နုနုရည်အင်းဝ
နန်းတော်က တက်ပွဲမှာ ဘာမှယူရတာမဟုတ်ဘူး။ နန်းတော်ပေါ် အကုန်ထားပစ်ခဲ့ရတာ။ နတ်ကတော်ရတာက တက်ပွဲ ဝတ်တက်ရတဲ့ပုဆိုးနဲ့ နန်းတက်ရတယ်ဟဲ့ဆိုတဲ့ ဂုဏ်ပဲ။ ဒါပဲ။ တချို့နတ်ကတော်တွေကတော့ လုပ်ကြတယ်။ လက်ကိုင်ကြေးကို ကရင်းကနေ ပုဆိုးထဲ အလစ်ထိုးပြီး ယူတာပေါ့။ ကိုယ်လည်း ငယ်တုန်းက လုပ်ဖူးပါတယ်။ ခုတော့ တော်ပြီ။ မက်လည်း သိပ်မမက်တောဘူး။ ပြီးတော့ ဒီခေတ်ကြီးက ဆိတ်ကွယ်ရာမရှိဘူး။ ရှက်စရာကြီး။ မနှစ်က နတ်ကတော်တစ်ယောက် အလစ်ဆိုပြီး အဲလို လုပ်ချလိုက်တာ။ ဗီဒီယိုရိုက်ထားတော့ ဗီဒီယိုထဲကျ ထင်းထင်းကြီး ပေါ်ရောတဲ့။ ကဲ... ရှက်စရာကြီး
'ကဲ...
လာ...လာ... ထွက်မယ်။ အားလုံး ဒီက ထွက်မယ်'
ဆိုင်းချလိုက်တာနဲ့
မင်းမင်းရဲ့ဆော်သြသံ ထွက်လာတယ်။ တက်ချိန် ဘယ်လောက်ရှိပါလိမ့်။ သူများထုံးစံ
ဆယ့်ငါးမိနစ်တော့ ကမှာမဟုတ်ဘူး။ ဂျိန်းဆို ငါးမိနစ်လောက်ကတော့ ပိုပြီးသားပဲ။
ဒိုးကြေးမျက်နှာပေါ့။ ညနက်ပိုင်းလည်း ရောက်၊ ဒိုးကြေးမျက်နှာလည်း မရှိတဲ့သူတွေဆို
ကိုးမိနစ်၊ ဆယ်မိနစ်နဲ့ ဆွဲချပစ်တာ ဘာမှတ်လို့လဲ။
'ကဲ...
ဦးဘစီ၊ ဦးဘစီ'
နန်းတော်ရှေ့
ဘေးလှေကားကိုထွက်ဖို့ ဖောက်ထားတဲ့ သံပန်းဘေးတံခါး အသေးလေးနားကို ရောက်တာနဲ့
မင်းမင်းရဲ့ သူစိတ်တိုရင် ခေါ်တတ်တဲ့ သတိပေးသံကို ဒေစီဂျိန်းက မျက်စောင်းနဲ့
တုံ့ပြန်တယ်။ တကတဲ အဖေရယ် သိပါတယ်။ ဒေစီဂျိန်းက ပုဆိုးခါးပုံစကို ယူတဲ့ပြီး
လည်ပင်းကို ပတ်လိုက်တယ်။ အပြင်လူအုပ်ထဲ ရောက်တော့မှာမို့ လက်ဝတ်လက်စားတွေအတွက်
လုံခြုံရေးလေ။
ဖြစ်ဖူးတာကိုး။
ဒီလိုအထွက်မှာ လုပြေးတာမျိုးတို့၊ ခုနက ကြက်လောင်းတဲ့၊
ပိုက်ဆံကြဲတဲ့အချိန်မျိုးမှာလည်း အပြင်က သူစိမ်းပါလာရင် ကပ်ပြီး ကိုယ့်လူလိုလို
ဘာလိုလိုနဲ့ ဆွဲကြိုးတွေဘာတွေ ဖြတ်သွားတတ်တယ်။ ကိုယ်က ဇောနဲ့ကနေတော့
ဘာမှမသိလိုက်တော့ဘူး။
မင်းမင်းဟာ
ဂျိန်းအတွက် အဲဒါတွေ အားကိုးရတာပေါ့။ တက်ပွဲတက်တဲ့အချိန်ဆို မိန်းမဘေးနားက
သူဘယ်တော့မှ မခွာဘူး။ စိုးရိမ်တာတွေ၊ ဂရုစိုက်တာတွေ။
'အေ့...
အေ့... ကိုကြီး မူးတယ်ကွာဟေ့'
နန်းကြီးက
နေအိမ်ဘက်ဆီကို ချိုးကွေ့လိုက်တာနဲ့ လည်ပင်းပတ်လာတဲ့ ပုဆိုးခါးပုံစကို ဗြတ်ဆို
ဖြုတ်ချလိုက်ရင်း ဒေစီဂျိန်းက လုပ်ချလိုက်ပြီ။
လေချဉ်တွေ
တအေ့အေ့တက်ပြီး နတ်ဝင်တတ်တဲ့ ဖေကြီးကျော်စတိုင်လ်က ဒေစီဂျိန်းရဲ့ မူပိုင်ဟန်၊
မူပိုင်စတိုင်လ်။ နေညိုလေပြိုတတ်တဲ့ ဖေကြီးကျော်က နန်းကြီးပေါ်ကနေ
လိပ်ပြာမခွာသေးဘဲ ကပ်နေသေးတဲ့ သဘော။ ဒါ တက်ပွဲက ဆင်းရင် ဒေစီဂျိန်း လုပ်နေကျပဲ။
လိပ်ပြာရှင်ကို ဖေကြီးကျော်က ချစ်လွန်းလို့ စီးလိုက်လာတာပေါ့။
'ဟေ့...ဟေ့...
ကွပ်ပျစ်ပေါ်မှာ ကော်ဇောခင်းထား'
မင်းမင်းက
အိမ်အဝင်ဝမှာ အရေးတကြီး လှမ်းအော်ပေးရတယ်။ တက်ပွဲတက်လာတာ ချွေးတွေသံတွေ
တရွှဲရွှဲနဲ့ အိမ်ဘေး မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ဒေစီဂျိန်း နားသင့်တယ်လေ။
'ကြွပါဘုရား၊
အဖေကြီး ဒီကိုကြွပါဘုရား'
'အေး...
အဖေကြီးကို ရေကြည်တော်ဆက်ဟဲ့'
အချိုရည်
ပလတ်စတစ်ဘူးလေးကို ပိုက်တပ်ပြီး မင်းမင်းက ယူလာတယ်။ တက်ပွဲဒကာမက ဖေကြီးကျော်ကို
ယပ်သွင်းတယ်။
'ဟေ့...
မောင်းမ၊ ကိုယ်တော်ကြီးနောက်က ခစားပြီးလိုက်ခဲ့။ အောက်နန်းမှာ ကိုယ်တော်
နန်းတက်ဦးမယ်ကွ။ ပျော်ဦးမယ်ကွ'
'မှန်ပါ့ဘုရား...
လိုက်ပါ့မယ် ဘုရာ့'
ကွပ်ပျစ်ပေါ်ကနေ
ဒေစီဂျိန်းက ခုန်ဆင်းလိုက်ပြီး အချိုရည်ဘူးကို ကိုင်မြှောက်လိုက်တယ်။
'ဟေ့...
အဖေကြီးရဲ့ သားတွေသမီးတွေ၊ နောက်လိုက် နောက်ပါတွေအားလုံး ပြေလယ်ပြင်အောက် နန်းမှာ
ကိုယ်တော် ပျော်ဦးမယ်။ လိုက်ကြမှာလားဟေ့'
'လိုက်ပါ့မယ်
ဘုရား၊ လိုက်ပါ့မယ်'
ခြံဝင်းထဲက
လူအားလုံး လက်အုပ်လေးတွေချီပြီး ဝိုင်းအော်ကြရတယ်။
'အေး...
ပြေလယ်ပြင်ပြီးရင် လက်ခြောက်ဖက်နန်း၊ ပြီးရင် ငါ့ရဲ့နန်း၊ ဖေကြီးကျော်ရဲ့နန်းကို
သွားမယ်ဟေ့'
အားလုံးက
ဟေးခနဲအော်ပြီး လက်ခုပ်တွေ တီးကြပြန်တယ်။ ဖေကြီးကျော် ဒေစီဂျိန်းကတော့ တအေ့အေ့
လေချဉ်တက်ရင်း ရှေ့ကနေထွက်တယ်။
'လာ
ညီဖွား... ကိုကြီးကို တွဲ'
ဖေကြီးကျော်က
မင်းမင်းကို မှီနွဲ့လိုက်တယ်။ အသက်ကြီးတော့ နည်းနည်းတော့ မောချင်ပြီ။
အောက်နန်းတွေမှာကျ ခုန်ရပေါက်ရဦးမယ် မဟုတ်လား။
ပွဲတော်တစ်ကွင်းလုံးကို
နတ်ဆိုင်းသံတွေက ဖုံးလွှမ်း စိုးမိုးထားတယ်။ ပွဲတော်ထဲက အောက်နန်းတွေပေါ်မှာ
ဆိုင်း ကိုယ်စီရှိတယ်။ အောက်နန်းတွေပေါ်မှာလည်း နတ်ကတော်တွေ နန်းတက်ကြတာကိုး။
နန်းကြီးတက်ပွဲကို မတက်နိုင်သေးတဲ့ နတ်ကတော်လေးတွေက အောက်နန်းတွေမှာ တက်ကြတယ်။
အောက်နန်းတက်ပွဲစရိတ်က နန်းကြီးတက်ပွဲ စရိတ်လောက် မကြီးဘူးလေ။ သုံးထောင်နဲ့
ငါးထောင်ကြားပဲ ရှိတာ။ နန်းကြီးတက်ပွဲလို ပုဆိုးအုပ်တို့ ဘာတို့ ပါစရာမလိုဘူး။
စားတော်စာပဲပေါ့။ အရက်တို့၊ ကြက်ကြော်တို့နဲ့ တခြားစားတော်စာတွေပေါ့။
တက်ပွဲကြေးကတော့ နန်းကြီးလိုပဲရှိတယ်။ နန်းကြီးလောက်တော့ မများဘူးပေါ့။
တက်ပွဲကြေးက ငါးရာပဲ။ ကြက်လောင်းကြေးနဲ့ လက်ကိုင်ကြေးက ထောင့်ငါးရာ ရှိရတယ်။
အောက်နန်းတွေမှာလည်း နန်းထိန်းတွေ ရှိတယ်။ အဲဒီနန်းထိန်းတွေပဲ နန်းနဲ့ပတ်သက်တာ၊
တက်ပွဲနဲ့ ပတ်သက် တာတွေအားလုံးကို လုပ်ပိုင်ခွင့်ရှိတယ်။ ပိုင်ဆိုင်ခွင့် ရှိတယ်။
နန်းကြီးတက်ပွဲထက် ပိုကောင်းတာတစ်ခုက အောက်နန်းတက်ပွဲက အချိန်ရတာပဲ။
နတ်ကတော်တစ်ဦးကို နှစ်နာရီလောက် တက်လို့ရတယ်။ နှစ်နာရီဆိုတော့ အားရပါးရ ချော့ရကရတာပေါ့။
ဒေစီဂျိန်းတို့လို
နန်းကြီးတက်တဲ့ နတ်ကတော်တွေက နန်းကြီးတက်ပွဲ တက်ပြီးတာနဲ့ အောက်နန်းတွေမှာ
လိုက်ပြီးတက်ကြသေးတယ်။ ပျော်ကြသေးတယ်ပေါ့။ မင်းမင်း စိတ်ထဲမှာတော့ အောက်နန်းတွေဟာ
သင်္ကြန်မဏ္ဍပ်တွေလိုပဲ။ နာမည်ကြီး ဆိုင်းတွေနဲ့ နာမည်ကြီးအဆိုတော်တွေက နာမည်ကြီး
သီချင်းတွေဆိုလို့။ အဲဒီမှာ နာမည်ကြီး နတ်ကတော်တွေက တစ်နန်းဝင် တစ်နန်းထွက်
ဝင်ကကြတာကိုး။ အဲဒီအရသာကို နတ်ကတော်တိုင်း မက်မောကြတယ်။ မက်မက်မောမော ပျော်ကြတယ်။
ဒေစီဂျိန်းတို့ဆို စတန့်လေးနဲ့တောင် ပျော်လိုက်သေး။ နန်းကြီးတက်ပွဲကတည်းက
လိပ်ပြာကပ်ပါလာတဲ့ ဖေကြီးကျော်က နောက်လိုက်နောက်ပါ အစုံအလင်နဲ့ တစ်နန်းဝင်
တစ်နန်းထွက် ပျော်တာလေ။
မင်းမင်းကလည်း
ပျော်ပါတယ်။ နောက်နန်းတွေ လျှောက်သွားရတဲ့ အရသာကို မင်းမင်းလည်း ကြိုက်တယ်။
တက်ပွဲဒကာ၊ ဒကာမတွေနဲ့ နောက်လိုက်နောက်ပါအားလုံးလည်း ကြိုက်တယ်။ စိတ်လွတ်လက်လွတ်
ပျော်ခွင့်ရတာကိုး။ ပျော်ကြရတာကိုး။ နန်းကြီးနန်းတက်ပွဲ အောင်မြင်စွာ ပြီးဆုံးတဲ့
အထိမ်းအမှတ်လေ။ စိတ်လွတ်ကိုယ်လွတ် ပျော်ကြစမ်း။
အောက်နန်းမှာ
မင်းမင်း အရက်သောက်ခွင့်ရတယ်။ မူးအောင်သောက်လို့ ရတယ်။ တက်ပွဲဒကာတွေလည်း မူးကြတယ်။
အားလုံးပဲ ပျော်ပျော်ပါးပါး မူးကြတယ်လေ။
ကြည့်ပါလား။
ပြေလယ်ပြင် ရှမ်းမောင်နှမ နတ်နန်းရဲ့ မီးလုံးရောင်စုံတွေအောက်မှာ အားလုံးပဲ
လှနေတယ်။ အားလုံးပဲ ရီဝေနေတယ်။ အားလုံးဟာ စိတ်တွေကို လွှတ်ပစ်လိုက်ဖို့ အဆင်သင့်
ဖြစ်နေကြတယ်။
'ဟေ့...
လာ...လာ...လာနော်... ပျင်းသလားကွဲ့နော် သီချင်းသွားဟစ်အော်...
မင်းနှစ်ပါးရဲ့ပွဲတော်...ပွဲတော် စလားနောက်လား... ပျော်...ပျော်... တကြော်ကြော်
ပျို စိတ်မဆိုးနဲ့... ထုံးစံမို့နော်'
နတ်ဒိုးသံဟာ
လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ
စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။ မူးယစ်ရီဝေနေတဲ့ မင်းမင်းနဲ့
နတ်နန်းထဲက မိန်းကလေး တစ်ယောက်နဲ့ ဘေးချင်းပူးကပ်ထားကြတယ်။ နတ်ချစ်သူ ပရိသတ်
ပြည့်ကျပ်နေတဲ့ ဒီလိုအချိန်မှာ ဘယ်သူက ဘယ်သူ့ကို အပြစ်ဆိုလို့ရမလဲ။ ဘယ်သူက
ဘယ်သူ့ကိုမှလည်း အပြစ် မဆိုကြပါဘူး။ အပြစ်မဆိုဘဲ အချစ်ပိုသွားကြတဲ့သူတွေသာ
အများကြီး။ မင်းမင်း သိတာပေါ့။ သိလည်း သိခဲ့ဖူးပြီ။ ကြုံလည်း ကြုံခဲ့ဖူးပါပြီ။
ဟိုမှာလေ
အဆိုတော်မလေးကို တက်ပွဲဒကာ အဖွဲ့ထဲက ယောကျ်ားတစ်ယောက်က ကိုးဆယ်တန်တွေ အင်္ကျီရင်ဘတ်ထဲ
ထိုးထည့်ဆုချဖို့ ကြိုးစားလို့။ အဆိုတော်မလေးကလည်း ရီဝေဝေ ပြီတီတီအကြည့်တွေကို
အပြုံးမပျက်ခံယူရင်း ငွေစက္ကူရွက်တွေကို ကျွမ်းကျင်လိမ္မာစွာ အဝတ်ထဲထည့်လို့။
ခပ်ငယ်ငယ် ဝိုင်းတော်တီးရွာစားလေးနဲ့ ပရိသတ်ထဲက ကောင်မလေး တစ်ယောက်ကလည်း
ရီဝေဝေအကြည့်တွေကြားမှာ အပေးအယူတွေ မျှတလို့။
ဒေစီဂျိန်းနောက်မှာ
ကဖို့စောင့်နေတဲ့ မိန်းမနတ်ဝတ်စုံနဲ့ မိန်းမလျာ နတ်ကတော်ကတော့ ယိမ်းယိုင်နေတဲ့
သူငယ် အစင်လေးတစ်ယောက်ကို ချိုသာဖေးမရင်း အမိဖမ်းဖို့ ကြိုးစားလို့နေတယ်။
'ဟေ့...
ရွှေပြုံး...ငွေပြုံး... ပွဲရတောင်ပြုန်း။
ပျော်မဆုံးလှတဲ့
တို့အညာပွဲတော် လာစေချင် ဖိတ်ခေါ်'
နတ်နန်းထဲမှာ
တစ်ယောက်ယောက် ကြဲချလိုက်တဲ့ ငွေစက္ကူရွက်တွေ ပလူပျံကျလာတယ်။ ကျပ်တန် ငါးကျပ်တန်
အသစ်လေးတွေကို တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့ကောက်ကြရင်း အဆွဲအလွဲလေးတွေ
ဖြစ်ပွားသွားခဲ့တယ်။ ကောင်မလေးတစ်ယောက်ရဲ့ ငါးကျပ်တန်ဆုပ်ထားတဲ့ လက်ကလေးကို
မင်းမင်း အကြာကြီး ဆုပ်ထားလိုက်ရတယ်။ မူးနေတဲ့ တက်ပွဲဒကာတော့ အမျိုးသမီးတစ်ယောက်
ရင်ခွင်ထဲကျသွားတဲ့ ကျပ်တန်လေးတစ်ရွက်ကို အတင်းလိုက်လုတယ်။ အမျိုးသမီးကလည်း
ရယ်လို့မောလို့။ ဖေကြီးကျော် ဒေစီဂျိန်းက ခုန်ရင်း ပေါက်ရင်း ကနေ ကဲနေတဲ့
သားလေးကို မျက်စောင်းချည်း လှမ်းထိုးနေတော့တယ်။ မင်းမင်းကတော့ အဘွားကြီးကို
မသိချင်ယောင် ဆောင်ရင်း ကဲဖို့ကိုပဲ ကြိုးစားတယ်။ တစ်ခါတလေတော့
ခွင့်လွှတ်မှပေါ့ဗျာ။ မိန်းမစစ်ရဲ့ အသားလေးတွေနဲ့ ထိတွေ့ သာယာစမ်းပါရစေဦး။
ဖိုစိတ်နဲ့မစိတ် ထိတွေ့ခြင်းက ဖြစ်ပေါ်လာတဲ့ ကြည်နူးသာယာမှုဆိုတာဟာ သဘာဝတရားက
ပေးထားတာဗျ သိရဲ့လား။ လူဟာ သဘာဝတရားကို ဆန့်ကျင်ပြီး ကြာရှည်မနေအပ်ဘူး။
မနေသင့်ဘူး။ ဂျိန်းစဘွန်းမကြီး ဒါတွေကို ခင်ဗျား ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။
'ကဲ...
အဖေကြီး ကြွတော့မယ်ဟေ့။ ဒီနန်းမှာ ကြာကြာနေရင် လိပ်ပြာရှင် အလုခံရကိန်း မြင်တယ်'
ပရိသတ်က
ဝေါခနဲ ရယ်ပေမယ့် မင်းမင်း မရယ်နိုင်ပါဘူး။ မချိပြုံးကလေးကို တပ်ဆင်ပြီး နန်းထဲက
မြန်မြန်ထွက်တယ်။ ကိုယ့်ကို ရက်ရက်ရောရော အသားချင်းထိထားပေးတဲ့ ကောင်မလေးရှေ့မှာ
မျက်နှာ ဘယ်လိုထားရမလဲ။ ဒါမျိုးတွေက မင်းမင်းအတွက် ရိုးတော့နေပါပြီလေ။ လူပုံလယ်မှာ
မဏ္ဍပ်တိုင် တက်ပြနေကျ။ ဒေစီဂျိန်းကတော့ ချစ်လို့ဟေ့လို့ အရပ်ရှစ်မျက်နှာကြားအောင်
အော်လိမ့်မယ်။ မင်းမင်းမှာတော့ ရှက်ရုံကလွဲလို့ ဘာများတတ်နိုင်မှာလဲ။
'ညနက်သန်းခေါင်လည်း
လထွက်အောင်ပဲ ရွာရိုးကို သူလျှောက်လည်... အိမ်နားနီးတွေ အားနာဦးပေါ့...
မောင်မောင်ရယ်... ကိုကြီးကျော်လာရင်... ထန်းရည်အရက်တွေ အမြဲပါသမို့...
ခန်းရှေ့ထဲကို မထွက်ဝံ့အောင်ပ... ရှက်လှပြီ မောင်မောင်ရယ်...နေ့လည်း မူးတယ်...ညလည်း
မူးတယ်... ထူးလည်း ထူးတယ်...ရွှေတစ်သန်းနဲ့ ရွှေခန်းကျော်ကြီးရယ်'
ဒေစီဂျိန်း
နောက်ဆုံးဝင်မယ့် ပခန်းနန်းကို ရောက်တာနဲ့ ဒီနေ့ခေတ်ဖေကြီးကျော် သီချင်းက
ဆီးကြိုနှုတ်ဆက်တယ်။ ပခန်းနန်းတစ်ဝိုက်မှာ ကိုကြီးကျော်နဲ့ အကြိုက်ချင်းတူတဲ့
ညီဖွားအရွယ်စုံက ယိမ်းယိုင်ကခုန်ကြလို့။
ပခန်းနန်းထိန်းက
ဗောင်းဆောင်းကြီး ဒေစီဂျိန်းကို ပျာပျာသလဲကြိုပြီး နောက်လိုက် နောက်ပါတွေကို
နေရာချပေးတယ်။ ဝိုင်းတော်တီးရွာစားကလည်း ဆိုင်းတီးရင်းက လှမ်းနှုတ်ဆက် တယ်။
'ဟေ့...ဒိုး...ဒိုး...ဒိုး...'
ဒေစီဂျိန်း
ရှေ့က ကနေတဲ့ နတ်ကတော်က ဒိုးဆွဲပြီး ပေးသင့်ပေးရာတွေကို လက်ကိုင်ကြေးထဲက
လျှောက်ပေးရင်း ဒေစီဂျိန်းကို နတ်နေကြီး နတ်ဝါကြီးအနေနဲ့ လေးဆယ့်ငါးကျပ်တန်တစ်ရွက်
ပေးသွားတယ်။ နတ်ချော့ပြီးတော့ ကန်တော့လည်း သွားတယ်။
'တိတ်စေ...စမျှောင်...
ပြည်မဟာဖွေရှာ... အသေချာကြည့်... ဝေနေယျာအသိ... ပြည့်ရှင်မင်းကျော်စွာပါနော်
သတင်းနော် အဖြာဖြာမလျှင်း... အသိပြည်သူနောင် မမှားဘဲ... မဏိစည်သူ နောင်ဘုရားပါ
မြန်းကြွလာမှာမို့... နန်းဘမရာအတွင်းက နက်မဟီက ဟဲ့... မင်းထွက်တဲ့စည်'
မင်းထွက်တော့မှာမို့
မင်းထွက်တဲ့စည်တဲ့။ ဆိုင်းဆရာရဲ့ ပါးနပ်မှုပေါ့။ အောက်နန်းကို လာကတဲ့လိပ်ပြာရှင်
ပခန်းမင်းရဲ့ ဂုဏ်အရှိန်အဝါကို သိပြီးသားလေ။ ရွာစားကိုယ်တိုင် မိုက်ကိုင်ပြီလေ။
'မှတ်ပါ...အဖေကြီးပါ
ဘုရာ့... အဖေကြီးပါ ဘုရာ့၊ မူးမှထူး၊ ထူးမှမူးတဲ့ ပခန်းကျော်ကြီးပါ ဘုရာ့'
ဒေစီဂျိန်းရဲ့
မူပိုင်ဟန်အတိုင်း တအေ့အေ့နဲ့ လေပြိုရင်း ဖေကြီးကျော်ဝင်တာနဲ့ 'ဟေ့...ဟေ့'
ဆိုတဲ့ ညာသံပေးသံတွေ ပခန်းနန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
မိတ်ကပ် နီရဲရဲ၊ နှုတ်ခမ်းရဲရဲနဲ့ အဆိုတော်မလေးက မိုက်ကို ဟန်ပါပါလေး
ကိုင်လိုက်တယ်။
'ပြောသာပြောရ...
မောလှတယ်... လင့်ဝတ္တရားကို သူ နားမလည်... သိက္ခာရှိအောင် နေစမ်းကွယ်'
အဆိုတော်မလေးက
ဟန်မူပိုပိုနဲ့ ဖေကြီးကျော်ကို လက်ညှိုးလေး ထောင်ပြလိုက်တော့ နောက်လိုက်
နောက်ပါတွေရဲ့ 'ဟေး'ခနဲ သဘောကျသံတွေ ဆူညံသွားတယ်။ ဟော... ထလာပါပြီ။
နောက်လိုက် နောက်ပါထဲက ယိုင်တိုင်တိုင် လူတစ်ယောက် အဆိုတော်မလေးကို ဆုချပါတော့မယ်။
'နေညိုဆိုရင်ကွယ်...
ထန်းရည်ကို သူကြိုက်ပါသတဲ့... နေထွက်နေစောင်းချိန်ထိ... ရွှေကြက်ကို သူလောင်းတယ်...
ကိုကြီးကျော်... တကယ့်လွန်လွန်းပါတယ်'
အဆိုတော်မလေးက
ဟန်မူရာတွေ ပိုများလာတယ်။ ဆုချတာတွေကလည်း များလာပြီလေ။
'တောင်းပန်ပါ့မယ်...
ကျောင်းဒကာကြီးရယ်... အရပ်တကာ နယ်တကာ... သူ မပါရင် ပွဲမပြီးလို့... ဇွဲကြီးတဲ့ မောင်ကြီးကျော်ရယ်...ကစားတာလည်းလျှော့ကွယ်...
သောက်တာလည်း လျှော့ကွယ်... အမြှောင်တွေထားတာ လျှော့ဦးကွယ်... သာသနာပြုတဲ့
ကိုကြီးကျော်ရယ်...'
ဆိုင်းက
ပိုပြီး မြိုင်ဆိုင်သလိုပဲ။ ရွာစားက ခေါင်းတညိတ်ညိတ်နဲ့ ရေကုန်ရေခန်း တီးနေတယ်။
စိန်ပေါ်လွင်ကြီး တီးရပေမပေါ့ဗျာ။ ဖေကြီးကျော် ကြက်လောင်းတော့မယ်လေ။ ကြက်ဖလားထဲကို
နတ်ကတော်ရဲ့ လင်ကလေး ကြက်လောင်းကြေးတွေ လိုက်ခံနေပြီလေ။ ထောင်ကျော်မယ့် ဖလားမှန်း
မြင်တာနဲ့ စိန်ပေါ်လွင်ကြီးတို့က သိတယ်။ ပခန်းနန်းတီးစားနေတာပဲ အနှစ်နှစ်ဆယ်
ရှိပေါ့။ ဖလားကြည့်လိုက်တာနဲ့ ထောင်ဖလား၊ ရာဖလား ဘာဖလားတုံး၊ သိနေပါပြီ။
သိရမယ်လေ။
စိန်ပေါ်လွင်ကြီး မသိလို့ မရဘူး။ ဒီဖလားက ကိုယ်ရမယ့်ဖလား။ ဒီဖလားက ကိုယ့်အသက်၊
ဖလားထဲမှာ ပိုက်ဆံများမှ စိန်ပေါ်လွင်ကြီးတို့ အသက်ရှူချောင်မှာ။ ဖလားထဲမှာ
ပိုက်ဆံများလေ စိန်ပေါ်လွင်ကြီး လက်သံပြောင်လေပဲသာမှတ်။
သုံးချီသုံးလားလောင်းတဲ့
ကြက်ဖလား သုံးဖလားက စိန်ပေါ်လွင်ကြီးတို့ ဆိုင်းအတွက်ပဲ။ ကျန်တဲ့
လက်ကိုင်ကြေးကတော့ နန်းပိုင်နန်းထိုင်နဲ့ နန်းထဲထိုင်နေတဲ့ ပေးသင့်ပေးရာတွေပေါ့။
ကြက်လောင်းကြေးဆို
ဓားသွေးကြေးတို့၊ လှေထေးကြေးတို့ဟာ တကယ်တမ်းကျတော့ စိန်ပေါ်လွင်ကြီးတို့နဲ့ပဲ
ဆိုင်တယ်။ နတ်ကတော်က မနုတ်ရဘူး။ ကိုကြီးကျော် ကြက်လောင်းကြေးအပြင်
ရွှေကိုင်းကတော်တို့၊ အမေရေယဉ်တို့၊ ကိုးမြို့တို့ရဲ့ ဓားသွေးကြေးတွေ ရှိသေးတယ်။
ကိုယ်တော် နှစ်ပါးရဲ့ လှေထေးကြေးဆိုတာလည်း ရှိတယ်။ ဒါတွေ အားလုံးဟာ ဆိုင်းနဲ့ပဲ
ဆိုတာကို နတ်ကတော်နဲ့ နန်းပိုင် နန်းထိုင်တွေက နုတ်ချင်သေးတယ်။ ဘယ်ရမလဲ။ သူတို့
တက်ပွဲကြေး၊ လက်ကိုင်ကြေး၊ ကန်တော့ကြေးတွေ ရပြီးပြီပဲဗျာ။
စိန်ပေါ်လွင်ကြီးတို့အတွက်လည်း ချန်ဦးမှပေါ့။ ကိုယ်က အလကားဝင်တီးရတာမှ မဟုတ်ဘဲဗျာ။
နန်းပိုင်နန်းထိုင်တွေကို ပိုက်ဆံပေးတီးရတဲ့ ဥစ္စာ။
သမားရိုးကျရတဲ့
ပခန်းမင်းနန်း ကန်တော့ကြေးက ငါးရာပေးရတယ်။ နန်းလိုတာသုံးက တစ်ထောင်၊ ပွဲတော်
ခုနစ်ရက်ကိုပေါ့။ ဒီခုနစ်ရက်မှာ စိန်ပေါ်လွင်ကြီးတို့က ဒီနန်းကို လာတက်တဲ့၊
လာချော့တဲ့ နတ်ကတော်တွေ၊ နတ်ချော့သူတွေရဲ့ ကြက်ဖလားမှန်သမျှရဲ့ ဓားသွေးကြေး၊
လှေထေးကြေး၊ သဒ္ဓါကြေးတွေကို ရမယ်။
ပိုက်ဆံက
ရတာတော့ ရပါတယ်။ ပခန်းကျော်နန်းပဲ။ ချော့မယ်သူ၊ တက်မယ့်သူ မရှိ။ ခြောက်ကပ်နေတဲ့
နန်းမျိုးတော့ ဘယ်တော့မှ မဖြစ်ဘူး။ ချော့သူ၊ တက်သူမရှိ ပခန်းကျော်က အမူးသမား
ခေါ်လာတာပဲ။ ပိုက်ဆံက ရပါတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း စရိတ်စကတွေက ရှိသေးတာကိုး။
အဖွဲ့အစည်းနဲ့ ထမင်းစရိတ်၊ သရေစာစရိတ်နဲ့ ကိုယ်တွက်ကိုလည်း မြက်မြက်လေး
ကျန်ချင်သေးတာကိုး။ ကဲ... ဆိုင်း သယ်ရတဲ့ကားခကိုက အသွားအပြန် သုံးထောင့်ငါးရာဗျာ။
ထမင်းစရိတ်ကလည်း သုံးထောင့်ငါးရာ၊ လေးထောင်လောက် ကျတယ်။ စုစုပေါင်း ကိုယ်က
တစ်သောင်းကျော်လောက် ရင်းထားရတယ် ပြောပါတော့။
ဟိုတုန်းကတော့
ဒီလိုပိုက်ဆံတွေ ဘယ်ပေးရမတုန်းဗျာ။ တစ်ရွာလုံးမှာရှိတဲ့ နန်းတွေက ဆိုင်းအားလုံးကို
တီးရတဲ့ လူတစ်ယောက်ပဲ ရှိတယ်။ 'ဘိုးဆင်'တဲ့။
အရှင်နှစ်ပါး ကောက်ထားတဲ့ လက်ယာတော် ဆိုင်းဘိုးဆင်က ဘယ်သူ့ တပည့်တုန်းဆိုတော့
စိန်ဗေဒါရဲ့အစ်ကို၊ ဆရာစိမ့်တပည့်။
ဘိုးဆင်ရဲ့အမွေကို
ဘယ်သူရတုန်းဆိုတော့ ဘိုးဆင်ရဲ့တူ ဦးပြည့်(ဆရာပြည့်)က ရတယ်။
တိုင်းချစ်မောင်လို့လည်း ခေါ်တယ်။ ဇော်ဂျီဖိုဝင်သား စားထားတဲ့ ဝိဇ္ဇာတွေရဲ့သားမို့
ဝိဇ္ဇာပြည့်လို့လည်း ခေါ်တယ်။
ရွာထဲမှာ
နန်းတွေကလည်း ဒီလောက် ဘယ်များသေးမတုန်း။ တောင်ပြုန်းတစ်ရွာလုံးမှာ အရင်ရှိတဲ့
မူလနန်းက နည်းနည်းလေးရယ်။ အိမ်တွင်း ခုနစ်ဖော်နန်း၊ စာရေးတော် ကြီးနန်း၊
မန္တလေးဘိုးတော်နန်း၊ မမဥနန်း၊ အမေဆည်တော်နန်း ဒါလောက်ပဲ။
နောက်မှ
နောက်တိုးနန်းတွေ ပေါ်လာတာ။ တလိုင်း ကျော်နန်း၊ ပခန်းကျော်နန်း၊
ပြေလယ်ပြင်မောင်တော်၊ နှမတော်တို့၊ ပြည်ကန်တော်မောင်နှမတို့၊ အမေရေယဉ်၊
ကိုးသိန်းရှင် ရွှေနဘေ၊ နံကရိုင်း၊ ပသိမောင်တော် နှမတော်၊ သားပိုက်မယ်တော်၊
မငွေတောင်၊ ဘိုးညို၊ သိုက်နန်းရှင်၊ မဏိစည်သူ၊ ဓားနင်းဘိုးတော်၊ ရွာတော်ရှင်၊
အခဲ့ပြင်ဘိုးဘိုး၊ ကိုးမြို့ရှင်၊ ပုလဲယဉ် အများကြီးပဲ၊ အများကြီးပဲ။ နန်းတွေက
တစ်နှစ်တစ်နန်း တိုးတာပဲ။ တစ်ပြည်လုံးက နတ်ကွန်းတွေ တောင်ပြုန်းမှာ လာစုတာပဲ။
နန်းတွေ
တိုးလာတဲ့အကြောင်းရင်းက ရှင်းပါတယ်လေ။ တောင်ပြုန်းပွဲကြီးက တဖြည်းဖြည်း
တစ်ပြည်လုံး အတိုင်းအတာနဲ့ စည်ကားလာတော့ နတ်ပွဲကြီးကို မှီနေတဲ့
နှီးနွယ်ဆက်စပ်နေတဲ့ လူအားလုံး စားရသောက်ရတယ်။ ဒီတော့ နတ်ကတော်လုပ်ချင်တဲ့သူတွေ
များလာတယ်။ အထူးသဖြင့် မိန်းမလျာတွေပေါ့။ တကယ် နတ်အစစ်မကောက်ဘဲနဲ့ ထိုးဆေး
နတ်ကတော်တွေပေါ့။ ကိုယ့်နားလည်မှုနဲ့ကိုယ် ခွဲယူကြတာပေါ့။ စိန်ပေါ်လွင်ကြီးတို့
ပခန်းနန်းဆိုရင် ပွဲဦးဆင်းတဲ့ နေ့ရသမျှကို နန်းထိုင်က ယူတယ်။ လပြည့်ကျော် တစ်ရက်
ပခန်းမင်းပို့တဲ့အနေနဲ့ သက်သက်တီးရတဲ့ ပွဲနေ့ ရသမျှကို နန်းပိုင်က ယူတယ်။
ကြားပွဲတော်ရက် ရတာတွေကိုတော့ နားလည်မှုနဲ့ ခွဲယူပေါ့။
ပွဲတော်ကြီး
စည်ကားလာတော့ နတ်ကတော်၊ နန်းပိုင်၊ နန်းထိုင်လုပ်ချင်သူတွေမှ မဟုတ်ဘူး။
ဆိုင်းတီးချင်သူတွေကလည်း မတရားများလာတော့တာပဲ။ အဲဒီမှာ ပိုက်ဆံပေးတီးတဲ့ နည်းစနစ်
စတင်တော့တာပဲဗျာ။ အဲ... ဘယ်နန်းက ပိုက်ဆံ ပိုရမလဲ။ ပိုရတဲ့နန်းကို
တစ်ယောက်နဲ့တစ်ယောက် အလုအယက် ဝိုင်းပေးကြတာတွေ ဘာတွေဖြစ်ကုန်တယ်။ ဒါပေမယ့်
ပေးတယ်ဆိုတာ ခုလောက်တော့ ဘယ်များမလဲ။ နည်းနည်းလေးပါ။ ဒီပခန်းနန်းမှာ ဟိုတုန်းက
တီးတဲ့ ဆိုင်းဆရာ ဦးတင်အောင်တို့ လက်ထက်မှာ ငါးရက်တစ်ရာပဲ ပေးတာ။ ချိုးရေတော်သုံးပြီးမှ
စတီးရတာဆိုတော့ ငါးရက်ပဲ တီးရတာကိုး။ ဟိုတုန်းက အရှင်နှစ်ပါး ချိုးရေတော်သုံးပြီး
နန်းပေါ်ကို ပြန်ရောက်မှ တစ်ကွင်းလုံးက ဆိုင်းတွေ စတီးရဲတာ။ အရှင်နှစ်ပါး
နန်းပေါ်ရောက်မရောက် လူတစ်ယောက်ကို လွှတ်ထားရတာ။ အခုတော့ ဘယ်ဟုတ်တုန်း။
ရေချိုးတော် သုံးနေ့ မနက်လင်းတာနဲ့ တစ်ကွင်းလုံး ပွက်ပွက်ရိုက် စတီးကြတော့တာပဲ။
အဲဒီမှာ
စိန်ပေါ်လွင်တို့ ဆိုင်းတွေ အလုအယက် မညီမညွတ်တွေ ဖြစ်ကုန်ကြတဲ့အတွက် 'နတ်ဆိုင်းများ
ညီညွတ်ရေးအသင်း'ဆိုပြီး ဖွဲ့ကြရတယ်။ ပွဲတော်ကို ရဟန်းပျို
အုပ်ချုပ်တဲ့ အချိန်ပေါ့။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်အထက်မြန်မာပြည်၊ မန္တလေး
ဆိုင်းတွေချင်းမှ လုယက်နေရတဲ့ထဲမှာ အောက်မြန်မာပြည် ရန်ကုန်ဆိုင်းတွေက
ဆင်းချလာကြပါလေရော။ ဘယ်ရမလဲ၊ နတ်ဆိုင်းများ ညီညွတ်ရေးအသင်းကနေ ရဟန်းပျိုအဖွဲ့ကို
ကန့်ကွက်တာပေါ့။ ရန်ကုန်ဆိုင်းတွေ ချက်ချင်းပြန်ရတယ်။ အဲဒီကတည်းကပဲ အခုထိ
ရန်ကုန်ဆိုင်းမတီးရဘူး။ ရဟန်းပျို အဖွဲ့က တစ်ခါတည်း ဈေးနှုန်းသတ်မှတ်ပေးလိုက်တယ်။
ပွဲတော် တစ်နှစ်ကို ငါးရာနဲ့ တီးစေလို့။
မလွယ်ဘူး၊
မလွယ်ဘူး။ အတိုက်အခိုက်တွေကတော့ နာမည်ကြီးတဲ့ နန်းပေါ်မှာ မူတည်ပြီး ရှိနေတာပဲ။
ပိုက်ဆံရတဲ့နန်း၊ တန်ခိုးရှိတဲ့နန်းဆို အတိုက်အခိုက်များပြီးပဲ။ နန်းချင်းက
မတူဘူး။ လူတန်ခိုးရှိတဲ့ နန်းရှိတယ်။ နတ်တန်ခိုးရှိတဲ့ နန်းရှိတယ်။
ပိုက်ဆံရှိတဲ့၊
ဂုဏ်ရှိတဲ့ လူတွေဝိုင်းကိုးကွယ်တဲ့ နတ်ကတော်တွေ အတက်များတဲ့ အချော့များတဲ့နန်းဟာ
လူတန်ခိုးရှိတဲ့ နန်းပေါ့။ ပြောနေစရာမလိုဘူး။ လူတန်ခိုးရှိတဲ့နန်းက
ပိုက်ဆံပိုရတာပေါ့။ စိန်ပေါ်လွင်ကြီးရဲ့ ပခန်းကျော်နန်းကတော့ လူတန်ခိုးလည်း
ရှိတဲ့နန်း၊ နတ်တန်ခိုးလည်း ရှိတဲ့နန်း ဖေကြီးကျော်ကလည်း စိန်ပေါ်လွင်ကြီးကို
တခြားအရောက် မခံပါဘူး။ သူ့အနားမှာပဲ ထားပါတယ်။
နတ်ဆိုင်းတီးစားတဲ့
စိန်ပေါ်လွင်ကြီးကို လူတွေက မေးကြတယ်။ ခင်ဗျား နတ်ယုံသလားတဲ့။
ယုံတယ်၊ စိန်ပေါ်လွင်ကြီး
ယုံတယ်။ စိန်ပေါ်လွင်ကြီး အရင်ဆိုင်းပိုင် မရှိဘူး။ ဒီနန်းရောက်ပြီးမှ
ဆိုင်းဝယ်ရတယ်။ အိမ်ကလေး ဝယ်နိုင်တယ်။ အိမ်ငှားဘဝက ကျွတ်တယ်။ လွတ်တယ်။
စိန်ပေါ်လွင်မှ မယုံရင် ဘယ်သူယုံတော့မှာလဲ။ ဟော... တောင်ပြုန်းပွဲတုန်းက
ဆိုင်းတွေအားလုံး မန္တလေး ပြန်ရောက်တော့ လက်စွပ်ပေါင်ကြ၊ ရွှေပေါင်ကြ၊
မောင်းပေါင်ကြ၊ ကြေးပေါင်ကြနဲ့ စိန်ပေါ်လွင်ကြီးက အမြတ် ငါးထောင်လောက် ကျန်တယ်။
ဒုက္ခမဖြစ်ဘူး။ ပခန်း ကိုကြီးနန်းမှာ စိန်ပေါ်လွင်ကြီး တီးနေတဲ့ အနှစ်နှစ်ဆယ်
ကာလပတ်လုံး ရှုံးပြန်ရတယ်လို့ မရှိပါဘူး။ မြတ်ပြန်ရတာချည်းပဲ။ မနှစ်ကဆို မရစဖူး
ရတယ်။ သုံးသောင်းကျော်ရတယ်။ ခါတိုင်းဆိုရင် တစ်သောင်းခွဲ၊ နှစ်သောင်းပဲ။
ဒီတော့
စိန်ပေါ်လွင်ကြီးတို့က ကိုကြီးကျော်နဲ့ အရှင်နှစ်ပါးကို ညတိုင်း ကန်တော့အိပ်တယ်။
စိန်ပေါ်လွင်ကြီးကို 'မ'တာကိုး။ စိန်ပေါ်လွင်ကြီး ခံစားရတာကိုး။
ဟော
ပြောရင်းဆိုရင်း စိန်ပေါ်လွင်ကြီး ရင်ခွင်ထဲ ကြက်ဖလား ကျလာပြီ။ နှစ်ရာတန်တွေ
အတော်များပါလား။ ငွေတွေယူပြီး ကြက်ဖလားကို စိန်ပေါ်လွင်ကြီး ရိုရိုသေသေ ထဆက်တယ်။
'ဟေ့...
ဒီဆိုင်းက ဘယ်သူပေးတာလဲကွ'
'မှန်ပါ၊
အဖေကြီး ပေးတဲ့ဆိုင်းပါဘုရာ့'
'ရွာစားကကော
ဘယ်သူ့တပည့်လဲကွ'
'ဖေကြီးကျော်
တပည့်ပါ ဘုရာ့၊ တပည့်ရင်းကြီးပါ ဘုရာ့'
'အေး...
အဖေကြီးပေးမယ်ဟေ့၊ ကဲ... စိန်ပေါ်လွင်နဲ့ အဖေကြီးနဲ့ နှစ်ယောက်တည်း...
နှစ်ယောက်တည်း၊ ဒိုး...'
'ဟေ့...
ဒိုး...ဒိုး...ဒိုး...ဒိုး'
စိန်ပေါ်လွင်ကြီးက
ပတ်လုံးကလေးတွေကို သူ့လက်ကြီးနဲ့ မညှာမတာ ရိုက်တယ်။ ပတ်လုံးကလေးတွေပေါ်ကို
ဒေစီဂျိန်း ထုံးစံအတိုင်း လေးဆယ့်ငါးကျပ်တန် တစ်ရွက်စီ တင်ပေးတယ်။
ချွေးဥတွေစီနေတဲ့ စိန်ပေါ်လွင်ကြီးမျက်နှာက ပြုံးရွှင်ဝင်းပလိုပ။ များများပေးပါ
အဖေကြီးရေ၊ ဆိုင်းကား လေး ဘာလေး ဝယ်နိုင်အောင် 'မ'စမ်းပါဦး။ ဒီနန်းကလည်း ဘယ်မှမရောက်အောင် အတိုက်အခိုက်တွေကို ဖယ်ရှားပေးဦး။
နန်းထဲကို
ကျပ်တန်အသစ်အုပ်က ဆုတ်လွှင့်လိုက်တဲ့ စက္ကူအသစ်လေးတွေ ပလူပျံကျလာတယ်။
ဆိုင်းပေါ်မှာလည်း ဝဲလိုပ။ ဒီနတ်ကတော်အကြောင်းကတော့ စိန်ပေါ်လွင်ကြီး သိပြီးသား။
ရက်ရောပါတယ်။ ရက်ရောနိုင်အောင်လည်း တပည့်တပန်းတွေက တောင့်တာကိုး။ ဒီနတ်ကတော်က
နန်းကြီးတက်ပွဲကို တစ်နှစ် ငါးပွဲ ခြောက်ပွဲရတဲ့ နတ်ကတော်ပဲ။
တချို့နတ်ကတော်တွေကျလည်း
ရှားပါးပါ့ဗျာ။ နတ်ကတော် လုပ်ချင်တာ၊ တက်ပွဲတက်ချင်တာလည်း ပျာလို့၊ ပါးစပ်နှေး၊
လက်နှေးလိုက်တာလည်း ချာလို့ ဆိုတဲ့ထဲကပဲ။ နန်းမှာ တက်ပွဲတော့ လာတက်တယ်။ ပြီးတော့
ကြက်ဖလားကျ တစ်ရာနဲ့ နှစ်ရာပြီးရော လုပ်သွားတတ်ကြတယ်။ တချို့ကျတော့ လာချော့၊ ချော့ပြီး
ဆိုင်းကို အစိတ်လောက်ပေးသွားတာ မျိုးတွေ ရှိတယ်။ အဲလိုအခါမျိုးကျတော့
စိန်ပေါ်လွင်ကြီးတို့ မိုက်ဆွဲပြီး လူမိုက်လုပ်ရတော့တာပေါ့။ 'ဒီမှာ
နတ်ကတော်၊ ခင်ဗျား စိန်ပေါ်လွင်ကို ချွေးသီးချွေးပေါက်ကျအောင် ကျုပ်တီးပေးနေတာ
ပျော်လွန်းလို့ တီးနေတာ မဟုတ်ဘူး နားလည်လား။ ပိုက်ဆံလိုချင်လို့ တီးနေတာ။
တန်ရာတန်ဖိုးပိုက်ဆံလိုချင်လို့ တီးနေတာ။ ခင်ဗျား ငွေအစိတ် ကျုပ်က
ဘာလုပ်ရမှာတုန်း။ လာခဲ့၊ ကျုပ်ဝိုင်းထဲကို ငွေသုံးရာ လာထည့်၊ တစ်ပြား မလျော့နဲ့။
လာမထည့်မချင်း ဒီနန်းထဲက ခင်ဗျား ထွက်လို့မရဘူး။ ထွက်ရဲထွက်ကြည့်၊ စိန်ပေါ်လွင်
အကြောင်း သိသွားမယ်'တွေ ဘာတွေလည်း လုပ်ရသေးတယ်။
အဲဒီလို
နတ်ကတော်မျိုးတွေနဲ့တော့ မတွေ့ပါရ၊ မဆုံပါရစေနဲ့ဗျာ။ ဟောဒီလို ငွေကို ရေလို၊ လေလို
သုံးနိုင်တဲ့ နတ်ကတော်မျိုးနဲ့သာ အမြဲတွေ့ပါရ၊ ဆုံပါရစေ။ ဟောဒီလို နတ်ကတော်မျိုး
တစ်နေ့ကို ငါးယောက် ခြောက်ယောက်သာ လာ... စိန်ပေါ်လွင်ကို ငွေလျှံပြီ။
အားရပါးရ
တီးနေတဲ့ စိန်ပေါ်လွင်ကြီးကို ဒေစီဂျိန်းက ခုန်ရင်း ပေါက်ရင်း လက်ညှိုးနဲ့
လက်မဝိုင်းပြီး 'ဝ'တော့ တော်တော့လို့ ပြလိုက်တာနဲ့ စိန်ပေါ်လွင်ကြီးက
ကပျာကယာ ဆိုင်းချပေးလိုက်တယ်။
ဒေစီဂျိန်းက
သားကလေးလက်ထဲမှာ လက်အုပ်ချီရင်း ပျော့ခွေသွားခဲ့တယ်။ အဘွားကြီး အတော်
မောသွားရှာတာလား၊ မူးသွားရှာတာလား မသိဘူး။ သောက်တာလည်း တော်တော်များတယ်။
မိန်းမလျာမကြီး နတ်ဝင်တုန်းက ဖေကြီးကျော်ရဲ့ ကျားကျားလျားလျားဟန်ပန်တွေ ပျောက်ပြီး
သားလေး ပခုံးမှာ ကနွဲ့ကလျ မှီနွဲ့နေပုံများတော့ ပါးစပ်ကလည်း ဂျိန်းစဘွန်းမကြီး
ထုံးစံအတိုင်း ပေါက်ကရတွေ အော်လို့ နန်းထဲကနေ ယိုင်ယိုင်ယိုင်ယိုင်နဲ့ ထွက်တယ်။
'ဟဲ့...
ဟိုရှေ့က လက်လက် လက်လက်တွေက ဘာတွေတုံး'
ကြည့်စမ်း၊
ဒါ သိလျက်သားနဲ့ တမင်သက်သက် လုပ်တာ။ မျက်နှာချင်းဆိုင်က တက်ပွဲတက်ဖို့ ထွက်လာတဲ့
နတ်ကတော်လေး ဝတ်စားထားတာကို သူ မြင်ရက်သားနဲ့။
'ဟဲ့...
မင်းမင်း၊ ဘာတွေတုန်းလို့ဆို'
'ဟာ...
ခင်ဗျားသိရဲ့သားနဲ့။ နန်းကြီးတက်ပွဲသွားတဲ့ နတ်ကတော် ခင်ဗျား မမြင်ဖူးဘူးလား'
'သြော်...
အေးအေး သနားပါတယ်။ သနားပါတယ်။ ဖြစ်သွားပုံများ စိတ်တွေလှုပ်ရှားနေတာ ဘေးကတွဲတောင်
သွားရတယ်။ ဒီလိုပဲ။ အစကတော့ ဒီလိုပဲ။ တို့တုန်းကလည်း ဒီလိုပါပဲ။ ကြောက်ဒူးတွေများ
တုန်လို့'
ဒေစီဂျိန်းပြောလည်း
ပြောစရာ။ နတ်ကတော် မိန်းမလျာမလေးက စိတ်လှုပ်ရှားပြီး မျက်နှာလေးက ငယ်လို့။ ဘေးက
လူနှစ်ယောက် ထိန်းတွဲလျှောက်သွားရတယ်။ စတက်တဲ့ နတ်ကတော်လေးမှန်း
အချိန်ကြည့်တာနဲ့လည်း သိနိုင်တယ်။ ညပိုင်းရောက်ပြီလေ။ နံပါတ် ဘယ်ကောင်းတော့မလဲ။
ကြည့်ရတာ ကိုယ့်နံပါတ်မရောက်ခင် စိတ်စောပြီး အစောကြီး ကတည်းက သွားစောင့်တဲ့ပုံပဲ။
ဆက်လက်ဖော်ပြပါမည်
နုနုရည်အင်းဝ
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။
ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...
ရေမလျှံတဲ့ မျက်နှာမွဲနတ်ကတော်လေးတွေများ ဆိုလို့ကတော့ ‘ရွှေခန်းမင်းကျော် မြင်းပေါ်တင်ကာခေါ် ဒါပဲ ‘ခေါ်ပဲ ခေါ်တစ်လုံးပဲ အမယ်လေး... ပိုက်ဆံထွက်မယ့် နတ်ကတော်ကျ လုပ်လိုက်ပါလိမ့်မယ် ‘ရွှေခန်းမင်းကျော် မြင်း...