ဦးဆွေ
မကွေးကနေလာရင် နှစ်ဆယ့်လေးမိုင်အကွာ၊ နတ်မောက်ကလာရင် ဆယ့်နှစ်မိုင်အကွာ၊ အဲဒီနေရာမှာ ကြာကန်ရွာရှိပါတယ်။ မကွေးမြို့နယ်ရဲ့ အဆုံး၊ အုပ်စုရွာကြီးပေါ့။ နတ်မောက်မြို့နယ်ထဲက တမလန်းပင်၊ တက်ဝန်ဆိုတဲ့ ရွာတွေက ထွေလာတွေ၊ ထော်လာဂျီတွေ၊ ကားတွေ၊ မြို့သစ်မြို့နယ်ထဲက လေးတိုင်စင်၊ ဖိုကြီး၊ နတ်ရွာဆိုတဲ့ ရွာတွေကထွက်တဲ့ ကားတွေကြောင့် မကွေးနဲ့ နတ်မောက် ကားလမ်းပေါ်မှာရှိတဲ့ ကြာကန်ကားဆိပ်ဟာ နေ့ရောညပါ စည်းကားပါတယ်။ ကားဆိပ်မှာ ထမင်းဆိုင်၊ အရက်ဆိုင်၊အအေးနဲ့ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲဆိုင်၊
ကွမ်းယာဆိုင် စုံအောင်ရှိတာပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းပေါ်က ဆိုင်တွေလောက် မခမ်းနားပေမယ့် သူ့အတိုင်းအတာနဲ့ သူတော့ ပြည့်စုံပါတယ်။
ကားဆိပ်မှာလည်း မကွေးပြန်၊ နတ်မောက်ပြန် စောင့်တဲ့ လှည်းသမားတွေနဲ့ လှည်းတွေကလည်း အမြဲလိုလိုရှိနေတတ်တာဆိုတော့ ရောင်းအားလေးလည်း မဆိုးကြပါဘူး။ အဲဒီကားဆိပ်မှာ ရှိတဲ့ ဆိုင်တွေထဲက အအေးနဲ့လက်ဖက်ရည်၊ လိုချင်လို့ မှာရင် အရက်လည်း ရောင်းပါတယ်။ အဲဒီဆိုင်မှာ ညနေတိုင်း ထိုင်လေ့ရှိတဲ့သူကတော့ ဆရာဗေဒါပါပဲ။ ကြာကန်ရွာက အုပ်စုဝင်ကျေးရွာ ခုနစ်ရွာရှိတဲ့ ရွာကြီးဆိုတော့ အထက်တန်းကျောင်းလည်းရှိတယ်။ ဆေးရုံလည်းရှိတယ်။ ဆရာဗေဒါက ကြာကန်ကျောင်းက ကျောင်းဆရာပါပဲ။ ထူးခြားတာက သူ မူလတန်းပြတုန်းကလည်း ဒီကျောင်း၊ အလယ်တန်းပြဆရာ ဖြစ်တော့လည်း ဒီကျောင်း၊ အခု အထက်တန်းပြဆရာ ဖြစ်တော့လည်း သည်ကျောင်း ဖြစ်နေတာကိုပါပဲ။
ညနေ ကျောင်းဆင်းချိန် ရောက်တာနဲ့ စောစောက ပြောတဲ့ 'ကိုနိုင်' ဆိုင်မှာ လက်ဖက်ရည် အေးစက်စက် တစ်ခွက်ကို ဇိမ်ဆွဲသောက်နေတဲ့ ဆရာဗေဒါကို တွေ့ရတာဟာ ကြာကန်ဆိပ်ရဲ့ ဖက်ရှင်တစ်ခုပါပဲ။ လူက ညိုတုတ်တုတ်ကြီး၊ မျက်နှာက တည်တည်၊ အရပ်အမောင်းက ကောင်းကောင်းဆိုတော့ တော်ရုံလူက သူ့ကို ကျောင်းဆရာလို့ကို မထင်ကြဘူး။
ရုပ်ကလည်း တောပြဇာတ်ထဲက လူကြမ်းရုပ်မျိုးလေ။ ရုပ်ကလည်း အဲသလိုဆိုးတာ။ စကားပြောကြည့် မလား။ တကယ့်ဘုနဲ့ခွ။ ထန်းသီးလုံးနဲ့ နောက်ကျော လှမ်းထုတာခံရတာကမှ သက်သာချင်သက်သာလိမ့်မယ်။ သူနဲ့ စကားပြောမိလို့ကတော့ အဆင်မသင့်ရင် မလွယ်ဘူး။ အဲ...စာသင်ကတော့ တော်တော်ကောင်းသတဲ့။ ကျောင်းသားတွေကရော၊ တခြားဆရာ၊ ဆရာမတွေကပါ ပြောကြတာပဲ။ ကျောင်းသားတွေကတော့ သူ့ကွယ်ရာမှာ စိန်ဗေဒါကြီးလို့ပဲ ခေါ်ကြတယ်။ ဆုံးမရင် လက်သံကလည်း ပြောင်ဆိုပဲ။
ဒါကြောင့်ထင်ပါရဲ့၊ ကြာကန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေ အဆက်ဆက်၊ ဘယ်ဆရာကြီး၊ ဆရာမကြီးကိုမှ ကျောင်းသားတွေက သူ့ လောက်မကြောက်ကြဘူး။ သူမို့ ဖြတ်လျှောက်လာရင် သူငယ်တန်းက ဆယ်တန်းအထိ အကုန်ငြိမ်၊ အကုန်တိတ်ပဲ။ ပိုပြောတာမဟုတ် ဘူး။ ကျောင်းထဲက ဟောင်နေတဲ့ ခွေးတောင် အဟောင်ရပ်သွားတယ်။ တကယ်... တကယ်၊ ဆရာဗေဒါက အသက်သာ လေးဆယ်ကျော်သွားတယ်။ ခုထိ လူပျိုကြီးပဲ။ အဖေအမေက မရှိ ရှာတော့ဘူး။ ညီမတစ်ယောက်နဲ့ အတူနေတယ်။ ညီမအိမ်ကလည်း ယောက်ဖရော၊ တူ၊ တူမတွေကိုရော၊ သူကသြ ဇာညောင်းပြီးသား။ ပြီးတော့ သူက ဘာမှ ဝိစိကိစ္စာများ တတ်တဲ့သူလည်း မဟုတ်တော့ အဆင်ပြေပါတယ်။ သူ့အလုပ်က စာသင်ဖို့၊ ညနေစောင်းရင် ကိုနိုင်ဆိုင်မှာ ထိုင်ဖို့၊ ကျောင်းမှာ အလုပ်ရှိရင် လုပ်ဖို့၊ ဒီလောက်ပါပဲ။ မပူမပင် မကြောင့်မကြ ဘဝလို့ ပြောလို့လည်းရတာ ပေါ့လေ။
ဒါပေမယ့် အခုတလော ဆရာဗေဒါ မျက်နှာမကောင်းဘူး။ တည်နေတာထက် မရွှင်မပျ ဖြစ်နေသလိုပဲလို့ကို နိုင်က ထင်နေတယ်။ ဖွင့်တော့လည်း မမေးရဲသေးဘူး။ ငယ်ကြောက်ဆရာလေ။ သူရော သူ့မိန်းမ နောကြည်ထွေးရော၊ ဆရာဗေဒါရဲ့ တပည့်တွေဖြစ်ခဲ့တာမို့လား၊ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုး ပိုက်ဆံတောင် စားပွဲပေါ်ချထားမှ ယူရဲတာ။ ဘယ်လောက်ကျပါတယ်ဆိုပြီး တောင်းရဲတာမှတ်လို့။ တစ်ခါတစ်ခါ ဘေးက အကြောင်းမသိတဲ့ ဧည့်သည်တွေ ဆရာဗေဒါရှိတဲ့အချိန် ခွက်ပုန်းမှာသောက်ရင်တောင် မျက်နှာရိပ်၊ မျက်နှာကဲ ပြပြီးမှ ရောင်းရဲတာလေ။ မဆူနဲ့၊ စကားမများနဲ့၊ သောက်ပြီး တန်းပြန်။ နို့မို့ ဆိုမရောင်းဘူးဆိုတဲ့ မျက်နှာပေးထားရ သေးတာ။ ဒါတောင် ဆရာက မျက်နှာဆိုးဆိုးနဲ့ လှည့်ကြည့်ရင် လင်မယားနှစ်ယောက်စလုံး ပျာလို့။ အဲလိုကြောက်ရတာမျိုးလေ။
□
၂။
'ဆရာ...အဆင်ပြေရဲလား'
ဖျော်ပြီးသား လက်ဖက်ရည်ခွက် ရှေ့ရောက်ပြီး တစ်ငုံမသောက်မချင်း သည်မေးခွန်းကို ကိုနိုင် မမေးရဲသေးဘူး။ တစ်ငုံသောက်ပြီးပြီ။ ဆရာဗေဒါက သူ့အကြိုက်၊ မလှရှင်ဆေးလိပ် အတုတ်ကြီးကို ညှိပြီး ရှုးခနဲ ဖွာပြီဆိုမှ သည်စကားမေး ခွင့်ရတာ၊ မေးရဲတာ။ အဲဒီလို မေးရင် ဆရာဗေဒါက လှည့်ကြည့်ပြီး 'အေး' လို့ တစ်ခွန်းဖြေမယ်။ ခေါင်းကို တစ်ချက်နှစ်ချက်လောက် ညိတ်မယ်။ ပြီးရင် ကားလမ်းဘက်ဆီ လှမ်းပြီး ငေးရီရီကြည့်နေမယ်။ ဒါက...ထုံးစံ။
သည်ညနေလည်း မားမားမားမားနဲ့ ဆရာဗေဒါ လျှောက်လာတာ မြင်ကတည်းက လက်ဖက်ရည်ကို ဖျော်ထားနှင့်ပြီးသား။ ရှေ့ချပေးပြီး လှည့်ထွက်၊ မလှမ်းမကမ်းက ဆရာတစ်ငုံ သောက်ပြီလား၊ မသောက်သေးဘူးလား စောင့်ကြည့်နေတယ်။ ဆရာ့အကျင့်ကလည်း ပထမတစ်ငုံကို ပူတုန်းသောက်တာ။ ကျန်တာကို အေးစက်ပြီး အပေါ်ရည်တင်းမှကိုပဲ သောက်တတ်တယ်။ ခုလည်း တစ်ငုံကို ဂွတ်ခနဲ ကျိုက်ချလိုက်တယ်။ ကိုနိုင်က မေးမလို့ပါးစပ် ပြင်တုန်းရှိသေးတယ်။ ဆရာ ဗေဒါက လှမ်းခေါ်လိုက်တာပဲ။
'ငနိုင်...လာဦး'
'ဟုတ်ကဲ့...ဆရာ... ဘာလိုလို့လဲမသိဘူး'
ဆရာက ကိုနိုင်ကို ဘာမှပြန်မပြောဘဲ သူ့ရှေ့က မြင်ကွင်းကိုပဲ ကြည့်နေတယ်။ သူ ဘာကြည့်မှန်းမသိတော့ ကိုနိုင်လည်း ဘာဆက်ပြောရမှန်းမသိဘူး။ သူ့ဆရာကြည့်တဲ့ဘက်ပဲ ဘာမှန်းမသိ လိုက်ကြည့်နေတယ်။
'မင်း...တွေ့လား'
ကြည့်၊ ခက်ပုံက ဘာကိုကြည့်လို့ ဘာကိုတွေ့ရမှန်းလည်းမသိ။ ကားဆိပ်မှာ လူတွေက ဟိုကသည်၊ သည်ကဟို သွားလာနေကြတာရော၊ ကားနှစ်စင်းရပ်ထားတာမို့ ဆင်းတဲ့၊ တက်တဲ့သူ တွေကော တစ်ပုံကြီး။ ကိုနိုင်က ဘာပြန်ဖြေရမှန်းမသိလို့ ခေါင်းကုတ်တော့ ထပ်မေးတယ်။
'တွေ့လား..ဟေ့ကောင်'
'ဟုတ်ကဲ့...အဲ..ဘာ ကိုလဲ ဆရာ'
ဆရာဗေဒါက မျက်မှောင်တစ်ချက်ကုတ်ပြီး ကိုနိုင်ကို ပြန်ကြည့်တယ်။
'ဟိုမှာလေကွာ..ဟိုကောင်..ဟိုကောင်'
'သြော်...လှမင်းလား ဆရာ'
'အင်း..'
ဆရာဗေဒါက ခုမှ သူလိုချင်တဲ့ အဖြေရသွားတဲ့ပုံနဲ့ အင်းခနဲလေရှည်ဆွဲဖြေလိုက်ပြီး သူ့ဆေးပေါ့လိပ်ကို ကောက်ညှိတယ်။ လှမင်းက အောက်က ဘောင်းဘီရှည်နဲ့ အပေါ်က ပုဆိုးကို ခပ်တိုတို ထပ်ဝတ်ထားတယ်။ ဘယ်ကားသမားက နောက်ပြီးပေးထားတယ်မသိပါဘူး။ လည်ပင်းမှာ နက်ကတိုင်လို အပြားကြီးက ကြောင်လျှာသီး ဆွဲထားသလို တန်းလန်းတန်းလန်းနဲ့။ ခါးမှာလည်း ကလေးကစားတဲ့ ခြောက်လုံးပြူးသေနတ် နှစ်လက်ကို ထိုးလို့။ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် လုပ်နေတယ်။ သူခံတွင်းမတွေ့တဲ့ လူတစ်ယောက်အနားရောက်ရင် ခါးကခြောက်လုံးပြူးဆွဲ ထုတ်ပြီး ပါးစပ်က တဒိုင်းဒိုင်းနဲ့ ပစ်။ တချို့အဘွားကြီးတွေက လန့်သွားရင် သူက တဟားဟားအော်ရယ်။ ဒါကိုပဲ မြင်လိုက်ရတဲ့သူတွေက ဝိုင်းဟားကြ။ လုပ်နေတယ်လေ။ ဒါလည်း အခုတလော သည်ကားဆိပ်မှာ မြင်နေကျ မြင်ကွင်းတစ်ခုဖြစ်နေပြီမို့ ဆိုင်ကလူတွေက အထူးအဆန်းလို့ သဘောမထားကြတော့ပါဘူး။
'လှမင်းကတော့..သည်လိုပါပဲဆရာ၊ မနက်မိုးလင်းရင် ကားဆိပ်ကိုရောက်လာပြီး ညနေမှောင်ရင် ပြန်တာပဲ။ ထမင်းတော့ ဘယ်က စားတယ်မသိဘူး။ တစ်ခါတလေ ဆေးလိပ်လေးဘာ လေး ကျွန်တော်တို့ဆိုင် လာတောင်းတတ်တယ်။ အန္တရာယ် မရှိပါဘူးဆရာ။ အေးအေး ဆေးဆေးသမားမို့ ကျွန်တော်ကလည်း ပေးလိုက်တာပါပဲ။ အခုတလော နည်းနည်း ကြမ်းတာက ဟိုကောင်ဆရာ၊ ကျွန်တော့်ဆိုင် အနောက်ကအိမ်က ဇော်မင်းလေ၊ သည်ကောင် ခုတလော ဖောက်နေတယ်။ ဟိုနေ့ကတောင် ကျွန်တော့်အိမ်ရှေ့ ဓားကြိမ်းလာကြိမ်းနေတယ်'
'ဟုတ်လားကွ...သူ့ အိမ်ကရော မထိန်းကြဘူးလား'
'ထိန်းတော့ ထိန်းတာ ပဲဆရာ၊ ဒါပေမယ့် အဘိုးကြီး၊ အဘွားကြီးက လူအိုတွေမို့လား။ သည်ကောင့် အားကို ဘယ်နိုင်မှာလဲ။ တော်သေးတယ်၊ အရှေ့ဘက် ကွမ်းယာဆိုင်က သူ့အစ်ကို လာလာဆွဲလို့။
ဆရာဗေဒါက စဉ်းစားသလို တစ်ချက်တွေခနဲ ဖြစ်သွားတယ်။
'ဘာဖြစ်လို့ မင်းဆိုင်ကို ဓားကြိမ်းလာကြိမ်းရတာလဲကွ'
'သည်လို ဆရာရေ..၊ သည်ကောင်က ချောင်းဆိုးသံ၊ သလိပ်ဟပ်သံတွေကြားရင် သူ့ကို စိန်ခေါ်တယ်လို့ ထင်နေတော့တာ။
'သူ့အမေပြောတာကတော့ သူကအိမ်မှာ အေးအေး ဆေးဆေးမှိန်းနေတာပဲ၊ သူ့ စိတ်ကူးထဲမှာ နတ်သမီးလေးတွေနဲ့ တွေ့နေတယ် ပြောတာပဲ။ ချောင်းဟန့်သံ၊ သလိပ်ဟပ်သံတွေကြားတော့ သူ့အာရုံပျက်ပြီး လန့်နိုးသွားတယ်။ ဒါကြောင့် ဒေါသဖြစ်တာလို့ ပြောတာပဲ'
'အင်း...ခက်တော့လည်း ခက်သားကွ၊ အေးလေ...ဒါမျိုးက ဖြစ်ချင်ဖြစ် နိုင်တာပဲ'
'အဲဒီနေ့က ကျွန်တော့်ဆိုင်က ဧည့်သည်တစ်ယောက်က နေမကောင်းလို့ ချောင်းဆိုးတာ ဆရာရေ..။ အဲဒါ သူ့ ကိုစိန်ခေါ်ပါတယ်ဆိုပြီး ဆိုင်ရှေ့က ဓားတစ်ကိုင်ကိုင်နဲ့ ထွက်ခဲ့ချည်း ခေါ်နေတာပဲ။ ဟိုဧည့်သည်လည်း အအေးပတ်ပြီး ချောင်းဆိုးနေတာ အင်္ဂလိပ်ဆေးနဲ့လည်းမပျောက်၊ ဗမာဆေးစားလည်း မပျောက်ဘူးလို့ ပြောတာ၊ ဇော်မင်းထကြမ်းရော ဘာသံမှကို မကြားရတော့ဘူး။ တစ်ခါတည်းကို ပျောက်ကရော'
ဣန္ဒြေတော်တော်ကြီးတဲ့ ဆရာဗေဒါတောင် ခပ်ပြုံးပြုံးဖြစ်သွားတယ်။ သည်ဇော်မင်းနဲ့ လှမင်းနှစ်ယောက်စလုံးက သူ့တပည့်တွေချည်းပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံး ဆယ်တန်း ရောက်တယ်။ တစ်နှစ်စီဖြေပြီး ဘာအကြောင်းကြောင့် ရယ်လို့ မယ်မယ်ရရမသိရပဲ စိတ်နောက်သွားကြတာလည်း အတူတူပဲ။ လှမင်းက အရင်က အလွန်အေးတဲ့ကောင်။ မေးတစ်ခွန်း၊ ပြောတစ်ခွန်းသမား၊ အခုတော့ လူကြားထဲမှာကို ပျော်နေတော့တာ။ ဇော်မင်းက အရင်က သွက်သွက်လက်လက်၊ ကျောင်းလက်ရွေးစင် ဘောလုံးသမားလေ၊ ခုတော့ အိမ်ထဲက အိမ်ပြင်ကို လုံးဝမ ထွက်ဘူး။ အဲ...ချောင်းဆိုး သံမကြားရရင်ပေါ့။ သူတို့မိဘတွေကလည်း ဟိုရွာက၊ သည်ရွာက ဆရာတွေနဲ့ရော၊ ပယောဂလိုလို ဘာလိုလို တွေနဲ့လည်း ကုကြတာပါပဲ။ မြို့တက်ပြီးတော့ ဆရာဝန် နဲ့တော့ စနစ်တကျ မကုနိုင်ကြဘူး။ ခမျာများမလဲ ဆင်းရဲကြတယ်လေ။
'ငါ..အဲဒါ..ဘာလုပ်ပေးရမလဲလို့ စဉ်းစားနေတာကွ'
ဆရာဗေဒါက သူ့ရဲ့ အေးစက်စက်လက်ဖက်ရည်ကို တစ်ငုံထပ်ငုံပြီး ကိုနိုင် ကို ပြောတယ်။ ကိုနိုင်က ဆရာဘာဆက်ပြောမလဲဆိုပြီး ငြိမ်နားထောင်နေလိုက်တယ်။
'ပြီးခဲ့တဲ့အပတ်က ငါ.. ဇော်မင်းအဖေနဲ့ရော လှမင်း အမေနဲ့ပါတွေ့တယ်။ မကွေး ဖြစ်ဖြစ်၊ ရန်ကုန်ဖြစ်ဖြစ်သွား ဆေးကုဖို့ပေါ့ကွာ။ ငါလည်း တတ်နိုင်သလောက် ထောက်ပါမယ်လို့ ပြောတာ။ အဲဒါ သူတို့သားတွေက လူပြုစားတာခံရတာလိုလို၊ အရင်ဘဝ သိုက်ဟောင်းက ဘာပြုတယ် ဆိုလား၊ မသိပါဘူးကွာ။ အချိန်တန် သူ့အလိုလို ပြန်ကောင်းသွားမယ့် ပုံမျိုး ပြန်ပြောလွှတ်တယ်။ ဒီလောက် တိုးတက်နေတဲ့ခေတ်ထဲမှာ ကွာ...တောက်'
ဆရာဗေဒါက ပြောရင်းဆိုရင်း ဒေါသထွက်လာပြီး တောက်တစ်ချက်ပြင်းပြင်း ခေါက်လိုက်တယ်။ ခုမှကို နိုင်လည်း ခုတလော ဆရာ့မျက်နှာ သိပ်မကောင်းတဲ့ အဓိပ္ပာယ်ကို ရှင်းသွားတော့တယ်။
'မင်းစဉ်းစားကြည့် ငနိုင်၊ ငါ့တပည့်တွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် အများကြီး၊ မင်းတို့လို ဘွဲ့ရပြီး ဈေးရောင်းနေတဲ့ ကောင်တွေ၊ ယာလုပ်၊ ထန်းတက်နေတဲ့ ကောင်တွေလည်း အပုံကြီး။ ဘာပဲဖြစ်ဖြစ် သူတို့တွေက ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်မိသားစုကိုရော၊ ကြီးကြီး ကျယ်ကျယ်ပြောရရင် တိုင်းပြည်ကို၊ လူလောကကို ကိုယ့်နည်းကိုယ်ဟန်နဲ့ အကျိုးပြုနေကြတာကွ၊ ခုတော့ ဒီနှစ်ကောင်မှာက... ငါစိတ်မကောင်းတာ...အဲဒါပဲ'
ကိုနိုင်ကတော့ သူ့ကို တစ်ခါမှ ရှည်ရှည်ဝေးဝေး စကားမပြောဖူးတဲ့ ဆရာဗေဒါကိုသာ အံ့သြသလို ငေးကြည့်နေမိတယ်။ ဆရာ့စေတနာကိုလည်း တရေးရေး သဘောပေါက်လာတယ်။ ဆရာလည်း ပြောရင်းက သည်အကြောင်းကို ဆက်ပြောချင်ဟန် မတူတော့ဘူး။ အိတ်ကပ်ထဲက လက်ဖက်ရည်ဖိုးပိုက်ဆံကို စားပွဲပေါ် ချပြီး မီးသေနေတဲ့ သူ့ဆေးလိပ် ညှိတယ်။ ကိုနိုင်သိလိုက်တယ်။ လက်ကျန် လက်ဖက်ရည်ခွက်ကို အကုန်မော့ပြီး သူ့ဆရာပြန်တော့မယ်ဆိုတာကိုပေါ့။ အဲသည်အချိန်မှာ နတ်မောက်ဘက်က ကားတစ်စီးဝင်လာတယ်။ ဒိုင်နာအပြာလေးပါ။ ခရီးသည်တွေ ဆင်းကြ၊ တက်ကြ။ တချို့ခရီးသည်တွေ ကိုနိုင်ဆိုင်ထဲဝင်လာပြီး ကော်ဖီမစ်သောက်သူသောက်လို့ ဖျော်ပေးရသေးတယ်။ တချို့လည်း အပေါ့အပါး သွားကြပေါ့။ ဘေးဆိုင်တွေမှာ မုန့်ဟင်းခါးလေး ဘာလေး မှာစားတဲ့သူ၊ ကွမ်း၊ ဆေးလိပ်ဝယ်တဲ့သူတွေလည်းရှိတယ်။ ကားပေါ်က ဆင်းလာတဲ့သူတစ်ယောက်က ဆရာဗေဒါ အသိထင်တယ်။ ဆရာဗေဒါနဲ့ ရပ်စကားပြောတာ တွေ့လိုက်ရတယ်။ ခဏကြာတော့ ကားသမားက ကားထွက်တော့ မယ်ဆိုတဲ့သဘောနဲ့ သူ့ခရီးသည်တွေကို ဟွန်းတီးပြီး ခေါ်တယ်။ ဆရာဗေဒါလည်း စိုက်စိုက် စိုက်စိုက်နဲ့ ထွက်သွားတာ လှမ်းမြင်လိုက်ရလေရဲ့။
□
၃။
အဲဒီအချိန်မှာပဲ ထိတ်လန့်တကြား စီခနဲအော်သံတွေကို ကြားလိုက်ရတာပဲ။
'လုပ်ကြပါဦး..တုတ်ကြီးနဲ့တော့...တုတ်ကြီးနဲ့'
'ဟေ့ကောင်...ဘေးဖယ်..ဘေးဖယ်'
လူတွေလည်း ပြေးတဲ့ လူကပြေး၊ ကားပေါ်ဇွတ်ခုန် တတ်တဲ့ သူကတက်၊ ရှုပ်ယှက်ကို ခတ်သွားတာပဲ။ ကိုနိုင်က လှမ်းကြည့်လိုက်သလို ဆိုင်ကနေ ထွက်သွားတဲ့ ဆရာဗေဒါကလည်း ကားဆီကိုရပ်ပြီး ကြည့်နေတယ်။
ဘယ်နေရာက ဘယ်လိုပြေးထွက်လာတယ်တော့ မသိဘူး၊ ဇော်မင်း..ဇော်မင်း၊ လက်ထဲမှာ သစ်သားချောင်းကြီးကိုင်လို့။ ကားနားရောက်တော့ ကားမှန်ကို ခွမ်းခနဲ၊ ခွမ်းခနဲ သုံးချက်ပဲ ရိုက်ခွဲ လိုက်တာ...အိုး..ဘာပြော ကောင်းမလဲ၊ အော်သံတွေဆိုတာ ကမ္ဘာပျက်နေတဲ့ အတိုင်းပဲ။ ကားမှန်က အက်ရာတွေ ထင်လာတယ်။ အစကလေးတွေ ထွက်လာပေမယ့် ရိုးရိုးမှန်လို ခွမ်းခနဲ ကွဲမသွားဘူးဗျ။ အော်ရီဂျင်နယ်မှန်မို့ ထင်ပါရဲ့။ ကားခေါင်းထဲ ထိုင်နေတဲ့ ဘုန်းကြီးနှစ်ပါးကတော့ အကြောက်ပဲ လွန်လို့လား၊ ဣန္ဒြေပဲ ကြီးလွန်းလှသလားတော့ မပြောတတ်ဘူး။ ပါးစပ်အဟောင်းသားနဲ့ မျက်လုံးကြီးတွေပြူးပြီး ကြည့်နေလိုက်ကြတာ၊ တုတ်တုတ်ကို မလှုပ်ဘူး။
ဆိုင်တွေထဲက လူတွေရော၊ လမ်းပေါ်က လူတွေကလည်း ဒီအတိုင်းပဲ။ ဘယ်သူမှ ဝင်မဆွဲရဲကြဘူး။ ဆရာ ဗေဒါက ဖျပ်ခနဲ ကားဆီ ခြေလှမ်းလှမ်းလိုက်ပြီးမှ သူလည်း တုံ့ခနဲ ပြန်ရပ်လိုက် တယ်။ ဟုတ်တယ်လေ၊ တပည့်က တပည့်ပဲ၊ ခုအချိန်မှာ သူပြောရင် ရချင်မှရမှာလေ။ ဟိုက စိတ်ကောင်းတာမှ မဟုတ်တာ၊ နောက်ပြီး လက်ထဲမလည်း တုတ်ကြီးနဲ့။ မတော်လို့ ကိုယ့်ဆော်လွှတ် လိုက်ရင် ဒုက္ခ။ သတိဝင်လာတဲ့ ကားဒရိုင်ဘာက ကားတံခါးကိုဖွင့်ပြီး ဆင်းပြေးမယ်လုပ်တယ်။ ကားမှန်ကိုရိုက်နေတဲ့ ဇော်မင်းက သူ့ရန်မူဖို့ဆင်းလာတယ် ထင်လို့လားမသိဘူး။ ကားပေါ်က ဆင်းလာတဲ့ ဒရိုင်ဘာကို ရိုက်မလို့ တုတ်နဲ့ အားပါးတရ ရွယ်လိုက်တယ်။ တချို့မိန်းမတွေဆို မကြည့် ရဲလို့ မျက်လုံးကို လက်နဲ့ ကာလိုက်ကြတယ်။ အဲဒီအချိန်မှာ အေးစက်မာကြောတဲ့ အသံတစ်သံ ထွက်လာတာပါပဲ။
'ဟေ့ကောင်...လက်ထဲကတုတ်ကို ချလိုက်စမ်း'
ဇော်မင်းရဲ့ ရိုက်တော့မယ့်တုတ် တန့်ခနဲဖြစ်သွားပြီး နောက်ကိုပြန်လှည့်ကြည့်တယ်။ အနောက်တိုင်းရုပ်ရှင်တွေထဲက ကောင်းဘွိုင် မင်းသားလို ခြေနှစ်ဖက်ကားပြီး ခြောက်လုံးပြူးနှစ် လက်နဲ့ ဖြောင့်ဖြောင့်တန်းတန်းချိန်လို့၊ ဘယ်သူရှိမလဲ၊ လှမင်းပေါ့။ ထပ်ပြောလိုက် သေးတယ်။
'မင်းတုတ်ကို ချရင်ချနော်၊ မချရင် ငါတကယ်ပစ်မှာ'
ဇော်မင်းက မျက်လုံးကလည်ကလည်ဖြစ်သွားပြီး တုတ်ကို မချချင် ချချင် ချလိုက်တယ်။ ဒရိုင်ဘာကတော့ ဘယ်ရောက်သွားမှန်းကို မသိဘူး။ ပြေးပြီလေ။ ဇော်မင်းတုတ်ကို ချလိုက်တော့ လှမင်းက ဘယ်လက်နဲ့ ကိုင်ထားတဲ့သေနတ်ကို ခါးကြားထဲ ပြန်ထိုးလိုက်တယ်။ ညာ ဘက်လက်က သေနတ်ကတော့ ချိန်ထားတုန်းပဲ။ ပြီးမှ ဇော်မင်းဆီကို တစ်လှမ်းချင်း ဟန်ပါပါလျှောက်လာတယ်။
ဘေးကလူတွေကတော့ ခုထိဘာစကားမှ မပြောနိုင်သေးဘူး။ သူတို့ နှစ်ယောက်ကိုပဲ ပွဲကြည့်သလို ငေးကြည့်လို့။ အနားရောက်တော့မှ လှမင်းက အသံမာမာနဲ့ပဲ မေးတယ်။
'မင်း..ဘာလို့ ကားမှန်ကို တုတ်နဲ့ရိုက်တာလဲ' လှမင်းလက်ထဲက သေနတ်ကိုတစ်လှည့်၊ လှမင်းမျက်နှာကို အကဲခတ်သလို တစ်လှည့် ကြည့်ရင်းက ဇော်မင်းက မပွင့်တပွင့် ပြန်ဖြေတယ်။
'နားငြီးတယ်ကွာ၊ ဟွန်းတီးနေတာ ဆူညံနေတာပဲ'
လှမင်းက ခေါင်းတဆတ်ဆတ်လုပ်ပြီး သဘောကျသလို တဟားဟားရယ် လိုက်သေးတယ်။ ပြီးတော့မှ မျက်နှာကို ပြန်တည်ပြီး..
'ဟေ့ကောင်..မင်းရူး နေသလားကွ..ဟင်၊ ဟွန်းမြည်တာ ကားကမြည်တာပဲ၊ ကားကိုရိုက်ပေါ့ကွ၊ ဘာလို့ လူကိုရိုက်မယ်လုပ်ရတာလဲ.. တယ်...ငါနဖူးတည့်တည့်ကို ပစ်လိုက်ရ...'
လက်ထဲက သေနတ်နဲ့ ဇော်မင်းနဖူးကိုလည်း ထောက်ပစ်လိုက်သေးတယ်။
'ရော့...မင်းတုတ်... မင်းပြန်ကောက်၊ ကားကို နောက်တစ်ချက်ရိုက်၊ ပြီးတော့ အေးအေးဆေးဆေး ပြန်..ကြားလား'
ဇော်မင်းလည်းအခုမှ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ သူလို တုတ်ကိုဆတ်ခနဲ ကောက်၊ ကားရှေ့ ဘောနက်ကို ဒုန်းဆို တစ်ချက်ရိုက်ပြီး သူ့အိမ်ကို သူအပြေးလေး ထွက်သွားတယ်။ လှမင်းလည်း သူ့သေနတ်ကို ခါးကြားပြန်ထိုးပြီး သစ်ပင်တစ်ပင်အောက် သွားထိုင်နေလေရဲ့။
စောစောက ကြောက်လို့ရော၊ အံအားသင့်လို့ရော ခံစားမှုပေါင်းစုံနဲ့ ငြိမ်နေတဲ့ လူတွေလည်း အခုမှ လှုပ်လှုပ်ရွရွ၊ ဆူဆူညံညံ ပြန်ဖြစ်ကုန်ကြတယ်။ ကားအုံနာကတော့ တောက်တခေါက်ခေါက်၊ စုတ်တသတ်သတ်နဲ့ပေါ့။ သူ့ပစ္စည်းဟာကိုး။ ခဏကြာတော့ ဇော်မင်းမိဘတွေနဲ့ ညီအစ် ကိုမောင်နှမတွေ လာတောင်းပန်တာ တွေ့ရတယ်။ စားစရာမရှိ လျော်စရာတော့ ရှိရမှာပေါ့လေ။
ရွာက်ဘက်ပြန်မယ် လုပ်တဲ့ ဆရာဗေဒါလည်း ကိုနိုင်ဆိုင်ပြန်ထိုင်နေပြီ။ မ သောက်စဖူး ကိုနိုင်ဆိုင်က တောအရက်တစ်ပိုင်းလည်း မှာသောက်လို့။ စောစောက ကိစ္စကို ကြားလို့ ရွာထဲက ထွက်လာပြီး စပ်စုတဲ့သူတွေကို သည်းထိတ်ရင်ဖိုဖြစ်အောင် ကားဆိပ်ကလူတွေက အမြှုပ်တစီစီနဲ့ ရှင်းပြလို့။ အဲဒီအချိန်မှာ မှန်အစင်းကြောင်းတွေနဲ့ကားကြီး ဆောင့်ကြီး အောင့်ကြီးထွက်သွားသလို ခါးမှာသေနတ် နှစ်လက်ထိုးထားတဲ့ ကောင်းဘွိုင်မင်းသားလည်း တစ်ဒိုင်းဒိုင်းနဲ့ ရွာထဲပြန်သွားလေရဲ့။
□
၄။
ကိုနိုင်ကတော့ မသောက်စဖူးသောက်ပြီး မူးသွားတဲ့ သူ့ဆရာ စိန်ဗေဒါပြောတဲ့ စကားကို ဆိုင်ပိတ်ချိန်အထိ ကြားယောင်နေတုန်းပဲ။
'ရူးနေတဲ့ ကောင်တစ်ကောင်က ရူးနေတဲ့ ကောင်တစ်ယောက်ကို မင်း...ရူးနေသလားလို့ပြောပြီး ပွဲထိန်း သွားတာ စဉ်းစားကြည့်ရင် တော်တော်ရူးချင်စရာကောင်းတဲ့ ကိစ္စပဲကွ ငနိုင်ရ' တဲ့လေ။
▀
ဦးဆွေ၊ဒဿနိက၊
(အမှတ် ၁၈၃၊ ဖေဖော်ဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်