ကိုဆေး၊ပစိဖိတ်ကမ်းခြေ၊
ရှင်မိုးညိုရွာ မြစ်ဝကျွန်းပေါ် အရပ်ဒေသရဲ့ သင်္ကေတမြစ်တစ်စင်းဟာ ရှင်မိုးညိုရွာကို သဘာဝ အဖော်မွန်အဖြစ် ခံယူဖြတ်သန်းစီးဆင်းလို့ နေပေတယ်။ ရွာတစ်ရွာရဲ့ ဦးသျှောင်၊ ဒီပါရုံကျောင်းရဲ့ ဆွမ်းစားကျောင်းဆောင် နောက်ဘက်မှာရှိတဲ့ ရေကန်ကြီးကတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းအတွက် ကြယ်ငါးပွင့်ရ အမှတ်တစ်ခု။ သက်ကြီးခေါင်းချချိန် လောက်ကစပြီး အသက်ဝင် လှုပ်ရှားလာတဲ့ ရေစုပ်စက်ကြီးရဲ့အော်သံ ‘တထုတ်..ထုတ်’ ဟာ သက်တမ်းမျိုးစုံ၊ အရွယ်မျိုးစုံ၊ ငါးမျိုးပေါင်းစုံအတွက် သာယာနာပျော်ဖွယ် နတ်စောင်းသံ ဖြစ်နေလေတော့တယ်။ သဘာဝအတိုင်း ငြိမ်းချမ်းစွာ လွတ်လပ်ကူးခတ်မှုကို နေရာမှားဝင်ရောက် အနှောင့်အယှက်ပေးခဲ့တဲ့ လူ့ ရွာကဟာတွေ၊ အထူးသဖြင့် သစ်သားရိုးတပ် သံပြားတစ်ခု၊ အဲဒီသံပြားဟာဖြင့် ကန်ရေပြင် အောက်ဘက်ဒေသကို အကျည်းတန်စေခဲ့တော့တယ်။ ဒီနေ့တော့... အနှောက်အယှက်ပေးတဲ့ လူ့ ရွာကဟာတွေအားလုံး ပြန်လည်ထွက်ခွာသွားရပေတော့မယ်။
ကန်ဘေးက
ရေစုပ်စက်ကြီး သူလုပ်နေရတဲ့ အလုပ်ကို အသံပေးဖော်ကျူးရင်း ဂုဏ်ယူဝင့်ကြွားလို့နေတဲ့ပုံ၊
သူ့ခမျာ အင်းသူကြီး ငါးကန် ပြန်ဖော်တိုင် အားပေးကူညီခဲ့ရလို့
မျက်နှာငယ်ခဲ့ရရှာတယ်။ ခုတော့... ရွာဦးကျောင်းကန် ပြန်ဖော်ပွဲဟာဖြင့်
ကုသိုလ်ရေးမို့ ဂုဏ်ယူဝမ်းသာနေပေတော့မယ်။ ကန်ထဲကရေတွေ ပြန်မလော့မြစ်ထဲ
ခဏအပ်ထားပြီး ရေတက်ချိန်မှာ ပြန်လည်ထုတ်ယူသွင်းပေးရဦးမယ်။ ကပ္ပိယကြီးရဲ့ လေးနာရီ
အုန်းခေါက်သံ ‘တတုံတုံ’ ဟာ တစ်ရွာလုံးကို နိဗ္ဗာန်ဆော်လိုက်လေရဲ့။ မကြာမီ
ကုသိုလ်ရေးမို့ ကျောင်းကို စုဝေးရောက်လာကြ ပေတော့မယ်။ ရွာထဲက ဗီဒီယိုဆရာလေး ညကကုသိုလ်ဖြစ်ပြသွားတဲ့
ဂေါ်ဇီလာကားရဲ့ ပယောဂလေလား၊ ဘုန်းကြီးကျောင်းသားလေးတွေရဲ့အိပ်မက်ထဲမှာ ခေါင်း
ဂေါ်ဇီလာ အနင်းခံလိုက်ကြရတယ်။
နှစ်နှစ်တစ်ခါ၊
သုံးနှစ်တစ်ခါ မိုးဦးမကျမီ ကန်ပြန်ဖော်တတ်တယ်ဆိုတာ... သိပေမယ့်လည်း
ငယ်ရွယ်သူမို့...
ကန်ပြန်ဖော်တိုင်း
ရေငုပ်နေရာက ပြန်ပေါ်လာတဲ့ ပန်းကန်အရွယ်အစားမျိုးစုံ၊ ဆွမ်းဟင်းခွက်၊ ဇလုံ၊
ချိုင့်၊ သပိတ်ကွဲ၊ ဇွန်းမျိုးစုံတွေဟာ ကျောင်းသားငယ်လေးတွေရဲ့ မျက်နှာကို
ငယ်စေခဲ့တော့တယ်။
အထူးသဖြင့်
ဆရာတော်ကြီး တစ်နေရာရာ ကြွသွားလို့ ကျောင်းမှာမရှိချိန်၊ ကျောင်းမှာ
အလှူအတန်းရှိချိန် ရေနှစ်ခြင်းကိုခံရတဲ့ ပန်းကန်ခွက်ယောက်မျိုးစုံဟာ
ဆရာတော်ကြီးရဲ့ အဆူခံထိ နေတဲ့ ကျောင်းသားလေးတွေကို 'ဘယ်နှယ့်ရှိစ'
'လုပ်တုန်းကလုပ်ခဲ့သေးတာ၊ ခံပေတော့' လို့
ပြောနေသယောင်။
ကျောင်းသာလေးတွေ
ဆရာတော်ကြီးရဲ့ အဆူခံထိပြီး ကျောင်းဝင်းတစ်ခုလုံး သန့်ရှင်းရေးလုပ်နေရချိန်..
ပန်းကန်ခွက်ယောက် အပေါင်းပါတွေနဲ့အတူ ရေထဲက ပြန်ပေါ်လာတဲ့ ဓားဟောင်းတစ်ချောင်းဟာ
အလာတုန်းက ကောက်ညှင်းပေါင်းတွေ ထည့်ယူလာတဲ့ တောင်းကြီးထဲမှာ ငြိမ်သက်စွာနဲ့
လိုက်ပါသွားတော့တယ်။
တောင်းကိုထမ်းပြီး
ပြန်လာတဲ့သူကတော့ ကျောင်းနဲ့ကပ်ရဲ့ခြံက ဦးသိုက်၊ သူ ဒီဓားကို စတွေ့တော့
မြင်ဖူးပါတယ်ပေါ့။ သံချောင်းတစ်ချောင်းနဲ့ ဓားကိုခြစ်ကြည့်တော့ တွေ့လိုက်ရတဲ့
နာမည် တစ်ခုကြောင့် တအံ့တသြ ဖြစ်သွားခဲ့ရတယ်။
အများရှေ့မှာပဲ
ဓားကို သူယူပါရစေဆိုတော့ အားလုံးက ဘာပြောရမှာလဲ၊ ယူစေပေါ့၊ ဦးသိုက်လက်ထဲ ရောက်ရင်
ဓားဟောင်းအသစ် ပြန်ဖြစ်မယ်ဆိုတာ သိနေကြတာကိုး။
အိမ်အပြန်လမ်းမှာ
ဦးသိုက် အတွေးတွေ၊ မေးခွန်းတွေနဲ့ ပြန်လာခဲ့တော့တယ်။ သူ အသိချင်ဆုံး အဖြေတစ်ခုကို
ဆွမ်းစားကျောင်းနောက်ဘက်မှာ အိပ်တဲ့ခွေးနက်ကြားက သိနေတယ်။ လွန်ခဲ့တဲ့
တစ်နှစ်ကျော်လောက်က မိုးရော၊ လေရောထန်နေချိန် လူတစ်စု မြစ်ဘက်ဆင်းသွားရင်း
ကန်ကြီးထဲ ဓားပစ်ချသွားတာ သူမြင်လို့ ဟောင်တောင်ဟောင်လိုက်မိသေး။ ဘယ်သူမှ
မနိုးကြပါဘူး။ အိပ်ကောင်းနေတဲ့ အချိန်ကိုး။
ကျောင်းဆိပ်မှာ
ရပ်ထားတဲ့ လှေတစ်စင်းနဲ့ မြစ်ထဲမှာ ပျောက်သွားတော့တယ်။
ရွေထန်းတောရွာ
'အတူလေးရယ်နဲ့....
ယှဉ်ခါပြိုင်၊ ယှဉ်ခါပြိုင်..ဖဲမွေ့ရာ ရွှေကော်ဇော..ရောနှောလို့ထိုင်'
'သောက်တော်ဘူးရယ်နဲ့
ကိုယ်မကွာ.. ကိုယ်မကွာ. မင်းကျော်စွာတဲ့.. မင်းကျော်စွာလို့ မကျော်လား
..ဝေးရာကရှား....'
အသံပြဲနဲ့နတ်နိုးသံကြားလိုက်ရလို့
ငိုက်ကောင်းနေရာက တိမ်တစ်လုံး မျက်စိ အသာဖွင့်ကြည့်လိုက်တယ်။
အင်း...ဝိုင်းကတော့
စ နေပြီ။ အဲဒီ နတ်ဒိုးသံဟာ ပမာဏအဖွင့်သီချင်း..နောက်အတွဲလိုက် လာတော့မယ်။ ပမာဏ
အဖွင့်သီချင်းထဲက 'ဝေးရာကရှား' ဆိုတာ တိမ်တစ်လုံးကို သတိပေးတာ၊
ရွှေထန်းတောရွာမှာ တိမ်တစ်လုံးရဲ့ သခင်တိုးကြီးက ထန်းပင်သူဌေး၊
အမူးသမားတစ်ယောက်ကို မျက်စိအဝတ်နဲ့စည်း၊ ပိုမူးအောင် ချာလပတ် လှည့်၊ နောက်...
'လက်ညိုးထိုးချင်ရာ
သာရမ်းထိုးလိုက်စွမ်းကွာ'လို့ပြောလိုက်။ အဲဒီလက်ညိုး ညွှန်ရာအရပ်မှာ
သခင် တိုးကြီးရဲ့ ထန်းပင်ရှိစေရမယ်၊ အဲ...မူးမူးရူးရူးနဲ့
မိုးပေါ်ထောင်ထိုးတာတို့၊ မြေကြီးထဲ ထိုးတာတို့တော့ မလုပ်နဲ့ပေါ့ဗျာ၊
စိတ်ဆိုးတယ်။
ရွာစွန်က
ထန်းတောဟာ တိမ်တစ်လုံးသခင်တိုး ကြီးရဲ့နန်းတော်ပဲ။ တိုးကြီးရယ်၊ သူ့တပည့်
လေပွေရယ်၊ တိမ်တစ်လုံးရယ်နေတာ။ ခွေးတစ်ယောက်နဲ့ လူနှစ်ကောင်ဆိုပါတော့။ စောစောက
အသံပြဲနဲ့ နတ်ဒိုးဟဲတဲ့ ပုဂ္ဂိုလ်ကတော့ ရွာထဲက မင်းသားရူး၊ အားတိုင်း ထန်းတောမှာ၊
တိုးကြီးရဲ့ တပည့်တောင်ဖြစ်နေပါပြီ။ လေပွေက ညာလက်မောင်းဆို မင်းသားရူးက
ဘယ်လက်မောင်းလို့တောင် ပြောလို့ရပြီ ဆိုပါတော့။
'ထန်းပင်ကျရည်...
ထန်းပင်ကျရည်..ချိုတမြမြ ခါးသလေဗျ...တို့ဗေတို့ဗေ.. တို့ဗေတို့ဗေ..ဂျေဂျေတပ်ဂျေး..
တပ်ဂျေးတပ်..' အဲဒီမောင်မူး အရက်မူးသီချင်းမှာ
တိမ်တစ်လုံးသခင် အလိုတူအလိုပါ 'တို့ဗေတို့ဗေ' တို့ 'ဂျေဂျေတပ်ဂျေး' တို့
ဝင်ဆိုလိမ့်မယ်၊ ထန်းကျည်တောက်ကို
ခွက်နဲ့ခေါက်၊ စည်းချက်ဝါး ချက်လိုက်ပေးနေဦးမယ်။ အလိုက်မသိတတ်တာလည်း ဖြစ်မယ်။ ပါးစပ်ထဲ တွေ့ရာ
ကောက်ဆိုတာလည်းဖြစ်မယ်။ တို့ဗေတို့ဗေ အမြူးကနေ 'ပန်းသလား
မေပျို..နန်းရွှေကိုယ် ...လမ်းရှေ့ ဟိုတစ်ခိုဝယ်.. ချောက်ကမ်းပါးတောင်စွယ်
..မောင်မယ် မြင်ဘူးကွယ်'
အငြိမ်လေး
ထလုပ်ပလိုက်ရော၊ တိုးကြီးဖီးလ်ငုပ်သွားတာပေါ့။ သူက မူးရင် မြူးမှ၊ ဒါပေမယ့်
ဘာမှမပြောသေးဘူး။
'စဉ်းစားပြီး
မရွှင်နိုင်ပါသဗျာ..မင်းသားကြီးတစ်ပင်တိုင်အကမှာ..ယှဉ်ပြိုင်ကစရာ
နှမကညာလိုသဗျ...အို ဇာတ်ဆရာ...မတရားတော့ မလုပ်လိုက်ပါနဲ့၊
နှစ်ပါးသွားလေးတော့..တော့...'
'ဟေ့ကောင်
မင်းသား ရူး..တော်..တော်' တိုးကြီး သည်းမခံနိုင်တော့ဘူး။
ဂေါ်မစွံ လူပျိုသိုးကြီးဆိုတော့ မိန်းမတမ်းချင်းတွေ စိတ်နာတယ်။
ထန်းရည်အရှိန်တက်တာကို
တားလို့ရချင်ရမယ်၊ မင်းသားရူးအရှိန်တက်တာ တားမရတော့ဘူး။
'တောင်စောင်းမှာကွယ်၊
ပေါင်ညောင်းပါတယ်၊ ချောင်ကောင်းရာဝယ် ဘွေဝနေခွင် ထွေးခင်နေရစ်မယ်..' အဲဒီ ကေသီ ဒေဝီ သီချင်းအပြီးမှာ 'မနေနဲ့ဟဲ့
တစ်ခါတည်းသာ သေဟဲ့' ဆိုပြီး မင်းသားရူးကို
ဖနောင့်နဲ့ပေါက်ထည့်လိုက်တော့တယ်။
ခြေထောက်နဲ့
အလှမ်းဝေးတဲ့နေရာမှာ မင်းသားရူးရှိနေရင်တော့တွေ့ရာ အိုးခွက်တွေနဲ့
ကောက်ပေါက်တော့တာပဲ၊ အဲဒါကြောင့် နတ်ဒိုးသံကြားပြီဆိုတာနဲ့ တိမ်တစ်လုံး
ပတ်ဝန်းကျင်ကို အမြန်လေ့လာရတယ်။ မင်းသားရူးရဲ့ နောက်မှာရောက်နေရင်တော့
နေရာအမြန်ပြောင်း၊ ဝေးရာရှားရတော့တယ်။ နေရာမပြောင်းရင် မင်းသား ရူးမထိဘဲ
ကျော်လာတဲ့ ထန်းရည်ခွက်၊ ဒါမှမဟုတ် ထန်းရည်အိုးကျည်တောက်နဲ့ ညားပြီပဲ။
တစ်ခါခံရဘူးတဲ့ ခွေးမို့ မှတ်တယ်လေ။
အားလုံးမူးပြီး
ဒေါင်းသွားရင်တော့ တိမ်တစ်လုံး အလှည့်ပဲ၊ လက်ကျန်လေးတွေကို ပလပ်၊ ပလပ်လုပ်
ဆော်တော့တာပဲ။ လက်ကျန်မရှိရင်လည်း တဲထဲက အိုးတွေထဲ ပလပ်ပလပ်လုပ်ပြီး
သင့်ရာတစ်နေရာမှာ သွားမှိန်းနေတော့တယ်။ အချိန်တန် တက်လာလိမ့်မယ်၊ လူတောင်မှ
မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ၊ ထီဒိုင်နားနီး ထီထိုးဆိုတော့ ခွေးကတော့
ဘာပြောစရာလိုမလဲ၊ ပတ်ဝန်းကျင် မကောင်းတော့ ပျက်စီးရတော့တာပေါ့။
□
ရွှေမိုးညိုရွာက
ဒီပါရုံ ကျောင်းကန်ပြန်ဆယ်ပြီး နှစ်ပတ်လောက်အကြာမှာ ဦးသိုက်ရွှေ ထန်းတောရွာကို
ရောက်လာတော့တယ်။
'မင်းသားရူး၊
ဒီအချိန် ထန်းတောမှာ' ဆိုလို့ ထန်းတောလိုက်လာတာ အရှိန်ရစ
ပြုနေတဲ့ မင်းသားရူးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ လိုက်ရလေရဲ့။
မင်းသားရူး
ဦးသိုက်ကို တွေ့လိုက်ရတော့ အံသြဝမ်းသာသွားတဲ့ပုံ၊ ခွဲခွာခဲ့ရတာ
တစ်နှစ်ကျော်ခဲ့ပြီး ခုမှပထမ ဦးဆုံး ပြန်တွေ့ကြတာကိုး။ ဆရာတပည့်နှစ်ယောက်
အရိပ်ကောင်းတဲ့ ထန်းပင်ရိပ်မှာခို၊ ထန်းရည်လေးမြုံလိုက်၊ ပဲလှော်လေးဝါးလိုက်၊ စီး
တော်မြင်းကိုယ်စီနဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို အ သော့နှင်လေတော့တယ်။
အတော်လေးအရှိန်ရလာတော့
ဦးသိုက်လွယ်အိတ်ထဲက အထုပ်တစ်ထုပ် နှိုက်ယူလိုက်ပြီး မင်းသားရူးရှေ့
အသာချဖွင့်ပြလိုက်တယ်။ ဒီပါရုံကျောင်းရေကန်ထဲမှာ ငုပ်နေတဲ့ဓား၊ ရေကန်ထဲက
ပြန်တက်လာတဲ့ဓါး၊ မင်းသားရူး ဓားကိုကြည့်လိုက်၊ ဦးသိုက်ကိုကြည့်လိုက်နဲ့
နားမလည်ဖြစ်နေတဲ့ပုံ။
'မောင်ဗလ၊
အဲဒီဓားကို မှတ်မိလား'
'မြင်ဖူးသလိုလိုတော့ရှိတယ်၊
ဦးလေးသိုက်'
'မြင်ဖူးရုံပဲလား
မောင်ဗလရဲ့၊ ဓားပေါ်က နာမည်ဖတ်ကြည့်ပါဦး'
မင်းသားရူး
ဓားပြားပေါ်က နာမည်ကိုဖတ်ကြည့်ပြီး တအံ့တသြဖြစ်သွားလေရဲ့။
'ဟာ..ဆြာသိုက်...'ဦးလေးသိုက်နာမည်ပါလား၊ ဒါဆို ဒီဓားက...'
'အေး..ဟုတ်တယ်၊
ငါတို့လုပ်တဲ့ဓားပဲ မောင်ဗလ'
'ဦးလေးသိုက်..ဒီဓား
ဘယ်ကရလာတာလဲ'
'ရွာဦးကျောင်းက
ကန်ပြန်ဆယ်တော့ ကန်ထဲကရတာကွ၊ ငါတွေးမိတာပေါ့ကွာ၊ ဒီလိုဓားမျိုးက မှာမှ လုပ်ပေးတဲ့
ဓားမဟုတ်လား၊ ငါတို့ အဲဒီတုန်းက တပင်တိုင်ရွာမှာဆိုတော့ ရွှေမိုးညို ရွာက
လူတွေကတော့ အဝေးကြီးလာပြီး ဒီဓားကို ငါတို့ဆီမှာ အပ်မှာမဟုတ်ဘူး၊ အနီးအနားရွာတွေကပဲ
လာအပ်တာဖြစ်တယ်၊ ငါသိချင်တာက မောင်ဗလရဲ့၊ ဒီဓား ဘယ်ရွာက ဘယ်သူ လာအပ်တယ်ဆိုတာပဲ'
'ဦးလေးသိုက်ရ
ဒီဓားက ဘာများအရေးကြီးလို့လဲ'
'ဟ...ကြီးပါပကောကွာ၊
မင်းနဲ့ငါလမ်းခွဲပြီး ငါ ရွှေမိုးညိုရွာပြောင်းသွားရတာ ဒီဓားကြောင့်ပဲ၊ လာ..
ရှေ့တိုး၊ ငါပြောပြမယ်...'
'.............
.................... .....'
'ဟာ.ဟုတ်ပါ့မလား
ဦးလေးသိုက်ရယ်'
'ငါတော့
ဒီလိုပဲ တွေးမိ၊ ဒီလိုပဲ ထင်မိတော့တယ် မောင်ဗလ၊ အဲဒီဓားလာအပ်တဲ့ သူကိုသိရရင် ဒီလူ
အခြေအနေ၊ စရိုက်နဲ့ ဆက်စပ်ကြည့်လို့ရနိုင်တာပေါ့ကွာ'
မင်းသားရူးသက်ပြင်း
ရှည်ကြီးတစ်ချက်ချလိုက်ပြီး ဟိုးအဝေးကို ကြည့်လိုက်၊ အနီးတစ်ဝိုက်ကို ကြည့်လိုက်နဲ့
ဂနာမငြိမ်ဖြစ်နေလေရဲ့။
အနီးအနားမှ
သူ့ဆရာတိုးကြီး မျက်စိမှိတ်ပြီး ငြိမ်နေလေရဲ့၊ မလှမ်းမကမ်းမှာ ဆူညံနေတဲ့
တစ်ဝိုင်း၊ လေပွေကတော့ သိုင်းကွက်နင်းဝင်လိုက်၊ ထွက်လိုက်၊ သူ့ဆရာ နားသွားထိုင်လိုက်နဲ့
အလှုပ်ရှုပ်နေတဲ့ပုံ၊ တဲဝမှာ တိမ်တစ်လုံး မြေပြင်ပေါ်ခေါင်းချ၊ ခြေနှစ်ချောင်း
ရှေ့ပစ်၊ စိတ်ကြိုက်ဒီဇိုင်းနဲ့ မှိန်းနေလေရဲ့။
မင်းသားရူး
နောက်သက်ပြင်းရှည်တစ်ချက်ကို ထပ်ချလိုက်ပြီး
'ကျွန်တော်
မမှတ်မိတော့ဘူး ဦးလေးသိုက်ရာ၊ ဦးလေးနဲ့ ကျွန်တော် တစ်ပင်တိုင်ရွာမှာ အတူလုပ်ခဲ့တာ
ဆယ်နှစ်ကျော်ကြာခဲ့တာပဲ၊ အပ်တဲ့လူတွေကလည်း ရွာပေါင်းစုံက လူပေါင်းစုံဆို တော့...'
'စဉ်းစာပါဦး
မောင်ဗလရ၊ အပ်တဲ့လူတွေ၊ ပစ္စည်းတွေများတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီဓားမျိုးက
အော်ဒါမှာမှ၊ အပ်မှလုပ်ပေးတဲ့ ပစ္စည်းမဟုတ်လား'
'အော်ဒါမှာမှ
အပ်တဲ့ပစ္စည်းတွေလည်း နည်းတာမှမဟုတ်တာ'
'မောင်ဗလ၊
မင်းက ပစ္စည်းလက်ခံတဲ့သူ၊ ဦးက လုပ်ရတဲ့သူမို့ပါ။ ဦး လက်ခံတဲ့ပစ္စည်းဆို
မေးမှာမဟုတ်ဘူး၊ စဉ်းစားပါဦးကွာ'
'ဦးလေးသိုက်က
ဘာလဲ၊ ကျွန်တော့်ကို ဦးနှောက်မကောင်းဘူးလို့ ပြောချင်တာလား၊
ကျွန်တော်မသိပါဘူးဆိုတဲ့ဟာ ဘာလို့သိခိုင်း၊ အတင်းစဉ်းစားခိုင်းနေရတာလဲ'
'ဟာ..ဒီသဘော
မဟုတ်ရပါဘူးကွာ၊ အရေးကြီးတဲ့ကိစ္စမို့ မောင်ဗလကို သိမလားလို့ အားကိုးတကြီး
ပြောမိတာပါ'
'ကျွန်တော်ပြောလိုက်မယ်
ဦးလေးသိုက်၊ ကျွန်တော်မသိဘူး၊ ခုလည်းမသိဘူး၊ နောင်လည်း မသိဘူး၊ ဦးလေးနဲ့ကျွန်တော်
လမ်းခွဲခဲ့ပြီးပြီ၊ ဘာမှ လာပတ်သက်စရာ မလိုတော့ဘူး၊ ရှုပ်ရှုပ်ယှက်ယှက်ဗျာ'
'မောင်ဗလ
မင်းက မင်းကိုကျွေးမွေးပညာ သင်ပေးခဲ့တဲ့ ကျေးဇူးတွေ ဆပ်နေတာလား'
'ဘာကျေးဇူးလဲ၊
ကျုပ်အလုပ်လုပ်ပေးလို့ ထမင်းကျွေးပညာသင်ပေးခဲ့တာပဲဟာ၊ ဆီပေးလို့ ဆန်ရတဲ့ကိစ္စ
ရေးကြီးခွင်ကျယ်လုပ်လို့ မဏ္ဍပ်တိုင်တက်ပြနေရတာလဲ၊ ခင်ဗျား ပြန်တော့ဗျာ'
'အေး
ပြန်မယ်၊ မပြန်ခင်တော့...ရော့..'
မပြန်ခင်တော့
ရော့ဆိုပြီး ပေးလိုက်တဲ့ လက်သီးချက်က ပြင်းသလားမမေးနဲ့။ မင်းသားရူး နောက်ပက်လက်လန်
တစ်ပတ်ကျွမ်းပစ် မှောက်သွားတော့တယ်။
နောက်အမြန်ပြန်ကုန်းထပြီး
တဲပေါက်ဝနားမှာ ထောင်ထားတဲ့ သစ်သားချောင်းတစ်ချောင်း ပြေးဆွဲတော့တယ်။
'ဟေ့ကောင်
မင်းသားရူး မလုပ်နဲ့ရပ်စမ်း၊ လေပွေသစ်သားချောင်းယူထားလိုက်စမ်း' ရွှေထန်းတောရွာမှာ တိုးကြီးမီးသေဆိုတာ ဒါပဲ။
စောစောက
မင်းသားရူးရဲ့ဒေါသတွေ တရှူးရှူးနဲ့ မှုတ်ထုတ်လိုက်၊ တောက်တခေါက်ခေါက် လုပ်ရင်း
ထွေးထုတ်လိုက်နဲ့ ခဏငြိမ်သွားလေရဲ့။
'ကဲ..ဦးလေး
ဦးလေး ပြန်ပါတော့၊ သူမသိတဲ့ကိစ္စ အတင်းမမေးပါနဲ့တော့၊ ကျွန်တော်ကပဲ
ကြားကတောင်းပန်ပါတယ်။ ကျွန်တော့်ရွာ၊ ကျွန်တော့်မြေမှာ တစ်ခုခုဖြစ်သွားရင်
မကောင်းဘူး'
ဦးသိုက်
လွယ်အိတ် ကောက်လွယ်ရင်း မင်းသားရူးကို အကြည့်စူးစူးတစ်ချက်ပေး ထွက်သွားတော့တယ်။
မင်းသားရူး သွေးစ၊ တံတွေး စတွေကို ထွီခနဲမြည်အောင် အသံပြင်းပြင်းပေး
ထွေးထုတ်လိုက်လေရဲ့။
'ဟဲ.ဟဲ..မင်းက
ဒီလိုဆိုတော့လည်း သတ္တိက ဘယ်ခေလို့လဲ၊ ငါက ရေမြွေထင်နေတာ၊ ဟေး...ဟေး ...
ကြိုက်သွားပြီဟေ့'
'အလကား
အဓိပ္ပာယ်မရှိ လာပြီး ချေးခြောက်ရေနူးနေတာ ဆရာတိုးရ၊ ကြာတော့ ဒေါကန်လာတာပေါ့'
'စောစောက
တဲဝမှာ စိတ်ကြိုက်ဒီဇိုင်းနဲ့ နှပ်နေရာက အလန့်တကြားဖြစ်သွားရတဲ့ တိမ်တစ်လုံး
မင်းသားရူးစကားကို အု..ဝု..ဝု.. လို့ အသံရှည်ဆွဲ ထောက်ခံလိုက်လေရဲ့။
□
ချစ်တီးကုန်းရွာ
အချိန်က
မီးကင်းစောင့်တဲ့သူ မအိပ်သေးခင်။ အမိန့်ရအပေါင်ဆိုင်ရဲ့ နောက်ဘက် လှေဆိပ်မှာ
လှေတစ်စင်း အသာဆိုက်ကပ်သွားလေရဲ့။ ခမောက်ကို ခပ်ငိုက်ငိုက် ဆောင်းထားတဲ့
လူတစ်ယောက်၊ အပေါင်ဆိုင်ရဲ့ ခြံတံခါးသော့ ဖွင့်ဝင်လိုက်ပြီး အိမ်တံခါးကို ခက်ခဲနက်နဲတဲ့
လျှို့ဝှက်ခေါက်နည်းအတိုင်း သုံးချက်တွဲ သုံးခါခေါက်လိုက်တယ်။ ပထမကိုးချက်က
အလကားဖြစ်သွားလေရောထင်၊ ဘာသံမှမကြား၊ နောက်ထပ်ကိုးချက်ထပ်ပေးတော့မှ..
'ဝင်ခဲ့'
ဆိုတဲ့ အသံမာတစ်ခု အိမ်ထဲက ထွက်လာတော့တယ်။ လျှို့ဝှက်နည်းနဲ့
တံခါးမခေါက်ဘဲ ဝင်သွားလို့ကတော့ အမှောင်ထဲမှာ ဝှီးခနဲ အသံကြားလိုက်ရပြီး 'မွေးမေလေ့' ဖြစ်သွားမယ်။
တိုးကြီး
အမှောင်ထဲ တိုးဝင်လိုက်တယ်။ ခဏအကြာ မှန်အိမ်မီးလေးတစ်ပွင့် လင်းသွားလေရဲ့၊
တိုးကြီး လက်ညိုးထိုးမလွဲ ပိုင်တယ်ဆိုတဲ့ ရွှေထန်းတောရွာက ထန်းပင်သုံးပုံနှစ်ပုံ
ရှယ်ရာပိုင်ရှင် ပက်လက်ကုလားထိုင် တစ်လုံးမှာ ငြိမ်လို့နေတာ တွေ့လိုက်ရတယ်။
မီးမှိန်မှိန်အလင်းရောင်နဲ့
နံရံပတ်လည်ကို တိုးကြီး အသာလိုက်ကြည့်မိတယ်။ ပြည်တွင်း ပြည်ပက နာမည်ကြီး
မင်းသမီးတွေ၊ သူ့ကို ကြည့်ပြီး...
'ကိုတိုးကြီး
မိုးချုပ်လှချည်လား' လို့မေးနေသယောင် ထင်လိုက်မိလေရဲ့။
ဘာပုံတွေ ထပ်များတိုးလာပါလိမ့်လို့ တိုးကြီးစပ်စုနေမိတယ်။ သူ့ဆရာ ဝါသနာပါသလို
သူလည်း...
'ကြည့်လို့ပြီးရင်
လာရင်းကိစ္စပြော' တိုးကြီး ဟဲ..ဟဲ လို့ အသာဖော့ရယ်ရင်း
သူ့ဆရာကို...
'နောက်ထပ်တိုးလာတဲ့
မင်းသမီးပုံတွေ တော်တော် လှတယ်နော်' လို့ပြောလိုက်လေတယ်။
'ဟေ့ကောင်၊
အဲဒါ မင်းအလုပ် မဟုတ်ဘူး..ငါ့ အလုပ်၊ လာရင်းကိစ္စပြော'
'ရှင်မိုးညိုရွာက
ဦးသိုက် မနေ့က ကျွန်တော့်ထန်းတော ရောက်လာတယ်'
'ဘယ်က
ဦးသိုက်လဲ မသိဘူး'
'အာ...ဟုတ်သားပဲ၊
ဆရာ့ကို ဒီလိုပြောလို့ သိမှာမဟုတ်ဘူး၊ ရှင်မိုးညိုရွာက ကွမ်းတောင်ကိုင် ပန်းခရေရဲ့
ဦးလေး'
'ဘာ..ခရေလေးရဲ့
ဦးလေးဟုတ်လား၊ မင်းဆီ ဘာကိစ္စလာရတာလဲ'
'ကျွန်တော့်ဆီလာတာ
မဟုတ်ဘူး၊ မင်းသားရူးဆီ လာတာ'
'ဘယ်က
မင်းသားရူးလဲ၊ ဘာတွေလဲကွ၊ မင်းတို့ဟာက ရှုပ်ရှုပ်ယှက်ယှက်တွေပါလား'
'အဲ..မင်းသားရူးဆိုတာ
ရွာက ပန်းပဲလုပ်တဲ့ ကောင်လေး၊ ကျုပ်ဆီမှာ ဝင်ထွက်သွားလာရင်း
ကျုပ်တပည့်လိုဖြစ်နေတာ၊ သူနဲ့ဦးသိုက်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ထိ
တပင်တိုင်ရွာမှာ ပန်းပဲအတူလုပ်ခဲ့ကြတာ..'
'လိုရင်းပြောကွာ၊ မှန်အိမ်ထွန်းထားရတာ ရေနံဆီ ကုန်တယ်'
'ဦးသိုက်နဲ့အတူ
ဓားမြောင်တစ်ချောင်းပါလာတယ်၊ အဲဒီဓါးက ဒီပါရုံကျောင်းကန် ပြန်ဆယ်တော့ ရတာတဲ့'
'ဟေ'
ဆိုတဲ့ အသံဟာ ပြဲသလားမမေးနဲ့၊ ဆရာကြီး ပက်လက်ကုလားထိုင်မှာ
မှိန်းပြီးနားထောင်နေရာက ငေါက် ခနဲထ၊ မှန်အိမ်မီးဇာမြှင့်လိုက် လေရဲ့။
နောက်တုန်လှုပ်နေတဲ့ အသံနဲ့...
'အဲ..အဲဒီဓါး
မင်းတွေ့လိုက်လား၊ဟို..ဟို. ဓားလား' လို့ ပြူးတူးပြဲတဲ
မေးလိုက်လေရဲ့။
'ဆရာ့တပည့်
ဘယ်ညံ့ပါ့မလဲ၊ မူးချင်ယောင်ဆောင်ပြီး နာထောင်နေတာ၊ ချက်နေတာ၊ ဟိုဓားမှ ဟိုဓားအစစ်'
'ခု
အဲဒီဓား ဘယ်သူ့ ဆီမှာလဲ'
'ဦးသိုက်
ပြန်ယူသွား တယ်ဆရာ'
'တောက်..ကိစ္စက
ပြတ်နေပြီ၊ ဒီဓားကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်ဘူးလို့ ပြောခံရတော့မယ်'
'ဒီလောက်လဲ
စိတ်မပူပါနဲ့ ဆရာကြီး၊ တပည့်ကြီး တစ်ယောက်လုံးရှေ့မှာ ရှိပါတယ်၊ အရေးကြီးတာ ဒီဓား
ပြန်ရဖို့ပဲ မဟုတ်လား'
'ဟ..နတ်ကပါတယ်
ဆိုမှ ဆက်ဖို့လိုသေးလား မေးနေရသေးလား၊ မင်းအမေလင်နတ်က အလကား ကမှာမို့လား'
'ပြောတတ်ဘူးလေ'
'ဟေ့ကောင်၊
ကြောင်တောင်တောင်လုပ်မနေနဲ့၊ ဒီကိစ္စအရေးကြီးတယ်၊ ဟိုမင်းသားရူး ဆိုတဲ့ကောင်နဲ့
ဒီဓားက ဘယ်လိုပတ်သက်နေလို့လဲ'
'အဲဒီဓား
ကျွန်တော်သွားအပ်တော့ မင်းသားရူးဆီမှာ အပ်တာ၊ ဦးသိုက်နဲ့ မတွေ့ဘူး၊ ခု ဦးသိုက်က
ဓားအပ်တဲ့သူကို လာစုံစမ်းတာ'
'ဟာ..ဒါဆို
ဒီကိစ္စ မင်းသားရူးဆိုတဲ့ကောင်က အားလုံးသိနေတာပေါ့'
'ကျွန်တော်
သူ့ဆီမှာ အပ်တာသူမမှတ်မိဘူးဆရာ၊ မမှတ်မိရကောင်းလားဆိုပြီး ဦးသိုက်နဲ့
စကားများရန်ဖြစ်ကြသေးတယ်'
'မင်းဟာ
မမှတ်မိဘူးဆိုတာ ဟုတ်ပါ့မလား၊ လျှော့မတွက်နဲ့နော်၊ ခံရလိမ့်မယ်'
'ဆရာရယ်..မပူပါနဲ့
မှတ်မိတော့လည်း ဂရုစိုက်စရာမလိုပါဘူး။ ခြင်းထဲက ကြက်ပါဆရာ၊ ဘယ်အချိန်
ထုတ်သတ်စားစားရပါတယ်'
'အေး..မင်းပိုင်တယ်ဆိုလည်း
ပြီးတာပါပဲ၊ ဓားကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲ'
'ဒီအတွက်လည်း
မပူနဲ့ဆရာ၊ ကျွန်တော်စဉ်းစားထားတာ တစ်ခုရှိတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရအောင် ပစ်ပလိုက်မယ်'
'ဘယ်လိုလုပ်မှာလဲ'
'ဒီလိုဆရာ...'
ထန်းပင်အစုရှယ်ယာ
မျက်နှာနဲ့ ရှေ့မှာရှိပါတယ်။ မပူပါနဲ့ဆိုတဲ့ တပည့်ကြီးပေးတဲ့ အကြံကို ဆရာကြီးက နားထောင်နေရင်း
ခေါင်းတညိတ်ညိတ်နဲ့ အဆီပြန်နေတဲ့ မျက်နှာပေါ်မှာလည်း ပီတီ ရောင်တွေလွမ်းလို့။
တပည့် ကြီးရဲ့စကားဆုံးတော့...
'ဟာ..
မင်းတယ်တော်ပါလား၊ ငါ့တပည့် ပီသပါပေရဲ့' လို့ တပည့်လည်း
ချီးကျူးရာရောက်၊ သူလည်း ဂုဏ်တက်စေမယ့် စကားကို ဆိုလိုက်လေရဲ့။
'အဟီး...ဆရာကောင်းတပည့်မို့
ပန်းကောင်းပန်တာပါ ဆရာရယ်'
ကဲ..ဘာဖြစ်သေးလဲ၊
ဘုတ်က ကျီးကိုမြှောက်တော့ ကျီးကလည်း ဘုတ်ကို ဂုဏ်တင်လိုက်တာလေ၊ ကြီးနှစ်ကြီး
ပြောဆိုပြီး စားသောက်ပြီးတော့...
'ဆရာ...
အိမ်ပြန်လက်ဆောင်လေး'
'ဟာ...လုပ်ပေးရမှာပေါ့၊
ငါ့တပည့်ကြီးအကြံကောင်းအတွက်..' ပြောပြောဆိုဆိုနဲ့
နံရံမှာကပ်ထားတဲ့ ပြည်တွင်းပြည်ပပုံ နှစ်ပုံကို ခွာပြီး တပည့်ကြီးကို ရက်ရက်ရောရော
ပေးလိုက် တော့တယ်။
မီးကင်းစောင့်တဲ့သူ
တစ်ရေးနိုးချိန်...
တိုးကြီး
ပြန်မလော့မြစ် တစ်လျှောက် ပီတိတွေစား ရေစုန်မျှောပြန်ခဲ့လေတော့တယ်။
ရွှေထန်းတောရွာနီးစပ်
ချုပ်စပ်မှာ သူ့ဆိုင်နာမည်ကြီး လူကြိုက်များရတာ ဒီမင်းသမီးလေးတွေရဲ့
မျက်နှာကြောင့်သာ။
□
ရွာတန်းစဉ်
ပြန်မလော့
မြစ်ကမ်းတစ်လျှောက် စီတန်းချထားတဲ့ ရွှေထန်းတော၊ တပင်တိုင်၊ မြကန်သာ၊
ချစ်တီးကုန်း၊ ရှမ်းရေကျော်၊ မိုးမခ၊ ရှင်မိုးညိုရွာတွေဟာ မိုးနတ်သားနဲ့ လေနတ်သား
အားပြိုင်နေတာကို ကြောက်ရွံ့လို့ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။
အချိန်က
ကာလသားတွေ ပိုးပန်းပြီးပြန်လာချိန်။ ရွှေတန်းတောရွာက ပြန်မလော့မြစ် ကြောင်းအတိုင်း
ကျရေနဲ့ စုန်ဆင်းလာတဲ့ လှေတစ်စင်းပေါ်မှာ လူသုံးယောက်...။
နောက်ဆုံးက
ပဲ့ကိုင်လှော်လာတာက လေပွေ၊ သူ့ခေါင်းထဲမှာ ဘာအတွေးမှမရှိ၊ သူ့ဆရာကြီးတိုး
အမိန့်အတိုင်း တိုက်ဆိုတိုက်၊ ကိုက်ဆိုကိုက်မယ့်သူ၊ လှေကို
အားစိုက်လှော်ခတ်သွားနေလေရဲ့။
အလယ်က
အားမထည့်ဘဲ ဟန်ရေးပြလှော်လာတာက ဒီခရီးရဲ့ အကြံပေးပုဂ္ဂိုလ် တိုးကြီး၊ ရက်ရာဇာရက်
တံခွန်တွေမလို၊ ပြဿဒါး အရေးမစိုက်၊ မိုးရွာတဲ့ရက်ဟာ ရက်ကောင်း။ ရှေ့က
အားစိုက်လှော်ရင်း သီချင်းဆိုလာတဲ့ မင်းသားရူး ကျောပြင်ကို ကြည့်ရင်း တွေးနေလေရဲ့။
ဦးသိုက်
ထန်းတောအထိ လိုက်လာပြီး မင်းသားရူးကို ဓားအကြောင်း လာမေးတာ သူတို့အတွက်တော့ နတ်ဆိုးရဲ့
ကူညီစောင့်ရှောက် မှုတစ်ခုပေပဲ။ ဒီဓား ဘယ်သူ့ဟာဆိုတာ သိသွားရင်ဖြင့်...
သူ
မင်းသားရူးဆီမှာ အပ်ခဲ့တုန်းက တစ်ချောင်းတောင်မဟုတ်၊ နှစ်ချောင်း
ဒီအရူးမမှတ်မိလို့ တော်ရော့တယ်၊ သိလည်း ဂရုစိုက်စရာမလို၊ ဒီအချိန်မှာ သင်းက
ခြင်းထဲက ကြက်တစ်ကောင်၊ ဆရာကြီးကတော့ အခြေအနေမဟန်ရင် ချောင်းကျဉ်းလေးထဲ
ခေါ်သွားပြီး ရှင်းပစ်ဖို့ ပြောနေလေရဲ့၊ မလိုသေး၊ ဦးသိုက်နဲ့ သင်းပြဿနာ
ဖြစ်သွားတာဆိုတော့။
'ဒီဇမ္ဗူ
လူမှန်သမျှ လောဘသားတူတူ... ကိုယ့်မယား ဝအောင်တိုက်လို့ ခိုက်လို့ယူတဲ့ လူက ယူ...
တံစိုးလက်ဆောင်ကိုလည်း ယူ..မှောင်ခိုကာ အတူတူ စားကြဝါးကြတာလဲ လူ..'
မိုးသံလေသံကြားက
မင်းသားရူးရဲ့ အသံပြဲကြောင့် တိုးကြီး အတွေးတန့်သွားရလေရဲ့။
'ဟေ့ကောင်
သောက်ရူး၊ မဟုတ်တာတွေ ဆိုမနေနဲ့။ ကမ်းဘက်က ကပ်လှော်စမ်း' တိုးကြီး
အမိန့်သံကြောင့် မင်းသားရူး အဆိုနားလိုက်ရတယ်။ ရွာဘက်ကို လှမ်း ကြည့်လိုက်ပြီး 'ချစ်တီးကုန်း ရွာပါလား' လို့တွေးလိုက်မိတယ်။
လေပွေပြောတာ ဒီရွာမှာ ဆရာတိုးကြီးရဲ့ သိုင်းဆရာရှိတယ်တဲ့။ 'ကျောင်းတံတားဆိပ်မှာ
ခဏကပ်စမ်း' ဆိုတဲ့ အမိန့်ပေးသံ ထပ်ကြားရတယ်။
'ခဏစောင့်ဟေ့'
ဆိုပြီး တိုးကြီးတံတားပေါ်တက် အမှောင်ထဲ ပျောက်သွားတော့တယ်။
'ကိုလေပွေ..
ဆရာတိုးကြီးရဲ့ဆရာပါ လိုက်မှာလား'
'အေး...လိုက်မယ်
ထင်တယ်၊ ငါလည်း သေချာမသိဘူး မင်းသားရူးရ၊ ဘာမှ ပြောတာမှ မဟုတ်တာ'
'ဟုတ်တယ်၊
ကျုပ်ကိုလည်း အလုပ်တစ်ခုလုပ်မယ်၊ လှေလိုက်လှော်ပေးပါပဲ ပြောတယ်၊ ဘာလုပ်မယ်
ဘယ်သွားမယ် မပြောဘူးဗျ'
'ဒီလိုပါပဲကွာ၊
ဘာမှကြိုမပြောဘူး၊ ဟိုကျခိုင်းတဲ့ အတိုင်းလုပ်လိုက်တာပေါ့'
အုန်းသီးတစ်လုံး
အခွံခွာပြီးချိန်လောက်မှာ အရိပ်မည်းနှစ်ခု လှေဆိပ်ကို ဆင်းလာတာ တွေ့လိုက်ရတယ်။
လှေနားအရောက်...
'ဆရာကြီး...ဒါကျွန်တော်ပြောတဲ့
မင်းသားရူးပဲ.. မင်သားရူး..ဒါ ငါ့ဆရာကြီး၊ ဆရာကြီး စကားနားထောင်၊
ခိုင်းတဲ့အတိုင်းလုပ် နားလည်လား'
'ဟုတ်ကဲ့ပါ...ဆရာတိုးကြီး'
မင်းသားရူး
အမြန်ပြန်ဖြေရင်း ဆရာကြီးကို မဝံမရဲနဲ့ ကြည့်မိတယ်။ ခပ်ငိုက်ငိုက် ဆောင်းထားတဲ့
ဦးထုပ်၊ ကော်လာထောင်ထားတဲ့ မိုးကာအကျႌ၊ ဝိုးတဝါးမိုးရိပ် လေရိပ်ထဲမို့ မျက်နှာကို
မမြင်ရ။
ဆရာတိုးကို
သိုင်းသင်ပေးတယ်ဆိုတဲ့ ချစ်တီးကုန်းရွာက သိုင်းဆရာကြီးပါလား၊ ဆရာကြီးပါ
လိုက်မယ်ဆိုတော့.. ဘာကိစ္စများပါလိမ့်...'
'ဟေ့ကောင်
မင်းသားရူး၊ နောက်ဆုတ်ထိုင်...ဆရာကြီးတက်...ကျွန်တော်ရှေ့က လှော်မယ်..'
တပည့်ဖြစ်သူကို
ခပ်မာမာပြောအပြီး ဆရာကြီးကို ရိုရိုသေသေ ညင်ညင်သာသာ ပြောလိုက်တဲ့ တိုးကြီးရဲ့
အရောင်ပြောင်းသံစဉ်ကြောင့် မိုးသံလေသံတွေ ခဏတာ တိတ်ဆိတ်သွားလေရဲ့။
မင်းသားရူး
ကပျာကယာ နောက်ဆုတ်ထိုင်လိုက်ရရှာတယ်။ ဆရာကြီးဆိုတဲ့သူ လက်ထဲက သောက်လက်စ စီးကရက်ကို
ဟန်ပါပါနဲ့ မြစ်ထဲတောက်ထုတ်ပစ်လိုက်ရင်း လှေပေါ်တက်လိုက်တယ်။
မိုးရေစက်တွေကြောင့်
စီးကရက်ဟာ မြစ်ထဲမရောက်မီ ငြိမ်းသွားပေမယ့် မိုးရွာတာကို အခွင့်ကောင်းယူ၊
မီးတောက်ကြီး ဖန်တီးမယ့် လူတစ်စု၊ ကျောင်းဆိပ်ကနေ ထိုးထွက်လာတာကိုတော့ မိုးသံ၊
မိုးခြိမ်းသံ၊ လေပြင်းသံတွေကြား ချစ်တီးကုန်းရွာက ထွက်လာတဲ့ လှေတစ်စင်း မြစ်လယ်ကနေ
စုန်ဆင်း တရိပ်ရိပ်ပြေးနေတာ လျှပ်စီးအလက် အလင်းရောင်အောက်မှာ တွေ့လိုက်ရတယ်။
□
ရှင်မိုးညိုရွာ
'ရှေ့က
ကျောင်းဆိပ်မှာ ကပ်မယ်ဟေ့'
မိုးသံလေသံတွေကို
ထိုးဖောက်ထွက်လာတဲ့ တိုးကြီးရဲ့ အမိန့်ပေးသံကို ကြားလိုက်ရတယ်။ ရှင်မိုးညိုရွာ
ကျောင်းဆိပ်မှာ ကပ်မယ်ဆိုတာ သိလိုက်ရတော့ မင်းသားရူးစိတ်ထဲ 'ဓားကိစ္စများလား'
မသိဘူးလို့ တွေးလိုက်လေရဲ့။
ရွှေထန်းတောမှာ
ဦးသိုက်နဲ့ သူစကားပြောနေကြတာ ဆရာတိုး နားထောင်နေတယ်ဆိုတာ သူရိပ်မိလိုက်လို့ ဦးသိုက်ကို
မသိဘူး၊ မမှတ်မိဘူး၊ ဘုစကားတွေပြော ငြင်းခဲ့မိတယ်။ သူကတော့ ကျေးဇူးရှင်မို့
အနန္တရာယ်ဖြစ်မှာ စိုးခဲ့မိတယ်။ ဦးလေးသိုက်က သူ့အပေါ် ကျေးဇူးကန်းတယ် ထင် စိတ်ဆိုးပြီး
ထိုးသွားလေရဲ့။
ဓားဘယ်သူလာအပ်တယ်ဆိုတာ
သူသိတာပေါ့၊ ပုံစံတူ နှစ်ချောင်းလာအပ်သွားတာ၊ မတတ်နိုင်။ သူ့ထိုက်နဲ့ သူ့ကံပဲ။
တံတားမှာ လှေကပ်အပြီး...
'ဟေ့ကောင်တွေ..
မျက်နှာကို မျက်နှာသုတ် ပဝါနဲ့အုပ်ထား' လို့
တိုးကြီးပြောလည်းပြော၊ သူ ကိုယ်တိုင်လည်း မျက်နှာပေါ် မျက်လုံးဖော်ရုံ ပတ်လိုက်တယ်။
'တိုးကြီး...
မြန်မြန်လုပ်ပြီး မြန်မြန်ပြန်လာခဲ့တယ်၊ အခြေအနေမဟန်ရင် အပြတ်သာရှင်းခဲ့' ဆရာကြီးက ပါးစပ်နဲ့ အမိန့်ပေးလိုက်တယ်။
'ဟုတ်ကဲ့ပါ
ဆရာကြီး၊ ဟေ့ကောင်တွေ...ဘာရပ် ကြည့်နေတာလဲ၊ သွားမယ်'
ဆရာကြီးကို
လေးလေးစားစားပြော၊ ဒေဝဒတ်မျိုးဆက်သစ်ကို ဆရာတင်မိတဲ့ တပည့်မိုက် နှစ်ယောက်ကိုကော
ရှေ့ကဦးဆောင် ပြေးထွက်ခဲ့တော့တယ်။
ညအမှောင်သည်းသည်းမည်းမည်း
ရွာနေတဲ့မိုး၊ ခပ်ကြမ်းကြမ်းပေးနေတဲ့ လေပြင်းတွေနဲ့အတူ အရိပ်သုံးရိပ် ကျောင်းဆိပ်က
ကန်ပေါင်အတိုင်း လွင့်မျောသွားပြီး ခြံတစ်ခြံရဲ့ရှေ့မှာ ရပ်တန့် သွားလေရော။
မီးတောက်ကြီးဖြစ်အောင်
ဖန်ဆင်းမယ့် ပုဂ္ဂိုလ်ကတော့ လှေပဲ့မှာထိုင်၊ စီးကရက် မီးတောက်လေးနဲ့
ကျန်ရစ်ခဲ့တော့တယ်။
လက်နှိပ်ဓာတ်မီး
အလင်းရောင်နဲ့ ခြံတံခါးဝက ဆိုင်းဘုတ်တစ်ခု တွေ့လိုက်လို့ မင်းသားရူး
ဖတ်ကြည့်မိလိုက်တယ်။
ဆြာသိုက်ပန်းပဲလုပ်ငန်း
ဓားကိစ္စလိုက်လာကြတာပါလားလို့ မင်းသားရူး တွေးလိုက်မိတယ်။
ထန်းတက်သမားလေပွေ
ခြံတံခါးလောက်ကို စာမဖွဲ့၊ ကျော်တက်ပြီး အထဲက မင်းတုပ်ကို ဖွင့်ပေးလိုက်တယ်။
'ဟေ့ကောင်
မင်းသားရူး၊ မင်းအဝမှာ အခြေအနေကို စောင့်ကြည့်နေ၊ ငါနဲ့ လေပွေဝင်မယ်' တိုးကြီး မင်းသားရူးကိုမှာပြီး သစ်သား၊ သံထည်၊ လှည်း အစိတ်အပိုင်းတွေ၊
ဖားဖို၊ မီးသွေးအိတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပန်းပဲဖိုထဲ ဝင်သွားတော့တယ်။
'ဟေ့ကောင်..
လေပွေ၊ ကွပ်ပျစ်မှာအိပ်နေတာ အဘိုးကြီးနဲ့တူတယ်၊ မင်းအသာနေ ငါလုပ်မယ်' လို့ တိုးတိုးပြောလိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်နား အသာကပ်သွားလေရဲ့။
ကွပ်ပျစ်ပေါ်မှာ
အိပ်နေတဲ့ ဦးသိုက်ရဲ့ ရင်ဘတ်ကို ဓားနဲ့အသာထောက်ထားရင်း လှုပ်နှိုးလိုက်တယ်။
ရုတ်တရက် နိုးလာတဲ့ ဦးသိုက်ဓားနဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတော့
အံ့သြစိုးရိမ်သွားတဲ့ပုံ။
'အဘိုးကြီး
ဒီမှာတွေ့လားဓား၊ ရုတ်ရုတ်ရုတ်ရုတ်လုပ် အသေပဲ၊ ဟေ့ကောင်.. လက်နှစ်ဖက် နောက်ပြန်ကြိုးတုပ်လိုက်'
ဦးသိုက်ကို ဟောက်ရင်း လေပွေကို အမိန့်ပေးလိုက်တယ်။ လေပွေ
ဦးသိုက်နောက် ရောက်သွားပြီး လက်နှစ်ဖက်ကို ကြိုးနဲ့ချည်နေတာ မှန်မီးအိမ်ရဲ့
အလင်းရောင် အောက်မှာ မင်းသားရူး လှမ်းတွေ့လိုက်ရတယ်။
'ခင်ဗျား..ဟိုးနေ့က
ယူလာတဲ့ ဓားဘယ်မှာလဲ'
'ဘာဓားလဲ..ဓားတစ်လက်အတွက်များကွာ..'
'ဟေ့..အဘိုးကြီး
ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့၊ ဒီပါရုံကျောင်းကန်ထဲက ရလာတဲ့ဓား ဘယ်မှာလဲ'
'ဟေ...ဒီဓားအဟောင်း
ဘာလုပ်ဖို့လဲ၊ ဟိုမှာ အသစ်တွေ ကြိုက်တာယူသွား'
'ဟင်း..ဟင်း..
ခင်ဗျားကြီးက အတော်ခေါင်းမာမယ့်ပုံပဲ၊ ကြိုက်တယ်ဗျာ၊ ပွဲက လှုပ်လှုပ် ရှားရှားလေး
ဖြစ်သွားတာပေါ့' လို့ပြောရင်း လေပွေကို
တစ်ချက်ကြည့်လိုက်တယ်။ သိတယ်။ ညာလက်မောင်းပဲဟာ၊
ဆရာ အရိပ်ပြနေပြီဆိုတာ။ လေပွေ အဘိုးကြီးမျက်နှာကို
လက်ပြန်ရိုက်ချပလိုက်တယ်။ ဦးသိုက်နောက်ပြန် လဲကျသွားလေရဲ့။
'အဲဒါ
ပဏာမတီးလုံးလို့ မှတ်ဗျ' လို့ပြောလိုက်သေး။ ခြံဝက မင်းသားရူး
ကပျာကယာ ရောက်လာပြီး...
'ဆရာ...ဒီအဘိုးကြီး
အကြောမာမယ့်ပုံပဲ၊ ကျွန်တော် ကိုင်မယ်၊ အကြွေးရစရာ ရှိတယ်' လို့ပြောရင်း
ဦးသိုက်ကို ပြန်ထူပေးလိုက်တယ်၊ ဘယ်လက်မောင်ကလည်း အစွမ်းပြချင်နေတဲ့ပုံ။
'နေ..
နေ.. ဒီအဘိုးကြီးကို အကြောမမာနိုင်တဲ့ နည်းရှိတယ်။ သူ့နှမနဲ့ တူမတော် အခန်းထဲမှာ
အိပ်နေတယ်နဲ့တူတယ်'
'ဟေ့ကောင်တွေ၊
မမိုက်ရိုင်းနဲ့၊ မင်းတို့လိုချင်တဲ့ဓား ဟိုးပစ္စည်းထည့်တဲ့ ပုံးကြီးထဲမှာ ယူသွား။
'ဟဲဟဲ..တွေ့တယ်မဟုတ်လား၊
အပြောတောင် မခံဘူးဆို၊ ဟေ့ကောင်...ပုံးထဲ သွားရှာစမ်း'
လေပွေ
ကွပ်ပျစ်ခေါင်းရင်းနားက သစ်သားတုံးကြီးရဲ့ အဖုံးကို ဆွဲလှန်ပြီး ရှာနေလေရဲ့။
လက်သမားသုံး ပစ္စည်းကိရိယာတွေကြားမှာ ရှာမတွေ့ဖြစ်နေလေရဲ့။
'ဟေ့ကောင်..ကြာလှချည်လား၊
အဘိုးကြီး ဘယ်နေရာမှာထားတာလဲ၊ သွားရှာစမ်း'
တိုးကြီး
အမိန့်နာခံပုံများ ထူးပါ့။ ဦးသိုက်ကွပ်ပျစ်ပေါ်က အမြန်ဆင်း၊
ပုံးကြီးထဲကုန်းရှာနေတဲ့ လေပွကို နောက်ကဆောင့်ကန်ပစ်လိုက်တယ်။
မိုးခြိမ်းသံတစ်ခုနဲ့ ပုံးအဖုံး လေပွေခေါင်းပေါ် ပြုတ်ကျသံဟာ ချိန်ထားသလား
မှတ်ရတယ်၊ တစ်ထပ်တည်း။
လေပွေ
ဝရုန်းသုန်းကား ဒီဇိုင်းနဲ့ ပုံးကြီးထဲ ခေါင်းစိုက်သွားတော့တယ်။
'အဲဒါ
နောက်ပိုင်းကန်ချက်လို့ မှတ်ကွ' လို့ ဦးသိုက် ဝမ်းသာအားရ
ပြောလိုက်လေရဲ့။
ထူးခြားတဲ့
ပြကွက်ဆိုတော့ မျောနေတာပေါ့၊ မျောနေရာက ပထမဦးဆုံး သတိရသွားသူက တိုးကြီး။ ယမ်း
မီးပုံထဲကျသလို၊ ဒိုင်းနမိုက် အထုပ်နံပြားဖိုထဲပစ်ချလိုက်သလို ပေါက်ကွဲသွားတော့
တယ်။
ဓားကိုင်ပြီး
ဦးသိုက်ကို ခုတ်မလို့ အပြေး..မင်းသားရူး 'နေ..နေ..ဆရာ' လို့ ပြောလည်းပြော အနားမှာရှိ တဲ့
ဦးသိုက်ကို ထိုးချပလိုက် တော့တယ်။
ဘယ်လက်မောင်း
မင်းသားရူးရဲ့ ထိုးချက်ကြောင့် ဦးသိုက် မီးသွေးပုံပေါ် နောက်ပြန် လဲကျသွားလေရဲ့။
ပြန်မထနိုင်တော့ဘဲ ငြိမ်ကျသွားတဲ့ ဦးသိုက်ကိုကြည့်ပြီး
'ဟာ....တော်တယ်
တပည့်ရေ.. တော်တယ်၊ ပြင်းလိုက်တဲ့လက်သီး တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားပါလား'
တိုးကြီး မင်းသားရူးကို ချီးကျူးလိုက်တယ်။
'ပန်းပဲထုတဲ့လက်ပဲ
ဆရာတိုးရယ်၊ ဒါတောင် လျှော့ထားလိုက်သေးတာ'
အရူးဘုံမြှောက်တာ၊
ဒါတောင် ရေမချိုးရသေးဘူးတဲ့။
ဆူညံသံတွေကြောင့်
အခန်းထဲက အမျိုးသမီးတစ်ယောက် ပြေးထွက်လာတာ တွေ့လိုက်ရတယ်။ မျက်နှာ အဝတ်စည်းထားတဲ့
လူနှစ်ယောက်၊ မီးသွေးပုံထဲမှာ လဲနေတဲ့ ဦးသိုက်၊ သေတ္တာကြီးထဲမှာ ခေါင်းစိုက်နေတဲ့
လူတစ်ယောက် တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားလေရဲ့။
'ဟေ့..
အော်ရဲအော်ကြည့် တွေ့လားသေနတ်၊ ခြောက်ဖို့ယူလာတာမဟုတ်ဘူး၊ ပစ်ဖို့ယူလာတာ၊
အောက်ဆင်းလာခဲ့စမ်း'
တိုးကြီးခါးကြားထိုးထားတဲ့
သေနတ်တုထုတ်ပြီး ခြိမ်းခြောက်လိုက်တယ်။
'ဟဲ...ဟဲ...
ဆရာကြီးမှာလိုက်တဲ့ ကွမ်းတောင်ကိုင်နဲ့ဓား၊ ကွမ်းတောင်ကိုင်ကိုတော့ တွေ့ပြီ၊
ဟေ့ကောင် မင်းသားရူး၊ အဲဒီကောင်ကို အပြင်ဆွဲထုတ်ပြီး ဓားအမြန်ရှာစမ်း'
ပန်းခရေအောက်မဆင်းဘဲ
နေရာတင်ရပ်ပြီး ထိတ်လန့်တုန်လှုပ်နေလေရဲ့၊
အမျိုးသမီးကြီးတစ်ဦး အခန်းထဲက တုန်တုန်ချည့်ချည့်နဲ့ ထွက်လာပြီး အိမ်ရှေ့က
မြင်ကွင်းကို တွေ့လိုက်ရလို့ထင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်တော့တယ်။
'တွေ့ပြီဆရာ၊
တွေ့ပြီ ဒီမှာ...' အားရဝမ်းသာ ပြောလိုက်တဲ့ မင်းသားရူးစ
ကားအဆုံးမှာ...
'အေး..မင်းဒီကောင်ကို
ထမ်းပြီး လှေဆိပ်ဆင်းနှင့် ငါ ဟိုကောင်မခေါ်ပြီး လိုက်ခဲ့မယ်' တိုးကြီးရဲ့ အမိန့်ပေးသံကြားလိုက်ရတယ်။
တိုးကြီးရဲ့စကားကြားလိုက်ရတော့
စောစောက ကြောက်ရွံပြီး ကြက်သေသေနေတဲ့ ပန်းခရေ အမျိုးသမီး ကြီးဆီပြေးသွားပြီး
အတင်းဖက်ထားလိုက်တော့တယ်။
တိုးကြီး
သေနတ်တုနဲ့ ချိန်ရင်း အိမ်ပေါ်တက်သွားတယ်။
'သမီးလေးကို
ခေါ်မသွားပါနဲ့ သားတို့ရယ်၊ အမေ ရှိခိုးတောင်းပန်ပါတယ်။ သမီးကြီးတုန်းကလည်း
အမေရင်ကွဲမတတ် ခံစားခဲ့ရပါတယ်။ခုတစ်ခါ သမီးလေး တစ်ခုခုဖြစ်သွားရင် အမေ
သေရပါတော့မယ် သားရယ်'
လူမိုက်ကို
တောင်းပန်လို့ ရခဲသား။
'အဘွားကြီး...
အလွမ်းသယ်မနေနဲ့၊ ဒါ နောက်ပိုင်း ဇာတ်ထုပ်ခင်းနေတာ မဟုတ်ဘူး၊ ဟေ့..ကောင်မ
လာခဲ့စမ်း' လို့ပြောပြီး ပန်းခရေရဲ့လက်ကို အတင်းဝင်
ဆွဲတော့တယ်။
'အမေရယ်..ကယ်ပါဦး...မလိုက်ဘူး...ဦးကြီးရယ်...ကယ်ပါဦး...အောင်မယ်လေး...အမေရယ်...'
တိုးကြီး
ပန်းခရေလက်ကို အတင်းဆောင့်ဆွဲလိုက်တော့ အမျိုးသမီးကြီးရင်ခွင်က လွတ်ပြီး
တရွတ်တိုက် ပါသွားတော့တယ်။ အမျိုးသမီးကြီး ကုန်းရုန်းထပြီး ပန်းခရေရဲ့ခြေထောက်ကို
အတင်းဖက်ထားလိုက်တယ်။
တိုးကြီး
အရမ်းစိတ်ဆိုး သွားရှာတယ်။ နောက်ပြန်လှည့်ပြီး ပန်းခရေကိုဆွဲထားတဲ့
အမျိုးသမီးကြီးကို ခြေ က်နဲ့ ပိတ်ကန်ထည့်လိုက်တယ်၊ နဂိုကမှ မကျန်းမာလို့
တုန်ချည့်ချည့်ဖြစ်နေတဲ့ အမျိုးသမီးကြီး ခွေလဲကျသွားတော့တယ်။
'ဆရာတိုး'
သူသူကိုယ်ကိုယ်
ကိုယ့်နာမည်ရှေ့ ဆရာတပ်ခေါ်ခံရရင် ဝမ်းသာအားရ မဟုတ်တောင်မှ သာသာကြည်ကြည်နဲ့
ကြည့်မိမှာပဲ။
တိုးကြီး
အမျိုးသမီးကြီးကို ကန်အပြီးနောက်က ခေါ်သံကြားလို့ လှည့်ကြည့်မိတယ်။
တိုးကြီးမျက်စိထဲ
အရိပ်တစ်ခု အရင်မြင်လိုက်တယ်။ နောက်မီးတောင်ထပေါက်တာ မြင်လိုက်တယ်။ ကံကောင်းတာ
ပြင်ထန်တဲ့နာကျင်မှုကို ခဏလေးပဲ ခံစားလိုက်ရရှာတယ်။
ဝုန်းခနဲ
ပစ်လဲကျသွားတော့တယ်။ စောစောက ဦးသိုက်ကို ထိုးတုန်းက 'ပြင်းလိုက်တဲ့လက်သီး၊
ပွဲသိမ်းလက်သီး' လို့ချီးကျူးခဲ့တာ ဒီလက်သီး။
သူလည်းမြည်းရမယ်ဆိုတာ ယောင်လို့တောင် တွေးမိမှာမဟုတ်၊ ဆရာအခေါ်ခံရလို့
လှည့်ကြည့်မိတာလည်း တိုးကြီးမှာ အပြစ်မရှိ၊ ဆရာခေါ်ပြီးထိုးတဲ့ လူအပြစ်။
မင်းသားရူး
လူမိုက်နဲ့ပေါင်းပြီး လူမိုက်စော်နံနေတာကတော့ အမှန်ပဲ။ ဒါပေမယ့် နှစ်ဆယ့်လေးကာရက်၊
ဆယ့်ရှစ်ပဲရည်အပြည့် လူမိုက်မဟုတ်သေးတော့ ကြင်နာတတ်တဲ့ အသည်းနှလုံး၊ ခံစားတတ်တဲ့
အသည်းနှလုံး ရှိသေးတယ်။
အမျိုးသမီးကြီးရဲ့
ယောကျ်ားကိုသတ်၊ သမီးကြီးကို မတရားစော်ကား၊ ပစ္စည်းယူ၊ အငြိုးနဲ့
မိုက်ရိုင်းခဲ့တာတွေဟာ သူ့မျက်ကွယ်မှာ ဖြစ်ပျက်ခဲ့တာမို့ သူ့အသည်း မာနိုင်သေးတယ်။
ခုတစ်ခါ သမီးငယ်ကို မတရားသိမ်းပိုက်ဖို့ ကြံပြန်တယ်။ ဒါလည်း ကြောက်စိတ်ကြောင့်
မျက်နှာ လွှဲနေမိခဲ့တယ်။
တစ်ခါခံစားခဲ့ရလို့
စိတ်ထောင်းကိုယ်ကြေ ရင်ကွဲမတတ်ဖြစ်နေရတဲ့ အမျိုးသမီးကြီးကို ရက်ရက်စက်စက်
ခြေထောက်နဲ့ ပိတ်ကန်တာတော့ သူဘယ်လိုနှလုံးသားနဲ့ ကြည့်နေနိုင်မှာလဲ။ ကြောက်စိတ်နဲ့
ဖြူနေတဲ့ သူ့ကိုယ်ထဲကသွေးတွေ အတိုင်းအဆမဲ့ နီရဲခဲ့ရတော့တယ်။
နောက်...
သူဘုန်းကြီးကျောင်းသားဘဝက
ဆရာတော်ကြီး ဟောခဲ့တဲ့ အင်္ဂုတ္တရပါဋ္ဌိတော်ပါ မြတ်စွာဘုရားရဲ့ တရားတော်မြတ်ကို
သူပြန်ပြန်ကြားနေရတာ ဦးလေးသိုက်နဲ့ ထန်းတောမှာ စတွေ့တဲ့အချိန် ကတည်းက။
ကျေးဇူးရှင်အပေါ်
စိတ်ထဲက မပါပေမယ့် ဝစီကံ၊ ကာယကံမြောက် စော်ကားမိခဲ့တာတွေ၊
'ခင်းဗျား
ကျုပ်နဲ့လိုက်ခဲ့၊ အချိန်မရှိဘူး၊ ဘာမှမမေးနဲ့၊ ဒီမှာသေနတ်တွေ့လား'
မင်းသားရူး
တိုးကြီး သေနတ်ကောက်ယူ၊ ပန်းခရေလက်ကိုဆွဲရင်း ပါးစပ်က ပြောချင်ရာတွေ အဆက်အစပ်မရှိ
ပြောချလိုက်တယ်။
မိုးထဲလေထဲမှာ
အရိပ်နှစ်ခု မြစ်ကမ်းဘက်ကို ပြေးသွားတာ ဆွမ်းစားကျောင်း နောက်ဘက်က ခွေးနက်ကြား
လှမ်းမြင်လိုက်တယ်။ ဟောင်ရင်ကောင်းမလား၊ မဟောင်ဘဲနေရင်ကောင်းမလား စဉ်းစားနေလေရဲ့။
နောက်မှ မဖြစ်သေးပါဘူးလေ၊ ခွေးတာဝန်ကျေအောင် တစ်ချက်နှစ်ချက် ထိုးဟောင်လိုက်ရလေရဲ့။
မင်းသားရူး
ပန်းခရေလက်ကို အတင်းဆွဲခေါ်သွားရင်း လက်ထဲက သေနတ်တုကို ကန်ထဲပစ်ချပလိုက်တယ်။
ကန်ထဲကငါးတွေက လူ့ရွာက ဘာကြီးပါလိမ့်တွေး စိတ်ညစ်ရပေတော့မယ်။ ဆရာတော်နဲ့
တစ်ရွာလုံးလည်း နောက်တစ်ကြိမ် ကန်ပြန်ဖော်ရင် သို့လော၊ သို့လော ဖြစ်ကြရပေတော့မယ်။
'ဟေ့ကောင်..ဟိုနှစ်ကောင်ရော'
မင်းသားရူး
လှေဆိပ်ဆင်းလာတာမြင်တော့ ဆရာကြီး လှေထဲကနေ အလောတကြီး လှမ်းအော်မေးလိုက်တယ်။
'ဓားရှာမတွေ့သေးလို့
ရှာနေတယ်ဆရာကြီး၊ အဘိုးကြီးနဲ့ အဘွားကြီးလည်း အခြေအနေမကောင်းဘူး၊ လက်လွန်သွားပြီ၊
ဆရာတိုးက ကျွန်တော်တို့ကို သွားနှင့်ပြီး ချောင်းကျဉ်းလေးထဲက စောင့်နေဖို့
မှာလိုက်တယ် ဆရာကြီး'
'ဒီကောင်လုပ်လိုက်ရင်
သောက်တစ်လွဲကြီးပဲ၊ ကဲ...တက်...တက်'
'ဟုတ်ကဲ့ဆရာကြီး
... ဟေ့ကောင်မ...တက်စမ်း' ဆိုပြီး ငိုယိုရုန်းကန်နေတဲ့
ပန်းခရေကို မင်းသားရူး လှေပေါ်အတင်းတွန်းတင်လိုက်တယ်။
'ဟေ့ကောင်...ဖြည်းဖြည်းလုပ်ပါကွာ'
ပန်းခရေကို စားတော့ဝါးတော့မယ့် မျက်လုံးတွေနဲ့ တစ်ချိန်လုံး
ကြည့်နေတဲ့ ဆရာကြီး မင်းသားရူး ပန်းခရေကို အတင်းတွန်းတင်နေတာတွေ့ရတော့ သနားသွားတယ်။ သူ့အိပ်မက်ထဲက ကွမ်းတောင်ကိုင်လေး
လှေပေါ်ရောက်နေပြီဆိုတော့...
'ဟေ့ကောင်...အဲဒီက
တက်တစ်ချောင်း ဟိုဘက်လှေထဲ ထည့်ထားခဲ့၊ ကြိုးဖြုတ်သွားမယ်'
မင်းသားရူး
လှေကြိုးကိုဖြုတ်၊ တံတားကိုတွန်း ရေလယ်ကို လှော်ခဲ့တော့တယ်။
ဘာစိတ်ကူးပေါက်သွားပြန်လဲမသိ၊ မြစ်လယ်ခေါင်အရောက်မှာ..
'ဟေ့ကောင်...ခဏရပ်စမ်း၊
ဒီကောင်တွေ ခုထိ အရိပ်အယောင်တောင် မမြင်ရသေးပါလား၊ မင်းတို့ အဘိုးကြီးကို မမေးဘူးလား'
'မေးတယ်၊
မပြောလို့ တီးထည့်လိုက်တာ လက်လွန်ပြီး သေသလား၊ ရှင်သလားပဲ'
'တောက်...သောက်သုံးမကျတဲ့ကောင်တွေ၊
ဒီဓားစုတ်ကို ရအောင်မယူနိုင်ဘူး'
'ဒီဓားက
ဘာအရေးကြီးလို့လဲဆရာကြီး၊ ဆရာကြီးအတွက် အရေးကြီးတဲ့ ကောင်မလေး ပါလာပြီပဲဟာ
ကျေနပ်ရောပေါ့'
'ဟေ့ကောင်..မင်းက
ဘာစကားပြောတာလဲ၊ ငါ့များ ဘာကောင်မှတ်လို့လဲ'
'လူယုတ်မာကြီးလို့
ထင်ပါတယ် ဆရာကြီး'
'တောက်...လူပါးဝလို့
ရေမြွေက ပါးပျဉ်းထောင်လို့ရမလား... ကဲကွာ'
ကဲကွာဆိုပြီး
ပစ်လိုက်တဲ့ လှော်တက်ကို မင်းသားရူး လက်ထဲက လှော်တက်နဲ့ ခံလိုက်တယ်။ နောက်
ရုတ်တရက် နောက်ပြန်လှည့်လိုက်တယ်။ ငိုနေတဲ့ ပန်းခရေကို တစ်ချက်ကြည့်လိုက်တယ်။
ပန်းခရေ ငိုနေရာက အလန့်တကြားမော့ကြည့်တယ်။
'ဒီမှာ...ခင်ဗျားလိုချင်တဲ့
ကွမ်းတောင်ကိုင်၊ နောက်ခင်ဗျားလိုချင်တဲ့ဓား ...ရော့'ဆိုပြီး
ပန်းခရေ ခေါင်းပေါ်ကျော်ပြီး ဆရာကြီးကို ဓားနဲ့ပစ်ထည့်လိုက်တယ်။
သူများကို
ပစ်တုန်းက အရသာရှိခဲ့တာ ကိုယ့်ဆီဝင်လာတော့ စိုးရိမ်တကြီးနဲ့ ငုံ့ရှောင်လိုက်တာများ
လှေကြမ်းခင်းကုန်းနမ်းလိုက်သလားမှတ်ရတယ်။
စိုးရိမ်လို့သာ
စိုးရိမ်နေတာပါ၊ ဓားက လေကိုဓားဦးနဲ့မခွဲဘဲ ဓားရိုးနဲ့ခွဲပြီး ဆရာကြီးခေါင်းပေါ်က
မြစ်ထဲ 'ပလုံ' သံပေး ငုပ်သွားတော့တယ်၊ 'စွပ်' ခနဲတောင် မမြည်နိုင်ရှာဘူး။
'သိုင်းပညာအားကိုးနဲ့
ပါးပျဉ်းထောင်မိုက်ရိုင်းနေတဲ့ မြွေဟောက်ကြီးရေ ရေထဲမှာ တွေ့ကြတာပေါ့' လို့ပြောရင်း ပန်းခရေခေါင်းပေါ်က ကျော်ပြီး ဆရာကြီးဆီ ဒိုင်
ဗင်ထိုးဝင်သွားတော့တယ်။
မင်းသားရူးရဲ့စကားသံစဉ်တန်းဟာ
ပန်းခရေ ခေါင်းပေါ်က ဖြတ်သန်းသွားပြီး အံ့သြစိတ်၊ မယုံကြည်နိုင်မူ၊
စိုးရိမ်ထိတ်လန့်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့ ဆရာကြီးရဲ့ မျက်နှာနားမှာ အဆုံး
သတ်သွားတော့တယ်။
လှေကြမ်းခင်းနားက
ပြန်လာတဲ့ခေါင်း မော့လို့မဆုံးခင်မှာ တောင်ပြိုကျလာတာ ရိပ်ခနဲတွေ့လိုက်၊
သိလိုက်ရတယ်။ ရေထဲမကျခင် မင်းသားရူး ဆရာကြီးရဲ့လည်ပင်းကို လက်မောင်း တစ်ဖက်နဲ့
အမိအရ ဖမ်းချိတ်လိုက်တယ်။ ဆရာကြီး အလန့်တကြားနဲ့ ခါးကဓားမြောင်ကို ဆွဲထုတ်ရင်း
ရေထဲပက်လက်လန်ကျသွားရှာတော့တယ်။
လှေ 'သိမ့်'
ခနဲ ဖြစ်သွားပြီး မြစ်ရေချိုင့်သွားလေရဲ့၊ 'ဝုန်း'
ခနဲ အသံနဲ့အတူ မြစ်ရေပြင်
ဒေါသတကြီး ပေါက်ကွဲသွားတော့တယ်။
အလန့်တကြား
လှုပ်ခါသွားရတဲ့ လှေငယ်ဟာ မြစ်လယ်မှာ တသိမ့်သိမ့်နဲ့ ရှိုက်ငိုနေလေရဲ့။
ထိတ်လန့်ကြောက်ရွံမှု၊ မယုံကြည်နိုင်လောက်အောင် အံ့သြမှုတွေ ထပ်ဟပ်နေတဲ့
လှေငယ်ပေါ်က ကောင်မလေးရဲ့ မျက်နှာပေါ်မှာ မျက်ရည်စတွေနဲ့။
သေးသွယ်တဲ့
လက်နှစ်ဘက်က လှေနံရံနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လို့ မြစ်ထဲက ပလုံစီတက်လာတဲ့
လေလုံးလေးတွေ၊ မြစ်အောက်ရေပြင်ထဲက ပေါက်ကွဲမှု သင်္ကေတ ရေလှိုင်းငယ်လေးတွေဟာ
လှေငယ်နဲ့ မနီးမဝေးမှာ...
မိုးနတ်သားနဲ့
လေနတ်သား စစ်ပြိုင်မှုဟာလည်း တဖြည်းဖြည်းနဲ့ ပန်းလာလေရော့ထင် မြစ်ရေပြင်ကို
တီးခတ်နေတဲ့ မိုးစက်၊ မိုးပေါက်လေးတွေဟာ ကျိုးတိုးကျဲတဲ၊ မြစ်ရေပြင်ပေါ်မှာ
လေပြင်း ငယ်လေးတွေရဲ့ လှုပ်ခတ်မှု့ဟာလည်း မခို့တရို့။ မယုံကြည်နိုင်စရာ
အဖြစ်ဆိုးတွေကြောင့် မင်တက်မိန်းမောနေတဲ့ ပန်းခရေ လှေငယ် သိမ့်ခနဲ လှုပ်ခါသွားလို့
အလန့်တကြား ကြည့်လိုက်လေရဲ့။
မပီဝိုးတဝါး
အလင်းရောင်အောက်မှာ...လှေဦးပိုင်းနံရံကို ဆုပ်ကိုင်ထားတဲ့ သွေးစွန်း လက်တစ်ဖက်ကို
တွေ့ လိုက်ရတော့ အသံကုန်အော်ဟစ်ရင်း လှေဝမ်းထဲ မေ့မျော လဲကျသွားတော့တယ်။
ပန်းခရေရဲ့
အော်သံဟာ မြစ်ထဲမှာ ပဲ့တင်ထပ်လို့ ကျန်ခဲ့တော့တယ်။
လှေငယ်ဟာ
ရေလယ်မှာ ဦးတည်ရာမဲ့...
အောက်ရေပြန်တက်
နေလေပြီ...။
□
ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရားသည် အင်္ဂုတ္တရပါဠိတော် (အံ၊၁၊၈၆) ၌ အောက်ပါအတိုင်း
ဟောတော်မူခဲ့ပါသည်။
'ရဟန်းတို့၊
ဤသက်ရှိလောကအတွင်း၌ ရနိုင်ခဲ၊ တွေ့နိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည်
ဤနှစ်ယောက်တို့တည်း။
၁။
သူတစ်ပါးအပေါ်၌ ကိုယ်ကရှေးဦးစွာ ကျေးဇူးပြုသော ပုဗ္ဗကာရီ ပုဂ္ဂိုလ်၊
၂။
သူတစ်ပါးက ကိုယ့်အပေါ်ပြုထားသော ကျေးဇူးကိုသိတတ်၊ အသိအမှတ်ပြုတတ်၊
ကျေးဇူးတို့ဆပ်တတ်သော ကတညူကတဝေဒီ ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။
...ရဟန်းတို့ ဤသက်ရှိလောကအတွင်း၌ ရနိုင်ခဲ၊ တွေ့နိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း'
ကိုဆေး၊ပစိဖိတ်ကမ်းခြေ၊
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...