အနုပညာသမားပြောစကား

ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)

ဝင်းငြိမ်း

01 October 2025
ခေတ်ဟောင်းအဆိုတော်ကြီး  ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း အပိုင်း (၂)
Share to

ဘဘကို ဂျပန်ပြည်က ပေးလိုက်တဲ့ တိပ်ခွေကို မြန်မာ့အသံ ပေးလိုက်တယ်။ ဘယ်နှစ်ခုနှစ်လဲတော့ မမှတ်မိဘူး။ ဂျပန်ဝန်ကြီးချုပ် မြန်မာပြည်ကို လာလည်တော့ မြန်မာ့အသံကနေ ချစ်ကြည်ရေး အထူးအစီအစဉ်အဖြစ် ဘဘဆိုခဲ့တဲ့ ဂျပန်သီချင်း တိပ်ခွေကို လွှင့်ထုတ်ပေးခဲ့တယ်။ အင်္ဂလိပ်ပိုင်း အစီအစဉ်မှာလည်း အထူးအစီအစဉ်အနေနဲ့ ဒီသီချင်းတွေကို လွှင့်ပေးခဲ့ပါတယ်။ ဒါဟာ ဘဘသူများနိုင်ငံမှာ ကြိုးစားအားထုတ်ခဲ့တဲ့ အကျိုးကျေးဇူးကို ခံစားရတာပဲ ထင်ပါတယ်။

            ဘဘ NHK မှာ အသံလွှင့်တာက ဒုတိယအကြိမ်လို့ ခုနက ပြောလိုက်ပါတယ်။ ပထမအကြိမ်ကရော ဘယ်နိုင်ငံမှာ အသံလွှင့်ခဲ့တာပါလဲ။

            ၁၉၅၀ ပြည့်နှစ်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒိုးမြို့ကို ဘဘသွားခဲ့သေးတယ်။ အဲဒီအခေါက် သွားခဲ့ရတာက ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပါဘူး။ ILO ကဖိတ်တဲ့ Plantation Labour Conference ကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ဖြစ်လာတယ်။ ခြံမြေစိုက်ပျိုးတဲ့ အလုပ်သမားများ ရေးရာဆွေးနွေးပွဲပေါ့။ ဘဘက ကော်ဖီခြံစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်တာကြောင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်၊ ဒီဇင်ဘာလပေါ့။ အဲဒီအချိန်က ဘဘ အသက် ၂၇ နှစ်ပဲ ရှိသေးပြီး  နိုင်ငံခြားကို ပထမဆုံးအကြိမ် ရောက်ဖူးတာလည်း ဖြစ်တယ်။ ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင် ၆ ယောက်ပါတယ်။ ၂ ယောက်က အစိုးရ ဝန်ထမ်းတွေပါ။ အလုပ်သမားများဘက်က ၂ ယောက်၊ အလုပ်ရှင်ဘက်က ၂ ယောက်။ အလုပ်ရှင်ဘက်မှာ ဘဘက တစ်ယောက်၊ နောက်တစ်ယောက်က ရာဘာလုပ်ငန်းရှင်ဖြစ်တဲ့ ရွှေပေါက်ပင် ဦးဘသိန်းပေါ့။ အစည်းအဝေးပွဲက မနက်ပိုင်း တင်ရှိတာ၊ ညနေဆိုရင် အားနေပြီ။ ဒါနဲ့ ဘဘတို့ ၆ ယောက်စလုံး ဘန်ဒိုးမြို့ကို လျှောက်လည်ကြတယ်။ အဲဒီမှာ စားသောက်ဆိုင်လေး တစ်ခုသွားတွေ့တယ်။ Rainbow စားသောက်ဆိုင်တဲ့။

            ဒီဆိုင်လေးထဲ ဘဘတို့ ဝင်သွားကြတော့ သူက လာစားကြတဲ့ ဧည့်သည်တွေကို ဖျော်ဖြေတဲ့ တေးဂီတ အစီအစဉ်ကလေးပါတာကို တွေ့ရတယ်။ အဲဒီမှာ စားကြသောက်ကြပြီး နောက်နှစ်ရက်လောက်နေတော့ ဒီစားသောက်ဆိုင်ကလေးကိုပဲ သွားကြပြန်ရော။

            ကိုယ်စားလှယ်အဖွဲ့မှာ ပါလာတဲ့ သူတွေက ဘဘကို အဆိုတော်မှန်း သိကြတဲ့အတွက် အင်ဒိုနီးရှားတီးဝိုင်းနဲ့ မြန်မာသီချင်းဆိုပြီး အစွမ်းပြလိုက်ပါလားလို့ တိုက်တွန်းကြတယ်။ ဒါနဲ့ ဘဘကလည်း ရပါတယ်ဆိုပြီး အကော်ဒီယံနဲ့ အဲဒီစားသောက်ဆိုင်မှာ မြန်မာသီချင်းကို ဆိုပြခဲ့တယ်။ ဒီစားသောက်ဆိုင်ကလေးမှာ ဖျော်ဖြေရေးအတွက် တီးနေကြတဲ့ ဂီတသမားတွေက တကယ့် ပရော်ဖက်ရှင်နယ်တွေပါ။ ဂီတမှူးက ဟန်ဂေရီလူမျိုး ဂျော့ချ်ပစ်ကလာတဲ့။ သူနဲ့ ရင်းနှီးသွားတော့ ဘဘက ခင်ဗျားကျွန်တော့်ကို ကူညီနိုင်မလား။ အင်ဒိုနီးရှား အသံလွှင့်ဌာနကနေ ခင်ဗျားတီးဝိုင်းနဲ့ အသံလွှင့်ချင်တယ်ဆိုတော့ သူကလည်း လိုက်လျောတယ်။ အင်ဒိုနီးရှား အသံလွှင့်ဌာနမှာ တာဝန်ယူ နေတဲ့ ဒတ်ချ်အမျိုးသား တစ်ယောက်နဲ့ ညှိနှိုင်းပြီး အသံ လွှင့်ခွင့်ရခဲ့တယ်။ ဘဘက မြန်မာသီချင်းတင် မဟုတ်ဘဲ အင်ဒိုနီးရှား သီချင်းတွေလည်း ဆိုခဲ့တယ်။ ဘဘက နိုင်ငံရပ်ခြား သီချင်းတွေကို စိတ်ဝင်စားတဲ့အတွက် ရန်ကုန်မှာကတည်းက အင်ဒိုနီးရှား သံရုံးဝန်ထမ်းတွေနဲ့ပေါင်းပြီး အင်ဒိုနီးရှား သီချင်းတွေ ဆိုတတ်နေတာကိုး။ ဒီအစီအစဉ်က မြန်မာနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ ချစ်ကြည်ရေး အစီအစဉ်တစ်ခု ဖြစ်သွားပြန်တယ်။ ILO ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘာအရပ်ရပ်က ရောက်လာကြတဲ့ ကိုယ်စားလှယ်များရှေ့မှာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆောင်ရွက်နိုင်ခဲ့တာပေါ့။ အဲဒါက ၁၉၅ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ဘဘရဲ့ ပထမဆုံး ပြည်ပအသံလွှင့်ဌာနမှာ အသံလွှင့်ခွင့်ရခဲ့တဲ့ အတွေ့အကြုံပေါ့။ NHK က ဒုတိယ ဖြစ်သွားတယ်။

            တတိယ အသံလွှင့်တာရော ရှိသေးလား ဘဘ။

            ရှိတယ်။ ၁၉၅၈ ခုနှစ် က All India Radio လို့ခေါ်တဲ့ အိန္ဒိယ အသံလွှင့်ဌာနမှာ လွှင့်ခဲ့တာ။ အဲဒီမှာလည်း ပေါ်ပြူလာဖြစ်တဲ့ မြန်မာ သီချင်းကလေးတွေ လွှင့်ခဲ့တယ်။

            ၁၉၆ဝ ပြည့်နှစ်ကျတော့ တရုတ်မြန်မာ နယ်နိမိတ် စာချုပ်ချုပ်ဆိုပွဲ အထိမ်းအမှတ်အဖြစ် မြန်မာ နိုင်ငံက စေလွှတ်တဲ့ ချစ်ကြည်ရေးအဖွဲ့မှာ ပါဝင်ခဲ့ရပြန်တယ်။ အဲဒီမှာ ဗိုလ်မှူးကြီး စောမြင့် (ငြိမ်း) (မဟေသီမဂ္ဂဇင်း အယ်ဒီတာချုပ်)က ဘဘတို့ တေးဂီတအဖွဲ့ကို ဦးဆောင်ရတယ်။

            ဖျော်ဖြေရေး အစီအစဉ်မှာ ဘဘကတော့ ထုံးစံအတိုင်း အကော်ဒီယံ တစ်လက်နဲ့ တစ်ယောက်တည်း ဖျော်ဖြေရတယ်။ ဒီတစ်ခါ ဆိုတာက မြန်မာသီချင်း မဟုတ်တော့ဘူး။ တရုတ် သီချင်းကို ဆိုတာ။ ဖျော်ဖြေရေး အစီအစဉ်မှာ ယိမ်းတို့၊ ပြဇာတ်တို့လည်း ပါတာဆိုတော့ အဲဒါတွေ တင်ဆက်ဖို့ ဆက်တင်ပြင်ဆင်နေချိန်မှာ ဘဘက ကတ္တီပါ ကားလိပ် ရှေ့ထွက်ပြီး တစ်ယောက်တည်း ဆိုရတာပေါ့။

            တရုတ်သီချင်း သီဆိုတဲ့ နေရာမှာ စစ်ချီသီချင်းရှိတယ်။ ရိုးရာသီချင်းရှိတယ်။ အမှန်ကတော့ ကိုယ့်အစီအစဉ်က တစ်ပုဒ်နှစ်ပုဒ်လောက် ဆိုဖို့ပါပဲ။ ပထမတစ်ပုဒ်ဆိုမယ်။ ပရိသတ်က ထပ်ပြီး တောင်းဆိုရင် နောက်တစ်ပုဒ် ထပ်ဆိုရမယ်။ အဲဒီလို စီစဉ်ထားတာ။ ဘဘ ကြွားပြီးပြောတာ မဟုတ်ပါဘူး။ ဘဘ အစီအစဉ်မှာ လေးပုဒ်ငါးပုဒ်အထိ ဆိုပေးခဲ့ရတယ်။ သူတို့ လက်ခုပ်တီးတဲ့ ပုံစံ ကလည်း သိတဲ့အတိုင်းပဲ အားလုံး တညီတညာတည်း ဗြန်းဗြန်းဗြန်းနဲ့ မရပ်မနား တီးကြတာ။ အနောက်တိုင်းက လက်ခုပ်တီးတယ်ဆိုတာက မတီးချင်တဲ့ လူက မတီးဘဲ နေသေးတယ်။ တရုတ် ပြည်မှာကတော့ သြဘာပေးပြီဆိုရင် အဲဒီလို မရပ်မနား တီးကြတော့တာပဲ။ ကိုယ်မဆိုမချင်း တီးနေကြတာဆိုတော့ ဆိုပေးရပြန်ရော။

            ဘဘ အစီအစဉ်ပြီးတော့ တရုတ်ဗိုလ်ချုပ်တွေက ဒီအဆိုကျော် ဆိုသွားတာ တရုတ်စစ်စစ်တစ်ယောက် ဆိုသွားတဲ့ အသံအတိုင်းပဲ။ သူ့ကို တွေ့ချင်တယ်ဆိုလို့ ဘဘတို့ မြန်မာအဖွဲ့ ခေါင်းဆောင်က စင်နောက်ကို ခေါ်လာပြီး ဘဘကို မိတ်ဆက်ပေးခဲ့တယ်။ သူတို့ အရမ်းကို ချီးကျူးကြပါတယ်။

            အဲဒီလို စင်ပေါ်မှာ သီဆိုဖျော်ဖြေရတာအပြင် ခြံကြီးတွေမှာ ကျင်းပတဲ့ နေ့ခင်းပိုင်း ဧည့်ခံပွဲတွေမှာလည်း မြန်မာ တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား သီချင်းတွေနဲ့ ဖျော်ဖြေပေးခဲ့ရသေးတယ်။ ဘဘရဲ့အသိစိတ်ဓာတ်နဲ့ လုပ်ဆောင်ခဲ့တာတွေပါ။

            ကြားဖြတ်မေးပါရစေ ဘဘ။ ဘဘက ဂျပန်သီချင်း ကောင်းကောင်းဆို နိုင်တယ်ဆိုတော့ ဘယ်တုန်းကများ ဘယ်သူ့ဆီမှာ သင်ယူခဲ့တာပါလဲ။

            ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီကတည်းက ဘဘတို့ ပြင်ဦးလွင်မှာ နေခဲ့ကြတယ်။ အဲဒီတုန်းက ဂျပန်ဆိုတာကို ရုပ်ရှင်ထဲမှာပဲ မြင်ဖူးတယ်။ ပြင်ဦးလွင်မှာ ဂျပန် တစ်ယောက်စ နှစ်ယောက်စ လောက်တော့ ရှိပါတယ်။ ဓာတ်ပုံဆိုင်ဖွင့်ထားတဲ့ ဂျပန်တို့၊ သွားစိုက်ဆရာ ဂျပန်တို့ ရှိကြပါတယ်။ ဒါပေမယ့် ဂျပန် သီချင်းသံကိုတော့ မကြားခဲ့ဖူးပါဘူး။

            ဒုတိယ ကမ္ဘာစစ် ဖြစ်နေချိန်မှာ NHK က ဒုတိယပိုင်းအစီအစဉ်အနေနဲ့ မြန်မာပိုင်း အစီအစဉ်ကို လွှင့်ပေးပါတယ်။ ဒါကလည်း သူတို့အနေနဲ့ ဝါဒဖြန့်တဲ့ သဘောပါပဲ။ မြန်မာပိုင်း အစီအစဉ်ရဲ့ အစမှာ ဂျပန် စစ်ချီသီချင်း တစ်ပုဒ် လွှင့်လေ့ရှိတယ်။ အကြာကြီး မဟုတ်ပါဘူး။ ၃ စက္ကန့်လောက်ပါပဲ။ အဲဒါ လေးကို ဘဘက ညနေတိုင်း ကြားကြားနေတယ်။ နားရည် ဝနေတယ်ပေါ့။

            ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ ဘဘက ဘီတီဘရားသားစ် ကော်ဖီဆိုင်မှာ ဆိုင်ထိုင်လုပ်နေရတယ်။ စစ်အတွင်းဆိုတော့ အရောင်းအဝယ်ကလည်း ပါးပါတယ်။ ဒါနဲ့ ပျင်းပျင်းရှိတော့ ဘဘမှာရှိတဲ့ ကလဲရီနက်ကလေးနဲ့ စောစောကပြောတဲ့ ဂျပန်စစ်ချီသီချင်းကို မှုတ် မှုတ်နေတယ်။

            အဲဒီမှာ လမ်းဖြတ်သွားတဲ့ ဂျပန်စစ်သား လေးငါးယောက်က ကြားသွားပြီး ဘဘဆိုင်ထဲကို ဝင်လာကြတယ်။ မင်းဒီသီချင်းကို ဘယ်လိုရတာလဲလို့ မေးကြတော့ ဘဘကလည်း ရေဒီယိုကတစ်ဆင့် ကြားလို့ ရတာဖြစ်တဲ့အကြောင်း ပြောပြလိုက်တော့ သူတို့ကလည်း သဘောကျသွားကြတယ်။ သူတို့ ဗိုလ်ကြီးကို သွားခေါ်ပြီး မှုတ်ပြခိုင်းမယ်လို့ ပြောကြတယ်။ သူတို့ဗိုလ်ကြီး ရောက်လာတော့ ဘဘက အဲဒီ စစ်ချီသီချင်းကို မှုတ်ပြရတယ်။ ဗိုလ်ကြီးကလည်း သဘောကျသွားပြီး သူ့ ထရပ်ကားပေါ်တက်ခိုင်း တယ်။ ပြီးတော့ သူ့တပ်စိတ်ရှိရာကို ခေါ်သွားတော့တာပဲ။ တပ်စိတ်ကိုရောက်တော့ သူ့ တပ်သားတွေ အားလုံးကို တန်းစီခိုင်းတော့တာပဲ။

            ဘဘ မှုတ်နေတဲ့ သီချင်းက သူတို့ရဲ့ အမျိုးသားသီချင်းဖြစ်နေတာကို။ တန်းစီထားတဲ့ စစ်သား တွေက သံပြိုင်ဆိုကြပြီး ဘဘက အဲဒီသီချင်းကို လိုက်မှုတ်ပေးရတယ်။ ဒီသီချင်းက နောင်မှာ ရန်ကုန်မှာ တော်တော်လေး ခေတ်စားခဲ့ပါတယ်။

            ပြင်ဦးလွင်မှာ ဒီလိုနဲ့ပဲ အဲဒီဂျပန်စစ်သားတွေနဲ့ ရင်းနှီးသွားတယ်။ သူတို့ကလည်း အားရင် ဘဘဆိုင်ကိုရောက်လာကြပြီး ဂျပန်သီချင်းတွေ သင်ပေးကြတယ်။ အဲဒီတုန်းက ဘဘက အကော်ဒီယံ ရှိလည်း မရှိဘူး။ တီးလည်း မတီးတတ်သေးဘူး။ ကလယ်ရီနက်နဲ့ပဲ ကျင့်ယူခဲ့တာ။

            ပြင်ဦးလွင်မြို့ဆိုတာက သိတဲ့အတိုင်း မြို့သေးသေးကလေးပါ။ ဂျပန်တပ် တွေကလည်း အမြဲတပ်စွဲထားတာမဟုတ်ဘူး။ တပ်တစ်ခုပြီးတစ်ခု ပြောင်းသွားတာလေ။ သူတို့ ဂျပန်တပ်မှာကလည်း ဂျပန်နိုင်ငံ အရပ်ရပ်က ဂျပန်တွေ တာဝန်ထမ်းဆောင် ကြရတာဆိုတော့ ဒေသတစ်ခုနဲ့ တစ်ခု မတူကြဘူး။

သီချင်းတွေကလည်း အဲဒီလိုပဲ ကွဲပြားကြတယ်။ တပ်တစ်တပ် ပြောင်းသွားပေမယ့် နောက်တစ်တပ် ရောက်လာရင်လည်း ဘဘဆီကိုပဲ ရောက်လာကြပြီး သူတို့ဒေသ သီချင်းတွေ သင်ပေးကြပြန်ရော။ ဒီလိုနဲ့ ဘဘမှာ ဂျပန်ဒေသ အသီးသီးက သီချင်းတွေရနေတယ်။ ဂျပန်တက္ကသိုလ်တွေကလည်း အဲဒီလိုပဲ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု သီချင်းချင်း မတူကြဘူး။ ဂျပန်တပ်ထဲမှာက တက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံတာဝန် ထမ်းဆောင်ရင်း ပါလာတာဆိုတော့ သူတို့ကလည်း သူတို့ တက္ကသိုလ်တွေရဲ့ သီချင်းတွေကို သင်ပေးကြတယ်။ ဒီတော့ ဘဘအနေနဲ့ ဂျပန်နိုင်ငံအရပ်ရပ်က ဒေသ သီချင်းတွေရော၊ ဂျပန်တက္ကသိုလ်တွေက သီချင်းတွေပါ ရနေတော့တာပေါ့။

            အဲဒီအချိန်မှာ ဘဘက မယ်ဒလင် တီးတတ်နေပြီ။ သူတို့ သင်ပေးတဲ့ သီချင်းတွေထဲမှာ သားချော့တေးတွေ၊ အုပ်စုလိုက်ကတဲ့အခါမှာဆိုတဲ့ သီချင်းတွေ၊ အရက်မူးတဲ့အခါမှာ ဆိုလေ့ဆိုထ ရှိတဲ့ သီချင်းတွေ အမျိုးစုံပါပဲ။ ၁၉၄၂/ ၁၉၄၃/ ၁၉၄၄ သုံးနှစ်လုံးလုံး သူတို့နဲ့ တရင်းတနှီးရှိခဲ့ပြီး ဂျပန် သီချင်းတွေ ရခဲ့တယ်။ ၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းမှာ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသွားတယ်။ အဲဒီအချိန်မှာ ဘဘက ဂျပန်သီချင်း အပုဒ် ၁ဝဝ ကျော်လောက် ရနေပြီ။

            ဘဘ ၁၉၆ဝ ပြည့်နှစ်မှာ တရုတ်မြန်မာ နယ်နိမိတ် စာချုပ်ချုပ်ဆိုမှု အောင်ပွဲ အထိမ်းအမှတ်အဖြစ် တရုတ်ပြည်ကို သွားရင်း အသံလွှင့်ခဲ့ပြီးတဲ့နောက် နောက်ထပ် ပြည်ပမှာ အသံလွှင့်တာများ ရှိပါသေးလား။

            အဲဒီနောက်မှာတော့ ပြည်ပဖျော်ဖြေမှု မရှိတော့ပါဘူး။ ပြည်တွင်းမှာတော့ သီချင်းဆိုနေတုန်းပဲ။ ဆိုတာမှ မြို့ပွဲတောပွဲ မရှောင် ဆိုခဲ့တာပေါ့။ အဲဒီတုန်းက စာရေးဆရာ သိပ္ပံမှူးတင်က ဆေးလိပ်မသောက်ကြဖို့ အနယ်နယ်အရပ်ရပ်လှည့်ပြီး ဟောပြောနေချိန်ပေါ့။ ရန်ကုန် တစ်ဖက်ကမ်းက အံ့ကြီးဆိပ်ကမ်းမှာ သူက ဟောပြော၊ ဘဘက သီချင်းဆိုတဲ့ ပွဲတစ်ပွဲ ရှိခဲ့တယ်။ အဲဒီပွဲပြီးတော့ သူက ကိုအံ့ကြီးရယ် ဒီနဲ့ သိပ်မဝေးပါဘူး၊ နောက်တစ်ပွဲ လိုက်ခဲ့ပါဦးဆိုတော့ ဘဘကလည်း လိုက်သွားတာပဲ။ သွားလိုက်ရတာ တော်တော်ဝေးတယ်။ ဘယ်နေရာလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ အိမ်က အိမ်ရှင်မကို ပြောခဲ့တာက တစ်ပွဲတည်း။ ဒါပေမယ့် သိပ္ပံမှူးတင်ခေါ်လို့ နောက်တစ်ပွဲ ဆက်ပါသွားတော့ တော်တော်ညဥ့်နက်တဲ့အထိ အိမ်ပြန်မရောက်ဘူး။ အိမ်ရှင်မက စိတ်ပူတာပေါ့။ ညသန်းခေါင်ကျော်တော့မှ ပြန်ရောက်တယ်။ ဘဘ ဝါသနာက အဲသလောက်ထိ ပြင်းထန်ခဲ့တာ။ ပြည်တွင်းက ပွဲကြီးပွဲကောင်း မှန်သမျှလည်း ဘဘ သွားဆိုခဲ့တာပဲ။ နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ၊ ပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲ၊ တောင်သူလယ်သမားနေ့ ပျော်ပွဲရွှင်ပွဲ၊ အလုပ်သမားနေ့ ပျော်ပွဲရွှင်ပွဲ အားလုံးမှာ ဘဘ ပါခဲ့တယ်။ တက္ကသိုလ်က အဆောင်တွေမှာ နှစ်ပတ်လည် ညစာစားပွဲတွေ ကျင်းပတယ်ဆိုရင်လည်း ဘဘ ဆိုပေးရတာပဲ။ ဒီလိုဖိတ်ကြတာက ဘဘအနေနဲ့ဆိုရင် အကော်ဒီယံတစ်လက်နဲ့ ဆိုတာဖြစ်လို့ စန္ဒရားတွေ ဘာတွေ မလိုတော့ဘူး။ ဝန်ကျဉ်းတာလည်း ပါတာပေါ့လေ။ နောက်တစ်ချက်က သူတို့အနေနဲ့ ဘဘကို ချစ်မြတ်နိုးကြလို့လည်း ဖိတ်ကြတာပါ။

            ဘဘတို့ သီချင်းဆိုတဲ့ ခေတ်တုန်းကတော့ အခမဲ့ ဆိုခဲ့ကြတာပါပဲ။ သွားလေရာ ကားထဲမှာ အကော်ဒီယံပါတယ်။ ကိုအံ့ကြီး ဆိုပါဦးဗျာဆိုရင် ဆိုလိုက်တာပဲ။ ဘာအခကြေးငွေမှ မရှိဘူး။

            ဘဘ သီချင်းဆိုတတ်တာတော့ ဟုတ်ပါပြီ။ တီးတတ်တာနဲ့ ပတ်သက်လို့ ပြောပြပေးပါဦး။

            ဘဘတို့ ညီအစ်ကိုတွေ ဘီတီဘရားသားစ် ကော်ဖီလုပ်ငန်း ထူထောင်ကြတော့ ဘဘက မန္တလေးမှာ ကော်ဖီမှုန့် အရောင်းဆိုင် ထိုင်ခဲ့ရဖူးတယ်။ အဲဒီတုန်းကတည်းက ဘဘတို့က Gift Scheme ဆိုတာ လုပ်ထားတယ်။ ကော်ဖီမှုန့် ဝယ်တိုင်းဝယ်တိုင်းမှာ ဖြတ်ပိုင်းလေးတွေ ပေးထားတယ်။ ဝယ်သူက ကော်ဖီမှုန့်ဝယ်တာ ဘယ်နှပေါင် ပြည့်သွားရင် လက်ဆောင်အနေနဲ့ ဘာပစ္စည်းပေးမယ်ဆိုတာကိုလည်း ကြော်ငြာထားတယ်။ 

            လက်ဆောင်ပေးတာကတော့ အိမ်သုံးပစ္စည်းတွေပေါ့။ အိုးရှိတယ်။ ခွက်ရှိတယ်။ ပန်းကန်ရှိတယ်။ ဖန်ခွက်ရှိတယ်။ အားနေတဲ့ အချိန်မှာ ဘဘက အဲဒီအိုးခွက်ပန်းကန်တွေထဲကို ရေထည့်ပြီး အသံစမ်းကြည့်တယ်။ အဲဒီလောက်အထိ ဂီတကို ဝါသနာကြီးခဲ့တာ။ အဲဒီအချိန်တုန်းက ဘာဂျာ သေးသေးကလေးတွေရှိတယ်။ ပါးစပ်မှာ ဘာဂျာတပ်ထားပြီး လက်က မယ်ဒလင်တီးတယ်။ တစ်ယောက်တည်းနဲ့ ဂီတနှစ်မျိုး တီးခဲ့တာပေါ့။

            ဘဘရဲ့ ဖျော်ဖြေရေး သမားဘဝမှာ ထူးခြားတာ တစ်ခုရှိခဲ့တယ်။ ၁၉၇၁ ခုနှစ်ကပေါ့။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲဝင်နေကြတဲ့ တပ်မတော်သားတွေကို ဖျော်ဖြေရေးအနေနဲ့ သွားခဲ့ကြတာ ပဲ။ အကော်ဒီယံ အုန်းကျော်လည်း ပါတယ်။ မှတ်မှတ်ရရပါပဲ။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ပါ။

            အဲဒီနေ့က မှတ်မှတ်ရရ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့ နေ့ဖြစ်လို့ မှတ်မိနေတာပါ။ ဖျော်ဖြေရေးအဖွဲ့မှာ အမျိုးသမီး အဆိုကျော်တွေထဲက တင်တင်မြပါတယ်။ နောက်အမျိုးသမီး အဆိုကျော်တစ်ယောက်လည်းပါသေးတယ်။ အကနဲ့ဖျော်ဖြေဖို့အတွက် နွဲ့နွဲ့စမ်းလည်း ပါလာသေး တယ်။ ဂီတလုလင် ဦးကိုကိုတို့က တစ်ဖွဲ့။ သူဆိုရင် ဝါးပတ္တလား ယူလာတယ်။ ဒါပေမယ့် အိမ်မပါဘူး။ တစ်ဖက်က တစ်နေရာရာမှာ ချိတ်ပြီး တစ်ဖက်ကို တစ်ယောက်ယောက်က ကိုင်ပေးထားရတယ်။ ရှေ့တန်းကို သွားဖျော်ဖြေကြတာကိုး။

            ရှေ့တန်းဆိုတော့ တပ်မတော်သားလေးတွေ ထိခိုက်ဒဏ်ရာရတာတွေ ဘာတွေ ရှိတာပေါ့။ ဒီတော့ သူတို့အတွက် သွေးလိုတယ်။ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း အဆိုသမားတွေ၊ အတီးသမားတွေ၊ လူရွှင်တော်တွေ၊ အများကြီးပါတဲ့ ဘဘတို့ အနုပညာအဖွဲ့က လိုအပ်တဲ့ သွေးလှူမှာပဲလို့ ထင်ထား ကြတယ်။ ဒါနဲ့ ဘဘက ငါစလှူလိုက်ရင်တော့ လူငယ်တွေ လိုက်လှူကြမှာပဲလို့ အောက်မေ့ပြီး ဘဘက အရင် သွေးလှူလိုက်ပါတယ်။ ဒါတွေကို ဘဘ ပြန်ပြောနေတာက ဂုဏ်ဖော်ချင်လို့ မဟုတ်ပါဘူး။ ခု ကိုဝင်းငြိမ်း လာမေးနေတဲ့နေရာမှာ မှတ်တမ်းအဖြစ် ကျန်ရစ်စေချင်လို့ ပြောပြနေတာပါ။ ဘယ်သူ့ကိုမှလည်း ထိခိုက်စေချင်တဲ့ ဆန္ဒမရှိပါဘူး။

ဆက်လက်ဖော်ပြပါမည်

ဝင်းငြိမ်း

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...