ရွှေသုတ‌

ဘုရားစောင်းတန်းအောက်မှ ပတ္တမြားတစ်လုံး

ယုဝတီခင်စိန်လှိုင်

01 October 2024
ဘုရားစောင်းတန်းအောက်မှ ပတ္တမြားတစ်လုံး
Share to

            မိုးကလေး ဖွဲဖွဲရွာနေပါသည်။ သို့သော် အလွန်သန့်ရှင်းသော စင်ကာပူတွင် လမ်းမကြီးများက အရောင်တလက်လက်တွေ ထနေသလို မိုးဖွားကလေး ဖျန်းလိုက်မှ ပို၍ လန်းဆန်းသွားရပါသည်။ ကျွန်ုပ်ကားကလေးသည် စင်ကာပူ မြစ်ထိပ်တွင် စင်ကာပူ၏ အထိမ်းအမှတ် ဖြစ်သည့် ခြင်္သေ့ရုပ်တု ဖြူဖြူကြီးရှိရာ Merlion, Phrk ဘက်မှ လှည့်မောင်းခဲ့ပါ၏။ ဝေးသေးသော်လည်း လှမ်းမြင်နေရပါသည်။

            ဆရာကိုတင်ဝင်းက အပန်းမကြီးလျှင် သူ့ကို ဝင်ခေါ်ပေးပါရန် ဖုန်းဆက်လိုက်၍ပါ။ သည်မှာတော့ ကျွန်ုပ်တို့ မြန်မာအချင်းချင်း ခင်မင်ကြပါသည်။ အထူးသဖြင့် သူနှင့်ကျွန်ုပ်ကလည်း Stamford Collage တွင် လာရောက်ဆုံစည်းနေရုံမက ငယ်စဉ်က စိန်ပေါလ်ကျောင်းတွင် ကျောင်းနေဖက် သူငယ်ချင်း ဖြစ်ခဲ့ကြပါသည်။

            'ဆောရီးပဲ ချားလ်(စ)၊ ကျွန်တော် ကားက ဘရိတ်ချော်နေလို့ ဆိုင်မှာထားခဲ့ရတာဗျ။' အပြန်တော့ ဟိုကိုရီးယားကျောင်းသားကလေးကားနဲ့ လိုက်ဖို့ပြောထားပါတယ်။ 'ကိုတင်ဝင်းက လည်းဗျာ၊ ဒါလေးများ အသေးအဖွဲပါ'

            ကျွန်ုပ်တို့ အင်္ဂလိပ်ဘာသာနှင့် ပြောလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုရသော် Stamford ကောလိပ်တွင် တက်ရောက်နေကြနေသော ကျောင်းသားများမှာ ယိုးဒယား၊ အင်ဒိုနီရှား၊ ရုရှား၊အင်္ဂလိပ်၊ နယူးဇီလင်၊ အိန္ဒိယ၊ စင်ကာပူနှင့် မလေးများ ဖြစ်ကြ၍ အမြဲတစေ အင်္ဂလိပ်ဘာသာနှင့် ရှင်းလင်း ပြသနေရ၍ မြန်မာချင်း တွေ့ကြတော့လည်း ဘိုလိုပင် မှုတ်မိကြပါတော့သည်။ အထူးသဖြင့် ကိုတင်ဝင်းက အင်္ဂလိပ်ဘာသာပြသူ ကထိကပါ။

            ကျွန်ုပ်ကမူ သင်္ချာသမား ဖြစ်သော်လည်း ကျောင်းသားများက အဆင့်မြင့်လှသည်။ 'ကျွန်တော် နားမလည်လို့ပါခင်ဗျာ။ အသေးစိတ် ရှင်းပြပါခင်ဗျာ' ဟူ၍ ထမေးလျှင် သူတို့ သဘောပေါက်သည်အထိ ရှင်းပြရသည်။

            ကျွန်ုပ်ကမူ သေချာရှင်းလင်းပြပြီး ထိုမေးသော ကျောင်းသားကို သူ့လက်ထဲသို့ မြေဖြူထည့်ပေး၍ ကျောက်သင်ပုန်းတွင် တွက်ခိုင်းလိုက်ပါသည်။

            သူတို့အားလုံး သဘောကျသွားကြပါသည်။ သိုင်းကယူးဆာ ချင်း ညံသွားရပါသည်။

            'ဟိုမှာ ဟိန္ဒူဘုရားကျောင်းလေး'

            'ကိုယ်လည်း မြင်တယ် ကိုတင်ဝင်း။ ကားလေးသည်ဘက်ကွေ့ကတည်းက ကြည့်နေတာ ဒီရှုခင်းလေး မြင်လိုက်တော့ မြန်မာပြည်ကို လွမ်းတယ်ဗျာ'

            'ဟုတ်တယ် ချားလ်(စ)၊ ပွဲရှိသလား မသိဘူးဗျာ။ ရေတမာရွက် ကလေးတွေ ဆွဲပြီး ဟိုဘက်သည်ဘက် ကြိုးစောင်းတန်းကလေးတွေနဲ့'

            ကျွန်ုပ်တို့သည် ဘုရားကျောင်းကလေးကို ကြည့်၍ နှစ်ယောက်သား ကြည်နူးဟန်နှင့် ပြုံးလွန့်လွန့် ဖြစ်သွားကြပါသည်။ ကျောင်းရောက်သော် စကားမဆက်နိုင်ကြပါ။ ကိုယ်အတန်း ကိုယ်အမြန်ပြေးကြရပါသည်။ ကိုတင်ဝင်းက အသံသြောကြီးနှင့်  Thanks ဟု လှမ်းအော်သွားပါသည်။ ထိုနေ့ကအပြန် ကြိုးစောင်းတန်းကလေးတွေနဲ့။ ဘုရားကျောင်းကလေးကို ကြည့်၍ နှစ်ယောက်သား ကြည်နူးဟန်နှင့် ပြုံးလွန့်လွန့် ဖြစ်သွားကြပါသည်။ ထိုနေ့က အပြန်၌ ကိုတင်ဝင်း မလိုက်တော့ပါ။ ကျွန်ုပ်တစ်ယောက်တည်း ကားလမ်းမှ ကုန်းကလေးတွေ့သော် တန်း၍ ဝင်လာရပါသည်။

            ကျွန်ုပ်သည် ဘာမှစဉ်းစားမနေတော့ဘဲ မီးရောင်စုံကလေး ထွန်းထားရာ အုတ်ရောင်စုံကလေး ဘုရားကျောင်းရှေ့ ရပ်လိုက်ပါသည်။ လူတစ်ယောက်မှ မတွေ့ပါ။ ဘုရားကျောင်းနောက်မှ ခွက်ယောက် ရေဆေးနေသံ နားကြား ရသော်လည်း ဘုရားကျောင်းရှေ့၌ မည်သူမျှ မရှိပါလား။ လူတစ်ယောက်မှ မတွေ့ရ၍ ကျွန်ုပ် ဘုရားဆောင်ထဲ ဝင်ရန် ရပ်ပြီးစဉ်းစားနေပါသည်။ အို... ဟိုမှာ လူတစ်ယောက် အိန္ဒိယအမျိုးသား တစ်ဦးတစ်ယောက် စောင်းတန်းအောက်ရှိ အင်္ဂတေကြမ်းနှင့် မြက်တစ်ပိုင်းပေါ်တွင် ခြိုက်ခြိုက်မြိုက်မြိုက် အိပ်နေပါလား။ ဟော...ဟော၊ လွန့်လာပြီး နိုးသွားပြီ ထင်ပါရဲ့။

            ကျွန်ုပ် စူးစမ်းဟန်နှင့် ရပ်စောင့်နေပါသည်။ သူသည် ခြိုက်ခြိုက်မြိုက်မြိုက် အိပ်ပျော်သွားပုံ ရသော်လည်း ပါးရည်နပ်ရည်တော့ ရှိပုံရပါ၏။ ချက်ချင်းလူးလဲ ထလိုက်ပြီး...         

"Good Evening"

"Please Do, welcome Sir"    

တမေးလ် အိန္ဒိယနွယ်ဖွား ဖြစ်ပုံရပါ၏။ အသားမည်းလှသည်။ သို့သော် မျက်နှာပေါက်ပုံပန်း Cuthing ကျပုံ နှစ်လိုဖွယ်ရှိသည်။ သူ နှုတ်ဆက်လိုက်ပုံ စကားလုံးတွေနှင့် အသံထွက်ကောင်းနေပြန်သည်။

            "Good Speaking"      

ကျွန်ုပ်ပါးစပ်မှ ဆရာပီပီ ချီးမွမ်းသံ ထွက်သွားရပါ၏။ သူက လက်နှစ်ခုကို ယှက်၍ ကျေးဇူး တင်ပါကြောင်း၊ ဘုရားကျောင်းကို ဝင်ရောက်ကြည်ညိုသည့် အတွက်လည်း ဂေါပကလူကြီးများ ကိုယ်စား ကျေးဇူးတင်ပါကြောင်း အင်္ဂလိပ်ဘာသာဖြင့် မွတ်နေသည်။ အထူးသဖြင့် အသံထွက်က အဆင့်မြင့်လှသည်။

            'ခင်ဗျားက ဂေါပက မဟုတ်ဘူးလား' သူ့ဒိုတီမွဲမွဲကို သပ်၍ ယောင်ရမ်းပွတ်ရင်း ရှက်ရယ်လေးနှင့်...

            'မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က လာရောက်တည်းခိုသူပါ။ ကဲပါ လူကြီးမင်းခင်ဗျာ၊ ဘုရားကျောင်းထဲ ကျေးဇူးပြု၍ ဝင်ပြီး ကြည်ညိုပါဦး ခင်ဗျာ' ဟန်အမူအရာ အသုံးအနှုန်း လွန်စွာ ယဉ်ကျေးသူပေတကား။

            'ကျေးဇူးတင်ပါတယ်' ကျွန်ုပ် ဘုရားကျောင်းဆောင်ထဲ ဝင်ခဲ့ပါသည်။

            ရွှေနီငှက်ပျောသီး၊ အုန်းသီး၊ သံပရာသီးများအပြင် အသီးနှံများ မုန့်အချိုများ စားပွဲရှည်ကြီးနှင့် ပြင်ထားပါသည်။ စက္ကူရောင်စုံနှင့် တစ်ခန်းလုံး ပြင်ဆင်ထားသည်။ ဘောလုံးရောင်စုံ ကလေးများကလည်း တလွင့်လွင့်ပါ။

            'မနက်ဖြန်ခါ ပွဲနေ့ပါ ခင်ဗျာ။ ကျွန်တော်တို့ ဖိတ်ထားတဲ့ ဧည့်သည်တွေကို သက်သက်လွတ်ထမင်း ကျွေးပါမယ်။ အချိုရည်တိုက်ပါမယ် ခင်ဗျာ၊လူကြီးမင်း ကြွခဲ့ပါလား ခင်ဗျာ။ ဟောဒီမှာ ဖိတ်စာလေး ကျွန်တော် ပေးလိုက်ပါရစေ။ နာမည်လေး အမိန့်ရှိပါ ခင်ဗျာ'

            'မစ်တာချားလ်(စ)ကိုကို သင်္ချာကထိက စတန်းဖို့ကောလိပ်' သူက မျက်နှာ ဝင်းထိန်စွာဖြင့် ဖိတ်စာတွင်ရေးသည်။

            'အာ့-လက်ရေး' ကျွန်ုပ် အံ့သြလှ၍ ပါးစပ်မှ ထွက်သွားရ၍ ကိုယ့်ပါးစပ်ကို ပြန်ပိတ်လိုက်ရပါသည်။

            'သြော်...စတင်းဖို့က ကထိကကြီးနဲ့ လာတွေ့ရတာကိုး။ ကျွန်တော် ဝမ်းသာဂုဏ်ယူပါတယ် ခင်ဗျာ။ ကျွန် တော်နာမည်က Nagappanmuthean (နာဂပန်မူသာ)ပါ။ ရင်းနှီးသူများကတော့ Muthare  (မူသားရား)လို့ ခေါ်ကြပါတယ်။ ဟော... ကျွန်တော်တို့ ဂေါပက ဆရာကြီးလာပါပြီ။

            မူသားရားသည် ကျွန်ုပ်အား စတင်းဖို့ကောလိပ်ကျောင်းမှ သင်္ချာ ကထိကကြီး ဖြစ်ကြောင်း မွှန်းမွှန်းတင်တင် မိတ်ဆက်ပေးနေပါသည်။ ကျွန်ုပ် ကလည်း လေးလေးစားစား ပြန်လည် နှုတ်ဆက်ပါသည်။

            မူသားရား ဘုရားခန်းဆောင်ထဲ ခေါ်သွားနှင့်ပါဟု ပြောသဖြင့် မူသားရားက ကျွန်ုပ်လက်မောင်းကို မရဲတရဲ ကိုင်၍ ဘုရားခန်းထဲသို့ ခေါ်ဆောင်သွားပါသည်။ ဗိဿနိုး နတ်မင်းကြီး ပုံတော်လို တခမ်းတနား ပြင်ဆင်ထားပါသည်။ မျက်လုံးများ အသက်ဝင်သကဲ့သို့ စူးရှနေပါသည်။ ကျွန်ုပ် တွေ့ရသည့် ဗိဿနိုးပုံတော်များတွင် ဤမျှ ဆန်းကျယ်ခမ်းနားသည်ကို တစ်ခါမျှ မမြင်ဖူးပါ။ ကျွန်ုပ် အံ့သြတကြီး ဖြစ်နေသည်ကို သူက အကဲခတ်ရင်း...

            'လူကြီးမင်း ယုံကြည်မယ်ဆိုရင် ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ ခင်ဗျာ'

            'အာ...ပြောပါ၊ ပြောပါ။ ကျွန်ုပ် အလွန်စိတ်ဝင်စားပါသည်'ဟု ပြောလိုက်ပါသည်။

            တစ်နည်းဆိုရသော် သူ၏ ညစ်ထေးထေး ပုံစံများနှင့်မလိုက်၊ အင်္ဂလိပ် စကားပြော ကောင်းရုံမက စတိုင်ကျကျ ပြောဆိုတတ်ပုံကို ကျွန်ုပ် နားထောင်ချင် လှပါသည်။

            သူက ဗိဿနိုး နတ်မင်းကြီးပုံကို ကန်တော့၍ ဗိဿနိုး နတ်မင်းကြီး အကြောင်းကိုစ၍ ပြောပါသည်။

            'ဒါနဲ့ လူကြီးမင်းက Burma ပြည် က မြန်မာလူမျိုးပါနော်'

            'အို...ခင်ဗျား ဘယ်လိုသိသလဲ'

            'ကျွန်တော် အရှေ့တိုင်း ရာဇဝင်ကို သင်ဖူးပါတယ်'

            'သြော်...ဟုတ်လား။ ဒါပေမယ့် ခု Burma လို့ မခေါ်တော့ဘူး။ မြန်မာနိုင်ငံလို့ပဲ ခေါ်တယ်'

            'သြော်...သြော်၊ ကျွန်တော် မသိဘူး။ ခွင့်လွှတ်ပါ ခင်ဗျာ'

            'ရပါတယ်။ ကဲ... ခင်ဗျား ပြောမှာ ဆက်ပြောပါ'

            ဗိဿနိုး နတ်မင်းကြီး (ဆယ်ဘဝ) ထဲက (၉) ဘဝမြောက်မှာ ဂေါတမ မြတ်စွာဘုရား ဖြစ်တယ်လို့ ဆိုပါတယ်'

            'ဗျာ'

            'ခင်ဗျားက ကျွန်တော်တို့ရဲ့ ဂေါတမ ဘုရားကိုလည်း သိနေတာပဲလား'

            'ဟုတ်ပါတယ်။ လူကြီးမင်း (စာထဲ)မှာတော့ အကုန်သိနေပါတယ်။ ဒီမှာခင်ဗျာ၊ ပုံတော်ကို ကြည့်ပါ။ဗိဿနိုးနတ်မင်းကြီးမှာ လက်လေးဖက် ရှိပါတယ်။

            'တစ်ဖက်က လှံတံသုံးခွ၊ တစ်ဖက်က စစ်လက်နက်၊ တစ်ဖက်က ခရုသင်း၊ တစ်ဖက်က ကြာပန်းတို့ကို ကိုင်ဆောင်ထားပါတယ်။ အမှန်စင်စစ် သူ့စီးတော်ယဉ်က ဂဠုန်ပါ။

            'ဒါကတော့ သမုဒ္ဒရာထဲမှာ ဦး ခေါင်း (၇-လုံး) ရှိတဲ့ ကမ္ဘာ့မြွေကြီးပေါ်မှာ ဗိဿနိုးမင်းကြီး လျောင်းစက် အနားယူနေတဲ့ ပုံတော် ဖြစ်ပါတယ်'

            'သြော်...သြော်၊ ခင်ဗျားက ဗဟုသုတ ရှိတာထက် (ပြန်ပြောပြတာ) ပို နားထောင်လို့ ကောင်းပါတယ်'

            'ကျေးဇူးတင်ပါတယ်။ လူကြီးမင်း တစ်ခုပြောရဦးမယ်'

            ဗိဿနိုး နတ်မင်းကြီးဟာ ပန်ထွာမင်းသမီးအတွက် ဗိဿနိုးမြို့ကြီးကို ဖန်ဆင်းပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန်ထူးဆန်းတဲ့ (ရန်ပယ်ချောင်း)တို့၊ စည်တော်ကြီးတို့ ဆိုတာ ပါလာခြင်း ဖြစ်ပါတယ်။

            'ဒါတွေ ကျွန်ုပ် မသိဘူးဗျာ'

            'ပန်ထွာ ဘုရင်မ ကိုယ်တိုင် မြို့တည်တာ မှတ်နေတာပါ။ ကျန်စစ်သားမင်းရဲ့ မိဖုရားကြီး အပယ်ရတနာတည်တဲ့ ဘုရားထဲမှာလည်း ဗိဿနိုးမင်းကြီးပုံ ရှိပါတယ်'

            'ဟား... ခင်ဗျားနဲ့ ကျွန်ုပ် နေရာ မှားနေပြီ။ ခင်ဗျားက မြန်မာ ဖြစ်နေပြီ'

            'ကျေးဇူးတင်ပါတယ်။ ကျွန်တော် လေ့လာမှုပါ။ အဲနောက်တစ်ခုက ပုဂံ မှာပဲ နတ်လှောင်ကျောင်း ဆိုတာပဲ။ ဗိဿနိုးမင်းကြီး လဲလျောင်းရာအဆောင် ပါပဲ'

            'အဲဒီ နတ်လှောင်ကျောင်းကတော့ လူတွေအမျိုးမျိုး ပြောကြတယ်။  ခင်ဗျားပြောမှ ရှင်းသွားတော့တယ်။ ဟော...ဂေါပက လူကြီး'

            'သူက စကားပြော သိပ်တတ်တယ်။ ပြီးမှ ဆက်ပြောကြပါ။ လူကြီးမင်း ထမင်းသုံးဆောင်သွားဖို့ ပြင်ပြီးပါပြီ'

            'အို...အားနာစရာ ကျွန်ုပ် မစားတော့ပါဘူး' သို့သော် အပြင်ခန်း စားပွဲဝိုင်းတွင် ဖက်ရွက်များ ခင်း၍ အလွန်သန့်ရှင်းစွာ ပြင်ဆင်ထားသည်။

            'မနက်ဖြန် ဘုရားပွဲ အကြိုအတွက် ခုလို ကျွေးမွေးခွင့်ရတာ ဂေါပကကြီးက အလွန်ဂုဏ်ယူ ဝမ်းသာနေပါတယ် ခင်ဗျာ'

            ပဲဟင်း၊ အသီးအနှံကြော်၊ မတ်ပဲ ဘယာကြော်၊ မနုဿာနီ၊ ငရုတ်သီး အကြွပ်ကြော်၊ ဇွန်းခရင်း အသစ်ကလေးနှင့် ကျွန်ုပ် စားလိုက်သည်မှာ ဖက်ရွက်ပင် ကျန်ပါတော့သည်။ မူသားရားက ထမင်းထပ်ထည့်ရန် ပြင်နေ၍ မနည်းတားယူရသည်။

            'အိမ်မှာ ဒီလောက်မစားဘူး။ မြန်မာပြည်ကို သတိရပြီး စားရတာ အင်မတန် မြိန်ပါတယ်' အပြန်တွင် ဒေါ်လာတစ်ရာ ဗိဿနိုးမင်းကြီးအတွက်ဟုဆိုကာ လှူခဲ့ပါသည်။ ဂေါပကကြီး ကျေးဇူးတင်ကြောင်းများ ထပ်တလဲလဲ ပြောရင်းက...

            'မူသားရား စာအလွန်တော်တယ်။ ဒီမှာ အလုပ်မရနိုင်ဘူး။ လူကြီးမင်း ကူညီနိုင်ရင် ကူညီပါ' ဂေါပကကြီးပြော မှ သူကလည်း နဖူးတွင် ဆလံလေး တတင်တင်နှင့် အကူအညီတောင်းသည့် ပုံစံကလေး လုပ်ပြရှာသည်။

            'ပညာအရည်အချင်းလေး ပြောပါ ဦး' ကျွန်ုပ် ပြောလိုက်သည်နှင့် သူသည် ဝမ်းသာအားရလေး အထဲဝင် သွားပါသည်။ သူ့လက်ထဲ၌ ပလတ်စတစ်ကတ်ပြား အိတ်တစ်လုံး ပါလာသည်။

            'အို...ဘွဲ့ရလက်မှတ်တွေက အများကြီးပါလား' ကျွန်ုပ် အမှန်ပင် မျက်လုံးပြူးသွားရသည်။ သူရရှိထားသော ဘွဲ့များမှာ...

B.A Bed (Education) ပညာရေး။

B.A (Decounting) စာရင်းကိုင်ပညာ။

B.A (Political Science) နိုင်ငံရေးသိပ္ပံ။

B.A (Eastern History) အရှေ့တိုင်း သမိုင်းပညာရပ်။

M.B.A (Master of business) မဟာစီးပွားရေး အုပ်ချုပ်မှုပညာရပ် အိန္ဒိနိုင်ငံ Tamail Nadu က တက္ကသိုလ် ဖြစ်ပါသည်။

            'ဟာ' အင်္ကျီမပါ ဒိုတီကို ခပ်ပါးပါး ဝတ်ထား၍ တစောစောက သူအိပ်နေသော ကျောင်းအဝမှ မြက်ခြောက်ပင်ကလေးများ တစ်ပင်နှစ်ပင် ရင်ဘတ်ပေါ်တွင် ကပ်နေသည်။ အသားမည်းသလောက် ပညာတွေ သည်းသည်း လှုပ်မျှသင်ထားရှာသော မူသားရားအား ကျွန်ုပ်သည် လွန်မင်းစွာ အထင်တကြီး ကြည့်မိပါသည်။

            'ခင်ဗျား စင်ကာပူရောက်တာ ဘယ်လောက်ကြာပလဲ'

            'တစ်နှစ် ရှိပါပြီ လူကြီးမင်း။ ကျွန်တော် လက်ထပ်ပြီးပြီးချင်း ကြီးပွားချင်ဇောနဲ့ လာခဲ့တာပါ။ ကျွန်တော့် အသားက မည်းရုံမကဘူး။ နက်နေတယ်ဗျာ။

            'ဒီမှာ စင်ကာပူသားတွေက အနောက်တိုင်းဝတ်စုံ ဝတ်ထားရင် တကယ့် အနောက်တိုင်းသားတွေ ထင်ရတယ်လေ။ အလုပ်ယှဉ်လျှောက်လိုက်ရင် ကျွန်တော် ကျန်ခဲ့တာပါပဲ'

            'အိုး...ဒါလုံးဝ မတရားဘူး။ ဒီလိုလုပ်'

            'အမိန့်ရှိပါခင်ဗျာ။ ဒီဂေါပကဆီမှာ ထမင်းအလကား စားနေရတာ ကြာပြီလေ။ ရှေ့လဆန်းရင် ပြန်တော့မယ် ခင်ဗျာ။ မိန်းမလည်း လွမ်းလှပါပြီဗျာ'

            လျှာပေါ်တွင် လိပ်လည်နေသော စကားပြောပုံများ ကောင်းလှပါသည်။ ကျွန်ုပ်သည် အလုပ်မရဘဲ ပြန်သွားမည်ကို နှမြောမိပါသည်။

            'ဒီလိုလုပ်၊ လောလောဆယ် ကျွန်ုပ် ကွန်ပျူတာတန်းမှာ တက်နေလိုက်။ မနက်ဖြန် ဒီလိပ်စာအတိုင်းလာပါ။ မနက် (၁၁ နာရီတိတိလာပါ)'

            'အား...ကျေးဇူးရှင် လူကြီးမင်း ခင်ဗျာ' သူသည် ကျွန်ုပ် ခြေဖမိုးသို့ ကုန်း၍ ဂါရဝပြုနေ၍ ကျွန်ုပ် ဆွဲယူလိုက် ရပါသည်။

            'ကျွန်ုပ်ကလည်း ကျောင်းအုပ်ကြီးကို ပြောရဦးမယ်။ ကံကောင်းပါစေပဲ ဆုတောင်းပါ' ကျွန်ုပ် ပြန်ခဲ့ပါသည်။ မူသားရားသည် ထိုနေ့ညဥ့် အိပ်မှပျော်ပါလေစ။ ကျောင်းအုပ်ကြီးထံ ကျွန်ုပ် ခွင့်ပန်ပေး၍ ကျောင်းတက်ခွင့် ရသွားပါသည်။ ကွန်ပျူတာဘာသာ သူ့ အတွက် ဘာသာရပ် အသစ်ဖြစ်၍ အလွန်ကြိုးစားပါသည်။

            သို့သော် အရေးကြီးသောရက်များမှ ရွေး၍ မူသားရား ကျောင်းရက်ပျက်တတ်သည်။ ကျွန်ုပ် သွင်းထားသော ကျောင်းသားဖြစ်လို့ ကျွန်ုပ် အမှန် စိတ်ဆိုးပါသည်။ သည်မှာ ပညာရှာကြသည်က တစ်နာရီဆိုလျှင် တစ်နာရီ တန်ဖိုးရှိသည်။ တစ်နေ့ ကျောင်းခန်းထဲ သူ့ကိုတွေ့ရန် ကျွန်ုပ် လက်ညှိုးလေးကွေး၍ သူ့ကို လှမ်းခေါ်လိုက်ပါသည်။ သူ မျက်နှာငယ်လေးနှင့် ရောက်လာပါသည်။

            'ဒီမှာ မူသားရား ဒီနိုင်ငံတွေမှာ ကျောင်းပျက်လို့ မရဘူး' ကျွန်ုပ်အသံသည် ဒေါသသံ ပါနေပါသည်။ သူ သည် ခေါင်းငုံ့၍...

            ခွင့်လွှတ်ပါ Sir ချားလ်(စ)၊ ကျွန်တော် ခရီးစရိတ် မရှိလို့' သူက ထိုမျှနှင့် ဖြတ်ထားပါသည်။ (၁၁)နာရီ ထမင်းစားချိန်တွင် ကျွန်ုပ်သည် သူ့ လက်ကို ဆွဲ၍ ကျောင်းဆရာကြီးထံ ဝင်ပါသည်။

            သူ၏ ပညာရေးနှင့် သင်ပြပို့ချပုံ တာဝန်ယူပါသည်။ ထောက်ခံပါသည်။ ကျောင်းဆရာ အလုပ်ခန့်ပေးပါရန် တောင်းဆိုလိုက်ပါသည်။ မူသားရား ကျွန်ုပ်ကို အံ့သြတကြီး ကြည့်နေရှာသည်။ ကျောင်းအုပ်ကြီးက စာအုပ်ထူ တစ်ခုဖတ်ခိုင်းသည်။ (အသံထွက်)ကို သိလို၍ ဖြစ်ပါ၏။ (၄၅) မိနစ်ခန့် စကားပြောသည်။ ပြီးတော့ ချက်ချင်းပင် ကျူတာ ခန့်လိုက်ပါသည်။ ကျွန်ုပ်ကား သူ့ကို အလုပ်သွင်းပေးပြီး USA တွင် ကွန်ပျူတာ ဆရာကြီးအဖြစ် ခန့်အပ်စာ ရောက်လာ၍ အလုပ်တွေ ရှုပ်နေပါသည်။ စတင်းဖို့ကောလိပ် ကျောင်းအုပ်ကြီးက ကျွန်ုပ်ကို အလွန်နှမြောပါသည်။ မသွားစေချင်ပါ။

            တစ်နေ့ ကျွန်ုပ်ထံ ဖုန်းလာပါသည်။ မူသားရားက သူ လက်ထောက် ကထိက ဖြစ်သွားကြောင်း သူ့မိန်းမလည်း လိုက်လာပြီး ဘဏ်တွင် အလုပ်ရကြောင်း၊ သမီးလေးတစ်ဦး ရှိကြောင်း၊ USA မသွားမီ သူ့အိမ်သို့ ခဏလေး ဖြစ်ဖြစ် လာလည်ပါရန် လိပ်စာပါ ပြောလိုက်ပါသည်။ ကျွန်ုပ် လုံးဝမအား သည့်ကြားက သံယောဇဉ် ရှိနေ၍ သွားခဲ့ပါသည်။ သူ့မိန်းမနှင့်ကလေးကို မိတ်ဆက်ပေးပါသည်။ အချိုမုန့်များ လင်ပန်းကြီးနှင့် တည်ခင်းဧည့်ခံပါသည်။ ဧည့်ခန်းနှင့် လိုက်ကာခြားထားသော ဘုရားခန်းသို့ ဝင်ရောက်ကြည်ညိုရန် ခေါ်နေ၍ ကျွန်ုပ် ဝင်သွားပါသည်။

            သူတို့၏ အမြတ်တနိုး ကိုးကွယ်ထားသော ဟိန္ဒူဘုရားပုံများ ကြားတွင် လောင်းကုတ်အဖြူကြီးနှင့် ကျောင်းတက်တတ်သော ကျွန်ုပ်၏ ပုံကြီးကို အကြီးကြီးချဲ့၍ ဘုရားပုံများနှင့် တစ်တန်းတည်း ထားနေပါလား။ ကျွန်ုပ် အံ့သြနေစဉ် သူတို့လင်မယား တပြုံးပြုံးနှင့် ကျွန်ုပ်နား ကပ်လာပြီး အိန္ဒိယသို့ ပြန်ရန် ရက် (၂ဝ) အလိုမှာ မိုးပေါ်က နတ်ဒေဝါများ ဖန်ဆင်းလိုက်သကဲ့သို့ [ဆာ-ချားလ်(စ)] ကူညီလိုက်၍ ယခုဆိုလျှင် ကျောင်းအုပ်ကြီးက သူ့အရည်အချင်းများ သိ၍ လက်မလွှတ်တော့ကြောင်း။ ထို့ကြောင့် ကျေးဇူးရှင် ကျွန်ုပ်အား သူတို့ဇနီးမောင်နှံနှင့် သမီးကလေးကပါ နေ့တိုင်း ကန်တော့ပူဇော်ကြကြောင်း ကျွန်ုပ်ဓာတ်ပုံရှေ့တွင် ပန်းအိုးလှလှကြီးကို ပြရင်း တပြုံးပြုံးနှင့် ဝမ်းသာအားရ ပြောကြပါသည်။ ကျွန်ုပ် ရင်ထဲ၌ ဖော်ပြရန် ခဲယဉ်းသော ပီတိများ လှိုက်လှိုက်ဆူ လာရပါသည်။

            အမှန်တော့ မသိသူ ကျော်သွား၊ သိသူ ဖော်စား ဆိုသည့်စကားကဲ့သို့ ကျွန်ုပ်သည်လည်း ဘုရားစောင်းတန်းအောက်မှ ကောက်ရခဲ့သော ရတနာကား တန်ဖိုးမဖြတ်နိုင်သော ပတ္တမြားတစ်လုံး ပါတကားဟူ၍ ကျေနပ်မှုများ ဆူဝေ၍ သွားရပါတော့သတည်း။

အမှတ်တရ ဖြစ်ရပ်မှန်

ယုဝတီခင်စိန်လှိုင်

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။