အနုပညာသမားပြောစကား

လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်

ဝင်းငြိမ်း

01 November 2025
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
Share to

၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကျွန်တော့်အတွက် တကယ်လွတ်လပ်ရေးရတဲ့နေ့ပါ။ အဲဒီနေ့ ဖိတ်ထားတဲ့ ပွဲမှန်သမျှကို မတက်တော့ဘူး လင်းနိုင်ဦးပဲ တက်လိုက်တော့လို့ မှာထားခဲ့ပြီး ကိုယ်ရေးကိုယ်တာ လုပ်စရာရှိတာတွေကို လုပ်မယ်လို့ စီစဉ်ထားခဲ့ပါတယ်။ ကြီးကြီးမားမား မဟုတ်ပါဘူး။ ဆံပင်ညှပ်ရမယ်။ ဆံပင်ညှပ်တယ်ဆိုတာ ဘယ်လောက် ကြာတာလိုက်လို့လို့ မတွေ့လိုက်ပါနဲ့။ လပြည့်ဝန်းပလာဇာက ကိုကို ဗျူတီဆလွန်းမှာ ကျွန်တော်ရောက်ရောက်ချင်း ပုံမှန်ညှပ်နေကျ ကိုအောင်ကျော်စိုးက ချက်ချင်းညှပ်ပေးသည့်တိုင်အောင် ၂ နာရီလောက် အချိန်ပေးရပါတယ်။ ညှပ်တယ်၊ လျှော်တယ်၊ ခေါင်းဆိုးတယ်၊ အခြောက်ခံရတယ်၊ ခေါင်းပြန်လျှော်ရတယ်။ တစ်ခါတလေ ကိုကို သူ့ဆိုင်မှာ ရှိနေတဲ့အချိန်နဲ့ ကြုံသွားရင် ပင်တိုင်ဆံပင်ဆိုးပေး၊ လျှော်ပေးနေတဲ့ စန္ဒာဆိုတဲ့ ကောင်မလေးကို ‘မျက်နှာပေါင်းတင်ပေးလိုက်ဦး’ လို့အနားလာပြီး အမိန့်ပေးတတ်ပါသေးတယ်။ အဲဒီလိုမျိုးနဲ့ ကြုံသွားရင် အချိန်က ၂ နာရီမက ကြာသွားရော။ ဒီနေ့တော့ ကိုကိုက ဆရာစံလမ်းမှာ သူဖွင့်မယ့် ဆိုင်သစ်အတွက်သွားရောက် လုံးပမ်းနေလို့ လပြည့်ဝန်းမှာ မရှိပါဘူး။ ကိစ္စဝိစ္စတွေ ပြီးလို့ အိမ်ပြန်ရောက် ထမင်းစားပြီး တရေးတမော အိပ်မယ်လို့ ကြံကာ ရှိသေးတယ်၊ လက်ကိုင်ဖုန်းက မြည်လာပါလေရော။

ဖုန်းနံပါတ်ကိုကြည့်လိုက်တော့ အောင်ကျော်ဦးလို့ ပေါ်နေတယ်။ အောင်ကျော်ဦးဆိုတာက Vinyl ပုံ ထုတ်စရာရှိတိုင်း ချက်ချင်း လုပ်ပေးပါလို့ ကိုယ်အနိုင်ကျင့်နေကျ Idea Image က ဆိုတော့ မပြောလို့ မဖြစ်ပါဘူး။ ဖုန်းဖွင့်လိုက်တော့ ကိုအောင်ကျော်ဦးက မနက်ဖြန် နေ့လယ်တစ်နာရီခွဲအချိန်မှာ သူ့ပွဲတစ်ပွဲ ရှိပါတယ်တဲ့။ ဖိတ်စာလည်း ရုံးမှာသွားပို့ထားပါတယ်။ ဆရာ လာဖြစ်အောင်လာပါ။ နေရာက ဆာကူရာတာဝါ အထပ် ၂ဝ မှာပါတဲ့။ သူက ဒါပဲပြောပြီး ဖုန်းချသွားတယ်။ မလွန်ဆန် နိုင်တဲ့သူဖြစ်လို့ ကျွန်တော်ကလည်း လာခဲ့ပါ့မယ်လို့သာ ကတိပေးလိုက်ပြီး ဘာပွဲလဲလို့ မမေးတော့ပါဘူး။ သူတို့လုပ်တဲ့ပွဲဆိုရင် ဘာပွဲပဲ ဖြစ်နေနေ ကိုယ်သွားရတော့မှာကိုး။

နောက်တစ်နေ့မနက် ပွဲတစ်ခုမှာ ဒေါ်တူးတူးမြင့်သိန်းနဲ့ ဆုံတော့ 'ဆရာ နေ့လယ် ကျော်ဟိန်းပွဲဖိတ်ထားတယ် မဟုတ်လား' လို့ မေးလာပါတယ်။ ကျွန်တော်က အူကြောင်ကြောင်နဲ့ ကျော်ဟိန်းလား ဘာလားတော့မသိဘူး၊ ကိုအောင်ကျော်ဦး ဖိတ်ထားတဲ့ပွဲတော့ ရှိတယ်ဆိုတော့ ဒေါ်တူးတူးမြင့်သိန်းက သူ့ကိုလည်း ဖုန်းနဲ့ပဲ ဆက်ထားတာ၊ အဲဒါ ကျော်ဟိန်းပွဲပေါ့လို့ ဆိုပါတယ်။

ရုံးကို ပြန်ရောက်တဲ့ အခါမှာ ကိုအောင်ကျော်ဦး ပို့ထားတဲ့ ဖိတ်စာကို တွေ့ရပါတယ်။ ၂ဝဝ၅ ခုနှစ် အတွင်းက MCC ခန်းမမှာ ကျော်ဟိန်း သီဆိုခဲ့တဲ့ပွဲကို ဗီစီဒီအဖြစ် ပြန်ထုတ်မှာဖြစ်လို့ စာနယ်ဇင်းများကို အသိပေးမယ့် ပွဲပါပဲ။ ဒါပေမယ့် ကျွန်တော်စိတ်ဝင်စားတာက ဖိတ်စာရဲ့ အောက်ခြေမှာ ရေးထားတဲ့ စာသားတစ်ခုပါပဲ။ 'မှတ်ချက် Bonus အဖြစ် ထည့်သွင်းထားသော ကျော်ဟိန်း ဖီလိုဆိုဖီ သီချင်း တစ်ပုဒ်ကို ဖွမည်' တဲ့။

            ကျော်ဟိန်းက ဘာပဲလုပ်လုပ် စနစ်တကျ လုပ်တတ်တယ်။ (တစ်ခါတုန်းကတော့ ဧည့်သည်တွေကိုဖိတ်၊ ရွှေဖလားစစ်စစ်ကြီးထဲ မဲလိပ်တွေထည့်၊ ဧည့်သည်က နှိုက်ပေးတဲ့မဲလိပ်ပါ နာမည်အတိုင်း ဗီဒီယိုကားတွေကို နာမည်ပေးမယ်လို့ ဆိုခဲ့တယ်။ အဲဒီမှာ ကျွန်တော် နှိုက်လိုက်တဲ့အချိန် စိတ်ထဲက စနောင့်စနင်းဖြစ်သွားပြီး အနားကပ်လျှက်ထိုင်နေတဲ့ ကိုမြတ်ခိုင်ကိုလည်း မင်း မဲလိပ်တစ်လိပ်နှိုက်လိုက်လို့ ပြောလိုက်ပါတယ်။ ကျွန်တော် ဖွင့်ဖတ်ပြလိုက်တဲ့ မဲလိပ်က 'ကရကဋ်ရာသီ ဖွား' ပါတဲ့။ ရွှေခွက်ကြီး ကိုင်ထားတဲ့ ထွန်းထွန်းခမျာ သူ့ရှေ့တင် ကိုမြတ်ခိုင်က မဲလိပ်နှစ်လိပ်လောက် နှိုက်လိုက်တာကို မသိလိုက်ပါဘူး။ ကျွန်တော် ဖွင့်ဖတ်ကြေ ညာပြီးတဲ့နောက်မှာ ကိုမြတ်ခိုင်ကိုလည်း မင်းဖွင့်ကြည့်လိုက်လို့ ပြောလိုက်တော့ ကိုမြတ်ခိုင်က တခြား နာမည်ဖြစ်နေမှာစိုးလို့ မဲလိပ်ကို မဖွင့်သေးဘဲ ဒီတိုင်းထားပါတယ်။ ကျွန်တော်က မင်း ရဲရဲသာ ဖွင့်လိုက်၊ မင်းလက်ထဲက နှစ်လိပ်စလုံးလည်း ဒီနာမည်ပဲလို့ ပြောလိုက်တော့မှ ကိုမြတ်ခိုင်က ဖွင့်ကြည့်လိုက်ပါတယ်။ မဲလိပ်သုံးလိပ်စလုံး ကရကဋ်ရာသီဖွား ချည်းပါပဲ။ ဒီ အကြောင်းလည်း ကျွန်တော် အလင်းတန်းဂျာနယ်မှာ ရေးခဲ့ဖူးပါတယ်။ ပွဲကို စိတ်ဝင်စားအောင် သူဖန်တီးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ်ပေါ့။ ဒီတစ်ခါတော့ သူစနစ်တကျလုပ်ပေမယ့် ကျွန်တော် ဖော်ကောင် လုပ်ခဲ့ဖူးတယ်) ဒီတော့ ဒီပွဲမှာလည်း သူဘာ လုပ်ဦးမှာလဲလို့ ကျွန်တော် စိတ်ဝင်စားပါတယ်။

ပွဲတစ်ခုမှာ ဖိတ်ကြားထားတဲ့အချိန် ဧည့်သည် ရောက်မလာခဲ့ရင် သူစိတ်ဆိုးတတ်ပါတယ်။ သူဘာာသာ သူ စိတ်ဆိုးတာပါ။ ဒေါသကို ထုတ်မပြပါဘူး။ အဲဒီ အကျင့်ကို သိတာကြောင့် ကျွန်တော် ၁ နာရီခွဲ ရောက်အောင် ဆာကူရာတာဝါပေါ် ရောက်ခဲ့ပါတယ်။

            ရှေ့ဆုံးမှာ ဆိုဖာခုံကြီးများ တန်းစီထားပါတယ်။ ခရီးဦးကြိုပြုနေတဲ့ ကိုအောင်ကျော်ဦးက ရှေ့မှာထိုင်ပါလို့ နေရာချပေမယ့် ကျွန်တော်က အစွန်ဆုံးခုံမှာပဲ ဝင်ထိုင်ဖြစ်ခဲ့ပါတယ်။ နာရီကြည့်လိုက် တော့ တစ်နာရီခွဲပြီ။ ကျော်ဟိန်းရောက်မလာသေးဘူးလို့ ထင်နေဆဲမှာပဲ ကျွန်တော့် နောက်ကျောဘက်ကနေ ရောက်လာပြီး နှုတ်ဆက်လာပါတယ်။ သူက နောက်ဖက်မှာ စာနယ်ဇင်းဆရာ တစ်ချို့နဲ့ အင်တာဗျူးအလုပ်ခံနေတာကိုး။

            သူကျွန်တော့်အနား ရောက်မလာသေးခင်မှာ စာနယ်ဇင်းသမကလေး တစ်ဦးက ကက်ဆက် ထိုးပြီး ကျွန်တော့်ကို ဗျူးလာပါတယ်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ဦးကျော်ဟိန်း အနုပညာ လောကထဲကနေ အနားယူတော့မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးဝင်းငြိမ်း ဘယ်လို မြင်ပါသလဲတဲ့။

ကျွန်တော့် အဖြေက ရှင်းရှင်းကလေးပါ။ ဟောလိဝုဒ်မှာ အသက် ၇ဝ ကျော် ၈ဝ နီးပါး သရုပ်ဆောင်ကြီးတွေ ကားရိုက်နေကြဆဲပါ။ ဦးကျော်ဟိန်းက အသက် ၆ဝ အရွယ်မှာ နားမယ်ဆိုတာ သူ့ အကြောင်းနဲ့သူ ရှိပါလိမ့်မယ်။ သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက် ရုပ်ရှင်လောကကနေ နားမယ်ဆိုတာကတော့ နှမျောစရာပေါ့လို့ ဖြေခဲ့ပါတယ်။

ကျွန်တော့်အနား သူလာထိုင်တော့ အဲဒီကလေးမလေးကို ကျွန်တော် အဲဒီလိုဖြေလိုက်တယ်လို့ ပြောပြတော့ ကျော်ဟိန်းက 'ကိုဝင်းငြိမ်းကသာ နှမြောနေ၊ ကျွန်တော်နားတာ နောက်တောင်ကျ သေးတယ်လို့ ရေးတဲ့လူတွေ ရှိတယ်ဗျ' လို့ ဆိုပါတယ်။  သူ့အဖြေကိုနင်းပြီး ကျွန်တော်က 'ဘာကြောင့်နားချင်တာလဲ' လို့ မေးလိုက်တဲ့ အခါမှာတော့ သူက 'ကျွန်တော် အသက်ကြီးလာပြီလေ။ အသက်ကြီးလာတော့ အသက်ကြီးတဲ့ စကားပဲ ပြောချင်တယ်' လို့ဆိုပါတယ်။ ကျွန်တော့်အနားမှာ အေးအေးဆေးဆေး စကားလာပြောနေတာကြောင့် စားပွဲပေါ်မှာ တင်ထားတဲ့ ကက်ဆက်ကို ကောက်ယူလိုက်ပြီး ကျော်ဟိန်းနဲ့ ခုလို မေးဖြစ် ဖြေဖြစ်ခဲ့ကြပါတယ်။

            ၂ဝဝ၈ ခုနှစ်မှာ အနု ပညာလောကကနေ နားမယ်လို့ ဦးကျော်ပြောတာကသရုပ်ဆောင် အလုပ်ကနေ နားမယ်ပြောတာလား။ ထုတ်လုပ်သူတို့ ဒါရိုက်တာတို့ လုပ်ဦးမယ် မဟုတ်လား။

            ဒီလိုဗျာ ကိုဝင်းငြိမ်း ရာ။ ကျွန်တော်အခု သရုပ်ဆောင်လုပ်လာတော့ မသိတဲ့ လူတွေ၊ ဘာမှကိုမသိတဲ့လူတွေ အများကြီး တွေ့လာရတယ်။ စိတ်ထဲမှာ မကောင်းဘူး။ မြန်မာနိုင်ငံသူ နိုင်ငံ သားတွေအတွက် ကျွန်တော် တကယ် စိတ်မကောင်းဘူး။ ကျွန်တော်တို့က မသိဘဲနဲ့ ကြီးလာရပြီး သိအောင် ကြိုးစားတဲ့အတွက် သိလာတယ်။ တန်ဖိုးကို သိလာတယ်။ ကျွန်တော်သိတာကို သူများတွေလည်း သိစေချင်တယ်။ အဲဒီလို သိလိုက်လို့ရှိရင် ဘာပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်၊ ရုပ်ရှင်ပဲ ရိုက်ရိုက်၊ ဂီတပဲ လုပ်လုပ်၊ သီချင်းပဲ ဆိုဆို သိဖို့ အရေးကြီးလာတယ်။ သဘောပေါက်လား။

ကျွန်တော် မေးချင်တာက သရုပ်ဆောင်အလုပ်ကို နားပြီး တခြားအလုပ်တွေ လုပ်မှာလားလို့ မေးတာ။

မဟုတ်ဘူး။ အဲဒါတွေ ကျွန်တော် ဘာမှမလုပ်ဘူး။ အမှန်ဆုံးပြောရရင် ကျွန်တော် လှည့်ပြီးတရားတွေ ဟောချင်တာ။ စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်း ပြောချင်တယ်။

ဦးကျော် ရုပ်ရှင် လောကထဲကို ဝင်လာတဲ့ အချိန်က အသက် ဘယ်လောက်ရှိပြီလဲ။

အသက် ၂ဝ မပြည့် တပြည့်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာ လ ၄ ရက်နေ့ အနားယူမယ့် အချိန်မှာ အသက်ဘယ်လောက် ရှိမလဲ။

၆၁ ပြည့်ပြီးပေါ့။

ဒီလိုဆို ရုပ်ရှင်လောကထဲမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ပေါ့။ အဲဒီလောက် ကျင်လည်ခဲ့တဲ့ လောကကြီးကို သံယောဇဉ် မဖြစ်မိဘူးလား။ မနှမြောဘူးလား။

ကျွန်တော်သိတဲ့ အသိဉာဏ်မှာ နှမြောတာတွေ၊ သံယောဇဉ်ဖြစ်တာတွေ မပါဘူး။ ကျွန်တော် သိထားတဲ့ အသိက ဘယ်ဥစ္စာမှ အကြာကြီး မမြဲဘူး။ အဲဒါကို ကျွန်တော် တကယ် သိသွားတာ။ ကျွန်တော် ဘာကိုမှ မပိုင်ဘူးဆိုတာ တကယ်သိသွားတာ။ အဲဒါကို သူများသိသွားရင် ကျွန်တော် သက်သာတယ်။ နောက်ထပ်အသစ်တစ်ခုလုပ်ရင် ကျွန်တော် လုပ်လို့ရတယ်။ ကျွန်တော်ပြောတာ နားလည်လား။ ဒါက အမူအရာလည်း မဟုတ်ဘူး၊ ဘာလဲမဟုတ်ဘူး။ ကျွန်တော် သိသွားတာ။ အဲဒီ အသိကို လိုက်ပေးချင်တာ။ ဒါ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီအလုပ်က ပိုကြီးကျယ်မယ် ထင်တယ်။

အဲဒီလို သိအောင် လုပ်တာကို ခုလိုပဲ သရုပ်ဆောင် အလုပ်လုပ်ရင်းနဲ့ လုပ်လို့ မရနိုင်ဘူးလား။

ကျွန်တော် လုပ်ကိုကြည့်ချင်တာ။ ရုပ်ရှင်လောက အတွက်ရော...။ အဲဒါကို တခြားသူတွေ လုပ်လိမ့်မယ်။

တခြားသူလုပ်တာက ဦးကျော် မဟုတ်ဘူးလေ။

ဒါကတော့ ဖြစ်သွားမှာပါ။ ဆိုကြပါစို့၊ အခု ကိုဝင်းငြိမ်းက သရုပ်ဆောင်ဝင်လုပ်မယ်ဆိုရင် ကိုဝင်းငြိမ်းရဲ့ အမူအရာကို သူတို့မြင်ရမှာပေါ့။ အခု ကျွန်တော်လုပ်မယ့် ကိစ္စကျတော့ သူများလုပ်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်သိတာကို ကျွန်တော်ပြောမှသာ ဖြစ်နိုင်မယ်။ သူတို့အတွက်လည်း သြော်... ကျော်ဟိန်း ပြောတာက ဒါကိုးလို့ သဘောပေါက်လွယ်မယ်။

ကျွန်တော်တို့ မြန်မာပရိသတ်က အစွဲအလမ်းကြီးတယ်။ ဦးကျော်နေရာမှာ တခြားသူကို အစားထိုးပြီး သူတို့ရင်ထဲမှာ လက်ခံနိုင်ကြမယ် မထင်ဘူး။

အဲဒါကြီးကို ကျွန်တော်က ပြောင်းပစ်ချင်တာ။ အရာအားလုံးဟာ လူတစ်ယောက် မရှိလို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ အားလုံး သူ့ဘာသာသူ ဆက်လက်လည်ပတ်သွားတာပဲ။

ကျွန်တော်နဲ့ စကားဖြတ်ပြီးတဲ့နောက် တွေ့ဆုံပွဲ အခမ်းအနားအစီအစဉ် စတင်ပါတယ်။ ကျော်ဟိန်းက သူ့ဖျော်ဖြေတင်ဆက်မှု ဗီဒီယိုကို မြည်းစမ်းကြည့်ဖို့ ပြောပြီး သူဆိုခဲ့တဲ့ သီချင်း အပိုင်းအစများကို နမူနာအဖြစ် ကြည့်ကြရပါတယ်။ သူ့ ဗီစီဒီမှာ ထူးခြားချက်ကတော့ ငယ်ငယ်တုန်းက သရုပ်ဆောင်ခဲ့တဲ့ ကားများမှ ဇာတ်ဝင်သီချင်း သီဆိုခဲ့တာတွေကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်တွေ့လိုက်ရခြင်းပါပဲ။ ရေစီးကြောင်းတွေ ပြောင်းလဲလာခဲ့တယ်ဆိုတာကို သူပြသွားနိုင်ခဲ့တယ်။ ကျွန်တော့် အသက်အရွယ်အရ သူဘာကို ပြောချင်နေပြီဆိုတာ နားလည်လိုက်ပါတယ်။ လူ့ဘဝကို ရစဉ်ကာလမှာ လူတစ်ယောက်အနေနဲ့ အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်ဖို့၊ ဆောင်ရွက်သွားနိုင်ဖို့ တိုက်တွန်းခြင်းပါပဲ။

စင်ပေါ်မှာ ဆိုခဲ့တာ မဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို Bonus အဖြစ် ထည့်သွင်းထားပါတယ်။ အဲဒီသီချင်းကတော့ ကျော်ဟိန်းဖီလိုဆိုဖီဆိုတဲ့ သီချင်းပါပဲ။ ဘယ်ဟာမှ မမြဲဘူးဆိုတာကို အတွေး ပေါက်လာတဲ့ ကျော်ဟိန်းက သူကိုယ်တိုင် ဒီစာသားများကို ရေးဖွဲ့ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ သံစဉ်ကိုတော့ ဂီတမှူး ပက်ထရစ်နဲ့ တိုင်ပင်ပြီး ဖန်တီးခဲ့တာပါတဲ့။ အဲဒီနေ့က စာနယ်ဇင်း ဆရာများရဲ့ အမေးများကို စိတ်ရှည်လက်ရှည် ဖြေသွားတဲ့ ကျော်ဟိန်းကို တွေ့ရပါတယ်။ မင်းသားလတ် အရွယ်လောက်ရှိမယ့် မင်းသားများကို မေးရင်တောင် ဆတ်ဆတ်ခါလောက်တဲ့ အပြောမျိုးကိုလည်း သူ အပြုံးမပျက် ခံနိုင်ရည်ရှိစွာနဲ့ တုန့်ပြန်သွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် Bravo ပါ ဦးကျော်။

 

ငြိမ်းချမ်းတဲ့ ဘဝကို ရှာဖွေတွေ့ရှိနိုင်ပြီး လက်တွေ့ဘဝမှာ ပျော်မွေ့နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဝင်းငြိမ်း

(အမှတ် ၁၉၅၊ ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

           

 


Related Articles

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)
ဝင်းငြိမ်း

ဂျပန်တက္ကသိုလ်တွေကလည်း အဲဒီလိုပဲ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု သီချင်းချင်း မတူကြဘူး။ ဂျပန်တပ်ထဲမှာက တက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံတာဝန် ထမ်းဆောင်ရင်း ပါလာတာဆိုတော့ သူတို့ကလည်း သူတို့ တက္ကသိုလ်တွေရဲ့ သီ...