ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)

နုနုရည်အင်းဝ

01 April 2026
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
Share to

            နန်းတက်ပွဲများ

            ဝါခေါင်လဆန်း (၁၂)ရက်

            ပွဲတော်ရဲ့ အစည်ဆုံးနေ့ ထုံးစံအတိုင်း နေပူပူအောက်မှာ လူပင်လယ်ကြီးကို တွေ့နိုင်တယ်။ နတ်ဒိုးသံဟာ ပွဲတော်တစ်ကွင်းလုံးကို ဖုံးလွှမ်းထားတယ်။ ဘယ်နေရာသွားသွား နတ်ဒိုးသံကို ကြားနိုင်တယ်။ ကနားတဲခန်းများစွာက ကြွေခေါက်သံတွေဟာလည်း ဒီနေ့ အဆူညံဆုံးပဲ။ ရှည်မျောမျော ကနားတဲခန်းတွေပေါ်မှာ လူတွေအပြည့် ဒူးလေးတွေတုပ်လို့။ ကနားတဲခန်းတွေပေါ်က နတ်ကတော်အားလုံးမှာ နတ်တစ်ပါးပါး ပူးဝင်နေကြပြီး ထိုင်ရင်းနဲ့ ယိမ်းယိုင်နတ်ဝင်ကြတယ်။ များသောအားဖြင့်ကတော့ မင်းနှစ်ပါးနဲ့ ပခန်းဦးမင်းကျော်ပေါ့။ ဟိုကနားတဲပေါ်မှာ ဖေကြီးကျော်၊ ဒီကနားတဲပေါ်မှာလည်း ဖေကြီးကျော်၊ ဟိုကနားတဲပေါ်မှာလည်း မင်းကြီးမင်းလေး၊ ဒီကနားတဲပေါ်မှာလည်း မင်းကြီးမင်းလေး။

လူအားလုံးကတော့ ကိုယ်ရောက်နေရာ ကနားတဲပေါ်က မင်းကြီးမင်းလေးကို၊ ဖေကြီးကျော်ကို ရိုသေပျပ်ဝပ်စွာ ဒူးတုပ်ရှိခိုးကြရင်း မ,ခိုင်းကြလို့။ အရောင်းအဝယ်ကောင်းအောင် မ,ပါဘုရား။ ချဲပေါက်အောင် မ,ပါဘုရား။ ထီပေါက်အောင် မ,ပါဘုရား။ ရာထူးတက်အောင် မ,ပါဘုရား။ နိုင်ငံခြားသွားရအောင် မ,ပါဘုရား။ တိုက်တည်ရအောင် မ,ပါဘုရား။ အက်စ်အီးဝယ်နိုင်အောင် မ,ပါဘုရား။ သားတွေ သမီးတွေ ဂုဏ်ထူးများများနဲ့ ဆေးဝင်အောင် မ,ပါဘုရား။ မ,ပါဘုရားများစွာကို မင်းနှစ်ပါးနဲ့ ဖေကြီးကျော်တို့က ဖြစ်စေဟဲ့လို့ တာဝန်ယူ အာမခံတဲ့အခါ ကန်တော့ကြေးနဲ့ ကြက်လောင်းကြေး၊ ပုလင်းဖိုးတို့ကို ဝမ်းသာအားရ ဆက်ကြတယ်။ ဖေကြီးကျော်ရဲ့ ဝါသနာအရ ‘ဟေ့... အဖေကြီးက လုပ်လို့၊ မ,ဖြစ်လာခဲ့ရင် ဘယ်နှယ့်လဲကွ’လို့ လောင်းစားတဲ့အခါ ‘မှန်ပါ... ဖြစ်လာခဲ့ရင် အဖေကြီးအတွက် ပျော်ပွဲများ ပေးပါမယ်ဘုရာ့၊ တက်ပွဲများ ပေးပါမယ်ဘုရာ့’နဲ့ အပေးအယူ ကတိစကားတွေကို လျှောက်တင်ကြရပြန်တယ်။

နတ်ကတော်တွေရဲ့ ကန်တော့ပွဲနဲ့ ကြက်ဖလားထဲမှာ ငွေတွေနဲ့ မောက်လျှံနေတယ်။ ဒီလိုနေ့ကတော့ ဆုတောင်းပြည့်ဘုရားဝင်းထဲ တစ်နေရာမှာ ပိတ်ဖြူလေးခင်း၊ ဖလားလေးရှေ့ချ၊ နတ်ဟောတဲ့ နတ်ကတော်တောင် ဖလားထဲ ပိုက်ဆံပြည့်တယ်။ ဆယ်တန်၊ ငါးကျပ်တန်၊ ကျပ်တန်ကလေးတွေပေါ့။ လူတန်ခိုးရှိတဲ့ ကနားတဲတန်းတွေပေါ်က ဖလားတွေထဲမှာလိုတော့ ကိုးဆယ်တန် နှစ်ရာတန် မပါဘူးပေါ့။ ဘုရားဝင်းထဲမှာ နတ်မေးတဲ့သူတွေက ညဆို တစ်ချပ် ငါးကျပ်တန် ဖျားငှားအိပ်ပြီး မနက်ကျ ပါလာတဲ့ စားအိုးစာခွက်လေးနဲ့ ဖြစ်သလို ထမင်းဟင်းချက်စားတဲ့ ရွာနီးချုပ်စပ်က နွမ်းပါးတဲ့သူတွေ။ ဘုရားဝင်းထဲမှာ ဖျာငှားစားတဲ့သူတွေရှိတယ်။ စျေးပေါပေါ ထမင်းဆိုင်ရှိတယ်။ ဘုရားအထွက်မှာ ဟင်းချက်စရာ ပျံကျစျေးလေးလည်းရှိတယ်။ ဒီလိုရက်မှာ ဖျာငှားစားသူတွေလည်း ပျော်ကြတယ်။ ဝါးတောင်းပက်ပက်လေးတွေနဲ့ အဆင်သင့် ကန်တော့ပွဲလေးတွေ ရောင်းတဲ့သူတွေလည်း ပျော်ကြတယ်။ ရောင်စုံ ဗောင်းတော်ပဝါ ရောင်းတဲ့သူတွေလည်း ပျော်ကြတယ်။

ဆုတောင်းပြည့်ဘုရားဝင်းထဲက မင်းနှစ်ပါး လူ့ဘဝတုန်းက ဒိုးထိုးဆော့ကစားခဲ့တဲ့နေရာမှာ ဒိုးကလေးတွေကို သွားဆက်ဖို့အတွက် ဒိုးကလေးတွေရောင်းတဲ့ ဒိုးသည်ကလေးတွေလည်း ပျော်ကြတယ်။ ပန်တော်ပန်းသည်လေးတွေကတော့ မျက်စိတောင် မဖွင့်တော့ဘူး။ ဒီရာသီမှာပေါ်တဲ့ မြစ်ကြီးနား နာနတ်သီးသည်တွေ၊ အအေးဆိုင်တွေ၊ ပွဲတော်မုန့်သည်တွေ၊ တောင်ပြုန်းလက်ဆောင် ဆွဲကြိုး၊ လက်ကောက် ရွှေတုဆိုင်လေးတွေ၊ ခါးပါးနှိုက်တွေ၊ လူပင်လယ်လှိုင်းလုံးကြီးကို အမှီပြုပြီး အားလုံးပဲ ပျော်ကြပါတယ်။ မုန့်ဖက်ထုပ်၊ စလူမုန့်၊ ကရေကရာ စတဲ့ ပွဲတော်မုန့်ထုပ်လေးတွေကို ကိုင်ပြီး လည်ပင်းတွေ၊ လက်တွေမှာ ဝင်းဝင်းလက်နေအောင် ရွှေဆွဲကြိုး၊ ရွှေလက်ကောက်အတုတွေကို အပျော်ဝတ်ဆင်ထားကြတဲ့လူတွေဟာ ကနားတဲခန်းတွေပေါ်မှာ ရောက်ရှိနေကြတဲ့ မင်းနှစ်ပါးနဲ့ ဖေကြီးကျော်ဆီကို တိုးဝှေ့သွားလာနေကြတယ်။ ဒါပေမယ့် နန်းကြီးအနီး ခြံဝင်းထဲက ဂျိန်းစဘွန်းမကြီး ဒေစီဂျိန်းရဲ့ နတ်နန်းအိမ်ပေါ်မှာ ပူးကပ်ရောက်ရှိနေတဲ့ နတ်ကတော့ မင်းနှစ်ပါးနဲ့ ဖေကြီးကျော် မဟုတ်ဘူး။ မိန်းမတွေ အလွန်သဘောကျတဲ့ အမေဂျမ်းနတ်လေ။

'ဟဲ့... အမေက လမ်းဆုံက ဂျမ်းဘုံဟဲ့။ ပါးစပ်ကလည်း ခပ်ကြမ်းကြမ်းပဲ။ အမေက ထန်းရည်လေး အရက်လေးလည်း ကြိုက်တယ်။

အမေ့လင်က ကိုတက်ခါး၊ သူခိုးကြီး ငတက်ပြားဆိုတဲ့ ကိုတက်ခါး၊ ကိုတက်ခါးက နေပြည်တော်မှာ ရွှေတိုက်စိုးဘဝနဲ့ ကောင်းစားပြီး အမေ့ဆီ ပြန်မလာတော့ အမေက လိုက်သွားတယ်။ နေပြည်တော်နား အမေရောက်သွားတော့ ဘုရင့်တပ်မတော်ကြီး ချီလာတာကို အမေက တောသူပဲ၊ ဘယ်သိမလဲ။ လမ်းကို ဖြတ်ပြေးတော့ ဟဲ့... ဘုရင့်တပ်မတော်ကြီး ချီလာတာကို တပ်ဦးက ဖြတ်ကူးရဲတာ ဘယ်သူလဲဟဲ့ ရှေ့တော်သွင်းဆိုပြီး အမေ့ကို စစ်သားတွေက ဖမ်းတော့ အမေက ထန်းရည်ကလည်း မူးမူးနဲ့ အယုတ္တအနတ္တကုန်အောင် ဆဲချလိုက်တယ်ဟဲ့'

အမေဂျမ်းရဲ့ ညစ်ညမ်းကြမ်းတမ်းတဲ့ အဆဲတွေကို မိန်းမတွေက ရှက်မျက်နှာတွေနဲ့ သဘောကျရယ်ကြတယ်။ သာမန်အချိန်ဆို ဘယ်နားထောင်ရဲပါ့မလဲ။ ဒါ နတ်ဝင်လို့ နားထောင်ရဲတာပေါ့။ နတ်ကတော်ကလည်း သာမန်အချိန်ဆို ဒီလို ဂုဏ်သရေရှိမိန်းမတွေရှေ့ ဘယ်ဒီလိုထွက်ရဲမလဲ။ ဒါ နတ်ဝင်နေလို့ ထွက်ရဲတာပေါ့။ ဒေစီဂျိန်းကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အဘွားကြီးလို ဖွာလိုက်၊ လက်ဖက်ဆီစိမ်လေး ကောက်မြုံလိုက်၊ အရက်လေး တစ်ကျိုက် ကျိုက်လိုက်၊ ပြောချင်တဲ့ ညစ်တီးညစ်ပတ်တွေကို အမေဂျမ်းအကြောင်းပြုပြီး ပြောလိုက်နဲ့ ကြော်တဲ့လှော်တဲ့လုပ်ငန်းမှာ ကောင်းကောင်းကြီး အရှိန်ရနေတော့တယ်။

'အေး... အဲဒီမှာ ဒါလောက်ရိုင်းပျကြမ်းတမ်းတဲ့ တောသူမဆိုပြီး အမေ့ကို ရိုက်သတ်ပစ်လိုက်ကြလို့ အမေ သေရတာ။ ဘယ်ကို ရိုက်သတ်တယ် ဆိုတာကိုရော ပြောရဦးမလား'

'တော်ပါတော့ အမေရယ်၊ မပြောပါနဲ့တော့၊ မပြောပါနဲ့တော့'

ဘေးနားက မင်းမင်းက ဒေစီဂျိန်းအကြောင်းကို သိလို့ အသာဝင်ထိန်းတယ်။ နည်းနည်း ထွေတေတေဖြစ်နေတဲ့ ဒေစီဂျိန်းက မင်းမင်းကို မျက်စောင်းထိုးကြည့်တယ်။

'ဟင်... အမယ်လေး... ကိုတက်ခါးပါလား။ မောင်ကိုတက်ခါး'

ဒုက္ခပါပဲ။ ပြောမိကာမှ ပိုဆိုးကုန်ပြီ။ အဲဒါမျိုးတွေ သိပ်ရှက်တာ။ သိပ်စိတ်ညစ်တာ။ မင်းမင်း မအီမသာမျက်နှာနဲ့ သူ့ပေါ်လှဲချလိုက်တဲ့ ဒေစီဂျိန်း အမေဂျမ်းကို အသာထိန်းပွေ့ထားရတယ်။ လူရှေ့သူရှေ့မှာ ဒါမျိုးမလုပ်ပါနဲ့လို့ ဘယ်နှခါပြောပြော ဘယ်တော့မှ မရဘူး။ ဒါပေမယ့် ခုလိုအချိန် မင်းမင်း စိတ်မဆိုးရဲဘူး။ သူ့ကို ပစ်ချပြီး ထမသွားရဲဘူး။ မင်းမင်း လုပ်လိုက်ရင် အမေဂျမ်းထက်တောင် ကြမ်းတဲ့ အမေဂျိန်းက လူရှေ့သူရှေ့မရှောင် အရှက်ခွဲပြလိမ့်မယ်။ အမေဂျမ်းအရှိန်နဲ့ ပိုတောင်ဆိုးနိုင်တယ်။ တစ်ခါ မင်းမင်း ခံရပြီးပြီလေ။ ပျော်ပွဲပေးတဲ့ ကနားပွဲတစ်ပွဲမှာ သူ အမေဂျမ်း ဝင်တော့ ထုံးစံအတိုင်း မင်းမင်းက လုပ်ပေးနေကျဖြစ်တဲ့ ပဝါစွန်းမှာ ပရုတ်ဆီသုတ်ဖို့ကိစ္စ မေ့သွားတယ်။ အမေဂျမ်းက သူ့ဘဝအကြောင်း ခုနလိုပြောပြီး ကိုတက်ခါးကို လွမ်းတဲ့အခါမှာ မျက်ရည်အစစ်ကျပြီး ဆိုင်းနဲ့ကမှာလေ။ ပဝါစွန်းကို ပရုတ်ဆီသုတ်ဖို့ မင်းမင်းက မေ့နေတော့ ဘယ်လောက်တို့တို့ မျက်ရည်မထွက်တော့ဘူး။ မထွက်တော့ မင်းမင်းကို အသာကပ်မေးတယ်။ အဲဒီမှာ ဟာ... မေ့သွားတယ်လို့ မင်းမင်းကလည်း ပြောလိုက်ရော အမေဂျမ်းဘဝနဲ့ ဆဲလိုက်ဆိုလိုက် ပြောလိုက်တာ ရစရာကို မရှိတော့ဘူး။ အေးလေ မင်းမင်းဘဝမှာ ရှက်ခြင်းဆိုတာကို မေ့ထားခဲ့ရတာ ဘယ်လောက်ကြာပြီလဲ။

'ကဲ... ကောင်မတွေ ဘာရယ်ကြတာလဲ။ နင်တို့က ဟင်... ကိုတက်ခါးက

ငါ့လင်ဟဲ့ သိလား။ တေးသီမဆုံးတဲ့ အေးကြည်ကုန်းက အမေဂျမ်းလင်။ ဟဲ့... ဟဲ့... ဆက်ကြ၊ ငါ့ထန်းရည်ဖိုး၊ လက်ဖက်ဖိုး'

မိန်းမတစ်သိုက် ရိုရိုသေသေ ရှေ့တိုးပြီး ပိုက်ဆံတွေ ဆက်ကြတယ်။ ဒေစီဂျိန်းက ခေါင်းတုန်တုန်၊ လည်တုန်တုန် မျက်စိမှုန်မှုန် အဘွားကြီး ဟန်ပန်အမူအရာနဲ့ မိန်းမတစ်ယောက်ကို လက်ကာကြည့်တယ်။

            'ဟဲ့ကောင်မ၊ နင် အရောင်းအဝယ်တစ်ခု ဓိဋ္ဌာန်ထားတယ် မဟုတ်လား။ အေး... အဲဒီအရောင်းအဝယ် အောင်မြင်အောင် အမေက လုပ်ပေးမယ်တော့်၊ လုပ်ပေးမယ်'

            ဒေစီဂျိန်းရဲ့ နောက်ဆက် ညစ်တီးညစ်ပတ်စကားတွေကိုပဲ မိန်းမက လက်အုပ်ချီ နာခံယုံကြည်လို့ နေတယ်။

            'ဟဲ့... ဟိုကောင်မ တစ်ယောက်ကရော။ ရှေ့တိုးဟဲ့၊ အမေ့နားလာ၊ လင်မှုကြောင့် ရင်ထုနေရတဲ့ကောင်မ၊ ဘာမှမပူနဲ့။ အမေ ပြန်ခေါ်ပေးမယ်။ အမေ ထဘီတစ်ခါယမ်းရှိတယ်ဟဲ့။ ကိုတက်ခါးတုန်းကလည်း အမေ့မယ် ဒီလိုပဲ၊ ကြားလားဟဲ့... ဟိုကောင်မ'

            ရွှေတွေ၊ စိန်တွေ သီးနေတဲ့ မျက်နှာမသာမယာနဲ့ မိန်းမတစ်ယောက်က ရှေ့တိုးပြီး လေးဆယ့်ငါးကျပ်တန် တစ်ရွက်ဆက်တယ်။ တစ်ခါတည်း အမေဂျမ်းက ဗြတ်ဆိုဆွဲပြီး လွှင့်ပစ်လိုက်တယ်။

            'ငါက ဒီ သောက်ပိုက်ဆံလောက်ကို ဘာလုပ်ရမှာတုံးဟဲ့။ ဟင်း... ညည်းက အမေဂျမ်းအတွက်ကျ နှမြောတယ်။ အောက်လမ်းတွေနဲ့ ဓာတ်ရိုက်ဖို့ကျ ကုန်ချင်သလောက်ကုန်၊ ဟုတ်လားဟဲ့'

            'မဟုတ်ပါဘူး အမေရယ်၊ ကျေနပ်ပါ။ အမေ့သား ပြန်လာတော့ ပျော်ပွဲများ ကျင်းပါ့မယ်'

            'ဟေ့... မလိုချင်ဘူး။ ခုချက်ချင်းလုပ်။ လေ မလိုချင်ဘူး။ လေပေးရင် လေရမှာပဲ။ နတ်ကလည်း ရှင်းရှင်းပဲ ပြောတတ်တယ်'

            ဟော... လုပ်ကုန်ပြီ။ ဒေစီဂျိန်းစကားတွေ ပါလာပြီ။ ထုံးစံအတိုင်း မင်းမင်းက ခပ်ပြုံးပြုံးနဲ့ ဟိုမိန်းမကို အသာမေးငေါ့ပြရင်း အခြေအနေကို ဝင်ထိန်းရတယ်။

            ဟိုမိန်းမက ပိုက်ဆံအိတ်ဖွင့်ပြီး နှစ်ရာတန်တစ်ချပ် ထုတ်ရှာပါတယ်။

            'လမ်းဆုံက ဂျမ်းဘုံ၊ နာမည်တစ်လုံးနဲ့နေတာ။ သူများဆီ မသဒ္ဓါရေစာကို အတင်းဓားပြတိုက် မတောင်းဘူး။ မကျေနပ်ရင် ပြန်ယူသွားပါ'

            ကြည့်... ကြည့်၊ လုပ်လိုက်ပါလိမ့်မယ်။ ဒေစီဂျိန်းတို့ကတော့ လုပ်လိုက်ပါလိမ့်မယ်။ ဟိုမိန်းမမယ် ကျေနပ်ပါ အမေရယ်... အမေရယ်နဲ့ ပြောလိုက်ရတာ။ မင်းမင်းကပါ 'ကျေနပ်ပါ အမေ' ဘာညာနဲ့ ဝင်ထိန်းမှ နောက်မိန်းမတစ်ယောက်ဆီကို ကူးသွားတယ်။

            ဒီလိုပဲ ဒေစီဂျိန်းတို့ကတော့ မင်းမင်း ဘယ်လိုပြောပြ၊ ပြောပြ ဘယ်တော့မှ မရဘူး။ ကိုယ့်အလုပ်က သူတို့ဆီက ပိုက်ဆံရအောင် တောင်းဖို့ အရေးကြီးတာ။ ပါးစပ်ကလေးပဲ။ ပါးစပ်ကလေးက လိမ္မာဖို့ပဲ၊ ချိုသာဖို့ပဲဆိုတာ ဘယ်တော့မှ နားမလည်ဘူး။ ငါက ချိုချိုလေးနဲ့ လိမ်ရမှာပေါ့ ဆိုတာတွေက လုပ်လိုက်သေးတယ်။

            ဒါ လိမ်တာမှ မဟုတ်တာ။ မင်းမင်းကတော့ ကိုယ်ထမင်းစားနေတဲ့ ဒီအလုပ်ဟာ လိမ်စားတဲ့အလုပ်လို့ မထင်ပါဘူး။ ပိုက်ဆံတွေ ပိုလျှံနေတဲ့ သူတွေက သူတို့အကျိုးအတွက် ပေးတဲ့ပိုက်ဆံကို မင်းမင်းတို့ ခွဲဝေစားကြတာပါ။ ဒေစီဂျိန်းကို မှီခိုနေတဲ့အဖွဲ့၊ ဆိုင်းမိသားစု၊ နောက်ဆုံး ငှက်ပျောသီး၊ အုန်းသီးသည်လေးတွေအဆုံး ခွဲဝေစားကြရတယ်။

            ဒီခေတ်ကြီးမှာ မိသားစုတော်တော်များများကို ဒီအလုပ်က ထမင်းဝအောင် ကျွေးနိုင်တယ်လေ။ ဒီတော့ ပိုက်ဆံတွေ ပိုနေတဲ့သူတွေဆီက ပိုက်ဆံရအောင် တောင်းတာဟာ တရားတယ်လို့ မင်းမင်းထင်တယ်။ အရှုပ်မကြီးရယ်၊ ခင်ဗျား ကြော်လှော်နေတာတွေဟာ မိသားစု တော်တော်များများ ထမင်းစားဖို့ ဖြစ်တဲ့အတွက် ခင်ဗျားကုသိုလ်ရပါတယ်။

            'အေး...အေး၊ လိုချင်တာရစေ့မယ်ဆိုရင် ကျေနပ်တယ် မဟုတ်လား။ အမေ့ထဘီ တစ်ခါ မယမ်းရပါဘူး သမီးရဲ့၊ ဟုတ်ရဲ့လား'

            ဒေစီဂျိန်းတစ်ယောက် ကြော်လို့လှော်လို့ ကောင်းနေတုန်းမှာပဲ မိန်းမ တစ်ဖွဲ့တဝုန်းဝုန်း အိမ်ပေါ်တက်လာကြတယ်။

            'ကိုဘစီ... ကိုဘစီ၊ ကျုပ်တို့ ဆွဲကြိုးဖြတ်ခံရလို့'

            'ဘာဟဲ့'

            အမေဂျမ်း ရုတ်တရက် ကြောင်သွားတယ်။ မိန်းမတွေက ဒေစီဂျိန်းကို ကိုဘစီပဲ ခေါ်တဲ့ အောက်ဘက်က ဆွေမျိုး တောသူဌေးတွေ။ ပြီးတော့ ဒီနေ့ညနေ တက်ပွဲဒကာတွေ။

            'ဟဲ့... ဘယ်သူ့ဆွဲကြိုးလဲ'

            ဒေစီဂျိန်းတို့ကတော့ ချက်ချင်း ဒေစီဂျိန်းဆီက အမေဂျမ်း လိပ်ပြာခွာသွားတယ်။

            'ကျုပ်ဆွဲကြိုးလေ၊ နှစ်ကျပ်သား ကြိုးကြီး။ လုပ်ပါဦး ကိုဘစီ၊ နတ်မေးပါဦး'   

'သြော်...ဟဲ့... ငါ မပြောလိုက်ချင်ဘူး။ ခါးပိုက်နှိုက်က ဖြတ်သွားတာ နတ်ကတတ်နိုင်မလား။ ကဲ... ညည်းတို့ ငါ အတန်တန်မှာ လိုက်ရဲ့သားနဲ့။ ဟဲ့... မင်းမင်းလာ'

            ခေါ်ပြီ ခေါ်ပြီ။ သူလုပ်ချင်ရာတွေ လုပ်ဖို့အတွက် မင်းမင်း ခေါ်ပြီ။ ဒီမှာ... အမေဂျမ်းပရိသတ်တွေကို ပြေလည်အောင် မင်းမင်းက ရှင်းပြနေတုန်း ရှိသေးတယ်။

            'ဘာလဲ...ဘာလဲ ခင်ဗျားက ဘာလုပ်မှာလဲ'

            'ဟဲ့... ဘာလုပ်ရမှာလဲ၊ ရဲစခန်းတိုင်မှာပေါ့။ သွား... နင်က ရဲစခန်းမှာ တိုင်ချက်သွားဖွင့်။ ငါက ငွေခင်ဆီ သွားမယ်'

            'ဘာလုပ်ဖို့လဲ။ ငွေခင်က ဘာလုပ်ဖို့လဲ'

            'ဟဲ့... နင်သိသားနဲ့။ ပွေချင် ငွေခင်ဆီသွား၊ ကိုယ်က အရှုပ်အပွေ ကိစ္စဖြစ်ပြီ။ သူ့ဆီက ရဲစခန်းထက်တောင် မြန်ချင်မြန်ဦးမယ်။ သွား... သွား... ငါပြောတာလုပ်။ ဟဲ့... ပိုက်ဆံရှိရဲ့လား။ ရော့... ပိုက်ဆံက ပါသွားမှ'

            လုပ်တော့မယ်၊ လုပ်တော့မယ် ကြည့်၊ ခုန အမေဂျမ်း မိန်းမတွေ ဆက်ထားတဲ့ ပိုက်ဆံတွေထဲက နှစ်ရာတန်တစ်ချပ် လှမ်းယူတယ်။ တော်သေးတယ်။ ဟိုဆွဲကြိုး ဖြတ်ခံရတဲ့ မိန်းမက ဒီကယူ... ဒီကယူ ဆိုပြီး ပိုက်ဆံလှမ်းပေးလို့။

            ဟော... သူကတော့ အိမ်နေရင်းဝတ် ပုဆိုးထဘီ ဖိုသီဖတ်သီကြီးနဲ့ ခုံဖိနပ်ကြီးစီးပြီး ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်သွားပြီ။

            'အဖော်တစ်ယောက် ခေါ်သွားပါလား'

            'မလိုဘူး၊ ဘယ်သူမှ မလိုက်ခဲ့နဲ့'

            ဒေစီဂျိန်းက ပြန်အော်ပစ်လိုက်ပြီး ဘောက်ဆတ် ဘောက်ဆတ်နဲ့ ကနားတဲခန်းတွေကြားထဲ တိုးဝင်သွားတယ်။ သွားရင်းက အိတ်ထောင်ထဲက မျက်မှန်ကို ထုတ်တပ်တယ်။ မျက်စိက မှုန်ပြီလေ။ မျက်မှန်က တပ်ရပြီ။ ငါးဆယ်ကျော် ခြောက်ဆယ်တွင်းပဲ မှုန်ပြီပေါ့။ လူကသာ အရွယ်တင်လို့ ငါးဆယ်ကျော် မထင်ရတာ။

            ငွေခင်ကို ဘယ်မှာလိုက်ရှာရပါ့ မလဲ။ ဒါလောက် ပြွတ်သိပ်ထိုးနေတဲ့ ကနားတဲတွေကို တစ်ကနားဝင် တစ်ကနားထွက် လိုက်ရှာရင်တော့ သေလိမ့်မယ်။ ဒီအခြောက်မ ကနား က နေရာအတည်တကျရှိတာ မဟုတ်ဘူး။ ဒီနှစ် တစ်နေရာ၊ နောက်နှစ် တစ်နေရာ။ ပြောင်းချင်ရာ ပြောင်းနေတာ။

            ဒီဟာမက လူပေ၊ လူတေ၊ လူရွတ်မ။

            နာမည်တစ်လုံးနဲ့နေတာ။ 'ပွေချင် ငွေခင်ဆီသွား'တဲ့။

            သူ့နာမည်ရင်းက သောင်းခင်ပါ။ ရှုပ်ရမယ့်ကိစ္စ၊ ပွေရမယ့် ကိစ္စမှန်သမျှ သူ မပါရင် မပြီးဘူး။ ပြီးတော့ ဘယ်အချိန်ဖြစ်ဖြစ် သူ့ကြည့်လိုက်ရင် ဘိုင်ပြတ်နေတာချည်းပဲ။ သူ့လက်ထဲ ပိုက်ဆံက ဘယ်တော့မှ ကြာကြာ မနေဘူး။

            ဒါကြောင့် သူ့ကို ဝိုင်းပြီး ငွေခင် ငွေခင်နဲ့ ခေါ်ရင်းက ငွေခင် ဖြစ်သွားရော။ ပွဲတော်တွင်းမှာ အတိုးနဲ့ ငွေချေးချင်လား၊ ရွှေပေါင်ချင်သလား၊ ရောင်းချင်သလား၊ နတ်ပုံတော် ပေါင်ချင်သလား၊ ကြက်ဖလား ပေါင်ချင်သလား၊ တောင်ရှည်ပုဆိုး ပေါင်ချင်သလား၊ ထိုင်မသိမ်း ပေါင်ချင်သလား၊ မိန်းမလျာ ယောကျ်ားချင်း အလဲအလှယ်လုပ်မလား၊ ယုတ်စွအဆုံး ခါးပိုက်နှိုက် ခံရရင်တောင် သူ့ဆီ သွားစုံစမ်း၊ ရဲစခန်းထက် မြန်မြန်သိနိုင်တယ်။

            သူ့ကို ကိုးကွယ်တဲ့သူတွေထဲမှာ ခါးပိုက်နှိုက်တွေ ပါတယ်လေ။ ကဲ... ကုန်ရော၊ အဲဒီတော့ အရှုပ်အပွေကိစ္စတွေနဲ့ ပတ်သက်ရင် ငွေခင်ဆီသွား။ 'ပွေချင် ငွေခင်ဆီသွား'ပဲ။

            သူနဲ့ ဒေစီဂျိန်းတို့ကျ တစ်ရွယ်တည်း၊ ရွယ်တူသူငယ်ချင်းတွေ။ တောင်ပြုန်းပွဲကို ရောက်တာကျ ငွေခင်က စောတယ်။ ဒေစီဂျိန်း ရောက်တဲ့ နှစ်မှာ သူက အလည်မဖြစ်နေပြီ။ နန်းကြီးရှေ့ သံတံခါးရိုးရာမှာ ခုန်ကြရင်း သူငယ်ချင်း ဖြစ်သွားကြတာ။ မဟုတ်တာမှန်သမျှ သင်ပေးတဲ့ဆရာလည်း ဆရာပေါ့။ ဒေစီဂျိန်းနဲ့ကို အောက်ဘက်က နတ်ကနားပွဲတွေ လိုက်ကနေ သေးတယ်။ ဟိုတုန်းက သူကလည်း ဆံပင်ရှည်နဲ့။ ဆံပင်တစ်ရပ် လူတစ်ရပ်။ အောက်ဘက်က နတ်ဆိုရင် ဆံပင်ရှည်နဲ့မှလေ။

            'ဟဲ့... ဒေစီဂျိန်းကြီး၊ ဘယ်တုံးဟဲ့။ လင်ပျောက်လို့လား'

            ဘေးကနားတဲတွေဆီက လှမ်းအော်တဲ့ အခြောက်မအသံ ပြာပြာ ပေါ်လာတာနဲ့ ဒေစီဂျိန်းက မိန်းမလျာတို့ရဲ့ ပင်တိုင်လက်သုံးအဆဲ ဖေနဲ့ ကိုင်တုတ်ပစ်လိုက်တယ်။ ကြည့်စမ်း၊ ဘယ်သူလဲလို့။ လက်ကောက်မ မိနွေလေ။ မိတ်ကပ်တွေနဲ့၊ ပန်းတွေနဲ့၊ ကြွေကလပ်ရှေ့မှာ စီးကရက်ကြားညှပ်နဲ့ ကြော် လှော်နေတာလေ။

            'ဟဲ့... ငွေခင့်နန်းက ဘယ်နားမှာလဲဟဲ့။ လက်ကောက်မ'

            'သူက နတ်သမီးပဲဟဲ့။ တာဝတိံသာမှာ နေမှာပေါ့'

            ဒေစီဂျိန်းက ဒုတိယအကြိမ် ဖေနဲ့ ကိုင်တုတ်လိုက်ပြန်တယ်။

            'ဟဲ့... ပြောစမ်း၊ ဘယ်နားမှာတုံး'

            'တကယ်မသိဘူး။ သူများတွေ မေးသွား'

            ဒေစီဂျိန်း နောက်တစ်ကြိမ် ထပ်ဆဲပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ကနားတဲတွေကြား တိုးရပြန်တယ်။

            လက်ကောက်မဆိုတဲ့ ဟာမ ပါးရေနားရေ တွန့်တာတောင် အချိုးက မပြောင်းဘူး။

            ဒေစီဂျိန်းရယ်၊ ငွေခင်ရယ်၊ လက်ကောက်ရယ်က သက်တူရွယ်တူ သူငယ်ချင်းတွေ။ ဟိုတုန်းက မိန်းမလျာပေါက်စလေးတွေဘဝနဲ့ တောင်ပြုန်းမှာ အတွဲညီခဲ့ကြတာပေါ့။ ဘာမှမသိဘူး။ လှလှပပ ဝတ်စားပြီး သံတံခါး ရိုးရာကဖို့ရယ်၊ လူတွေနဲ့ တရုန်းရုန်းလုပ်ဖို့ရယ် ဒါပဲ။ အချိန်တန် သူငယ်ချင်း သုံးယောက် ဖြီးလိမ်းပြီး ထွက်ကလိုက်ကြ၊ ပျော်လိုက်ကြ၊ မိုးလင်းပေါက် လျှောက်သွားပြီး ပြန်လာအိပ်၊ နိုးတာနဲ့ ရေမိုးချိုး စားသောက်၊ ပြင်ဆင်ပြီး ပြန်ထွက်၊ ဘယ်လိုပျော်မှန်း မသိဘူး။

            သူငယ်ချင်းသုံးယောက် ကနားတဲလေး တစ်တဲမှာ စုငှားနေကြတာ။ တစ်နှစ်တာတော့ ငှားတဲ့လူတွေ များတယ်။ နင်တို့က လူရင်းတွေ၊ နင်တို့လည်း ကျယ်ကျယ်ဝန်းဝန်း နေရအောင် ဘုန်းကြီးကျောင်းထဲ နေကြဆိုပြီး ကနားတဲတွေ ငှားစားတဲ့ မသိန်းသိန်းဆိုတဲ့ မိန်းမက လောဘတိုက်ပြီး ဒေစီဂျိန်းတို့ကို ဘုန်းကြီးကျောင်းဝင်းထဲ ထားပေးတယ်။ ပစ္စည်းတွေ ဆွဲလွှင့်ပစ်ပြီး ကျောင်းထဲက နှင်ထုတ်လိုက်တာပေါ့။

            သူငယ်ချင်းသုံးယောက် ဘုံပျောက်ရော။ ရယ်လည်း ရယ်ရ၊ စိတ်ကလည်း ညစ်ပေါ့။

            'ဟေ့... အချိန်တန် အမှန်ဖြစ်ရင် ကျေနပ်တယ် မဟုတ်လား။ ဘုရင်ကျော် သခင်ကျော်၊ ဖေကြီးကျော်အကြောင်း သိတယ်မဟုတ်လားဟေ့'

            ဟိတ်နဲ့ ဟန်နဲ့ ကြိမ်းမောင်းလိုက်တဲ့ အသံလာရာဆီကို ဒေစီဂျိန်း လှမ်းကြည့်လိုက်တော့ အလို... နတ်မိမယ် စိမ်းကလျာပါလား။ မကြာခင်က လင်နဲ့ကွဲထားတဲ့ စိမ်းကလျာ။

            'လိပ်ပြာရှင်က လင်တရူးနေတာပါတော့်။ လင်တရူးနေတာပါ'

            ဒေစီဂျိန်းက အော်အော်လျှောက်လျှောက် လျှောက်ရင်း နှောက်ပစ်ခဲ့တယ်။ ဖေကြီးကျော် ပူးနေတဲ့ စိမ်းကလျာကတော့ နှောက်သွားတဲ့ ဒေစီဂျိန်းကို ဒေါသဖြစ်ဖြစ်နဲ့ စိတ်ထဲမှာပဲ ဆဲနိုင်တော့တယ်။

            ညှော်နံ့တွေမွှန်ပြီး ကက်ဆက်သံ ဆူညံပွက်နေတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်နားက ဒေစီဂျိန်းဖြစ်တော့ ဆိုင်ထဲက လူပြောင်လူနောက်လေးတစ်စုက မကြားတကြား လှမ်းစတယ်။ ဂျိန်းစဘွန်းမကြီးတို့ ဖြစ်သွားလိုက်ပုံများ သဘောကျတဲ့ မျက်စောင်းကို ချိတ်၊ တင်ပါးကို ယမ်းတဲ့ပြီး ဖြစ်သွားတာ၊ ခြောက်ဆယ်ကျော်ပေမယ့် ဖောက်သည်က မျှော်ချင်သေးတယ်။

            'ဂျိန်း... ဘယ်လိုလဲ'

            'သြော်... မလွမ်၊ ငွေခင့်လိုက်ရှာနေတာ'

            ဒီတစ်ခါတော့ ဒေစီဂျိန်းက ကောင်းကောင်းမွန်မွန်ရပ် နှုတ်ဆက်တယ်။ မိန်းမလျာအလွမ်က ရန်ကုန်သူ၊ ဗိုင်းကောင်းကျောက်ဖိ တရုတ်ကပြားမ။ ဘွဲ့တွေဘာတွေ ရပြီးသား၊ မျက်မှန်လေးနဲ့ ပိန်ပိန်ဖြူဖြူ၊ ခပ်အေးအေး နေတတ်တယ်။ သူလည်း သူ့ဟာနဲ့သူ ကိုးကွယ်သူတွေနဲ့ တန်ခိုးထက်သား။ ဒါပေမယ့် မိန်းမလျာမတို့ ထုံးစံအတိုင်း လင်ကို အမ်းရတာနဲ့ ကုန်တာပဲ။

            'ငွေခင် ဘယ်နားမလဲ သိလား'

            'ဟိုဒင်း... အရင် သူဌေးကုန်း ရှိပါရောလား။ အဲဒီ မြောက်နားမယ် ပြောတယ်'

            'ဟုတ်ပြီ ဟုတ်ပြီ၊ သွားမယ် မလွမ်'

            ဒီဟာမ ငွေခင်ဟာ သူဌေးကုန်းနားကကို မခွာနိုင်ဘူး။ သူဌေးကုန်း ပျက်တာတောင် ဒီနား ဝဲလည် လှည့်နေတယ်။ အင်း... မလွမ်ပြောသလို အရင်သူဌေးကုန်းဆိုတာ ဟိုတုန်းက တကယ်ရှိခဲ့ဖူးတာပေါ့။

            ရန်ကုန်တို့၊ မန္တလေးတို့၊ မော်လမြိုင်တို့၊ ပုသိမ်တို့ မြို့ကြီးတွေက သူဌေးကတော်တွေ၊ သူဌေးမတွေ အနေများတဲ့ ကနားတဲအစုလေးပေါ့။ ပိုက်ဆံကလည်း ပေါပေါ၊ လွတ်ကလည်း လွတ်လပ်၊ မိန်းမလျာဆိုတဲ့ ဟာတွေကလည်း (ကိုယ်ကစပြီး) အကြော်အလှော်တွေက တတ်ကြပါဘိ သနဲ့။ အပျော်တွေစုံ ကုန်ကြတာပေါ့။ မိန်းမလျာတွေရဲ့ သားလေးတွေနဲ့ ခပ်ရှုပ်ရှုပ်သူဌေးမ၊ သူဌေးကတော်တွေရဲ့ ဇာတ်လမ်းတွေ။ ခပ်လည်လည် ယောကျ်ားတစ်ပိုင်း မိန်းမလျာတွေနဲ့ ဇာတ်လမ်းတွေ။ သူဌေးမတွေ၊ သူဌေးကတော်တွေ ပိုက်ဆံကုန်၊ ဆွဲကြိုးကုန်၊ လက်ကောက်ကုန်၊ နောက်ပါသမျှ ကုန်ရော။ အဲဒီမှာ အဲဒီနေရာ ကနားတဲအစုလေးကို သူဌေးတွေ ကုန်လို့ 'သူဌေးကုန်၊ သူဌေးကုန်'နဲ့ ခေါ်ရင်း ကာလရွေ့လျောတော့ 'သူဌေးကုန်း' ဖြစ်သွားရော။

            သူဌေးကုန်း စည်ကားစဉ်က ငွေခင်တို့က သူ မပါရင် မပြီးတဲ့ ဆရာမကြီးပေါ့။ ဘယ်သူဌေးမရဲ့ ကောင်လေးနဲ့ ဘယ်သူဌေးမရဲ့ ကောင်လေး အလဲအလှယ်၊ ဘယ်သူဌေးမ လက်ကောက်အရောင်းအဝယ်၊ ဆွဲကြိုး အရောင်းအဝယ်၊ သူဌေးမတွေ ဆေးထိုး၊ ဆေးစားကိစ္စ။ သူအကုန်ပါ။ ပွေချင်ရင် ငွေခင်ဆီသွား။ ပွေချင်သမျှ ငွေခင်ရပဲ။ သူဌေးကုန်း ကောင်းစားစဉ်ကပဲ သူ့လက်ထဲ ငွေမပြတ်တာ တွေ့ဖူးတယ်။

            သူဌေးကုန်းပျက်တော့လည်း တချို့သူဌေးမတွေ သနားစရာကြီးပါ။ တွေ့တဲ့ကောင်လေး စွဲလမ်းပြီး နောက်နှစ်လာ ကုန်၊ နောက်နှစ်လာ ကုန်နဲ့ နောက်ဆုံး အိမ်ထောင်တွေ ဘာတွေပျက်ပြီး ကောင်လေးရဲ့မိန်းမ မိန်းမလျာ နတ်ကတော်ဆီမှာ ခိုကပ်နေရင်း ထမင်းချက်တွေ ဘာတွေဖြစ်လို့၊ ယုံနိုင်စရာ မရှိဘူး။ ဝဋ်တွေပေါ့။ ဝဋ်တွေ... ဝဋ်တွေ။

            ဒီနားပေါ့။ အရင်သူဌေးကုန်းဟာ ဒီနားပေါ့။ ကနားတဲတွေပေါ်မှာ တဲနဲ့မလိုက် ကော်ဇောကြီးတွေ၊ လေးဆင့်ချိုင့်ကြီးတွေ၊ ရေခဲချိုင့်ကြီးတွေ၊ ဇာခေါင်းအုံး၊ ဖဲခေါင်းအုံးကြီးတွေနဲ့။ စိန်ရောင် ရွှေရောင်တွေကလည်း ဖျပ်ဖျပ် ဖျပ်ဖျပ်။ အိုး... ကောင်ငယ် အရွယ်အစား စားလေးတွေကလည်း ခြေချင်းလိမ်လို့။ စားကြ၊ သောက်ကြ၊ ရယ်ကြ၊ မောကြ၊ ညုကြလို့။

            ဒီသူဌေးကုန်းကို ဒေစီဂျိန်း ပုဆိုးထဘီအလံတင်ပြီး လိုက်ခဲ့ဖူးပါတော်။ အိမ်ကဟာလေးပေါ့။ ဘယ်သူရှိရဦးမတုံး။ တစ်နှစ်ဟာ ညကြီး ပြန်မလာ၊ ပြန်မလာနဲ့ လက်စသတ်တော့ သင်းက အဲဒီကုန်း ရောက်နေတာကိုး။ အိုး... ဂျိန်းစဘွန်းမပဲ မနက်လေးနာရီ ထသွားတာ။ အချိန်ကောင်းကို သွားတာ။ အဲဒီအချိန်က အရှက်ခွဲလို့ အကောင်းဆုံးအချိန်လေ။ ဟိုမှာ ရန်များဖြစ်ရရင်ဘယ်လိုပြန်ပြောမယ်ဆိုတာ တစ်ညလုံး စာစီထားတာ။

            သူဌေးကုန်း ရှေ့တည့်တည့်ကနေ ရှက်ပြီး ပြန်ပြောရင်း ဘယ်လိုပြောမယ်ဆိုတာ တစ်ညလုံး စာစီထားတာ။ သူဌေးကုန်း ရှေ့တည့်တည့် ကနေကို လှမ်းပြီး ခုနစ်သံတင်ပစ်လိုက်တာ။ 'ဟဲ့... မင်းမင်း ထွက်ခဲ့စမ်း' ဆိုတာက အစချီပြီး တတ်သမျှ မှတ်သမျှ အဆဲအဆို အယုတ္တ အနတ္တတွေနဲ့ ကြိမ်းလိုက်တာ သူဌေးကုန်းကို ငြိမ်လို့၊ ဂျိန်းစဘွန်းမအကြောင်းသိတဲ့ မိန်းမလျာတွေကလည်း ဘယ်လှုပ်ရဲမလဲ။ သူဌေးကုန်းတစ်ခုလုံးကို ပုပ်စော် ပိုနံအောင် အပုပ်ရည်တွေ ထပ်ဖြန်းပစ်ခဲ့တယ် အေးရော။

            ဟိုကောင် မင်းမောင်ကိုလည်း မှတ်လောက်သားလောက်အောင် လက်ဆွဲပြီး တစ်လမ်းလုံး အော်အော်ပြီး ပြလိုက်တယ်။ 'ဟောဒီမှာ ကျုပ်သား အရှက်မရှိတဲ့ သူဌေးကုန်းက ခေါ်ခဲ့ရတာပါတော့်။ ကြည့်ကြပါတော့်'နဲ့ ကောင်းကောင်း အရှက်ခွဲပေးလိုက်တယ်။ ဒါမှ သင်းမှတ်မှာ။ နောက်မလုပ်မှာ။

            အရင်နဲ့မတူတဲ့ သူဌေးကုန်းဟောင်း ကနားတဲလေးတွေ နားကနေ ငွေခင် ရှိမယ့်ဘက် ဒေစီဂျိန်း ဖြတ်အထွက် ဂျိန်းစဘွန်း မျက်လုံးတွေက ကနားတဲ တစ်တဲထောင့်မှာ အင်္ကျီလဲနေတဲ့ အရင်သူဌေးကုန်းရဲ့ စူပါစတားသူဌေးမကြီး တစ်ယောက်ကို မြင်ဖြစ်အောင် လှမ်းမြင်တယ်။

            'ဟယ်... သူဌေးမကြီး၊ ဆံပင်တွေကို ဖြူလို့။ တောင်ပြုန်း ပြန်လာပြီလား။ သူဌေးကုန်း ပြန်ဖွင့်ဦးမလို့လားဟေ့'

            ဒေစီဂျိန်းမှန်းသိတာနဲ့ မိန်းမကြီးက မျက်နှာပျက်သွားပြီး ချက်ချင်း ပြန်ပက်တယ်။

            'မိန်းမရွှင်အလုပ်တွေ မိန်းမလျာတွေပဲ လုပ်တာဟေ့ သိလား'

            'အေး... ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ကတော့ မိန်းမရွှင်ပဲ။ အမြဲတမ်းကို ရွှင်နေတာ။ တော်တို့ကမှ ကြေးမရတဲ့ အကြီးစား'

            ကဲ... မှတ်ပြီလား။ ဒေစီဂျိန်းပါတဲ့။ မိန်းမလျာပါတဲ့။ မိန်းမလျာ လာမစမ်းနဲ့၊ မိန်းမလျာဆိုတာ အရှက်ကုန်ပြီးသား။ မွေးကတည်းက ဆိုင်းဘုတ် တင်ထွက်လာတာ။ ပက်ခနဲ ပြောချပြီး ဘောက်ဆတ် ဘောက်ဆတ်နဲ့ ထွက်လာတဲ့ ဒေစီဂျိန်းနောက်မှာ သူဌေးမအိုကြီး ကုပ်ပြီးကျန်ရစ်ခဲ့ရှာတယ်။

            'အို... လေလွင့်ရွက်ဝါ၊ လေလွင့်မ နင့်လိုက်ရှာရတာနဲ့ ငါ အသက်ထွက်တော့မယ်ဟဲ့'

            ကနားတဲရှေ့မှာ အရက်ခွက်ကိုင်ပြီး ထိုင်နေတဲ့ ငွေခင်ကို တွေ့တွေ့ချင်း ဒေစီဂျိန်းက အော်လိုက်တာနဲ့ ငွေခင်က မိန်းမလျာတို့ရဲ့ နှုတ်ဆက်အဆဲနဲ့ တုံ့ပြန်လိုက်တယ်။

            'ဘာကိစ္စ နင်က ငါ့လိုက်ရှာရတာလဲ။ လင်လဲချင်လို့လား'

            ဒေစီဂျိန်းက တစ်တစ်ခွခွ တစ်လုံးဆဲလိုက်ပြန်တယ်။ ငွေခင်ကတော့ သူ့မူပိုင်ဟန်အတိုင်း ပုဆိုးလတ်လတ်ပေါ်မှာ ရှပ်အင်္ကျီလက်တို ကြောင်ကြောင်ကျားကျား အပြင်ထုတ်ဝတ်လို့ လက်တစ်ဖက်က အရက်ခွက်၊ တစ်ဖက်က စီးကရက်၊ မျက်နှာလေးက လုံးလုံး၊ နှုတ်ခမ်းပါးနဲ့ မျက်လုံးလေး ပေကလတ် ပေကလတ်နဲ့ ဒီနေ့ ဘာများရှုပ်ရမလဲလို့ စဉ်းစားနေတဲ့ပုံ။

            'ဟဲ့... ငွေခင်၊ ငါ့အမျိုးတစ်ယောက် ခုနကတင် ဆွဲကြိုးဖြတ်ခံရလို့ နင် စုံစမ်းပေးစမ်းပါ'

            'အို... ငါနဲ့ဘာဆိုင်လို့လဲ။ ငါက စခန်းမှူးမှ မဟုတ်တာ၊ ရဲမှ မဟုတ်တာ'

            ဒေစီဂျိန်းက တစ်ခွန်း ထပ်ဆဲလိုက်ပြန်တယ်။

            'ဟဲ့... ခါးပိုက်နှိုက်တွေနဲ့ နင်သိတာပဲ။ နင့်လင်တွေပဲ'

            'အလိုတော်... မသိပေါင်၊ ရဲကြားရင် ငါ ဖမ်းခံရအောင် နင်လာလုပ်မနေနဲ့။ ခါးပိုက်နှိုက်တွေနဲ့ သိရအောင် ငါက သူတို့ဂိုဏ်းချုပ်ကြီးလည်း မဟုတ်ဘူး။ သူတို့အခါပေးလည်း မဟုတ်ဘူး'

            ဒေစီဂျိန်းကတော့ ရစ်နေတဲ့ ငွေခင့်အကြောင်းသိချင်း ဆဲလို့ချည်းသာ နေရတော့တယ်။

            'နင့်အဆက်အသွယ်တွေ ရှိသားပဲ။ ငါ့ဆီ ဘာလာစရာလိုလဲ။ နင်က အင်မတန် တန်ခိုးထက်တဲ့ ဗောင်းဆောင်းကြီးပဲ။ နင်ကိုးကွယ်တဲ့ ကြီးကြီး မာစတာတွေ၊ သူဌေးတွေ ရှိသားပဲ။ ငါက နတ်ကတော် အစုတ်အပြတ်၊ ဘာလုပ်ပေးနိုင်မှာလဲ'

            ရစ်ချင်တိုင်း ရစ်နေတဲ့ ငွေခင့်ကို ဆဲနေရုံကလွဲလို့ ဒေစီဂျိန်း ဘာမှ မတတ်နိုင်တော့ဘူး။

            'ဟဲ့ကောင်မ၊ သောက်ပိုတွေ တော်တော့။ အရက်ပေးစမ်း၊ အရက် မရှိဘူးလား'

            'မရှိဘူး၊ ငါ့လာမစီးနဲ့'

            'ဟဲ့... ငါ့ကို နင်လိမ်ပြန်ပြီ။ နင့်တဲထဲမယ် ရမ်သေတ္တာကြီး ငါမြင်နေရဲ့သားနဲ့'

            ငွေခင်က ကနားတဲထဲကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

            'အေး... အဲဒါမြင်လို့ အထင်မကြီးနဲ့။ ငါ့ဟာ မဟုတ်ဘူး။ မန္တလေး တရုတ်တန်းက တရုတ်ကလေး ညီအစ်ကို ရောင်းဖို့ လာပို့ထားတာ။ မနေ့က တစ်လုံး ဖောက်သောက်မိလို့ နှစ်ရာ့နှစ်ဆယ် ထည့်ရဦးမယ်။ ဟိုဘက်မယ် ရှိသေးတယ်။ ပက်စီသေတ္တာ၊ ဟိုနားအအေးဆိုင်က ကောင်မလေး လာပို့ထားတာ၊ ရောင်းဖို့။ ခုနကမှ သောက်ချင်လို့တော့ တစ်ဆယ်ဖိုး သွားဝယ်လာတာ။ အထင်မကြီးနဲ့၊ ငွေခင့်အကြောင်း နင်သိတယ်။ ပုံတော်တွေ ကာထားတဲ့တင်းတိမ်အနီက မြစ်ကြီးနား ဆရာတင့်ဆီက ငှားထားတာ။ ကန်တော့ပွဲ နှစ်ပွဲက ရွာထဲက မွေးစားသမီး လာပို့သွားတာ။ အပေါ်မှာ တန်းထားတဲ့ ကျပ်တန်လေးတွေက တပည့်တစ်ယောက် လာလုပ်သွားတာ'

            'ဟဲ့... ဒါလောက်လည်း မကြွားပါနဲ့'

            ငွေခင်တို့ကတော့ ပြောကာမှ ပိုဆိုးတော့တယ်။

            'ငွေခင်တို့က သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံနဲ့ နေရတာ။ ဖြစ်သလိုပဲ။ ဆန်လေးလုံးချင်းပဲ ဝယ်စားတယ်။ မီးသွေးဖို တစ်လုံးရှိတယ်။ တစ်နေ့က ဈေးထဲသွားပြီး ထမင်းဟင်းချက်ဖို့ မြေအိုးသုံးလုံး ဝယ်ခဲ့တယ်။ အကောင်းက ဆယ့်ငါးကျပ်၊ အရွဲ့က တစ်ဆယ်ဆိုတော့ အရွဲ့နှစ်လုံး ဆယ့်ငါးကျပ်နဲ့ ဆစ်ဝယ်လာခဲ့တယ်။ သောက်ရေအိုး ကောင်းတာက အစိတ်၊ နှုတ်ခမ်းပဲ့တာက ဆယ့်ငါးကျပ်တဲ့။ နှုတ်ခမ်းပဲ့တာ ယူလာခဲ့တယ်'

            ဟော... ကြည့်ကြည့် လုပ်တော့မယ်။ ငွေခင်တို့ကတော့ ဒေစီဂျိန်းမယ် မဆဲနိုင်ဘဲ ရယ်ရတော့ တယ်။ ပေတဲ့၊ တေတဲ့၊ ရွတ်တဲ့နေရာတော့ နှစ်ယောက်မရှိတဲ့ ကောင်မ။ ဒေစီဂျိန်းတို့ ရွတ်တာ၊ ရွဲ့တာတွေ သူ့ဘယ်မီလိမ့်မတုံး။

            သူ ပိုက်ဆံမရှိတော့ဘူးဆို ဘာလုပ်မယ်မှတ်လဲ။ သူ့ ကြက်ဖလား သွားပေါင်မှာ။ ပြီးတော့မှ သူ့တပည့် တစ်ယောက်ယောက် ဆူဖြိုးလာတော့မှ ငါ့ကြက်ဖလား သွားရွေးဆိုပြီး ခိုင်းတာ။ သူ့ကြက်ဖလားလေးက ငွေအစစ်ကလေးလေ။

            ငွေခင်တို့ ပွေတာ၊ ရှုပ်တာတွေကတော့ ပြောစရာချည်းပဲ။ တစ်ခါဟာ ဒေစီဂျိန်းဆီက သူ့မိန်းမ နတ်ချော့ချင်လို့ဆိုပြီး မင်းသမီး ထိုင်မသိမ်း ထဘီတစ်ထည် ငှားသွားတယ်။

            သြော်... သင်း လှလှပပ ဝတ်ပါစေတော့ဆိုပြီး အကောင်းစားလေး ကိုယ်ကငှားလိုက်တယ်။ ဟိုတုန်းက ပေါ်တဲ့ နှစ်ထပ်ဇာရှိပါရောလား။ ဇာအဝါရောင်ပေါ်မှာ ပုလဲတွေ ကပ်ထားလိုက်သေးတာ။ ကိုယ်က အလှကြိုက်၊ အကောင်းကြိုက်ဆိုတော့ သေချာချုပ်ထားတာ။ အဲဒါကို ငှားလိုက်ပြီး တစ်ရက်လည်း မလာ၊ နှစ်ရက်လည်း မလာ၊ ဒီတောင်ပြုန်းပွဲမှာပေါ့။ ပွဲတော်တွင်းကြီးမှာ။ ဒါနဲ့ တစ်နေ့ကျတော့ အိမ်က တောက်တိုမယ်ရ အခြောက်မလေးက 'မာမီ မာမီ့ထဘီ ညကပွဲမှာ မင်းသမီး ရူပါရုံ ဝတ်ကနေတာ တွေ့ခဲ့တယ်' တဲ့။ ဘယ်ရမလဲ။ ချက်ချင်းပွဲထဲ လိုက်သွားတာပေါ့။ နေ့ခင်းကြီး ပွဲနောက်ထဲ ဝင်သွားပြီး ဒေါသဖြစ်ဖြစ်နဲ့ မင်းသမီး ရူပါရုံ ဘယ်မှာလဲ ဘာလဲနဲ့ မိန်းမလျာတို့ ထုံးစံ အော်ကျယ် အော်ကျယ်လုပ်တော့ မင်းသမီးက ရှက်လွန်းလို့။ အဲဒီမှာ အရှုပ်မ ငွေခင်က ရှိတယ်။ မင်းသမီး ခုတင်ပေါ်မှာ။ ဒေစီဂျိန်း အသံကြားတာနဲ့ စောင်ခေါင်းမြီးခြုံထားတာ။

            ဒေစီဂျိန်းက ပြောလွန်းမက ပြောတော့မှ စောင်ခေါင်းမြီးခြုံထဲကနေ ဝုန်းခနဲ ထပြီး 'ဟဲ့... ရော့ဟဲ့ နင့်ထဘီ' ဆိုပြီး ပစ်ပေါက်ပေးပြီး ဆောင့်အောင့် ထွက်သွားတယ်။ အဲဒီ မင်းသမီးရူပါရုံကို သူက တစ်ည နှစ်ဆယ်နဲ့ ထဘီကို ငှားစားနေတာလေ။ ကဲ... ရှုပ်ပုံက အဲဒီလို။

            'ဟဲ့... နင် တက်ပွဲနေရာ ရောင်းဦးမလား။ လိုချင်တဲ့ သူ ရှိတယ်'

            ဟော... စလာပြီ။ ကြည့်၊ ရှုပ်ဖို့ ပွေဖို့ စလာပြီ။

            'မရောင်းပါဘူး။ အသက်ကြီးပါပြီ။ ဒါမျိုးတွေ မလုပ်ပါရစေနဲ့။ ငယ်တုန်းကသာ ပျော်လို့လုပ်တာ'

            ငွေခင်က မျက်စောင်းထိုးပြီး ဆဲတယ်။ နှုတ်ခမ်းပါးကလည်း နှုတ်သီးကို ချွန်လို့။ ဟုတ်တယ်လေ။ ကြီးကျယ် စကားပြောတာ မဟုတ်ဘူး။ ဒေစီဂျိန်း မလုပ်ချင်ပါဘူး။ မင်းမောင်ပြောသလို သိက္ခာရှိရှိ နေရမယ့်အရွယ် ရောက်ပြီ။ ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမရပါဘူး။ အရက် နှစ်လုံးနဲ့ ငွေတစ်ရာလောက် ရတာပဲ။ ခုတော့ ဈေးကြီးမှာပေါ့။ ဒေစီဂျိန်းတို့ လုပ်မယ်ဆိုရတာပေါ့။ ကိုယ်က တက်ပွဲလေး ငါးပွဲရှိတာ။ တစ်နေ့ နှစ်ပွဲလောက် တက်နေရတာ။ နံပါတ် တွေကလည်း ရှေ့ဆုံးချည်းပဲ။ ကိုယ့်တက်ပွဲဒကာ လိုက်မလာတဲ့တက်ပွဲမျိုး။ နေရာရောင်းလိုက်ရတာပေါ့။ ဒါပေမယ့် မလုပ်ချင်ပါဘူး။ နန်းကြီး သိရင်လည်း ဘယ်ကောင်းမတုံး။ နန်းကြီးကလည်း သိတာနဲ့ ချက်ချင်း အရေးယူမှာ။ နောက်နှစ် လုံးဝတက်ပွဲ နေရာပေးတော့မှာ မဟုတ်ဘူး။ လုပ်တဲ့သူတွေကတော့ လုပ်နေကြတာပဲ။

            'ဟဲ့... ဒီနှစ် ပခန်းကို ငါ နင်နဲ့လိုက်ခဲ့မယ် ကြားလား'

            'အမယ်လေး... မလိုက်ခဲ့ပါနဲ့။ ရှိကြီးခိုးပါရဲ့ မယ်မင်းကြီးမရယ်'

            ဒေစီဂျိန်းက အဟုတ် လက်အုပ်ချီလိုက်တော့ ငွေခင်က ဆဲပြန်တယ်။

            'နင် မော်တော်လိုက်ငှားပေးဦး မလို့လား။ ဘာတဲ့... မော်တော် ဆလင်လေးက နှုတ်ခမ်းမွေးလေးနဲ့ ပြောပါဦး'

            ငွေခင်က ဆဲလို့ချည်းနေတယ်။ ပခန်းသွားတုန်းကလည်း ပခန်းမို့ ငွေခင် ရှုပ်တာတွေလေ။ ပခန်း ဦးမင်းကျော်ပွဲက ပခန်းမှာ တပေါင်းလဆို ပွဲသပ်သပ် ရှိတယ်။ တောင်ပြုန်းလိုပဲ နတ်ကတော်တွေ အကုန်သွားရတာပေါ့။ သွားရတဲ့ ခရီးကတော့ နည်းနည်းကြမ်းတယ်။

            ကားတစ်တန်၊ ရထားတစ်တန်၊ မော်တော်တစ်တန်၊ လှည်းတစ်တန် သွားရတာ။ ရန်ကုန်ကနေ မန္တလေးကို မီးရထားနဲ့။ မန္တလေးကနေ ကားနဲ့ မြင်းခြံသွား၊ မြင်းခြံကနေ မြစ်ဆိပ်ကို မြင်းလှည်းနဲ့သွား မြစ်ဆိပ်ရောက်ဖို့ကို တစ်နာရီကျော်လောက် သွားရသေးတာ။ အဲဒီကမှ မော်တော်လေးတွေနဲ့ မြစ်ကြောင်းကနေသွား၊ ပခန်းရောက်။ ရေစကြိုဘက်က သွားတဲ့လမ်းလည်းရှိတယ်။

            အဲဒီမြစ်ဆိပ်မှာပေါ့။ ကိုင်း... မော်တော်ငှားမယ်ဆိုတော့ ငွေခင်နဲ့ တွေ့ရော။ အေး... သွား နင် မော်တော်ငှားချည်ဆိုပြီး ငွေခင့်ကို စိတ်ချလွှတ်လိုက်တယ်။ ငှားလာတဲ့ မော်တော်က မော်တော်လည်း မဟုတ်ဘူး။ ပဲ့ထောင် စက်လှေ၊ အမိုးမပါ၊ အကာမပါ၊ အိမ်သာမပါ၊ လမ်းတစ်လျှောက်လုံး နေတွေပူ၊ ဆီးတွေ ဝမ်းတွေချုပ် ဖြစ်ကုန်ကြတယ်။ ဒါနဲ့ ငွေခင့်ကို ဝိုင်းဆဲကြ ဆိုကြ အပြစ်တင်ကြတော့ မော်တော်ကို မကြည့်ဘဲ မော်တော်ဆလင်ရဲ့ဓာတ်ပုံကြည့်ငှားလာတာတဲ့။ ကောင်းကြသေးလား။ ဓာတ်ပုံထဲက နှုတ်ခမ်းမွေးလေးနဲ့ မော်တော်ဆလင်ကို ကြိုက်ပြီး ငှားလာတာတဲ့လေ။ ကဲ... ငွေခင်တို့က တော့။ ဒါပေမယ့် သူ့နေရာနဲ့သူတော့လည်း ငွေခင်က အားကိုးရပါတယ်။

            ပန်းမှာပဲ ဒေစီဂျိန်းနဲ့ ကနားတဲအပေါ်အောက်က နေရတဲ့ နတ်ကတော် မိန်းမတွေအပေါ်က ရေနွေးကျမှုတို့၊ ရေကျမှုတို့၊ ခြေသံပြင်းမှုတို့နဲ့ ရန်ဖြစ်ကြရော။ ဒေစီဂျိန်းတို့ကအပေါ်က...။

            ရန်ဖြစ်ကြတော့ ဒေစီဂျိန်းက ဒေါသနဲ့။ ဟဲ့... ငါ့ အကြောင်း သိရမယ်။ နင်တို့ကို နတ်နဲ့တိုက်မယ်။ ဘာညာနဲ့ ကြိမ်းပစ်လိုက်တယ်။ ပြီးတော့မှ ငွေခင်ကို လက်တို့ပြီး 'ငွေခင် လုပ်လိုက်စမ်း၊ ငါ တစ်ရာပေးမယ်'ဆိုပြီး ခိုင်းလိုက်တယ်။ ဟော... နောက်တစ်နေ့ မနက်လည်းကျရော အောက်က နတ်ကတော် မိန်းမတွေ၊ ပါလာတဲ့ ကိုးကွယ်သူမိန်းမတွေရဲ့ ထဘီတွေ၊ ဖိနပ်တွေ၊ စတီးချိုင့်တွေ အကုန်ပျောက်ရော။

            မိန်းမတွေ ကြောက်လိုက်ကြတာ။ တစ်ခါတည်း တန်းပြောင်းသွားတာပဲ။ ဟော... ငွေခင်တို့ ရေတွေ ရွှင်လို့၊ အရက်လေး တမြမြ။ စီးကရက်လေး တဖွာဖွာ၊ သူငယ်လည်း အမ်းလို့။ ဒေစီဂျိန်းက စချင်တာနဲ့ 'ဟဲ့... ငါ့ကိုတာ့ နင့်စတီးချိုင့် တစ်လုံးပေးဖို့ ကောင်းတာပေါ့'လို့ ပြောတော့ 'ငါဘာလုပ်လို့လဲ။ နင့်နတ်က စွမ်းလို့ဖြစ်တာ ဥစ္စာ'တဲ့။ ငွေတစ်ရာတော့ တောင်းသွားတယ်။

            'ကဲ... ငွေခင် နင်က ငါ့ကို အရက်လည်း မတိုက်၊ ဘာလဲ မတိုက် ငါသွားမယ်။ ငါပြောတာ သေချာနားထောင်၊ ဖြတ်ခံရတဲ့ကြိုးက နှစ်ကျပ်သား။ ရှေးတုန်းက အမ်စီပုံ'

            'ဟဲ့... ရဲကို သွားပြော၊ ငါ မသိဘူးဆို'

            ဒေစီဂျိန်းက ဆဲလိုက်တယ်။

            'နင်မသိဘူးဆို နင့်နတ်သတ်လေ... ကဲ'

            'သတ်'

            'နင့်နတ်ဖမ်း'

            'ဖမ်း'

            ဒေစီဂျိန်းက နောက်တစ်ခွန်း ထပ်ဆဲလိုက်ပြန်တယ်။

            'ဒါပဲ၊ ညနေ ငါ့ဆီ လာစကားပြန်လှည့်။ အိမ်မှာ ဧည့်သည်တွေနဲ့။ ညနေ တက်ပွဲအတွက်လည်း ဘာမှမလုပ်ရသေး ဘူး'

            ဒေစီဂျိန်း ထုံးစံအတိုင်း စိတ်မြန်လက်မြန် ခုန်ထပြီး သူ့ခုံဖိနပ်ကို စီးတယ်။

            'ဟဲ့... ပိုက်ဆံပေးခဲ့ဦး'

            သိပြီးသား၊ သင်းအကျင့်ကို သိပြီးသား။ သိလျက်သားနဲ့ ဒေစီဂျိန်းက မျက်စောင်းထိုးလိုက်တယ်။

            'ဘာပိုက်ဆံတုံး ပြောပါဦး'

            ငွေခင့်နှုတ်ခမ်းပါးတွေ တင်းတင်းစေ့ပြီး မျက်လုံးတွေ ပုတ်ပလပ် ပုတ်ကလပ် ဖြစ်လာတယ်။

            'နင့်ကို နတ်ပွဲ ကခိုင်းရင် နင် အလကား လိုက်ကသလား၊ အဆစ်ပေးပြီးတော့ လိုက်ကသလား'

            ဒေစီဂျိန်းက တဟားဟား ရယ်လိုက်တယ်။ ပြီးတော့မှ အိတ်ထောင် မပါတဲ့ အင်္ကျီပုတ်ပြရင်း...

            'ငါ့မှာ တစ်ပြားမှ မပါဘူး။ ညနေလာခဲ့။ ငါသွားပြီ'

            ဒေစီဂျိန်းနောက်မှာ ငွေခင်တစ်ယောက် 'ဖေ'ချင်း မိုးမွှန်ပြီး ကျန်နေခဲ့တော့တယ်။

ဆက်လက်ဖော်ပြပါမည်

နုနုရည်အင်းဝ

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

            


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
နုနုရည်အင်းဝ

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၄)
နုနုရည်အင်းဝ

ရေမလျှံတဲ့ မျက်နှာမွဲနတ်ကတော်လေးတွေများ ဆိုလို့ကတော့ ‘ရွှေခန်းမင်းကျော် မြင်းပေါ်တင်ကာခေါ် ဒါပဲ ‘ခေါ်ပဲ ခေါ်တစ်လုံးပဲ အမယ်လေး... ပိုက်ဆံထွက်မယ့် နတ်ကတော်ကျ လုပ်လိုက်ပါလိမ့်မယ် ‘ရွှေခန်းမင်းကျော် မြင်း...