ရွှေအသစ်

နံနက်ခင်းသဘင်

လဝန်းလဲ့ပြာ၊ကညွတ်ကွင်း၊

01 October 2024
နံနက်ခင်းသဘင်
Share to

            အလွန်တစ်ရာ အေးချမ်းသော ဆောင်းလ၏ နံနက်ခင်းတစ်ရက်တွင် ဖြစ်ပါသည်။ မိန်းမ ဈေးသွား၍ အိမ်၌ကျန်ရစ်ခဲ့သူ ကိုရွှေပါသည် ဆောင်းနံနက်ခင်းဝယ် တစ်စုံတစ်ရာ ချင်ခြင်းတပ်ခြင်းငှာ အဖော်တစ်ဦးကို အသည်းအသန် မျှော်နေပါလေသည်။ ထိုအဖော်မှာ သူနှင့်အတူ ဆောင်းအေးအေး၌ ခံစားမျှဝေလိုသူ၊ သူကဲ့သို့ပင် အကြိုက်ချင်း ညီလှသူ သူငယ်ချင်းကောင်း ဖိုးမြတ်တည်း။

            ထိုနေ့နံနက်က ကံတရားသည် သူ့ဘက်သို့ မျက်နှာသာပေးခဲ့ပါသည်။ အကြောင်းမူ သူ မျှော်လင့်နေသော ဖိုးမြတ်သည် သူနှင့်အတူ မျှဝေခံစားရန် အလိုက်တသိ ရောက်ရှိ လာခဲ့သောကြောင့်ပင်။

            'ဟာ...သူငယ်ချင်း ဖိုးမြတ်၊ လာကွာ'

            'သိတယ်လေ။ ဒီက ကောင်းကောင်းသိတယ်လေ။ ဟဲ...ဟဲ...ဟဲ'

            ပါလာသော ပုလင်းနှစ်လုံးသည် သူတို့နှစ်ယောက် ခံစားမျှဝေရာတွင် သုံးကြရမည့် ဘီအီး အရက်များပင်တည်း။

            'မင်း သိပ်တော်တယ်'

            'ရွှေပါ လုပ်ကွာ၊ ရာသီဥတု အေးတယ်။ မင်းအိမ်မှာ ဘာအမြည်းရှိသလဲဟေ့'

            'အေး...ရှိပါတယ်။ ခဏစောင့်၊ ငါ သွားလုပ်လိုက်ဦးမယ်'

            ခွက်နှစ်လုံး ပေးထားခဲ့ကာ ကိုရွှေပါသည် အမြည်းတစ်စုံတစ်ရာ သွား၍ လုပ်ရပါသည်။ အာသာငမ်းငမ်း ဖြစ်နေသူမို့ သူ့လက်များ မြန်ဆန်သွက်လက်နေလေသည်။ ခဏတွင်းချင်းပင် အမြည်းတစ်ပန်းကန် ပြီးစီးသောအခါ အိမ်ရှေ့သို့ ပြန်ထွက်လာခဲ့ရင်း 'ဖိုးမြတ်ရေ၊ ငါ အဲဒါကို အကွင်းလိုက် ပါးပါးပါးပါး လှီးပြီး သုပ်ခဲ့တယ်'

            'ဟာ... မင်းဥစ္စာကလည်း အရင်းမရှိ၊ အဖျားမရှိ ဘာလဲ'

            'ဟို...ဟို ဝက်အူချောင်းပါကွာ။ ဟား ဟား ဟား'

            ထို့နောက်မှာတော့ သူငယ်ချင်းနှစ်ဦးတို့သည် အမြည်းတစ်ပန်းကန် အလယ်တွင်ထားကာ စတင်၍ ဖြိုကြပါလေသည်။

            'ခွပ်'

            ဘာအထိမ်းအမှတ်လဲ မသိ။ ဖန်ခွက်ချင်း တိုက်လိုက်ကြပါသည်။ မောင်မင်းကြီးသားတို့မှာ အရည်ဝင်စ ပြုသည်နှင့် နှုတ်သွက်လျှာသွက် ဖြစ်လာခဲ့လေသတည်း။

            'အေးကွာ၊ ပြီးခဲ့တဲ့ လပတ်စာမေးပွဲမှာ ငါ့သမီး နှစ်ဘာသာကျတယ်'

            'ဟာ...ဒါဆို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်နဲ့ နောက်တစ်ခွက်စီ ချလိုက်ကြရအောင်'

            ဖန်ခွက်ချင်း 'ခွမ်'ခနဲ တိုက်လိုက်ကြပါသည်။ မော့၍ အပြီး၌ ကိုရွှေပါသည် နှုတ်ခမ်းတစ်ဝိုက်မှ ယစ်ရွှေရည်များကို လျှာလေးနှင့်ပင် သပ်သိမ်းရင်း...

            'ဒါနဲ့ မင်း အခုတလော တယ်ပြီး လွတ်လပ်နေပါလားကွ'

            'အေး...လွတ်လပ်ဆို ငါ့မိန်းမ မိရွှေလဲ့ ခရီးထွက်သွားတယ်ကွ။ ဟေး...ဟေး ဟေး'

            'ဟာ...ဒါဆို ဝမ်းသာခြင်း အထိမ်းအမှတ်အဖြစ်နဲ့ နောက်တစ်ခွက်စီ ချလိုက်ကြရအောင်'

            ဖန်ခွက်ချင်း တိုက်ကြပြန်ကာ နှစ်ဦးသားမှာ မပြီးနိုင်သော အထိမ်းအမှတ်များနှင့် သောက်ပွဲ သဘင်ကြီး ဆင်ယင်ကျင်းပနေလေတော့သည်။

            သူတစ်ခွက်၊ ကိုယ်တစ်ခွက် ရယ်လိုက်မောလိုက် ပျော်လိုက်ပါးလိုက်နှင့်ပင် အမြည်းပန်းကန်နှင့် ပုလင်း နှစ်လုံးအတွင်းမှ အရည်များကား တစ်စတစ်စ လျော့နည်းလာလေပြီ။ ထိုအချိန်၌ ရီဝေစပြုပြီ ဖြစ်သော ကိုရွှေပါသည် မပြောမဆိုနှင့် ရုတ်တရက်ကြီး ငိုချလိုက်ပါ သတည်း။

            'အီးဟီး... ကယ်တော် မူကြပါ အရပ်ကတို့'

            'ဟာ..ရွှေပါ၊ ဘယ်လိုဖြစ်တာလဲကွ။ အရက် ကုန်သွားလို့လား။ မဝသေးရင်၊ သောက်ချင်သေးရင် ထပ်ဝယ်ပေးမှာပေါ့။ ငါ့မှာ ပိုက်ဆံရှိပါတယ်ကွ'

            ကိုရွှေပါသည် အတင်းဖျစ်ညှစ်၍ ထွက်လာရရှာသော မျက်ရည်အချို့ကို လက်ခုံ မည်းမည်းကြီးဖြင့် သုတ်လျက် 'အေး...အဲဒီပိုက်ဆံကြောင့်ပဲပေါ့ကွာ။ ငါ ခေါင်းခဲနေရတာ။ အခုလာမယ့် သောကြာနေ့ရောက်ရင် ငါလူတစ်ယောက်ကို ကြွေးပေးစရာ၊ ငွေပေးစရာ ရှိနေတယ်။ အဲ...အဲဒါ'

            နှစ်ဦးသားမှာ ရေချိန်ကိုက်လာကြပြီ ဖြစ်ပေသည်။ မိမိကိုယ်မိမိ ငွေရှင်ကြေးရှင်ကြီးအလားပမာ ထင်မှတ် မှားစိတ်ဖြင့် သွေးနားထင်ကြွလာသော အမူးသမား ဖိုးမြတ်သည်...

            'ဟာ...ဒါတော့ မင်းလည်း သိသားပဲ။ ငါက အပေါင်ခံစားတဲ့ကောင်ဆိုတော့ ပစ္စည်းတစ်ခုခု ပေးထားမှ အဆင်ပြေမယ်။ ဟဲ.. ဟဲ ဘယ်လိုမှ မအောက်မေ့ပါနဲ့ကွာ။ အလုပ်သဘောအရပါ။ ဒါကို မင်းနားလည်ပေး။ ခုရှုပ်မှ နောင်ရှင်း၊ ဟုတ်ပြီလား'

            ကိုရွှေပါသည် မျက်နှာ ဝင်းလက်သွားကာ ကျေကျေနပ်နပ်ကြီးကို လက်ခံ ခေါင်းညိတ်လိုက်ရင်း...

            'အေးပါကွာ၊ ငါ နားလည်ပါတယ်။ အဲ...ဒါပေမယ့် ငါ့မှာလည်း ပေါင်စရာဆိုလို့ မိန်းမ မအေးလှပဲ ရှိတော့တာကွ။ ဟေး...ဟေး'

            ဗလုံးဗထွေးနှင့် ပစ်စလက်ခတ်နိုင်လှသော ကိုရွှေပါရဲ့ မဆင်မခြင် တင်ပြချက်သည် သင့်မြတ်၏၊ မသင့်မြတ်၏ ဝေခွဲဆုံးဖြတ်နိုင်စွမ်းအား မရှိတော့ချေ။ အပေါင်ခံချင်သူ ဖိုးမြတ်က လိုရာဆွဲတွေးကာ ဝမ်းသာအားရကြီးဖြင့်ပင်...

            'အင်း...ငါ့မိန်းမ မိရွှေလဲ့ကလည်း ခရီးထွက်နေတာ ဆိုတော့ အိမ်မှာ ချက်ဖို့ ပြုတ်ဖို့၊ လျှော်ဖို့ဖွပ်ဖို့ ရလည်း မနည်းပါဘူးကွာ။ ကောင်းတယ်ဟေ့ ပြော၊ မင်း မိန်းမကို ဘယ်လောက်နဲ့ ငါ့ဆီမှာ အပေါင်ထားချင်လဲ'

            ကိုရွှေပါက နားနားကပ်၍ တိုးတိုးလေး ပြောပြလိုက်ပါသည်။

            ကိုရွှေပါ၏ မိန်းမ မအေးလှ ပြန်ရောက်မလာမီ အမူးသမား နှစ်ယောက်တို့သည် ရေတိုင်ကီ တစ်လုံးထဲသို့ ရေအပြည့်ဖြည့်ထားနှင့် ကြလေသည်။

            'ကဲ...ပြည့်ပြီ။ မင်း မိန်းမ မအေးလှကို ဒီရေတိုင်ကီထဲ နှစ်ရမယ်။ အဲဒီအခါ ရေတွေက လျှံကျလာမယ်ကွာ၊ ဟုတ်ပြီလား'

            မအေးလှ အလေးချိန်သည် ရေသုံးပုံးခန့် ရှိနိုင်မည်ဖြစ်ရာ ရေတစ်ပုံးလျှင် တစ်ထောင်ကျပ်ဖြင့်

သဘောတူပြီး ဖြစ်ပါသည်။

            'မအေးလှ အလေးချိန် သိရအောင် အဲဒီလျှံကျလာတဲ့ ရေကို ဘာနဲ့တိုင်းမှာလဲကွ'

            ဖိုးမြတ်က 'အရန်ကော'ဟု ဆိုလျက်...

            'ဟာ...မင်းကလည်း တုံးပါ့။ တိုင်ကီမှာ လျော့သွားတဲ့ ရေကို ဘယ်နှပုံး ပြန်ဖြည့်ရသလဲ မှတ်လိုက်ရင် မင်းမိန်းမ ကိုယ်အလေးချိန် ရပြီပေါ့ကွာ။ ဟား...ဟား ဟား'

            ထိုအချိန်တွင် မအေးလှ ပြန်ရောက်လာပါသည်။ အနံ့ အသက်ဆိုးများ ဝင်လာ၍ နှာခေါင်းကို ရှုံ့ကာ မနှစ်မြို့ဟန်ဖြင့်ပင် မအေးလှသည် 'ဟွန်း...ဒီနှစ်ယောက် နံနက် စောစောစီးစီးကြီးမှာ ကဲနေ ကြပြန်ပြီနော်။ ဒါမျိုးဆို နှစ်ယောက်သား ညီပါ့။ မှန်း... ဘယ်နှပုလင်း ကုန်နေပြီလဲ' ကိုရွှေပါက မူးမူးရီရီ ငါးခူ ပြုံးလေး ပြုံးရင်း 'အေးလှရာ၊ နင်ကလည်း ငါတို့ နည်းနည်းပါးပါးပါ။ သိပ်မများပါဘူး။ ဆောင်းကအေးတော့ ဒီနံနက်ခင်း ငါတို့ နွေးချင်တယ်ဟ'

            'အမလေး...နွေးချင်တာများ လမ်းလေးဘာလေး လျှောက်ကြပေါ့။ လမ်းလျှောက်ရင် နွေးရုံမကဘူး။ ကျန်းမာရေးနဲ့တောင် ညီညွတ်သေး။ ဆောင်းအေးတာက တော်တော်ပါ။ ရှင်တို့ သောက်ချင်တာက ကဲကဲမှလား။ ဟမ်း...လူကြီးတွေနော်၊ ပြောရင် မကောင်းတော့ဘူး။ ကိုယ့်အသက် ကိုယ့်အရွယ်တွေ ထောက်ကြဦး။ ရှင်တို့ကိုယ်ရှင်တို့ လူပျိုကာလသားတွေ မှတ်မနေကြနဲ့'

မအေးလှမှာ အခွင့်သာတုန်း တရစပ် နှိပ်ကွပ်နေပါသည်။ တဟဲဟဲရယ်ရင်း ကိုရွှေပါတို့ချင်း မျက်စပစ် အချက်ပေးကာ...

            'အေးလှ၊ နင် ပိုက်ဆံ မလိုချင်ဘူးလား'

            'လိုချင်တော့ကော ရှင်က ပေးမှာမို့လို့လား'

            'ကိုရွှေပါသည် ဖိုးမြတ်ထံမှ ရယူထားသော ငါးရာကျပ်တန် ငွေစက္ကူအချို့ကို အိတ်ကပ်အတွင်းမှ ထုတ်ယူလိုက်ကာ...

            'အေး...ပေးမှာပေါ့။ နင် ငါခိုင်းတာ လုပ်မယ်ဆိုရင် ငွေသုံးထောင်ပေးမယ်။ ဘယ့်နှယ်လဲ'

            'ငွေသုံးထောင်'

            ပိုက်ဆံမြင်၍ မအေးလှ မျက်ဝန်းနှစ်စုံ ဝင်းလက်သွားလေသည်။

            'ကျွန်မတို့မှာ တစ်နေ့လုပ်မှ ငွေသုံးထောင် မပြောနဲ့၊ သုံးရာတောင် အနိုင်နိုင်ပါရှင်။ မလိုချင်ဘဲ ရှိပါ့မလဲ။ ကဲ...ပြော၊ ကျွန်မ ဘာလုပ်ပေးရမလဲ'

            'ကဲ၊ ရော့...ရော့ ပိုက်ဆံယူ။ ဈေးခြင်းတောင်း သိမ်းပြီး ထမင်းဟင်း နောက်မှချက်တော့ဟာ။ ပြီးတော့ ငါ တို့ဆီကို ပြန်လာခဲ့။ ဟုတ်ပြီလား'

            မအေးလှလည်း ဘာဘာညာညာ စဉ်းစားမနေတော့ဘဲ ပိုက်ဆံယူ၊ ဈေးခြင်းတောင်း အမြန်သိမ်းကာ အမူးသမားနှစ်ယောက်ထံသို့ ပြန်ရောက်လာချိန်တွင် ကိုရွှေပါက...

            'အေးလှ၊ နင် ပိုက်ဆံလည်း ရပြီ။ ငါတို့ခိုင်းတာ လုပ်တော့။ ကဲ...အင်္ကျီချွတ်'

            'ဘာ'

            ငွေသုံးထောင်ပေးပြီး အင်္ကျီချွတ်ခိုင်းတာ ဘာသဘောလဲဟု စိတ်ဆိုးရခက်စွာနှင့်ပင်...

            'ကိုရွှေပါနော်။ လင်မယားအချင်းချင်း'

            'ဟာ...နင်ကလည်း အတွေးမချော်စမ်းပါနဲ့။ လုပ်စရာရှိလို့ပါ။ ကဲ...ကဲ ချွတ်ချွတ်၊ ထဘီရင်လျားထားပေါ့'

            မအေးလှက သူတို့စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပြီးချိန်တွင်...

            'ကဲ...ရွှေပါရေ၊ လုပ်ငန်းစလိုက်ကြရအောင်'

            'ဟင်... ရှင်...ရှင်တို့'

            သူမကို နှစ်ယောက် ဝိုင်းချုပ်ဆွဲမ၍ ရေအပြည့်ရှိသော စည်အတွင်းသို့ နှစ်ချလိုက်ပါသတည်း။

            'ရှင်...ရှင်တို့ ဒါဘာ လုပ်ကြတာလဲ။ အောင်မလေး၊ ဖူး...အု...ဖလူး'

            ရေမွန်းနေသော မအေးလှမှာ ကြောက်ကြောက်နှင့် ကုန်းအော်နေခဲ့လေသည်။

            'ဖိုးမြတ်ရေ... ငါ့ မိန်းမ ခေါင်းပေါ်နေတယ်ဟေ့။ ခေါင်းပါမြှုပ်မှ သူ့ကိုယ်ခန္ဓာအလေးချိန် အမှန်ကို ရမှာ။ နှစ်...နှစ်...နှစ်၊ ခေါင်းကိုပါမြုပ်အောင် ဆွဲနှစ်'

            'အမလေး...ကယ်တော်မူကြပါ အရပ်ကတို့'

            နှစ်ယောက်သား ခေါင်းကို ဆွဲဖိကာ ဝိုင်းနှစ်ကြရပါသည်။ ရေမွန်းနေသည့်ကြားမှပင် မအေးလှမှာ ရုန်းရင်းကန်ရင်း ရေစည်ထက်မှ အားကုန်ခုန်ဆင်း ထွက်ပြေးလာခဲ့ပါသတည်း။

            ကြောက်စိတ်ဖြင့် အသံကုန်ဟစ်ကာ...

            'လာကြပါဦးရှင်၊ ဟောဒီမှာ ကျွန်မကို လူနှစ်ယောက် ဝိုင်းပြီး ရေနှစ်သတ်နေကြတယ်တော့်'

            ဖြစ်ကြောင်းကုန်စင် နားထောင်ပြီးသော ရပ်ကွက် ဥက္ကဋ္ဌကြီးသည် ငိုရရယ်ရခက်စွာဖြင့်ပင် သူ့ရှေ့တွင် ထိုင်နေကြသော တရားလို မအေးလှနှင့် တရားခံ ယောကျ်ားနှစ်ဦးတို့အား ဝေ့ဝဲ အကဲခတ် ကြည့်လိုက်ရင်း...

            'အင်း...အရက်မူးလို့ ဖြစ်တဲ့ကိစ္စပါပဲလား။ တစ်ယောက်ကလည်း လင်သား တော်နေတယ်'

            ရပ်ကွက် ဥက္ကဋ္ဌကြီးသည် ဆုံးဖြတ်ပေးရ ခက်နေပါသည်။

            'ဒီလောက် သတိလက်လွတ်ဖြစ်အောင် သောက်မှတော့ အမှားကျူးလွန်မိပြီပေါ့။ အေး...လင်နဲ့မယား ညားကြတယ် ဆိုတာ ပေါ့ပျက်ပျက် မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လေးစားချစ်ခင်ကြရတယ်။ ကြိုက်တတ်လို့ ကိုယ့်အိမ်မှာ ကိုယ်သောက်တာ အေးဆေးသောက်။ ပြဿနာ မရှာကြနဲ့။ နောင်ကို ဒီလိုမျိုးမဖြစ်စေရပါဘူးလို့ ဝန်ခံကတိပြုနိုင်ရင်တော့ ကျေအေးလိုက်မယ်။ ဟုတ်ပြီလား'

            'ကတိပြုနိုင်ပါတယ် ဥက္ကဋ္ဌကြီး'

            သူတို့နှစ်ယောက် ပြိုင်တူအော်ပြော ကတိပေးလိုက်ကြပါသည်။

            'အေး...အေး၊ ဒါဆိုလည်း ဒီမှာ ဝန်ခံကတိလက်မှတ် ထိုးကြ။ ဖိုးမြတ်လည်း ဆင်ခြင်။ အသက်ကြီးပြီ။ ရွှေပါကလည်း သတိလက်လွတ် မသောက်နဲ့။ ဟုတ်ပြီလား။ ကဲ... ပြန်နိုင်ကြပါပြီ'

            မအေးလှက မျက်စောင်းလဲ့လဲ့ထိုးကာ နေရာမှ အရင်ထရပ်ပါသည်။ ကိုရွှေပါက လက်ကို လှမ်းဆွဲလေလျှင်...

            'အို...ကျွန်မလက်ကို လွှတ်၊ မကိုင်နဲ့။ နောင်ကို အရက်မသောက်တော့ပါဘူးလို့ ကတိပေးမှ ကျွန်မ ရှင်နဲ့အတူတူ ပြန်လိုက်ခဲ့မယ်'

            'အေး...အေးပါဟာ။ ငါ ကတိပေးပါတယ်'

            ဖိုးမြတ်က မဆီမဆိုင် ဝင်၍ ကတိပေးလေလျှင်...

            'အို...ရှင့်ကို မေးနေတာ မဟုတ်ဘူး။ ကျွန်မ ယောကျ်ား ကိုရွှေပါကို မေးနေတာ'

            'ဟဲ...ဟဲ...ဟဲ ငါ ကတိပေးပါတယ် အေးလှရာ'

လဝန်းလဲ့ပြာ၊ကညွတ်ကွင်း၊

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေအသစ်
...
အဆင့်ကျော်တွက်ရမည့် ပုစ္ဆာ
သွင်ဆန်းမောင်

ဆန်းမောင်၏ ခေါင်းထဲတွင် မေးခွန်းများ အစီအရီ ပေါ်ပေါ်ထွက်လာ၏။ အကြီးမားဆုံး မေးခွန်းက သူ မရှိသော လေးနှစ်တာ ကာလအတွင်း မြန်မာပြည်က လူတွေ ဘယ်လိုအရှိန်အဟုန်မျိုးနှင့် ပြောင်းလဲကုန်ပြီလဲ။

ရွှေအသစ်
...
လက်ရှိပုံပြင်
ခိုင်နုလေး ၊တောင်ကုတ်၊

တို့ဘုရားဟော တရားတော်ထဲမှာ တို့လောကနီတိ ကောက်နုတ်ချက်မှာ တို့ဘုရားရှင် လက်ထက်ကဆိုပြီး လိုရင်းကို မရောက်ဘဲ သူပဲ ဘုရားရှင်လက်ထက်ကို မီလိုက်သလိုလို လျှောက်ပြောတော့တာ

ရွှေအသစ်
...
ဘယ်သောအခါ
ငြိုသီစံ

အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ...