ကံချွန်
ကျွန်တော်၏ မအောင်မြင်သော
ဖန်တီးမှုများအတွက် မည်သည့်အခါ မှ နောင်တရမည် မဟုတ်ပါ။ ကျွန်တော်တို့ဟု သုံးပါရစေ။
ဗီဒီယိုသည် ကျွန်တော့်တစ်ယောက်တည်းလုပ်၍ မရသောအလုပ်။ ကျွန်တော်တို့ လုပ်ချင်၍
လုပ်ခဲ့သော အလုပ်။ သေချာသည်ကတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးပါ။
သို့သော် ယုံကြည်မှုကမူ ရာခိုင်နှုန်းပြည့်ထက် ကျော်လွန် နေသူများဟု ဆိုရပါမည်။
၁၉၈၇
၁၉၈၈
၁၉၈၉
ခုနှစ်များသည် ဗီဒီယိုခေတ်ဦး ကာလဟု
ဆိုရမည်ထင်ပါသည်။ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်သော ရုပ်ရှင်ပညာသည် အများစုနှင့် ထုတ်လုပ်ဖြန့်ချိအမြင်ကျယ်သော
စီးပွားရေး လောကသားတို့ စိတ်ဝင်စားမှု
နည်းသောအချိန် ဖြစ်ပါသည်။ ကျွန်တော်တို့အဖြစ်မှာ ပညာရှင်များ ကပြအသုံးတော်ခံမည့်
အနုပညာစင်မြင့်တွင် တကယ့်ပညာရှင်များ ရောက်မလာသေးမီ တက်ဆော့နေသော စင်မြင့်ပေါ်မှ
အပျော်လွန်နေသည့် ကလေးများနှင့် တူနေပါသည်။ မည်သို့ဆိုစေ ထိုသို့
တက်ဆော့မိသည့်အတွက် ကျွန်တော်တို့ လုံးဝ နောင်တမရခဲ့ပါ။
ယဉ်မွန် (ကို) မင်းနိုင်သည်
ကျွန်တော်နှင့် တွဲသည့်အထဲမှာ မှတ်တမ်းတင်ရမည့် မိတ်ဆွေစာရင်းတွင် Top Ten မှာပါသည်။ ယခုထိ ထိပ်ဆုံးမှာ ရှိနေဆဲပါ။
'ကိုကံချွန်'
'ပြော'
'ကျွန်တော့်ကို
ကျွန်တော့်အဖေက သိပ်ချစ်ခဲ့တာဗျ။ ငယ်ငယ်လေးကတည်းက အလိုလိုက်တာ။ ငါ့သား မင်းရမ်းချင်သလောက်
ရမ်းစမ်းဆိုပြီး ဝါးလုံးတစ်လုံး ဝယ်ပေးဖူးတယ်'
သို့နှယ် စကားပြောရွှင်သူ၊ ဟာသ
အားကောင်းသူ။
'မိဘရဲ့ မျှော်လင့်ချက်ကို
အကျိုးမဲ့တော့ မဖြစ်စေရဘူးဗျာ၊ ကျွန်တော် ခုထိ အတတ်နိုင်ဆုံး ရမ်းနေတာပါ။
မိဘအားကိုးပြီးတောင် ရမ်းခဲ့ဖူးတာပဲဗျာ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တော့မှ
မရမ်းတော့ဘူးဆိုရင် ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျား ကျွန်တော်နဲ့ လိုက်ဖက်မယ့်ဇာတ်
ရေးပေးဗျာ။ ရေးပြီးသားတွေထဲက ရှိရင်လည်းပြော။ ကျွန်တော်စိတ်တိုင်းကျရင်
ဗီဒီယိုရိုက်မယ်'
သူနှင့် ကျွန်တော်မှာ အသက်အရွယ်
မတိမ်းမယိမ်းတွေ။ သူ့အားကို မင်းနိုင်က အရွယ်တင်တယ်ဟုပြောတိုင်း 'ကျုပ်က
အရွယ်တင်တာ မဟုတ်ဘူးဗျ။ ငယ်ငယ်ကတည်းက ရင့်နေတာ။ ခုအသက်ကြီးလာထိ ရုပ်ကမပြောင်းတော့
လူတွေက အရွယ်တင်တယ် မှတ်နေတာ' ဟူ၍ တုံ့ပြန်တတ်သည်။
သူ့တစ်ကိုယ်လုံးမှာ အနုပညာပိုးတွေနှင့် ပြည့်နေသည်ဟု ထင်ပါသည်။ ဘဝသက်တမ်း တစ်လျှောက်လုံး
အနုပညာသည် ပထမ၊ စားဝတ်နေရေးသည် ဒုတိယဟူသောပုံစံဖြင့် ရပ်တည်နေခဲ့သူ ဖြစ်ပါသည်။
(ယခုထိ မပြောင်းလဲပါ။) မန္တလေးမှ မုတ်ဆိတ်လက်ဖက်ရည်ဆိုင်မှာ ဆုံမိကြသူတို့တွင်
ကိုမင်းနိုင်လည်းပါသည်။
'ခင်ဗျားဇာတ် မြန်မြန်ရှာဗျာ။
ကျုပ်က ဗီဒီယိုရိုက်ဖို့ စိတ်ကူးရှိပြီးကတည်းက ရုပ်ကို ထိန်းနေရတာ။ ဒါကို မနေ့ညက
တစ်ညလုံး အိပ်ရေးပျက်တယ်'
'ဘာလို့လဲ'
'အိမ်တက်လုပ်မိလို့ပေါ့၊
လက်ဆောင်ပေးတဲ့အထုပ်တွေ ဖောက်လိုက်တာ တိုင်ကပ်နာရီချည်းပဲ အလုံးနှစ်ဆယ်ကျော်တယ်။
စားပွဲတင်နာရီက ဆယ်လုံးလောက် ပါသေးတယ်။ နေ့ခင်းတုန်းကတော့ မသိသာဘူးဗျို့၊
ညရောက်တော့မှ ဟား... ဆူညံနေတော့တာ။ ချောက်ချက် ချောက်ချက်၊ တစ်..တစ်..တစ်..တစ်၊
တုတ်.. တုတ်.. တုတ်..နဲ့။ တစ်နာရီတစ်ခါ အော်တဲ့ကောင်တွေလည်း ပါသေးတယ်။ လှေကားထစ်
တက်အိပ်တဲ့ခွေးတောင် မနေ့ညက ဘယ်သွားအိပ်တယ် မသိဘူး။ အမှတ်တရ လက်ဆောင်ဆိုပြီး
မှန်ပေါ်စာတွေရေးထားတော့ ပြန်ရောင်းလို့လည်း မရဘူး။ တစ်အိမ်လုံးရှိသမျှသံ၊
ချိတ်ရသမျှနေရာ နာရီတွေချည်း ချိတ်ထားတော့ မိသားစုဓာတ်ပုံတောင် ဖြုတ်ထားရတယ်။
သည်မျှဆိုလျှင် ကျွန်တော်နှင့်
ကိုမင်းနိုင် ဘာကြောင့်တွဲဖြစ်သည်ကို မှန်းဆ၍ ရလောက်ပါပြီ။ ကျွန်တော်သည် 'လူကြီး'
ဇာတ်ကောင်က ဦးဆောင်သည့် ဇာတ်တစ်ပုဒ်ကို ပြောပြသည်။
'ကြိုက်တယ်၊ ရိုက်မယ်။
မင်းသား အငယ်ကိုတော့ ငွေထည့်မယ့် ဝါသနာအိုး သူဌေးသား ရှာရမှာပဲ။ မင်းသမီးကိုတော့
ငှားမှ ဖြစ်မှာ၊ ဇင်မာဦး ငှားဗျာ၊ ခင်ဗျားညီ ကိုဗိုမောင်ကို ရန်ကုန် ဆင်းဖို့ပြော'
သို့ဖြင့် 'ပန်းမဲ့ဥယျာဉ်'
ကို ကျွန်တော်တို့ ရိုက်ဖြစ်သည်။ မြို့မဆရာပေါက ဒါရိုက်တာ၊
အောင်အောင်က လက်ထောက်ဒါရိုက်တာ။
□
ဦးသြဇာက စစ်ကြီးပြီး၍ ကိုယ့်အရပ်
ကိုယ်ရွာပြန်လာသော တော်လှန်ရေး သမားကြီး။ ရွာက မီးလောင်ပြင် ဖြစ်နေခဲ့ပြီး
ပြာပုံသာကျန်တော့သည်။ သူ့အိမ်နေရာမှ
သံသေတ္တာအိုလေးထဲမှာ မိသားစုဓာတ်ပုံလေးကို မီးကျွမ်းတစ်ဝက်၊ မကျွမ်း တစ်ဝက်နှင့်
ရခဲ့သည်။ စိတ်ပျက်စွာနှင့် ထွက်လာတော့ အသက်ယဲ့ယဲ့သာ ရှိတော့သည့် လူတစ်ယောက်ကို
တွေ့ရပြီး သူက သူ့သားကို ပြုစုစောင့်ရှောက်ပေးဖို့ အပ်ကာ ရွှေဒင်္ဂါးပြားနှင့်
လက်ဝတ်လက်စားများကို ပေးကာ သေသွားသည်။ ထိုကြောင့် ထိုကလေးကို ခေါ်လာကာ
မြို့တက်လာစဉ်လမ်းမှာ သူ့ဆရာနှင့်တွေ့ပြီး သူ့အဖြစ်ကို ပြောပြသောအခါ...
'မင်းမိသားစုကို
ရှာဖို့တာဝန်ရှိသလို ဒီကလေးကို ပြုစုစောင့်ရှောက်ဖို့လည်း တာဝန်ရှိနေပြီကွာ။
ဒီတော့ ဒီကလေးဘဝ မတည်ငြိမ်ခင်မှာ သူ့အတွက်ရော၊ မင်းအတွက်ရော ဘာအကျိုးမှမရှိဘဲ စိတ်မကောင်းဖြစ်ရမှာမျိုးတွေ
မပြောမိပါစေနဲ့' ဟူသော ဆုံးမစကားကို လက်ဆောင်ပေးလိုက်သည်။
ထိုစကားကြောင့်ပင် သူ ပြုစုစောင့်ရှောက်ရသော ကလေးကို ဦးလေးနှင့်တူအဖြစ် အသိပေးကာ
ကြီးပြင်းစေခဲ့သည်။ စီးပွားရေးလုပ်ငန်းများကလည်း အောင်မြင်၍ ပြည့်စုံနေပေပြီ။
ဦးသြဇာမှာ သူ့မိသားစုနှင့် သူ့သမီးလေးကို မမေ့ပါ။ မိတ်ဆွေအပေါင်းအသင်း အဆက်အသွယ်
ရှိသမျှနှင့် ရှာဖွေခဲ့ပေမယ့် မတွေ့ရသေး။
နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာခဲ့လေပြီ။
သူစောင့်ရှောက်နေရသော ကလေးသည်ပင် ပညာစုံ၍ ကြင်ယာပင် ရှာတွေ့လေပြီ။ ဦးသြဇာက
လူကြီးဝတ္တရား ရှိသည်နှင့်အညီ လိုက်လံပြောဆို တောင်းရမ်းပေးပြီး လက်ထပ်ပေးသည်။
ထိုသို့ လက်ထပ်ပေးပြီးသည့် ညမှာပင် သူ၏ဖြစ်ရပ်မှန်ကြီး တစ်ခုလုံးကို ပြောပြကာ...
'ဒီပစ္စည်းတွေအားလုံးဟာ
မင်းပိုင်ဆိုင်တာတွေပါ။ ဒီမယ် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ဦးလေးကို
ခွင့်ပြုပါ။ ဦးလေးရဲ့ သမီးလေးကို လိုက်ရှာချင်သေးတယ်။ ခွဲခွာခါနီးမှာ ဦးလေး
မင်းကို ပေးနိုင်တာက စကားလက်ဆောင်ပဲ ရှိတယ်။ ကျော်ကျော် ဦးလေးကို ဦးလေးရဲ့ဆရာက
ပေးခဲ့တဲ့စကားပါ။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ စိတ်ဆင်းရဲစေမယ့် စကားမျိုးကို
ဘယ်တော့မှ မပြောမိပါစေနဲ့'
သို့နှယ်ပြောကာ အကန်တော့ခံသည်။
ကျော်ကျော်က မသွားဘဲ အတူနေရင်း ရှာရန်ပြောသည်။ ဦးသြဇာကလည်း..
'ငါ မင်းအတွက်
နှစ်တွေအများကြီး အနစ်နာခံပေးခဲ့ပြီးပြီကွာ။ ငါ ကိုယ်တိုင် လိုက်ရှာပါရစေဦး'
'အဲဒါဆို ဦးလေး ကတိတစ်ခုပေးပါ'
'ဘာကတိလဲ'
'တစ်နှစ်ပြည့်ရင်တော့
ပြန်လာပါ ဦးလေး၊ ကျွန်တော်ဦးလေးကို ပြုစုပါရစေ၊ ကျေးဇူးဆပ်ပါရစေ'
သို့ဖြင့် ဦးသြဇာက ထွက်သွားခဲ့ လေပြီ။
ကျော်ကျော် သူ့ဇနီးအသစ် စက်စက်ကလေးရှိရာ အခန်းတွင်းသို့ ရောက်သော်..
'ဦးလေးနဲ့ ဘာတွေပြောနေတာလဲ'
'လုပ်ငန်းတွေ လွှဲပေးနေတာပါ။
သူက အနားယူရင်း အပန်းဖြေခရီး ထွက်မှာမို့'
'ဘယ်တော့လဲ'
'ခု သွားပြီ'
ထိုစဉ် ကောင်မလေးက
ဓာတ်ပုံလေးကိုထုတ်ပြီး စားပွဲပေါ်ထောင်သည်။ ထိုဓာတ်ပုံလေးက ဦးသြဇာဆီမှာ
တွေ့လိုက်ရသော မိသားစုဓာတ်ပုံလေး။
'ဟင်..ဒါ..ဒါက'
'ကျွန်မရဲ့ မိဘတွေလေ။
အဖေ့ကိုတော့ မမှတ်မိဘူး။ အမေ့ကိုလည်း
ဝိုးတိုးဝါးတားပဲ။ လက်ရှိမိဘတွေက ကျွန်မကို မွေးစားခဲ့တာပါ'
ကျော်ကျော် ပြေးထွက်ကာ လိုက်သော်လည်း
ဦးသြဇာကို ရှာမတွေ့တော့ပါ။ သူ့ဇနီးကိုလည်း စိတ်ဆင်းရဲမည်စိုး၍ မပြောတော့။
တစ်နှစ်ဆိုသော ကာလကိုသာ မျှော်လင့်ချက်ကြီးစွာနှင့် စောင့်မျှော်နေရတော့သည်။
တစ်နှစ်ကာလအတွင်းမှာ ဦးသြဇာကလည်း
တစ်မြို့ဝင် တစ်မြို့ထွက်နှင့် ရှာရင်း ရှာရင်း စိတ်ပန်းလူပန်း ဖြစ်နေပြီ။
တောင်ပေါ်မြို့လေးတစ်မြို့ အရောက်မှာ သူ့ဆရာနှင့်ပြန်တွေ့လေသည်။ ထိုအချိန်မှာ
ဦးသြဇာအပြင်း ဖျားနေသည်။
တစ်နှစ်ပြည့်ပြီ။
ကျော်ကျော်တို့မှာ သားလေးပင် ရနေပြီ။
သားလေး အမည်ပေးကင်ပွန်းတပ်၊ ပုခက်တင်လုပ်ရန် တစ်နှစ်ပြည့်သည့်နေ့ကို ရွေးထားသည်။
ဧည့်ခံသည်။ ဧည်ခံပွဲကြီးပြီးသည်ထိ ကျော်ကျော်က ပွဲကို အသိမ်းမခိုင်း။
စားပွဲကုလားထိုင် အပြင်အဆင်တွေအားလုံး အပြည့်အစုံနှင့် ဦးသြဇာကိုမျှော်သည်။
ည မိုးချုပ်ပြီ။ နာရီလက်တံသည်ပင် ၁၂
ဂဏန်းဆီသို့ တရွေ့ရွေ့ကပ်ကာ နောက်ရက် ကူးပေးတော့မည်။ ထိုအချိန်မှာ ခြေနင်းသံကြားရသည်။
ဝင်လာပါပြီ။ ဦးသြဇာကို သူ့ဆရာက တွဲ ခေါ်လာရသည်။
'ဟင်...ဦးလေး..ဦးလေး'
'သူ နေမကောင်းဘူး၊ သတိလစ်
လစ်နေတယ်။ ဒီနေ့အရောက်ပို့ပေးပါ။ မင်းကို ကတိပေးခဲ့လို့ဆိုပြီး ပြောနေလို့သာ..'
ကျော်ကျော် ဦးသြဇာကိုကြည့်ပြီး
'ဦးလေး...ဦးလေး...ဦးလေး
ရှာနေတဲ့ သမီးက ဒီမှာလေ။
□
ကျွန်တော့်ဝတ္ထုဇာတ်သိမ်းမှာ ဦး
သြဇာသေပေး၍လည်းရသည်။ ရှင်ပေး၍လည်း ရသည်။ 'သေပေးတာက စွဲကျန်ရစ်မယ်ဗျ'
ဟုဆိုကာ သေပြီးဇာတ်သိမ်းသည်။ ထိုနေရာမှာ သီချင်းမထည့် တော့ဘဲ
စကားပြောထည့်သည်။
'ကျော်ကျော် ငါဟာမင်းရဲ့ဘဝကို
ရှင်သန်ဝေစည်အောင် ပြုစုပျိုးထောင် နိုင်ခဲ့ပေမယ့် ငါ့ရင်ထဲက
မိသားစုဥယျာဉ်လေးမှာတော့ ပန်းလေးပွင့်ဖို့ ပြုစုခွင့်မရခဲ့ဘူးကွာ။ သမီး'
'ဖေဖေ'
'သမီးကို ပြုစုဖို့
ပျက်ကွက်ခဲ့တဲ့'
'စကားတွေ မပြောပါနဲ့ဖေဖေ'
ဆိုတာတွေကို အသံတွေပဲထည့် ပေးပြီး အရွက်ကလေးများ
ချည်စိုက် ထာသောပန်းအိုးနှင့် သူတို့သက်ငြိမ်ပုံကိုပြကာ ဇာတ်သိမ်းသည်။
ပညာရှင်ကြီးများ ထွက်မကမီ အနုပညာစင်မြင့်ပေါ်တွင် တက်ဆော့သော ကလေးများနှယ်
ဖြစ်ကောင်းဖြစ်မည်။ ကိုယ်မြတ်နိုးသော ဝါသနာပါသော အလုပ်ကို လုပ်မိသည့်အတွက်
ကျွန်တော်တို့ လုံးဝနောင်တမရပါ။ ထိုကာလလေးကို တမ်းတ၍ လွမ်း၍နေဆဲပါ။
□
လူအတွက်
ဇာတ်လမ်း၊ ဇာတ်လမ်း အတွက်လူ
ကာရာအိုကေချစ်သူ လုံးချင်းဝတ္ထု ထွက်ခဲ့သည်။ ၁၉၉၆ ခု ဖေဖော်ဝါရီလမှာ။ ကျော်သူ၊
မျိုးသန္တာထွန်းနှင့် ဗီဒီယိုရိုက်ခဲ့သည်။ တကယ်တော့ ကာရာအိုကေချစ်သူသည်
ဝတ္ထုမထွက်မီ မန္တလေးမှာ ဗီဒီယိုရိုက်ခဲ့ပါသေးသည်။ ၁၉၉၅ ခုနှစ် မေလပိုင်းလောက်က
ဖြစ်ပါမည်။
'ကိုကံချွန်ဆိုတာ'
'ဟုတ်ကဲ့ ကျွန်တော်ပါ'
'ကျွန်တော် စောနေဝင်းပါ၊ သူက ချိုတူး
(အင်္ဂလိပ်စာ)၊ ဟိုဟာက ဒေါက်တာထင်ကျော်။
မြင်လွယ်အောင် ရေးပြပါမူ (ဆရာ)
စောနေဝင်းမှာ ဦးမိုးဒီတို့ ပုံစံမျိုး ဖြစ်သည်။ ဒေါက်တာထင်ကျော်မှာ
ဆရာစိုင်းခမ်းလိတ်တို့ ပုံစံမျိုး နှုတ်ခမ်းမွေးနှင့်။ ကျွန်တော်က ကြော်ငြာကာတွန်း
ကိစ္စအတွက် လာကြသည်ပဲမှတ်နေဆဲ။
'ကျွန်တော် ဘာကူညီပေးရမလဲ'
'ဇာတ်ညွှန်းအပ်ချင်လို့'
'ဗျာ'
'ဗီဒီယိုရိုက်ဖို့ပါ'
'ဘယ်လိုဇာတ်မျိုးလဲ'
'ကျွန်တော်တို့နဲ့
လိုက်ဖက်မယ့် ဇာတ်ပေါ့ဆရာ။ မင်းသားက ကျွန်တော် လုပ်မှာပဲ။ ဇာတ်တွေးလို့ ရအောင်ပြောတာပါ။
ဇာတ်ကောင်တွေအားလုံးမျှပြီး ပါချင်တာပေါ့။ မင်းသမီးကိုတော့ ငယ်ငယ်ချောချောလေးထဲက
ငှားချင်တယ်။ ဇာတ်အိမ်တည်ကတည်းက စဉ်းစားလို့ ရအောင်လို့ပါ'
'ကျွန်တော်တို့ကို
အားမနာနဲ့နော်။ ဘယ်လိုစရိုက်ဖြစ်ဖြစ် ရတယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ်။
ဒေါက်တာ ထင်ကျော်က
ဝင်ပြောခြင်းဖြစ်ပါသည်။
'ဆရာတို့ သေသေချာချာစဉ်းစား
ပြီးပြီလား'
'ဟာ..ဦးကံချွန်က
ကျွန်တော်တို့ကို မယုံဘူးထင်တယ်၊ ဒီလိုလုပ်ပါ။ ခု ဆရာဦးကံချွန် အားတယ်မဟုတ်လား။
တစ်ဆိုင်ဆိုင်မှာ သွားစားရင်း စကားပြောကြရအောင်လား'
'ဟုတ်တယ်၊ အဲဒါကောင်းတယ်၊
ကိုကံချွန် ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ။ အချိန်နည်းနည်းပေးပါ'
ကျွန်တော်တို့ မြို့သစ်နှင့် အနီးဆုံး
စားသောက်ဆိုင်မှာ 'အာရှနှင်းဆီ' ဖြစ်သည်။ ထိုဆိုင်မှာ စင်တင်တေးဂီတ
ရှိသည့် ၉၅ ဝန်းကျင်က။ ကိုညီညီအောင်က အာရှနှင်းဆီမှာ အော်ဂင်တီးသည်။ ထို့ကြောင့်
ခေတ်ပေါ်တေးများအပြင် သင်္ကြန်သီချင်းနှင့် မြန်မာသံ သီချင်းများပါ နားဆင်နိုင်၍
လူငယ် လူကြီးပရိသတ်စုံသည်။ မေသဇင်မိုးလည်း ထိုဆိုင်မှာဆိုသည်။ ကိုညီညီအောင် ထိုဆိုင်မှာ
တီးနေကြောင်းကို ရောက်မှသိခြင်းဖြစ်ပါသည်။ (၁၉၉၅ ခုနှစ်က) စောနေဝင်းက
ဗီဒီယိုကင်မရာ ပါဝယ်မည်။ ကင်မရာကို ကိုဇော်မြင့်၊ ရီမြင့်ရုပ်ရှင်မှာ အပ်ထားမည်။
ဝတ္ထုဇာတ်ညွှန်းပြီးလျှင်လည်း ဒါရိုက်တာခေါ်ပေးရန် ကိုဇော်မြင့်ထံမှာပဲ
အကူအညီတောင်းမည် ဖြစ်ကြောင်းပြောပြသည်။ ဗီဒီယိုထုတ်လုပ်ရေးကို လုပ်ငန်းတစ်ခုအသွင်
လုပ်ကြမည် ဖြစ်ကြောင်း ရှင်းပြကြသည်။
'စိတ်မရှိပါနဲ့ဆရာ။ ဆရာတို့
အတွက်လည်း အကျိုးမရှိ၊ ကျွန်တော်လည်း အချိန်ကုန်ရကျိုး မနပ်တဲ့ အလုပ်တွေ
မလုပ်ချင်တော့လို့ပါ။ လုပ်ရပြီ ဆိုရင်လည်း ထိထိရောက်ရောက်ပဲ လုပ်ချင်တော့တယ်'
ကျွန်တော်သည် အနုပညာစင်မြင့်မှာ
အော်ပရာ၊ နှစ်ပါးမကရချင်နေပါစေ။ ပြဇာတ်မတင်ရချင်နေပါစေ။ တက်ရမည်ဆိုလျှင်
တစ်ခန်းရပ်ကလေးလောက်ဖြစ်ဖြစ် ဖန်တီးချင်ပြီး ပွဲမထွက်မီ စင်ပေါ်တက်ဆော့သည်
အလုပ်ကို လုပ်ခဲ့ဖူး၍ ဖြစ်ပါသည်။ ထိုနေ့က ကျွန်တော်တို့ သွားထိုင်သည်က စောနေသည်။
ကျွန်တော်တို့ တစ်ဝိုင်းတည်း လိုဖြစ်နေသည်။ ထို့ကြောင့်လည်း ကိုညီညီအောင်က
ကျွန်တော်တို့ဝိုင်းမှာ လာထိုင်ပြီး..
'ဘယ်က လှည့်လာကြတာလဲ'
'ဒီကိုလာတာပါ၊
စားရင်းသောက်ရင်း စကားပြောချင်လို့'
'ခင်ဗျားတို့ သောက်ရင်းက
အချိုရည်တွေချည်းပါပဲလား'
ကျွန်တော်က ကိုညီညီအောင်နှင့်
စောနေဝင်းတို့ကို မိတ်ဆက်ပေးလိုက်သည်။ ကိုညီညီအောင်က..
'စားသောက်ဆိုင်ကို
ဇာတ်အိမ်တည်ပါလား၊ ဟိုကောင်မလေး ဖြူဖြူလေး တွေ့လား'
'အင်'
'သူ့နောက်ရပ်နေတဲ့ စားပွဲထိုး
ချာတိတ်ကြိုက်နေတာ၊ကောင်မလေးက ဒီဆိုင်လာစားနေတဲ့ အင်ဂျင်နီယာလေး တစ်ယောက်နဲ့
ငြိနေလို့၊ အဲဒီချာတိတ်လို ဇာတ်လမ်းတွေ အများကြီးပဲ။ ဘယ်လိုလဲ
ခုလောက်နားထောင်ပြီးရင် အခန်းစဉ်ခွဲပြီးသွားပြီမဟုတ်လား' ဟု
ပြုံး၍မေး၏။
'ဇာတ်ညွှန်းကို ဆယ်နှစ်ခန်း
လောက်ပြီးသွားပြီ'
ကိုညီညီအောင် ထထွက်သွားသည်။
ကျွန်တော်ထိုဆိုင်ကို သုံးခါသွား ထိုင်ဖြစ်သည်။ လူစည်ချိန်၊ ဆိုင်သိမ်းချိန်။ ကျွန်တော့်ဇာတ်ညွှန်းပြီးတော့
ထိုဇာတ်ကို ကိုဟိန်းစိုးနှင့် ရိုက်ဖြစ်သည်။
မင်းသားအငယ်နေရာမှာ အောင်ဇော်၊ မင်းသမီးက အာရှနှင်းဆီမှာ သီချင်းဆိုသည့်
မေသဇင်မိုး။ မန္တလေး မင်းသမီး၊ ကိုညီညီအောင်ထံမှ ဇာတ်ကွက်အတော်များများရသည်။
ဆရာစောနေဝင်း ကလည်း စားပွဲထိုး၊ ကားစောင့်၊ သန့်ရှင်းရေးလုပ်သားတို့ကို
ကျွန်တော်သိချင်တာမေးနိုင်ရန် စီစဉ်ပေးသည်။ ကာရာအိုကေသည် ဇာတ်ကွက်တွေရပြီးမှ
ဇာတ်လမ်းရှာကာ သီလိုက်သည့် ဇာတ် ဖြစ်ပါသည်။ စားသောက်ဆိုင်မှ ကလေးများ၏
တာဝန်ကိုသိပြီးမှ လာစားသည့် လူများ၏ စရိုက်ကို ဖန်တီးခြင်း ဖြစ်ပါသည်။
တကယ်ရိုက်ကြပြီဆိုတော့
စားသောက်ဆိုင်မှ ကလေးများ၏ ဘဝပုံရိပ်အချို့က ကျန်ရစ်သည်။ ထို့ကြောင့် ကျွန်တော့်ဝတ္ထုအသွင် ရေးဖြစ်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ မန္တလေးမှ ရိုက်လိုက်သည့် ဇာတ် မထွက်ခဲ့သော်လည်း
ဝတ္ထုဖြစ်ပြီးသောအခါ ကျော်သူ၊ မျိုးသန္တာထွန်းနှင့် ရိုက်ဖြစ်ခဲ့သည်။
ကာရာအိုကေချစ်သူသည်
ဇာတ်ကောင်ကိုကြည့်ပြီးမှ လိုက်ဖက်ညီအောင် ဖန်တီးသော ဇာတ်ဖြစ်ပါသည်။ ဇာတ်လမ်းနှင့်
ဇာတ်ကောင်လိုက်လျော ညီထွေရှိခြင်း၏ ခွန်အားကို သိခဲ့ရသည်။
□
တစ်ခါတစ်ခါ ကျွန်တော်တို့သည်
ကိုယ့်အတွက်ဖန်တီးထားသော ဇာတ်လမ်းမဟုတ်ဘဲ ပါဝင်ရတတ်ပါသည်။ ထိုသို့ပါဝင် ကပြနေသူများကိုလည်း
တွေ့ဖူးပါသည်။ တစ်ခါတစ်ခါမှာမူ ကပြမည့်သူအတွက် ဖန်တီးပေးရသော ဇာတ်လမ်းများကိုလည်း
တွေ့ရတတ်ပါသည်။ ကာရာအိုကေချစ်သူကို ဖန်တီးခဲ့ဖူးသော အတွေ့အကြုံကြောင့် ဖြစ်ပါသည်။
ဤအသိ၊ ဤသတိ ရရှိလိုက်သည့်အတွက် စောနေဝင်းနှင့် မင်းသား ကျော်သူကို
ကျေးဇူးတင်ပါသည်။
ကံချွန်
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...
မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...
ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။