ကိုငြိမ်း ၊မန္တလေး၊
၁။ ဆေးတံကောက်နှင့်
လမ်းလျှောက်နေသော ဗာဂျီးနီးယား စိုက်ခင်း
ကျွန်ုပ်သည်
အလွန်ဟန်များသူ ပီပီ အထက်နှုတ်ခမ်းကို ရှုံံ့ပွရှုံံ့ပွလုပ်ကာ နှာဝများကို
မနည်းကျဉ်းအောင် လုပ်ပြီး နှင်းများကို တစ်ချက်ကြည့်ပစ်လိုက်သည်။ ကျွန်ုပ်ဝှေ့ယမ်း
ကိုင်ဆောင်လာသော ဂေါက်ဖ်ရိုက်တံမှာ နှင်းများကို ရိုက်ရန်မဟုတ်ပါ။ ရိုက်ရန်လည်း
မဖြစ်နိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် နှင်းများက ကျွန်ုပ်ကို ငုံထားသောကြောင့်
ဖြစ်ပါသည်။ ကျွန်ုပ်ကို ငုံထားရသော ဝန်ကြောင့် နှင်းများကိုယ်တိုင်လည်း မှုန်မိုင်းပြာဝေနေပြီ
ဖြစ်သည်။ မှုန်မှိုင်းမှုကြားတွင် ကျွန်ုပ်လည်း မှုန်မှိုင်းနေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ၊
နှင်းများအကြား “ လမ်းလျှောက်နေသော ဗာဂျီးနီးယားစိုက်ခင်း” မှာ ကျွန်ုပ်ဖြစ်သည်။
ကျွန်ုပ်သည် နှင်းများ၏အရောင်နှင့် အနံ့များကိုလည်း ကျွန်ုပ် စိတ်ကြိုက်
ပြင်ဆင်နေသူ။ ယင်းသမို့ကြောင့် ဗာဂျီးနီးယား နှင်းနံ့သည် ကျွန်ုပ်ဝန်းကျင်၌
ထွန်းကားချင်တိုင်း ထွန်းကားဝေဆာနေပြန်တော့၏။ ကျွန်ုပ်သည် ကျွန်ုပ်၏
ဆေးတံကောက်ကလေးကို ဟန်ပါပါပင် ကိုင်ထားလျက်ရှိသည်။ သည်နေသည်နှင်းများကြားတွင်
‘စိမ်းလဲ့ကန်သာ’ နှင့် ကျွန်ုပ် “မှုန်မှိုင်းပြာဝေ” တို့ တွေ့ဆုံပွဲရှိမှန်း
ကျွန်ုပ် သတိမရသေး။
ကျွန်ုပ်သည်
နှာပေါက်များမှ တစ်ဆင့် နှင်းများကြားသို့ မီးခိုးမျဉ်းဖြောင့် နှစ်စင်း
ထုတ်လွှတ်ပစ်လိုက်သည်။
၂။
နတ်ကောင်းနတ်မြတ်များကိုပင် ငွေထုတ်ချေးပေးနေသူ
‘ကျွန်တော်
ဖိုင်နယ်ကျောင်းသားပါ။ မုတ်ဆိတ်ဖြူကြီး၊ စိမ်းလဲ့ကန်သာလေ’ ကျွန်ုပ်ကို
မုတ်ဆိတ်ဖြူကြီးဟု နှုတ်ခွန်းဆက်သပြီး သူ့ကိုယ်သူ စိမ်းလဲ့ကန်သာပါဟု ပြောသူမှာ
‘ဂျင်းဘောင်ဘီ’ ဆိုသော ကောင်လေးဖြစ်သည်။ ဂျင်းဘောင်ဘီမှာ အသက်ဆယ့်ကိုး၊
နှစ်ဆယ်လောက်သာ ရှိမည့် လူငယ်လေးတစ်ဦးသာ။ သူ့မျက်နှာပေါ်တွင် နှုတ်ခမ်းမွေးက
စိမ်းလဲ့လဲ့၊ ပါးမြိုင်းမွေးက စိမ်းလဲ့လဲ့မို့ သူ့ကိုယ်သူ စိမ်းလဲ့ကန်သာ လုပ်နေသလားတော့
ကျွန်ုပ်မသိ။ ကျွန်ုပ်သည် အမြင်ကတ်ကတ် ရှိလှသဖြင့် အဆိုပါ ဂျင်းဘောင်းဘီကို
ကျွန်ုပ်၏ မျက်လုံးအတွင်း ထည့်သွင်း၍ ကြည့်ပစ်လိုက်သောအခါ မကုန်မကုန်နိုင်လှစွာသော
'ဂျင်းဘောင်းဘီ ဒူးပြဲခေတ်'ကို ထိုဂျင်းဘောင်းဘီတွင်
ပြန်၍ တွေ့လိုက်သည်။ စက်ဖြဲလော၊ လက်ဖြဲလော၊ ပါးစပ်ဖြဲလော ကျွန်ုပ် မမှန်းတတ်။
ဂျင်းဘောင်းဘီ ဝတ်ထားသော ဂျင်းဘောင်းဘီ၏ ညာဘက်ဒူး နေရာတွင် နှစ်လက်မခွဲလောက်
ကန့်လန့်ပြဲနေသည်ကို ကျွန်ုပ် တွေ့ရသည်။
ကျွန်ုပ်သည်
ဂျင်းဘောင်းဘီဆိုသော ကောင်လေးကို အသေအချာ ကြည့်လိုက်သောအခါ သူသည် အစိမ်းရောင်များ
တဖျပ်ဖျပ် တောက်လက်လျက် ကျွန်ုပ်၏ရှေ့တွင် ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို ကျွန်ုပ်
တွေ့ရ၏။ ထိုသမို့ကြောင့် ကျွန်ုပ်သည် မှုန်မှိုင်းပြာဝေ ဖြစ်သည်နှင့်အညီ
ဂျင်းဘောင်း ဘီကို ကျွန်ုပ်နှင့် အရောင်ရောသွားစေရန် ကျွန်ုပ်က အရောင် ပြောင်းပေးလိုက်သောအခါ
ဗာဂျီးနီးယား လက်လွန်မှုကြောင့် နှင်းများပါ အရောင်ရင့်သွားသည်ကို စိတ်မကောင်းစွာ
တွေ့ လိုက်ရလေသည်။ ဤသို့ နှင်းများရော၊ ဂျင်းဘောင်းဘီရော ကျွန်ုပ်နှင့် အသွေးတူ၊
အရောင်တူ ဖြစ်သွားမှ...
'နေဦး၊
ဖိုင်နယ်ဆိုတော့ မင်းက နောက်ဆုံးနှစ်ပေါ့ ဟုတ်လား။ ဘာမေဂျာ၊ ဘယ်တုန်းက ဘာကိစ္စနဲ့
မင်းဆီ ရောက်လာသလဲ'
ကျွန်ုပ်၏
အမေးကြောင့် ဂျင်းဘောင်းဘီသည် ထိတ်ထိတ်ပျာပျာဖြစ်ကာ အပေါ်သို့ နှစ်ပေခန့် မြောက်တက်သွားတော့သည်။
ပြီးတော့မှ မြေကြီးပေါ်သို့ ပြန်၍ကျလာတော့သည်။ ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်အောင်
လုပ်ပြီးမှ...
'ဘယ်ကလာ
ဟုတ်ရမှာလဲ။ ကျွန်တော် ဆယ်တန်း မအောင်သေးဘူး။ ဖိုင်နယ်ဆိုတာ ဟိုက်စကူးဖိုင်နယ်၊
ကိုးတန်း...ကိုးတန်း၊ ကိုးတန်းကို ပြောတာ၊ ရှင်းပြီလား' ဟုတ်၏။
ကိုးတန်းကို ဟိုက်စကူးဖိုင်နယ်ဟု ခေါ်သော အသုံးအနှုန်းမျိုး ကျွန်ုပ် မကြားရတာ
အတော်ကြာပြီ ဖြစ်သည်။ ဟုတ်၏။ လွန်လေပြီးသော ကာလ၏ အသုံးအနှုန်းဟောင်းသည် ကျွန်ုပ်၏
ကိုယ်အသစ်ကြီးကိုပင် လာ၍ ရစ်လိမ်လျက်ပင်ရှိသည်။ ဟုတ်၏။ ဂျင်းဘောင်းဘီကမူ ဆက်၍...
'ဖိုင်နယ်ကျောင်းသား
ဆိုတော့ ပီဘိလူငယ်လေးပေါ့။ ကျွန်တော် ပြောချင်တာ ရှိနေတယ်။ လူငယ်နဲ့
အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု အဲဒီအကြောင်းအရာကို'
ဂျင်းဘောင်းဘီက
သူ့စကားကို ခမ်းကြီးနားကြီး ဖြစ်အောင် စတင်၍ ခင်းကျင်းလိုက်ပြီ ဖြစ်သည်။ ကျွန်ုပ်
ဘဝင်မြင့်၍ အမြဲတမ်းပင့်ထားသော မျက်ခုံးတစ်ဖက်ပင် အောက်သို့ ပြန်၍ ကျသွားသည်။
ခေါင်းတဆတ်ဆတ် လုပ်ရင်း ကျွန်ုပ်၏ ခေါင်းသည် ဂျလောက်၊ ဂျလောက် မြည်နေ၏။ နှလုံးသား
ထဲမှာလည်း ဂျလောက်၊ ဂျလောက်ဖြစ်သည်။ လူငယ်ဆိုတော့ 'အချစ်' ပါမည်။ အပြစ်ဆိုစရာ မဟုတ်။ ကျွန်ုပ်သည် ပင်လျှင် အသက်ခြောက်ဆယ်ရှိခဲ့ပြီ
ဖြစ်သော်လည်း 'အချစ်'၏ အသံ ကြားလျှင်
နှလုံးသားက ဂျလောက်၊ ဂျလောက် မြည်နေသေးသည် မဟုတ်လား။ ဂျင်းဘောင်းဘီက အချစ်
အကြောင်းပြောလျှင် 'နှင်းဆီဖြူ'လည်း ပါဦးမည်။
နှင်းဆီဖြူသည် ရည်းစားနှစ်ဦးကို တစ်ပြိုင်တည်း ထားခဲ့သူဖြစ်သည်။ နှင်းဆီဖြူ
တစ်ပြိုင်တည်း ထားခဲ့သောရည်း စားနှစ်ယောက်မှာ ဂျင်းဘောင်းဘီနှင့် ကျွန်ုပ်ဖြစ်သည်။
နှင်းဆီဖြူ၏ ဘဝတွင် တတိယရည်းစားဆိုတာ မရှိဘဲ 'ပထမ
လင်ယောကျ်ား' ဆိုတာသာ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်နှင့်
ဂျင်းဘောင်းဘီတို့သည် နှင်းဆီဖြူ၏ 'ခေတ်ပြိုင် ရည်းစား' များတော့ မဟုတ်ခဲ့။ သို့သော် ကျွန်ုပ်တို့နှစ်ဦးသည် 'နှင်းဆီဖြူမြို့သားများ' ဖြစ်ခဲ့ကြ၍ တစ်ဦးကို တစ်ဦးက
မြို့ပြင်သို့ ဆွဲထုတ်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
'နှင်း...
ဆီ... ဖြူ...'
မှန်သည်။
နှင်း...ဆီ ...ဖြူ။ သိပ်ရက်စက်ခဲ့တဲ့ (အခုတော့) မိန်းမကြီးပေါ့။ သူလည်း (အခုတော့) အသက် ငါးဆယ်ကျော်ရော့မယ်။ မတွေ့တာကြာပြီ။
ရှိမှရှိသေးရဲ့လား။ ရှိရင်ကော (အခုတော့) 'သွား'တွေဘာတွေကော
ရှိသေးရဲ့လား။
ကျွန်ုပ်
ဤသို့တွေးနေစဉ် ကျွန်ုပ်၏အတွေးကို ဂျင်းဘောင်းဘီက ကြားသွားဟန်တူသည်။ မှန်ပါသည်။
ကျွန်ုပ်၏ အတွေးကို ကျွန်ုပ်ကိုယ်တိုင် ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ နှုတ်က ထုတ်ဖော်၍
မပြောဖူးသော်လည်း ထိုအတွေးကို ကြားသူ ဂျင်းဘောင်းဘီက...
'မုတ်ဆိတ်ဖြူကြီးကလည်းဗျာ။
ခင်ဗျား ပူပင်တာကိုပဲ သူများနဲ့မတူအောင် ပူပင်ချင်နေတာ မဟုတ်လား။ ဒေါ်နှင်းဆီဖြူမှာ
သွား ရှိရှိ၊ မရှိရှိ ခင်ဗျား ပူစရာမှမဟုတ်ဘဲ'
အတွေးလူမိသဖြင့်
ကျွန်ုပ် မဆိုစလောက် ရှက်သွား၏။ သို့သော် အရှက်ကို ကျွန်ုပ်မျက်နှာက
မျက်နှာသာမပေး။ မျက်နှာကောင်း မရသော အရှက်ကလည်း ကျွန်ုပ်၏ မျက်ခွက် တွင် ပေကပ်နေ၍
လစာကောင်းကောင်း မရနိုင်မှန်း သိပုံရသည်။ မှန်သည်။ သည်မျက်ခွက်မျိုး လာချွဲနေလို့
အပိုသာ ဖြစ်မည်။ ဒါမျိုးတွေကို သတင်း ကြားထားလို့လား မသိ။ မျက်နှာပေါ်သို့
ရောက်ခဲ့သမျှသော အရှက်တကာသည် အာဂန္တုအဖြစ်သာနေပြီး ရေကြည်ရာ မြက်နုရာဆီများသို့
ထွက်ပြေးသွားတတ်ကြသည်ကို ကျွန်ုပ် မှတ်မိနေသေး၏။
ကျွန်ုပ်သည်
လူက ဟန်များသည့်အပြင် အချောင် ဘဝင်မြင့်နေသူ တစ်ဦးလည်း ဖြစ်သေး၏။ ဘဝတွင် ဘဝင်
မြင့်ရသောအလုပ်ကို လစာကောင်းကောင်းရသော အလုပ်ကြီးသဖွယ် ကျွန်ုပ် သဘောထားနေခဲ့သည်
ဖြစ်၏။ ဘဝင် မြင့်ခြင်းကို ရောဂါဟုဆိုလျှင် ထိုရောဂါသည် လူကို ကျန်းမာစေ၊ လူကို
ရွှင်လန်းစေ၊ လူကို တက်ကြွစေသော အာနိသင် ရှိသည်ဟု ကျွန်ုပ် ယူဆသည်။ ကျွန်ုပ်ကိုယ်တိုင်၏
ပွဲတွေ့မှာ စားဝင်အိပ်ကောင်း ခြင်းဖြစ်သည်။ အမှန်တော့ ကျွန်ုပ်တွင် ဘဝင်မြင့်စရာ
များများစားစားတော့ ရှိလှသည် မဟုတ်။ သို့သော် ကျွန်ုပ်က ဘဝင်မြင့်တာကိုပဲ
ဝါသနာပါလှသည်။ ယင်းအပြင် ဘဝင်မြင့်တာ နေလို့ကောင်းမှန်း ကျွန်ုပ် သိနေပြီ ဖြစ်သည်။
အိပ်မက်မက်လျှင်ပင် ကျွန်ုပ်က ဘဝင်မြင့်သူ နေရာက ပါရမှ ကျွန်ုပ်ကျေနပ်သည်။ ကျွန်ုပ်၏ဘဝတွင်
ကျွန်ုပ် မကျေနပ်သော အိပ်မက်များ ရှိသကဲ့သို့ ကျွန်ုပ် ကျေနပ်သော အိပ်မက်များလည်း
ရှိခဲ့ဖူးသည်။
ကျွန်ုပ်
ကျေနပ်သော အိပ်မက်တစ်ခုတွင် ကျွန်ုပ်က နတ်ကောင်းနတ်မြတ်များအား အတိုးမယူဘဲ
ငွေထုတ်ချေး ပေးနေသည်ဟု အိပ်မက်မြင်မက်ခဲ့ဖူးပါသည်။ မနက်လင်းသောအခါ ကျွန်ုပ်အတွက်
လက်ဖက်ရည်ဖိုးပင် မကျန်တော့ဘဲ ညီငယ်ကဗျာ ဆရာလေးများ တိုက်သော လက်ဖက်ရည်
ကပ်သောက်နေရသည်ကို အိပ်မက်ထဲတွင် ငွေချေးသွားကြသော (အတိုးမပေးရတိုင်း ဟင်း...ဟင်း)
နတ်ကောင်းနတ် မြတ်များကတော့ သတိရကြတော့မည် မဟုတ်။ ဤကဲ့သို့ ဖြစ်လျှင်လည်း ကျွန်ုပ်သည်
ဘယ်သူ့အပေါ်မှ စိတ်'ခု'သည်ဟု မရှိပါ။ အိပ်မက်ထဲတွင် ချေးသွားသော
ပိုက်ဆံကိုလည်း အပြင်တွင် ကျွန်ုပ် လိုက်မတောင်း။ ဤသို့ပြောနေရတာကလည်း ကျွန်ုပ်သည်
သဘောဖြူ အူစင်းသူတစ်ဦး ဖြစ်ကြောင်း သိစေလို၍ ပြောနေခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်သည်
အချောင်ဘဝင်မြင့်နေသူ တစ်ဦးဖြစ်သော်ငြားလည်း ဒီလို သဘောကောင်းသည့် နေရာလည်း
ရှိပါသေးလားဟု လူအများ သိစေချင်၍ ဖြစ်ပါသည်။
မသိသေးလျှင်လည်း
လူအများ ကျွန်ုပ်ကို လာကြည့် စေချင်ပါသည်။ ယခုအချိန်တွင် ကျွန်ုပ်သည်
နှင်းတောထဲတွင် ထီးထီးကြီးပင် ကိုယ့်အရပ်ကိုယ် ဓာတ်တိုင်တစ်တိုင် ကဲ့သို့
ရပ်နေတုန်း ဖြစ်သည်။ ထူးခြားသော ဉာဏ်အမြင်မျိုး ရှိသူဆိုလျှင် ကျွန်ုပ်၏
သာဝကငယ်ဖြစ်သော 'ဂျင်းဘောင်း ဘီ' ကိုပါ တွေ့ရမှာ ဖြစ်သည်။
ကျွန်ုပ်သည်
ဟန်များပြီးသားကို နောက်ထပ် ဟန်များလိုသေး၍ ဆောင်းထားသော အနားကျယ် ဦးထုပ်ကြီးကို
မျက်ခုံးများ ဖုံးဖိမိသည်အထိ ဖြစ်အောင် အောက်သို့ ဆွဲချလိုက်ပြီး လောင်းကုတ်အကျႌ၏
အပေါ်ဆုံးကြယ်သီး တစ်လုံးကိုလည်း အေးအေးဆေးဆေး ပုံစံဖြင့် အသာအယာ ဖြုတ်လိုက်သည်။
ပြီးတော့ နှင်းတောထဲတွင် ဝှေ့ယမ်းပစ်ရန် ဂေါက်ဖ်တံကို ပြင်ဆင်လိုက်ချိန်တွင်...
'မိတ်ဆုတ်'
ကျွန်ုပ်လန့်ပြီး
ဆေးတံကောက်ကလေး လွတ်ကျသွား ၏။ ကြည့်စမ်း၊ ကျွန်ုပ် ဂျင်းဘောင်းဘီကို မေ့သွားတာ
အတော်ကြာပြီ။ သူပြောမည့် 'လူငယ်နှင့် အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု'ကို
အခုမှ ကျွန်ုပ်ပြန်၍ သတိရသွားသည်။ ဂျင်းဘောင်းဘီသည် ကျွန်ုပ်ကို မုတ်ဆိတ်ဖြူကြီးဟု
အမြဲတမ်း ခေါ်ဝေါ်တတ်သော်လည်း ယခုကဲ့သို့ ကျွန်ုပ်က သူ့ကို အသိအမှတ် မပြုဘဲနေသလို
ဖြစ်သွားတတ်သည့် အခါမျိုးဆို သူက စိတ်တိုပြီး ကျွန်ုပ်ကို မိတ်ဆုတ်ဟု
ခေါ်တတ်သည်ပင်။
မိတ်ဆုတ်
ဆိုသည်မှာ 'မုတ်ဆိတ်'ဖြစ်သည်။
၃။ မသစ်ခင်က ဟောင်းနှင့်သူတွေ
'မိတ်ဆုတ်'ကို 'မုတ်ဆိတ်'ဟု
အဓိပ္ပာယ်ဖွင့်ဆိုခဲ့သော ကျွန်ုပ်သည် နှင်းတောထဲမှာ ရပ်လျက်ပင်ရှိသေး၏။ ဂျင်း
ဘောင်းဘီကမူ ခုန်ဆွခုန်ဆွ ဖြစ်လျက်သာနေသေးသည်။
ကျွန်ုပ်မှာ
ဂျင်းဘောင်းဘီ ငြိမ်အောင် စောင့်နေရသေးသည်။ ခဏကြာသောအခါမှ ဂျင်းဘောင်းဘီ၏ ခြေထောက်က
မြေကြီးကို တွေ့ရှိသွားတော့သည်။ ကျွန်ုပ်လည်း လည်ချောင်း ရှင်းလိုက်သည်။ အဟမ်း...
အဟမ်း။ အဟမ်း...အပြီး...
'ဆိုစမ်း၊
လူငယ်နဲ့ အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု ဆိုတာ'
ဂျင်းဘောင်းဘီ၏ ကိုယ်သည် မတ်မတ်ရပ်နေရာမှ
အနည်းငယ်တော့ စောင်းသွားသေး၏။ နောက်မှ ကဗျာရွတ်သံကို ကျွန်ုပ် ကြားလိုက်ရတော့သည်။
အခါတစ်ပါး၊
ပန်းများသခင်
သစ်ရွက်အရိပ်၊
ပုန်းအိပ်မက်ပြင်
ကုမ္ဘာန်ခြေယှက်၊
ဆူးခက်လွင်ပြင်
မျှော်လင့်ဝေး၊
ဟိုရှေးရှေး ယခင်။ ။
ကျွန်ုပ်
နောက်သို့ နှစ်လံလောက်ရောက်အောင် ခုန်ဆုတ်လိုက်ရတော့၏။ ဘေးပတ်ဝန်းကျင်ကိုလည်း
အလန့်တကြားပင် ကြည့်လိုက်မိသည်။
အသုဘများ ချလာသလား။ ဘာလဲ။ ဂျင်းဘောင်းဘီက ဟိုက်စကူး ဖိုင်နယ် ကျောင်းသားဆိုတော့ သူ့ကဗျာက ဟိုးလွန်ခဲ့သော နှစ်ပေါင်းလေးဆယ်က ရေးခဲ့သော ကဗျာ ပင်ဖြစ်မည်ဟု ကျွန်ုပ် တွက်ကြည့်မိသည်။ မည်သို့ပင်ဖြစ်စေ ဂျင်းဘောင်းဘီကမူ သူ့ကဗျာကို သူဆက်၍ပင်...
မဖူးခင်က၊
ဦးနှင့်သူတွေ
မငုံခင်က၊
အုံနှင့်သူတွေ
မပွင့်ခင်က၊
ဝင့်နှင့်သူတွေ
ရမက်ရင့်၊ ငံ့လင့်တဝေဝေ။ ။
ကျွန်ုပ် စိတ်ပျက်ချင်လာပြီ။ သူပြောတော့ လူငယ်နှင့် အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှုတဲ့။ ကဗျာပုံစံက သွပ်ပြားဟောင်းပေါ်သာ ရေးဖို့ကောင်းတဲ့ ကဗျာမျိုး။ ကျွန်ုပ်မှာ သံဝေဂ အသစ်နှင့်မှ လာတိုးနေရသည်။ ဂျင်းဘောင်းဘီကမူ သူ၏ တရားကျသော လေသံကြီးဖြင့်...
ရွှေတုံးငွေတုံး၊
ပခုံးချင်းယှဉ်
လနဲ့ကြယ်စ၊
အလှပြိုင်စဉ်
မလှမ်းမကမ်း၊
ပန်းသို့အဝင်
ကဗျာလေး၊
ငေးမိသူ ဖြစ်အင်။ ။
နှင်းဆီဖြူမ၊
ရွေးရခက်ကပြီ
အချစ်ထိမ်ငုတ်၊
ရှုပ်ထွေးပွေလီ
ပြီးမှတစ်ဖန်၊
ပြန်အမြင်ကြည်
ကဗျာနု၊
သူ့လက်ကလေးနဲ့သီ။ ။
ပန်းလိုသီကုံး၊
စာလုံးပြုံးရွှင်
စိန်ပွင့်ကြဲစီ၊
ဝတ်ရည်က မင်
ပြာမလိုဖြူ၊
စက္ကူကောင်းကင်
ကလောင်တံ၊ ကာရန်ခုန်လို့ဝင်။
။
ချစ်မှုအရေး၊
အတွေးဖြန့်ချဲ့
မောင့်ကဗျာများ၊
ဖမ်းစားပါရဲ့
မောင့်ရဲ့ကာရန်၊
ရင်ကို မှန်ခဲ့
ကဗျာစ သူက
ချစ်သတဲ့။ ။
'ကွယ်ရာ
သတိရ၊ ချစ်စရှည်အောင်
အမုန်းစနက်၊
ဝင်ဖို့ခက်အောင်
..........................။
။
'ဟိတ်...တော်တော့'
ကျွန်ုပ်သည်
ဂေါက်ဖ်တံကို ဝှေ့ယမ်းရင်း အားကုန် အော်ထည့်ပစ်လိုက်တော့၏။ ထိုအခါ
ဂျင်းဘောင်းဘီလည်း နောက်သို့ နှစ်ပတ်သုံးပတ် လှိမ့်ထွက်သွားတော့သည်။ နှင်းတွေ
ဖုန်လိုလုံးထွေး သွားတော့၏။ သို့သော် ဂျင်းဘောင်းဘီ ပြုမူနေပုံက သူ့ကိုယ်သူ 'လူ' ပြန်ဖြစ်အောင် ကြိုးစားနေပုံ ဆန်လှသည်။ မကြာပါ။ ဂျင်းဘောင်းဘီ လူပြန်၍
ဖြစ်လာသည်။ ကျွန်ုပ်က ကိုယ့်မျက်နှာကိုယ် ပြုံးခိုင်းလိုက်သည်။ လူကောင်ဖြစ်လာသော
ဂျင်းဘောင်းဘီကလည်း သူ့ကဗျာကို ဆက်ပြန်သည်။
ကွယ်ရာသတိရ၊
ချစ်စရှည်အောင်
အမုန်းစနက်
ဝင်ဖို့ခက်အောင်
ဖော်မဲ့ညနေ၊
တမ်းတစေအောင်
ရယူခြင်း
တင်းတင်းချည်ကာနှောင်။ ။
မျက်ရည်နဲ့အပြုံး၊
တစ်လုံးစီသီ
သက်သေထူမှု
အခေါင်ပြုပြီ
တောင်းပန်သံတိုး၊
တိုးလျိုးမကြည်
မျက်ရည်လေး
သုတ်ပေးခဲ့ဖူးပြီ။ ။
လက်ချင်းဖျစ်ညှစ်၊
ချစ်ခရီးတို
'ကားနီ'
'၆ လိုင်း'၊ ကားလိုင်းထိုထို
နေရာအနှံ့၊
ခြေဆန့်သည် ဟို...
လေ့ကျင့်ခန်း
ပျားရည်ဆမ်း အကြို။ ။
ကျွန်ုပ်ပင်
ပျော်ချင်သလိုလို ဖြစ်လာပြီ။ နှင်းဆီဖြူနှင့် ဂျင်းဘောင်းဘီတို့၏ ပျားရည်ဆမ်း အကြိုကိုလည်း
ကျွန်ုပ် မျက်စိထဲမှာ ပြန်၍ ပေါ်လာတော့သည်။ သူတို့နှစ်ယောက် ချစ်သူဘဝ
ရောက်ခဲ့ကြသည်မှာလည်း လွယ်လွယ်ကူကူ မဟုတ်ခဲ့ကြောင်း ကျွန်ုပ်
ကောင်းကောင်းသိနေပြီးသား ဖြစ်သည်။ သို့သော် ဇာတ်လမ်းက သမားရိုးကျ ဇာတ်သိမ်းမျိုး။
မဆန်း။ ကျွန်ုပ်စိတ်ဝင်စားသည်က ဂျင်းဘောင်းဘီ လေကြီးခဲ့သော 'လူငယ်နှင့်
အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု' ဖြစ်သည်။ ထို့ကြောင့်
ကျွန်ုပ်သည် ဝိညာဉ်ချင်း ကူးလူး၍ ထိုကိစ္စကို မေးမြန်းသောအခါ ဂျင်းဘောင်းဘီက...
'လာမယ်လေ၊
နေရာတစ်ခုတည်းမှာကို ချစ်သူနဲ့ သွားတော့ ဘယ်လို၊ ချစ်ရမယ့်ဘဝနဲ့ ဒီနေရာကို
တစ်ယောက်တည်း သွားတော့ ဘယ်လို၊ အဲဒီအားပြိုင်မှုအဖွဲ့တွေ လာမှာပေါ့။ ဒါပေမယ့်
အခုတော့ အဲဒါတွေကို ကျော်ပြီး ကဗျာကို ဆက်ရွတ်ဦးမယ်'
ကြောက်စရာ မြွေမ၊
ပါးပျဉ်းထသလို
နှင်းဆီဖြူမ၊
မလှတဲ့ဇာတ်ကို
ကြားဖြတ်တင်ပြ၊
ရသမချို
လုပ်ကြံဇာတ်
တစ်ခန်းရပ်ချင်သလို။ ။
ခေတ္တခိုဆဲ၊
အသည်းနံရံ
အားမွေးဆေးကု၊
သူ့အတောင်ပံ
အာဂန္တုအချစ်၊
ဇာစ်မြစ်ထိန်ချန်
အစာဝ ပယ်ချ
အယူခံ။ ။
ဝတ္ထုတို့ထုံး၊
နှလုံသွင်းကာ
ပုံသေနည်းသုံး
'နှလုံးရောဂါ'
အမေ့မှာရှိကြောင်း၊
အကြောင်းပြတဲ့ခါ
ဖူးစာနတ်
ဘယ်ရပ်ရှောင်သွေခွာ။ ။
မွေးမိအတွက်
အသက်ရှည်ရာ
သူ့ရဲ့လူကြီး၊
အမြီးက စွာ
ဥုံဖွပျောက်၊
ဇီဝကပမာ
ဖူးစာနတ်
ဘယ်ရပ်ရှောင်သွေခွာ။ ။
နောက်ဆုံးပေါ်ဗျည်း
မှန်ကားစီးကာ
နှလုံးသားတောင်း၊
ခေါင်းပေါ်ရွက်ခါ
ဈေးသည်လို
ဟစ်၊ သူ့အဖြစ် ရင်နာ
ဖူးစာနတ်
ဘယ်ရပ်ရှောင်သွေခွာ။ ။
အခါတော်ပေး၊
နတ်ရေးရွှေစာ
ရွှေစင်နဲ့မြ၊
နေလပမာ
ကဗျာသမား
လှုပ်ရှားယောင်ချာ
ဖူးစာနတ်
ဘယ်ရပ်ရှောင်သွေခွာ။ ။
ဦးပိန်တံတားလည်း၊
တစ်ယောက်တည်းနော်
အောင်ပင်လယ်လည်း၊
တစ်ယောက်တည်းနော်
အတုမဲ့ကျောင်းလည်း၊
တစ်ယောက်တည်းနော်
နေရာနှံ့၊ ခြေဆန့်တစ်ယောက်တည်းနော်။ ။
ကျွန်ုပ်သည်
ဂေါက်ဖ်ရိုက်တံကို နှင်းတောထဲသို့ ဝှေ့ယမ်းပစ်လိုက်၏။ ဟန်များသူပီပီ
ဆေးတံကောက်ကလေး ထဲသို့ ဆေးတစ်အိုးဖြည့်ကာ ဟန်ပါပါ မီးညှိလိုက်သည်။ ပြီးသောအခါ
ဆေးတစ်ရှိုက်။ လက်က မေးစေ့ကို ပွတ်ရင်း...
'အင်း...မင့်ဟာက
လွမ်းမယ်ဆို လွမ်းလို့ရနေပြီပဲကွ။ မင့်အပေါ် စေတနာ ရှိတဲ့လူ ရှိသေးရင်ပေါ့လေ'
၄။ ဘာမှန်းမသိတဲ့ လွမ်းရပေါင်းများနေတဲ့
လူတစ်ယောက်။
ကျွန်ုပ်ဘဝ၌
ဘာမှန်းမသိဘဲ လွမ်းရပေါင်းများပြီဟု ကျွန်ုပ် ညည်းညူလျှင် ရလောက်ပေပြီဟု ကျွန်ုပ်
ထင်ပါ၏။
ယခုပင်လျှင် ကျွန်ုပ်သည် အူကြောင်ကြောင်ဖြင့် လွမ်းသလိုလို၊ ထမင်းမဆာသလိုလို ဖြစ်နေပြန်သေးသည်။ ကျွန်ုပ် လူပျိုရွယ်ဘဝက ချစ်သူက အသည်းခွဲသွား၍ ကျွန်ုပ် မစားနိုင်၊ မသောက်နိုင်ဘဝမျိုး ကြုံခဲ့ရဖူးသည်ကို မမေ့သေး။ အသည်းကွဲရင် လွမ်းရင် ထမင်းမဆာဘူးဆိုတာ ဟုတ်သလား။ ယခု ကျွန်ုပ် ထမင်းမဆာသည်ကတော့ ဂျင်းဘောင်းဘီကဗျာကို ခံစားရ၍ ထမင်းမဆာခြင်း ဖြစ်နိုင်သလို ခေါက်ဆွဲကြော်စားထား၍ ထမင်းမဆာတာမျိုးလည်း ဖြစ်နိုင် ပါသေးသည်။
မည်သို့ပင်ဆိုစေ၊ ဂျင်းဘောင်းဘီကတော့ သူ့အဟောင်း အိတ်ကြီးထဲက အစုတ်ထုပ်ကြီးတွေ ဆက်၍ဆက်၍ ဖွင့်နေဆဲသာ။
အလှမြင်ဝါဒ၊
ကျဆုံးချိန်ခါ
ဘယ်ကိုကြည့်ကြည့်၊
နောက်ကျိစရာ
သကာချိုပျား
ခါးတဲ့အခါ
ကဗျာများ ဆေးတစ်ပါးဖြစ်၍လာ။ ။
ခုတစ်မျိုး၊
တော်ကြာတစ်မျိုး ဖြစ်တတ်သော ကျွန်ုပ်သည် စိတ်ပေါက်လာကာ သူ၏ 'အလှမြင်ဝါဒ
ကျဆုံးချိန်ခါ'ကို ဘောလုံးလုပ်ပြီး ဂေါက်ဖ်တံ
ထည့်ရိုက်ပစ်လိုက်တော့၏။ ဂျင်းဘောင်းဘီ ကိုယ်တိုင်လည်း ဘောလုံး ဖြစ်သွားသလား ကျွန်ုပ်မသိ။
အဝေးသို့ မြောက်တက်သွားသည်ကို ကျွန်ုပ် မြင်လိုက်ရသည်။ သို့သော် ခဏကြာသောအခါ
ဂျင်းဘောင်းဘီသည် သူ၏ 'အလှမြင်ဝါဒ ကျဆုံးချိန်ခါ' နှင့်အတူ မြက်ခင်းပေါ်သို့ ဖုတ်ခနဲ ကျလာသည်ကို ကျွန်ုပ် တွေ့လိုက်ရသည်။
သို့သော် ဂျင်းဘောင်းဘီသည် အရှိန်ဖြင့်ဆက်၍ လိမ့်နေသေးသည်။ အလှိမ့် မလိမ့်သောအခါမှ
ဂျင်းဘောင်းဘီ သည် ကျွန်ုပ်ရှိရာသို့ ခပ်တည်တည် ပြန်၍လျှောက်လာပြန်သည်။
'ဘယ်မလဲကွ
ဖိုင်နယ်ကျောင်းသားရဲ့၊ လူငယ်နှင့် အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု၊ ဘယ်မှာလဲ'
ဂျင်းဘောင်းဘီက
တိမ်ကို ပန်းပုထုသလို ပြုံးပြီး ပါးစပ်မပါသော အရယ်မျိုးဖြင့်လည်း ရယ်လိုက်သေးသည်။
'အဟက်...အဟက်
အဟက်'
၅။ ခေါမပြည် ခရစ်တော် မပေါ်မီ
အနှစ်တစ်ထောင်ခန့်က
ဂျင်းဘောင်းဘီသည်
သူ၏ပါးစပ်ဟု ယူဆရသော အပေါက်မှ အဟက်...အဟက်ဟု အရယ်သဖွယ် ပြုလုပ် ပြီးခါမှ...
'သကာချိုပျား၊
ခါးတဲ့အခါဆိုတာ အဖွဲ့အနွဲ့ဆိုင်ရာ ဆန့်ကျင်ဘက် အားပြိုင်မှု စတော့မယ်လို့ အချက်ပေး
ခရာသံ မှုတ်လိုက်တာပဲ မုတ်ဆိတ်ဖြူကြီး'
ကျွန်ုပ်အသာကုပ်နေလိုက်ရသည်။
ဂျင်းဘောင်းဘီက သူ၏အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှုကို မည်သို့ချပြမည် ဖြစ်ကြောင်း
ကျွန်ုပ်ကို ရှင်းပြတော့သည်။ သူ ချပြမည့်ပုံစံမှာ...
ဥပမာ 'နေရာတစ်ခုဆီ သို့' ချစ်သူနှင့် အတူသွားစဉ် မည်သို့ခံစားရပြီး ချစ်သူမဲ့သွားသောအခါ ထိုတစ်နေရာတည်းကိုပဲ အဘယ်သို့ ခံစားချက် ပြောင်းလဲသွားပုံကို ယှဉ်တွဲ၍ ချပြမည်ဟု ဆိုပါသည်။ သဘောက နေရာမပြောင်းသော်လည်း ခံစားချက် ပြောင်းလဲသွားပုံမျိုး။ ကျွန်ုပ် နည်းနည်းပါးပါးတော့ စိတ်ဝင်စားသွားသည်။ အမှန်တော့ ချစ်သူနှင့်အတူ ရောက်ရှိခဲ့သည်ဆိုသော ထို 'နေရာတစ်ခုစီ' ဆိုသည်မှာ သူ့ကဗျာ၏ ရှေ့ပိုင်းတွင် ဖော်ပြခဲ့သော အဖွဲ့အနွဲ့များ ဖြစ်သည်ဟု ဂျင်းဘောင်းဘီက ရှင်းပြသည်။ သို့သော် ရွတ်ဆိုခံစားပြရာ၌ ယှဉ်တွဲပြလိုသဖြင့် ထိုအပိုဒ်များကို တမင် ချန်ခဲ့ကာ ကျော်လွှားရွတ်ဆိုခဲ့ကြောင်း သူက ရှင်းပြသည်။ ကျွန်ုပ်ကတော့ စိတ်ထဲမှာပဲ 'ဒီကောင်လူရှုပ်' ထင်လိုက်တော့၏။ ဂျင်းဘောင်းဘီသည် အတော်ဖရိုဖရဲနိုင်လှသော အကောင်ဖြစ်သည်။ ကျွန်ုပ်ကလည်း သူ့ကဗျာကို မြန်မြန် ပြီးစေချင်လှပြီ။ ထို့ကြောင့် 'ကိုင်း... ဒါဆို နေရာတစ်ခုတည်းမှာ ချစ်သူနဲ့သွားတော့ ဘယ်လို 'ကြည်'ပုံ၊ ချစ်သူမပါဘဲ သွားတော့ ဘယ်လို 'အီ'ပုံ လုပ်လိုက်တော့ ငါ့ကောင်' ဟု ပြောလိုက်တော့မှ သူကလည်း 'ဒါဆို အောင်ပင်လယ်နဲ့ ဖွင့်မယ်'တဲ့။
သည့်နောက်
အောင်ပင်လယ် မြင်ကွင်း။
အောင်ပင်လယ်ရိုး၊
နိုးတဲ့ကောက်နှံ
စိမ်းရောင်လျှမ်းပ၊
မြထဘီဟန်
သူ့လက်ကို
ကမ်း၊ ဖြတ်သန်းမယ်ကြံ
ဗျိုင်းတစ်အုပ်၊
ရုတ်တရက်လန့်ကာပျံ။ ။
ယင်းသို့
ချစ်သူပါသော အောင်ပင်လယ်ကို ဖွဲ့ဆိုပြီး သောအခါ သူကပင် ချစ်သူမပါသော
အောင်ပင်လယ်ကို...
အောင်ပင်လယ်ဘက်၊
ကျေးငှက်စိုးစီ
ဟိုတစ်ချိန်က
သီချင်းချိုရီ
သူ
မပါတော့၊ ပြောင်းပေါ့တစ်လီ
ငှက်သီချင်း၊ ငိုချင်းဖြစ်သွားပြီ။ ။
ကျွန်ုပ်အဖို့ ဂျင်းဘောင်းဘီ၏ ရှင်းလင်းတင်ပြပုံကို သဘောပေါက်သွားပြီ ဖြစ်သည်။ ထို့နောက် ဂျင်းဘောင်းဘီတို့ ချစ်သူနှစ်ယောက်သည် ဦးပိန်တံတား တောင်လေးလုံးကျောင်း၊ အတုမဲ့ကျောင်း၊ ရွှေကျောင်း၊ ကမ်းခြေဇေယျာဦး၊ သပြေတန်း၊ အင်းဝ။ အို...အစုံအစုံ။
ဦးပိန်တံတား၊
လျှောက်သွားဖူးပြီ
တောင်သမန်အင်း၊
သီချင်းညံစီ
မယ်စယ်ပင်တန်း၊
အလွမ်းမဲ့ပန်းချီ
တောင်လေးလုံး၊
ပခုံးနွဲ့လို့မှီ။ ။
ဦးပိန်တံတား၊
လှိုင်းများ ဘောင်ဘင်
မင်္ဂလာစည်ရွမ်း၊
အလွမ်းမဲ့ယခင်
သူ
မပါတော့၊ ပြောင်းပေါ့အသွင်
ဗျိုင်းတောင်တီး၊
တစ်ကိုယ်တည်းထွက်ပြေးချင်။ ။
စာပေနှံ့စပ်၊
လွမ်းတတ်အဖော်
သုတေသန၊
ရွရွတူးဖော်
စာပေသမား၊
လေးစားကော်ရော်
'ကိုပညာ'
မြန်မာပြည်မှာကျော်။ ။
တောင်လေးလုံးက၊
တရားချပြီ
တရားရေအေး၊
တိုက်ကျွေးချိန်မီ
'ကိုပညာ'က၊ ပညာပြပြီ၊
ချစ်ဒုက္ခ၊
ပညာမရပြီ။ ။
သင်္ခါရရဲ့၊
ဓမ္မအပေါ်
အတုမဲ့ကျောင်း၊
ကောင်းကောင်းသရုပ်ဖော်
ငယ်သူတစ်စု၊
ဉာဏ်ရှုမမျှော်
အမြင်နု၊
အတုမဲ့အနမ်းနော်။ ။
အတုမဲ့ကျောင်းကြီး၊
ဖိစီးစုရာ
သပ္ပာယ်သမှု၊
ရှေးအနုပညာ
သူ
မပါတော့၊ ပြောင်းပေါ့တစ်ခါ
အတုမဲ့၊
မဲ့ပေါ့အနမ်းတစ်ရာ။ ။
ရွှေကျောင်းကနုတ်၊
အနုပန်းချီ
ဂီတကွက်စိပ်၊
မိုးထိပ်ပျံချီ
လက်ရာသပ်ရပ်၊
ဘယ်နတ်မမီ
ပန်းချီရေး၊
စုတ်ကလေးငိုရမည်။ ။
မန်းရဲ့ရွှေကျောင်း၊
ရှေးဟောင်းလူအို
ရွှေမင်ဆေးကွက်၊
လက်ရန်းငယ်ပြို
သူ
မပါတော့၊ ပြောင်းပေါ့နဂို
ကနုတ်ကျောင်း၊
ခေါင်းလောင်း ဘယ်မချို။ ။
ဇေယျာကမ်းဦး၊
ခုန်ကူးမယောင်
ရဲရင့်ပြောင်ပေ့၊
ခြင်္သေ့တစ်ထောင်
ပြည်သူ့သတ္တိ၊
မိုးထိထွန်းပြောင်
သပြေတန်း၊
လာစမ်းရန်မရှောင်။ ။
သပြေတန်းခံတပ်၊
နပန်းသတ်တံခွန်ထူ
ဇာတိမာန်တက်၊
လက်ဝှေ့သရဖူ
စိန်ခေါ်လက်ခမောင်း၊
ဖြောင်းဖြောင်းခတ်သူ
ဒါပေမင့်၊
ထိုးခွင့်မရခဲ့သူ။ ။
အင်းဝတံတား၊
ဝင့်ကြွားဟန်ချီ
ငွေမင်သုတ်ဖျန်း၊
ငန်းရိုင်းခေါ်မည်
ပျံတော့မည့်အတိုင်း၊
လှိုင်းလည်းမထီ
အံကိုခဲ၊
ဘာလဲဧရာဝတီ။ ။
အင်းဝတံတား
စကားမဆို
နေရည်မဆမ်း၊
ငန်းရိုင်းတစ်ကိုယ်
အတောင်ပံ
အပေါင်း၊ အညောင်းမိသလို
ခေါင်းငိုက်မြဲ၊
သဘောပဲဧရာပျို။ ။
ဟိုမှာကြည့်စမ်း၊
မန္တလေးတောင်
စိန်မှကူကွက်
ပြိုးပြက်ပြိုးပြောင်
'သားကလေး'ရမှ၊ အတူတက်ရအောင်
ပါးပျဉ်းထ
ကြောက်စရာ့ မြွေနှစ်ကောင်။ ။
ဟိုမှာကြည့်စမ်း၊
မန္တလေးတောင်
အစိမ်းလွင့်ပြေး၊
ဆေးအဝါရောင်
ရွက်ဝါခုန်ချ၊
လေကသယ်ဆောင်
မွဲခြောက်စွ၊ တောင်က ခေါင်းတုံးပြောင်။ ။
ကျွန်ုပ်သည်
ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နေတာတောင် အမြဲတမ်း ရှုပ်ယှက်ခတ်နေသူ ဖြစ်သည်။
ဂျင်းဘောင်းဘီ၏ (သူ့အပြော) အဖွဲ့အနွဲ့ဆိုင်ရာ အားပြိုင်မှု ဆိုတာကြီး
ပြီးဆုံးသွားသောအခါ ကျွန်ုပ်လည်း နေသာထိုင်သာ ရှိသလို ပေါ့ပါးသွားသည်။ ကျွန်ုပ်က အမြဲတမ်း
တွေးနေချင်သူ။ အတွေးမရှိလျှင် ဘာတွေးရကောင်းမလဲ အမြဲရှာနေသူ။ ယခုပင်လျှင် ကျွန်ုပ်မျက်နှာပေါ်မှ
အမွေးအမှင်များ အကြောင်းပင် ဖြစ်သည်။ ယင်းတို့ကို အရှည်ထားလျှင် ယင်းတို့က
နှုတ်ခမ်းမွေးကို အထောက်အကူ ဖြစ်စေလိမ့်မည်လားဟု ကျွန်ုပ်တွေးနေပြီး နောက်ထပ် အတွေးတစ်ခုမှာ
ကျွန်ုပ်ကိုယ်ပေါ်သို့ ပက်ကျိလာလုပ်နေသော ဂျင်းဘောင်းဘီ ဆိုသောကောင်ကို ကိုယ်က
ခွာကာ အလုံးလေးလုပ်ပြီး အဝေးရောက်သွားအောင် ဂေါက်ဖ်တံဖြင့် ရိုက်ပစ်လိုက်ရလျှင်
ကောင်းမည်လားဟု ကျွန်ုပ် တွေးနေမိခြင်း ဖြစ်သည်။
ဤသို့ပင်
ကျွန်ုပ်က တွေးစရာနှစ်ခုကို တစ်ပြိုင်တည်း တွေးနေသောကြောင့် ဂျင်းဘောင်းဘီ၏ နှင်းဆီဖြူကြောင့်
အသည်းကွဲရပုံကိုလည်း ကျွန်ုပ် မတားဆီးလိုက်နိုင်တော့...
အလွမ်းကာရန်၊
အန်ထုတ်ရင်းကွယ်
စိတ်ဖြေစာလုံး၊
ပန်းကုံးလိုသွယ်
လက်ပစ်ကူးရ၊
သောကပင်လယ်
ရေမွန်းနစ်
ချစ်ဘေးဒုက္ခသယ်။ ။
တောင်သမန်ထန်းတော၊
ပြောမဆုံးပေါင်
သည်မြိုင်တောတန်း
ထန်းကရာထောင်
သံပြိုင်ဟစ်ကြွေး
တေးများဖောင်ဖောင်
ချိုချဉ်ရှ
လွမ်းစရာ့ငှက်ခါးတောင်။ ။
ဦးပိန်တံတား၊
ကင်းခြေများအို
မျက်လုံးထဲမှာ
တွန့်သွားနေသလို
သက်ဝင်လှုပ်ရှား
ခြေများရှည်တို
ခြေလှမ်းလွဲ
ရင်ထဲဘာလိုလို။ ။
အရှေ့သွားခြေထောက်၊
အနောက်ကိုယွန်း
ညနေချမ်းဆီ၊
နွယ်နီသောင်စွန်း
'မုတ်ဆိတ်ကြီး'တို့၊ နားဖို့သည်ကျွန်း
ပလီရိုက် ပဲစုံစိုက်တဲ့ ကျွန်း။ ။
ကျွန်ုပ်
ပြုံးလိုက်မိသည်အထိ မျက်နှာက ဖြစ်သွား သလားမသိ။ အကန်းတက်သွားမည် စိုးသောကြောင့်
အပြုံးကို လိုက်ဖမ်းသော်လည်း ကျွန်ုပ်မျက်နှာက အချိန်မမီလိုက်တော့။ မျက်နှာပေါ်
အပြုံးက လက်ပူးလက်ကြပ်။ သူ့ကဗျာထဲမှ 'မုတ်ဆိတ်ကြီး'မှာ ကျွန်ုပ်ကို တိုက်ရိုက်ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ အမှန်တော့ သူ့'ထန်းရည်သောက်ကဗျာ'တွင် နာမည်ပျက်ဖော်ရရန် ကျွန်ုပ်ကို
စွတ်ထည့်၍ စပ်လိုက်ခြင်း ဖြစ်သည်။
ယင်းအပြင်
အသည်းကွဲသူ ဂျင်းဘောင်းဘီသည် တစ်ဆင့်ထပ်၍ တင်လိုက် ပြန်သေးသည်။ ရှေးဟောင်း ထန်းရည်သမားများနှင့်
အရက်သမားများ၏ မှတ်သားဖွယ် အဆိုအမိန့် များတွင် ထန်းရည်အလွန်အကျွံမူးလျှင်
ရှေ့သို့ မလဲဘဲ နောက်သို့သာ ပက်လက်လှန် ကျတတ်ကြောင်းနှင့် အရက်အလွန် အကျွံမူးလျှင်
ရှေ့စိုက်လဲတတ်ကြောင်းများ ဖော်ပြသည့် အပြင် အဲသလို တစ်ခုခုအလွန်အကျွံမူးလျှင်
အဆင်ပြေရန် ချိန်ခွင်လျှာကို ဘယ်လိုညှိမလဲဆိုတာ သူက ကိုယ်တွေ့အဖြစ် မှတ်သားဖွယ်
ခင်းကျင်းပြလိုက်သေး၏။ ဂျင်းဘောင်းဘီရဲ့ အခင်းအကျင်းတွေ ဝေဆာနေပုံက...
ထန်းရည်အမူးသောက်၊ နောက်ပက်လက်လှန်
သို့သော်
မခက်၊ အရက်နဲ့ကျားကန်
ကျားကန်လိုက်မှ၊
ဆယ်ဆဆိုးပြန်
ဟန်နိုင်ဘဲ
မှောက်လဲ ပက်လက်လှန်။
၆။ အိပ်ချင်သူ။
မှန်၏။
မှန်သည်။ မှန်ပေသည်။
မှန်ပေသည်။
မှန်သည်။ မှန်၏။
ဂျင်းဘောင်းဘီသည်
ကျွန်ုပ်၏ရှေ့တွင် 'ထောင်' နေရာ မှ ရှေ့စိုက်လဲလိုက်။
နောက်လန်ကျလိုက်နှင့် မောင်းတံတစ်ခု သဖွယ်။ ကျွန်ုပ်၏ မှတ်ချက်များကလည်း
တိုသွားလိုက် (အသံပြတ်)၊ အနည်းငယ် ရှည်သွားလိုက် (အသံပျော့) ပိုမျော သွားလိုက်
(အသံလျော)။ ပြီးတော့ သည်အတိုင်း မနေဘဲ ပြောင်းပြန်လုပ်ခါ အသံလျောမှ အသံပျော့၊
အသံပျော့မှ အသံပြတ်။ စက္ကန့်တစ်ခုနှင့် တစ်ခုအတွင်းမှာပင် ကျွန်ုပ်၏
အပြောင်းအလဲများသည် 'များ'လျက်
ရှိလှသည်။
သို့သော်
မကြာ။ ဂျင်းဘောင်းဘီသည် ကျွန်ုပ်၏ ရှေ့၌ မတ်မတ်ရပ်၍ 'လူကဲ့သို့'
ပြန်၍ ပေါ်လာပြန်တော့သည်။
ကျွန်ုပ်ကိုယ်တိုင်
လုပ်သော မိုးတိမ်များကြားတွင် ဂျင်းဘောင်းဘီကို စိမ်းလဲ့ကန်သာ ဆင်ယင်သူအဖြစ်
တင့်တောင့် တင့်တယ် ဖြစ်နေသည်ကို တွေ့ရသည်။ ဂျင်းဘောင်းဘီ၏ ခါးတွင်
ဒူးပြဲဂျင်းဘောင်းဘီခေတ် ကုန်နေတာကို ကျွန်ုပ်တွေ့ရသည်။ ညာဘက်ဒူးနေရာမှ
နှစ်လက်မခွဲလောက် ကန့်လန့်ပြတ် အကွဲကိုလည်း မတွေ့ရတော့ပေ။ သို့သော် သူပုံက
နုသစ်နေသော်လည်း ထိလိုက်ရင် ပဲ့မတတ် ကြပ်ဆတ်နေသလား ထင်ရသည်။ မျက်နှာက
ပြန်၍လေ့ကျင့်သင်ယူ ထားပုံရသော 'လက်သင်အပြုံး'ကိုလည်း
သူ့မျက်နှာပေါ်တွင် ပေကတ်ကတ်
တွေ့မြင်နေရပေသည်။ သို့သော် အချစ်ဟောင်း နှင်းဆီဖြူနှင့် ပတ်သက်၍လည်း အတော်ပင်
နေသာထိုင်သာ ရှိသွားပုံရသည်။ တမင် အနည်ထိုင်ပေးထားတဲ့ ပုံလားတော့ ကျွန်ုပ်
သေချာစွာမသိ။ အခုတော့ ဒီကောင် ဂျင်းဘောင်းဘီသည် 'အချစ်သစ်'နှင့် ပက်ပင်းတိုးနိုင်ခဲ့ပြီလား မသိ။ ဂျင်းဘောင်းဘီကမူ လုပ်ပြန်ပြီ။
သူ့မပြီးနိုင်၊ မစီးနိုင်ဟာကြီး ကို...
ရာသီရထား
ဖြတ်သွားလွန်ကျော်
အချိန်သည်က၊
ဘေသဇ္ဇနော်
တစ်ကျော့ရင်ခုန်၊
ဆေးတစ်ဖုံဖော်
အသစ်နု
ဂုရုသမားကျော်။
ကိန်းဂဏာန်း
'နှစ်'၊ နုသစ်လတ်ဆတ်
သေတ္တာဖွင့်အနမ်း၊
ပန်းရည်ရောင်ဟပ်
လိပ်ပြာလက်နှင့်၊
ဖွင့်ဖတ်ဖွင့်လှပ်
အချစ်စက်
ငှက်သွင်ပျံမတတ်။ ။
သံယောဇဉ်ကြိုး၊
တိုးရစ်ချည်နှောင်
ရွှေလက်မြဲမြဲ
တွဲမဖြုတ်ပေါင်
သွားစို့ပြင်ကြ၊
တို့ကဦးဆောင်
ခြေစုံချ
လောကနိဗ္ဗာန်သောင်။ ။
အသစ်ရင်ခွင်၊
ပျော်ဝင်တွယ်ငြိ
အသစ်မျက်ရှု၊
စုပုံချစ်၏
ဇာတ်လမ်းအဟောင်း
ငဲ့စောင်းမကြည့်
နှင်းဆီမ တန်ပါ့ဝေရာမဏိ။
။
နှင်းဆီဖြူမ၊
အချစ်က မဖြူ
နာမည်ပြောင်းလှည့်
မှည့်သင့်လေသူ
နာမည်ထိပ်ဦး၊
အထူးပြုသင့်သူ
အမည်ရွေး
တွေးမိငေးငူငူ။ ။
တွေးရင်းတွေးရင်း၊
စိတ်တွင်းမှာပေါ်
အတွဲအဆက်၊
လိုက်ဖက်ညီလျော်
ပေါင်းသင်းမိတ်ဖက်၊
ကန့်ကွက်သူမပေါ်
နာမည်ဆန်း 'ပန်းရိုင်းနှင်းဆီ'နော်။ ။
သူ့ဟာနှင့်သူတော့ အတော်ဟုတ်နေပြီဟု ကျွန်ုပ် ထင်သည်။ သူသည် သူ့နှင်းဆီ ဟောင်းကို ခံစားမှုမပါဘဲ ပွတ်သပ်နိုင်ကြောင်း ကျွန်ုပ် တွေ့ရသည်။ ထိုစဉ်မှာပင် ကျွန်ုပ်၏ ဟိုက်စကူးဖိုင်နယ် ကျောင်းသားလေး ဂျင်းဘောင်းဘီသည် သူ့ 'ပန်းရိုင်းနှင်းဆီ' ကဗျာကို ဘာမှဆန်းကြယ်မှု မရှိသော ဇာတ်လမ်းများကဲ့သို့ ဤသို့သာ အဆုံးသတ်လိုက်သည်ကို ကျွန်ုပ် နောက်ဆုံးအနေနှင့် နားနှင့်ဆတ်ဆတ် ကြားလိုက်ရတော့သည်။
တွေ့ချစ်ကွဲဇာတ်၊ ဖုန်ထပ်ထပ်တော
ဒီဇာတ်ထပ်တိုး၊
ရှေးရိုးသဘော
ပန်းရိုင်းနှင်းဆီ
ဗီဇမနော၊
မိဘငဲ့စောင်း၊
ယောက်မ မစီးသော
လိမ္မာရေးခြား၊
ကြီးမားစွာသော
မွေးရကျိုးနပ်၊
သမီးမြတ်ချောချော
ကဗျာရှု
သာဓုခေါ်စေသော
သာ...သာဓု
သာဓုခေါ်စေသော။ ။
မူလကဗျာ၏
ကြောင်းရေ သတ်မှတ်ချက်ကျော်လွန်ကာ ရွတ်ဆို၍ ဂျင်းဘောင်းဘီက သူ့ကဗျာကို
အဆုံးသတ်လိုက်တော့သည်။ကျွန်ုပ်လည်း ယောင်ယမ်းကာ 'သာဓု... သာဓု...သာ ဓု'ဟု သုံးကြိမ်သုံးခါ ရွတ်ဆိုလိုက်သောအခါ ဂျင်းဘောင်းဘီသည် ခုန်ဆွခုန်ဆွတွေ
ပြန်ဖြစ်လာကာ အပေါ်သို့ မြောက်တက်သွားပြီး ကျွန်ုပ်၏ မြင်ကွင်းထဲမှ တစ်ခါတည်း
ပျောက်ကွယ်သွားပါတော့သည်။
ကမ္ဘာပေါ်တွင်
ကျွန်ုပ် တစ်ယောက်တည်းသာ ရှိတော့သည်။ ထို့ကြောင့် ကြည့်စရာ 'လူ'ဆိုလို့ ကျွန်ုပ်ကို ပြန်ကြည့်ရန်သာ ရှိတော့သည်။ ကျွန်ုပ်သည်လည်း 'လူ'ဆိုတာကို ကြည့်ချင်သေး၍ ကိုယ့်ကိုယ်ကိုယ်
ပြန်ကြည့်လိုက်သည်။
ကျွန်ုပ်
ဝတ်ထားသော ဘောင်းဘီ၏ ညာဘက်ဒူးနေရာတွင် နှစ်လက်မခွဲခန့် ကန့်လန့်ပြတ်ပြဲနေသော
အပြဲကို တွေ့ရသည်။ ကျွန်ုပ် ဝတ်ထားသော ဘောင်းဘီမှာလည်း 'ဂျင်း
ဘောင်းဘီ' ဖြစ်သည်။
ကျွန်ုပ်
အိပ်ချင်လှပြီ ဖြစ်သည်။
■
ကိုငြိမ်း ၊မန္တလေး၊
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဟေ့... တွေးမနေနဲ့...မင်း မှန်တယ်။ အဲဒါ တစ်ခါက တကယ်မရှိဘူး။ အိပ်မက်လားလို့ မေးမလို့လား။ စဉ်းစားပေါ့။ အခု တကယ်တွေ့နေရပြီပဲ။ ပုံပြင် မဟုတ်ဘူး။ မြင်တယ် မဟုတ်လား။ အမိုးကို ကြည့်လိုက်စမ်းပါ။ မော့ကြည့်လိုက်စ...
ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီ...
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ည...