နုနုရည်အင်းဝ
ချိုးရေတော်သုံး
ဝါခေါင်လဆန်း (၁၁) ရက်
‘တစ်မြို့စီ
ခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ... လေလှိုင်းကြားက
ခွန်းဆင့်ပါရဲ့ဆွေ ချစ်သူမောင်ရေ...ချစ်သူမောင်ရေ... ငယ်စဉ်ခါတုန်းကလေ
တောရွာတောဓလေ့ တို့တွေမှာလေ ခုများတော့ မေ့အား... မေ့ထားနိုင်ရက်ပေ...
မောင့်ကိုချစ်တာ တစ်ခုပဲသိတယ်လေ မေတ္တာအသေင်္ချေ... ဝေးတစ်မြေခြားသူ မောင်ရေ”
အုတ်ကျက်ဆူညံလှတဲ့
ချိုးရေတော်သုံးနေ့ရဲ့အသံမျိုးစုံကြားကနေ ပေါ်တစ်လှည့် ပျောက်တစ်လှည့်
ထွက်ပေါ်နေတဲ့ သီချင်းသံကလေးဟာ ချွဲနွဲ့ဆွေးမြည့်လို့နေတယ်။
ကနားတဲတန်းရှည်တွေကြားကနေ
တရွေ့ရွေ့သွားနေတဲ့ ချွဲနွဲ့သံလေးကို ကြားတဲ့သူတိုင်း နားမထောင်ဘဲ မနေနိုင်ပါဘူး။
‘ပိတောက်ပန်းတွေ...ပင်ယံနန်းမလေ...လျှမ်းတင့်လို့နေ...
ငယ်ချစ်ဆွေရေ...’
ချွဲနွဲ့သံလေးခမျာ
တရုန်းရုန်း စည်းကားဆူညံနေတဲ့ ဒေစီဂျိန်းရဲ့ အိမ်တံခါးဝအရောက်မှာ
မှိန်ဖျော့သွားခဲ့ရှာတယ်။
ဒေစီဂျိန်းရဲ့
ညနေပိုင်းတက်ပွဲအတွက် ရောက်လာကြတဲ့ ဆွေးမျိုးအုပ်စုနဲ့ ခြံဝင်းထဲမှာ
ပြည့်နေခဲ့တယ်။ ဒေစီဂျိန်းရဲ့ နတ်မိတ်ဆွေတွေကလည်း အိမ်ပေါ်အိမ်အောက်မှာအပြည့်။
ထမင်းကျွေးရတဲ့သူတွေကလည်း ခုချိန်ထိမစဲသေးဘူး။
ညနေတက်ပွဲအတွက်
စပြီး ပြင်ဆင်နေတဲ့ ဒေစီဂျိန်းရဲ့ဘေးမှာလည်း ဒေစီဂျိန်းပရိသတ်က
ဝိုင်းအုံထားကြတယ်။
အိမ်အောက်ထပ်က
ကွပ်ပျစ်ရှည်ကြီးပေါ်မှာ ဒေစီဂျိန်းရဲ့ မိတ်ကပ်သေတ္တာအနီထဲက တန်ဖိုးကြီး မိတ်ကပ်ပစ္စည်းတွေ ပြန့်ကျဲလို့နေ
တယ်။ မိတ်ကပ်လိမ်းပြီးစ နီရဲနုရွနေတဲ့ ဒေစီဂျိန်းရဲ့ မျက်နှာ မော့မော့မှာ
ဆွေမျိုးမိန်းကလေးတစ်ယောက်က မျက်တောင်တု တပ်ပေးနေတယ်။
'ဟဲ့...
မနက်က ချိုးရေတော်သုံးတာ မြင်ခဲ့ရရဲ့လား။ လူတွေက အများကြီး၊ အတင်းတိုးရတာ။
ခါးပိုက်နှိုက်ခံရသေးလား'
မျက်နှာမော့ထားရင်းက
ဒေစီဂျိန်း ထုံးစံအတိုင်း ပြောချင်ရာတွေက ပြောရသေးတယ်။
'ဟာ...
ဘာကိုမှ ကောင်းကောင်းမမြင်ရပါဘူး။ တဲနန်းဘေးပတ်ပတ်လည် လူတွေက အုံထားလိုက်တာ နည်းတာ
မဟုတ်ဘူး'
'အေး...
ပြောတယ်မဟုတ်လား။ ဒါကြောင့် ချိုးရေတော် သုံးတဲ့နေ့ဟာ ပွဲတော်မှာ အစည်ဆုံးနေ့လို့။
ဟဲ့... ကောင်မ၊ ဒီဘက်မျက်တောင်က မညီသေးဘူး။ ပြန်လုပ်ဦး၊ နာနာကပ်နော်။ ပြုတ်ကျလို့
သောက်ရှက်ကွဲနေဦးမယ်'
ဒေစီဂျိန်းက
သူ့မျက်တောင် အနေအထားကို မှန်ထဲမှာ သေချာပြန်ညှိတယ်။
'ဟဲ့...
အရင်တုန်းကဆို ပိုတောင်ဆိုးသေးတယ်။ ဟိုတုန်းက ဒီလိုတဲနန်းထဲမှာ
ချိုးရေတော်သုံးတာမှ မဟုတ်ဘဲ။ မြစ်ထဲထိ ဖောင်နဲ့ဆင်းပြီး ချိုးရေတော်သုံးတာ။
မင်းနှစ်ပါးကို နန်းကြီးကနေ ဝေါတော်နဲ့ပင့်ပြီး ဖောင်တော်ဆင်းရတာ။ အို...
အဲဒီထွက်တဲ့အချိန်ဆို ဆိုးလိုက်တာမှ လမ်းဘေးဝဲယာက လူတွေက မင်းနှစ်ပါးကို
ကန်တော့ကြရင်း ဝေါတော်ကို လက်နဲ့ထိကြတာ၊ ပန်းတွေဆက်ကြတာ၊ ပိုက်ဆံတွေ ဆက်ကြတာ၊ ဝေါက
ရှေ့တိုးလို့ကို မရတော့ဘူး။ တစ်ခါတည်း ဝေါထမ်းတွေက ကြိမ်ကိုင်ပြီးတော့ကို
လမ်းရှင်းရတာ။ အမယ်လေး... အဲဒီအချိန် ဝေါထမ်းကြီးတွေက ကြောက်စရာကြီးတွေ။ သူတို့က
အဲဒီအချိန်မှာ ရှေ့က လမ်းပိတ်တဲ့သူ မှန်သမျှကို ရိုက်ပြီးရှင်းရှင်း၊
သတ်ပြီးရှင်းရှင်း ဘာအပြစ်မှ မရှိဘူး။ ဝေါပေါ်မှာလည်း မင်းနှစ်ပါးပုံတော်တွေကို
ဖက်ပြီး လိုက်ရတာ။ လူတွေက အဲလောက်ဆိုးတာ။ ဒါပေမယ့် မြစ်ထဲကျတော့လည်း ကိုယ်တော်တို့
ချိုးရေတော်သုံးတာ သိပ်လွမ်းစရာ ကောင်းတာ။ ခုလို ရေထတဲ့အချိန် သိပ်ပျော်စရာ
ကောင်းတာပေါ့။ ရေထတော့ ကျေးဇူးရှင်များ ဖောင်ဆင်းတဲ့အခါကျတော့ ရေဆိပ်တင်
ဖောင်ဆိုက်၊ ဖောင်ကို ထိုးတင်ပြီးတော့ အကုန်လှေနဲ့လိုက်ရတာ။ ရေမထတဲ့အခါကျတော့လည်း
ဆိုးပေါ့။ ဗွက်ထဲဆင်းရသေးတာ၊ ရေရတဲ့ထိ။ ဆင်းပြီးတော့ ဖောင်ဆိုက်ထားတဲ့ဆီရောက်၊
အဲဒီဖောင်နဲ့ နတ်သစ်ပင်ထိ ထွက်ရတယ်။ အဲဒီတော့မှ အဲဒီနားတစ်ဝိုက် ကျွန်းထဲက ရွာတွေက
ရေလဲပိုင်းတို့၊ မျက်နှာသုတ်ပဝါတို့၊ ရေတော်လဲပုဆိုး တို့ကို လှေနဲ့ထွက်ပြီး
ဆက်ရတာ။ အဲဒီလူတွေက ရိုးရာသမားတွေ၊ ရေလဲတော်ဆက်တဲ့ ရိုးရာတဲ့။ ခု
မြစ်ထဲမဆင်းတော့လည်း ဒီနန်းပေါ်ကို မနေ့ညကတည်းက လာပို့ထားရတာ၊ အများကြီးရှိတယ်။
ရိုးရာသမားတွေ၊ ဖောင်တုပ်တို့၊ အနှီးပို့တို့၊ ဖောင်ဆွဲတို့ အဲဒါတွေက
နှစ်စဉ်လာရတာ။ ဘယ်အရပ် ရောက်နေနေ ရိုးရာမပျက်ရဘူး။ လာရတာ။ ဟဲ့... မှတ်ထား၊
ကိုယ့်ရိုးရာကို မမေ့စေနဲ့၊ ဂရုစိုက်ကြားလား။ အေး... ကိုယ့်လင်ကိုလည်း မမေ့စေနဲ့
ဒါပဲ'
ဒေစီဂျိန်း
ထုံးစံအတိုင်း အကောင်းပြောနေရာက ဖောက်သွားပြီ။
လင်ကြောင်း
သားကြောင်း ရောက်သွားပြီ။ ဘေးက မိန်းမအုပ်စုနဲ့ လင်ကြောင်းသားကြောင်း ပြောပြီး
တဟားဟား လုပ်တော့မယ်။
'.... တို့ငယ်စဉ်တုန်းကလေ... ပိတောက်တွေ ပွင့်ရင်လေ... လွမ်းသလို... ဆွေးသလိုပါ
မောင်ရေ...'
ဆွေးမြည့်နေတဲ့
အသံကလေးက ဒေစီဂျိန်းရဲ့ အိမ်ခြံဝင်းထဲကို သနားစဖွယ် ဝင်ရောက်လာခဲ့တယ်။
အသံလေးရဲ့
ဆွဲဆောင်မှုကြောင့် ဒေစီဂျိန်းရဲ့ ခြံဝင်းတံခါး ပွင့်သွားတယ်။ လာပါဦး၊ ဒီကို
လာပါဦးဆိုတဲ့ အသံ...
'ဂျိန်း...
အဲဒါ ဘာလဲ'
ဆွေမျိုးမိန်းမတစ်ယောက်ရဲ့
မအူမလည် အမေးကို မျက်ခွံပေါ် အပြောတင်နေတဲ့ ဂျိန်းက ဖြေတယ်။
'သီချင်းဆိုပြီး
ပိုက်ဆံတောင်းတဲ့ ဟာတွေလေ။ ဒီထဲမှာ ပြည့်လို့'
ဒေစီဂျိန်းရဲ့တံခါးဝမှာတော့
သီချင်းသည်အဖွဲ့လေးက တုတ်တုတ်လေး ထိုင်လို့နေကြပြီ။
အသားမည်းမည်းလုံးလုံး၊
ဆယ့်လေးဆယ့်ငါးရွယ်၊ ဝတုတ်တုတ် မိန်းကလေးက သူ့ရှေ့မှာ စဥ့်အိုးလေး အဝကို အဝတ်နဲ့
သားရေကျပ်ထားတဲ့ စဥ့်အိုးဗုံကလေးကို ချလို့။
သူ့ဘေးမှာ
ဆယ်နှစ်ရွယ် ယောကျ်ားလေးတစ်ယောက် ကနားတဲတွေက စွန့်ကြဲလိုက်တဲ့ ထမင်းဟင်းကျန် ကြွပ်ကြွပ်အိတ်ကလေးတွေကို
တစ်ဖက်ကကိုင်ရင်း တစ်ဖက်က ပိုက်ဆံထည့်တဲ့ ချိုင့်ကလေးကို ကိုင်လို့။
အဲဒီကလေးရဲ့
ဘေးမှာတော့ ချွဲနွဲ့ဆွေးမြည့်တဲ့အသံ ပိုင်ရှင်လေးက လက်နှစ်ဖက်မှာ စည်းဝါးကလေးကို
ကိုင်လို့။ ကိုယ်လုံး သေးသွယ်သွယ်လေးကိုပဲ ကြည့််ပြီး ခန့်မှန်းရတဲ့ ဆယ့်ခြောက်၊
ဆယ့်ခုနစ်နှစ်အရွယ် မိန်းမငယ်လေးက ငုံ့ထားတဲ့ သူ့မျက်နှာကို ခေါင်းပေါ်ကနေပြီး တစ်ဘက်တစ်ထည်နဲ့
ဖုံးအုပ်ထားခဲ့တယ်။
'ဆံခြည်စေ့မျှ...
မေ့မရလေဘူး... အချစ်ဦး... နေ့နေ့ ညညပြောင်း... မိုးဆောင်းနွေဦး...
ခြေဦးတည့်ရာလိုက်လို့သာ... ရှာခဲ့တယ် မောင်ရေ...'
ချွဲနွဲ့တဲ့အသံကလေးနဲ့
စည်းဝါးခတ်သံ စလိုက်တာနဲ့ စဥ့်အိုးဗုံလေးရဲ့ အလိုက်သင့် တီးသံလေး ပေါ်လာတယ်။
တယောသံမျှင်မျှင်လေး နွဲ့နေသလို ဆိုတတ်တဲ့ မိန်းမငယ်လေးက ကျုံ့ကျုံ့လေး
ငုတ်တုတ်ထိုင်ရင်း စည်းနဲ့ဝါးကို ငုံ့ထားတဲ့ ခေါင်းပေါ်မှာ တင်ထားတယ်။
'ရာသီရွေ့ရွေ့
လွမ်းတမြေ့မြေ့... မေ့ရင်မှာ ပူလောင် မောင်... မောင့်အချစ်မြားစူး... မောင့်
အချစ်မြားစူး... ရူးရပြီကောလေ...'
ဆွေးမြည့်နာကျင်နေတဲ့
အသံလေးဟာ ခြံဝင်းထဲက လူတွေအားလုံးကို တုန်လှုပ်စေတယ်။ အံ့သြစေတယ်။
ငြိမ်သက်လို့လည်း သွားစေတယ်။
'ကန္တရ...
ခရီးလမ်း... ကြမ်းတမ်းပါစေ...မောင်ရေ မောင်ရေ... ချစ်သူရဲ့... အချစ်ဝိညာဉ်ကလေး...
နားခိုရာနေရာ... ဟင်း... သို့မဟုတ် ချစ်သူနားခိုရာနေရာ...'
တယောသံမျှင်မျှင်လေးကို
အသံနွဲ့ကလေးဟာ ကြားရတဲ့ သူတိုင်းကို ဖမ်းစားနိုင်ပါတယ်။ ဂျိန်းပန်ဖို့
သစ်ခွခရမ်းလေးကို ယုယပြင်ဆင်ရင်း ရေချိုးခန်းဝမှာ ငြိမ်ရပ်နေမိရာက ထိတ်ခနဲ
မင်းမင်း လန့်သွားတယ်။
အိမ်အောက်ကနေ
မိတ်ကပ်မျက်နှာ၊ ပုဆိုးထဘီ ဖိုသီဖတ်သီနဲ့ ဒေစီဂျိန်းတစ်ယောက် ထွက်လာပါပကောလား။
သူ့ထုံးစံအတိုင်း အော်ချင်ရာအော်လိုက်လို့ကတော့ ပွဲပျက်ရချည့်ရဲ့။
ဘောက်ဆတ်
ဘောက်ဆတ်နဲ့ လျှောက်သွားတဲ့ ဂျိန်းနောက်ကို မင်းမင်းက မြန်မြန်လိုက်တယ်။
'မောင့်ကို
ရှာမလေ... မောင့်ကိုရှာ...မလေ... သြော်... မောင့်အချစ်မြားစူး... ရူးရပြီကောလေ'
စည်းဝါးသံလေး
ရပ်သွားပြီး ချွဲနွဲ့နွဲ့အသံလေး ပျောက်သွားတယ်။ မြေကြီးပေါ်ချထားတဲ့
ချိုင့်လေးထဲမှာ ငါးကျပ်တန်၊ ဆယ်တန်တွေ တဖွေးဖွေးကျလာတယ်။
'ဟဲ့...
ကောင်မလေးက အသံကောင်းသားပဲ။ ရုပ်ကော ချောရဲ့လား။ ပြစမ်း... မျက်နှာကြည့်ရအောင်'
'ဒေစီဂျိန်း'
မင်းမင်း
ဘယ်လိုမှ မတားလိုက်နိုင်ခင်မှာပဲ ဒေစီဂျိန်းက မိန်းမငယ်လေးရဲ့
ခေါင်းအုပ်ဖုံးအုပ်ထားတဲ့ တဘက်ကို ဆွဲလှန်ပစ်လိုက်တယ်။
ဒီခဏဟာ
မင်းမင်းအတွက် ဘယ်တော့မှ မေ့ပျောက်လို့ မရမယ့် ခဏဖြစ်သလို အပြစ်ကင်းစင်တဲ့
မျက်နှာပိုင်ရှင်မလေးအတွက်လည်း မေ့ပျောက်လို့မရမယ့် ခဏဖြစ်မယ်ဆိုတာ ဘယ်သူမှ
မသိခဲ့ကြပါဘူး။
မျက်နှာလေးက
ချောမောအပြစ်ကင်းလွန်းတယ်။ မျက်ခုံးနက်နက်ကလေး နှစ်ခုကြားမှာ မှဲ့နက်ကလေးက
ထင်းထင်းကလေး။ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးလေးတစ်စုံက သနားစရာကလေး။
'ဟဲ့...
ရုပ်လေးချောသားနဲ့ တဘက်ကြီးကို မဖုံးစမ်းပါနဲ့ဦး၊ နင့်နာမည် ဘယ်သူလဲ ပြောဦး'
'ပန်းညို'
'ဟင်...
နင့်နာမည်ကလည်း ပန်တော်ပန်းနာမည်ကြီး။ ဘာလို့လဲ၊ ဒီပွဲလာရင်း မွေးလို့လား'
'မဟုတ်ပါဘူး'
'ပန်းညို'လို့ တိတ်တိတ်ကလေး ခေါ်ကြည့်နေတဲ့ မင်းမင်းရင်ထဲကို ဒေစီဂျိန်းရဲ့အသံက
ဖျက်လိုဖျက်ဆီး ဝင်လာတယ်။ ဘာတွေလျှောက်ပြောနေမှန်းလည်း မသိဘူး။ ကောင်မလေး ကြောက်နေပြီ၊
အသံလေးတွေ တုန်လို့။
'ဟဲ့...
နင် ဒီလိုပိုက်ဆံမတောင်းဘဲ အဆိုတော်တွေ ဘာတွေ လုပ်မလား၊ အငြိမ့်ထဲမှာလေ။ ဒီမှာ
လာစမ်းပါဦး ဇာတ်ဆရာကြီးရဲ့၊ ဒီကောင်မလေး မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ရင်
ခေါ်သွားပါလား။ အဆိုတော် လုပ်ခိုင်း၊ မင်းသမီးလည်း ကခိုင်းပေါ့။ ကျုပ် ထိုင်မသိမ်းတစ်စုံ
ပေးမယ်။ ဘယ့်နှယ့်လဲ'
ဒေစီဂျိန်းမိတ်ဆွေ
ဇာတ်ဆရာက ပြုံးနေတယ်။ ဒေစီဂျိန်းကို ကြောက်ရှာတဲ့ ပန်းညိုလေးကတော့ ဒေစီဂျိန်း
ခြံဝင်းထဲက ထွက်ဖို့ပြင်တယ်။
'ဟာ...နေပါဦး၊
ဆိုပါဦး ကလေးမရဲ့'
ခြံဝင်းထဲက
ပရိသတ် တောင်းဆိုသံကြောင့် ပန်းညိုကလေး ပြန်ထိုင်တုန်းမှာပဲ မင်းမင်းအသံက
အလျင်စလို ပေါ်လာတယ်။
'သူတို့
ထမင်းစားပြီးပလား မသိဘူး။ မစားရသေးဘူးနဲ့ တူတယ်။ ဟင်... ဒီမှာစားလိုက်ပါလား။
စားပြီးမှ ဆိုပေါ့'
မင်းမင်းဆီကို
အကြည့်လေးတစ်ခု ဖျတ်ခနဲ ရောက်လာပြီး ပျောက်သွားတယ်။ ပြီးမှ အသံတိုးတိုးလေး
ထွက်လာတယ်။
'ဟိုကျမှပဲ
စားတော့မယ်။ ပန်းညိုတို့ကို အဘွားက ဇရပ်က စောင့်နေမှာ'
'ဟာ...
နှစ်ချက်တောင် ထိုးတော့မယ်'
'ရပါတယ်'
'ဟဲ့...
သူတို့ကို ဟင်းထည့်ပေးလိုက် မင်းမင်း'
ဒေစီဂျိန်းက
လှမ်းအော်ပြန်တယ်။ ထည့်ပေးမှာပေါ့။ ကောင်မလေးအတွက် ဟင်းတွေ အများကြီး
ထည့်ပေးရမှာပေါ့။ အများစားတဲ့ ပဲကုလားဟင်းအပြင် ကြက်သားကြော်လည်း ထည့်ပေးလိုက်တယ်။
ပြီးတော့ ဒေစီဂျိန်းအတွက် သီးသန့်ချက်ထားတဲ့ ပြည်ပန်းညိုဟင်းချိုလည်း ထည့်ပေးရမယ်။
ပြည်ပန်းညို ဟင်းချိုဟာ အသံသမားတွေ ကောင်းတယ်ဆိုတာလည်း ကောင်မလေး သိမှာမဟုတ်ပါဘူး။
ဟိုက ဒီက ပေးတဲ့ ဟင်းတွေနဲ့ပဲ စားရတာကိုး။ ဘုရားပေးတဲ့ အသံလေးကိုတော့
ဂရုစိုက်သင့်တယ် ပန်းညိုရဲ့။
'တကယ်တော့
ကျောက်တူးသမားများဟာ... လောပန်လောင်းတွေပါ... တစ်နေ့နေ့... တစ်ချိန်ချိန်
သိန်းကျောက်ရရင်... လောပန်ဖြစ်ပြီပေါ့'
မီးဖိုထဲမှာ
ဟင်းထည့်ရင်း မင်းမင်း လေလိုက်ချွန်တယ်။ ကြည့်စမ်း၊ ကောင်မလေးက ဒီသီချင်းမျိုးလည်း
ပိုင်ပိုင်နိုင်နိုင် ဆိုတတ်တယ်။ ချွဲနွဲ့နွဲ့အသံလေးကနေ ချိုရွှင်ရွှင်အသံလေးကို
ပြောင်းပြီးတော့ ဆိုတယ်။ ကဝေမလေးပဲ။ လူတွေကိုပြုစားနိုင်တဲ့ ကဝေမလေးပဲ။
'အကြံကုန်ရင်...
သံထိုင်ရောင်း... ဆန်ကုန်တော့... လောပန်ပြောင်းတဲ့... ဖိုးသမားဘဝကတော့... ကျွန်တော်လည်း
အဖြစ်မခံပါ... ဟိုကျင်းမရရင် ဒီကျင်း... ကျင်းပေါင်းတစ်ထောင် ကုန်အောင်တူးမယ်...
ကျောက်တူးသမား ပါကွာ...'
ပိုက်ဆံထည့်တဲ့
ချိုင့်ထဲကို ငါးကျပ်တန်၊ ဆယ်တန်တွေ ကျလာပြန်တယ်။ လေးဆယ့်ငါးကျပ်တန် နှစ်ရွက်ကို
ထပ်ခေါက်ပြီး ချိုင့်ထဲကို ဖျတ်ဆို မင်းမင်း ပစ်ထည့်လိုက်တယ်။ ဒေစီဂျိန်း
မြင်သွားလို့ကတော့ ဘယ်လွယ်လိမ့်မလဲ။ သူ ကြော်လှော်ထားတဲ့ ပိုက်ဆံကို ဒီလို ပက်ခနဲ
သုံးရသလားဆိုပြီး ပုဆိုး ထဘီကို အလံစိုက်လိုက်ပါလိမ့်မယ်။
'ရော့...
ညီလေး၊ ဒီမှာ ထမင်းနဲ့ဟင်း၊ ကောင်းကောင်းကိုင်နော်၊ အရည်တွေ ဖိတ်ကုန်မယ် သိလား'
ကောင်လေးက
မင်းမင်းပေးတဲ့ ထမင်းဟင်းကြွပ်ကြွပ် အိတ်တွေကို စုကိုင်ပြီး ပန်းညိုတို့သုံးယောက်
ခြံဝင်းအပြင်ဘက်ကို ထွက်ကြတယ်။ ခြံဝင်းတံခါးကို လိုက်ပိတ်ရင်း မင်းမင်းက
တိုးတိုးကပ်ပြောလိုက်တယ်။
'ပန်းညိုအတွက်
ပြည်ပန်းညိုဟင်းချို ထည့်ပေးလိုက်တယ်။ အသံမဝင်ဘူး သိလား'
တဘက်
ဖုံးအုပ်ထားတဲ့ ခေါင်းကလေးက ညိတ်လိုက်တာလား၊ ငုံ့လိုက်တာလား မသိ။ ခေါင်းကလေး
လှုပ်ရှားသွားတာကိုတော့ မင်းမင်း မြင်ရတယ်။ ကဝေမလေးက နောက်ကိုတော့
လှည့်မကြည့်ခဲ့ပါဘူး။
'မင်းမင်း၊
အို... မင်းမင်း'
ကြည့်ပါလား၊
အော်ပြီ။ အဘွားကြီး မကြီးနဲ့တော့ မလွယ်ဘူး။ ခဏကလေးတောင် အလစ်မပေးဘူး။
'ဘာလဲ...
ဘာလဲ'
အိမ်အောက်ထဲ
မင်းမင်း ဝင်လိုက်တယ်။ ဒေစီဂျိန်းက နှုတ်ခမ်းဆိုးနေရာက နှုတ်ခမ်းနီဘူးကို
ပိတ်လိုက်တယ်။
'ဟဲ့...
ဘာလဲရမှာလဲ။ ငါ ဝတ်မယ့်ဟာတွေ ယူခဲ့လေ။ လက်ဝတ်လက်စားတွေပါ ထုတ်ခဲ့၊ ပန်းရော ဘယ်မလဲ၊
ခေါင်းပေါင်းမယ့် ပဝါရော'
'ရှိတယ်၊
အကုန်အဆင်သင့်။ ခင်ဗျားအချိန်ကဖြင့် အစောကြီး ရှိသေးတယ်'
'ခု
ဘယ်အချိန်ရှိပြီလဲ။ ကဲ... ကြည့်ပါဦး နာရီ'
'သုံးနာရီ
ထိုးတော့မယ်'
'အေး...
အဲဒါ စောသလား ပြောပါဦး။ လေးနာရီ မထိုးခင် နန်းအောက်ရောက်နေရမယ့်ဟာကို။ အံ့သြပါရဲ့။
သွား... အားလုံး အောက်ချခဲ့'
မင်းမင်း
အိမ်အောက်က လှည့်ထွက်တာနဲ့ မိန်းမတွေ ရယ်သံကြားရတယ်။ မင်းမင်း သိသားပဲ။ ဒေစီဂျိန်း
မဲ့ရွဲ့ပြီး အမူအရာ လုပ်ပြနေပြီလေ။ ရှေ့မှာ မပြောရဲလို့ နောက်ကွယ်ကနေ မဲ့ရွဲ့နေတဲ့
မိန်းမအမူအရာမျိုးကို ဒေစီဂျိန်းက အလွန်လုပ်ချင်တယ်။ မိန်းမအစစ်တွေထက် သာအောင်ကို
လုပ်ပြပါ လိမ့်မယ်။
ပိုးပုဆိုး
ခရမ်းရောင်၊ ပိုးအင်္ကျီနို့နှစ်ရောင်၊ ခေါင်းပေါင်း ပဝါ၊ ခရမ်းနဲ့ သစ်ခွခရမ်း၊
ခြေအိတ်အဖြူ၊ ရွှေချည်ထိုး ခြေနင်းဖိနပ် အားလုံးကို ဒေစီဂျိန်းဘေးမှာ
စုပုံချလိုက်တော့ မင်းမင်းကို ဒေစီဂျိန်းက ကျေနပ်တဲ့ မျက်စောင်းထိုးပြန်တယ်။
လက်ဝတ်လက်စားဘူးကို
မင်းမင်းဖွင့်ပြီး ထုတ်နေတဲ့ အချိန်မှာ ဒေစီဂျိန်းက ခေါင်းပေါင်း ပေါင်းတယ်။
နှစ်ပေါင်း မြောက်မြားစွာ နတ်က,စားလာတဲ့ နတ်ကတော် ခေါင်းပေါင်းကို
ငါးခါလောက် ဖျက်လိုက်ပေါင်းလိုက် လုပ်နေကတည်းက မင်းမင်း သိတာပေါ့။
'ကဲ...
ဖယ်ဖယ်၊ ကျုပ်ပေါင်းမယ်။ ခင်ဗျားနဲ့ကတော့ တက်ပွဲတက်လိုက်ရမှာ မဟုတ်ဘူး'
ဒေစီဂျိန်း
မျက်နှာတစ်ခုလုံး ဝင်းပသွားပြီး ပြုံးပြုံးကြီး ဖြစ်သွားတယ်။ မင်းမင်း ဘာပြောပြော
ဒေစီဂျိန်း မမှုတော့ပြီ။ ခေါင်းကလေးကို အလိုက်သင့်မော့ပေးရင်း မင်းမင်း
ခေါင်းပေါင်းပေးတာကို ကျေနပ်သဘောကျလို့နေတယ်။ ကျေနပ်တဲ့ ဟန်ဆောင်မျက်စောင်း
ထိုးလိုက်၊ ဟန်ဆောင် အမဲ့အရွဲ့တွေကို လုပ်လိုက်နဲ့ သားလေး စိတ်မပါ လက်မပါ
ပေါင်းပေးတဲ့ ခေါင်းပေါင်း မျက်ခုံးနှစ်ဖက်ကို ဖုံးဖိပြီး ပတ်တီး စည်းသလို
ဖြစ်နေတာကိုတောင် မသိကျိုးကျွန်ပြုနေတယ်။
ပြီးတော့မှ
မင်းမင်း အပြင်ခဏ ထွက်တဲ့အချိန် ဘေးနားက မိန်းမတွေလည်း လစ်တဲ့အချိန်လောက်မှ
ဗြတ်ဆို ခေါင်းပေါင်းကို ပြင်ပေါင်းလိုက်တယ်။ မြန်လိုက်သလားလည်း မမေးနဲ့။
လှလိုက်သလားလည်း မမေးနဲ့။ ဒီလိုခေါင်းပေါင်းမျိုးကို အကြိမ်ပေါင်းထောင်ချီပြီး
ပေါင်းလာခဲ့တဲ့ နတ်ကတော်ပဲ။ မပေါင်းတတ်ဘဲ နေမလား။ သူ ပေါင်းပေးတာကို ခံချင်လို့။
သူ ယုယတာ၊ ဂရုစိုက်တာကို ခံချင်လို့ပါ။
'ရော့...ရော့...
ပုလဲကြိုး၊ ခရမ်းဆွဲဆွဲမှာဆိုရင် ပုလဲကြိုးကို အရှည်ပဲ ဆွဲတော့။
အုန်းဆံကြိုးအကြီးလည်း ဆွဲဦးမှာ မဟုတ်လား'
မင်းမင်း
စီမံသမျှကို သဘော... သဘောဆိုတဲ့ မျက်နှာပေးနဲ့ ကျေနပ်လို့နေသည်။
'ဟဲ့...
ပန်းပန်ပေးဦး'
မိန်းမတစ်စုရဲ့
လှောင်ရယ်သံတွေကြားမှာ မင်းမင်းက ပန်းပန်ပေးရပြန်တယ်။ ပြီးတော့ ပုဆိုး
ကူဝတ်ပေးရပြန်တယ်။
'ဟဲ့...
ဟိုဟာမတွေ ပြင်ထား၊ ဆင်ထားကြ။ ဘယ်နှနာရီထိုးပြီလဲ။ သွားမယ်နော်။ ငါ့နံပါတ်
ဘယ်လောက်...ဟဲ့'
'ဆယ့်နှစ်၊
ဆယ့်နှစ် လိုပါသေးတယ်။ ခုနက သွားမေးပြီးသား။ နံပါတ်ရှစ် တက်နေတုန်း ရှိသေးတယ်'
'အေး...
ပြီးရော၊ ပြီးရော ပွဲတွေရော၊ ပုဆိုးတွေရော၊ စားတော်စာတွေရော ပြီးပြီနော်'
'ဒါ
ကျွန်တော့်အလုပ်ပါ။ ခင်ဗျား ငြိမ်ငြိမ်နေစမ်းပါ'
'အို...ငြိမ်နိုင်ပါဘူးတော်'
ဒေစီဂျိန်းရဲ့
နောက်ဆက်တွဲစကားတွေကို မိန်းမတွေက အားပေးအားမြှောက် ရယ်လိုက်တာနဲ့ ဒေစီဂျိန်းက ပိုဆိုးတော့တယ်။
ပြောချင်ရာတွေ ပြောတော့မယ်။ ပြောချင်ရာပြော ကိုယ်လုပ်ရမယ့်အလုပ်ကို
ပြုံးပြုံးကလေးနဲ့ မင်းမင်း လုပ်လို့ရပါတယ်။ ကြာတော့လည်း မင်းမင်း အရေထူခဲ့ပါပြီ။
ဟိုတုန်းက ဆယ့်ခြောက်နှစ်သားအရွယ်မှာသာ နားစိမ်း၊ နားရိုင်းလေး မိန်းမတွေ အလယ်ကနေ
ရှက်ကြောက်ထူပူပြီး ထွက်ပြေးခဲ့ဖူးတာ။ နောက်တော့လည်း ဒါတွေနဲ့ နေသားကျခဲ့ပြီ။
ယဉ်ပါးခဲ့ပါပြီ။
'နံပါတ်
တစ်ဆယ်ရောက်တော့မယ်။ နံပါတ်ကိုး တက်နေပြီ'
နန်းကြီးကို
ခြေမြန်တော် လွှတ်ထားတဲ့ အခြောက်မ တင်တင်မြရဲ့အော်သံ ပျာပျာတာတာလေး ခြံဝင်းဝက
ပေါ်လာတာနဲ့ ဒေစီဂျိန်း တစ်အိမ်လုံး လှုပ်ရှားသွားကြတယ်။
ခရမ်းရောင်
ယောကျ်ားနတ်ဝတ်လဲတော်နဲ့ မင်းသားကြီး တစ်ပါးလို ချောမောခံ့ညားနေတဲ့ ဒေစီဂျိန်းက
ရှေ့ဆုံးက ထွက်တယ်။ သူ့နောက်ကမှ တက်ပွဲဒကာနဲ့ ဒကာမတွေ ကန်တော့ပွဲ၊ စားတော်စာပွဲ၊
ပုဆိုးအုပ်တွေနဲ့ ဗောင်းတော်တွေ တင်ထားတဲ့ ရွှေကလပ်တို့၊ စတီးလင်ပန်းတို့ကို
တစ်ယောက် စီကိုင်ပြီး တန်းစီထွက်ရမယ်။
အားလုံးဟာ
ကောင်းပေ့၊ လှပေ့၊ အဖိုးတန်ပေ့ဆိုတဲ့ အဝတ်အစားနဲ့ လက်ဝတ်လက်စားတွေကို
တတ်နိုင်သရွေ့ ဝတ်ဆင်ထားခြင်းဖြင့် နတ်ကတော်ရဲ့ ဂုဏ်ရှိန်ကို မြင့်စေတယ်။
ဘုန်းတန်ခိုးအာဏာကို မြှင့်တင်ရာ ရောက်တယ်။
'ဖိနပ်တွေ
ချွတ်ခဲ့ကြနော်။ ဖိနပ်မစီးကြနဲ့'
ထွက်ခါနီးမှာ
မင်းမင်းက လိုက်အော်သတိပေးတော့ အဖိုးတန် အဝတ်အစားနဲ့ လိုက်လျောညီထွေအောင်
စီးထားတဲ့ အဖိုးတန် ဖိနပ်တွေကို ချွတ်ခဲ့ကြရတယ်။
နန်းကြီးပေါ်မှာ
ဖိနပ်ထားစရာ နေရာလည်း မရှိဘူး။ ဘယ်သူမှလည်း စောင့်ပေးမနေနိုင်ဘူး။
ဖိနပ်ကြီးတွေကိုင်ပြီး နန်းကြီးပေါ်တက်လို့ ကိုယ်တော်နှစ်ပါးနားက ဖြတ်လို့လည်း
ဘယ်သင့်တော်ပါ့မလဲ။ အဲဒီတော့ ဖိနပ်မစီးဘဲ သွားတာ အကောင်းဆုံးပဲ။
ခြံဝင်းထဲက
ထွက်ပြီး နန်းကြီးကို သွားရာလမ်း တစ်လျှောက်မှာ ဒေစီဂျိန်းနဲ့ နောက်လိုက်
နောက်ပါများ တက်ပွဲ ထွက်မြင်ကွင်းကို ကနားတဲအားလုံးက ငေးမောကြည့်ကြတယ်။ တက်ပွဲ
မတက်နိုင်ရှာတဲ့ နတ်ကတော်လေးတွေက ကနားတဲ ရှည်မျောမျောလေးထဲမှာ
တောင်ပြုန်းလာစရိတ်ကို ကြွေခေါက် နတ်ဟောရှာနေရင်းကနေ ဒေစီဂျိန်းကို အားကျ
ငေးမောကြတယ်။
နန်းကြီးရဲ့
ဘေးပေါက်အောက်နားကို ဒေစီဂျိန်းတို့ ရောက်တဲ့အချိန်မှာ နံပါတ်ကိုး တက်ပြီးသွားလို့
နန်းကြီး ရှေ့ပေါက်ကနေ ဆင်းသွားပြီ။ နံပါတ်ကိုး ဆင်းသွားတော့မှ ဘေးပေါက်လှေကားမှာ
တန်းစီထားတဲ့ နံပါတ်ဆယ့်တစ် တက်မယ့် နတ်ကတော်အဖွဲ့ကို လှေကားတံခါးပေါက်
ဖွင့်ပေးတယ်။ အဲဒီအချိန်မှာ နန်းကြီးနောက်ဘက်ကနေ အဆင်သင့် စောင့်နေတဲ့
နံပါတ်တစ်ဆယ်က နန်းကြီးရှေ့ အရှင်နှစ်ပါးရှေ့ ရောက်သွားပြီ။
နန်းကြီးနောက်ဘက်ကို
ဝင်မယ့် တံခါးပေါက်မှာ နန်းထိန်းမျိုးတွေထဲက တာဝန်ကျတွေ စောင့်ကြပ်ထားတယ်။
တက်ပွဲတက်မယ့် နတ်ကတော်နဲ့ အဖွဲ့ကလွဲရင် တခြားမည်သူ တစ်ဦးတစ်ယောက်မှ
တက်ခွင့်မရှိဘူး။ အထူးစိစစ်ပြီးမှ တက်ခွင့်ပြုတယ်။
နံပါတ်
ဆယ့်တစ်ဝင်သွားပြီးတဲ့အချိန်မှာ နန်းတော် ဘေးတံခါးပေါက်ကို ချက်ချင်း
ပြန်ပိတ်ပစ်လိုက်တယ်။ နံပါတ်ဆယ့်နှစ် ဒေစီဂျိန်းတို့အဖွဲ့က ဘေးပေါက်လှေကားရင်းမှာ
အဆင်သင့်စောင့်ကြရတယ်။
လှေကားရင်းကနေ
ဒေစီဂျိန်းက နန်းတော်ကြီးဘေးကနားတဲခန်းတွေဆီကို လှမ်းလက်အုပ်ချီတယ်။ နန်းတော်ကြီး
ဘေးကနားတဲခန်းတွေမှာ မိဖုရားကြီးတွေနဲ့ နတ်နေကြီး၊ နတ်ဝါကြီး၊ ဗောင်းတွေရှိတယ်။
နန်းတော်ကြီး ပတ်လည်ကနားတဲခန်းတွေက ဗွီအိုင်ပီ ကနားတဲခန်းတွေပေါ့။ အလကားရတာတော့
မဟုတ်ဘူး။ သူတို့လည်း ငှားခပေးရတာပဲ။ တစ်ခန်း နှစ်ထောင်ပေးရတာပဲ။ နေရာကောင်းရတာ
တစ်ခုပဲ။ နေရာကောင်းတော့ နတ်မေးတဲ့သူ များများလာတာပေါ့။ မိဖုရားကြီးတွေလည်း
နန်းကြီးပေါ် မတက်ရတဲ့အချိန် ကြွေခေါက်ရတာပဲ။ ဗောင်းတွေလည်း အတူတူပေါ့။ ကြွေမခေါက်
နတ်မဟောလို့ ပိုက်ဆံ ဘယ်ကရမလဲ။
'မာမီရေ...လှတယ်'
အောင်မယ်...ဘယ်သူပါလိမ့်လို့။
မော်လမြိုင် စိန်မမ။ ပြင်ထားဆင်ထားလိုက်တာ ဖိတ်ဖိတ်တောက်လို့ပါလား။
'အေး...
နင်လည်း လှတယ်ဟဲ့။ ဟိုမင်းသမီးနဲ့ တူတယ်။ ဘယ်သူဟဲ့ ဘာဗို၊ ဟဲ့...ပြောစမ်း'
ဒေစီဂျိန်းကတော့
လုပ်လိုက်ပြီ။ ဘေးနားက 'ထွန်းအိန္ဒြာဗို'လို့၊ အော်လိုက်တော့မှ...
'အေး...
အဲဒီမင်းသမီးနဲ့ တူတယ်ဟဲ့ စိန်မမ။ နင်က ဆယ့်သုံးလား ဟုတ်လား'
'ဟုတ်တယ်
မာမီ'
စိန်မမက
ဒေစီဂျိန်းကို လက်အုပ်ချီ ကန်တော့ရင်း ဖြေတယ်။ ဒေစီဂျိန်းပြောသလိုပဲ စိန်မမက
ထွန်းအိန္ဒြာဗို ပြင်ပုံ ဆင်ပုံ ဆံထုံး ထုံးပုံအတိုင်း တူအောင်ပြင်ထားတယ်။ ရယ်ပုံ၊
ပြုံးပုံ၊ စကားပြောပုံ အမူအရာတွေပါ တုထားတယ်။ သူက မိန်းမ နတ်ချော့မှာဆိုတော့
မိန်းမပုံပဲ ဝတ်လာတယ်။ သူ တက်မှာက 'ချော့ပွဲ'ပေါ့။ ဒေစီဂျိန်းတို့လို ယောကျ်ားနတ် (ဦးမင်းကျော်) ချော့မယ့်ဟာတွေကျ
တက်ပွဲပေါ့။ ကြိုက်တာနဲ့ တက်လို့ရပါတယ်။ ကိုယ်သန်ရာ သန်ရာပေါ့။
ဟိုတုန်းကတော့
ချော့ပွဲနဲ့ တက်ပွဲမှာ မိန်းမနတ်ချော့တဲ့ သူကို တက်ပွဲကြေး လျှော့ယူတယ်။ ခုတော့
တူတူဖြစ်သွားပါပြီ။ စားတော်စာမှာတောင် သူက ပိုရသေးတယ်။ အစ်မတော် (မငွေတောင်)
စားတော်စာအတွက် ဆီထမင်းနဲ့ ငါးကြော်က သက်သက်ပါရသေးတယ်။ ပြီးတော့ ဟိုတုန်းက
မိန်းမနတ်ချော့ရင် အချိန်အများကြီးရတယ်။ မိန်းမနတ်က အကတွေများတာကိုး။ အနည်းဆုံး
နာရီဝက်၊ တစ်နာရီရတယ်။ ခုတော့ မရတော့ပါဘူး။ တက်ပွဲတက်တဲ့သူက များလာတော့ ယောကျ်ားနတ်တွေနဲ့
အတူတူပဲ။ ဆယ့်ငါးမိနစ် ဖြစ်သွားပြီ။
စိန်မမနောက်က
ပါလာတဲ့ဟာတွေကလည်း မနည်းပါလား။ ဝတ်ထား စားထားတာတွေကလည်း ပျံလို့၊ လန်လို့။ အင်း...
စိန်မမကလည်း နည်းတဲ့ မိန်းမလျာမမှ မဟုတ်ဘဲ။ ဒီဘက် နှစ်နှစ်သုံးနှစ်အတွင်း
တအားတက်လာတဲ့ ဇာမဏီမပဲ။ အသက်က လေးဆယ်လောက် ရှိဦးမှာ။ တက်ပွဲမှာ ဒီလို
အချိန်ကောင်း၊ နံပါတ်ကောင်း ရဖို့ဆိုတာ တကယ့် ဗွီအိုင်ပီ နံပါတ်၊ နံပါတ်ကောင်း။
တက်ပွဲက တစ်နေ့ ရှစ်ဆယ်၊ ကိုးဆယ် ရှိတာကိုး။
တက်ပွဲစတဲ့
ညနေ သုံးနာရီက ရှစ်နာရီ၊ ကိုးနာရီအတွင်း တက်ရတဲ့ နတ်ကတော်တွေကမှ တကယ့်
ဗွီအိုင်ပီနတ်ကတော် နာမည်ကြီး နတ်ကတော်။ နံပါတ် ခုနစ်ဆယ်ကျော် ရှစ်ဆယ်ကျော်ကျပြီး
ညနာရီပြန်မှ တက်ရတဲ့ နတ်ကတော်က မျက်နှာမွဲ နတ်ကတော်၊ နာမည် မရှိရှာသေးတဲ့
နတ်ကတော်ပေါ့။ ကိုယ့်ကြည့်မယ့်လူမရှိ ဘာမရှိ။ မိုးလင်းခါနီး ပဲပြုတ်သည်နဲ့
ရောတက်ရတဲ့ နတ်ကတော်လေ။
'ဟဲ့...
ဂျိန်း၊ ကျားယောင်ဆောင်သော ဂျိန်းပါလား ဟဲ့'
'အောင်မယ်...
ဆောင်စရာလားဟဲ့။ ခေတ္တရာသူ အပျက်မရဲ့'
နန်းကြီးဘေးကို
နောက်ထပ်ရောက်လာတဲ့ နံပါတ်ဆယ့်လေး၊ ဆယ့်ငါးတွေနဲ့ ဒေစီဂျိန်းနဲ့ အချင်းချင်း
အော်ကြ၊ ဟစ်ကြ နှုတ်ဆက်ကြတယ်။ ဝတ်လာတဲ့ အဝတ်အစား အဆင်တန်ဆာချင်းလည်း ပြိုင်ကြ
ဆိုင်ကြ ကြည့်ကြရင်းနဲ့ တက်ပွဲ တက်ဖို့ စောင့်ရတဲ့အရသာဟာ တက်ပွဲတက်ဖူးတဲ့
နတ်ကတော်ချင်းပဲ သိတယ်။ ဒါ အရသာပဲ။ ဒီအရသာအတွက် တစ်နှစ်လုံး တက်ပွဲစရိတ်ကို
ကြော်ကြရ၊ လှော်ကြရတာလေ။
'တစ်ဆယ်ပြီးတော့မယ်နော်...
တစ်ဆယ်'
နန်းကြီးဘေး
တံခါးပေါက်ဘေးကနေ မင်းမင်းက ဒေစီဂျိန်းတို့အဖွဲ့ကို လှမ်းသတိပေးတယ်။ ဒေစီဂျိန်းက
အသာ နားစွင့်လိုက်တယ်။ ဟုတ်သားပဲ။ ဖေကြီးကျော် ဒိုးဆွဲနေပြီ။ နံပါတ်တစ်ဆယ်
ပြီးတော့မယ်။ တစ်ဆယ်ပြီးရင် ဒေစီဂျိန်းတို့ နောက်ထဲဝင်လို့ရပြီ။
'အားလုံး...
အားလုံး ကိုယ့်အဖွဲ့ ကိုယ်စစ်ပါ။ မဆိုင်တဲ့လူ မပါစေနဲ့။ ကိုယ့်လူ ကိုယ်စစ်ပါ'
ဒါမျိုးကတော့
ကိုမင်းမင်းတို့က ဖြစ်ပါတယ်။ တာဝန်ကျ နန်းထိန်းတွေက မအော်ရဘူး။ သူက ဆရာကြီး။
တာဝန်ကျ နန်းထိန်းတွေနဲ့ သူက အဖွဲ့လေ။ ဘေးတံခါးပေါက်ကနေ သူက နေရာယူပြီးသားဆိုတော့
ကိုယ့်လူကိုယ် ကြိုက်သလောက် သွင်းလို့ရတာပေါ့။ မဟုတ်ရင် နန်းထိန်းအစောင့်တွေက
လူများတယ်ဆိုပြီး ဖြတ်ချတတ်တယ်။
'ကဲ...
လာ...လာ၊ အားလုံးလာ'
နံပါတ်တစ်ဆယ်
ဆင်းသွားတာနဲ့ ဘေးတံခါးပေါက် ပွင့်လာတယ်။ မင်းမင်းရဲ့ ဆော်သြမှုနဲ့
ဒေစီဂျိန်းတို့အဖွဲ့ မြန်မြန်ဝင်ရတယ်။
'ဟေ့...ဟေ့၊
ဟိုလူ ဘယ်သူလဲ။ ဘာလို့ တိုးဝင်နေတာလဲ၊ ဖယ်... ဖယ်'
ကိုယ့်အဖွဲ့
ကိုယ်သိတဲ့ မင်းမင်းက လှမ်းအော်တော့မှ ကြားဖြတ်လိုက်ဖို့ ကြိုးစားနေတဲ့လူ
ထွက်သွားတယ်။ ဒါမျိုးကို နန်းထိန်းအစောင့်တွေက သိပ်သတိထားရတယ်။ နန်းကြီးထဲကို
တက်ပွဲတက်နေတဲ့အချိန် မဆိုင်တဲ့လူ ဝင်မလာဖို့ သိပ်အရေးကြီးတယ်လေ။ နန်းကြီးထဲမှာ
ပြဿနာတွေက ဖြစ်ပေါင်းများလှပြီ။
နန်းကြီးနောက်ထဲကို
ဒေစီဂျိန်းတို့အဖွဲ့ ရောက်လာတာနဲ့ပါလာတဲ့ ကန်တော့ပွဲတို့၊ စားတော်စာပွဲတို့၊
ပုဆိုးအုပ်တို့ကို နန်းကြီးမျိုး တာဝန်ကျ အမျိုးသမီးကြီးတွေက စုံမစုံ၊ စေ့မစေ့
စစ်ဆေးတယ်။ ကန်တော့ပွဲ ပါရဲ့လား။ စားတော်စာ ပြည့်စုံရဲ့လား။ ပုဆိုးအုပ် သုံးအုပ်
ဟုတ်ရဲ့လား။ ပဝါခြောက်ပိုင်း ဟုတ်ရဲ့လား ဆိုတာကို စစ်ဆေးပြီး သူတို့ပွဲထည့်စရာတွေမှာ
ပြောင်းပြီး ပြင်ရတယ်။ မပြင်လို့လည်း မရဘူးလေ။ တက်ပွဲတွေက ဆက်နေတော့ အချိန်မရဘူး။
ကိုယ့်ထည့်စရာနဲ့ ကိုယ်ဆို တက်ပွဲပြီးရင် ပြန်လှယ်ရတာတို့ ဘာတို့ လုပ်ရဦးမယ်။
အဲလိုလှယ်နေဖို့ အချိန်မရဘူး။ ဒီတော့ နောက်မှာ နန်းကြီးက ထည့်စရာ၊ ပြင်စရာနဲ့ တစ်ခါတည်း
ပြင်ထား၊ ကိုယ့်အိမ်က ထည့်လာခဲ့တဲ့ ထည့်စရာတွေကို တစ်ယောက် ယူထား။ ဟိုနား ဒီနား
ချမထားခဲ့နဲ့။ ဘယ်သူမှ ဒီအချိန်မှာ တာဝန် မယူဘူး။
နန်းကြီးမျိုး
နန်းထိန်းမျိုး တာဝန်ကျ အမျိုးသမီးဝဝကြီးက ကြမ်းပြင်မှာ ခြေဆင်းထိုင်ရင်း
ညောင်းညာပင်ပန်းတဲ့ အကြောင်း ညည်းညူနေတယ်။ ဒါတောင် သူတို့တွေ ကိုယ့်ဆွေမျိုး
အုပ်စုပေါင်း နည်းတာမဟုတ်ဘူး။ အားလုံး အလှည့်ကျ တာဝန်ယူရတာ။ နန်းထိန်းမျိုးတွေ
နည်းတာမှတ်လို့။ ဒါတောင် အလုပ်နဲ့လူနဲ့ မမျှဘူး။ နန်းထိန်းမျိုး မဟုတ်တဲ့
တခြားသူစိမ်းကလည်း နန်းကြီးတာဝန်ကို ထမ်းလို့မရဘူးလေ။ နန်းထိန်းမျိုးမှ နန်းကြီးတာဝန်ကို
ယူလို့ရတာ။
'ဓာတ်ပုံရိုက်မှာဖြင့်
ရိုက်ကြလေ။ မြန်မြန်လုပ်'
တက်ပွဲဒကာတွေနဲ့
ဒေစီဂျိန်းကို မင်းမင်းက ဆော်သြ ပြန်တယ်။ နန်းကြီးရဲ့ ခွင့်ပြုချက်နဲ့
ကန်ထရိုက်ယူရိုက်တဲ့ ကင်မရာတွေရဲ့ မီးရောင်တွေ နန်းကြီးနောက်ပိုင်းမှာ တဖျပ်ဖျပ်
လင်းလက်နေကြတယ်။ ဒီမှာ ကင်မရာ ယူလာလို့ မရဘူး။ နန်းကြီးကင်မရာနဲ့ပဲ
ရိုက်ခွင့်ရှိတယ်။ ဗီဒီယိုရိုက်ချင်လည်း ရတယ်။ ဗီဒီယိုရိုက်မယ်ဆိုရင် တက်ပွဲကြေး
သွင်းကတည်းက နန်းကြီးမှာ တစ်ခါတည်း ငွေသွင်းစာရင်း ပေးထားရတယ်။ ဒေစီဂျိန်းတို့အဖွဲ့
ဓာတ်ပုံလေးငါးခြောက်ပုံပဲ ရိုက်ရ သေးတယ်။ ရှေ့က နံပါတ်ဆယ့်တစ် ဒိုးဆွဲသံကြားရပြီ။
'ကဲ...
လုပ်... လုပ်၊ ကန်တော့ပွဲ ရွက်ထားလေ။ စားတော်စာပွဲတွေရော အားလုံးတန်းစီထား။ ကဲ...
ခင်ဗျားက ရှေ့မှာ သွားနေလေ။ ဘာလုပ်နေတာလဲ'
မင်းမင်းက
အားလုံး အဆင်သင့်ဖြစ်ဖို့ ပျာယာခတ်နေတယ်။ ယောကျ်ားပုံ ခန့်ခန့်ကြီးနဲ့ ဒေစီဂျိန်းက
ကြာမူပါပါ မဲ့ကာရွဲ့ကာ မျက်စောင်းထိုးတာနဲ့ ကျေနပ်လို့ နေတယ်။
'ဆယ့်တစ်ပြီးပြီ၊
ဝင်... ဝင်... မြန်မြန်ဝင်'
မင်းမင်းရှေ့ကနေ
အားလုံးကို ဦးဆောင်သွားတယ်။ ဒေစီဂျိန်းတို့ နန်းကြီးရှေ့ဘက် အရှင်နှစ်ပါးရှေ့ကို
ရောက်တာနဲ့ ရှေ့က နံပါတ်ဆယ့်တစ်ရဲ့ ကန်တော့ပွဲ၊ စားတော်ပွဲတွေ နန်းကြီးဘေးက အခန်းထဲ
ရောက်သွားပြီ။ ငှက်ပျောသီး၊ အုန်းသီးတွေ၊ စားတော်စာတွေနဲ့ ပြည့်လျှံနေတဲ့
ဘေးခန်းထဲကို မြန်မြန်ဆွဲချပစ်လိုက်ပြီ။
ဒေစီဂျိန်း
အရှင်နှစ်ပါးရှေ့အရောက် (နံပါတ် ဆယ့်တစ် နန်းကြီးရှေ့ လှေကားထစ်ပေါ်မှာတင်
ရှိသေးတယ်) ဆိုင်းက တန်းပြီး တီးတော့တာပဲ။ အချိန်မရဘူးလေ အချိန်။ နောက်တက်ပွဲတွေ
အများကြီး ရှိသေးတယ်လေ။
ချက်ချင်းပဲ
ဒေစီဂျိန်းက အရှင်နှစ်ပါးနဲ့ ရှေ့မှာထိုင်နေကြတဲ့ သိုးဆောင်း မိဖုရားကြီးတွေကို
ကန်တော့ပြီး နတ်ကြီးကောက်တယ်။
နတ်ကြီးကောက်ပြီးတာနဲ့
ဆိုင်းက ချိုးချလိုက်တော့တယ်။ ဖေကြီးကျော် ကြက်လောင်းပေတော့။
'ရွှေခန်းမင်းကျော်
မြင်းပေါ်တင်ကာခေါ်...ဟေ့... ဟေ့...ဟေ့...'
ဒေစီဂျိန်း
ကြက်ဖလားထဲကို တက်ပွဲဒကာ သုံးထောင်အုပ်နဲ့ လိုက်လာတဲ့ ပရိသတ်အဖွဲ့တွေက ပိုက်ဆံတွေ
ထည့်ကြတယ်။
သူတို့တစ်တွေက
ဒေစီဂျိန်း ကြက်လောင်းမယ့် လျှောက်လမ်းဘေး တစ်ဖက်တစ်ချက်စီမှာ နေရာယူထားကြတယ်။ အရှင်နှစ်ပါးရှေ့ကစပြီး
ဘေးနှစ်ဖက်လုံး သံပန်းတွေအပြည့် ကာထားတဲ့ထဲမှာ သိုးဆောင်း ဗောင်းဆောင်းတွေနဲ့
နန်းထိန်း တွေရယ်၊ တက်ပွဲတက်တဲ့ နတ်ကတော်နဲ့ နောက်လိုက်အဖွဲ့ တွေရယ်ပဲ ရှိတယ်။
မဆိုင်သူတစ်ယောက်မှ ဝင်လို့မရဘူး။ အဲ... လုံခြုံရေးအတွက် ထားတဲ့ ရဲနှစ်ယောက်တော့
ရှိတယ်။
တစ်ဖက်တစ်ချက်မှာ
ကာထားတဲ့ သံပန်းရဲ့အဆုံးမှာ ဆိုင်းရှိတယ်။ ဆိုင်းနောက်မှာ ပိတ်ထားတဲ့
သံတံခါးရှိတယ်။ တက်ပွဲစတဲ့ ညနေ သုံးနာရီကစပြီး သံတံခါးကို ပိတ်လိုက်တော့တာပဲ။
တက်ပွဲကို ကြည့်ချင်တဲ့သူက သံပန်းအပြင်က ကြည့်၊ အရှင်နှစ်ပါး
ပန်းဆက်ချင်တဲ့သူတွေလည်း အဲဒီအချိန်မှာ သံပန်းကြားက လှမ်းဆက်။ အရှင်နှစ်ပါး
ရှေ့မှောက်ကိုတော့ ဝင်လို့မရတော့ဘူး။
'ရွှေခန်းမင်းကျော်
မြင်းပေါ်တင်ကာခေါ်...ခေါ်... ခေါ်... ခေါ်... ခေါ်... ခေါ်'
ဒေစီဂျိန်းရဲ့
ကြက်ဖလားထဲက ပြည့်ဖြိုးမောက်လျှံနေတဲ့ ငွေတွေကို မြင်တာနဲ့ ပါးလှပ်နေတဲ့ အဆိုတော်က
'ခေါ်... ခေါ်...ခေါ်'တွေ လုပ်တော့တယ်။ မြင်တာနဲ့
သိလိုက်ပြီးပြီ။ အိမ်တွင်းဗောင်းဆောင်း ဦးဘစီ၊ ငွေပေါ်တဲ့ ဒေစီဂျိန်းလေ။ 'ခေါ်...ခေါ်...ခေါ်'တွေ လုပ်တော့မှာပေါ့။
မဟုတ်လို့ကတော့လား။ ပိုက်ဆံမပေါတဲ့၊ ရေမလျှံတဲ့ မျက်နှာမွဲနတ် ကတော်လေးတွေများ
ဆိုလို့ကတော့ 'ရွှေခန်းမင်းကျော် မြင်းပေါ်တင်ကာခေါ်'
ဒါပဲ။ 'ခေါ်'ပဲ။
ခေါ်တစ်လုံးပဲ။ အမယ်လေး... ပိုက်ဆံထွက်မယ့် နတ်ကတော်ကျ လုပ်လိုက်ပါလိမ့်မယ်။ 'ရွှေခန်းမင်းကျော် မြင်းပေါ်တင်ကာ ခေါ်... ခေါ်... ခေါ်... ခေါ်... ခေါ်'
အဲဒီလို။
'လာကြနော်...
လာကြနော်... လာကြနော်... လာကြနော်'
ဟော...
လာကြနော်တွေကလည်း ထပ်လို့။ ဒေစီဂျိန်း ကြက်ဖလား သုံးဖလား လောင်းရမယ်။ ပထမနှစ်ဖလားက
အရှင်နှစ်ပါးအတွက် နန်းကြီးကို ပေးရမယ်။ နောက်တစ်ဖလားက ဆိုင်းအတွက်။ နန်းကြီးအတွက်
နှစ်ဖလားက အနည်းဆုံး လေးထောင်ရှိရမယ်။ တစ်ဖလားကို နှစ်ထောင် အနည်းဆုံး ရှိရမယ်။
ကိုယ့်တက်ပွဲဒကာကတော့ တစ်ဖလားကို သုံးထောင် လုပ်ရှာပါတယ်။ လိုက်လာတဲ့ ပရိသတ်ကောဆို
တစ်ဖလား ကို သုံးထောင်ကျော်ပါတယ်။
နန်းထိန်းမျိုး
မိန်းမတစ်ယောက် လက်ခံနေတဲ့ ပီနန်အိတ် ဖြူကြီးထဲမှာ ပိုက်ဆံတွေ ပြည့်လျှံစပြုပြီ။
ဒါ နံပါတ်ဆယ့်နှစ်ပဲ ရှိသေးတယ်။ မနက်လင်းခါနီး တက်ပွဲအားလုံး ကုန်တဲ့အချိန်ဆို ပီနန်အိတ်ကြီးတွေ
ငါးအိတ်ခြောက်အိတ် ပြည့်လျှံနေတော့တယ်။ ဒါတွေကြောင့် သံပန်းတွေကာပြီး
လုံခြုံရေးလည်း ချထားရတာပေါ့။
'လာကြနော်...
လာကြနော်
လိုက်ချင်သူ...
လာကြနော်
လိုက်မယ့်သူတွေ...
လာခဲ့နော်
ဖေကျော်က
.... ခေါ်တယ်လေး'
နောက်ဆုံး
ကြက်ဖလားကို ဆိုင်းပစ်ပေးပြီးတာနဲ့ ဒေစီဂျိန်းတို့က ဟိုဘက်ဒီဘက် လက်ကိုင်ကြေး
ငါးရာစီနဲ့ ဒိုးဆွဲတော့မယ်။
'ဟေ့...
ဒိုး...ဒိုး... နန်းတော်ကြီးက ဒိုး'
ဒေစီဂျိန်းရဲ့
လက်ကိုင်ကြေးကို ကြည့်ပြီး တစ်ဆိုင်းလုံးက ဝိုင်းအော်တဲ့ ဒိုးသံတွေ
နန်းကြီးပေါ်မှာ ဟိန်းလို့နေတယ်။ ဒီလိုဟိန်းမှ ဒေစီဂျိန်းတို့က ကြိုက်တာ။ ပေးမယ်။
ပိုက်ဆံပေးမယ်။ ဒိုးကြေးပေးမယ်။ ရော့ဟဲ့...အဆိုတော်တွေ။ ရော့ ဟဲ့...
ဝိုင်းသမားတွေ။ ရော့... လုံခြုံရေးတွေ။
ကျန်တဲ့ပိုက်ဆံအားလုံးကို
ဒေစီဂျိန်းက ကြဲချပစ်လိုက်တယ်။ ကောက်ချင်တဲ့သူ ကောက်ကြ။ သံပန်းအပြင်ဘက်
လွင့်သွားလည်း အပြင်ကလူတွေ ကောက်ကြ။
ဆက်လက်ဖော်ပြပါမည်
နုနုရည်အင်းဝ
(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။