ပတ္တမြားခင်
တစ်နေ့။
ကျွန်မတို့နေတဲ့
ဖလော်ရီဒါကို ဝုန်းဒိုင်းကြဲ ဝင်ရောက်မွှေနှောက်သွားကြတဲ့ မုန်တိုင်းတွေပြီးလို့
မိုးသက်တွေ ကင်းစင်၊ ကောင်းကင်က ပြာပြာ၊ နေက သာသာ၊ ပင်လယ်လေအေးလေး
တစိမ့်စိမ့်ဖြာနဲ့ အေးချမ်းလှပတဲ့ ညနေခင်းလေးမှာ ရောက်လာတဲ့ စာအိတ်ကလေးကို
ဖွင့်ကြည့်မိလိုက်တော့ ဓာတ်ပုံလေးနှစ်ခု ထွက်ကျလာလေရဲ့။
ပန်းချုံတစ်ခုပေါ်မှာ
ပက်လက်လှန်ပြီး ပျော်ရွှင်စွာ ရယ်မောနေတဲ့ သုံးနှစ်သားငယ် နိကိုလက်စ်လေးရဲ့ပုံ။
ပို့စကတ်ရွယ်ဓာတ်ပုံရဲ့ ထိပ်စီးမှာရှိတဲ့ စာတန်းက (Happy Harvest 2004) တဲ့။
အောက်ဘက်ထောင့်မှာတော့ Love
Nicholas သားငယ်နာမည် ထည့်ထားပါတယ်။
(၂ဝဝ၄ ခုနှစ်ရဲ့ ပျော်ရွှင်သော ရိတ်သိမ်းပွဲ)ဆိုတဲ့ စာတမ်းအဓိပ္ပာယ်
လေးကလှလိုက်တာ။
နောက်တစ်ပုံက
မြေးအကြီးဆုံး ခန့်ကိုကိုက သားငယ်နီကိုလက်စ်ကို ချီပြီး ဘယ်ဘက်မှာ ဇနီးကယ်ရီကို
ဖက်ထားတဲ့ သူတို့မိသားစု သုံးယောက်ရဲ့ ဓာတ်ပုံပါ။
ပြီးခဲ့တဲ့
နှစ်ပတ်လောက်တုန်းက Make A Wish Foundation ရဲ့ အစီအစဉ် နဲ့ ကျွန်မတို့နဲ့ လေးနာရီလောက်
ခရီးရှိတဲ့ ဒစ္စနေကမ္ဘာကို လာကြစဉ်က ရိုက်ခဲ့တဲ့ ပုံတွေကို ပို့လိုက်တာပါ။
Make A Wish Foundation
ဖောင်ဒေးရှင်းဆိုတာ ကင်ဆာရောဂါရထားတဲ့ ကလေး ငယ်လေးတွေအတွက် ခံစားနေရတဲ့
ဝေဒနာဆင်းရဲခြင်းတွေက ခေတ္တခဏ မေ့ပျောက်မှုရပြီး စိတ်ချမ်းသာပျော်ရွှင်မှုရအောင်
သူတို့ရဲ့ဆန္ဒလေးတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးတဲ့ စေတနာ့ ဝန်ထမ်း
ပရိဟိတအဖွဲ့ပါ။
မြန်မာပြည်မှာလည်း
ကျွန်မရဲ့ ကျောင်းနေဖက်သူငယ်ချင်း မြမြသိန်းရဲ့ခင်ပွန်း ဦးလှထွန်းက
ကွယ်လွန်သွားတဲ့ ကင်ဆာရောဂါရှင် သမီးလေးကို ရည်စူးပြီး (ဦးလှထွန်း
ကင်ဆာဖောင်ဒေးရှင်း) လုပ်ထားတာ မဂ္ဂဇင်းထဲမှာ ဖတ်လိုက်ရလို့ ရည်ရွယ်ချက်ကောင်းတဲ့
ဦးလှထွန်း Jimmy ရဲ့ ခေတ်မီသော အကျိုးပြုဒါနကို သာဓုများစွာ
ခေါ်မိပါတယ်။
လက်ထဲမှာ ကိုင်ထားဆဲ
ဓာတ်ပုံလေးနှစ်ပုံကို အထပ်ထပ်အခါခါ ကြည့်ရင်း လူသားတွေရဲ့ လှုပ်ရှားမှုတွေကိုသာ
ဆလိုက်မီးမောင်းထိုးပြီး ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင်ရမယ် ဆိုရင်
ကိုယ်ပိုင်ဇာတ်လမ်းတွေက ဟောလိဝုဒ် ရုပ်ရှင်နဲ့အပြိုင် ဖြစ်နိုင်ကောင်းရဲ့လို့
ဓာတ်ပုံဆရာမ လူထွက်ပီပီ ကျွန်မ အတွေးတွေ လွန်နေမိပါတယ်။
'ကြီးမားတဲ့ ချစ်မေတ္တာဟာ
အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်ပါလား' ဆိုတဲ့
ခံစားချက်အသိတရား တစ်ခုကလည်း စာရေးသူပီပီ ရင်မှာထိဟပ်လာ ပြန်ပါရော။
အထူးသဖြင့် အပြောင်းလဲကြီး
ပြောင်းလဲသွားတဲ့ ဓာတ်ပုံထဲက ကျွန်မရဲ့မြေး ခန့်ကိုကိုကို တစိမ့်စိမ့်ကြည့်ရင်း
အံ့သြမဆုံး ဖြစ်ရတာနဲ့အတူ သူတို့မိသားစုရဲ့ ချစ်ခြင်းမေတ္တာရိပ်တွေကို
ထင်ဟပ်ခံစားရင်း ကျေနပ်ပီတိနဲ့ ကြည်နူးရတာလည်း ရင်မှာလှိုက်ခါတဲ့ထိပါပဲ။
'လူ့ဘဝဆိုတာ
ရွေးချယ်ခြင်းတွေနဲ့ တည်ဆောက်ထားတာ'တဲ့။
'လူသားတိုင်းဟာ
ကိုယ့်ကမ္ဘာလေးနဲ့ ကိုယ်တည်ဆောက်နေကြတာပါပဲ။ ရွေးချယ်ခြင်းမှာလည်း ကိုယ်ဘယ်အရာကို
တန်ဖိုးအထားဆုံးလဲ ဆိုတာ ပေါ်မှာ မူတည်ကြတာပေါ့နော်။
ကျွန်မရဲ့သားကြီးဝင်းက
သူ့သားလေးယောက်စလုံးကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ အုပ်ချုပ်ထားတာမို့ အားလုံးက
အဖေကို ပြားနေအောင် ရိုသေလေးစား နားထောင်ကြပါတယ်။ ကိုယ်ပိုင်စီးပွားရေး
ရှိထားသူဖြစ်တော့ သားတစ်ယောက်ယောက် ဘွဲ့ရပြီးရင်လည်း စက်ရုံမှာ
ချက်ချင်းအလုပ်ခန့်၊ တာဝန်တစ်ခုပေးထားရုံမကဘဲ မိဘနဲ့အတူနေ၊ အတူစား၊
ရတဲ့လစာဝင်ငွေကိုစု။ ကိုယ်ပိုင်အိမ်ဝယ်ဖို့ Down Payment အလုံလောက်အောင်ရပြီဆိုမှ
အိမ်ဝယ်။ ကိုယ့်ဟာကိုယ် ရပ်တည်ကြဆိုပြီး လက်လွှတ်ပေးလိုက်တာမျိုးပါ။
ဒါကြောင့်လည်း သားတွေက
ကျောင်းပြီးတာနဲ့ အလုပ်က အဆင်သင့်။ အဖေအမေအိမ်မှာ ဇိမ်ကျကျ။ အနေအထားမပျက်နေ။
ကိုယ့်လစာငွေကို အသားတင်စုပြီး တစ်နှစ်လောက်လည်း ရှိရော ကိုယ်ပိုင်အိမ်တွေနဲ့
ဟန်ကျပန်ကျ ဖြစ်ကုန်ကြတယ်ပေါ့။
အဲဒီထဲမှာ ကျွန်မမြေးကြီး ခန့်ကိုကို
မပါဘူး။ သူ့ရဲ့ရွေးချယ်ခြင်းက ကျန်တဲ့ ညီအစ်ကိုတွေနဲ့ ဆန့်ကျင်ဘက်လေ။
အဖေကို လေးစားသမှုနဲ့တော့ ပေးထားတဲ့
အလုပ်တာဝန်ကို လက်ခံပြီး ကျေပွန်စွာ လုပ်နေပါရဲ့။ မိဘအိမ်မှာ အခိုက်အတန့်အတူနေပြီး
အိမ်ပိုင်ဝယ်ဖို့ ငွေစုခိုင်းတဲ့ စီမံကိန်းကိုတော့ လက်မခံဘဲ တက္ကသိုလ်တက်တုန်းက
တွဲခဲ့တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ နီးရာ ရှီကာဂိုမြို့လယ် တကယ့်နေရာကောင်း
မီချီဂင်အဲဗဲချူးအနီးတစ်ဝိုက်က တိုက်ခန်းတစ်ခုကို ငှားပြီး သွားနေလေရဲ့။
သူရွေးချယ်ပုံကိုလည်း ကြည့်ပါဦး။
နေရာကောင်းမှာ တက်နေတာ ထားပါတော့။ သူငှားတဲ့ တိုက်ခန်းက သူများလူပျိုလူလွတ်တွေလို
တစ်ကိုယ်စာ အိပ်ခန်းတစ်ခုတည်း မဟုတ်ဘဲ အိပ်ခန်းသုံးခန်းနဲ့ ဧရာမအကျယ်ကြီး ဖြစ်တဲ့အပြင်၊
အပေါ်ထပ် လသာဆောင် တစ်ထပ်လုံးလည်း ပါလိုက်သေးတော့ သူတစ်ယောက်တည်းနဲ့ အိမ်ကြီးက
မတန်တဆ ဖြစ်နေတာပေါ့။ နောက်ပြီး တစ်ပတ်မှာ ငါးရက်လုံးလုံးက တစ်နေကုန်
အလုပ်မှာရှိနေတာမို့ ပေးထားရတဲ့ အိမ်လခ ဒေါ်လာထောင်ကျော်က စီးပွားရေးအရ
ငွေတန်ဖိုးကို တွက်တတ်တဲ့ အဖေ့အမြင်နဲ့ ကြည့်မရစရာဘဲလေ။
အိမ်လခဖိုးတင် ထောင်ကျော်သေးတာ မကဘူး။
မြို့လယ်ရပ်ကွက်မို့ နေရာ အခက်အခဲကြောင့် ကားရပ်စရာ တစ်နေရာကို ဒေါ်လာနှစ်ရာ ပေးရတာအပေါ်
သူ့သားကို ထကန်ချင်မလားမသိ။ သားကတော့ ဒါတွေလည်း တွက်ပုံမရပါဘူး။ အပေါ်ထပ်
လသာခန်းမှာ ဘိလိယက်ခုံကြီးက ဟီးလို့။ စနေ၊ တနင်္ဂနွေရက်မှာ သူငယ်ချင်း
အပေါင်းအသင်းများစွာနဲ့ ဘိလိယက်ထိုး။
တစ်ခါတလေ ညဘက်အားရက် တွေမှာ
ဆက်ကပ်အဖွဲ့ပိုင်တဲ့ သူငယ်ချင်းရဲ့ ဆက်ကပ်ပွဲထဲ မဆီမဆိုင် ဝင်ပြီး အပျော်တမ်း Commentator လုပ်တဲ့ အခါလုပ်။ သူ့ဟာနဲ့သူ
စာရင်းရှုပ်ပြီး လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်နေလေရဲ့။
တခြားညီအစ်ကိုတွေက အလုပ်နဲ့
မနီးမဝေးနေရာမှာ အိမ်ဝယ်ထားကြတာမို့ အေးအေး ဆေးဆေး မိနစ်နှစ်ဆယ်၊ အစိတ်နဲ့
အလုပ်ကို ကားမောင်းလာလို့ ရပေမယ့် ရှီကာဂိုမြို့ လယ်ကောင်က လာရတဲ့ ခရီးက ရုံးချိန်ကားရှုပ်တာနဲ့
ကြုံတဲ့ခါ တစ်နာရီက နှစ်နာရီဖြစ်တာကြောင့် ပိုပင်ပန်းပေမယ့် ခန့်ကိုကိုတို့ကတော့
အပြုံးမပျက်ပါပဲ။
အဲလိုအဝေးကြီးမှာ သွားနေလို့
ငွေပိုကုန်၊ အချိန်ကုန်နဲ့ ပင်ပန်းမှုတွေကိုလည်း ဂရုမစိုက်၊ အိမ်ပိုင်နဲ့
မနေရလို့လည်း ဘယ်လိုမှမရှိ။ ဒီကြားထဲမှာ မကြာခဏ ဆိုသလို ကင်ဆာရောဂါ သုတေသန ရန်ပုံငွေအတွက်
မိုင်ရှည်ပြေးကြတဲ့ မာရသွန်ပွဲတို့၊ စက်ဘီးစီးပွဲတို့လည်း ပါဝင်ဆင်နွှဲပြီး
ကျွန်မတို့ဆီက အလှူငွေ ကောက်ခံတာမျိုးတွေလည်း သူ့မှာ လုပ်ချိန်ရှိနေသေးလေရဲ့။
အလုပ်က ခွင့်ရက်ရပြီ ဆိုရင်တော့
တစ်နှစ်တစ်ခါ အဘွားဆီ အလည်ရောက်လာတာလည်း မပျက်မကွက်ပါပဲ။ သူတစ်ယောက်တည်းတော့
မဟုတ်ဘူး။ ချစ်သူအတွဲနဲ့ လာတာမျိုးပါ။ ကျွန်မ နေတာကလည်း သူတို့လူငယ်တွေအကြိုက်
နာမည်ကြီး မာယာမီ South
Beach ပင်လယ်ကမ်းခြေနဲ့ မဝေးလှတာလည်း တစ်ကြောင်းပါလေမယ်ပေါ့။
ပထမပါလာတဲ့ ချစ်သူကလေးမက
ဆေးကျောင်းသူ။ ညီအစ်ကို မောင်နှမကလည်း ရှေးခေတ်ကလို ဆယ်ယောက်တောင် ရှိတာဆိုတော့
အပေါင်းအသင်း ဝင်ဆံ့အောင် နေတတ်ပြော တတ်ပါတယ်။ ခန့်ကိုရဲ့မိဘအိမ်မှာ
စားအိမ်သောက်အိမ်။ ကျွန်မသားကြီးကလည်း ချွေးမလောင်းကို သဘောကျလို့။ ကျွန်မအိမ်ကို
ရောက်လာတော့လည်း မိသားစုဓာတ်ပုံကို ကြည့်ပြီး သူတို့မှာလည်း မိသားစုများကြောင်း၊
မိသားစုများတာ ကြီးစွာသော အားတစ်ခု ဖြစ်ကြောင်း ပြောပြနေတော့ အနားမှာ ရှိတဲ့
ခန့်ကိုကိုက သူတော့ သားသမီး မယူချင်ပါဘူး။ ကြောင်တစ်ကောင်ရှိရင် တော်ပြီ။
အေးအေးဆေးဆေးပဲ နေချင်တာတဲ့လေ။ အဲဒီမှတ်ချက်နဲ့ ပတ်သက်ပြီး ကလေးမနဲ့ အခြေအတင်ဖြစ်
နေကြလေရဲ့။
နောက်နှစ်နှစ်လောက် ကြာတော့
အဲဒီကလေးမလေးနဲ့ ဘာကြောင့်လဲ မသိ ကွဲသွားပါလေရော။ ဒါပေမယ့် 'သူငယ်ချင်းလို့ပဲ
ဆက်၍ခေါ်မည်ခိုင်' ဇာတ်လမ်းမျိုး။ အဆက်အဆံ မပျက်၊ အခင်အမင်
မပျက်။
တစ်နှစ်၊ နှစ်နှစ် အတွဲမရှိ၊
ဘုန်းမောင်တစ်ကိုယ်တည်း ဖြစ်နေရာက (၂ဝဝ၂) ခုနှစ် ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်မှာ
ကျွန်မတို့ မိသားစုအားလုံး အယ်လ်ဘားမားပြည်နယ်ရှိ မက္ကစီကို ပင်လယ်ကွေ့ ကမ်းခြေမှာ
စုပေါင်း အပန်းဖြေပွဲ လုပ်ကြတော့ 'ခန့်ကိုကို'က အတွဲသစ် ချစ်သူ ကလေးမလေးနဲ့အတူ ကျွန်မကို လေဆိပ်မှာ လာကြိုလေရဲ့။ ကလေးမက
ခုခေတ် မော်ဒယ်လ်ပုံစံလို ချောချောလှလှလေး။ နောက်တစ်နေ့ မနက်စောစော
ကျွန်မတို့ရောက်နေကြတဲ့ ပင်လယ်ကမ်းခြေက (၆)နာရီ လောက်ဝေးတဲ့ နယူးအော်လင်စ်မြို့ကို
ညီအစ်ကိုလေးယောက် အစုလိုက် ကားတစ်စီးနဲ့ သုံးရက်ခရီးတဲ့။ ထွက်သွား ကြပါလေရော။
'ဟောတော့်...ကလေးမလေး
ခေါ်လာပြီး သူတို့ချည်းထွက်သွားကြတာ အားနာစရာကြီး'လို့
ကျွန်မက ပြောတော့...
'ဒါရိုးနေပြီ ဘွားဘွား။
ကလေးမက သူတို့ညီအစ်ကို ဘာလုပ်လုပ် အတွဲလိုက်ကြီး လုပ်နေကျဆိုတာ နားလည်ပါတယ်။
မပူနဲ့'တဲ့။
ခန့်ညီညီရဲ့ဇနီး မီရှယ်လ်က
ရှင်းပြပါတယ်။ တကယ်လည်း ကလေးမက မီရှယ်လ်တို့နဲ့ တစ်လမ်းတည်း အိမ်နီးချင်းသူငယ်ချင်း
ဖြစ်နေလို့ မိသားစုနဲ့ ရင်းနှီးပြီးသားမို့ တော်ပါသေးရဲ့။
ခန့်ကိုတစ်ယောက် ဒီတစ်ခါတော့
နားလည်မှုရှိတဲ့ ကောင်မလေးနဲ့တွေ့လို့ အခြေတကျ ဖြစ်တော့မယ် တွေးထင်ထားတာ။ (၂ဝဝ၄)
ခုနှစ် မတ်လမှာ သားကြီးဝင်းရဲ့ အသက် (၆ဝ) ပြည့် မွေးနေ့ပွဲကို အမှတ်တရ လုပ်ဖြစ်တာနဲ့
သူတို့နေတဲ့ ရှီကာဂိုမှာ မိသားစုတွေ တစ်ခါပြန်ဆုံကြဖို့ အခွင့်သာပြန်ပါရော။
ကျွန်မရောက်နေတာ သတင်းကြားလို့
ကလေးမလေးက လာတွေ့ချင်တယ်နဲ့ ဖုန်းဆက်ပါတယ်။ မြေးချွေးမ မီရှယ်လ်က ကလေးမ
ရောက်မလာခင် သူတို့ဇာတ်လမ်း နိဠိတံသွား ပြီဆိုတာ ကြိုတင် ပြောထားပေလို့ပါပဲ။
'ဘွားဘွားမြေးကို
နားမလည်နိုင်ဘူး။ ကောင်မလေးက ချောလည်းချော၊ သူ့ကိုလည်းချစ်၊ အတွဲလည်း ညီတဲ့အပြင်
အလုပ်အကိုင်ကောင်းနဲ့ ကိုယ်ပိုင်အိမ်ပါ အခြေတကျ ရှိပြီးသား။ ဟိုက လက်ထပ်ဖို့ တောင်းဆိုတဲ့ဟာကို
သူက ငြင်းတယ်တဲ့လေ။ အဲဒါကြောင့် ခု မပြေမလည် ဖြစ်သွားကြတာ'နဲ့
မီရှယ်လ်က အားမလိုအားမရ ပြောပြပါတယ်။
အင်းလေ၊ အချစ်ရေး ကံကောင်းဖို့ဆိုတာ
ချစ်ကြတိုင်းလည်း မပြီး၊ ချောတာလှတာနဲ့လည်း မဆိုင်၊ အရည်အချင်းထက်မြက်ဖို့လည်း
မလို၊ ငွေကြေးပြည်စုံတာနဲ့လည်း မပတ်သက်၊ စိတ်သဘောထား ကောင်းမြတ်တိုင်းလည်း
ဒီဆုလာဘ်ကို ရနိုင်တာ မဟုတ်။ ဘဝဘဝက မိမိပြုခဲ့ဖူးသော အကြောင်းကံတရားနဲ့
ဆုံဆည်းဖို့ ရေစက်ပေါ်မှာပဲ တည်လေသလားဆိုတာ စဉ်းစားပိုင်း ဖြာကြည့်ရင်း ကျွန်မလည်း
မီရှယ်လ်လို နားမလည်တာ အမှန်လို့ဝန်ခံရမှာပါပဲ။
ဒီလိုနဲ့ နှစ်အလယ်ပိုင်းမှာ ရှီကာဂို
တစ်ခေါက် ပြန်ရောက်သွားတော့ လေဆိပ်မှာ လာကြိုတဲ့ မြေးနံပါတ် (၃) ခန့်အောင်အောင်ကို
အိမ်ပြန်ခရီးမှာ စပ်မိစပ်ရာ သူတို့ညီအစ်ကို သတင်းမေး ကြည့်တော့ ခန့်ကို
ချစ်သူတွေ့နေပြန် ပြီဆိုတဲ့ မင်္ဂလာသတင်းကို ကြားရပါတယ်။
အဘွားရောက်ပြီ ကြားတာနဲ့ ထုံးစံ
အတိုင်း ညနေရုံးဆင်းချိန်ကျ မြေးတွေက တန်းစီပြီး ရောက်လာကြလေရဲ့။
ဦးဆုံးတွေ့လိုက်ရတဲ့ ခန့်ကို ကို
ကျွန်မက...
'တို့တော့ သတင်းကောင်းကြား
ထားတယ်နော်။ ဘယ်လိုလဲ...မိန်းကလေးက ချောရဲ့လား'လို့ စတော့...
'ဘွားဘွားရောက်တော့
နာရီပိုင်းပဲ ရှိသေးတယ်။ သတင်းရတာ မြန်လှချည်လား'တဲ့။
ပြောပြောဆိုဆိုနဲ့ သူ့ဘောင်းဘီ
အိတ်ကပ်ထဲက ပိုက်ဆံအိတ်ကို ထုတ်တာတွေ့လိုက်ရတော့ ဧကန္တ ကလေးမ ဓာတ်ပုံကို
ကြည့်ရတော့မယ် အထင်နဲ့ စောင့်နေတာပေါ့။ သူ လက်ကမ်းလာတဲ့ ပုံလေးက နှစ်နှစ်အရွယ်
ကလေးငယ်လေးရဲ့ ကိုယ်တစ်ပိုင်းပုံ။ ခေါင်းမှာ ဆံပင်မရှိ ထိပ်က ပြောင်ပြောင်၊
ကစားစရာ နေကာမျက်မှန်ကြယ် ပုံသဏ္ဌာန် အနီရဲရဲ ဧရာမကြီးကို တပ်လိုက်လို့ ဓာတ်ပုံရဲ့
ဘေးနှစ်ဘက်မှာ 'နီကို လက်စ်မာရီနို' ဆိုတဲ့ နာမည်ရေးထိုး ထားပါတယ်။
ဓာတ်ပုံရဲ့အောက်မှာ ပါတဲ့စာတမ်း က Wilm's Tumor နဲ့ ကျောက်ကပ် ကင်ဆာရောဂါကို အံတုပြီး အသက်ရှင်ရေး တိုက်ပွဲဝင်နေရသူတဲ့။
အရွယ်နဲ့မမျှ ရောဂါဝေဒနာကို
ခံစားနေရရှာတဲ့ ကလေးငယ်လေးရဲ့ ဓာတ်ပုံကိုတစ်လှည့် သူ့မျက်နှာကို တစ်လှည့် ကျွန်မ
အူလယ်လယ်နဲ့ မော့ကြည့်လိုက်တော့...
'သနားစရာ မကောင်းဘူးလား
ဘွားဘွားရယ်။ အရွယ်နဲ့မလိုက် ခံစားနေရရှာတာလေ။ သူ့ခမျာ ကလေးဘဝ ပျော်ပျော်ပါးပါး
ဆော့ကစားရတယ် ဆိုတာ ဘာမှမရှိဘူး။ သူသိတာ ဆေးရုံ နဲ့ ကီမို ဒါပဲလေ'တဲ့။
ကျွန်မခေါင်းတွေ တော်တော်ရှုပ်
ထွေးသွားပါတယ်။ ကျွန်မ သူ့ကိုမေးတဲ့ မေးခွန်းက တခြား၊ သူစီကာပတ်ကုံး
ပြောပြနေတာကတခြား ကိုယ့်မြေးစိတ်မှ မှန်သေးရဲ့လားနဲ့သူ့ကို သေသေချာချာ
စိုက်ကြည့်ရင်း...
'နေပါဦး၊ ဒီကလေးက ဘယ်သူလဲ'လို့ မေးမှ...
'အဲဒါ ကယ်ရီရဲ့သားလေး
နီကိုလက်စ်လေ'တဲ့။ ကိုယ်မသိတဲ့ နာမည်တွေနဲ့ ပဟေဠိက
အဖြေညှိရခက်နေပါရော။
'ကယ်ရီဆိုတာက' ကျွန်မ မေးခွန်းတစ်ဝက်ပဲ ရှိသေးတယ်။ ဒီတော့မှ ပျာပျာသလဲနဲ့...
'ဆောရီးပဲ ဘွားဘွားရယ်။ သား
ပြောတာက လောသွားလို့။ ကယ်ရီက သားရဲ့ မိန်းကလေး'တဲ့။
ကယ်ရီဓာတ်ပုံတော့ သူ့အိတ်ကပ်ထဲ
ပါမလာဘဲ ကယ်ရီရဲ့သားဓာတ်ပုံပဲ ပါလာတာကြောင့် ကျွန်မမြေးကို တော်တော်
အံ့သြသွားမိပါတယ်။ တစ်ခါတုန်းက ကျွန်မအိမ်မှာ 'ကလေးမယူချင်ပါဘူး။
ကြောင်တစ်ကောင်ရှိ ပြီးရော' ပြောခဲ့တဲ့ သူက ခုကျတော့
ရိုးရိုးကလေးတောင် မဟုတ်ဘဲ ရောဂါဝေဒနာရှင်။ နောက်ပြီး ကင်ဆာဆိုတဲ့ ရောဂါကလည်း
သေးသေးမဟုတ်။ ကျွန်မ ခေါင်းထဲ အတွေးစတွေ ရှုပ်ထွေးကုန်ပါလေရဲ့။ ကလေးထက်
ကြောင်လိုချင်တဲ့ ကျွန်မ မြေးက ခုကျတော့လည်း ကယ်ရီထက် ကလေးကို အလေးသာနေတဲ့ပုံ။
ကျွန်မတို့ ခြေချ ရပ်တည်နေတဲ့ ကမ္ဘာကြီး ဝင်ရိုးစွန်းကို ပြောင်းပြန်များ
လည်ပတ်နေလေသလားမသိ။
ကျွန်မ ဘာမှပြန်မပြောနိုင်ဘဲ အတွေးထဲ
နစ်မြောနေဆဲ ခန့်ကိုက စကားဆက်ပြန်ပါရော။
'သားမှာ ချစ်သူမိန်းကလေးရတာ
ဒယ်ဒီတို့ကို မပြောပြရသေးဘူး။ အတော်ပဲ ခု ဘွားဘွားရှိနေတုန်း ကယ်ရီတို့သားအမိကို
နက်ဖြန်ညနေကျ တွေ့ရအောင် ခေါ်လာခဲ့မယ်၊ မကောင်းဘူးလား'တဲ့။
အံ့သြကုန်နိုင်ဖွယ်
ဇာတ်လမ်းတစ်ပုဒ်မို့ ကျွန်မကလည်း 'ကောင်းပါ၏' ဆိုပြီး ထောက်ခံ ပေးလိုက်ပါတယ်။ ည စာစားပြီး သူတို့အားလုံးပြန်သွားကြမှ 'ခန့်ကို'ရဲ့သတင်းကို သားနဲ့ချွေးမ သိရအောင်
ဖြန့်ချိလိုက်တယ်ပေါ့။ သူတို့လည်း သားရဲ့ပြောင်းလဲပုံကို ကျွန်မလို အံ့သြမဆုံး
ဖြစ်နေကြလေရဲ့။
နောက်တစ်နေ့ ရုံးဆင်းချိန်ကျတော့
ခန့်ကိုက သူ့ချစ်သူမိန်းကလေး ကယ်ရီနဲ့ သားလေး နီကိုလက်စ်ကို ခေါ်လာပါတယ်။ ကလေးက
ကင်ဆာဝေဒနာသည် ဆိုပေမယ့် ကုသမှုနားခိုက် ဖြစ်လို့ ထူထူထောင်ထောင်၊ သွားသွား လာလာ လှုပ်လှုပ်ရှားရှားပါပဲ။
ကီမို ဓာတ်ကင်ထားရတဲ့ ဒဏ်ကြောင့် ခေါင်းမှာ ဆံပင်မွေးတစ်ခုမှ မရှိအောင်ပြောင်
နေလေရဲ့။ မျက်နှာလေးက ချိုမြမြနဲ့ ချစ်စရာလေး။ အမေနား
သိပ်မကပ်ဘဲ တစ်ချိန်လုံး ခန့်ကိုနား ကပ်တွယ်နေတော့ ခန့်ကိုကလည်း နီကိုလက်စ်လေးကို
ဂရုစိုက်လိုက်တာ ပျာလို့။ ပွေ့ချီပြီး မွှေ့ယမ်းကစားနဲ့ လုံးထွေးရယ်မောနေတာ
မြင်ရတော့ ကျွန်မရင်မှာ ချမ်းမြေ့ကြည်နူးလိုက်တာ။
သားနဲ့ချွေးမဘော်ဘီကတော့
နီကိုလက်စ်လေးရဲ့ ရောဂါဖြစ်ပုံရာဇဝင်ကို မေးရင်း ကယ်ရီ ပြောပြတာတွေကို
စိတ်ဝင်စားစွာ နားထောင်နေကြလေရဲ့။ ကလေးက ခြောက်လသားအရွယ်မှာ
ဗိုက်ကြီးတအားဖောင်းလာတာနဲ့ ဆရာဝန်ပြပြီး ဆေးစစ်ကြည့်တော့ ဘောလုံးအရွယ် ကျူးမားကို
တွေ့ရတာကြောင့် ခွဲစိတ်ထုတ်ပစ်ပေမယ့် ကျောက်ကပ်မှာ ကင်ဆာပျံ့နေပြီဖြစ်တော့
ဓာတ်ကင်ပြီး ဆက်လက် ကုသခဲ့ရတာ ခုချိန်ထိပဲတဲ့။
နီကိုလက်စ်လေးရဲ့ ကျောက်ကပ်က
သုံးပုံတစ်ပုံပဲ အလုပ်လုပ်နိုင်တော့တာကြောင့် အသက်ရှင်ရေးအတွက် ကျောက်ကပ်အစားထိုး
ကုသရမှာမို့ ကင်ဆာလုံးဝ ကင်းရှင်းသွားတဲ့ထိ စောင့်ရဦးမှာပါ။ အဲဒီလို
ကင်းရှင်းသွားတဲ့အခါကျမှ မိခင်ကယ်ရီဆီက ကျောက်ကပ်တစ်ခုယူပြီး
အစားထိုးပေးရမှာဖြစ်လို့ စိတ်ရှည်စွာနဲ့ ပြုစုစောင့်ရှောက်ဖို့
ကြာမြင့်တဲ့အချိန်တွေနဲ့ ရင်းပြီး ကုသမှုခံယူရဦးမှာပါ။
မွေးကင်းစ အရွယ်လေးကတည်းက ရောဂါဝေဒနာ
ဖြစ်လာရရှာတဲ့ သားလေးအတွက် အမေဖြစ်တဲ့ ကယ်ရီခမျာလည်း စိတ်ပင်ပန်း၊ လူပင်ပန်း။
အလုပ်တစ်ဖက်၊ ကလေးကို ပြုစုစောင့်ရှောက်ရတာ တစ်ဖက်ဆိုတော့ အိမ်ထောင်ဖက်အပေါ်မှာ
ဝတ္တရားမကျေနိုင်တဲ့ အပိုင်း တွေလည်း ရှိလာနိုင်တာကြောင့် အိမ်ထောင် ပြိုကွဲခဲ့ရလေသလား
မသိ။
အိမ်ထောင်ရေးဆိုတာကလည်း ရုပ်ရှင်တွေ၊
ဝတ္ထုတွေထဲကလို ပျော်ရွှင်စွာ ပေါင်းကြ လေသတည်းနဲ့ ပြီးဆုံးသေးတာမဟုတ်။ ဘဝကို
အတူရုန်းကြပြီ ဆိုကာမှ ပြဿနာကစတာ။ ချစ်တာ တစ်ခုတည်းနဲ့ လုံလောက်တာ မဟုတ်ဘူးနော်။
တစ်ဦးကိုတစ်ဦး ယုံကြည်ခြင်း၊ လေးစားခြင်း၊ ကြင်နာဖေးမခြင်း၊ နားလည်ခြင်း၊ အပေးအယူမျှတခြင်း၊
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ မြောက်မြားစွာသော အချက်အလက် တွေနဲ့
တည်ဆောက်နိုင်ပါမှ လွယ်ကူသော ကိစ္စမဟုတ်လို့လည်း ရှေးလူကြီးတွေက 'အိမ်ထောင်မှု
ဘုရားတည်' ဆိုတာနဲ့ နှိုင်းခဲ့တာ ဖြစ်မှာပဲထင်ပါရဲ့။
ကယ်ရီက ကင်ဆာရောဂါရှင် ကလေးကို
ပျိုးထောင်ရတဲ့ သူ့ရဲ့ တစ်ကိုယ်တော် ရုန်းကန်မှုတွေကို ပြောပြတော့ ကျွန်မတို့ အားလုံးလည်း
လူသားခြင်း စာနာစိတ်နဲ့ သူတို့သားအမိကို ဂရုဏာသက်မိပါတယ်။ ကျွန်မရဲ့မြေး
ခန့်ကိုလည်း စာနာသနားခြင်းက မြစ်ဖျား ခံတဲ့ ချစ်မေတ္တာ ဖြစ်လေမလား မသိ။
'ချစ်မေတ္တာ' ဆိုတာကလည်း အဆန်းသား။ တစ်ခါတလေ ကိုယ်တိုင်တောင် မသိလိုက်ရဘဲ
မထင်မှတ်တဲ့အချိန် နှလုံးသားကို အပိုင်စီးသွားနိုင်တဲ့ ကြီးမားတဲ့
အင်အားတစ်ခုဖြစ်ချင် ဖြစ်နိုင်တာမျိုးနော်။
ကျွန်မ ခေါင်းထဲမှာ အတွေးစတွေက
အမျိုးစုံပါပဲ။ သွေးမတော်၊ သားမစပ်ဘဲ ခုမှတွေ့ရတဲ့ ကလေးလေးကို ချစ်ကြင်နာစွာနဲ့
တယုတယဖြစ်နေတာ ဘဝဟောင်းက ကြီးမားတဲ့ရေစက် ကြောင့်လည်း ဖြစ်နိုင်ပါရဲ့။
ဘာကြောင့်ပဲဖြစ်ဖြစ် အကြင်နာတွေ၊ မေတ္တာတွေများစွာလိုအပ်တဲ့ ကလေးလေးအတွက်
ခုလိုအကြင်နာနဲ့မေတ္တာ ရရှိနေတဲ့ မြင်ကွင်းကိုက ခံစားရတဲ့ ကာယကံရှင် မပြောနဲ့ ဘေးက
ကြည့်မြင်ရတဲ့သူတွေတောင် ချမ်းမြေ့ကြည်နူးမှုရတာ အမှန်ပါပဲ။
ကယ်ရီခမျာလည်း ကျွန်မတို့ မိသားစုက
ရင်းနှီးကြည်ဖြူစွာ လက်ခံလိုက်တာကြောင့် သူ့မျက်နှာလေး ကြည်လင်ဝင်းပလို့။
အထူးသဖြင့် ကျွန်မချွေးမ ဘော်ဘီက ဒီလိုလူမှုရေး ကိစ္စမျိုးတွေကို ကူညီဖေးမဖို့
သိပ်ဝါသနာပါတာဆိုတော့ ကယ်ရီတို့ သားအမိအတွက် ကံကောင်းတယ်လို့ မြင်မိပါတယ်။
ရှီကာဂိုလာရတဲ့ ဒီတစ်ခေါက်ကတော့ မြေးခန့်ကိုအတွက် ကျေနပ်ကြည်နူးရတယ် ဆိုပါတော့။
ကျွန်မ ဖလော်ရီဒါ ပြန်ရောက်လာပြီး
ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားလည်ပတ်နေဆဲ တစ်ည ခန့်ကို ဖုန်းဆက်လာပါတယ်။
'ဘွားဘွား Guess What? 'တဲ့။
'ဘာလဲ' မေးတော့...
'သားအခု အိမ်ပိုင်ရှင်ကြီး
ဖြစ်တော့မှာ'တဲ့။
'အံမယ်၊ တယ်ဟုတ်ပါလား။
ကွန်ဂရက်ကျူလေးရှင်း'လို့ သူ့ကို ချီးကျူးဂုဏ်ပြုလိုက်ပြီးမှ
သတိရတာနဲ့...
'ဟဲ့...နေပါဦး၊
ခုမှဘာစိတ်ကူးပေါက်ပြီး အိမ်ဝယ်ရတာလဲ'နဲ့ ထူးခြားတာနဲ့
စပ်စုမိပါတယ်။
'ဟိုလေ နောက်နှစ်အလယ်
လောက်ကျရင် ကယ်ရီနဲ့ လက်ထပ်ကြဖို့ ဆုံးဖြတ်ထားတာကြောင့် ခု ကြိုတင်ပြီး
အခြေတကျရှိထားအောင် အိမ်ဝယ်မှာ။ နောက်ပြီး နီကိုလက်စ် ဆေးရုံ သွားရတာလည်း
အဆင်ပြေအောင် ဆေးရုံနဲ့နီးတဲ့ အိမ်ကိုရွေးပြီး ဝယ်လိုက်တာ'တဲ့။
ကဲ...ကြည့်ပါဦး၊ အဖေက ငွေအဖတ်တင်အောင်
ငှားနေမယ့်အစား အိမ်ဝယ်ဖို့ အခါခါ တိုက်တွန်းတုန်းကတော့ နားမထောင်ခဲ့ဘဲ သားငယ်လေး
နီကိုလက်စ် ဆေးရုံသွားဖို့ အဆင်ပြေစေချင် တဲ့ စေတနာက စေ့ဆော်တော့ ဆေးရုံနားမှာ
ချက်ချင်းအိမ်ဝယ်ဖြစ်သွားလေရဲ့။ ဘာပဲပြောပြော ကလေးအတွက်လည်း ဆေးရုံနဲ့နီးတော့
သက်သောင့် သက်သာရှိ၊ အဖေလည်း စိတ်ချမ်းသာမှာမို့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာကြောင့်
ကိုယ့်မြေးရဲ့ ဆုံးဖြတ်ချက်ကို သြဘာပေးရင်း သာဓု ခေါ်လိုက်ပါတယ်။
စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကျရင် ဆယ်လူလာဖုန်းက အဝေးပြော မိနစ်တွေ
အခမဲ့သုံးလို့ရတာမို့ ကျွန်မရဲ့ခမည်းခမက်ဖြစ်တဲ့ ချွေးမဘော်ဘီရဲ့ အမေ မေရီရန်က
အေးအေး ဆေးဆေး စကားပြောလို့ရအောင် စနေ၊ တနင်္ဂနွေ ရက်တွေမှာ ကျွန်မကို
ခေါ်လေ့ရှိပါတယ်။
မေရီရန်အသံကို ကြားတော့ ကျွန်မက
ဝမ်းသာအားရနဲ့...
'ရှင့်မြေးရဲ့ သတင်းကောင်းကို
ကြားပြီးပြီလား'လို့ မေးတော့...
'ဘာလဲ။ အိမ်ဝယ်ပြီးတဲ့
ကိစ္စလား'တဲ့။
'အင်း...ဟုတ်တယ်'ဆိုတာနဲ့
'ကျွန်မတို့မြေးကတော့ အားလုံး
ပြောင်းပြန်သွားနေတာလေ။ သူများတွေက ချစ်သူရပြီးရင် လက်ထပ်၊ ပြီးပြီဆိုမှ
နှစ်ဦးငွေစုကြပြီး အိမ်ဝယ်၊ အားလုံးအခြေတကျ ဖြစ်ပြီဆိုကာမှ ကလေးယူဖို့
ဆုံးဖြတ်ကြတာ'
'သူကတော့ ကလေးရဲ့တာဝန်ကို
အရင်ဆုံးယူပြီးတော့ အိမ်ဝယ်၊ နောက်ဆုံးကျမှ လက်ထပ်မှာလေ။ စိတ်ကူးမကောင်းဘူးလား'တဲ့။
ကျွန်မတို့အဘွားနှစ်ယောက်
မြေးအတင်းတွေ ပြောကြရင်း ရယ်လိုက်ရတာ။ ဟုတ်ပါ့။ ရှားမှရှားသော ကျွန်မရဲ့မြေး
ခန့်ကိုပါပဲနော်။
တစ်ည၊ သန်းခေါင်နီးခါမှ ဘာစိတ်ကူးရတယ်
မသိ။ ကျွန်မဆီ ဖုန်းဆက်လာပါတယ်။
'ဘွားဘွား မြန်မာလို အဖေကို
ဘယ်လိုခေါ်ရလဲ'တဲ့။
'ဟဲ့...အချိန်မတော်ကြီး
ဘာကိစ္စ အရေးကြီးနေတာလဲ' မေးတော့...
'နီကိုလက်စ်မှာ ဒယ်ဒီ
ရှိပြီးသားလေ။ သားကို ဒယ်ဒီခေါ်ရင် ရှုပ်ကုန်မှာပေါ့။ ဒါကြောင့် မြန်မာလို
ခေါ်ခိုင်းမလို့ မေးတာ'တဲ့။
'ဖေဖေ'လို့
ကျွန်မက ပြောလိုက်ပါတယ်။
'အင်း...ကောင်းတယ်၊
ကောင်းတယ်။ သား နီကိုလက်စ်ရဲ့ဖေဖေ'တဲ့။ ကျေနပ်ကြည်နူးမှု
အပြည့်ပါတဲ့ အသံနဲ့လေ။
'သြော်...ခုမှသားရူး
ရူးနေရှာတဲ့ ငါ့မြေးရယ်'လို့ ဂရုတစိုက်နဲ့ ရင်ထဲမှာ
ရေရွတ်မိပါရဲ့။
ဒီလိုနဲ့ (၂ဝဝ၄) ခုနှစ် မေလ (၁)
ရက်နေ့ ခန့်ကိုကိုနဲ့ ကယ်ရီရဲ့ မင်္ဂလာ ပွဲနေ့ကို ရောက်လာပါရော။
သားငယ်လေး နီကိုလက်စ်က ကျွန်မရဲ့
မြေးအငယ်ဆုံး 'ထွေးယုယ' အပြင် မြစ်သုံးယောက်ဖြစ်တဲ့ ခန့်ဒေဝီ၊
ခန့်ရန်နိုင်၊ ခန့်ဘရဏီတို့ ကလေးတွေနဲ့ အုပ်စုဖွဲ့ပြီး ပွဲခင်းအလယ်မှာ
ပတ်ချာလှည့်ပြီး ကလို့မဆုံး၊ ပျော်လို့မဆုံး ဖြစ်နေလေရဲ့။
ဘုန်းတော်ကြီး ရှေ့မှောက်မှာ
ခန့်ကိုကိုနဲ့ ကယ်ရီတို့ သက်ဆုံးတိုင် လက်တွဲဖို့ သစ္စာတိုင် ကြတဲ့အချိန်ကျခါမှ
နီကိုလက်စ်လေးက သတို့သမီးနဲ့ သတို့သားကြား အပြေးရောက်လာပြီး သူ့ကို
ချီခိုင်းတော့တာ။ ကယ်ရီခမျာလည်း သူကိုင်ထားတဲ့ပန်းစီးလေးကို ကပျာကယာ ခန့်ကိုကို
လက်လှမ်းပေးပြီး သားအလိုကျ ကောက်ချီရတော့တာပေါ့။
ကယ်ရီလက်ပေါ်ရောက်လို့မှ တစ်မိနစ်
မရှိသေးဘူး။ သတို့သားဆီ လက်ကမ်းပြန်ပါလေရော။ ခန့်ကိုခမျာလည်း တစ်ဖက်က
ပန်းစီးကိုင်လျက် တစ်ဖက်က ကလေးကိုချီ ဘုန်းတော်ကြီး တိုင်တည် မေးမြန်းသမျှကိုလည်း
မမှားမယွင်းရအောင် ကတိကဝတ်ပြုရင်း ဇနီး ကယ်ရီရဲ့လက်မှာ ကိုယ်တိုင်လက်စွပ် ဝတ်ပေးနဲ့
မနိုင်မနင်း ရှိနေတဲ့ ကျွန်မ မြေးရဲ့အဖြစ်ကို ကြည့်ရင်း ရယ်ချင်မိ တော့တယ်။
ကယ်ရီလည်း ဒီတော့မှ သူပေးကိုင်ထားတဲ့
ပန်းစီးကို သတိရတယ် ထင်ပါရဲ့။ ရွှန်းလဲ့တောက်ပတဲ့ အပြုံးနဲ့ ပန်းစီးကို
လှမ်းယူပြီး သူ့အလည့် တစ်ပြန် သတို့သားကို လက်ထပ်လက်စွပ် ဝတ်ပေးပါတယ်။
လက်ထပ်ခြင်းအရာ မြောက်လို့
ဘုန်းတော်ကြီးက ကောင်းချီးပေးပြီးတဲ့ အခါ လက်တွဲထားဆဲ သတို့သားနဲ့
သတို့သမီးတို့ရဲ့ အလယ်မှာ ပွေ့ချီထားတဲ့သားငယ် နီကိုလက်စ်လေးရဲ့မျက်နှာက
ကြည်ရွှင်ချိုမြတဲ့ အပြုံးတွေနဲ့ဝေလို့။
လူသားနှစ်ဦးရဲ့ ဆုံဆည်းမှုဟာ ဓာတုဗေဒ
ဓာတ်နှစ်မျိုး ပေါင်းစပ်သလို တုံ့ပြန်မှုရှိရင် နှစ်ဦးစလုံး
ပြောင်းလဲသွားစေတာမျိုးပါလားဆိုတဲ့ အသိတရားနဲ့ ထူးခြားစွာ ပြောင်းလဲသွားတဲ့
မြေးကို ကြည့်ရင်း သူတို့မင်္ဂလာပွဲမှာ ချမ်းမြေ့ကြည်နူးခဲ့ရပါတယ်။
အခုလည်း '(၂ဝဝ၄)ခုနှစ်ရဲ့
ပျော်ရွှင်သော ရိတ်သိမ်းပွဲ' လို့ အမည်ပေးထားတဲ့ ဓာတ်ပုံလေး ရောက်လာတော့
သူတို့မိသားစုရဲ့ လှပတဲ့အရိပ်ကလေးကို ကူးစက်ခံစားမိပြန်ပါရော။
ဘဝရဲ့တန်ဖိုးက ရွေးချယ်မှုပေါ်မှာ
တည်တာပါပဲနော်။ ဘယ်အရာကမှ ပျော်စရာ ကောင်းတယ်ရယ် မဟုတ်ပါဘူး။
ကိုယ့်ခံယူချက်ပေါ်မှာ မူတည်ပြီး ပျော်စရာက ဖြစ်လာတာပါ။
လူသားအားလုံးရဲ့ လိုအပ်ချက်က
စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ကျန်းမာခြင်းပါပဲ။ အဲဒီဆုလာဘ်တွေ ကိုယ်ရချင်သလို၊
သူတစ်ပါးရဖို့ မေတ္တာထားတဲ့ ရွေးချယ်ခြင်းလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့လို့
အတွေးရောက်မိတာနဲ့...
သူတို့ရဲ့မိသားစုသုံးယောက်
ဓာတ်ပုံလေးကို ကြည့်ပြီးတော့...
ကျွန်မတို့မိသားစုမှာ နောက်တိုးလာတဲ့
ကျွန်မရဲ့မြစ်ကလေး နီကိုလက်စ် ရောဂါပျောက်ကင်းပြီး ကျန်းမာချမ်းသာပါစေ။
ကျွန်မရဲ့ မြေးခန့်ကိုကိုနဲ့
ကယ်ရီတို့ ဇနီးမောင်နှံလည်း မှန်ကန်သော ရွေးချယ်မှုတွေနဲ့ ဘဝခရီးကို ဆက်လက်ပြီး
သက်ဆုံးတိုင် ခိုင်မြဲစွာ လက်တွဲလျှောက် လှမ်းနိုင်ပါစေလို့ မေတ္တာပို့ ဆုတောင်းပေးရင်း
နှလုံးသားမှာ ထိဟပ်လာတဲ့ မေတ္တာဇာတ်လမ်းလေးတစ်ပုဒ်ကို ချစ်စွာသော
စာဖတ်သူများနဲ့အတူ မျှဝေခံစားလိုက်ခြင်းပါပဲ။
■
ပတ္တမြားခင်
၁၁.၈.ဝ၄
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။