟာ တစ်ခုပြီး တစ်ခု အုပ်မိုးလို့။ ကျွန်မ အခန်းဟာ ကျဉ်းမှန်းမသိ ကျဉ်းလာတယ်။ နွေဦးရာသီဆို မောင်လေးတို့ စွန်လွှတ်ကြတယ်။ ဖေဖေ့လက်မောင်းဟာ စီးမယ့်လူမရှိလို့ ပိုပြီးတုတ်ခိုင်လာတယ်။ ကျွန်မကတော့ စိတ်ကူးထဲကပဲ ဖေဖေ့ပခုံးပေါ် ထိုင်ပြီး ဟိုကမ္ဘာမြေပြင်ရဲ့ အနားသတ်တွေအထိ တစ်ရက်ပြီး တစ်ရက် စွန်လွှတ်နေမိတယ်။

            အဲဒီနေ့က မောင့်ကို စတွေ့တယ်။ မောင့်မျက်ဝန်းက အညိုရောင်။ နူးညံ့တဲ့ အပြုံးက ဖေဖေ့အပြုံးနဲ့တူတယ်။ မောင့်အသွေးထဲမှာ ဒေါသတွေ အပြည့်ရှိတယ်။ မောင့်အသားထဲမှာ အနိုင်ယူ လိုစိတ်တွေ ကိန်းဝပ်နေတယ်။ မောင့်နှလုံးသားထဲမှာတော့ အာခံလိုတဲ့ ဗီဇစိတ် အပြည့်အဝရှိတယ်။ အဲဒီစိတ်ဟာ ကျွန်မအတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ချစ်ခြင်းမေတ္တာပါပဲ။ မောင့်ကို ကျွန်မ ချစ်တယ်။ မောင့်ရဲ့ သွေးဆာနေတဲ့ ဒေါသအပြုံးကို ကြိုက်တယ်။ အတ္တနဲ့အနိုင်ယူလိုစိတ်ကို သဘောကျတယ်။ မွတ်သိပ်မှုအပြည့်နဲ့ အခိုးဝေနေတဲ့ မောင့်မျက်လုံးတွေရဲ့ အရိပ်ကို ကျွန်မ နားလည်ခဲ့ရပါတယ်။ အဲဒါ ကျွန်မရဲ့ ကိုယ်ပွားပါ။ ကျွန်မရဲ့ ပုံတူပါ။ နာကျင်နေတဲ့ကြားက အံကြိတ်လိုက်တဲ့အခါ ကျွန်မ နှစ်ပေါင်းများစွာ တောင့်တနေတဲ့ ကျွန်မဝိညာဉ်ထဲက အားမာန်ကို ပြန်တွေ့လိုက်ရပါတယ်။ ကျွန်မဟာ လူဖြစ်သွားပါပြီ။ မိန်းမသားဆိုတဲ့ ဖြစ်တည်မှုဘဝထဲက ကင်းလွတ်သွားပါပြီ။ မောင့်ဆီက အားမာန်နဲ့ ကမ္ဘာလောကရဲ့ နံနက်ခင်းတွေကို အာရုံခံစားဖို့ ကျွန်မ သတ္တိမွေးခဲ့ရတယ်လေ။

            ဟော...အမှောင်ဟာ တဖြည်းဖြည်း သိပ်သည်းလာပြီ။ အဝေးက သံချောင်းခေါက်သံဟာ ကိုးနာရီလား၊ ဆယ်နာရီလား။ ကျွန်မ အိပ်ရာခေါင်းအုံးဘေးက ခေါင်းအုံးလွတ်ဟာ ထူအီအီ ရနံ့တစ်ခုနဲ့ ကင်းကွာနေခဲ့တာ ကြာလှပြီ။ ခန်းဆီးတွေကို မောင်မကြိုက်တဲ့ အနက်ရောင် လဲထားတယ်။ မောင့်ဘောင်းဘီတိုတွေ လျှော်ရဦးမယ်။ မောင့်အင်္ကျီကို ဆပ်ပြာတိုက်တဲ့အခါ ကော်လာနေရာကို ခပ်ဖွဖွ တိုက်မှဖြစ်မယ်။ ဟိုတုန်းကတော့ အခုချိန်ဆို ကျွန်မတို့ အိပ်ရာထဲမှာ၊ မောင့်လက်မောင်းပေါ် ခေါင်းတင်ပြီး မောင့်ကို ချွဲနေကျလေ။ မောင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို မေးရမယ်။ ကျွန်မဘဝမှာ မောင့်ရဲ့ အရေးပါမှုကို ရေတွက်ပြရမယ်။ မောင့်မေးစေ့က အမွေးတိုနန့်နန့်လေးတွေကို ထိတို့ရင်းက ကျွန်မတို့ ဘဝရဲ့ အနာဂတ်ကို ဖွင့်လှစ်ပြရမယ်။

            'ဟင်...မောင် အိပ်ပျော်နေပြီ...။ ဒီကတော့ စကားတွေပြောလို့။ သိပ်စိတ်ဆိုးတယ်ကွာ...'

            ကျွန်မရဲ့ နေ့စဉ်သုံးစကားထွက်လာချိန်မှာပဲ မောင်ကတော့ အိပ်ပျော်နေပါပြီ။ မောင့်မျက်နှာပေါ် အုပ်မိုးထားတဲ့ အားကစားဂျာနယ်ကို ကျွန်မ ဆွဲဖြဲပစ်တယ်။ ပြီးတော့ ကျွန်မနဲ့မောင်ဟာ ဘယ်သူက ဘယ်သူ့ဘဝထဲကို တိုးဝင်နေတာလဲဆိုတာ စဉ်းစားရင်း အဖြေရှာမယ်။ တောက်ပတဲ့ မျက်နှာကျက်ဟာ အရောင်မျိုးစုံနဲ့ ကျွန်မခေါင်းပေါ်မှာ၊ တဖျပ်ဖျပ် လွင့်နေတဲ့ ခန်းဆီးစ၊ ကျွန်မနံဘေးက ဟောက်သံသဲ့သဲ့။ ပြီးတော့ ကျွန်မခန္ဓာကိုယ်ထဲက အတ္တတစ်ခု၊ အားလုံးဟာ မှုန်ဝါးဝါးပါ။ ဒါပေမယ့် အရာရာ ပေါင်းစပ်လိုက်တဲ့အခါ ကျွန်မ ခေါင်းအုံးဟာ မျက်ရည်တွေနဲ့ ရွဲစိုနေခဲ့ပါပြီ။ ဒါဟာ ကျွန်မရဲ့ မိန်းမသားဘဝပါ။ ကျွန်မ ငြင်းဆန်လိုတဲ့ မိန်းမဘဝ ဖြစ်တည်မှုပါ။

            အထီးကျန်မှုဆိုတာ ကျွန်မတို့ မိန်းမသားတွေရဲ့ ဘဝအစိတ်အပိုင်းတစ်ခုလား။ လင်ယောကျ်ား ပြန်အလာကို အမြဲစောင့်ဆိုင်းနေရတဲ့ မိန်းမတစ်ယောက်ရဲ့ဘဝကို မုန်းတယ်။ အရာရာကို ဦးဆောင် ရွေးချယ်ပိုင်ခွင့်မရှိတဲ့ဘဝ၊ ဆုံးဖြတ်ချက် အမှားအမှန်တွေရဲ့ နောက်မှာ ဆန္ဒကို မျိုချပစ်နေရတဲ့ဘဝ၊ ခံစားမှုဆိုတာကို ထိန်းချုပ်မျိုချပစ်ဖို့ သက်သက်သာ မွေးလာရတဲ့ ဘဝ၊ အရာရာတိုင်းရဲ့ နောက်ကွယ်မှာ တိတ်ဆိတ်စွာ ရပ်တည်နေရတဲ့ဘဝကို ကျွန်မ မုန်းလှပါပြီ။ ငယ်ငယ်တုန်းက ငါးမျှားတဲ့အခါ ဘယ်အချိန်မှာ ငါးစာကို ငါးလာဟပ်မလဲဆိုတာ ဇာတိစိတ်နဲ့ ကျွန်မ သိတယ်။ ငါးမျှားတံကို လေထဲမှာ ဝှီးကနဲ ဝှေ့ယမ်းလိုက်တဲ့အခါ နေရောင်အောက်မှာ ငါးအကြေးခွံဟာ တလက်လက် တောက်နေတယ်။ သိပ်လှတဲ့ငါးပဲ။ အဲဒီငါးကို ကျွန်မကိုယ်တိုင် မျှားခဲ့တာ။ ငါးတစ်ကောင်မိတိုင်း ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အသစ်တစ်ခု တိုးလာတယ်။ အခုတော့ ငါးမမျှားရတာ ကြာခဲ့ပါပြီ။ ကျွန်မကိုယ်တိုင် ငါးတစ်ကောင် ဖြစ်ခဲ့လေသလား။ အနည်းဆုံးတော့ မောင့်အတွက် ကျွန်မဟာ ငါးတစ်ကောင်အဖြစ် ရပ်တည်နေခဲ့မှာပါ။

            မွန်းလိုက်တာ။ ပြတင်းတံခါးတွေအားလုံး ကျွန်မ ပိတ်ထားခဲ့ပြီ ထင်ပါရဲ့။ လမ်းထိပ်မှာ ဆင်ကအဖွဲ့တစ်ဖွဲ့ ကပြနေတယ်။ ကိုကြီးကျော် သီချင်းတို့၊ ဗိုလ်အောင်ဒင် ပြန်လာပြီ သီချင်းတို့ဆို ဆင်ကြီးကတာ ကျွန်မ သိပ်ကြိုက်တာပဲ။ သီချင်းတစ်ပုဒ်အပြီးမှာ ဆင်ရုပ်ထဲက ထွက်လာတဲ့ ကောင်လေးတွေဟာ ဘောင်းဘီတိုလေးတွေနဲ့လေ။ အင်္ကျီမပါတဲ့ သူတို့ရင်ဘတ်ဟာ ဖားဖိုတစ်ခုလို ပိန်လိုက်ဖောင်းလိုက်။ မဲပြောင်နေတဲ့ အသားမှာ ချွေးစက်လက်ကျနေတဲ့ သူတို့ဟန်ကို ကျွန်မ သိပ်သဘောကျတာပဲ။ ကျွန်မသာ ဆင်ရုပ်ကြီးထဲ ဝင်ရရင်...။ မဖြစ်သေးဘူး ထင်တယ်နော်။ ကျွန်မတို့ ဘဝဟာ သိပ်နုနယ်ပါတယ်။ လေထဲမှာ လွင့်မျောနေတဲ့ တိမ်မျှင်တစ်စလိုပဲ။ ထိလိုက်ရင် ကြွေတော့မယ့် ပန်းတစ်ပွင့်လိုပဲ။ ဟော...အသံတွေ တိတ်ဆိတ်သွားပြီ။ အခုအချိန်ဆို ရုပ်ရှင်တွေ ပြနေပြီပေါ့။ ရုပ်ရှင်ရုံထဲမှာ၊ မောင့်ဘေးနားမှာ ကျွန်မမဟုတ်တဲ့ မိန်းမတစ်ယောက်ကိုလေ...။

            'သိပ်ချစ်တယ်ကွာ...'

            မယုံနဲ့။ အဲဒါလိမ်ပြောတာ။ ဗြုန်းခနဲ ပေါ်ထွက်လာတဲ့ ကျွန်မအသံကို ကျွန်မ လန့်သွားတယ်။ ကျွန်မ ပါးပြင်ဟာ ပူနွေးလာသလိုပဲ။ လေထဲမှာ မောင့်ရနံ့တွေ လွင့်မျောလာတယ်။ သိပ်ချစ်တယ်ဆိုတာ ကျွန်မကို ပြောတာပါနော်။ မောင့်ဘဝမှာ ကျွန်မအပြင် တခြားမိန်းမတစ်ယောက် မရှိဘူး။ ကျွန်မဟာ မောင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု။ ဒီလိုဆို ကျွန်မရဲ့ ကိုယ်ပိုင်ဘဝကရော...။ နံရံတွေဆီမှာလား။ ဓာတ်ပုံထဲမှာလား။ မောင့်ခန္ဓာကိုယ်ထဲမှာလား။ မှန်ထဲက ကျွန်မပုံရိပ်ဟာ ဝေဝါးနေပါတယ်။ အဲဒါ ကျွန်မ မဟုတ်တဲ့ တခြားမိန်းမပါ။ သူ့ ပခုံးတွေက လှတယ်။ သူ့ခန္ဓာကိုယ်က အချိုးအဆစ်ပြေတယ်။ သူ့မျက်နှာစူးစူးဟာ အနည်းဆုံးယောကျ်ား တစ်ယောက်တော့ ပစ်ကျသွားနိုင်တယ်။ သူ့လက်ဖျံတွေက အားသန်တယ်။ သူ့လက်ဟာ အရာရာကို ဖန်တီးယူနိုင်တယ်။ သူ့ဒေါသကြောင့် နံရံတွေ ပြိုလဲကုန် နိုင်တယ်။ ဘယ်လို စိန်ခေါ်မှုမျိုးမဆို လက်ခံအောင်မြင်နိုင်တယ်။ ဒါပေမယ့် တစ်ခုခု လိုနေသလိုပဲ။ ဟုတ်တယ်။ အဲဒီမိန်းမမှာ ကိုယ်ပိုင်ဘဝ မရှိဘူး။ မိန်းမတွေထဲက မိန်းမတစ်ယောက်ဖြစ်လို့ အနားသတ်မျဉ်းတွေက ကျဉ်းမြောင်းတယ်။ ရုတ်တရက် မျက်ရည်နှစ်စက်ဟာ ကျွန်မ လက်ခုံတွေပေါ် ကျလာတယ်။ ကျွန်မ ငိုနေခဲ့တာပါလား။ ငိုကြွေးခြင်းဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ အကောင်းဆုံးလက်နက်တဲ့။ အဲဒီလက်နက်ဟာ ကျွန်မအတွက်တော့ သေနတ်မရှိတဲ့ စစ်တပ်လို ဖြစ်နေခဲ့တာ ကြာခဲ့ပါပြီ။

            ကျွန်မ ပင်ပန်းနေပါပြီ။ သိပ်ကို ပင်ပန်းလွန်းနေပါပြီ။ မနက်ဖြန်မှာ ကျွန်မကိုယ် ကျွန်မ ပြန်တွေ့နိုင်ပါဦးမလား။ အဝေးက တေးဆိုသံတွေ ကြားတဲ့အခါ၊ ခေါင်မိုးသွပ်ပေါ်ကို မိုးစက်တွေ ကျတဲ့အခါ၊ ဆောင်းမနက်ခင်းတွေမှာ ကျွန်မ လမ်းလျှောက်ထွက်တဲ့အခါ ကမ္ဘာလောကဆီက ရနိုင်သမျှ အခွင့်အရေးတွေ ကျွန်မ ရချင်ပါသေးတယ်။ အဲဒီအခါ မောင် ကျွန်မကို မျက်လုံးစိမ်းနဲ့ ဆက်ဆံမလား။ မောင် ရေချိုးပြီးတဲ့အခါ မောင့်ကိုယ်လုံးကို မွေးပွတဘက်နဲ့ သုတ်ပေးစဉ်ကလို နူးညံ့ပျော့ပျောင်းနေ မလား။ ကျွန်မဟာ မောင်ဖတ်တဲ့ဂျာနယ်တစ်စောင်ထက် အရေးပါတယ်ဆိုရင်ပေါ့။ မောင်ကြည့်တဲ့ ဘောလုံးပွဲတစ်ပွဲရဲ့ အနိုင်အရှုံးထက် သာတယ်ဆိုရင်ပေါ့။ မောင်သောက်တဲ့ ဘီယာပုလင်းရဲ့ ယစ်မူးဖွယ်ရသလို ချိုမြိန်မယ်ဆိုရင်ပေါ့။ ကမ္ဘာလောကမှာ မိန်းမသားတစ်ယောက်အဖြစ် တည်ရှိခွင့်ကို ကျွန်မ ကျေနပ်ပါတယ်။

            ဟော...ခြေသံကြားတယ်။ ပါးလျတဲ့အသံလား။ ကြမ်းတမ်းတဲ့အသံလား။ အဲဒီ ခြေသံအောက်မှာ ကျွန်မ ဝိညာဉ်ရှိတယ်ဆိုတာတော့ ကျွန်မ အသေအချာ ပြောရဲပါတယ်။

▀

နေဒီယံ၊ကျောက်ပန်းတောင်း၊

(အမှတ် ၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေနှလုံးသား
...
ပုံသေနည်းမဲ့ပုစ္ဆာ
ငွေဇင်ယော်ဦး ၊မိုးကုတ်၊

အရာရာသည် စနစ်တကျ မရှိလှစွာ တိတ်တဆိတ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် ထိုဇာတ်သိမ်းအတွက် ကျွန်မ အနည်းငယ်မျှပင် မခံစားလိုက်ရတာတော့ သေချာပါသည်

ရွှေနှလုံးသား
...
ဘဝပန်းချီ၏စုတ်ချက်
ဇွဲဆုပန် ၊ဆားလင်းကြီး၊

ညက တစ်ညလုံး အိပ်မရခဲ့။ မျက်လုံးနှစ်ဖက်က မျက်ရည်တို့ စိမ့်ထွက်ယိုစီးရင်း မနက်မိုးလင်းခဲ့ရသည်။ သူငယ်ချင်းဆိုတဲ့ အသိုက်အဝန်းလေးတစ်ခု၊ အခုတော့ သရီးအင်(န်)ဝမ်းက ဝမ်းအင်(န်)ဝမ်း အဖြစ် ကျန်နေခဲ့တော့သည်။

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...