ငွေဇင်ယော်ဦး ၊မိုးကုတ်၊
မချစ်ပေမယ့်လည်း အရှာအဖွေကောင်းပြီး ကိုယ့်အတွက် သင့်တော်ရင် ယူသာယူ။ တကယ်ပြောတာသွယ်။ အခု အန်တီတင့်ကိုပဲကြည့်။ ငွေဂုဏ်မကြည့်ဘဲ အချစ်တစ်ခုတည်း အားကိုးနဲ့ မျက်စိစုံမှိတ် ဇွတ်ယူလိုက်တာ။ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာ ချစ်သူနဲ့ဆို တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည် လျက်ရတဲ့ဘဝကိုတောင် ပျော်တယ်ဆိုတာ အလကား။ လက်တွေ့မှာ အချစ်ဆိုတာ ခဏတစ်ဖြုတ်ပဲ။ အခြေမခိုင်ဘဲ ယူကြတော့ တစ်နေ့တစ်နေ့ ဆန်ဆီဆားဖိုး ပူရ၊ တစ်နပ်ပြီးရင် နောက်တစ်နပ်အတွက်၊ တစ်နေ့ပြီးရင် နောက်တစ်နေ့အတွက် ပူရပြန်တယ်။ အနာဂတ်အတွက်ဆိုတာ နောက်ထားပဲ။ ဆင်းရဲတော့ လူတောထဲလည်း သိပ်မတိုးဖြစ်တော့ဘူး။ အိမ်ထောင်ကျ ကံကောင်းပြီး စီးပွားရေး အဆင်ပြေနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ရင် မျက်နှာက ငယ်ရသေးတယ်လေ။ ဟော... သမီးတွေ ရလာပြန်တော့လည်း နဂိုမချောင်လည်ရတဲ့အထဲ ပိုပြီး ကျပ်တည်းပြန်ရဲ့။ မိဘပီပီ မစားရက် မသောက်ရက်ဘဲ သားသမီးတွေအတွက် ကြည့်ရပြန်တယ်။ ကဲ... အချစ်ရဲ့အခန်းကဏ္ဍ ပါရဲ့လားသွယ်။ ချစ်သူဘဝက သားသမီးတွေ အများကြီးနဲ့ သိုက်သိုက်ဝန်းဝန်း ဝေဝေစည်စည် နေကြမယ်ဆိုတဲ့ စိတ်ကူးလည်း လက်တွေ့ဘဝနဲ့ ကြုံတော့ ကြက်ပျောက် ငှက်ပျောက်ပဲ။ စီးပွားရေး အဆင်မပြေတော့ အိမ်ထောင်ရေးလည်း မဆိုးဝါးပေမယ့် မသာယာတော့ဘူးလေ။ ကျဉ်းထဲကျပ်ထဲမှာ ရုန်းရင်းကန်ရင်း လုံချာလည် လိုက်နေတော့တာပါပဲ။ ဒါကြောင့် အဲ့လိုမဖြစ်ရအောင်သွယ်ကို ပြောပြပေးတာပါ။ ကိုယ်မချစ်ပေမယ့်လည်း ရွှေဘုံပေါ်မှာ လိုတရဘဝနဲ့ နေရတာဟာ အပူငြိမ်းတာပဲလေ။ စီးပွားရေးအတွက် မပူရတော့ သားသမီးတွေရဲ့ ရှေ့ရေး နောက်ရေးကို အေးအေး ဆေးဆေး လမ်းညွှန်ပျိုး ထောင်ပေးနိုင်မယ်။ သံယောဇဉ်ဆိုတာက သူသူကိုယ်ကိုယ် အနေနီးရင် ဖြစ်လာတာပါပဲ။ နောက်ဆုံး အဆင်မပြေလို့ ကွဲကွာကြရင်တောင် ရော့အင့် သူတစ်ဝက် ကိုယ်တစ်ဝက်ပဲ။ အချစ်ဆိုတာ သမီးရည်းစားဘဝမှာပဲ စိတ်ကူးယဉ်လို့ ကောင်းတာပါ သွယ်ရယ်။ အချစ်အားကိုးနဲ့ ဘာပိုင်ဆိုင်မှုမှမရှိတဲ့ လူကို လက်ထပ်လိုက်တာဟာ အလွန့်အလွန် ကံကောင်းပါမှ ဆယ်ယောက်တစ်ယောက်ပါ။ အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး ဤသုံးခု ချက်မပိုင်လျှင် နောင်ပြန်ရန် ခက်သည့်အမျိုးတဲ့။ အပျိုတုန်းကတော့ အမယ်လေး အဆင်မပြေရင် ကွဲမှာပေါ့။ ရိုက်နှက်နှိပ်စက်ကြည့်ပါလား။ ဘာညာနဲ့ လွယ်လွယ်ပြောကြပေမယ့် လက်တွေ့ကြုံရတဲ့အခါ ကွဲကွာဖို့ မပြောနဲ့၊ ခဏတစ်ဖြုတ် စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းဖို့တောင် မလွယ်ကူတော့ဘူး။ သားသမီးတွေကြောင့်ပဲ ဖြစ်စေ၊ ဂုဏ်သိက္ခာအရပဲ ဖြစ်စေ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းကြောင့်ပဲ ဖြစ်စေ မိန်းမတွေဟာ ကျိတ်မှိတ် အောင့်အီးသည်းခံကြရတော့တာပဲ။ ဒါကြောင့် မယူခင်မှာ ဆုံးဖြတ်ချက်မှန်ဖို့ အရမ်း သတိထားရတယ်။ သေချာ စိစစ်တော့ အမှားနည်းတာပေါ့လေ။ များများမှားမယ့်အစား နည်းနည်းမှားတာပေါ့။ အိမ်ထောင်ရေးဟာ ဒုက္ခတွင်းပဲ ဆိုရင်တောင် လက်ဖျား ငွေသီးနေတဲ့ ဒုက္ခတွင်းထဲ ဆင်းတာ အကောင်းဆုံးပါပဲ'
ထိုဒဿနကို ကျွန်မ စိတ်ထဲ မှန်သည်ဟု
ထောက်ခံဖြစ်သည်။ အန်တီတင့်က ကျွန်မတို့အိမ်နှင့် မျက်စောင်းထိုးတွင်
မုန့်ဟင်းခါးဆိုင်ကလေး ဖွင့်ထားသည်မို့ မုန့်ဟင်းခါးကြိုက်သော ကျွန်မက မနက်တိုင်း
သွားစားနေကျ။ သွားစားတိုင်းလည်း အန်တီတင့်ထံမှ ထိုအိမ်ထောင်ရေး ဒဿနရှည်ကြီး ကို
ကြားရမြဲပင်။ ထိုဒဿနတွင် 'ကံကောင်းလျှင်တော့' ဟူသည် ခြွင်းချက်ကလေးမှလွဲလျှင်
ဘယ်ရှုထောင့်မှ ကြည့်ကြည့် ငြင်းစရာ တစ်ကွက်မျှ မရှိချေ။
သို့သော် ရုံးတွင် ကျွန်မနှင့်
အလွန်ရင်းနှီးသော မမနှင်းနှင့် စကားစပ်ဖြစ်ပြန်လျှင် ကျွန်မခံယူချက်တွေ
ယိမ်းယိုင်သွားရပြန်သည်။ မမနှင်း၏ ချိုသော နူးညံ့သော လေသံအေးအေး ကလေးသည် ကျွန်မ၏
ဦးနှောက်ကို အသာအယာ နားချနိုင်စွမ်း ရှိလှသည်။
'ပိုက်ဆံ
ချမ်းသာရုံနဲ့တော့ မချစ်ဘဲ မယူပါနဲ့သွယ်ရယ်။ တစ်သက်လုံး တစ်အိမ်တည်း
အတူနေရမှာနော်။ ကိုယ်မျက်နှာကြော မတည့်တဲ့သူနဲ့ လမ်းမှာဆုံရင်တောင်
မကြည့်ချင်သေးတာ။ ဒီကြားထဲ လူတစ်ယောက်ရဲ့ အမူအကျင့် ပင်ကိုဗီဇဆိုတာ တစ်အိမ်တည်း
အတူနေကြည့်မှ သိရတာ။ အပြင်ပန်း တစ်ခဏတော့ အပေါ်ယံ သဘောလောက်ပဲ။ ဟော... ယူပြီးကာမှ
ကိုယ်မကြိုက် မနှစ်မြို့နိုင်တဲ့ အချက်တွေ အများကြီးဆို သွားရော။ ကိုယ်ချစ်လို့
ယူထားတာဆို ဘာပဲပြောပြော ခွင့်လွှတ်ပေးရဦးမယ်။ နဂိုကတည်းက မချစ်ဘဲ ယူထားရလို့
တစ်ထစ်လျှော့နေပါတယ်ဆိုမှ ဘယ်အတိုင်းအတာထိပဲ သည်းခံခွင့်လွှတ်ပေးနိုင်မှာလဲ။
စဉ်းစားကြည့်လေ။ ငွေဆိုတာ လူက ရှာလို့ရတယ်။ အချစ်နဲ့ စိတ်ချမ်းသာခြင်းက ရှာတိုင်း
မရဘူး။ ငွေရှိတိုင်း ဝယ်လို့မရဘူး။ တစ်ခါတလေ ချစ်လို့ယူထားတဲ့ ယောကျ်ားကိုတောင်
စိတ်တိုင်းကျစရာ မတွေ့ရင် စိတ်ပျက်မိသေးတယ်။ ဒါကြောင့် အချစ်မပါတဲ့
အိမ်ထောင်ရေးမျိုးကို မမနှင်းက သိပ်အားမပေးချင်ဘူး။ အဆင်မပြေလို့ ကွဲကွာကြရင်လည်း
တို့မိန်းမသားတွေပဲ နစ်နာတယ်ဆိုတော့ မယူခင် သေချာစဉ်းစားသင့်တယ်။ သွယ်တို့လို
ချစ်ကြိုက်သူပေါတဲ့ ပညာတတ် ရုပ်ချောလေးတွေကတော့ တစ်ပန်းသာတာပေါ့။
ခေါင်းခေါက်ရွေးလို့ ရတယ်လေ။ ကိုယ့်ကိုချဉ်းကပ်လာသူတွေထဲက ချစ်နိုင် မချစ်နိုင်
အရင်စဉ်းစားပြီး ကျန်တဲ့အချက်တွေကို နောက်ကပ်ပြီး စဉ်းစားပေါ့။ အိမ်ထောင်တစ်ခု
တည်ဆောက်ပြီးရင် ဘယ်လိုအကြောင်းတရားကြောင့်ပဲ ဖြစ်ဖြစ် မပြိုကွဲအောင်
အတတ်နိုင်ဆုံး ထိန်းသိမ်းရမှာပဲ သွယ်။ ဒီတော့ တစ်သက်လုံး ဆိုးတူကောင်းဖက်
အတူနေရမယ့် ကြင်ဖော် ကြင်ဖက်ကို ကိုယ်ချစ်နိုင်မှ ဖြစ်မယ်။ ဒါ အရေးကြီးဆုံးပဲ'
မမနှင်း၏ ဒဿနကလည်း အခြေခိုင်ကာ
ကျိုးကြောင်း ဆီလျော်သည်မို့ ကျွန်မ ယုံကြည်လက်ခံလို့ ရနေပြန်သည်။ သို့သော်
အန်တီတင့်စကားသံကို နားထဲ ပူးတွဲကြားယောင်မိတော့ သက်ပြင်း အထပ်ထပ်ချမိမြဲ။
ကျွန်မနှင့် ငယ်သူငယ်ချင်း ဖြစ်သလို ကျွန်မကလည်း သံယောဇဉ်ပိုသော ညီ့မှာ
ဘွဲ့လေးတစ်ခုရရုံမှလွဲ၍ ပြောပလောက်အောင် လုပ်ရည်ကိုင်ရည် ဥစ္စာဓန မရှိခြင်းနှင့်
ကျွန်မ ခင်မင်လေးစားရုံမှ လွဲ၍ မချစ်နိုင်သော ကိုမြတ်သွင်၏
ထက်မြက်ပြည့်စုံမှုအကြား ကျွန်မစိတ်ညစ်ရပြီ။ ကျွန်မက ပြည့်စုံချမ်းသာသော
မိဘမျိုးမှ မွေးဖွားလာသူဆိုလျှင်လည်း အကောင်းသား။ အချစ်ကို ဦးစားပေး လိုက်ရုံပင်။
ယခုတော့ အဖေကလည်း မရှိ၊ အမေ့အိမ်ဆိုင် သေးသေးလေးနှင့် ကျွန်မ၏ ဘွဲ့ရပညာတတ် လခလေးမှ
လွဲ၍ ပိုင်ဆိုင်မှု နတ္တိဘဝ။ ဆွေမျိုး အသိုင်းအဝိုင်းမရှိ။ မောင်နှမရင်းချာလည်း
မရှိ။ ထိုမရှိသော အချက်တွေကို ရေတွက်မိတိုင်း မေမေက ကျွန်မ အနာဂတ်အတွက်
စိတ်ပူနေတတ်သည်။ ကျွန်မကလည်း လူငယ်တစ်ယောက်အနေနှင့် မည်မျှ တက်ကြွ ထက်မြက်စိတ်
ရှိနေသော်ငြား 'အမေ မရှိတော့လျှင် ...' ဟူသော အတွေးဝင်လာလျှင်
မိန်းမသားပီပီ အားငယ်စိုးရွံ့စိတ် ဖြစ်ရသည်ပင်။ တကယ်တမ်း ကျွန်မသာ
ချစ်ကြိုက်မယ့်သူ မရှိသော အရုပ်ဆိုး အကျည်းတန် မိန်းကလေးတစ်ယောက်ဆိုလျှင်လည်း
မဖြစ်ဖြစ်တဲ့နည်းနှင့် ဘဝကို ရုန်းကန်ဆက်လျှောက်ရမှာပင်။
ကျွန်မကိုယ်၌က သတ္တိနည်းနေတာလည်း
ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံလည်း စိတ်ရူးပေါက်စွာ တွေးမိ သည်။ ညီသည်
လူငယ်ပီပီ တက်ကြွဖျတ်လတ်စွာ ရှာဖွေ လုပ်ကိုင်လိုစိတ်ရှိလျှင် ကောင်းမည်။ ဒါမှမဟုတ်
ကျွန်မက ကိုမြတ်သွင်ကို ချစ်မိလျှင်လည်း တစ်မျိုးပေါ့။ သို့သော် ဘဝဆိုတာ
ကိုယ်ဖြစ်ချင်တိုင်း ဖြစ်၍ရသည် မဟုတ်။ အထူးသဖြင့် နှလုံးသားဆိုတာ ချစ်ဖို့
မုန်းဖို့ အမိန့်ပေး ခိုင်းစေ၍မှ မရဘဲလေ။ ကျွန်မ၌ ပုထုဇဉ် လူသားပီသသော အတ္တရှိသည်မို့
ချစ်သူနှင့် ပျော်ရွှင်ချမ်းမြေ့သော ဘဝတစ်ခု တည်ဆောက်ခွင့် ရချင်သည်။
ချစ်သူအနားတွင် တစ်ဖဝါးမကွာ ရှိနေခွင့်ရလိုသည်။
သို့သော် အလုပ်ကို လက်ကြောတင်းအောင်
မလုပ်ဘဲ တလွဲမာနကို တစ်ရွေးမျှ မချချင်သော ယောကျ်ားတစ်ယောက်ကို
အချစ်တစ်ခုတည်းနှင့် မျက်စိစုံမှိတ် လက်တွဲပစ်လိုက်ရန်အထိ ကျွန်မ မစွန့်စားရဲတာ
အမှန်ပင်။ ထိုမျှလောက်အထိ ဘဝနှင့်ရင်းပြီး ကျွန်မ သတ္တိ မကောင်းလှပါ။
ကျွန်မက အလုပ်တစ်ခုခု
လုပ်ရန်တိုက်တွန်းတိုင်း သူ့၌ တုံ့ပြန်ဖို့ ဆင်ခြေဆင်လက်တွေ အဆင်သင့်ရှိနေတတ်သည်။
ဘယ်ကုမ္ပဏီကို စောင့်နေလို့၊ ဘယ်သူငယ်ချင်းက ဆက်ပေးမယ် ပြောတယ် စသဖြင့် သူ့၌ အမြဲ
အကြောင်းပြချက်များ ပြည့်နေမြဲ။ မရေရာ မသေချာသော လခကောင်းကောင်း အလုပ်တွေကို
အလွတ်ကြီး ထိုင်မျှော်နေမည့်အစား လောလောဆယ် လခနည်းလည်း လက်ငင်းသေချာသော အလုပ်တွေ
ဝင်လုပ်ရင်း စောင့်နေတာ မကောင်းဘူးလားဟု ကျွန်မ အကြံပြုတော့လည်း သူ လက်မခံ။
'ငါ ဘွဲ့တစ်ခုရထားတာပဲ
သွယ်ရာ။ ဘာလို့ အောက်ခြေသိမ်း အလုပ်တွေ ဝင်လုပ်နေမှာလဲ။ အလကား သိက္ခာကျလို့'
'ဒါဆို လုပ်လေ၊
ရှာပါလား။ ကျောင်းပြီးတာ ကြာပြီ။ အခုထိ နင်အလုပ် မယ်မယ်ရရ ဘာလို့မလုပ်သေးတာလဲ'
ထိုသို့ ပြောလျှင်လည်း ကိုမာနမင်းသားက
ဆတ်ဆတ်ခါအောင် နာတတ်သေးသည်။
'နင် ငါ့ကို
သိပ်အထင်သေးတာပဲ သွယ်။ ကဲ... ငါ အခု အလုပ်ကို ရရာဝင် လုပ်ပါပြီတဲ့။ လခ
လေးငါးရှစ်ထောင်နဲ့ ငါ ဘာလုပ်ဖို့ လောက်မှာလဲ'
'ဒါဆိုလည်း မိဘလုပ်စာကို
ဒီလိုပဲ တစ်သက်လုံး ထိုင်စားနေတော့ပေါ့'ဟု အရွဲ့တိုက်
အငေါ်တူးပစ်လိုက်ချင် စိတ်ကို ကျွန်မ မနည်းချုပ်တည်းလိုက်ရသည်။ အလကား။
သူ့အစွမ်းအစနှင့် သူလည်း စီးပွားရေးလုပ်မည် စိတ်မကူး။ လခစားအလုပ်ကိုလည်း
လခနည်းသည်ဟုဆိုကာ ဝင်မလုပ်ချင်။ လခပိုသော အလုပ်ကြမ်းမျိုးကိုလည်း
ဘွဲ့ရပညာတတ်ဆိုသည့် မာနနှင့် မျက်နှာလွှဲချင် ပြန်သည်။
'ဒီမှာညီ...
တို့နိုင်ငံမှာ ဘွဲ့ရပညာတတ်တွေ အများကြီးပဲ သိရဲ့လား။ အဲဒီတော့ အခုအလုပ်ဝင်၊
အခုချက်ချင်း ရာထူးကြီးကြီး လစာကောင်းကောင်း ရမှဆိုရင်တော့ နင် လုပ်စားမနေနဲ့
တော့။ အနာခံမှ အသာစံရမှာပေါ့။ တဖြည်းဖြည်းနဲ့ ရာထူးထက် လခတိုးမယ်။ ငါသာဆို
အသက်ကြီးခံပြီး အချိန် ဆွဲမနေဘူး။ လခဘယ်လောက် စရရ အချိန်ရှိခိုက် လုံ့လစိုက်မှာ။ ငါဖတ်ဖူးတဲ့
စာတစ်ကြောင်း နင့်ကို ပြန်ပြောပြမယ်။ လက်ထဲမှာရှိတဲ့ ငှက်တစ်ကောင်က
သစ်ပင်ပေါ်နားနေတဲ့ ငှက်နှစ်ကောင်ထက် ပိုသေချာတယ်တဲ့။ လုပ်ပါဟာ။ လခကြည့်နေရင်
နင်ဘယ်လိုလုပ်ပြီး အလုပ်လုပ်ဖြစ်တော့မှာလဲ'
ထိုအခါ သူက ကျွန်မကို
ပက်ခနဲပြန်ပြောသည်က 'ငါ စိတ်မပါရင် လုံးဝ ဆောရီးပဲ' တဲ့။ ဘုရား...
ဘုရား.. ဘယ်လိုယောကျ်ားမျိုးပါလိမ့်ဟု ကျွန်မ အားမလို အားမရ ဖြစ်ရသည်။ ရှေ့မှလည်း
မလျှောက်၊ နောက်မှလည်း မလိုက်၊ ဘေးချင်းယှဉ်၍လည်း မသွားတတ်သော ယောကျ်ားမျိုး၏ ဘဝထဲ
ဇွတ်တိုးဝင် ရလောက်အောင် ကျွန်မ မမိုက်မဲသင့်ဘူးဟု ထင်သည်။ သူ့လက်ထဲမှာ ကျွန်မ
အနာဂတ်ကို စိတ်ချလက်ချ ယုံကြည်မျှော်လင့်၍ ရနိုင်မည် မထင်။ မရှိမာနရှိသူချင်း
အတူတူ သူ့မာနက အခြားသူတွေထက် ပိုမိုအစွန်းရောက်လွန်းမနေဘူးတဲ့လား။
ထိုမာနမျိုးရှိသည့် သူသည် ကံတရား ကသာ ဖေးမမှု မရှိလျှင် တိုးတက်ဖို့ရာ
အခွင့်အလမ်းနည်းသည်ဟု ကျွန်မထင်သည်။ တလွဲမာနဟု အမည်တပ်ရမည်လား မသိချေ။
တစ်ဖက် လှည့်တွေးပြန်လျှင်လည်း ကျွန်မ
ရုံးဆင်းချိန်တိုင်း တစ်ဖက်လမ်း ပလက်ဖောင်းပေါ် ရပ်စောင့်နေတတ်သော ညီ့အပြုံးကို
တွေ့ရချိန်၌ ဖျတ်ခနဲ စီးဝင်လာတတ်သော ကြည်နူးပီတိမျိုးကို ကိုမြတ်သွင်နှင့် ပတ်သက်၍
မခံစားရဖူး။ သို့သော် အမေ နေမကောင်း၍ ဆေးရုံတက်ရချိန်၌လည်း ရင်နာနာနှင့်
ဝန်ခံရလျှင် ညီ့ထက် ကိုမြတ်သွင်က အရေးပါ အရာရောက်ခဲ့ပြန်သည်။ အမေ နလံမထူလာမချင်း
ကိုယ်ခွဲမရှိသော ကျွန်မမှာ အလုပ်က ခွင့်ယူ၍ ပြုစုခဲ့ရချိန်၌ ညီ ရပ်တည်ခွင့်ရခဲ့
သော အနေအထားသည် ကျွန်မနံဘေးမှ အားပေးဖော်ဟူသော အဆင့်ပဲ ဖြစ်သည်။ 'အန်တီ့အတွက် အားဆေး၊ ဒါက ဂလူးကို့စ်' စသဖြင့်
လိုအပ်သမျှ ကမှအ အဆုံး ဖြည့်ဆည်းပေးခဲ့သော ကိုမြတ်သွင်ကို အမေက ပို၍မေးခဲ့တာ
သဘာဝကျပါသည်။ သို့သော် ရုပ်ရှင်၊ ဗီဒီယိုတွေထဲမှလို ရောဂါနှင့် အကျပ်ကိုင်ကာ
အတင်းပေးစားမည့် မိခင်မျိုး မဟုတ်ပါ။
'သမီး စိတ်တိုင်းကျသာ
ရွေးပါ။ သမီးက အမေလိုက်ဆုံးဖြတ်ပေးရမယ့် မြီးကောင်ပေါက် မနူးမနပ် အရွယ်လေးမှ
မဟုတ်ဘဲ။ ဘွဲ့လည်း ရပြီ။ အသက်လည်း နှစ်ဆယ့်ခုနစ်ဆိုတော့ ရင့်ကျက်သင့်သလောက်
ရင့်ကျက်ပါပြီ။ သမီးက တစ်သက်လုံး ပေါင်းရမှာမို့ သမီး သဘောကျ ဆုံးဖြတ်ပါ။
အမေတို့ကတော့ ဘာပဲဖြစ်ဖြစ် သမီးအတွက် စိတ်ချရရင် ပြီးတာပဲလေ'
ထိုသို့သာ မယုတ်မလွန် ပြောပေမယ့် 'ထီသိန်းသုံးရာ လောက်သာ ပေါက်လိုက်စမ်းပါကွယ်။ ဒီလောက် အကုန်ဟောင်းနွမ်း
စုတ်ပြတ်နေတဲ့ အိမ်ကလေးကို ပြင်ကို ပြင်မနေတော့ဘူး။ အမှိုက်ကား ထဲ ထည့်ပြီး
အသစ်ဆောက် ပစ်လိုက်မယ်။ ပြီးရင် လှူမယ်၊ တန်းမယ်။ မြန်မာပြည် အနှံ့အပြင် ဟိုး...
ဗုဒ္ဓဂယာ အထိပါ ဘုရားဖူးထွက်မယ်ဟေ့'ဟု အမေက ရယ်ရယ်မောမော
ပြောလာလျှင် ကျွန်မက မဆီမဆိုင် ကိုမြတ်သွင်ကို ကွက်ခနဲ မြင်ယောင် မိတတ်သည်။
အမေ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မ၏ နှလုံးသားကို စတေးပစ်ဖို့ နာကျင်စွာ
တွေးမိပြန်သည်။ ကျွန်မက ကိုယ့်အတ္တနှင့်ကိုယ် ဆုံးဖြတ်လိုက်သည်ထားဦး။
ငယ်သံယောဇဉ်နှင့် ကျွန်မ အပေါ် မျှော်လင့်တကြီး စောင့်စားလာခဲ့သော ညီ တစ်ယောက်
အလူးအလဲ ခံစားရမှာ အမှန်ပင်။ ထိုအခါ ကျွန်မကလည်း ငွေနောက် လိုက်သူအဖြစ်သူ့အမြင်၊
ကျွန်မ၌ လိပ်ပြာသန့်မသန့်ဆိုတာ နောက်ဆက်တွဲ လာချေဦးမည်။
ထိုခံစားချက်များနှင့်
ငွေကြေးဥစ္စာကို လဲလှယ်ရတာ တန်ပါရဲ့လားဟု ကျွန်မ ဗျာများစွာ
အတွေးလွန်ဆွဲလိုက်တိုင်း မရေမရာနှင့် နိဂုံး ချုပ်ရမြဲ။ ဘာကြောင့်လဲဆိုတော့
တဝဲလည်လည်နှင့် ပြတ်သားတိကျသော အဖြေထွက်မလာသောကြောင့်ပင်။
'သွယ့်ကို ကိုယ်
တင့်တင့်တယ်တယ် လက်ထပ်ယူမှာပါ။ အခု ကိုယ့်အသက် သုံးဆယ့်နှစ်နှစ် ရှိပြီ။ စီးပွားသာ
ကုန်းရုန်းရှာဖွေလာခဲ့တာမို့ အချစ်ကို လှည့်မကြည့်နိုင်ခဲ့ဘူး။ အခုတော့ ကိုယ့်မှာ
အတတ်ပညာလည်း ရှိပြီ။ ငွေကြေးဥစ္စာလည်း ထိုက်သင့်သလောက် ရှာဖွေစု
ဆောင်းနိုင်ခဲ့ပြီဆိုတော့ စဉ်းစားဖို့ အိမ်ထောင်ရေး တစ်ခုပဲ ကျန်တော့တယ်။
မေမေကလည်း ကိုယ့်ကို အိမ်ထောင်ပြုစေချင်ပြီ ဆိုတော့ သွယ့်အနေနဲ့ သိပ်အချိန်
မဆွဲစေချင်ဘူး။ ကိုယ်တို့အရွယ်က ချစ်သူရည်းစား အဆင့်နဲ့ အကြာကြီး ရပ်လို့
ရနေသေးတဲ့အရွယ်မျိုး မဟုတ်တော့ဘူးဆိုတာ သွယ်လည်း သဘောပေါက်မှာပါ'
ကိုမြတ်သွင် စကားကို ကျွန်မအနေနှင့်
လက်မခံနိုင်စရာအကြောင်း မရှိပါ။ သူ ကျွန်မကို တင့်တင့်တယ်တယ် လက်ထပ်ယူ
မယူဆိုတာလည်း သံသယဖြစ်ရန်မလိုပါ။ သို့နှင့် ကျွန်မ ဖြစ်သင့်တာ တွေးကာ
ကိုမြတ်သွင်ဘက် ယိမ်းကြည်ချင်လာသည်။ အချစ်ဆိုတာ ဘဝမဟုတ်ဟူသော ဒဿနကို
နှလုံးသွင်းရင်းပေါ့။
'ကျွန်မ ကိုမြတ်သွင်တို့
မိသားစုအကြောင်း မသိရသေးဘူးနော်'
ကျွန်မအမေးကို သူက ဝမ်းမြောက်ဝမ်းသာ
ဖြေပါသည်။
'အိမ်မှာ အဖေနဲ့အမေရယ်၊
ကိုယ့်အထက်ကအစ်မ တစ်ယောက်၊ အောက်မှာ အငယ်သုံးယောက်နဲ့ ကိုယ်အပါအဝင် စုစုပေါင်း
ခုနစ်ယောက်ရှိတယ်။ နို့ညှာ ကောင်တစ်ယောက်ပဲ အိမ်ထောင်ကျသေးတယ်။ ကိုယ်တို့မိသားစုက
အရမ်းစည်းလုံးတယ်။ ကိုယ်ရှာတာ သူရှာတာ တွက်ကပ်မနေဘူး။ မရှိအတူ၊ ရှိအတူပဲ။ မိဘ
စကားကိုလည်း ဘယ်သား သမီးမှ မပယ်ရှားဝံ့ဘူး။ မြေဝယ်မကျ နားထောင်ရတယ်။
ကိုယ့်အစ်မဆိုရင် သူ အရမ်းချစ်တဲ့ ချစ်သူကိုတောင် အမေ့ စကားနားထောင်ပြီး
စွန့်လွှတ်ခဲ့ဖူးတယ်။ ဒါတောင် အမေက အတင်းအကျပ် ပြောလို့ မဟုတ်ဘူးနော်။ သိပ်သဘောမကျဘူးလို့
တစ်ခွန်းပဲ စောင်းပါးရိပ်ခြည် ပြောလိုက်တာနဲ့ တစ်ခါတည်း တိခနဲ ဖြတ်ပစ်လိုက်တာ။
တကယ် ချစ်မချစ် ဆိုတာတော့ အဲဒီ လူနေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးဘဲ ခုထိ အပျိုကြီး
လုပ်နေတာပဲ ကြည့်တော့'
အို... ကျွန်မ အံ့သြဘနန်း ဖြစ်မိရသည်။
တကယ် ရှားမှ ရှားပါလားကွယ်။
'ပြီးတော့ ကိုယ့်အောက်က
ညီလေးဆိုရင်လည်း သူက စက်မှုတွေ ဘာတွေ အရမ်းဝါသနာကြီးသလောက် ဆေးလိုင်းဆို
လုံးဝဆောရီးပဲ။ ယောကျ်ားသာဖြစ်တာ သွေးမြင်ရင် အော်ဂလီဆန်တဲ့ ကောင်။ အဲဒါ မေမေ့စကား
နားထောင်ပြီး အခု ဆရာဝန် ဖြစ်နေပြီ'
သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားဟန်က
အထင်းသား။ အင်း... တကယ်လည်း ဂုဏ်ယူ လောက်ပါပေရဲ့။
'ဒါဆို ကျွန်မ တစ်ခု
မေးမယ်နော်။ ဥပမာ- ကျွန်မနဲ့ သဘောမတူဘူးဆိုရင်လည်း ကိုမြတ်သွင်က
နောက်ဆုတ်လိုက်မှာပေါ့နော်'
'သွယ်နဲ့ စဆုံပြီး
စိတ်ဝင်စားမိကတည်းက မေမေရေ... သားစိတ်ဝင်စားနေတဲ့ ကောင်မလေး တစ်ယောက် ရှိလာပြီ။
ဘယ်သူဘယ်ဝါ၊ ဘာဘွဲ့ရထားတယ်၊ မိသားစု၊ အလုပ်အကိုင်၊ အသက်အရွယ်၊ အနေအထိုင်
ဘယ်သို့ရှိတယ် အကုန်ပြောပြီးသားပါ'
သူ့ရဲ့ စေ့စပ်သေချာမှုကို ကျွန်မ
ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ မိန်းမသားဖြစ်သော ကျွန်မသည်ပင် သူ့အကြောင်းကို
သူ့လောက် ထဲထဲဝင်ဝင် မစုံစမ်းဖြစ်သေး။ သူကဖြင့် သေချာပိုင်နိုင်စွာ အကွက်စေ့စေ့
စုံစမ်းသိရှိနှင့်ပြီး ဖြစ်နေခဲ့ပြီ။ သူ ကျွန်မကို ရွေးချယ်ရာမှာ အချစ်က နံပါတ်ဘယ်
လောက်တွင် ရှိနေမှာပါလိမ့်ဟု စိတ်ထဲ သရိုးသရီ ဖြစ်ချင်လာသည်။
'ငွေကြေးဥစ္စာ
အခြေအနေကော'
'ကျွန်တော်တို့
မိသားစုထဲ ဝင်လာမယ့်သူဟာ ငွေကြေးချမ်းသာဖို့ အဓိက မကျပါဘူး သွယ်'
'ဒါဆို ဘာက အဓိက ကျတာလဲ'
'မျိုးရိုး နဲ့
အကျင့်စာရိတ္တ'
ကျွန်မ တွေခနဲ ဖြစ်သွားသည်။
'ကျွန်တော်တို့
မျိုးရိုးမှာ မုဆိုးမ၊ မုဆိုးဖိုတွေ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့်
အိမ်ထောင်ဆက်များတာ၊ ဖောက်ပြန်တာ၊ ပွေရှုပ်ပြီး အကျင့်စာရိတ္တ ပျက်ပြားတာ၊ တစ်ခုလပ်
တစ်လင်ကွာ မရှိဘူး။ ငွေမရှိရင်လည်း ဘယ်လောက်ပဲ ပင်ပန်းပါစေ။ သမ္မာအာဇီဝကျကျ
ရိုးရိုးသားသားပဲ ရှာစားဖွေစားတယ်။ ပိုပြောတာ မဟုတ်ပါ ဘူး။ မယုံရင် သွယ်
စုံစမ်းကြည့်။ ကိုယ်တို့အမျိုးချင်းလည်း သိပ်စည်းလုံးကြတယ်။ မိသားစုဆို ဆိုဖွယ်ရာ
မရှိဘူး။ ဒါကြောင့် ကိုယ်တို့ ရွေးချယ်တဲ့ အိမ်ထောင်ဖက်တွေဟာလည်း မိဘမျိုးရိုး
အကျင့်စာရိတ္တ ကောင်းဖို့ လိုတယ်လေ'
ကျွန်မ မဲ့ပြုံးပြုံးမိချေပြီ။
'ဒါဆို ကျွန်မကို
ချစ်တာသက်သက်နဲ့ ကိုမြတ်သွင် ရွေးချယ်ခဲ့တာ ဟုတ်ပုံမရဘူး'
'အင်း... အမှန်အတိုင်း
ဝန်ခံရရင် သွယ့်ကို စပြီး စိတ်ဝင်စားပြီဆိုတာနဲ့ သွယ့် မိသားစုအခြေအနေကို
အကဲခတ်တယ်။ သွယ့်အနေ အထိုင်၊ စာရိတ္တ ဘာညာ အကုန်စုံစမ်းစောင့်ကြည့်ပြီးမှ
ချဉ်းကပ်ခဲ့တာပါ။ မေမေကတော့ ကိုယ် လူရွေးမှန်တယ် ပြောတာပဲ'
သြော်... ကျွန်မက ရွေးချယ်ဖို့
သင့်မသင့် အသည်းအသန် စဉ်းစားနေ ရချိန်မှာ သူက အစစ အရာရာ စီစဉ်အကွက်ချပြီး
ကျွန်မကို ရွေးချယ်သင့်၊ မရွေးချယ်သင့် ဆုံးဖြတ်ပြီးနေပြီ။ ကျွန်မကသာ သူ့ရဲ့
အရွေးချယ်ခံသက်သက်ပေါ့။ သို့သော် ဘယ်လောက်ပဲ စေ့စပ်သေချာသည့် ယောကျ်ား ဖြစ်ပေမယ့်
ကာယကံရှင် ကျွန်မလောက်တော့ ကိုယ့်အကြောင်းကိုယ် ခရေစေ့တွင်းကျ သိနိုင်ဖို့ရာ
မဖြစ်နိုင်ပါ။
ကျွန်မ လျှို့ဝှက်စွာ ပြုံးဖြစ်သည်။
'ကိုမြတ်သွင်တို့
မိသားစုကို ကျွန်မ သဘောကျပါတယ်။ ဒါပေမယ့် ကိုမြတ်သွင်ကို ကျွန်မ
လက်မထပ်နိုင်တာကိုတော့ ခွင့်လွှတ်ပါ'
'ဘယ်လို... ဘာဖြစ်လို့လဲ
သွယ်'
'ကိုမြတ်သွင်ကို ကျွန်မ
မချစ်နိုင်လို့ပါ'
ထင်မှတ် မထားသည်မို့ သူ အငိုက်မိစွာ
ရှော့ခ်ဖြစ်သွားသည်။ ဤသို့ ကျွန်မက ပြတ်ပြတ်သားသား ငြင်းပစ်လိမ့်မည်ဟု သူ
မျှော်လင့်ထားပုံ မရချေ။ သို့သော် သူ့လိုလူမျိုးက အချစ်အတွက်နှင့်
သွေးရူးသွေးတန်းဖြစ်ပြီး နှစ်ခါ အငြင်းခံဘဝနှင့် အရှက်ကွဲခံမည့် ယောကျ်ား တစ်ယောက်
မဟုတ်မှန်း ကျွန်မ ရိပ်မိပါသည်။
'ကျေးဇူးပြုပြီး ဒီထက်ခိုင်လုံတဲ့
အကြောင်းပြချက် ပေးပါလားဟင်။ ယုတ္တိရှိတယ်လို့ ကိုယ်လက်ခံလိုက်ချင်လို့ပါ'
ကျွန်မအရွယ်က အချစ်ကို
စိတ်ကူးယဉ်ရမည့် အရွယ်မဟုတ်ဟု သူ ခနိုးခနဲ့ လုပ်ချင်လေသလား မသိပါ။ သို့သော်
မတတ်နိုင်။ ကျွန်မအနေနှင့် ဘယ်လိုမှ ရှေ့ဆက်သွား၍ မရသော ချောက်ကြီးကို မြင်နေလျက်နှင့်
ဘာကြောင့် ဇွတ်တိုးနေရမှာတဲ့လဲ။
'အချစ်ထက် ခိုင်လုံတဲ့
အကြောင်းပြချက် အခုချိန်ထိ ကျွန်မခေါင်းထဲမှာ မရှိဘူး ကိုမြတ်သွင်'
ထိုစကားသည် သူနှင့် ကျွန်မအကြား
နောက်ဆုံး ဆက်စပ်မှုဖြစ်သော စကားပဲ ဖြစ်သည်။ ကျွန်မ၌ သူနှင့်ပတ်သက်၍
မျှော်လင့်စိတ်ကူးတွေ အဆုံးသတ်ပစ်လိုက်ရပြီပင်။ ကျွန်မ အမေ့ကို စိတ်ထဲမှနေ၍
တီးတိုး တောင်းပန်ဖြစ်သည်။ အမေ့နောက်တွင် အိမ်ထောင်ဆက်သုံးဆက်မျှ
ရှိနေခဲ့ပြီဖြစ်သော နယ်မြို့လေးတစ်မြို့မှ ကျွန်မ၏ ဖခင်။ သုံးနှစ်သမီးအရွယ် လူမမယ်
ကလေးငယ်လေး ကျွန်မနှင့် အမေ့ကို ရက်ရက်စက်စက် စွန့်ပစ်ကာ အိမ်ထောင်သစ် ထူထောင်သွား
ခဲ့သော အဖေ။ အဖေဆုံးပြီး ကျွန်မနှင့်အမေ နှစ်ယောက်တည်းသာ ရှိသည်ဟု အပေါ်ယံသက်သက်
သိထားခဲ့သော ကိုမြတ်သွင် အပါအဝင် ဤနေရာသစ်မှ ပတ်ဝန်းကျင်။
အရာရာသည် စနစ်တကျ မရှိလှစွာ တိတ်တဆိတ်
ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုဇာတ်သိမ်းအတွက် ကျွန်မ အနည်းငယ်မျှပင် မခံစားလိုက်ရတာတော့
သေချာပါသည်။
'ဘာလို့ ငြင်းလိုက်ရတာလဲ
သွယ်ရယ်။ အန်တီတင့် မျက်စိထဲမှာတော့ မောင်မြတ်သွင်လောက် သွယ်နဲ့ တင့်တော်တဲ့သူ
ရှာမတွေ့ဘူး'
ကျွန်မ အေးစက်စက်သာ ပြုံးဖြစ်သည်။
အန်တီတင့်အထင်နှင့် ယခု လတ်တလော ကျွန်မ၏လက်တွေ့အမြင်က လုံးဝကွဲပြားလျက် ရှိသည်။ အိမ်ထောင်ရေးဆိုတာ
ဘဝကို တည်ပြီးဖြစ်နိုင်ချေနှင့် စားကာ အဖြေထွက်လာတာကို ရင်တမမ စောင့်ကြည့်နေရမည့်
ပုစ္ဆာမျိုးလား။ ဘဲဥတစ်လုံးလို အစရှာရ ခက်နေတာတော့ အမှန်ပင်။
'ဒါဆို သွယ်က ညီညီ့ကိုပဲ
လက်ထပ်တော့မှာပေါ့ ဟုတ်လား'
မမနှင်း၏ အမေးကိုလည်း ကျွန်မ
ခေါင်းမညိတ် ခေါင်းမခါဖြစ်ပါ။ ရုံးအောက်မှ ညီ စောင့်နေကျ နေရာလေးကိုသာ မကြာခဏ
လှမ်းကြည့်မိရင်း သက်ပြင်းအထပ်ထပ်ချဖြစ်သည် ဆိုပါစို့။
ကျွန်မနည်းတူ အိမ်ထောင်မပြုသေးသော သူ
ငယ်ချင်းမကတော့ ပြောရှာသား။
'သွယ်ရေ... ဘာမှ
မစဉ်းစားတဲ့ ဆယ်ကျော်သက် ရူးရူးမိုက်မိုက်အရွယ်ဆိုလည်း အကောင်းသား နော်။
ဝုန်းဒိုင်းဆို ယူပြီးပြီ။ ယူဖြစ်သွားတာပေါ့ဟာ။ အခု ရှေ့ရေး နောက်ရေး စဉ်းစား
မြော်မြင်တတ်လာတဲ့ တို့အရွယ်တွေကျတော့ စဉ်းစားရင်း ကြန့်ကြာသွားလိုက်၊ စဉ်းစားရင်း
နှောင့်နှေးသွားလိုက်နဲ့ တော်တော်နဲ့ မယူဖြစ်တော့ဘူး။ အသက်သုံးဆယ် ကပ်လေလေ
အပျိုကြီးဖြစ်ဖို့ ရာခိုင်နှုန်းများလာလေပဲ'
□
'ဟိတ်... ထမင်းအိုး
ပွက်နေတာ ကြာပြီ။ အဖုံး မဖွင့်ဘဲ ဘာထိုင်ကြည့်နေတာလဲ'
မောင့်အသံကြောင့် ကျွန်မ
အတွေးလွန်နေရာမှ ဖျတ်ခနဲ သတိဝင်လာသည်။ အို... ဟုတ်သားပဲ။ ကမန်းကတန်းနှင့် ထမင်းရည်
ငှဲ့ဖို့ ပြင်ရသည်။
'မောင်ရေ... ထမင်း
နည်းနည်းပျော့သွားပြီ သိလား'
မောင်က တိုင်တွင်ချိတ်ထားသော
ဆိုင်ကယ်သော့ကို လှမ်းယူသည်။
'သိပါတယ်၊ မာလိုက်
ပျော့လိုက်နဲ့တင် အမြဲနှစ်ပါးသွားနေရမှန်း'
'အံမယ်...
ဒီတစ်ခါတည်းပါနော်။ ကျွန်မ ချက်ကျွေးလာတာကို တစ်ဝတစ်ပြဲ စားပြီး ကျေးဇူး မကန်းနဲ့
ဒါပဲ။ အဲ... ဒါပဲ မဟုတ်ဘူး။ အခု ဘယ်ထွက်ဖို့ ချောင်းနေတာလဲ'
'သုံးနာရီ ထိုးပြီလေကွာ။
သမီးကို မူကြိုကျောင်းက သွားကြိုမှာပေါ့။ မပြောချင်လို့ ကြည့်နေတာနော်။ တကတည်း...
တစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက်နဲ့ ပွက်ပွက်ဆူနေတဲ့ ထမင်းအိုး ကို အဖုံးမဖွင့်ဘဲ
တမေ့တမော ငုတ်တုတ်ထိုင်ကြည့် နေတာရယ်၊ နေ့တိုင်း သမီးကို ကျောင်းကြိုနေကျကိုတောင်
မေ့နေပုံရယ်ထောက်ရင် အင်း... ဧကန္တ ရည်းစားဟောင်းအကြောင်း တွေးနေတာပဲ ဖြစ်ရမယ်'
'မောင်နော်'
ကျွန်မ အရှိုက်ထိ သွားကာ မလုံမလဲနှင့်
တစ်ဖက်လှည့်ကာ ခိုးပြုံးရသည်။ မောင်က ပြုံးစိစိ လုပ်ရင်း အပြင်ထွက်သွားပါသည်။
အင်း... ကျွန်မ ယခုတွက်ချက်လိုက်သော အိမ်ထောင်ရေးပုစ္ဆာ၏ အဖြေကို အပေါင်းလား၊
အနုတ်လားဆိုတာ မပြောလိုတော့ပါ။ ဒါပေမယ့် စိတ်သဘောထား ပြည့်ဝ ကောင်းမွန်ပြီး
ကိုယ့်အပေါ် ကြင်နာမြတ်နိုးသော ခင်ပွန်း ယောကျ်ားနှင့် သိပ်ချစ်စရာကောင်းသော
သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရထားသော ဘဝကို ကျွန်မ
ပျော်ရွှင်ကျေနပ်မိတာတော့ အမှန်ပင်။ အိမ်ထောင်တစ်ခု တည်ဆောက်မိမှတော့ အခက်အခဲက
တွေ့ရတာ မှန်ပေမယ့် ဘာဒဿန အတွေးအမြင်ကိုမှ သတိမရအား။ ဟိုတက်ကျိုးလျှင်
ဒီတက်နှင့်လှော်။ ဒီတက်ကျိုးလျှင် ဟိုတက်နှင့် လှော်ကာ လှေမမှောက်အောင် ထိန်းရင်း
လှိုင်းလေငြိမ်သော ပင်လယ်တွင် ခရီးဆက်နိုင်အောင် ကျွန်မ မောင့်လက်တွဲ၍ ကြိုးစား
လှော်ခတ်ရသည်။ အင်း... ကိုမြတ်သွင်နှင့်ညီ့ကို ငြင်းကာ ကျွန်မတို့အိမ်နံဘေးတွင်
ကျူရှင်တန်းခွဲ တစ်ခု လာဖွင့်သော နာမည်ကြီး ကျူရှင်ဆရာလေး မောင်က အမေ့ထံ လာရောက်
တောင်းရမ်းခဲ့ချိန်မှာ စိတ်ရှုပ်ရှုပ်နှင့် ဇွတ်မှိတ်ခေါင်းညိတ်လိုက်ခြင်းကပဲ
ဟန်အကျသား။ မှန်ရာကို ဝန်ခံရလျှင် မောင်နှင့်မောင့် မိဘမျိုးရိုးမျှသာ ကြည့်ပြီး
ဘာတစ်ခုမှ တစ်မျှော် တစ်ခေါ် စဉ်းစားမနေတော့ဘဲ လက်ခံလိုက်ခြင်း ဖြစ်သည်။
ယခုတွေးမိတော့...။ ဘုရား... ဘုရား... ကံ ကောင်း၍သာ ကျွန်မ ပျော်ရွှင်ချမ်းမြေ့သော
အိမ်ထောင်ရေးမျိုး ပိုင်ဆိုင်လိုက်ရခြင်းပါလား။ မောင်ကတော့ 'ဖူးစာပါရင် ရကို ရမှာပဲ သွယ်ရဲ့'ဟု
ရယ်ရယ်မောမော ပြောရှာသား။
တစ်ခါတစ်ရံတော့လည်း ကံကို ယုံပြီး
ဆူးပုံနင်းလိုက်တာက အိမ်ထောင်ရေးအတွက် အကောင်းဆုံး ဒဿနပါပဲလေ။
▀
ငွေဇင်ယော်ဦး
၊မိုးကုတ်၊
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး ကျွန်မ ဘောလုံးကန်ချင်တယ် ဖေဖေနဲ့ ငါးမျှားထွက်ချင်တယ် မောင်လေးတွေနဲ့ ရေကူးပြိုင်ချင်တယ် ဒါပေမယ့် အပြောင်းအလဲဟာ ကျွန်မနဲ့လောကကို ကန့်လန်ကာ...
ညက တစ်ညလုံး အိပ်မရခဲ့။ မျက်လုံးနှစ်ဖက်က မျက်ရည်တို့ စိမ့်ထွက်ယိုစီးရင်း မနက်မိုးလင်းခဲ့ရသည်။ သူငယ်ချင်းဆိုတဲ့ အသိုက်အဝန်းလေးတစ်ခု၊ အခုတော့ သရီးအင်(န်)ဝမ်းက ဝမ်းအင်(န်)ဝမ်း အဖြစ် ကျန်နေခဲ့တော့သည်။
အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...