သက်ဇင်
ဒီနှစ်ထဲမှာတော့
မန္တလေးရောက်အောင် သွားမယ်လို့ စိတ်ထဲ ရည်ရွယ်ထားခဲ့တာ၊ နိုဝင်ဘာလရဲ့ ရက်တစ်ရက်မှာ
ဆရာဦးဝင်းငြိမ်းဆီ မန္တလေးသွားချင်တဲ့အကြောင်း
ခွင့်တောင်းတော့ ဆရာက သူကိုယ်တိုင်က ဒီနှစ်ထဲသွားချင်ပေမယ့် သွားဖြစ်မှာ
မဟုတ်တဲ့အကြောင်းပြောပြီး မန္တလေးရောက်ရင် ဆရာမ ခင်ခင်ထူးနဲ့တွေ့ပြီး ဆရာမရဲ့
စာပေဆုရတဲ့ စာအုပ်အကြောင်း အင်တာဗျူးလုပ်ခဲ့ပေးဖို့ မှာပါတယ်။ ကျွန်တော်က ဆရာမရဲ့ 'ဖက်စိမ်းကွမ်းတောင်' စာအုပ်ကို တစ်အုပ်လုံး
မဖတ်ဖြစ်သေးဘူး၊ ရွှေအမြုတေမှာပဲ တချို့ဝတ္ထုတွေ ဖတ်ဖူးထားတာဆိုတာကြောင့်
ဆရာဦးဝင်းငြိမ်းကပဲ ဆရာမခင်ခင်ထူးရဲ့ 'ဖက်စိမ်းကွမ်းတောင်'
ဝတ္ထုတိုစာအုပ်ကို ပေးလိုက်ပါတယ်။
ကျွန်တော်မန္တလေး ရောက်ပြီး
ဆရာမခင်ခင်ထူးကို ချက်ချင်းမဆက်သွယ်ဖြစ်ခဲ့ပါဘူး။ နိုဝင်ဘာ ၂၉ ရက်နေ့ ဆရာမကြီး
လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲရောက်တော့မှ ဆရာမခင်ခင်ထူးရဲ့ခင်ပွန်း ဆရာနေဝင်းမြင့်နဲ့
တွေ့တာပါ။ ဆရာနေဝင်းမြင့်ကို အကျိုးအကြောင်းပြောပြပြီး ဆရာမခင်ခင်ထူးနဲ့
အင်တာဗျူးဖို့အတွက် ခွင့်တောင်းတော့ ဆရာနေဝင်းမြင့်က လိပ်စာကို သေချာရေးပေးပြီး
မြေပုံပါဆွဲပေးလိုက်တာပါ။
နိုဝင်ဘာ ၃ဝ ရက်
မနက်ပိုင်းမှာ ဆရာမခင်ခင်ထူးရဲ့ နေအိမ်ကိုသွားရောက်ပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒီလို တွေ့ဆုံမေးမြန်းနိုင်ခဲ့တာဟာ ဆရာဦးဝင်းငြိမ်းရဲ့ စာဖတ်ပရိသတ် တွေအပေါ်ထားရှိတဲ့
စေတနာနဲ့ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူးတို့ရဲ့ ကူညီမှုကြောင့်ပါ။
တွေ့ဆုံမေးမြန်းမှုနဲ့ ပတ်သက်တဲ့ မပြည့်စုံမှုများ၊ မှားယွင်းမှုများကိုတော့
ကျွန်တော်ကပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံ မေးမြန်းမှုဟာ
စာဖတ်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီမှုရှိတယ်ဆိုရင်ဖြင့်...။
ဆရာမရဲ့ စာပေခရီး
အစကို မပြောခင် ဆရာမကို စာတွေရေးလာချင်စိတ် ဖြစ်လာအောင် ဘယ်လိုစေ့စော်မှုတွေ
ရှိခဲ့တယ်ဆိုတာ ပြောပြပေးပါ။
စာရေးချင်စိတ်ရှိတာတော့
စာဖတ်လို့ပဲ၊ ငယ်ငယ်ကတည်းက အိမ်မှာ ယောကျ်ားလေးတွေ ကြားထဲ၊
ယောကျ်ားလေးငါးယောက်ကြားထဲမှာ မိန်းကလေး တစ်ယောက်တည်းပါတယ်။ သူတို့က
ယောကျ်ားလေးတွေလို ဆော့ကြတယ်။ ကြာတော့ ကိုယ်က သူတို့လို မဆော့တတ်တော့ စာအုပ်တွေပဲ
ဖတ်တာပေါ့။ စာအုပ်တွေ ဖတ်ရင်း ဖတ်ရင်းနဲ့ စာရေးချင်စိတ်ဖြစ်ပြီး
စာရေးဖြစ်သွားတာပဲ။
ဆရာမ
စာတွေဖတ်တော့ဘယ်စာရေးဆရာတွေရဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါသလဲ။ ဘယ်စာရေးဆရာတွေရဲ့
လက်ရာတွေကို ကြိုက်ခဲ့ပါ သလဲ။
ကြိုက်ခဲ့တာကတော့ အဲဒီတုန်းက
ဆရာကြီးရွေဥဒေါင်း၊ အမျိုးသားတွေရေးတဲ့ စာတွေကို ပိုဖတ်ဖြစ်တာ များတယ်။
ဆရာသိန်းဖေမြင့်၊ ဆရာကြီးမောင်ထင်တို့ အဲဒီလို အမျိုးသားစာရေးဆရာ တွေရေးတဲ့
စာတွေကို ပိုပြီး ဖတ်ဖြစ်တယ်။
ဆရာမက စာတွေဖတ်ရာကနေ
စာရေးချင်စိတ်ဖြစ်ပြီး စာတွေရေးလာခဲ့တယ်။
အဲဒီကစပြီး ဆရာမရဲ့ စာပေခရီးဖြတ်သန်းမှုလေးကို ပြောပြပါဦး။
စာရေးဖြစ်တာကတော့
ခပ်စောစောပိုင်းကတည်းကပဲ။ ကိုယ့်ဘာသာ ရေးနေတာပေါ့။ မဂ္ဂဇင်းတွေလည်း မပို့ဖြစ်ဘူး။
အဆက်အသွယ်လည်း မရှိဘူး။ ကိုယ့်ရဲ့ အနီးဝန်းကျင်မှာလည်း စာရေး ဆရာဆိုတဲ့
အသိုင်းအဝိုင်း မရှိဘူးပေါ့။ မရှိတဲ့အခါကျတော့ ရေးတော့ရေးနေတာပဲ။ ဝတ္ထုဖြစ်လိုက်၊
ဆောင်းပါး ဖြစ်လိုက်၊ ခံစားမှုတွေဖြစ်လိုက်ပေါ့။ ရေးနေတာပဲ။ နောက်ကျတော့ ပထမဦးဆုံး ဝတ္ထု ဖြစ်တယ်ထင်တာလေးပေါ့။ 'ပန်းပန်ပါရစေ'
ဝတ္ထုလေးကို ဝတ္ထုဖြစ်တယ်လို့ ထင်တာနဲ့ 'ရွှေဝတ်မှုန်'
မဂ္ဂဇင်းကို လှမ်းပို့လိုက်တာ။ အဲဒါ ပထမဆုံးပဲ ပါလာတာ။ ၁၉၉၃
ခုနှစ်ကစပြီး လထုတ် ရွှေဝတ်မှုန်မဂ္ဂဇင်းမှာ စပါလာတာ။ အဲဒါလေးပါ လိုက်တာနဲ့
နောက်ပိုင်း ဆက်ရေးဖြစ်သွားတာပဲ။
ဆရာမက ၁၉၉၃ ခု နှစ်ကစပြီး စာပေလောကထဲ
ရောက်လာတယ်ဆိုတော့ ၁၉၉ဝ ပြည့်ပတ်ဝန်းကျင်နှစ်တွေကို ဝတ္ထုတိုရွှေခေတ်ရယ်လို့
ဝေဖန်ရေးဆရာတချို့က သတ်မှတ်ကြတယ်။ မန္တလေးကလည်း ဝတ္ထုတိုစာအုပ်တွေ
အများအပြားထွက်ကြတယ်။
အဲဒီစာအုပ်တွေမှာ
ဆရာမရဲ့ လက်ရာတွေ မတွေ့ခဲ့ရဖူးနော်။
ဟုတ်တယ်။ အဲဒီအချိန်တွေမှာ
စာစရေးဖြစ်နေပေမယ့် အဲဒီစာအုပ်တွေထဲမှာ မပါဖြစ်သေးပါဘူး။
အခု ဆရာမရဲ့ စာပေ ဆုရခဲ့တဲ့ 'ဖက်စိမ်းကွမ်းတောင်'
ဝတ္ထုတိုတွေက ရွှေအမြုတေမဂ္ဂဇင်းနဲ့ တစ်နည်း တစ်ဖုံပတ်သက်နေတော့
ဆရာမရဲ့ စာပေခရီးမှာ 'ရွှေအမြုတေ' မဂ္ဂဇင်းနဲ့
အဆက်အစပ် လေးကိုလည်း သိချင်ပါတယ်။
'ရွှေအမြုတေ' မဂ္ဂဇင်းကတော့ ပြောကြစို့ဆိုရင် ဝတ္ထုတိုမှာပေါ့နော်။ ရွှေဖြစ် မှ
ဝတ္ထုတို သုံးတယ်ဆိုတဲ့ အဲဒီလိုစကားကြီး...ဘယ်လိုပြောမလဲ ဝတ္ထုတိုမှာ Top ပဲပေါ့။ 'ရွှေအမြုတေ' မှာ
ပါဖို့ မလွယ်ဘူးလေ။ မလွယ်ဘူး။ ဒါပေမယ့် ကိုယ်ကလည်း မဂ္ဂဇင်းတွေကို
ပို့တဲ့အခါမှာ...။ 'ကျား' ဆို တဲ့
ဝတ္ထုလေးပေါ့။ ပထမဆုံး 'ရွှေအမြုတေ' မှာပါတာ။
အဲဒီဝတ္ထုလေးကို ရွှေအမြုတေကိုပို့လိုက်တာ။ ပို့လိုက်တော့ ဆရာငြိမ်းက
သုံးလိုက်တယ်။ အဲဒီကစပြီးတော့ ရွှေအမြုတေကို တစ်စိုက်မတ်မတ်
ပို့ဖြစ်တာများတယ်။ဝတ္ထုတိုနဲ့ပတ်သက်ပြီး ရွှေအမြုတေက ဝတ္ထုတိုကောင်း ထွက်တယ်ပေါ့
တခြားမဂ္ဂဇင်းတွေလည်း ကောင်းပါတယ်လေနော့။ ဒါပေမယ့် 'ရွှေအမြုတေ'
ကစ သုံးလိုက်တယ်ဆိုတော့ အဲဒီကိုပဲ ပို့ဖြစ်တာများတယ်။
နောက်တစ်ခုက ဆရာမရဲ့ စာပေဆုရစာအုပ်
'ဖက်စိမ်းကွမ်းတောင်' ထဲမှာ 'ခရီးဖော်'
ဆိုတဲ့ ဝတ္ထုတိုလေးက ဆရာမရေးနေကျရေးဟန် နဲ့ ကွဲပြီးထွက်နေတယ်။
အဲဒီ အကြောင်းလေးလည်း သိချင် ပါတယ်။
ဝတ္ထုတိုရေးတဲ့အခါ ကျတော့
တချို့ဟာတွေက စကားပြောနဲ့မှ သွက်တာပေါ့နော်။ တချို့ဇာတ်တွေ ကျတော့လည်း စကားပြေမှ၊
အက်ဆေးလေးလိုရေးမှ လှမယ်ပေါ့။ ဒီ'ခရီးဖော်'ဆိုတဲ့
ဝတ္ထုတိုလေးက ဘယ်လိုခေါ်မလဲ လွမ်းမောစရာလေးပေါ့။ အဘိုးကြီးတစ်ယောက်တည်း ကျန်ခဲ့တယ်ပေါ့နော်။ အဘွားကြီးက ဆုံးသွားတယ်။
သားတွေ၊ သမီးတွေကလည်း ဒီလိုပေါ့။ ဘဝဇာတ်ခုံပေါ်မှာ ရုန်းကန်နေရတယ်။ အဲဒါလေးကို
ရေးမယ်ဆိုတော့ စကားပြောထက်စာရင် စကား ပြေ၊ အက်ဆေးပုံစံလေး ရေးမယ်ဆိုရင်
လွမ်းမောစရာ ကောင်းမယ်ဆိုပြီး အဲဒါလေးကို အဲဒီလိုရေးဖြစ်လိုက်တာ။
အခု ကျွန်တော်တို့ဆီမှာက
စကားပြောနဲ့မှ။ တချို့ကလည်း စကားပြောမှဆိုပြီး ပြောကြတာတွေ ရှိခဲ့ တယ်။
ဆရာမအနေနဲ့က အဲဒီလို အစွဲအလမ်းမထားဘူးဆိုတဲ့ သဘောလား။
ဟုတ်တယ်။ ခုနပြောသလိုပဲပေါ့။
တချို့ဝတ္ထုတွေ ကျတော့လည်း စကားပြောနဲ့ရေးမှကို ရှေ့ရောက်တာ။ တချို့ဟာတွေကျတော့ ဇာတ်ကောင်စရိုက်က ဒီလူက ဟို
....ဟာသဖြစ်နေတယ်။ ခပ် ကြောင်ကြောင်ဖြစ်နေတယ်ပေါ့။ အဲဒီလိုဆိုရင် စကားပြောနဲ့
ပို့ပေးမှ ရောက်တာလေ။ အဲဒီလို ဟာမျိုးဆိုရင် စကားပြောနဲ့ရေးလိုက်တာ။
တချို့ဇာတ်ကျတော့ အငြိမ်လေးပေါ့။ အငြိမ်လေးဖြစ်တယ်။ ဇာတ်အိမ်လေးနဲ့
လွမ်းမောစရာလေးဖြစ်တယ် ဆိုရင်တော့ စကားပြေနဲ့ ရွေးလိုက်တာလှတယ်။ အဲဒီလို ပဲ
ရွေးလိုက်တာပဲ။ စကားပြေက ဘယ်လို၊ စကားပြော ကဘယ်လိုဆိုပြီး မရှိဘူး။
ဇာတ်ပေါ်ကြည့်ပြီး အဆင်ပြေသလို ရေးသွားတာပဲ။
ဆရာမရဲ့ စာပေဆုရ စာအုပ် 'ဖက်စိမ်းကွမ်းတောင်'မှာ 'ပုံဆိုးမ'၊ 'ဘွိုင် လာအိမ်ကလေး'၊ 'နှစ်ပင်
လိမ်ကြိုး' တို့လို ဝတ္ထုတွေ ပါခွင့်ရခဲ့တဲ့အတွက် ဆရာမ ရဲ့
ခံစားမှုလေးကို သိပါရစေ။
အဲဒီဝတ္ထုလေးတွေက Sharp ဖြစ်တာပေါ့နော်။ အမှန်တော့
အတွေးဝတ္ထုတွေ မဟုတ်ဘူး။ အတွေ့ဝတ္ထုတွေ Realism ပေါ့။ တကယ့်ဖြစ်ရပ်ပေါ်ကနေ အခြေခံပြီးတော့မှ
ကိုယ်ကနေပြီး ဝတ္ထု တည်ဆောက်ယူတာပေါ့။ ဒါပေမယ့် အဲဒီဝတ္ထုလေးတွေက ပြောကြကြေးဆိုရင်
လူကြိုက်လည်း များပါတယ်။ ဒီအတွက်လည်း ဝမ်းသာတယ်။ ဒီဝတ္ထုတွေနဲ့ရတဲ့ အတွက်လည်း
ပိုပြီးဝမ်းသာတယ်။ ဒါတွေကလည်း ပုံစံချပြီးတော့ တော်တော်ကိုလေ...ဘယ်လိုခေါ်မလဲ။
အတွေးနဲ့ အတွေ့နဲ့ တည်ဆောက်ပြီး ယူရတာပေါ့။ ထိန်းပြီးရေးရတာပေါ့။
ပေါ်လည်းပေါ်အောင်ပေါ့။ အဲဒီ လိုရေးရတယ်။ ခုဒါလေး တွေနဲ့ရတယ်ဆိုတော့ ဝမ်းသာတာပေါ့။
စောစောက ဆရာမက Realism ဆိုလို့ ဆရာမ စာ စရေးဖြစ်တဲ့ အချိန်တွေမှာ Realism ဆိုတာထက်
Modern ဝတ္ထုတိုတွေ၊ သဘော တရားတွေလည်း တော်
တော်အရှိန်ရနေတဲ့အချိန်မှာ ဆရာမက ဘာဖြစ်လို့ Realism တွေကိုကြိုက်ပြီး
Realism တွေရေးဖြစ်ခဲ့ရတာလဲဆို တာ သိပါရစေ။
အဲဒါက ကိုယ့်ရဲ့ဘဝနဲ့ နီးစပ်တာပေါ့။
ဘဝနဲ့ နီးစပ်တာကို ကိုယ်နေထိုင်ရတဲ့ဘဝက မော်ဒန် မဆန်ဘူးလေ၊ ပတ်ဝန်းကျင်မှာက
သဲထမ်းတဲ့လူတွေ၊ သဲမော်တော်လိုက်တဲ့သူတွေ၊ သံထုတဲ့လူတွေ၊ စက်မှုအလုပ်သမားတွေပဲ
ရှိတာလေ။ ငယ်ငယ်တုန်းကဆိုရင်လည်း အဖေက လှေသူကြီး၊ အမေက သူကြီးကတော်၊ လှေဘဝချည်းပဲ။
လေထဲ၊ မိုးထဲချောင်းထဲမှာ သွားလာရတာချည်းပဲ၊ အဲဒီတော့ ကိုယ့်မှာ လာရိုက်ခတ်နေတာ။ အရိုးပေါက်အောင်
စွဲနေတာတွေက အဲဒီအသံတွေ၊ အဲဒီ အလေ့ အကျင့်တွေ၊ အဲဒီ နိမိတ်ပုံတွေချည်းပဲ။
အဲဒီတော့ ကိုယ်ရေးတဲ့ဝတ္ထုတွေကလည်း Realism တွေ ဖြစ် လာတာပဲ။
နောက်တစ်ခုက 'ဖက်စိမ်းကွမ်းတောင်'
ထဲမှာပဲ ပါတဲ့ 'သားရေထိုင်' ပေါ့၊ အဲဒီဝတ္ထုမှာ လူရဲ့ တာဝန်ယူမှုနဲ့ပတ်သက်ပြီး တင်ပြထားတာကိုလည်း
တွေ့ရတယ်။ စာရေးဆရာတစ်ယောက် အနေနဲ့ကော
သီးခြားတာဝန်ယူမှုတွေ ရှိရမယ်ဆိုတဲ့အမြင်နဲ့ ပတ်သက်ပြီး ဆရာမရဲ့ သဘောထားကို
သိပါရစေ။
စာရေးဆရာ တစ်ယောက်မှာတော့
ကိုယ်ရေးတဲ့စာနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတော့ ရှိတာပေါ့။ ကိုယ်ရေးတဲ့စာက
နောင်တဖြစ်စေမယ့်စာ မဖြစ်စေရဘူးပေါ့လေ။ စာရေးဆရာ တစ်ယောက်မှာလည်း ရှိတာပေါ့။
လူ့အဖွဲ့အစည်းကို အကျိုးပြုရမယ်။
မပြုရဘူးဆိုတဲ့ တာဝန်ယူမှုနဲ့ပတ်သက်တဲ့အပိုင်းကကော..
ကျွန်တော်တို့ရေးနေတဲ့ ဝတ္ထုတွေက
လူ့စရိုက်တွေ၊ လူ့ဘဝတွေများတော့
ဒါ..လူတွေကိုလည်း အကျိုးပြုရမှာပေါ့နော်။ ကျွန်တော် ယူဆတာတော့ အဲဒီလိုပဲ။
တချို့ကလည်း ပြောကြတယ်။
အနုပညာသမားဆိုတာ ရသမြောက်ဖို့ အဓိကပဲ။ တာဝန်ယူမှုပါလာရင် အနုပညာမမြောက်တော့ဘူးလို့
ဆိုတဲ့အယူအဆတွေလည်း ရှိတော့ အဲဒီအပေါ်မှာ ဆရာမရဲ့ သဘောထားကို သိပါရစေ။
ဒါကတော့ တာဝန်ယူမှုလည်း ရှိရမယ်။
အနုပညာလည်း မြောက်ရမယ်ပေါ့။ နှစ်ခုစလုံး ဘယ်လိုခေါ်မလဲ၊ ရသလည်းမြောက်ရမယ်။
အကျိုးလည်း ပြုရမယ်။
နောက်တစ်ခုက 'ပိုးဖလံ'
ဝတ္ထုတိုလေးထဲက ဦးစံကွန့်နဲ့ ခင်လေးချစ်တို့ရဲ့ ဆက်ဆံရေးကို
အခြေပြုပြီး လောကမှာ ငွေနဲ့အရာရာကို ဝယ်လို့မရနိုင်ဘူးဆိုတဲ့ အမြင်လေးကို
တွေ့ရတယ်။ အခုခေတ်မှာ အရာရာကို ငွေနဲ့ဆုံးဖြတ်တယ်ဆိုတဲ့ အမြင်တွေက
လွှမ်းမိုးနေတော့ အဲဒီအမြင်နှစ်ခုက ထိပ်တိုက် တွေ့သလိုဖြစ်နေတယ်။ အဲဒီအပေါ်မှာ
ဆရာမရဲ့ သဘောထားက ဘယ်လိုရှိမလဲ။
အရာရာကို ငွေနဲ့ ဝယ်ယူလို့မရဘူး။
ကျွန်တော် ဒီအထဲမှာ ရေးထားတာကတော့ ချစ်ခြင်းမေတ္တာပဲ။ တခြားပစ္စည်းတွေကို
ဝယ်ယူချင်ရင် ရရင်ရမယ်လေ။ ဦးစံကွန့်က ခင်လေးချစ်ကို ငွေနဲ့ဝယ်ယူသလို ဖြစ်တာပေါ့နော်။
သူ့မိသားစုကို စောင့်ရှောက်တယ်။ သူက ငွေနဲ့ လာပြီး ဒီကလေးမလေးနဲ့ ပေါင်းတယ်။
ဒီကလေးမလေးရဲ့ ချစ်ခြင်းမေတ္တာကျတော့ သူငွေနဲ့ ဘယ်လောက် ပုံပေးပေးမရဘူး။
မရတဲ့အတွက် ဒီကလေးမလေးက သူ့ချစ်သူနဲ့သူ လိုက်ပြေးတဲ့အခါမှာ သူ့ပစ္စည်းတွေလေ၊
ရွှေထည်တွေ၊ ဦးစံကွန့် ဆင်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး ထားရစ်ခဲ့တာလေ။ အဲဒီမှာ သူက
အဲဒီစကားပြောတာလေ။ သူ ဒီရွှေ၊ငွေတွေနဲ့ ဒီအဘိုးကြီးကို မပေါင်းနိုင်ဘူး။
စိတ်မချမ်းမြေ့ဘူး။ အဲဒီတော့ သူဒါတွေမမက်ပါဘူး။ သူ စိတ်ချမ်းမြေ့တာကို မက်ပါတယ်။
ချစ်ခြင်းမေတ္တာကို မက်ပါတယ်ဆိုပြီးတော့ အဲဒီပြယုဂ်ကလေးလေ။ တခြား အရာတွေကို
ငွေနဲ့ဝယ်ယူလို့ ရချင်ရမယ်။ ချစ်ခြင်းမေတ္တာတော့ မရနိုင်ပါဘူး။
ဆရာမရဲ့ ဝတ္ထုတွေထဲမှာ
ရိုးရာဓလေ့စရိုက်နဲ့ ပတ်သက်တဲ့ အငွေ့အသက်တွေကို တွေ့ရတယ်။ အဲဒီအငွေ့
အသက်တွေကိုလည်း ဆရာမက တမ်းတမ်းတတဖြစ်မိတဲ့ အပိုင်းတွေတွေ့ရတယ်။ ဘာကြောင့် ဒီလိုရေးဖြစ်တယ်ဆိုတာကို
သိချင်ပါတယ်။ နောက်ပြီး အခုကျန်ရှိနေတဲ့ ရိုးရာဓလေ့စရိုက်တွေဟာ အခုလို
အပြောင်းအလဲတွေများတဲ့ ခေတ်ကြီးနဲ့ ဆက်ပြီး ကျန်ရစ်နေနိုင်ပါ့မလားဆိုတာ ဆရာမရဲ့
သဘောထားကို သိချင်ပါတယ်။
ကျွန်တော်ကတော့
ကိုယ်ကြီးပြင်းခဲ့ရတာကိုက အညာကျေးလက်ဒေသဆိုတော့ ဒီရိုးရာ ဓလေ့တွေက
ကိုယ့်အသွေးအသားထဲကို စီးဝင်နေတာ။ ဒါကြောင့် ဝတ္ထုရေးလည်း အဲဒါတွေရေးဖြစ်တာ
များတယ်။ ဒီဟာတွေ ပပျောက်မလားဆိုတာကတော့လေ အခုတော့ ကျွန်တော်တို့လည်း တတ်နိုင်သမျှ
မှတ်တမ်းတင်နေတာပဲလေ။ တချို့လည်း ကျေးလက်တွေမှာ ပျောက်တန်သလောက် ပျောက်ကုန်ပါပြီ။
ကျွန်တော် ဒီအညာသူ အညာသားထဲမှာတောင် ထည့်ရေးထားသေးတယ်။ ရက်ကန်းပညာဆိုတာ၊
ဟိုတုန်းကလေ ရက်ကန်းခတ်ပြီးတော့မှ ဝတ်ရတာ။ ကျွန်တော်တို့ ကလေးတုန်းကဆို
ဖျင်ထည်တွေဘာ တွေပေါ့နော်။ ဒီရက်ကန်းစင်က တန်းဖြုတ်လိုက်မှ အထည်အလိပ်ကို ဝတ်ရတာ။
အခုခေတ်ကျတော့နော်၊ ဘယ်လိုခေါ်မလဲ။ တရုတ်ထည်တွေက ပေါလာတာတစ်ကြောင်း၊ ထမင်း ဘယ်ကရ
ထမင်းအိုးထဲက ရ ဆိုသလိုပေါ့။ အခုကျတော့ ဘယ်စတိုးဆိုင်၊ ဘယ်မှာဖြစ်ဖြစ်
ဝယ်လို့ရနေပြီလေ။ အဲဒီတော့ အပင်ပန်းခံပြီး ရက်ကန်းတွေ မရက်ကြတော့ဘူး။
ကျွန်တော်တို့ ရွာမှာ ရက်ကန်းရက်တဲ့သူက တစ်ဦးလား၊ နှစ်ဦးလား အဲဒီလောက်ပဲ
ရှိတော့တယ်။ ဒါကြောင့် ရနိုင်သမျှ ကျွန်တော်တို့က မှတ်တမ်းတင်သွားမှာပဲ။
'အညာသူ
အညာသား ကျွန်မ ဆွေမျိုးများ' ရေးဖြစ်သွားတဲ့ စိတ်ကူးလေးလည်း
သိပါရစေ။
'အညာသူအညာသား
ကျွန်မဆွေမျိုးများ' ရေးဖြစ်သွားတာက ရွာပြန်တယ်လေ။
တစ်နှစ်တစ်ခါ ရွာပြန်တော့ ဒီလူတွေနဲ့ အမြဲတမ်း တွေ့နေရတာပေါ့။ တွေ့နေရတော့
ဒီလူတွေအကြောင်း ရေးချင်စိတ် ပေါက်လာတာပေါ့။ ဒီလူတွေကိုလေ...အညာသူ၊ အညာသားတွေ
ဒီလို ပွင့်လင်းတယ်၊ ဒီလို ရိုးသားတယ်။ ဒီလို..ဘယ်လိုခေါ်မလဲ၊ သူတို့ရဲ့
ချစ်စရာကောင်းတဲ့..ဘယ်လိုခေါ်မလဲ၊ ပုံစံမကျ ဖြစ်နေတာပေါ့။ အဲဒါလေးတွေကလေ
မြန်မာ့ကျေးလက်စရိုက်၊ သူတို့ဆီမှာ ရှိနေတာ၊ အဲဒါလေးတွေကို ကျွန်တော်က
သူတို့ကိုမြင်ပြီး ရေးချင်တာ။ အဲဒါနဲ့ ရေးလိုက်တာ။ ရေးလိုက်တော့လည်း ဆန်စင်ရာ
ကျည်ပွေ့လိုက်ရင်း ရှည်ကုန်တာ။
နောက်ဆုံးတစ်ခုကတော့ ဆရာမရဲ့ 'ဖက်စိမ်းကွမ်းတောင်'
ဝတ္ထုတိုစာအုပ်လေးနဲ့ အမျိုးသား စာပေဆု ရရှိခဲ့တဲ့အတွက် ဆရာမရဲ့
ခံစားမှုကိုသိပါရစေ။
ရွှေအမြုတေမဂ္ဂဇင်းမှာပါတဲ့
ဝတ္ထုတွေနဲ့ အမျိုးသားစာပေဆု ရတယ်ဆိုတဲ့သတင်း ကြားကြားချင်း ဆရာ
ဦးဝင်းငြိမ်းနဲ့တကွ ရွှေအမြုတေ စာဖတ်ပရိသတ်တွေလည်း ဝမ်းသာလိမ့်မယ်လို့ ကိုယ်ကလေ
ဖျတ်ခနဲ အဲဒါလေးက ဒိုင်းခနဲကို ဝင်လာတာ။ ဒါကြောင့် ဆရာဦးဝင်းငြိမ်း အပါအဝင်
စာဖတ်ပရိသတ်တွေ၊ ကိုယ်ဖတ်ခဲ့ မှတ်ခဲ့၊ လေ့လာခဲ့ရတဲ့ ကိုယ့်ရှေ့က စာရေးဆရာ၊
ဆရာမတွေ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက် ကျွန်တော့်ဝတ္ထုတွေကို
ဖော်ပြပေးခဲ့ကြတဲ့ အခြားအခြားသော
မဂ္ဂဇင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ အမျိုးသားစာပေဆုကို မမျှော်လင့်ဘဲ
ရခဲ့လို့ ဝမ်းသာမိပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာမ။
■
သက်ဇင်
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။
ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...
မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...