ရွှေနှလုံးသား

အပြစ်တင်မိသော တယ်လီဖုန်း

ညိုမီမီလွင်

01 October 2024
အပြစ်တင်မိသော တယ်လီဖုန်း
Share to

အချစ်ဆိုတာ ပုံသဏ္ဌာန် ဖော်ပြလို့မရပေမယ့် အလွန်ကို နူးညံ့သိမ်မွေ့စွာ ခံစားတတ်ကြတယ်။ မထင်မှတ်တဲ့ တစ်ချိန်ချိန်မှာ ရုတ်တရက် ရောက်လာတယ်။ လူတွေဟာ အချစ်ကို ရှာဖွေတွေ့ရှိချိန်မှာ တွေဝေပြီး ငေးမောတတ်လာတယ်။ အချစ်နဲ့ ပတ်သက်ပြီး စဉ်းစားလာတယ်။ စိတ်ကူးတွေယဉ်ပြီး ကဗျာဆရာတွေလည်း ဖြစ်လာကြတယ်။ အချစ်ဆိုတဲ့ ဝင်္ကပါထဲကို ဝင်မိပြီဆိုရင်လည်း ရုန်းထွက်ဖို့ မလွယ်တော့ဘူး။ ချစ်မိတဲ့သူတစ်ယောက်ကို မုန်းမှမမုန်းနိုင်တာကိုး။

ကျွန်မ သူ့ကို ချစ်မိပြီ။ စွဲစွဲလမ်းလမ်းနဲ့ တစ်ယောက်ဆို တစ်ယောက်ပါပဲ။ ကျွန်မ နှလုံးသားရဲ့ နက်ရှိုင်းတဲ့တစ်နေရာကို သူတစ်ယောက်တည်း စိုးမိုးအနိုင်ယူထားပေမယ့် မတားဆီးမိဘူး။

ကျွန်မကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ နေရာပေးမိတာပါ။ ကျွန်မ ရင်ထဲကို အချစ်တွေ ရောက်လာတာကတော့ အမှတ်တမဲ့ နိုင်လွန်းပါတယ်။ ဒါပေမယ့်လည်း အမှတ်တမဲ့ကနေ အမှတ်တရတစ်ခု ဖြစ်စေခဲ့တယ်။ သူ့ရဲ့အသံလေးက တကယ့်ကို အမှတ်တရပါပဲ။

သူ့ဆီကို ဖုန်းဆက်ဖြစ်တာကလည်း ရိုးရိုးသားသား စချင်နောက်ချင်ရုံ သက်သက်ပါပဲ။

အဲဒီနေ့က ကျောင်းစဖွင့်တဲ့နေ့ပေါ့။ နောက်ဆုံးနှစ်ကျောင်းသူအနေနဲ့ ပထမဆုံး ကျောင်းစတက်တဲ့နေ့ပါ။

ကျွန်မနဲ့ သူငယ်ချင်းတွေက နံနက်ကတည်းက ကျောင်းကို ရောက်နှင့်နေကြတယ်။ ကျွန်မတို့တစ်တွေ သတိထားမိတာကတော့ သူ့ကို မတွေ့မိတာပဲ။ ပျော်ပျော်ရွှင်နေတတ်တဲ့ ကျွန်မတို့အဖွဲ့ တစ်ခုခုလုပ်ဖို့ စဉ်းစားပြီပေါ့။ ဒီအချိန်မှာ ဇူးဇူးက အကြံဉာဏ်တစ်ခု ပေးတယ်။

သူ့ဆီကို နာမည်မပြောဘဲ ဖုန်းဆက်မယ်။

Lecture ရှိတယ်လို့ ပြောပြီး ကျောင်းကို လာခဲ့ဖို့ ခေါ်မယ်လို့လေ။ ကျန်တဲ့သူငယ်ချင်းတွေက ထောက်ခံကြတယ်။ ကျွန်မကိုယ်တိုင်ကလည်း မတားမိဘူး။ သူ့ကို မတွေ့ရတာ ကျောင်းပိတ်ရက် တစ်လလုံးဆိုတော့ 'သူသာ ကျောင်းကို လာခဲ့ရင်'ဆိုတဲ့ အတွေးနဲ့ပေါ့။ ကျွန်မတို့အဖွဲ့ ကျောင်းရုံးခန်း ဘေးနားမှာ ရှိတဲ့ ဆက်သွယ်ရေးဖုန်းဆီကို ခြေဦးလှည့်ခဲ့ကြတယ်။

ဖုန်းနံပါတ်ကိုတော့ သူနဲ့ရင်းနှီးတဲ့ ကောင်မလေးတစ်ယောက်ဆီကို ဖူးပွင့်က ဖုန်းဆက်မေးလို့ သိရတယ်။ ဖုန်းနားမှာ သူငယ်ချင်းတွေ ဝိုင်းနေပြီး ဖုန်းနံပါတ်နှိပ်တဲ့ သူ၊ ဖုန်းကိုင်ပြီး စကားပြောမယ့်သူ၊

ဘေးက ဘာပြောရမယ်ဆိုပြီး ပြောပေးနေတဲ့သူတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ ကျွန်မကတော့ အတွေးစတချို့ကို တွေးရင်း သူတို့အနားမှာ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။

ကျွန်မ ကြားနေရတာကတော့ ဖြူသီရဲ့ အသံပါပဲ။ နောက်ဆုံးမှာတော့ 'မသိဘူး၊ နင် ကျောင်းကို အခုလာခဲ့ပါ' ဆိုပြီး ဖုန်းကို ဆတ်ခနဲချလိုက်တယ်။ ဖြူသီရဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့ကို ခေါ်လို့ မရဘူးဆိုတာ သိလိုက်တယ်။

ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာတော့ စိတ်ပျက်မိတယ်။

တီ...တီ...တီ ဖုန်းမြည်သံကြောင့် ကျွန်မ ဖုန်းကိုင်လိုက်တယ်။ သူ့အသံချိုချိုလေး ကျွန်မ နားထဲကို စီးဝင်လာတယ်။ ကျွန်မလည်း စကားပြောတဲ့နေရာကို လက်နဲ့ပိတ်ပြီး သူငယ်ချင်းတွေကို ခေါ်တယ်။ သူတို့က ကျွန်မကို ဖုန်းပြန်ထူးဖို့ ပြောတယ်။ ရုတ်တရက် စာမေးခံရတဲ့ ကျောင်းသူ တစ်ယောက်လိုပဲ ကျွန်မ ဘာလုပ်ရမလဲ၊ ဘာ ပြောရမလဲ မသိဘူး ဖြစ်သွားတယ်။ ကျွန်မရဲ့ နှုတ်ဖျားက တော့ 'ဟဲလို' ဆိုတဲ့ စကား လေး ထွက်သွားခဲ့ပြီလေ။

'ကျွန်တော် ဒီနေ့တော့ မလာနိုင်တော့ဘူး။ မနက်ဖြန် မှပဲ လာခဲ့ပါ့မယ်'

'ရှင်...' ကျွန်မရဲ့ အာမေဍိတ်သံကြောင့် သူ့နာမည်ကို ပြောတယ်။ ဒီအချိန်မှာ စဉ်းစားမိတာက ကျွန်မတို့ ဖုန်းဆက်တာ သူ့ကို ခေါ်ဖို့ပဲလေ။

'ကျောင်းကို လာခဲ့ပါ' ကျွန်မဘက်က ထပ်ခါတလဲလဲ ပြောခဲ့ပေမယ့် သူအလုပ် များနေတဲ့ အကြောင်း၊ သူ့အိမ်နဲ့ ကျောင်းနဲ့က ဝေးတဲ့အတွက် ကျောင်းရောက်ရင် အချိန်ရှိမှာ မဟုတ်တော့ဘူး ဆိုတဲ့အကြောင်းတွေကို ပြောပြတယ်။ ကျွန်မ သူ့ရဲ့ စကားသံတွေကြားမှာ ခဏတာ နစ်မြော သွားမိတယ်။ ကြည်လင်ပြတ်သားပြီး တစ်ဖက်လူကို နားလည်လက်ခံ လာအောင် ပြောနိုင်တဲ့ သူ့ အသံတွေက ကျွန်မကို စိုးမိုး အနိုင်ယူလိုက်တယ်။ ဖုန်းချလိုက်ပေမယ့် သူ့အသံလေးက ကျွန်မ နားထဲမှာ စွဲမြဲပြီး ကြားယောင်နေမိတယ်။

တကယ်တော့ တယ်လီဖုန်းလေးက ကျွန်မရဲ့ ရင်ခုန်သံတွေကို စတင်စေခဲ့တာ မဟုတ်ပါဘူး။ ရင်ခုန်သံ စည်းချက်တွေကို ပိုမြန်စေခဲ့တာပါ။ ကျွန်မ သူ့ကို ပထမဆုံး သတိထားမိတာက ပထမနှစ် ကျောင်းသူဘဝရဲ့ တစ်နေ့သော ကျောင်းအပြန် လမ်းကလေးမှာပါ။

Class (အတန်း)ပြီးလို့ သူငယ်ချင်းတွေနဲ့ လမ်းခွဲခဲ့တယ်။ တိတ်ဆိတ်ပြီး လူရှင်းတဲ့ လမ်းကလေးအတိုင်း တစ်ယောက်တည်း ကားမှတ်တိုင်ဆီကို ဦးတည်ပြီး လမ်းလျှောက်လာခဲ့ပေမယ့် တစ်နေရာ အရောက်မှာတော့ လမ်းဖြတ်ကူးဖို့ ကျွန်မရဲ့ ခေါင်းကိုလှည့်ပြီး အနောက်ဘက်ကို ကြည့်လိုက်တယ်။ ခပ်လှမ်းလှမ်းမှာ ကျွန်မရဲ့ ဦးတည်ဘက်အတိုင်း လမ်းလျှောက်လာနေသူ တစ်ယောက်ကို တွေ့လိုက်တယ်။ သူ့မျက်နှာကို သတိမထား လိုက်မိပေမယ့် အဖြူနဲ့အနက် အစင်းကျား စပို့ရှပ်အင်္ကျီ လက်ရှည်လေးနဲ့ ကချင်လွယ်အိတ် အစိမ်းလေး လွယ်ထားတာတော့ ကျွန်မ အမှတ်ရ လိုက်တယ်။

ကျောင်းတက်ခါစ ဆိုတော့ အတန်းထဲက လူတွေကို မမှတ်မိသေးဘူးလေ။ ဒါပေမယ့်လည်း မနေ့က တွေ့ခဲ့တဲ့ အင်္ကျီ အစင်းကျားနဲ့ ကောင်လေးကို ရှာခဲ့မိတယ်။ ခက်တာက သူ့မျက်နှာကို မမှတ်မိဘဲ သူ့အင်္ကျီ ကို မှတ်မိနေတာပဲ။ အင်္ကျီ ဆိုတာ နေ့တိုင်း ဒီအင်္ကျီ ပဲ ဝတ်တာမှ မဟုတ်တာ။ သူနောက်တစ်ခါ ဒီအင်္ကျီ ဝတ်တဲ့နေ့ကို စောင့်နေရုံပဲပေါ့။

ဒီနေ့ကျောင်းမှာ Practical ရှိပါတယ် ဆိုမှ အိပ်ရာထ နောက်ကျနေလို့ မေမေ ထည့်ပေးထားတဲ့ ထမင်းချိုင့်ကို ဆွဲပြီး ခပ်သွက်သွက်လေး လမ်းလျှောက်လာခဲ့တယ်။ မှတ်တိုင်မှာ အသင့်ရောက်နေတဲ့ မီနီဘတ်(စ)ပေါ် ပြေးတက်လိုက်မိတယ်။ နှစ်ယောက်ထိုင်ခုံ တစ်ခုမှာ ဝင်ထိုင်မယ်လို့ ဟန်ပြင် လိုက်တယ်။ 'သူပဲ'၊ တကယ်ကို သူမှသူပါပဲ။ ကျွန်မ မှတ်မိလိုက်တယ်။ သူ ဝတ်ထားတဲ့ အင်္ကျီ အစင်း ကျားလေးနဲ့ သူ့ပေါင်ပေါ်မှာ တင်ထားတဲ့ လွယ်အိတ်စိမ်းလေးကြောင့်ပေါ့။ လက်ထဲက စာအုပ်ကို စိတ်ဝင်တစား ဖတ်နေတဲ့သူကတော့ ကျွန်မကို သတိထားမိပုံ မပေါ်ဘူး။ ကျွန်မလည်း သူ့နောက်နားက ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူ့ဘေးမှာထိုင်ရင် သူ့မျက်နှာကို မှတ်မိအောင် ကြည့်လို့ ဘယ်ရပါ့မလဲ။

သူဟာ ကျွန်မနဲ့တစ်ခန်းတည်း အခန်းဖော်ဆိုတာ သိလိုက်တယ်။ အခုလို သူ့ကို မှတ်မိသွားပြီ ဆိုတော့ သူ ဘယ်အချိန် ကျောင်းလာတယ်။ ဘယ်အချိန် ကျောင်းပြန်တယ်။  သူ ဘာလုပ်တတ်တယ်။ ဘာအစားအစာတွေ စားသလဲ စသဖြင့် ကျွန်မ ဂရုတစိုက်နဲ့ သတိထားကြည့်မိတယ်။ ဒါတွေကို သူကတော့ သိပုံမပေါ်ဘူး။ ပထမနှစ်ကနေ အခုဆို နောက်ဆုံးနှစ် ရောက်လာပေမယ့်လည်း အခြေ အနေတွေက သိပ်ပြီး ထူးထူးခြားခြား မရှိခဲ့ဘူး။ ကျွန်မတို့ အဖွဲ့ထဲက သူငယ်ချင်း တစ်ယောက်ယောက်နဲ့ တစ်ခါတစ်ရံ စကားနည်းနည်းပါးပါး ပြောဖြစ်တာက လွဲလို့ပေါ့။ သူးသန့်နဲ့ စကားပြောဖြစ်တဲ့ အခါတိုင်း သူ့အကြောင်းလေးတွေကို တစ်ဆင့်ခံ သူးသန့် ဆီကနေ ကြားရတတ်တယ်။

ကျွန်မနဲ့ သူငယ်ချင်းတွေ ကန်တင်းမှာ မုန့်စားရင်း စကားပြောနေကြတယ်။ 'ဖူးပွင့်၊ ကျောင်းစဖွင့်တဲ့နေ့က ငါ့ဆီကို ဖုန်းဆက်တာ နင်လား' သူ့ရဲ့ ရုတ်တရက် မေးလိုက်တဲ့ စကားကြောင့် အမူအရာ ပျက်သွားသူက ကျွန်မပေါ့။ ကံကောင်းတာက သူ့ကို ကျောပေးထိုင်နေမိတဲ့အတွက် ကျွန်မ မျက်နှာကို သူ မမြင်နိုင်တာပဲ။ 'သူခိုး၊ လူမိ'သွား သလိုပဲ။ တစ်ဖွဲ့လုံး ဘာစကားမှ မပြောတော့ဘဲ ငြိမ်ကျသွားတယ်။ အဲဒီအချိန်မှာ 'ငါ ဆက်တာဘာဖြစ်လဲ' သူးသန့်က အသံခပ်မာမာလေးနဲ့ ပြောလိုက်တယ်။ သူ ဘာမှမပြောဘဲ လှည့်ထွက် သွားခဲ့တယ်။

သူ စိတ်ဆိုးသွားလား။ ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ သူးသန့်ကလည်း ကျွန်မတို့ အမူအရာ ပျက်နေမှန်းသိလို့ မဟုတ်ဘဲနဲ့ ဝန်ခံလိုက်တာ။ ကျွန်မတို့ တကယ်လွန်တယ်နော်။ ဖုန်းဆက်ခေါ်တုန်းက ခေါ် ပြီးတော့ မသိချင်ဟန်ဆောင်နေတယ်။ လာမေးတော့ လေသံမာမာနဲ့ ပြန်ပြောတယ်။ ဖြူသီက ဘာမှမဖြစ်သလို နေနိုင်ပေမယ့် ကျွန်မက သူ့ကို အရမ်းအား နာမိတယ်။ ကျွန်မတို့ ဆိုးတာတွေအတွက် ဘယ်လို တောင်းပန်ရမလဲ စဉ်းစားရလွန်းလို့ အိပ်လို့တောင် မပျော်ဘူး။ သူ ကျေနပ်တဲ့အထိ ကျွန်မ တောင်းပန်ချင်ပါတယ်။

ကျွန်မက ယောကျ်ားလေး သူငယ်ချင်း မထားဖူးသလို စကားလည်း များများစားစား မပြောဖူးတော့ သူ့ ကို မျက်နှာချင်းဆိုင်ပြီး တောင်းပန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကြောင့် သူ့ဆီကို ဒုတိယအချိန် ဖုန်းဆက်ရပြန်ပြီပေါ့။ ကျွန်မ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်ဖြစ်တာပါ။ ဒီလိုမှ မတောင်းပန်ရရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နိုင်မှာ မဟုတ်လို့ပါ။ ကျွန်မ ဘက်က တောင်းပန်စကားကို ဆုံးအောင်မပြောရသေးဘူး။ သူ့ဘက်က ခွင့်လွှတ် ပါတယ်။ စိတ်မဆိုးပါဘူး။ မှတ်လည်း မထားပါဘူးတဲ့။ ဖုန်းဆက်စကားပြောတာ သူးသန့် မဟုတ်ဘူး။ ကျွန်မပါလို့ ဝန်ခံလိုက်ရတဲ့အတွက် စိတ်ထဲမှာ ရှင်းသွားတယ်။ ကျွန်မရဲ့ နာမည်ကို ထည့်ပြော ရလောက်အောင်တော့ သတ္တိမရှိခဲ့ပါဘူး။ သူ့ဆီက ကတိတောင်းခဲ့တယ်။ ကျွန်မ ဖုန်းဆက်တာကို သူငယ်ချင်းတွေကို မပြောဖို့နဲ့ ဒီအကြောင်းတွေကို မေ့ပစ်လိုက်ဖို့ပါ။ သူ့ကိုသာ မေ့ခိုင်းတာ ကျွန်မ ကိုယ်တိုင်က ဘယ်လိုမှ မေ့လို့မရတာ အမှန်ပါပဲ။

သူက စိတ်မဆိုးတဲ့အပြင် သူးသန့်ကို တောင်းပန်စကားလာပြောတယ်။ သူငယ်ချင်းတွေ စကားပြောနေတာ သူ့ကြောင့် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ထွက်သွားတာပါတဲ့။ သူးသန့်က ပွင့်လင်းပြီး စကားကို ဘုဆတ်ဆတ် ပြောတတ်မှန်း သူသိပါတယ်တဲ့။ သူ ဘာကြောင့် ဒီလောက်အထိ သဘောထား ကြီးရတာလဲ။ ကျွန်မ နှလုံးသားထဲမှာ စွဲလန်းမှုတွေ ပိုအောင်လား။ အကြင်နာတွေ တိုးအောင်လား။ သူတကယ်ပဲ တတ်နိုင်လွန်းတယ်နော်။

သေချာပါတယ်။ အခုချိန်မှာ အပွင့်လင်းဆုံး ဝန်ခံရရင် ကျွန်မ သူ့ကိုချစ်မိနေပြီ ဆိုတာပါပဲ။ နှုတ်ဖျားက ဖွင့်ဟပြီး ချစ်တယ်ပြောမှ မဟုတ်ပါဘူး။ ကျွန်မရဲ့ အကြည့်တစ်ချက်၊ အပြုံးပန်း တစ်ပွင့်မှာလည်း အဓိပ္ပာယ်တွေ လေးနက်နေလို့ သူ ရိပ်မိကောင်းပါရဲ့။

ကျွန်မ သူ့ကို ခိုးခိုး ကြည့်မိတာတွေက ကျွန်မ အတွက် လုပ်ရိုးလုပ်စဉ် တစ်ခုပါပဲ။ စနေ၊ တနင်္ဂနွေနေ့ တွေမှာဆို သူ့ကို မမြင်တွေ့ နိုင်လို့ တစ်ပတ်မှာ အဲဒီနေ့တွေကို မရောက်ချင်ဘူး။ ကျွန်မက သူ့မျက်နှာကို ကြည့်နေရရုံနဲ့ ကျေနပ်တဲ့သူပါ။ မိန်းမသားတစ်ယောက်ဟာ ဒီထက်ပိုပြီး ဘာများ တတ်နိုင်ဦးမှာလဲ။

အခုတလော သူ့ကားပေါ်မှာ ကောင်မလေး တစ်ယောက်ကို တွေ့နေရတယ်။ ကျောင်းကို အတူတူလာ၊ အတူတူပြန်၊ ကြည်ကြည် နူးနူး စကားပြောဆိုကြနဲ့ တတွဲတွဲ လုပ်နေတယ်။ သူဟာ အရင်တုန်းက လိုင်းကား စီးပေမယ့် အခုတော့ ကိုယ့်ကားနဲ့ကိုယ် ကျောင်းလာတယ်။ လိုင်းကား စီးရာကနေ ကိုယ်ပိုင်ကားစီးတာ ကျွန်မကို ဘာခံစားမှုမှ မဖြစ်ပေါ်စေပါဘူး။ သူ့ကားပေါ်မှာ ကောင်မလေးသာ မပါခဲ့ဘူး ဆိုရင်ပေါ့။

ကိုယ်ချစ်တဲ့ သူနားမှာ တခြားမိန်းကလေး တစ်ယောက် ရှိနေတာကို သဝန်တိုမိပေမယ့် ကျွန်မမှာ တားဆီးပိုင်ခွင့်၊ သဝန်တိုပိုင်ခွင့်မှ မရှိတာ။ ကျွန်မ အရမ်းခံစားရတယ်။ ရင်နဲ့မဆံ့ အောင်ပါပဲ။ တိတ်တခိုး ချစ်ရတာ အရမ်းကို ပင်ပန်းလွန်းလှပါတယ်။ ကျွန်မရဲ့ ခံစားချက်တွေကို သူတကယ် မသိတာလား။ မသိချင်ဟန်ဆောင်နေတာလား။ ကျွန်မ ကလည်း သူ သတိထားမိ လောက်အောင်မှ မချော၊ မလှ တာကိုး။ ကျွန်မကိုယ် ကျွန်မ အပြစ်တင်ရုံမှတစ်ပါး ဘာတတ်နိုင် ဦးမှာလဲ။

ကျွန်မဘက်က ဘယ်လောက်ပဲချစ်ချစ် သူ့ဘက်က တုံ့ပြန်တဲ့ အချစ်မှမရှိတာ။ ကျွန်မက တစ်ဖက်သတ် အချစ်ရူးသမား တစ်ယောက်ပဲပေါ့။ ဖွင့်ဟပြောတတ်တဲ့ သူတစ်ယောက်ဟာ ရင်ထဲ ကျိတ်ခံစားတတ်တဲ့ သူ တစ်ယောက်ထက် ပိုပြီး စိတ်သက်သာရာ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမသား တစ်ယောက် ဖြစ်နေတဲ့ ကျွန်မအတွက်တော့ ဖွင့်ဟ ပြောပိုင်ခွင့် မရှိဘဲ မျိုသိပ် ထားရတာပေါ့။ ကျွန်မ သူ့ကို အပြစ်မမြင်ရက်ပါဘူး။ ကျွန်မ သူ့ကို ပိုင်ဆိုင်ခွင့် မရှိရင်လည်း ဖြေသိပ်နိုင်ပါတယ်။ ကျွန်မက ရင်ထဲက ဆန္ဒအတိုင်း ဖြူဖြူစင်စင်နဲ့ ချစ်မိတာပါ။

တစ်ခါတလေတော့လည်း သူ့အသံလေးကို ကြားစေခဲ့တဲ့ ဖုန်းလေးကို အပြစ်တင်မိသလို သူ့အသံ လေးကြောင့် ဖြစ်ပေါ်လာတဲ့ အချစ်တွေကိုလည်း မြတ်နိုးမိတယ်။ သူ့အသံလေးက ကျွန်မ နှလုံးသားကို လေပြည်လေးလို တိုက်ခတ်ခဲ့ပေမယ့် ကျွန်မ ဘဝမှာတော့ ထာဝရမမေ့နိုင်စရာ အချစ် တစ်ခုအဖြစ် ထင်ကျန်ရစ်နေတော့မှာပါ။

ကျွန်မရဲ့ အချစ်တွေက ပုံသဏ္ဌာန်ဖော်ပြလို့ မရပေမယ့် နှလုံးသားထဲမှာ နူးညံ့ ခံစားနေဆဲပါ။ မထင်မှတ်ဘဲ ရောက်လာခဲ့တဲ့ အချစ်တွေကို အနက်ရှိုင်းဆုံး တစ်နေရာမှာ နေရာပေးမိလို့ အပြင်းထန်ဆုံး ဝေဒနာတွေနဲ့ မချိအောင် ခံစားရပါတယ်။ သူ့ကို မပိုင်ဆိုင်နိုင်ပေမယ့် ဆုံးရှုံးရမှာကို တော့ ကြောက်မိတယ်။ တကယ်တော့ မပိုင်ဆိုင်ဖူးတဲ့ ကျွန်မက ဖြူစင်စွာနဲ့ ပေးဆပ်ချစ်နေချင်သူပါ။

ညိုမီမီလွင်၊ဆေးဝါးကျွမ်းကျင်၊

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေနှလုံးသား
...
ချစ်၍ယုံကြည် ထာဝရဆီသို့...
အကြင်နာခင်၊ဆေးတက္ကသိုလ်၊

အရင်က အေးစက်စက်မျက်ဝန်းများ၊ တင်းတင်းစေ့ပိတ်လျက်ရှိသော နှုတ်ခမ်းတစ်စုံတို့နှင့် ခြားနားစွာ ပြောင်းလဲနေခဲ့သော ကျွန်မသည် ထိုပြောင်းလဲမှုအပေါ် အေးဆေးညင်သာစွာ လက်ခံနေနိုင်ခဲ့ပြန်သည်။ သူငယ်ချင်းများ၏ တအံ့တ...

ရွှေနှလုံးသား
...
ထောင့်ဖြောင့်ဖြည့်ဖက်
မော်မော့်မောင်

ငါက ဘေးက ရပ်ကြည့်နေသူကိုးကွ။ ဘောလုံးပွဲတစ်ပွဲကို ဘေးက ကြည့်နေသူဟာ တကယ်ကစားနေသူထက် ပိုပြီး အကွက်မြင်နိုင်တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ။

ရွှေနှလုံးသား
...
နံရံတစ်ချပ်ခြား
အဖြူရောင်

လသာညတွေမှာ သူဆိုတဲ့ သီချင်းသံတွေနဲ့ ယစ်မူးရီဝေစွာ ရင်ခုန်ခဲ့ဖူးတာ အိပ်မက်မှ မဟုတ်ခဲ့ဘဲကွယ်