ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

သူ့ကိုမြင် ချစ်ချင်သည်

အောင်လင်း

01 November 2024
သူ့ကိုမြင် ချစ်ချင်သည်
Share to

            နံနက်အိပ်ရာထ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ပြတင်းပေါက်တွင်ရပ်၍ အဝေးသို့ ငေးမျှော်ကြည့်လိုက်သောအခါ ရှုခင်းသည် စိတ်ကို ကြည်လင်စေသည်။ အိမ်ပြတင်းနံဘေး လမ်းမကြီး တစ်ဖက်တွင် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်တို့သည် စိတ်ကြည်နူးဖွယ်ရာ ဖန်တီးလျက်ရှိသည်။

            နံနက်ခင်း၏ လတ်ဆတ်သောလေကို ရှူခြင်းကလည်း အားသစ်လောင်းသလို ရှိလှသည်။ နံနက်အိပ်ရာထကတည်းက ပြတင်းပေါက်တွင်ရပ်၍ ငေးနေသည်မှာ 'ကေသီခိုင်' တစ်ယောက် လမ်းပေါ်တွင် လျှောက်သွားသည်အထိ ဖြစ်သည်။ ကေသီခိုင်သည် အချိန်မှန် သည်လမ်းကို ဖြတ်သွား တတ်သည်။ ကေသီခိုင်ကို တငေးတမောကြည့် ကျန်ရစ်ခဲ့သည်မှာ ကေသီခိုင် ကွယ်ပျောက်သွားသည်အထိ ဖြစ်သည်။ သည်တော့မှပင် ပြတင်းတံခါးကို ပိတ်လိုက်ရလေသည်။

            အစကတော့ ကေသီခိုင်ကို မသိ၊ ကေသီခိုင်အလှသည် တပ်မက်ဖွယ်ကောင်းလှသည်။ နူးညံ့သော နဖူးပြင်ပေါ်သို့ ဆံယဉ်စလေးများ ကျနေသည်မှာ ချစ်စဖွယ်ကောင်းလှသည်။ ပါးပြင်နှင့်လည်တိုင်များတွင် အကြောစိမ်းကြီးများပင် အထင်းသားပေါ်နေသည်။ မှည့်၍ဝင်းနေသော မျက်လုံးကြီးများက အဖမ်းစားနိုင်ဆုံး ဖြစ်သည်။ ခပ်ရွရွကလေး ခြေလှမ်းသွားတိုင်း ကျစ်ကျစ်လျစ်လျစ် လှုပ်သွားတတ်သော တင်သားများက စိတ်ကို အလိုလိုထိခိုက်သွားတတ်သည်။

            ကေသီခိုင်ကို တစ်ခါမြင်လိုက်မိကတည်းက နံနက်တိုင်း မျှော်မိသည်။ ကေသီခိုင်သည် နံနက်တိုင်းအချိန်မှန် လျှောက်လာတတ်သည်။ ကြာတော့လည်း ကေသီခိုင်အတွက် ပြတင်းတံခါးကို ဖွင့်ရသလို ဖြစ်လာသည်။

            ပြတင်းတည့်တည့်သို့ရောက်တိုင်း ကေသီခိုင်သည် အနည်းငယ် စောင်းငဲ့၍ကြည့်တတ်သည်။ သည်တော့လည်း ကျွန်တော့်မျက်လုံးများနှင့် ကေသီခိုင်မျက်လုံးများက ဆုံမိကြသည်။ ကေသီခိုင်မျက်လုံး များက အရောင်တဖျပ်ဖျပ် တောက်နေသလား ထင်ရသည်။

            အိမ်ကိုလွန်၍ လျှောက်သွားသော ကေသီခိုင်ကို ငေးကြည့်မိတိုင်း  ကျွန်တော့်ရင်များ ကတုန်ကယင်    ဖြစ်ရသည်။ ကြာတော့လည်း ကေသီခိုင့်ကိုပင် စွဲလမ်းသလို ဖြစ်လာခဲ့သည်။

            တစ်နေ့နံနက်တွင်မူ ကေသီခိုင့်လက်ဆွဲ ပလတ်စတစ်အိတ်ထဲမှ စာရွက်ခေါက်လေး လွင့်ကျသွားသည်ကို ကျွန်တော် လှမ်းမြင်လိုက်သည်။

            'ကလေးရေ...စာရွက်ကလေး ထင်တယ်ကွယ့်၊ လွင့်သွားပြီ'

            ကျွန်တော် လှမ်းပြောလိုက်တော့မှပင် သူ့ခြေလှမ်းများ တုံ့ရပ်သွားသည်။

            'သြော်...ဟုတ်ပါရဲ့၊ ကျေးဇူးတင်ပါတယ် အန်ကယ်'

            အန်ကယ်ဟု အခေါ်ခံလိုက်ရသောအခါ ကျွန်တော့်ရင်များ နင့်သွားမိသည်။ ရင်တွင်းကသာ နင့်သွားမိသော်လည်း သူ့အပြုံးနှင့် သူ့အသံကို ကြားလိုက်ရခြင်းသည် နှလုံးသားများ အေးချမ်းသလို ရှိလှသည်။

            သည်နေ့မှစ၍ တစ်ယောက်ကိုတစ်ယောက် ပို၍ဂရုစိုက်မိကြသည်။ ဖြတ်၍လျှောက်သွားတိုင်း ပြုံး၍ ကြည့်သွားတတ်သည်။ တစ်ခါတစ်ရံ ကျွန်တော်ကပင် စ၍နှုတ်ဆက်တတ်သည်။ ကေသီခိုင် ဟူသောအမည်ကို သိသောနေ့ကစ၍ ကေသီဟုပင် ကျွန်တော် ခေါ်ခဲ့သည်။ ကေသီကမူ အန်ကယ် အခေါ်ကပင် ပြောင်းလဲခြင်း မရှိ။

            ကေသီ့ကို မတွေ့ရသော နံနက်များတွင် ကျွန်တော့်ရင်ထဲ ဟာတာတာဖြစ်နေတတ်သည်။ နောက်တစ်နေ့ ပြန်တွေ့သောအခါတွင် ဣန္ဒြေဆည် မနေနိုင်တော့ချေ။

            'ဟေး...မနေ့က မတွေ့ပါလား ကေသီ'

            'ဟုတ်ကဲ့ အန်ကယ်၊ မနေ့က ကေသီ အပြင်မထွက်ဘူး'

            စကားပြောတိုင်း ပြုံးလိုက်သော ကေသီ့အပြုံးသည် သန်းခေါင်ကျော် တစ်ရေးအနိုးမှာပင် မြင်မိတတ်သည်။ သညေမျှအထိ ကျွန်တော့်စိတ်ကို လွှမ်းမိုးလာသော ကေသီနှင့်ကျွန်တော် ရင်းနှီးလာသောအခါ ကေသီသည် ကျွန်တော့်အိမ်သို့ပင် ဝင်ထွက်လာခဲ့တော့သည်။

            ကျွန်တော်က ကေသီ့ကို ကြည်နူးစွဲလန်းနေမိသည်ကိုကား သူ့ခမျာသိမည် မဟုတ်။ ကျွန်တော့်အပေါ်တွင် ခင်မင်စရာ လူကြီးတစ်ယောက်အဖြစ် ခင်မင်လာခဲ့သည်။ တကယ် နီးနီးကပ်ကပ် ပေါင်းကြည့်တော့လည်း ကေသီ၏ကလေးဆိုး ဆန်တတ်ခြင်းများက ပို၍ ချစ်စရာကောင်းလာသည်။

            'အန်ကယ်က အတီးအမှုတ်လည်း တတ်တယ်နော်။ အန်ကယ်ကို ဘယ်သူထမင်းချက်ကျွေးလဲ     ကေသီသည် အိမ်နံရံမှ ချိတ်ထားသော တယောနှင့် မယ်ဒလင်ကို ကြည့်၍ မေးလိုက်သည်။     'ထမင်းပဲကွ၊ ကိုယ့်ဟာကိုယ် ချက်စားတာပေါ့။ တစ်ယောက်တည်းနေတော့ ရှင်းတာပေါ့။ ထမင်းဆာရင် ထမင်းချက်စားတယ်။ တယောထိုးချင် တယောထိုးတယ်။ မယ်ဒလင်တီးချင် မယ်ဒလင်တီးတယ်။ ပတ္တလားတီးချင်လည်း ပတ္တလားတီးတာပဲ။ ဟိုမှာကြည့်' အိပ်ရာဘေးမှ ဝါးပတ္တလားကြီးကို ပြလိုက်သောအခါ ကေသီသည် ပို၍အံ့သြတကြီး ဖြစ်သွားသည်။

            'ဟာ...ဟိုမှာလည်း ပတ္တလားကြီး၊ ဟင် ပတ္တလားဘေးမှာလည်း အရက်ပုလင်းကြီးနဲ့'

ကေသီသည် အရက်ပုလင်းကိုမြင်သည်နှင့် မျက်နှာကို တအားရှုံ့လိုက်သည်။

            'ဒါတွေက ကိုယ့်အဖော်တွေပေါ့ ကေသီ။ အရက်သောက်တာ ကေသီ မကြိုက်ဘူးလား'

            'ဟင်... ကြိုက်ပေါင်'

            ကေသီ့နှုတ်ခမ်းများသည် စု၍ချွန်ထားသည်။ သည်လိုဆိုတော့လည်း တစ်မျိုးပင် ကြည့်ကောင်းနေပြန်တော့သည်။

            'အေးဟေ့ ခုလို မင်းနှုတ်ခမ်းစူထားတာ အတော်ကြည့်ကောင်းတယ်ကွ။ ဒီအတိုင်းနေစမ်း၊ ဓာတ်ပုံရိုက်ရအောင်'

            စားပွဲပေါ်မှ ကင်မရာကို ဆွဲယူသောအခါ ကေသီပို၍ အံ့သြပြန်တော့သည်။

            'ဟင် အန်ကယ်အိမ်ကလည်း ပျော်စရာကြီးပဲ။ ရှိလိုက်တာတွေကလည်း စုံနေတော့တာပဲ။ နောက် ဘာတွေရှိသေးလဲ'

            ကေသီသည် ကျွန်တော့်အခန်းကို စိတ်ဝင်စားလာသည်။ ဓာတ်ပုံရိုက်ခံရသောအခါ ပို၍ကျေနပ်လာသည်။

            'ကေသီ ခဏခဏလာလည်မယ်နော်။ အန်ကယ် စိတ်မဆိုးဘူး မဟုတ်လား'

            ကေသီကို မြင်နေရသည့်ကျွန်တော် အလိုလိုကြည်နူးနေမိသည်။ စကားကိုပင် များများမပြောနိုင်ဘဲ ခေါင်းကိုသာ ညိတ်ပြရသည်။

            'ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးရမယ်။ ကေသီ သီချင်းလည်း ဆိုချင်တယ် အန်ကယ်ရယ်'

            'ကေသီ'

            'ဟင်... အန်ကယ်'

            'ကေသီဟာ သိပ်လှတယ်။ ရုပ်ရှင်မင်းသမီး လုပ်ရင်လည်း ခဏနဲ့ နာမည်ကျော်သွားမှာပဲ။ အသံလည်းကောင်းတယ်။ အဆိုတော်လုပ်လည်း အောင်မြင်မှာပဲ'

            'အိုး... တကယ်ပြောတာလား အန်ကယ် ဟင်'

            ကေသီသည် နိမ့်ချည်မြင့်ချမောက်‌ကြွတက်နေသော ရင်ကို လက်ဝါးဖြင့်ဖိကာ မျက်လုံးများက ဝိုင်းဝိုင်းလည်နေသည်ဟု ထင်ရသည်။

            'တကယ်ပြောတာပေါ့ ကေသီ။ ကေသီ့ကို အကုန်သင်ပေးမယ်။ အဆိုတော်ဖြစ်အောင်လည်း လုပ်ပေးမယ်၊ ဟုတ်လား'

            ကေသီသည် စကားပင်မပြောနိုင်တော့ဘဲ ဝိုင်းဝိုင်းလည်နေသည် ထင်ရသော မျက်လုံးကြီးများကသာ ကျွန်တော့်ကို မျက်တောင်မခတ် စိုက်ကြည့်နေတော့သည်။

            ကျွန်တော့်ထံသို့ ကေသီရောက်လာတိုင်း ပျော်ရွှင်ချမ်း မြေ့ရသလို ကေသီပြန်သွားသော အခါမျိုးတွင်လည်း ကျွန်တော့်ရင်များ ဟာတိဟာတာကျန်ရစ်ခဲ့သည်။ ကိုယ့်စိတ်ကိုပင် ကိုယ်အတန်တန် ထိန်းထားသည့်ကြားကပင် တစ်နေ့တွင် စကားတစ်ခွန်း လွန်သွားမိသည်။

            'ကေသီ'

            'ဟုတ်ကဲ့၊ အန်ကယ်'

            ကေသီက ချစ်စဖွယ်ပြန်၍ ထူးလိုက်သော်လည်း ကျွန်တော့်အသံမှာ ဆက်ထွက်မလာနိုင်အောင် ရှိတော့သည်။

            'ဘာလဲ အန်ကယ်၊ ဘာပြောမလို့လဲ'

            'ကေသီ့ကို ကိုယ်တစ်ခု ပြောချင်တယ်'

            'ပြောပါ အန်ကယ်၊ ပြောလေ'

            ကျွန်တော့်အသံကား ထွက်မလာတော့ချေ။ ကျွန်တော့် အာခေါင်များသည် ပူလောင်လောင် ဖြစ်လာသည်။ ခြောက်သွေ့လာသည်။ ရင်ထဲကလည်း ပူတက်လာသည်။ မပြည့်ဝသောဆန္ဒသည် တုန်ယင်လှိုက်လှဲလာတော့သည်။

            'ဟင်... ပြောမယ်ဆိုပြီး ပြောလည်းမပြောဘူး'

            ကေသီက အသံအုပ်အုပ်ဖြင့် ပြောလိုက်ပြီး နှုတ်ခမ်းစူ လိုက်သည်။ 'အေးကွာ ပြောတော့ပြောမယ်။ ဒါပေမယ့် ခုမပြောသေးဘူး။ တစ်နေ့နေ့ပြောမယ် ဟုတ်လား'

            'ဟင်... အန်ကယ်က သိပ်မုန်းဖို့ကောင်းတာပဲ'

            မပွင့်တပွင့် နှုတ်ခမ်းစူပြောလိုက်သော အမူအရာကို ကျွန်တော့်မျက်လုံးအစုံကပင် ဖျောက်မရနိုင်တော့ချေ။

            တစ်နေ့တွင် ကျွန်တော့်ထံသို့ ကေသီ အစောကြီးရောက်လာခဲ့သည်။

            'အန်ကယ်ကို လာခေါ်တာ။ ဒက်ဒီက တွေ့ချင်တယ်တဲ့'

            'ဟောဗျ... မင်းအဖေက ဘယ်လိုလုပ်သိလဲ'

            'ကေသီပြောပြတာပေါ့။ အန်ကယ်တစ်ယောက်တည်း နေတဲ့အကြောင်း၊ အန်ကယ့်အိမ်မှာ တယောတွေ၊ မယ်ဒလင်တွေ၊ ပတ္တလားတွေ၊ ကင်မရာတွေရှိတဲ့အကြောင်း၊ အရက်ပုလင်းတွေပါ ရှိတဲ့အကြောင်း ပြောပြတာပေါ့'

            'အဲတော့ ကေသီ့ဖေဖေက ဒီအိမ်ကို နောက်မသွားရဘူးလို့ မပြောဘူးလား'

            'ဟင်... ဘယ်ပြောမလဲ။ အဲဒါ အနုပညာသမားပီသတဲ့ လူတဲ့။ သူလည်း အနုပညာဝါသနာပါတယ်တဲ့။ အိမ်ကို ခေါ်ခဲ့ပါတဲ့။ နက်ဖြန်လာခဲ့မယ် မဟုတ်လား၊ ဟုတ်လားဟင်'

            ကျွန်တော်က ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ သည်တော့လည်း ကေသီသည် ငှက်မလေးလို မြူးလာတော့သည်။

            'ဒါပဲနော်၊ ဆက်ဆက်လာနော်'

            ကေသီခိုင်သည် အပျံသင်စ ငှက်မလေးများ ပျံတက်သွားသလိုပင် ခုန်ပေါက်ပြေးလွှား ထွက်သွားတော့သည်။

            နောက်တစ်နေ့နံနက်တွင် ကေသီခိုင်အိမ်သို့ ကျွန်တော် ရောက်လာခဲ့သည်။ ကေသီသည် အိမ်မျက်နှာစာဝကပင် ဆီးကြိုစောင့်မျှော်လျက် ရှိသည်။

            'လာမှလာပါ့မလားလို့ အန်ကယ်ရယ်၊ မျှော်လိုက်ရတာ'

            'ဟ လာမယ်ဆိုတဲ့နောက် မလာဘဲ ဘယ်နေပါ့မလဲဟ'

            'ဒက်ဒီ ဟောဒီမယ် အန်ကယ်လေ'

            'အေး... လာဟေ့၊ အေးအေးဆေးဆေး စကားပြောရအောင်ကွာ'

            ကေသီခိုင်ဖခင်သည် အသက် ၆ဝ ကျော်လောက် ရှိပေပြီ။ လူကြီးတစ်ယောက်က ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောလိုက်သောအခါ ကျွန်တော်ကလည်း အရိုအသေပြု၍ အနီး ဝင်ထိုင်လိုက်သည်။ သို့သော် ကျွန်တော့်မျက်လုံးများသည် ကေသီခိုင့်ဖခင်ထံမှ တစ်နေရာသို့ ရောက်သွားတော့သည်။

            ကေသီခိုင်နှင့်တူသော မိန်းမတစ်ဦးသည် လှပစွာဝတ်စားပြင်ဆင်ထားသည်။ အပြင်သို့သွားရန်အတွက် ပြင်ဆင်ထားသည်ဟု ထင်မှတ်ရသည်။ ကေသီခိုင်ကို သေသေချာ ချာကြည့်တော့မှလည်း ကေသီခိုင်ကိုယ်တိုင်ပင် ဝတ်စားပြင်ဆင်ထားကြောင်း သတိပြုလိုက်မိသည်။

            အဝတ်အစားတွေကလည်း ဆင်တူဝတ်ထားကြသည်။ ကေသီခိုင်နှင့်လည်း တစ်ပုံတည်း တူလှသည်။ ကေသီခိုင် နှင့် အသက်ကြီးခြင်းမျှလောက်သာ ကွာသည်။ ကေသီခိုင်၏ အစ်မကြီးဖြစ်လိမ့်မည်ဟုပင် ကျွန်တော် ထင်လိုက်သည်။

            'အေးကွယ့် မောင့်အကြောင်းတော့ သမီးက အိမ်မယ် ခဏခဏပြောနေတာပဲ။ သမီးက ဒါလောက်ခင်တယ်ဆိုတော့လည်း ဦးကပါ တွေ့ချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ မောင်က အနုပညာသမားပဲ ထင်ပါရဲ့'

            ကျွန်တော့်မျက်လုံးများသည် အဘိုးကြီးဘက်သို့ ပြောင်းလိုက်ရသည်။

            'ဟုတ်ကဲ့ ကျွန်တော် သီချင်းရေးပါတယ်။ ကိုယ်တိုင်လည်း တီးပါတယ်။ တစ်ခါတလေ ကိုယ့်သီချင်းကိုယ် အသံ သွင်းပါတယ်'

            'အေးလေ ဦးကလည်း တွက်ပြီးသားပါပဲ'

            အဘိုးကြီးသည် ဆေးပေါ့လိပ်တိုကြီးကို မီးညှိဖွာလိုက်သည်။

            'မောင်လည်း ဆေးပေါ့လိပ်ကြိုက်မယ် ထင်ပါရဲ့'

            'ဟုတ်ကဲ့'

            ကျွန်တော်ကလည်း ဆေးပေါ့လိပ်ခွက်ထဲမှ ဆေးပေါ့လိပ်ကြီးတစ်လိပ်ကို ကောက်ကိုင်လိုက်သည်။

            'အေးကွယ့် တို့နှစ်ယောက်ပဲ အေးအေးဆေးဆေးစကား ပြောကျန်မှာပါ။ သူတို့ကတော့ ရုပ်ရှင်အမီသွားကြမှာ'

            အဘိုးကြီးမေးငေါ့ပြလိုက်တော့မှပင် ရဲရဲတင်းတင်းကြည့် ခွင့်ရလိုက်သည်။ မိန်းမချောကြီးသည် အသက်သုံးဆယ်ကျော် လောက်ပင် ရှိလိမ့်မည်။ အသက်သုံးဆယ်ကျော် ဆိုတော့လည်း ကေသီခိုင်နှင့် အသက်ကွာလှသည်။ ညီအစ်မဖြစ်ရန်လည်း မလွယ်ချေ။

            'အန်ကယ် အပူသောက်မလား၊ အအေးသောက်မလား'

            ကေသီခိုင်က အနားသို့ တိုးကပ်လာခဲ့သည်။

            'ဟဲ့... သမီးရဲ့ သင့်တော်သလို လုပ်ပေါ့ကွဲ့။ ဒီလိုမေးလို့  ဘယ်ကောင်းပါ့မလဲ'

            'အိုး... ဒက်ဒီကလည်း မရင်းနှီးတဲ့ဧည့်သည်မှ မဟုတ်တာ'

            ကျွန်တော်ရှေ့တွင် မကြာခဏစူတတ်သော နှုတ်ခမ်းကိုသူ့အဖေရှေ့တွင်လည်း စူလိုက်သည်။

            'ဟေ... ရေနွေးကြမ်းလောက်ရရင် တော်ပါပြီကေသီ'

            ကေသီသည် အိမ်ခန်းတွင်းသို့ ခါးလေးကော့ကာလိမ်ကာဖြင့် ဝင်သွား၏။ ပြန်ထွက်လာသောအခါ ကော်ဖီနှစ်ခွက် နှင့် ရေနွေးကြမ်းတစ်အိုး ပါလာ၏။ ကျွန်တော်နှင့်အဘိုးကြီးကား စကားလက်ဆုံ ကျစပြုနေပြီ။

            မကြာခင် မော်တော်ကားတစ်စီး ဆိုက်သံကြားရ၏။ မိန်းမချောကြီးသည် အပေါက်ဝသို့ ပြေးထွက်ကြိုလိုက်သည်။

            'ကိုကိုရေ တင်မောင်ထွန်းလာပြီ။ သွားတော့မယ်နော်'

            မိန်းမချောကြီးက အဘိုးကြီးဘက်သို့ လှည့်၍ပြောလိုက်သောအခါ အဘိုးကြီးကလည်း လှည့်၍ပင် မကြည့်တော့ဘဲ 'သွားသွား'ဟုသာ ကြားဖြတ်၍ တိုပြတ်ပြတ်ပြောလိုက် သည်။

            'အန်ကယ်ရေ ဒက်ဒီနဲ့ စကားပြောရစ်နော်။ ကေသီတော့ မာမီတို့နဲ့ လိုက်သွားဦးမယ်'

            ခုမှပင် ရင်တွင်း၌ လင်းသွားတော့သည်။ ကေသီနှင့် တူသော မိန်းမချောက ကေသီမိခင်ပင် ဖြစ်တော့သည်။

            ကေသီတို့သားအမိသည် အတူယှဉ်၍ အိမ်ပေါ်မှ လှမ်းဆင်းလိုက်ကြသောအခါ ကားနှင့် အကြိုရောက်သူက ကားတံခါးအသင့်ဖွင့်ပေးလိုက်သည်။

            မော်တော်ကားထွက်သွားသောအခါ အဘိုးကြီးသည် ကျွန်တော်နှင့်စကားပြောနေရာမှပင် မော်တော်ကားဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ အဘိုးကြီးသည် အေးအေးဆေးဆေးနှင့် စကားအတော်ပြောသူ ဖြစ်သည်။ အချို့မှတ်သားစရာများလည်း အမြောက်အမြားပင် ပါရှိသည်။

            အဘိုးကြီးနှင့်ဇနီးအသက်မှာ အနည်းဆုံး အနှစ် ၂ဝ လောက် ကွာခြားလိမ့်မည်ဟု ထင်မှတ်ရသည်။ စကားအဆက် မပြတ်ပြောရင်းမှ အိမ်ထောင်ရေးအကြောင်းများ ပါလာခဲ့သည်။

            'အေးဟေ့... စကားမစပ် မောင်က အိမ်ထောင်လည်း မရှိဘူးထင်တယ်'

            'ဟုတ်ကဲ့၊ တစ်ယောက်တည်းသမားပါ ဦး'

            'တစ်ခုတော့ရှိတယ်ဟေ့။ အိမ်ထောင်ပြုလို့များ ရှိရင်တော့ ဘယ်တော့မှ ကိုယ့်ထက် အသက်ငယ်တဲ့ မိန်းမကို ယူဖို့စိတ်မကူးနဲ့ မောင်ရေ'

            ကျွန်တော်သည် ငြိမ်သက်စွာပင် နားစိုက်ထောင်မိသည်။ အသက်ငယ်ငယ် မိန်းမယူထားသူ လူကြီးတစ်ယောက် ပြောစကားဖြစ်၍လည်း ပို၍ဂရုစိုက်မိသည်။

            'အသက်ငယ်ငယ်ယူမိတဲ့ ယောကျ်ားတိုင်းဟာ တစ်နေ့နေ့ စိတ်ဒုက္ခတွေ့ရတတ်တာပဲ။ မင်းစဉ်းစားကြည့်လေ။ လောကမှာ တစ်ယောက်နဲ့တစ်ယောက် မေတ္တာဘယ်လောက် ရှိပါတယ်၊ စေတနာ ဘယ်လောက်ထားပါတယ်၊ မေတ္တာ စွမ်းပကား ကြီးမားလှပါတယ်ဆိုတာတွေဟာ အပြောတွေချည်းပါကွာ'

            'သံယောဇဉ်တို့၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာဆိုတာတွေဟာ စိတ်ဆန္ဒကို ဘယ်တော့မှ မလွန်ဆန်နိုင်ကြဘူး။ အိမ်ထောင်ရေးရဲ့ အဓိကထဲမှာ သွေးသားဟာလည်း အဓိက အချက်တစ်ခုပဲ။ ဒီကိလေသာဆိုတဲ့ စိတ်ဆိုတာဟာလည်း ဘယ်တော့မှ မကုန်နိုင်ကြဘူး မဟုတ်လား။ အဲဒီထမင်းကို ဆယ်ရက်လောက် မစားရရင် ဘယ်လိုနေမလဲ။ တစ်လလောက် မစားရရင် ဘယ်လိုနေမလဲ။ အဲဒါပဲ မိန်းမနဲ့ ယောကျ်ား အိမ်ထောင်ရေးဆိုတာဟာလည်း အဲဒါ သိပ်အရေးကြီးတယ်။ အကောင်းဆုံးကတော့ အရွယ်ချင်းမျှတတာဟာ အကောင်းဆုံးပါပဲကွာ'

            အဘိုးကြီး၏ စကားလုံးများသည် ခံစားရချက်မှ ထွက်ပေါ်လာသောအသံဟုပင် ကျွန်တော် ထင်လိုက်မိပါသည်။ သည်အခါကျတော့လည်း စောစောက မော်တော်ကားဖြင့် ပါသွားသော ကေသီခိုင့်မိခင်ကိုပင် တရေးရေးမြင်ယောင်လာသည်။

            ချက်ချင်းပင် ကျွန်တော့်စိတ်များ ညစ်ညူးသလို ဖြစ်သွားမိသည်။ ချက်ချင်းပင် ထပြန်ချင်စိတ် ဝင်လာခဲ့သည်။ အဘိုးကြီး၏လေအပြတ်ကိုပင် စောင့်နေမိတော့သည်။

            ကျွန်တော်အိမ်သို့ ပြန်ရောက်သောအခါ ကောင်းကင် တစ်ပြင်လုံး မှိုင်းနေသလို ကျွန်တော့် စိတ်များလည်း ရီဝေထိုင်းမှိုင်းနေတော့သည်။ ညဘက်တွင်လည်း တစ်ညလုံးပင် အိပ်မပျော်အောင် ရှိတော့သည်။ တဖြောက်ဖြောက်ရွာနေသော မိုးသံများကပင် ကျွန်တော့်စိတ်ကို ချောက်ချားသလို ရှိတော့သည်။

            နောက်တစ်နေ့နံနက်တွင် ကေသီခိုင်တစ်ယောက် စောစောစီးစီး ရောက်လာခဲ့၏။

            'ဟဲ့... ကေသီ စောလှချည်လားကွဲ့'

            'ဟုတ်တယ် အန်ကယ်၊ မနေ့က အန်ကယ်အစောကြီး ပြန်သွားတာကို။ ကေသီတို့ပြန်အလာကိုတောင် မစောင့်ဘူး'

            'အေးကွာ'

            ကျွန်တော်သည် စကားပြောရန်ကိုပင် ဝန်လေးသလို ဖြစ်နေတော့သည်။ ကေသီမူကား ခါတိုင်းလိုပင် တတွတ်တွတ် စကားပြောရင်း လက်ကလည်း အငြိမ်မနေဘဲ မယ်ဒလင်ခေါက်လိုက်၊ တယောကြိုးတို့လိုက် လုပ်နေ၏။

            ကျွန်တော် သိပ်စကားမပြောသောအခါ ကေသီမျက်နှာလည်း ညှိုးသလိုဖြစ်လာသည်။

            'အန်ကယ်ကလည်း ငိုင်ငိုင်ကြီးနဲ့ ဘယ်လိုဖြစ်နေသလဲမသိဘူး'

            ကေသီက နှုတ်ခမ်းစူ၏။ ကျွန်တော်ကမူ ခပ်ယဲ့ယဲ့မျှသာ ပြုံးလိုက်မိသည်။

            'ကေသီ'

            'ရှင်' ကေသီ၏ထူးသံကလေးမျှသာ ဖြစ်သည်။ ထိုလေသံသည် မေတ္တာဓာတ်နှင့် အသက်ပါသလို ရှိလှသည်။

            'ကေသီ့ကို ပြောမယ်ဆိုတာ မှတ်မိသေးလား'

            ကေသီက အသံထွက်မလာ၊ မျက်တောင်မခတ် စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

            'ကေသီကို ကိုယ်ချစ်တယ်ကွာ။ အဲဒါပြောဖို့ ခုထိစောင့်ခဲ့ရတာ'

            ကျွန်တော်က ကေသီမျက်နှာကို မကြည့်။ အိမ်အပြင်မှကျော်၍ တဖွားဖွားကျနေသော မိုးဖွားများကို ငေးကြည့်နေမိသည်။

            'ဒါပြောမှာများ ဒါလောက်စောင့်နေရသလား အန်ကယ်။ အန်ကယ်ပြောမယ်ဆိုကတည်းက ကေသီ သိပါတယ်။ အန်ကယ် ဘယ်တော့ပြောမယ်ဆိုတာ ကေသီ စောင့်နေခဲ့တာပါ'

            'အေး... ဒါပေမယ့် ကေသီထင်သလို မဟုတ်တော့ပါဘူးကွာ။ ကေသီ့ကို ကိုယ်ချစ်တယ်ဆိုတဲ့ စိတ်ကိုလည်း တစ်ခါတည်း ဖျောက်ပစ်လိုက်ပါပြီ။ ကေသီ တစ်ခါတည်းသာ မေ့ပစ်လိုက်ပေတော့ ဟုတ်လား'

            မျက်တောင်မခတ် စိုက်ကြည့်နေသော ကေသီခိုင်မျက်လုံးများတွင် မျက်ရည်စများ ရစ်ဝဲလာတော့သည်။

            'ကေသီ အသက်အများကြီး ငယ်ပါသေးတယ်ကွာ။ လိမ်လိမ်မာမာနေနော်၊ ဟုတ်လား'

            ကျွန်တော်သည် တစ်လှမ်းချင်းလှမ်းကာ ပြတင်းပေါက်တွင် ရပ်လိုက်သည်။ ကျွန်တော် ပြတင်းပေါက် ရပ်လိုက်သော အချိန်တွင် ကေသီခိုင် တစ်ယောက်လည်း အိမ်ပေါ်မှဆင်းသွားခဲ့ပေပြီ။

            မိုးဖွားများ တဖွဲဖွဲကျနေသော လမ်းမပေါ်တွင် ကေသီခိုင်သည် ခေါင်းငိုက်ဆိုက်ဖြင့် ကျွန်တော့်ကို ကျောခိုင်းသွား ချေပြီ။ လက်ထဲတွင် ထီးကို ကိုင်ထားပါလျက် မိုးဖွားများအောက်တွင် ထီးမဆောင်းဘဲ တရွေ့ရွေ့ လျှောက်သွားနေတော့သည်။

            ကေသီ့နောက်ကျောကို အငေးသားကြည့်ရင်း ကျွန်တော်သည် ပြတင်းတံခါးကို ပိတ်လိုက်သည်။ ထိုတံခါးကား ဘယ်အခါမျှ ကျွန်တော် ပြန်ဖွင့်တော့မည် မဟုတ်ချေတကား။

အောင်လင်း

(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။