ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)

နုနုရည်အင်းဝ

01 May 2026
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၇)
Share to

ရဲစခန်းက ထွက်ထွက်ချင်း မင်းမင်း အိမ်ပြန်မလို့ပါပဲ။ အိမ်မှာ ဧည့်သည်တွေလာလို့ ဒေစီဂျိန်းမရှိရင် ဘယ်သူဧည့်ခံမလဲ။ မင်းမင်းရှိမှ ဖြစ်မှာ။ အရှုပ်မကြီးက သူ့အပေါင်းအသင်းတွေနဲ့တွေ့ရင် တော်တော်နဲ့ပြန်လာမှာ မဟုတ်ဘူး။ မိန်းမလျာတို့ထုံးစံ ပေါက်တတ်ကရတွေ၊ ညစ်တီးညစ်ပတ်တွေ ပြောပြီး ဟီးဟီးဟားဟား လုပ်နေမှာ။ ညနေတက်ပွဲအမီတော့ ပြန်လာကောင်းပါရဲ့။ ရဲစခန်းက ထွက်ပြီး ပွဲတော်လူအုပ်ကြီးကို မင်းမင်းရှောင်ရင်း ရှောင်ရင်းနဲ့ လူသွားလူလာနည်းတဲ့ မိန်းလမ်းကြားတွေထဲ ရောက်သွားတယ်။ အဲဒီမှာ လှသူဇာမေနဲ့ သွားတွေ့တော့တာပဲ။ ဒေစီဂျိန်းသာ သိရင်တော့ ‘ဟဲ့... နင့်ခြေထောက်က အဲဒီဘက် အလိုလို ဆွဲသွားတာကိုး တွေ့မှာပေါ့’ လို့ ပြောဦးမယ်။

            လှသူဇာမေတို့ ကနားတဲဆိုတာ သိလိုက်တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မင်းမင်း ဖြတ်လျှောက်သွားမလို့ပါပဲ။ ဒါပေမယ့် လှသူဇာမေပါတဲ့။ မျက်စိက လျင်လိုက်တဲ့ဖြစ်ခြင်း။

‘ဟဲ့... မင်းမင်း၊ လာပါဦး မထိုင်တော့ဘူးလား’

‘ဟာ... မထိုင်တော့ဘူး။ အလုပ်တွေရှိသေးတယ် မာမီ’

မင်းမင်းငြင်းတော့ မိန်းမတစ်ယောက်လို အခုအခံ အဖြည့်အစွက်တွေနဲ့ ပြင်ဆင်ထားတဲ့ လှသူဇာမေက မိန်းမတစ်ယောက်လိုပဲ နီရဲတွတ် နှုတ်ခမ်းလေးကို လှလှပပမဲ့တယ်။

‘စိမ်းကားလိုက်တာ မောင်ရယ်။ ခဏလေးပါ လာပါဦး။ ပြောစရာရှိလို့’

ဘယ်ကောင်းတော့မလဲ။ ကနားတဲပေါ် မင်းမင်းတက်ထိုင်ရတော့တယ်။ ဒေစီဂျိန်းသာဆိုရင်တော့ ပြောလိုက်ပါလိမ့်မယ်။ နင်တို့က ထိုင်ချင်လို့ ညိုမြလုပ်နေတာ မဟုတ်လားလို့။ လှသူဇာမေ ကနားတဲက သုံးခန်းတွဲယူထားတာ။ အလှအပတွေ ပြင်ဆင်ထားတာလည်း အပျံစားပဲ။ ပိုးအိပ်ရာခင်းတွေ ဘာတွေနဲ့ အိပ်ခန်းကို ဖွဲ့ထားတယ်။

‘ကဲ... မျက်လုံးကလည်း ဘယ်ဝဲနေတာတုံး။ ရော... သောက်၊ မန္တလေးရမ်အစစ်။ ကြက်ကြော်လေးနဲ့မြည်း’

လှသူဇာမေရဲ့ ရောင်စုံမျက်နှာက မချိုမချဉ်နဲ့ မင်းမင်းအနားကို အသာကပ်လိုက်တယ်။

‘ပါတယ်၊ စပ်ပေးဦး၊ သုံးပေးဦး’

‘ဘယ်မှာလဲ၊ စျေးကြီးမှာပါ၊ မဟုတ်တဲ့ စျေးတွေ’

‘သြော်... မဟုတ်တာတွေ စွပ်စွဲပြန်ပြီ’

လှသူဇာမေက ပုံတော်တွေဆီ လှမ်းလက်အုပ်ချီ လိုက်တယ်။

‘မမှန်တာပြော နတ်သတ်ပါစေတော် တကယ်ပါ၊ မာမီ့အကြောင်း မင်းလည်းသိသားနဲ့။ မယုံရင် ခဏနေဦး’

လှသူဇာမေက အရွယ်နဲ့ မလိုက်အောင် ဖျတ်ဖျတ်လတ်လတ် ထသွားတယ်။ သူလည်း ဒေစီဂျိန်းတို့နဲ့ မ တိမ်းမယိမ်းထဲကပဲ။ သူက နည်းနည်းပဲငယ်မှာ။

'ကိုမင်း... ဒီကိုလာ'

လှသူဇာမေက ပိုးအိပ်ခန်းကျဉ်းကျဉ်းလေး အဝကနေ လှမ်းခေါ်တယ်။ မင်းမင်း အသာထသွားတော့ မှောင်မည်းမည်း ပိုးအိပ်ခန်းကျဉ်းလေးထဲမှာ အရေးပေါ်လျှပ်စစ်မီးက မီးရောင်လေး လင်းလာတယ်။ အိပ်ခန်းဝကနေ မင်းမင်း လှမ်းမြင်နေရတယ်။

အိပ်ချင် မပြေ့တပြေမျက်လုံးလေးနဲ့ မိတ်ကပ် မပြယ့်တပြယ် ကောင်မလေးတစ်ယောက်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ကောင်မလေးတစ်ယောက်။

'ဘယ့်နှယ်လဲ။ ဒါလေးလေ၊ ဒီလောက်ရှိတယ်'

လှသူဇာမေက လက်တစ်ချောင်းထောင်ပြတယ်။ တစ်ထောင်ပေါ့။ မင်းမင်းက နှာခေါင်းရှုံ့ပြတော့ မိန်းမလျာ မျက်စောင်းကို လှလှပပချိတ်ပြတယ်။

အိပ်ချင်မူးတူး တစ်ထောင်တန်လေးက အလုပ်သဘောအရ လှစ်ခနဲပြုံးပြရင်း ပြန်အိပ်ပျော်အသွားမှာ အိပ်မောကျနေတဲ့ ဘေးကကောင်မလေး ဖျတ်ဆို နိုးလာတယ်။

မင်းမင်းစိတ်ထဲ တစ်မျိုးပဲ။ မနေ့က မင်းမင်းကြိုက်ချင်သလိုဖြစ်သွားတဲ့ ပိုက်ဆံတောင်းတဲ့ အဆိုတော်မလေး မျက်နှာလေးနဲ့ တော်တော်တူတယ်။ မိတ်ကပ်မပါ၊ ဘာမပါ မျက်နှာပြောင်လေးနဲ့ အားငယ်ပြီး အရာရာကို ကြောက်နေတဲ့ မျက်နှာမျိုးလေ။

မင်းမင်း လှည့်ထွက်ခဲ့တော့ လှသူဇာမေလည်း ထွက်လိုက်လာတယ်။ ကနားတဲပေါ်က မင်းမင်း ဆင်းလိုက်တော့ လှသူဇာမေက...

'ဟောတော်... သွားပြီလား၊ ဘယ်လိုလဲ'

'ညဘက်မှ လာခဲ့မယ်လေ။ ညနေတက်ပွဲရှိတယ်'

'လာခဲ့နော်။ ဟဲ့... မင်းမင်း ပွဲခပေးမှာပါဟဲ့'

'အင်းပါ... အင်းပါ'

လှသူဇာမေတို့ကတော့ မလွယ်ဘူး။ သူက မကောင်းမှုဆို အကုန်ဝါသနာထုံတဲ့ မိန်းမလျာနတ်ကတော်။ သူ့ဆီမှာ လိုချင်တာရမယ်။ ပြီးတော့ သူက ကြားထဲက ပိုက်ဆံဖြတ်စားတယ်။

ဒေစီဂျိန်းက လှသူဇာမေများဆို အလွန်မုန်း။ တူတယ် တန်တယ် မထင်ဘူး။ လှသူဇာမေလိုဟာတွေ ဒီပွဲတော်ထဲမှာ အများကြီးပါ။

ကနားတဲတန်းတွေကြားက မင်းမင်း ဖြတ်ထွက်လိုက်တယ်။ ကနားတဲပေါ်မှာ ခြွေရံသင်းပင်းနည်းနည်းနဲ့ နတ်ဝင် ယိမ်းယိုင်နေတဲ့ ရွှေနတ်ကတော် အဘွားအိုကြီးတစ်ယောက်ကို မြင်ရတယ်။ တစ်ခေါင်းလုံးဖွေးနေတဲ့ ဆံပင်နဲ့ ပိုးပဝါဖြူနဲ့ ဗလာထဘီရှားညိုရောင်ချိတ်နဲ့ဟာ လိုက်ဖက်ပြီး ကျက်သရေ ရှိတယ်။

မျက်စိမှိတ်ပြီး ခေါင်းကလေးတုန်တုန် ကွမ်းလေးမြုံ့မြုံ့နဲ့ နတ်ကတော်ကြီးကို မင်းမင်း လှမ်းလက်အုပ်ချီလိုက်တယ်။ သနားပါတယ်။ အကြော်အလှော်ကောင်းတဲ့ မိန်းမလျာနတ်ကတော်တွေကိုမှ နတ်ကတော်လို့ ထင်ကြတော့တဲ့ ဒီခေတ်ကြီးမှာ ရှေးနတ်ကတော် အဘွားအိုကြီးတွေကို ကိုးကွယ်သူ နည်းပါးသွားပါပြီ။ မိန်းမစစ်စစ် နတ်ကတော်ဟာ တောင်ပြုန်းမှာ သိပ်နည်းသွားပြီ။ နတ်ကတော်ဆိုရင် မိန်းမလျာမှ ဆိုတဲ့ခေတ်ကို ရောက်သွားပြီ။

အိမ်ဝိုင်းထဲမှာ အပြည့်ဆောက်ထားတဲ့ ကနားတဲတွေ ကြားကနေ လူရှင်းမယ့်လမ်းကြားကို မင်းမင်းထွက်ဖို့ ကြိုးစားပေမယ့် မလွယ်ဘူး။ ဒီနေ့ဒီရက်ကတော့ ဘယ်လမ်းကြားမှ လူမရှင်းဘူး။ လူကတော့ တိုးနေရမှာပဲ။ လူရေစီးကြောင်းထဲမှာ ကိုယ်လည်း တဖြည်းဖြည်း လိုက်ရွေ့ရမှာပဲ။

'အို... သူငယ်ချင်းရေ... ခုတော့ ငယ်ကျွမ်းဆွေ... ခုလို ပြန်လည်ဆုံတွေ့ရတာ ဝမ်းသာမဆုံးနိုင်ပေ... ခုလို ပြန်လည်ဆုံတွေ့ရတာ...'

ချိုးနွဲ့စူးရှနေတဲ့ သီချင်းသံဟာ လူရေစီးကြောင်းထဲကို ထိုးဖောက်ဝင်ရောက်လို့လာခဲ့တယ်။ ဟိုကောင်မလေးပဲ။ ပန်းညိုလေ... ပန်းညို၊ ဘယ်နားကများ ဆိုနေပါလိမ့်။

ပြွပ်သိပ်နေတဲ့ ဟိုဘက်ကနားတဲတန်းတွေဘက်ကို မင်းမင်း လှမ်းကြည့်တယ်။ အဝတ်ဗုံသံလေးကတော့ တဖြည်းဖြည်း နီးလာသလိုပဲ။

'ဒီတံတားလေးပေါ်မှာ နှစ်ယောက်တွဲ ကစားကြပုံတွေ... မှတ်မိပါတယ် အတူးရေ... မှတ်မိပါတယ် အသက်ရေ... ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေ'

တော်တာ်လွမ်းအောင်ဆိုတတ်တဲ့ ကောင်မလေးပဲ။ သနားသွားအောင်လည်း စွမ်းဆောင်နိုင်တယ်။ ဒီအသံကလေးကို ကြားရင် ဘယ်သူမှမသနားဘဲ မနေနိုင်ပါဘူး။ ပိုက်ဆံ မထည့်ဘဲလည်း မနေနိုင်ပါဘူး။

လူရေစီးကြောင်းထဲကနေ မင်းမင်း ထွက်လိုက်တယ်။

ဟိုဘက် ကနားတဲတွေဘက်ကို တိုးဝင်ခဲ့တယ်။

ဟော... ဟိုမှာ ပန်းညိုကတော့ သူ့ပုံစံအတိုင်း ခေါင်းလေးငုံ့၊ မျက်နှာလေးကို တဘက်လေး ဖုံးအုပ်လို့။ ဘေးနားက ဝတုတ်တုတ်ကောင်မလေးက စဥ့်အိုးအဝတ်ဗုံလေးတီးလို့။

ထမင်းထုပ်၊ ဟင်းထုပ်ဆွဲရတဲ့ ကောင်လေးကတော့ ကနားတဲပေါ်က မိန်းမလျာတစ်ယောက် ထည့်ပေးနေတဲ့ ထမင်းတစ်ခဲကို ချိုင့်လေးနဲ့ခံနေတယ်။

အိတ်ထောင်ထဲက ဆယ့်ငါးကျပ်တန်လေးနှစ်ရွက်ကို မင်းမင်း စမ်းသပ်နှိုက်ယူနေတုန်းမှာပဲ ရုတ်တရက် လူအုပ်ကြီးက ဝုန်းခနဲ ပြိုဆင်းလာခဲ့တယ်။

'ခါးပိုက်နှိုက်... ခါးပိုက်နှိုက်'

သြော်... ပြဿနာပဲ။ နီးရာ ကနားတဲ တစ်တဲပေါ်ကို မင်းမင်း ခုန်တက်လိုက်ရတယ်။ မိန်းမလျာတွေရဲ့ အသံမျိုးစုံ အော်ဟစ်သံတွေနဲ့အတူ လူအုပ်ကြီးက ခဏရှုပ်ထွေးသွားပြီး ပုံမှန်ပြန်ဖြစ်ချိန်မှာ ပန်းညိုတို့ဆီ မင်းမင်းကြည့်လိုက်တော့ သြော်... ဒုက္ခပဲ။

ပန်းညိုမောင်လေးလက်ထဲက ထမင်းတွေ ဟင်းတွေ မြေကြီးပေါ် အကုန်ပြန့်ကြဲနေပြီ။ ပန်းညိုခေါင်းပေါ်က တဘက်ကလေးလည်း မရှိတော့ဘူး။ အဲဒါတော့ ကောင်းတယ်။ မင်းမင်း ကြိုက်တယ်။ ကောင်မလေးမျက်နှာကို ကြည့်လို့ရတယ်။

သနပ်ခါးပါးကွက်ကလေးနဲ့ ချစ်စရာကောင်းနေတဲ့ ပန်းညိုက ဒါတော့ သူလည်သား။ ပိုက်ဆံထည့်တဲ့ ချိုင့်လေးက သူ့ရင်ခွင်ထဲမှာ။

'မောင်လုံးက သိပ်အတာပဲ။ မြဲမြဲကိုင်ထားမှပေါ့ဟ။ ထမင်းတွေ ဟင်းတွေ အများကြီးပဲ။ နှမြောပါတယ်'

ဗုံတီးတဲ့ကောင်မလေးက မျက်ရည်ဝိုင်းနေတဲ့ သူ့မောင်လေးကို ပြောဆိုနေတယ်။

'ငါ့တဘက်လေး လူတွေထဲ ပါသွားပြီ'

ပန်းညိုက ညည်းညူရင်း 'သွားစို့'တဲ့။ ရုတ်တရက် မင်းမင်း သူ့ရှေ့မှာ ရပ်လိုက်တော့ သူရှက်သွားပြီး ပုန်းခိုစရာ သူ့တဘက်ကို ယောင်ယမ်းရှာတယ်။ တော်တော်ကြောက်တတ်တဲ့ ကောင်မလေး။

'ကဲ... လာ၊ တို့ဘက်လိုက်ခဲ့ကြ။ ထမင်းတွေ ဟင်းတွေ ပြန်ထည့်ပေးလိုက်မယ်'

ဗုံတီးတဲ့ ကောင်မလေးနဲ့ ကောင်လေးက မင်းမင်းကို ကြည့်တယ်။ ပန်းညိုကတော့ ခေါင်းကို ငုံ့လို့။

'မှတ်မိလား၊ မနေ့တုန်းက နန်းကြီးနားက အိမ်ကလေး၊ ကြက်သားကြော်တွေ၊ ဟင်းချိုတွေ ပေးလိုက်တာလေ'

'သိပြီ၊ သိပြီ ပိုက်ဆံတွေ အများကြီးရတဲ့အိမ်'

ဗုံတီးတဲ့ကောင်မလေးက ဝမ်းသာအားရ အော်လိုက်တယ်။

'ကဲ... ဒါဖြင့် လာကြ၊ လိုက်ခဲ့ကြ'

'မလိုက်တော့ဘူး။ အဘွား ထမင်းဆာနေလိမ့်မယ်'

ပန်းညိုဆီက အသံတိုးတိုးလေး ထွက်လာတယ်။

'မလိုက်တော့ ပန်းညိုတို့အဘွားကို ထမင်းဘယ်လိုကျွေးမှာလဲ။ ဒီမှာ ထမင်းမှ မရှိတော့တာ'

ပန်းညိုက ရှက်လို့ချည်းနေတယ်။

'ဝယ်ကျွေးတော့မယ်'

ပန်းညိုက 'သွားစို့'တဲ့။ ပြောရင်း ဗုံတီးတဲ့ ကောင်မလေး ခြုံထားတဲ့ ပုဆိုးပိုင်းအနွမ်းကို ဆွဲယူတယ်။ ပြီးတော့ ခေါင်းပေါ်မှာ ခြုံလိုက်တယ်။ ပန်းညိုကို ဟိုကောင်မလေးကလည်း ပြောရဲဟန် မတူဘူး။

'ကဲ... ဒါဖြင့်၊ ရော့... ပန်းညိုတို့အဘွားကို ထမင်းဝယ်ကျွေးလိုက်'

မင်းမင်းလှမ်းပေးတဲ့ ဆယ့်ငါးကျပ်တန်နှစ်ရွက်ကို ပန်းညိုက ချိုင့်လေးနဲ့ ခံတယ်။ ပြီးတော့ အသံတိုးလေးနဲ့ 'သီချင်း ပြန်ဆိုပြရဦးမှာလား'တဲ့။ သနားပါတယ်။ ဒါပေမယ့် ကောင်မလေးကို မင်းမင်း စချင်နေတယ်။

'ဘာသီချင်း ဆိုပြမှာလဲ'

'မသိဘူးလေ။ ဆိုခိုင်းတာပေါ့'

'တို့ကြိုက်တဲ့သီချင်း ရလို့လား'

'ဘာသီချင်းလဲ'

မခံချင်စိတ်နဲ့ ပုဆိုးပိုင်းအုပ်ထားတဲ့ ပန်းညိုမျက်နှာလေး မော့လာတယ်။

'သက်ဆိုင်သူသို့လေ... ရလား'

'ရတာပေါ့'

'ဟာ... အစ်ကို သွားမလုပ်နဲ့။ သူက သီချင်းတွေ အများကြီးရတာ'

ဗုံတီးတဲ့ ကောင်မလေးက ဝင်ပြောတော့ ပန်းညိုပြုံးပြီး ခေါင်းငုံ့သွားတယ်။

'ဆိုရမှာလား။ မဆိုရရင် သွားတော့မယ်။ အဘွား စောင့်နေလိမ့်မယ်'

'သွားပါဗျာ၊ သွားပါ။ နောက်တစ်ခါဆိုပြပါ။ ပန်းညိုတို့ နေတာက ဘယ်နားမှာလဲ'

'ရွာပြင်ဘက်က ဇရပ်ပျက်ကြီးမှာ'

ပန်းညိုခေါင်းက ပိုငုံ့သွားပြီး ရှေ့ကနေသွားတော့တယ်။ သြော်... အဲဒီဇရပ်ကြီးကို မင်းမင်း သိတာပေါ့။ အနယ်နယ် အရပ်ရပ်က နွမ်းပါးတဲ့ လူပေါင်းစုံ တည်းခိုရာနေရာကြီးပေါ့။

'ညဘက်ကျ ထွက်ရသေးလား'

'မထွက်ပါဘူး။ မောလွန်းလို့ ထမင်းစားပြီး အိပ်ပျော်သွားတာပဲ'

သီချင်းဆိုနေတဲ့ အချိန်ကလွဲရင် ဒီကောင်မလေးဟာ ချစ်စရာ သနားစရာ ကလေးလေးပါ။

'ဘယ်ကို လိုက်မလို့လဲ'

ပန်းညိုက သူတို့နဲ့လိုက်လာတဲ့ မင်းမင်းကို ခေါင်းလေးစောင်းပြီး မေးတယ်။

'မလိုက်ပါဘူး ခင်ဗျာ။ ကျွန်တော်က ဒီဘက်ကနေ အိမ်ပြန်မှာပါ'

ပြောရင်းနဲ့ မင်းမင်းက ကနားတဲလမ်းကြားတစ်ခုထဲကို ချိုးကွေ့လိုက်တယ်။

'နက်ဖြန် အိမ်ဘက်လာခဲ့နော်'

ဖျတ်ခနဲ လှမ်းကြည့်လိုက်တဲ့ ကောင်မလေးကို မင်းမင်း မျက်လုံးတစ်ဖက် မှိတ်ပြရင်း ပြုံးပြလိုက်တယ်။

ပန်းညို ရှက်တတ်တဲ့ မင်းအမူအရာလေးတွေဟာ တို့စိတ်ကို လှုပ်ရှားစေတယ်။ ဒေစီဂျိန်းသာသိရင်တော့ တို့ကို ပြောဦးမယ်။ နင်ဟာလေ မိန်းမအစစ်ဆိုရင် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားတာပဲ မဟုတ်လားလို့ မညှာမတာ အပြောခံရဦးမယ်။

သူ နားမလည်ပါဘူး။ ဒါပေမယ့် တို့ကို သူဘယ်တော့မှ အလစ်ပေးမှာ မဟုတ်ဘူး။

ပန်းညို...

လှသူဇာမေဆီမှာတွေ့ခဲ့တဲ့ ကောင်မလေးဆီကို တို့သွားဖို့ ဆုံးဖြတ်လိုက်တာကို မင်းသိရင် စိတ်ဆိုးမှာလား။

လဆန်း ဆယ့်နှစ်ရက်ညရဲ့ လရောင်ဟာ ဒေစီဂျိန်းရဲ့ အိမ်ဝရန်တာဆီကို ပြောက်တိပြောက်ကျား တိုးဝင်လာတယ်။

တရှူးရှူး အိပ်ပျော်သွားတဲ့ ဒေစီဂျိန်း ခြေသလုံးတွေကို ဖြည်းဖြည်းချင်း နှိပ်ပေးနေရာက မင်းမင်း အသာရပ်လိုက်တယ်။

ညနေက နန်းကြီးတက်ပွဲနှစ်ပွဲနဲ့ အောက်နန်းတစ်ပွဲ ဆက်တက်လိုက်ရတဲ့အရှိန်နဲ့ ဒေစီဂျိန်းတစ်ယောက် မောသွားသလို မူးလည်း မူးသွားတယ်။ မူးတော့ မင်းမင်းကို ဂျစ်တယ်၊ ရိတယ်။ ပွေ့ထား၊ ဖက်ထား၊ ယပ်ခတ်ပေး၊ နှိပ်ပေးနဲ့။ အဖုံကြီးတို့၊ တင်တင်မြင့်တို့ နှိပ်ပေးမယ်ဆိုတာ မရဘူး။ မင်းမင်းလက်ကမှ ပေါက်သတဲ့။ မင်းမင်း နှိပ်တာကမှ ထိသတဲ့။ တော်တော်ဆိုးတယ်။ အသက်လည်း ခြောက်ဆယ်တွင်း ရောက်ပြီ။ ခုထိ ကလေးဆန်ချင်တုန်း။ လှချင်ပချင်တုန်း၊ ကချင်ခုန်ချင်တုန်း၊ နားသယ်စပ်တွေမှာ ဖြူစပြုနေတဲ့ ဆံပင်တွေကို လရောင်အောက်မှာ အထင်းသားမြင်နေရတယ်။

ဒီအသက်အရွယ်နဲ့ ဒီလောက် ခုန်ပေါက်လှုပ်ရှားလာတာ သူ မောရှာမှာပေါ့လေ။ ခုနစ်နှစ်ဆိုတဲ့ အချိန်ကာလရဲ့ သံယောဇဉ် မင်းမင်းမှာ ရှိပါတယ်။ သူ့ကို အမေတစ်ယောက်လိုလည်း ချစ်ခဲ့ပါတယ်။ အစ်မကြီးတစ်ယောက်လိုလည်း ချစ်ခဲ့ပါတယ်။ ဇနီးမယားတစ်ယောက်လိုကတော့ ဘယ်တုန်းကမှ ချစ်လို့မရခဲ့ဘူး။ ဒါပေမယ့် မင်းမင်းဘဝကို အရှုပ်မကြီးကတော့ နားလည်မှာ မဟုတ်ပါဘူး။

အိမ်အောက်ကို မင်းမင်း အသာဆင်းခဲ့တယ်။ အိမ်ပေါ်ထပ်တံခါးကို စေ့ထားခဲ့တယ်။ အောက်ထပ်မှာ ဆေးလိပ်လေးတစ်တိုနဲ့ ငြိမ်ထိုင်နေတဲ့ ဗိုင်းကောင်းကျောက်ဖိ အဖုံကြီးကို လက်ဟန်ခြေဟန်ပြပြီး မင်းမင်း ထွက်ခဲ့တယ်။

မီးလုံးဝါ မှုန်ရီရီလေးတွေကြားထဲကို မင်းမင်း တိုးဝင်လိုက်တာနဲ့ အလွန်အကျွံ ခြယ်သထားတဲ့ မိတ်ကပ်မျက်နှာများစွာက စောင့်ကြိုလို့နေတယ်။

မိန်းကလေးအစစ်နဲ့ ခွဲခြားလို့မရအောင် ဝတ်စားဆင်ယင်ထားတဲ့ မိန်းမလျာလေးတွေလေ။ ကနားတဲတန်းတွေကြားမှာ လိပ်ပြာကလေးတွေကို တဖျပ်ဖျပ် တောင်ပံခတ်ရင်း တစ်ညက ချစ်သူကို လိုက်ရှာနေကြလေရဲ့။

သူတို့ဟာ မြွေမလေးတွေလိုပဲ သူတို့အသားကို စားဖူးတဲ့ သူရဲ့အနံ့ကို သိတယ်ထင်ပါရဲ့။ မင်းမင်းကို မြင်တာနဲ့ '' သံမျိုးစုံပေးကြတယ်။ 'မောင်ရေ'လို့ လှိုက်လှိုက်လှဲလှဲ ခေါ်လိုက်တာလည်းရှိရဲ့။ 'အချစ်ရေ'လို့ ညုတုတုလေး ခေါ်လိုက်တာလည်းရှိရဲ့။

ဖလိုင်းကစ် အနမ်းပျံကို အသံမြည်အောင်ပေးရင်း ဖိတ်ခေါ်တဲ့ မျက်လုံးလေးကို ဝင့်ပြသွားတဲ့သူလည်း ရှိတယ်။

တချို့ ခပ်ကဲကဲလေးတွေကျ လက်ဖမ်းဆွဲထားပြီး 'သဲသဲကို မချစ်နိုင်တော့ဘူးလား မောင်'တဲ့။ 'သဲ မလှလို့လားဟင်' ဆိုပြီး ရှေ့တွေနောက်တွေ ကိုယ်ဟန်ပြနေလို့ အသာရုန်းပြီး ပြေးရတယ်။

လှသူဇာမေတို့ ကနားတဲရောက်သည်အထိ မိန်းမတုလေးတွေက မင်းမင်းနားမှာ ရစ်ဝဲဆွဲဆောင်တုန်း၊ မောင်ရေ အချစ်ရေခေါ်တုန်း။

'ကဲ... ရှင်တော့ အဲဒါတွေပဲ ခေါ်သွားတော့။ ပိုက်ဆံလည်း မကုန်ဘူး။ ခေါက်ဆွဲကြော်လည်း စားရဦးမယ်'

လှသူဇာမေက မင်းမင်းကို ဆီးကြိုနှုတ်ဆက်တယ်။ ကနားတဲပေါ်မှာ လှသူဇာမေ တစ်ယောက်တည်းရယ်၊ ဘယ်သူမှလည်း မရှိဘူး။ ပိုးအိပ်ခန်းကျဉ်းလေးကလည်း ငြိမ်သက်လို့။

'ဘယ်လိုလဲဗျ'

လှသူဇာမေက မိန်းမလျာမျက်စောင်းကို အားကုန်ထိုးချလိုက်တယ်။

'သြော်... ကိုမင်းမင်းရဲ့၊ အားလုံးကုန်ပြီရှင့်'

'ဟာဗျာ'

လှသူဇာမေက တအစ်အစ်နဲ့ လှောင်ရယ် ရယ်နေတယ်။

'သွားမယ်ဗျာ'

'နေပါဦး၊ ရော့ တစ်ခွက်တစ်ဖလား'

လှသူဇာမေဆီက ဖန်ခွက်ကိုယူပြီး မင်းမင်း မော့လိုက်တယ်။

'ရေပါဘုရာ့'

လှသူဇာမေက ရေခွက်ကို ကမ်းပေးတယ်။ လက်ဖက် အစ်ကို ထိုးပေးတယ်။

'ယူဦးမလား'

'တော်ပြီဗျာ၊ ညနေတက်ပွဲမှာ သောက်ထားတာ များထားတယ်'

'အတုတွေ သောက်ပြီးတော့များတော်၊ ရှင် ခုပြေနေပါပြီ။ ကျုပ်ဟာ အစစ်ရော့...'

'တော်ပြီ... ရပြီ'

ပွဲဈေးတန်းဘက်ကို မင်းမင်း ထွက်ခဲ့တယ်။ တခြိမ့်ခြိမ့် တီးနေတဲ့ အောက်နန်းနတ်ဆိုင်းသံတွေကြားကို ဖြတ်သန်းရင်း မူးယစ်ရီဝေလို့လာတယ်။ နတ်ဒိုးသံ ကြမ်းကြမ်းရိုင်းရိုင်းဟာ သွေးကိုကြွစေတယ်။ မူးယစ်ရီဝေခြင်းနဲ့ ပေါင်းစပ်ထားတဲ့ နတ်ဒိုးသံကြမ်းကြမ်းရိုင်းရိုင်းဟာ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။

မင်းမင်းခြေလှမ်းတွေက ရွာပြင်ဘက်ကို အလိုလို ဦးတည်တယ်။ ရွာပြင်ဘက် ဇရပ်ပျက်ကြီးပေါ်မှာ ပန်းညိုဆိုတဲ့ ချစ်စရာကောင်မလေးရှိတယ်။ သူကလေးကို မင်းမင်း ချစ်လို့ ရနိုင်ပါ့မလား။ တကယ်တော့ သူကလေးဟာ သီချင်းဆိုပြီး ပိုက်ဆံတောင်းရရှာတဲ့ ကောင်မလေး။ ချစ်ဖို့ထက် သနားဖို့ကောင်းတဲ့ ကောင်မလေးပါ။

မင်းမင်းခြေလှမ်းတွေက ဇရပ်ကြီးဆီကိုလည်း ဦးတည်နေဆဲ။ အရက်နံ့စူးစူးကို ကာကွယ်ဖို့အတွက် ကွမ်းယာဝယ်စား ဖို့ကိုလည်း မင်းမင်း သတိရတယ်။

ရွာပြင်ဘက်က မှောင်နေတာပဲ။ ဖယောင်းတိုင်မီး၊ မီးခွက် မီးအလင်းရောင်လေးတွေနဲ့ လူနွမ်းပါးတွေ သက်ဝင်လှုပ်ရှားနေတဲ့ဇရပ်ကြီးကို အမှောင်ထဲကနေ လှမ်းမြင်နေရတယ်။

ဟင်းနံ့၊ ညှော်နံ့နဲ့ ရန်ဖြစ်သံ၊ ဆဲဆိုသံ၊ ကလေးငိုသံတွေ လုံးထွေး ပျံ့လွင့်လို့နေတယ်။

ဇရပ်ကြီးပေါ်က မီးရောင်မှိန်မှိန်တွေထဲကို မှောင်ရိပ်ကနေ မင်းမင်း အသာတိတ်တိတ်လေးကြည့်တယ်။ မီးရောင်မှိန်မှိန်အောက်မှာ လူတွေတော်တော်များများ ထမင်းစားနေကြတယ်။ ပန်းညို၊ မင်းလေးဘယ်မှာလဲ။ စောင်ခြုံထားတဲ့ မိန်းမသဏ္ဌာန်တစ်ခုဟာ မင်းများလား။ သီချင်းတွေ အများကြီးဆိုပြီး မောမောနဲ့ အိပ်ပျော်နေပြီလား။

ရုတ်တရက် မင်းမင်းရှေ့နားက လေချွန်သံ မပီမသလေးတစ်ခု ဖြတ်သွားတော့ မင်းမင်း ကြည့်လိုက်တယ်။ အငြိမ်မနေ လှုပ်ရှားလာတဲ့ ကောင်လေးတစ်ယောက်။ ကောင်လေးက သူ့လက်ထဲက အထုပ်ကလေးကို အပေါ်မြှောက်ကစားလိုက်တယ်။ ဟာ... ဒီကောင် ပန်းညိုမောင်လေး၊ ဟိုကောင်လေးပဲ။

'ဟေ့ကောင်၊ ဘယ်က ပြန်လာတာလဲ'

မှောင်ရိပ်ထဲက မင်းမင်းထွက်လာတော့ ကောင်လေးက လန့်သွားတယ်။ ပြီးတော့မှ ဝမ်းသာအားရ အော်တယ်။

'ဟာ... အစ်ကို'

'ပန်းညိုတို့ရော ဘယ်မှာလဲကွ၊ အိပ်ပြီလား။ ငါက မင်းတို့ဆီ လာလည်တာ'

'မပန်းညိုတို့ မအိပ်သေးဘူး။ ဒီမှာ သူဝယ်ခိုင်းလို့ ကျွန်တော် အချဉ်ထုပ် သွားဝယ်ပေးရတာ'

'ဟုတ်လား၊ သူက အချဉ်ထုပ်ကြိုက်လား'

'ကြိုက်တာပေါ့။ ညအိပ်ခါနီးဆို သူက အချဉ်ထုပ်စားရမှ'

ကောင်လေးနဲ့တူတူ ဇရပ်ကြီးပေါ်ကို မင်းမင်း တက်ခဲ့တယ်။ ဆွေးမြည့်ဟောင်းနွမ်းနေတဲ့ ဇရပ်ကြမ်းပြင်တစ်လျှောက်မှာ သူ့နေရာလေးတွေသူ ပိုင်းခြားပြီး နေရာယူထားကြတဲ့ လူနွမ်းပါးတွေ။ တောင်ပြုန်းပွဲတော်ကို အကြောင်းပြုလို့ ငွေစ၊ ကြေးစလေးတွေ ရဖို့အတွက် အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြသူတွေ။

ဇရပ်ကြီးရဲ့ တစ်ဖက်အစွန်းနားမှာတော့ ဖယောင်းတိုင် မီးရောင်အလင်းနဲ့ ဝင်းပချစ်စရာကောင်းနေတဲ့ သနပ်ခါး ပါးကွက်ကျားပိုင်ရှင်မလေး ပန်းညိုကို မင်းမင်း တွေ့လိုက်ရတယ်။

ခေါင်းပေါ်မှာ ဘာတဘက်မှ ဖုံးအုပ်မထားတဲ့ ပန်းညို ဆံပင်ရှည်တွေက ပခုံးပေါ်မှာ ဝဲပျံကျလို့။ ပိုပြီး ငယ်နုသွားပြီး ပိုပြီး ချစ်စရာကောင်းနေတယ် ပန်းညို။

'ဧည့်သည်လာတယ်လေ၊ ဧည့်သည်'

မင်းမင်းကို မြင်တာနဲ့ ပန်းညိုမျက်လုံးလေး ဝိုင်းသွားတယ်။ ဒါပေမယ့် အံ့သြစရာ၊ ကျေကျေနပ်နပ် လှလှပပပြုံးလို့။

'ဒီနေရာကို သိသားပဲ'

'သိတာပေါ့'

'သိတာပေါ့ဟဲ့... ဒီနေရာများ ခက်လွန်းလို့'

ဗုံတီးတဲ့ ဝတုတ်မလေးက ဝင်ပြောတယ်။ သူတို့ဘေးနားမှာ ဆေးလိပ်လေးနဲ့ မှိန်းငိုက်နေတဲ့ ပိန်ပိန်သေးသေး အဘွားအိုက မျက်လုံးတွေကို မှေးကုပ်ကြည့်ရင်း နားကိုလည်း လက်ကာစွင့်တယ်။

'အဘွားက နားလေးတယ်။ မျက်စိလည်း မှုန်တယ်။ အသက် ရှစ်ဆယ်ရှိပြီ'

သူ့အဘွားအကြောင်းကိုလည်း ပန်းညိုပြောပြနေတာ စိတ်ပါလက်ပါ။ ပါးစပ်ထဲမှာလည်း အချဉ်ထုပ်က မြုံ့ရသေးတယ်။

'အဘွား၊ ဒါ မနေ့တုန်းက ကြက်သားကြော်တွေ၊ ပိုက်ဆံတွေ ပေးလိုက်တဲ့အိမ်က အစ်ကိုလေ သိလား'

ပန်းညိုက အသံတိုးတိုးနဲ့ နှုတ်သွက်လျှာသွက်မလေး ဖြစ်လို့နေတယ်။ အစ်ကိုတဲ့၊ သူက သူ့အဘွား မကြားတာကို ပြန်ပြောရင်း ရှက်ရယ်ရယ်လို့ ချည်းနေတယ်။ စိတ်ကစားတတ်တဲ့ အရွယ်လေးရယ်။ မင်း ဘာဖြစ်နေတယ်ဆိုတာ သိပါတယ်။

'ပန်းညိုတို့ကို မုန့်ကျွေးမလို့ ဝင်လာတာ။ ပွဲဈေးတန်း သွားစားရအောင်၊ လာ'

ပန်းညိုမျက်နှာက ခဏတော့ ဝင်းလက်သွားတယ်။ ပြီးတော့ ခေါင်းခါတယ်။

'ပန်းညိုတို့မှာ အဝတ်အစားကောင်းတာ မရှိဘူးရယ်။ ပြီးတော့ လူတောထဲကို ပန်းညိုတို့နဲ့ အစ်ကိုသွားရဲလား'

'ဘာလို့ မသွားရဲရမှာလဲ။ ဘာဆိုင်လဲ'

မင်းမင်းရင်ထဲက သနားစိတ်မှန်သမျှကို ဒီကောင်မလေး အကုန်ဆွဲယူသွားတော့မယ် ထင်ပါရဲ့။

'ကဲ... လာ လာ၊ ညဘက်မှာ အဝတ်အစားကို လူမမြင်ပါဘူး။ အဆိုတော်ကြီးက တော်တော်လှချင်တယ်ကွာ'

ပန်းညိုက ပြုံးပြီး ခေါင်းငုံ့နေဆဲ။ မောင်လုံးက မင်းမင်းကို ကြည့်ပြီး...

'ကျွန်တော်ရော လိုက်ရမှာလား'တဲ့။ မင်းမင်းက ခေါင်းညိတ်ပြလိုက်တယ်။

'လိုက်မှာလား မိပြုံး'

ပန်းညိုက ဗုံတီးတဲ့ကောင်မလေးကို မေးရင်း သူ့အဘွားကိုလည်း ကြည့်ပြန်တယ်။ ဗုံတီးတဲ့ ကောင်မလေးက သူ့ အဘွားနားကို ကပ်လိုက်တယ်။

'အဘွား... ပွဲဈေးတန်းမှာ မုန့်သွားဝယ်စားမလို့။ မုန့်... မုန့်...'

နှစ်ခါ သုံးခါ ထပ်အော်တော့မှ...

ပန်းညိုတို့အဘွားက ခေါင်းတညိတ်ညိတ်နဲ့ 'မြန်မြန်ပြန်လာကြ'တဲ့။

'လာ... လာ... သွားမယ်'

မင်းမင်းနဲ့ မောင်လုံးက ရှေ့ကနေ ဆင်းနှင့်တယ်။ ပန်းညိုတို့ ဘေးနားက လူတချို့ကတော့ အိပ်ပျော်နေကြပြီ။ တချို့ကတော့ ထမင်းပူပူ ဟင်းပူပူကို ငုံ့လွေးကြတုန်း။

'အဝေးကြီး မသွားချင်ဘူးနော်'

စိုးရိမ်တဲ့ ပန်းညိုအသံတိုးတိုးကြောင့် မင်းမင်း လှည့်ကြည့်လိုက်တယ်။ ကြည့်စမ်း... ခေါင်းမှာ ပုဆိုးပိုင်းကြီး ပတ်လို့။

'ဟာ... ဒါကြီးက ဘာလုပ်တာလဲ၊ ဖယ်စမ်းပါ'

ပန်းညိုခေါင်းပေါ်က ပုဆိုးပိုင်းကို မင်းမင်း ဆွဲယူဖယ်လိုက်တယ်။

'အို... ပန်းညို မနေတတ်ဘူး။ လူတောထဲသွားရင် မျက်နှာကို အုပ်ထားမှ သွားရဲတာ'

မင်းမင်းဆီက ပုဆိုးပိုင်းကို ပန်းညိုက ပြန်ယူဖို့ကြိုးစားတယ်။ မင်းမင်းက လုံးထားတဲ့ ပုဆိုးပိုင်းကို မှောင်ရိပ်ထဲကို လွှင့်ပစ်လိုက်တယ်။

'သွားပေရော့၊ နက်ဖြန်ကျ တဘက်အသစ်တစ်ထည် အစ်ကိုပေးမယ်'

ဆံပင်ရှည်တွေ ကပိုကရိုနဲ့ မနေတတ် မထိုင်တတ်ဖြစ်နေတဲ့ ပန်းညိုမျက်နှာလေးက ချစ်ချင်စရာလေး။ မောင်လုံးနဲ့ မိပြုံးဆိုတဲ့ ကောင်မလေးမပါရင် သိပ်ကောင်းမှာပဲ။ ရီဝေရီဝေ ဖြစ်နေတဲ့အရှိန်နဲ့ လူတွေကျပ်ညပ်နေတဲ့ ပွဲဈေးတန်းထဲမှာ ပန်းညိုလက်ကလေးကို အတင်းဆွဲထားမိတယ်။ အေးစက်တုန်ယင်နေတဲ့ လက်ကလေးတွေက မင်းမင်း လက်ထဲကနေ ဟန်ဆောင်ရုန်းထွက်တယ်။

ခုနေများ အရှုပ်မကြီး ဒေစီဂျိန်းတစ်ယောက် တွေ့လိုက်ရင် ဘယ်လိုများ ဖြစ်လေမလဲ။ မင်းမင်း မတွေးဝံ့ဘူး။ ဟင့်အင်း... မင်းမင်း မတွေ့ချင်ပါဘူး။ သာယာနေတဲ့ဘဝလေးမှာ ခဏကလေးနေပါရစေဦး။

'ပန်းညိုတို့ ဘာစားမှာလဲပြော။ လက်ဖက်ရည်နဲ့ ထပ်တစ်ရာ စားမလား၊ ခေါက်ဆွဲကြော် စားမလား'

မင်းမင်း ဘယ်လိုပဲခေါ်ခေါ် သုံးယောက်စလုံးက ဆိုင်ထဲကို ဝင်ဖို့ အတင်းငြင်းကြတယ်။ မဝင်ရဲရှာကြဘူး။ လမ်းဘေးက ဆိုင်လေးတွေမှာပဲ မုန့်တီစားမယ်တဲ့။ သူတို့ မုန့်တီစားနေတဲ့အချိန်မှာ မင်းမင်းက သုံးလေးဆိုင်ကျော်ကို ပြေးပြီး တစ်ခွက်တစ်ဖလား သွားမော့တယ်။ ပြီးတော့ ကွမ်းယာဆိုင် ဝင်တယ်။

'ဟဲ့... မင်းမင်း'

ရုတ်တရက် မင်းမင်း လန့်သွားတယ်။ ဘုရား... ဘုရား၊ ငွေခင်... ငွေခင်။ တော်သေးရဲ့။ ခုနက မုန့်တီဆိုင်မှာ မတွေ့လို့။

'ဟိုဟာမကြီး မူးအောင် တိုက်ထားခဲ့ပလားဟဲ့။ နင် ဘယ်သူနဲ့ ချိန်းထားလဲ၊ ငါ့ကို ပြော'

'ပြဿနာမရှာစမ်းပါနဲ့ဗျာ။ ကျုပ်ဟာကျုပ် ပျင်းလို့ ထွက်လာတာ။ ခင်ဗျားသာ ဒီအရွယ်ကြီးနဲ့ အရှာအဖွေထွက်နေ သိလား'

'ထွက်တယ်ဟေ့ ထွက်တယ်။ အချစ်ဆိုတာ အိုသည် မရှိ၊ အစဉ်နုပျိုနေသော တို့နတ်ကတော်ဟဲ့။ အေး... ဘယ်သူ ငယ်မှမတွေ့ရင် နင်ပဲ လိုက်ခဲ့၊ နင့်ခေါ်သွားမယ်'

'သွားစမ်းပါ'

ငွေခင်ကို အသာတွန်းပစ်ခဲ့ပြီး မင်းမင်း အသာလစ်ပြေးခဲ့ရတယ်။ မလွယ်ဘူး... မလွယ်ဘူး။ ဒီနားမှာ ကြာကြာနေရင် အန္တရာယ်ရှိနိုင်တယ်။ သြော်... အရှုပ်မကြီးရဲ့ စက်ကွင်းက လွတ်ပဲမလွတ်နိုင်ပါလားနော်။

'ပြန်ကြစို့၊ အဘွား မျှော်နေလိမ့်မယ်'

မင်းမင်းကို မြင်လိုက်တာနဲ့ ပြောလိုက်တဲ့ ပန်းညိုအသံ တိုးတိုးလေးကို ဒီတစ်ခါ မင်းမင်း ကျေးဇူးတင်မိတယ်။ ဒီနား တစ်ဝိုက်မှာ မင်းမင်းတို့ ကြာကြာနေလို့မဖြစ်ဘူး။

'ဘာစားဦးမလဲ ပန်းညို၊ ဝပြီလား။ အချဉ်ထုပ်စားဦးမလား'

'ဟင့်အင်း... တော်ပြီ၊ ဝပါတယ်'

အပြန်လမ်းမှာ ပန်းညိုတို့သုံးယောက် နောက်ကနေ မင်းမင်းက မသိမသာ ခပ်ခွာခွာလိုက်တယ်။ မျက်နှာရောင်စုံနဲ့ မိန်းမတုလေးတွေထဲမှာ ဒေစီဂျိန်းကို သိတဲ့သူတွေ အများကြီး ပါနိုင်တယ်ဆိုတာ မင်းမင်း မေ့ထားလို့ မဖြစ်ဘူး။

'ပန်းညိုတို့ကို မုန့်ဝယ်ကျွေးရတာ အစ်ကို ပိုက်ဆံတွေ အများကြီးကုန်တာပေါ့'

'မကုန်ပါဘူး ပန်းညိုရယ်'

အရေးထဲမှာမှ စကားနည်းမလေးက မင်းမင်းကို စကားပြောချင်နေရှာတယ်။ ရွာပြင်ဘက်ကို ရောက်အောင် မြန်မြန်လျှောက်ပါမှ။

'နက်ဖြန်ကျရင် အစ်ကိုတို့အိမ်မှာ ပန်းညို သီချင်းလာဆိုပြပါ့မယ်။ ဟိုသီချင်းလေ'

'ဘယ်သီချင်း'

'သက်ဆိုင်သူသို့လေ'

သြော်... သနားစရာ ကောင်မလေးရယ်။ မင်းမင်း ရုတ်တရက် ရိသဲ့သဲ့ပြောလိုက်တဲ့သီချင်းကို သူ မှတ်ထားရှာတယ်။ မင်းမင်းက မေ့နေပြီ။

'ပန်းညိုက သီချင်းတွေ အများကြီးရတယ်နော်။ ဘယ်ကနေ ရတာလဲ။ ဘယ်သူသင်ပေးလဲ'

'ဝါသနာပါလို့ ပန်းညိုရတာပါ။ ဓာတ်စက်ဖွင့်တဲ့ဆီကတို့၊ ကက်ဆက် ဖွင့်တဲ့ဆီကတို့ လိုက်ဆိုရင်းပေါ့'

ရွာပြင်ဘက်က လေကလေးက ကနားတဲတွေဆီက နတ်ပန်းနံ့တွေကို သယ်ဆောင်လာတယ်။ နတ်ပန်းနံ့နဲ့ နတ်ဒိုးသံ သဲ့သဲ့ဟာ စိတ်ကိုလှုပ်ရှားစေတယ်။ ပြီးတော့ ကောင်မလေးရဲ့ မိန်းမနံ့၊ အင်း... မိန်းမစစ်စစ်အနံ့ဟာ မင်းမင်းစိတ်တွေကို ပိုလို့ လှုပ်ရှားစေတယ်။

'ပန်းညိုတို့က မောင်နှမဘယ်နှယောက်လဲ'

'သုံးယောက်၊ အခု တို့သုံးယောက်လေ'

'ပန်းညိုက အကြီးလား'

'ဟုတ်တယ်'

'ပန်းညိုတို့ အဖေ၊ အမေတွေကရော'

ပန်းညိုက ခဏလေး ငြိမ်သွားတယ်။

'အဖေနဲ့အမေက ကွဲသွားကြတာ။ အမေက ပန်းညိုတို့နဲ့ ခဏနေသေးတယ်။ နောက်တော့ ထွက်သွားတာ ပြန်မလာတော့ဘူး'

'သြော်... ဒီအလုပ်ကို ပန်းညိုလုပ်ချင်မှာ မဟုတ်ဘူးနော်'

'မသိပါဘူး။ သီချင်းဆိုရတာတော့ ပန်းညို ပျော်ပါတယ်။ ဟို... ရွာမှာတော့ ဒီအလုပ်ကို ပန်းညိုတို့ မလုပ်ပါဘူး။ အဝတ်လျှော်တာတို့၊ ယာကူလီတို့လုပ်တာ။ ပွဲတော်တွေမှာပဲ ဒီအလုပ်ကို လိုက်လုပ်တာ။ ပန်းညို သီချင်းတွေ ဘာတွေ မဆိုတတ်ခင်တုန်းကဆို အဘွားက မလုပ်ခိုင်းပါဘူး။ ပန်းညိုတို့ကို အဘွားက သူများအိမ်မှာ ခိုင်းတာလုပ်ပြီး ရှာကျွေးလာတာ'

သူများအိမ်မှာ ခိုင်းတာလုပ်ပြီးတဲ့။ မင်းမင်းရင်ထဲမှာ ကျင်ခနဲဖြစ်တယ်။ လောကကြီးထဲမှာ မရှိတော့တဲ့ မင်းမင်းရဲ့ အမေဟာလည်း မင်းမင်းတို့ မောင်နှမတွေကို သူများအိမ်မှာ ခိုင်းတာလုပ်ပြီး ရှာကျွေးခဲ့ရရှာတာလေ။

'ဒီအလုပ်က ပိုက်ဆံတော့ရတယ် မဟုတ်လား'

'ရတယ်။ ပန်းညိုကို သနားပြီး ပေးကြတာတွေပေါ့'

'ဟုတ်တယ်။ ပန်းညိုက သနားစရာကောင်းတယ်'

ဇရပ်နားမရောက်ခင် မှောင်ရိပ်မှာ မင်းမင်းက ရပ်လိုက်တယ်။ မောင်လုံးနဲ့ မိပြုံးက ဇရပ်နားကို ရောက်သွားကြပြီ။

'ချစ်စရာလည်း ကောင်းတယ်'

ပန်းညိုကိုယ်လုံးကလေးကို မင်းမင်း ဆွဲဖက်လိုက်တယ်။ မူးယစ်တဲ့အရှိန်က မင်းမင်းကို တွန်းအားပေးနေတယ်။ ဒီကောင်မလေးကို ဒီညရနိုင်ပါ့မလား။ ထိတ်လန့်တုန်ယင်နေတဲ့ အပျိုမလေးပါးပြင်ကို မင်းမင်းက အတင်းနမ်းတယ်။

'အဲလိုမလုပ်နဲ့... မလုပ်ပါနဲ့'

မပီမသ ကြောက်ကြောက်လန့်လန့် ထွက်လာတဲ့ အသံတိုးလေးက နစ်ဝင်မေ့မျောသွားတော့မလိုဘဲ။ ရုတ်တရက် သနားစိတ်က ပန်းညိုကို လွတ်မြောက်သွားစေတယ်။

နောက်ဆုတ်သွားတဲ့ ပန်းညိုတစ်ကိုယ်လုံး တုန်ယင်နေတယ်။

'ချစ်လို့ပါ ပန်းညိုရယ်'

ပန်းညိုလက်ကလေးကို မင်းမင်း ဖျတ်ခနဲ လှမ်းဆွဲလိုက်ပြန်တယ်။

'အရက်တွေ သောက်ထားတယ်'

ပန်းညိုအသံ တုန်နေပြီး ငိုသံပါနေတယ်။

'နည်းနည်းလေးပါကွာ။ ညနေတက်ပွဲတုန်းက ကိုကြီးကျော်က ဇွတ်တိုက်လို့။ ပန်းညို အစ်ကို့ကို ချစ်တယ်မဟုတ်လားဟင်'

ကောင်မလေးက မင်းမင်းလက်ထဲကနေ သူ့လက်တွေကို မရုန်းပါလား။ ဒီကောင်မလေးကို ရတော့မယ်ဆိုတာ အတွေ့အကြုံပေါင်းများစွာအရ မင်းမင်းသိလိုက်ပြီ။ ကောင်မလေးကို ဆွဲဖက်ပြီး ပါးကလေးကို နောက်တစ်ကြိမ် နမ်းလိုက်တယ်။

'နတ်ကတော်ကြီးနဲ့ အစ်ကိုနဲ့က ဘာတော်တာလဲဟင်'

ကောင်မလေးရဲ့ အသံတိုးလေးဟာ မင်းမင်းနားထဲမှာ ပြင်းထန်လှတဲ့ ဗုံးတစ်လုံး ပေါက်ကွဲသံလိုပဲ။ ကောင်မလေး ကိုယ်ပေါ်က မင်းမင်းလက်တွေ အလိုလိုပြေလျော့သွားတယ်။

မှောင်ရိပ်ထဲက မင်းမင်းအဖြေကို စောင့်နေတဲ့ ရိုးသားတဲ့ မျက်နှာလေးကို မင်းမင်း မြင်လို့ရနေတယ်။

'ဦးဘစီက အစ်ကိုတော်တယ်။ အရင်းတော့ မဟုတ်ဘူး။ နှစ်ဝမ်းကွဲ ဆွေမျိုးပေါ့'

'အစ်ကိုက သူ့ဆီမှာ ဘာလုပ်ရလဲဟင်'

ကောင်မလေးရဲ့ အသံတိုးလေးတွေက မင်းမင်း အသားထဲကို အပ်ဖျားလေးတွေ စိုက်ဝင်သွားကြသလိုပဲ။

'မန်နေဂျာပေါ့။ သူ့မန်နေဂျာလေ။ သူ့ပွဲကိစ္စတွေ ဘာတွေညာတွေ အားလုံး စီစဉ်ပေးရတာပေါ့'

'သြော်...'

ခေါင်းညိတ် ယုံကြည်နေရှာတဲ့ ကောင်မလေးကို ဖြေရင်း မင်းမင်း ဝမ်းနည်းလာတယ်။ ပြီးတော့ သူ့လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ ကောင်မလေးနဲ့ အိမ်ထောင်အစစ်တစ်ခုကို ထူထောင်ပြီး လူလောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်ချင်တဲ့စိတ်တွေ မဝင်စဖူး ဝင်လာနေတယ်။ ကောင်မလေးကို ညင်ညင်သာသာ နမ်းရှိုက်လိုက်တယ်။

'ချစ်တယ်'

ဒီတစ်ခါ စကားဟာ ရင်ထဲကပဲ ပြောပေမယ့် ကိုယ်တကယ်ပြောမိတာပါ။ မိန်းမလျာတွေ၊ မိန်းမစစ်တွေကို အခါများစွာ ပြောခဲ့ဖူးတဲ့ 'ချစ်တယ်'နဲ့ ဘယ်လိုမှ မတူဘူး ဆိုတာယုံပါ ပန်းညိုရယ်။

ဆက်လက်ဖော်ပြပါမည်

နုနုရည်အင်းဝ

(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၆)
နုနုရည်အင်းဝ

ဟိုတုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ငယ်တော့ ပျော်တာနဲ့ ကိုယ့်တက်ပွဲနေရာကို ရောင်းတာ။ ကိုယ့်တက်ပွဲနေရာက ရှေ့ကျတာကိုး။ ရှေ့နေချင်တဲ့သူတွေ၊ နံပါတ်ကောင်းကောင်း လိုချင်တဲ့သူတွေက ဝယ်ကြတယ်။ ဟိုတုန်းက ဘာမှလည်း ကြေးမ...

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၅)
နုနုရည်အင်းဝ

နတ်ဒိုးသံဟာ လူတွေရဲ့ သွေးကြောတွေထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိတယ်။ စိတ်ကို မြူးကြွသာယာ စေတယ်။ ပြီးတော့ အချစ်သွေးကိုလည်း ကြွစေနိုင်ပါလား။

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ အပိုင်း (၄)
နုနုရည်အင်းဝ

ရေမလျှံတဲ့ မျက်နှာမွဲနတ်ကတော်လေးတွေများ ဆိုလို့ကတော့ ‘ရွှေခန်းမင်းကျော် မြင်းပေါ်တင်ကာခေါ် ဒါပဲ ‘ခေါ်ပဲ ခေါ်တစ်လုံးပဲ အမယ်လေး... ပိုက်ဆံထွက်မယ့် နတ်ကတော်ကျ လုပ်လိုက်ပါလိမ့်မယ် ‘ရွှေခန်းမင်းကျော် မြင်း...