ရွှေဝတ္ထု

ဘဝပုံရိပ်ထဲက ဆီးထုပ်လေး

ကိုလှိုင်ကြည်ဝင်း

01 October 2024
ဘဝပုံရိပ်ထဲက ဆီးထုပ်လေး
Share to

            ငါ...လူတွေကိုမုန်းတယ်။ လူတွေ အတော်များများကလည်း ငါ့ကိုမြင်ရင် အဖေ့ပုံရိပ်ကိုလိုက်ပြီး မသင်္ကာတဲ့မျက်လုံးတွေနဲ့ပဲ အမြဲကြည့်နေတာ။

            ဒါ အဖေ့ကြောင့်၊ အဖေသာ ရိုးရိုးသားသား လုပ်ကိုင်ပြီး ငါတို့မိသားစုလေးကို ရှာကျွေးခဲ့ရင် အခုလိုဘဝမျိုးရောက်မှာ မဟုတ်ဘူး။ အမေလည်း သေရမှာမဟုတ်ဘူး။ ငါ့ကိုလည်း သူခိုးသား ထောင်ထွက်သားဆိုပြီး အပြောခံရမှာမဟုတ်ဘူး။ အဖေက ထောင်ကထွက်လာရင်လည်း အပြင်မှာ ကြာကြာ နေတတ်တာမဟုတ်ဘူး။ ထောင်နဲ့အိမ်ကို လှည့်ပတ်နေတာချည်းပဲ။ အင်း.. ထောင်က သည်တစ်ခါလွှတ်ရင်လည်း ငါတို့မြေးအဘွားဆီ လာတော့မှာ မဟုတ်ပါဘူး။ နောက်အိမ်ထောင် ကျနေပြီလေ။

အမေကတော့ အဖေ့ဆိုးဒဏ် နှိပ်စက်ဒဏ်တွေကြောင့်ထင်ရဲ့၊ ဆုံးသွားပြီ။ အဖေ နွားခိုးမှုနဲ့ ထောင်ကျနေတုန်း မီးတွင်းထဲမှာ သေတာ။ ကလေးရော လူကြီးပါ ကိစ္စချောတာပေါ့။ ရွာက မနိုင်လို့ မြို့လွှတ်တာလေ။ ကားအော်ဒါငှားရင် တစ်သောင်းအနည်းဆုံးပဲ။ သည်တော့ အမေတစ်ယောက် ရွာမှာပဲ ခေါင်းချသွားတယ်လေ။ ငါ့ညီလေးဆို အပြင်ရောက်လို့ နာရီပိုင်းပဲခံတာ။ ကောင်းပါတယ်လေ။

ငါ့ညီလေး အသက်ရှင်နေရင် ဆင်းဆင်းရဲရဲ နေရဦးမှာ။ သေသွားတာ ကောင်းတာပေါ့နော်။

ငါက အဘွားကို အဲသလိုပြောပြတော့ မပြောကောင်းဘူးတဲ့။ အဘွားပြောတာ ဟုတ်လားဟင်။ 

            အခုဆို အဘွားရယ်၊ ငါရယ် နှစ်ယောက်တည်း။ အဘွားက အသက်ခုနှစ်ဆယ် ကျော်ပြီ။ ပြီးတော့

မျက်စိမမြင်တော့ဘူး။ တိမ်စွဲရင်းကနေ လုံးလုံးကွယ်သွားတာ။ ရွာက ငါတို့မြေးအဘွားကို သနားလို့ ဆိုပြီး ရွာ့အပြင်တန်း ကျောင်းအနောက်ဘက်က မြေလွတ်တစ်ခုမှာ ထန်းရွက်တဲကလေး ထိုးပေးထားတယ်။ နေစရာရှိပေမယ့် စားဖို့ကျတော့ ငါတို့မြေးအဘွားနှစ်ယောက် ပူရပြီလေ။ ငါ့အသက်ကလည်း အခုမှ ခြောက်နှစ်ကျော်သာသာ ရှိသေးတာ။ ဝင်ငွေကြီးကြီး မားမားရအောင် ဘယ်ရှာတတ်ဦးမှာလဲ။ ဒါပေမယ့် ဟင်းဖိုး ရရ၊ ဆန်နို့ဆီတစ်ဘူးဖိုးရရ ဖြစ်သလိုရှာတတ်အောင်တော့ ဘဝက သင်ပေးတာပဲ။ ရွာခြုံစပ်တောထဲက ဟင်းသီး ဟင်းရွက် ခူးရောင်းတယ်။ နွေကျရင် မန်ကျည်းရွက်နု၊ တမာရွက်နု တက်ခူးရောင်းတယ်။ မိုးတွင်းမှာ ဖားကောက်တယ်။ ငါးမျှားတယ်။ ပုစွန်နှိုက်ပြီး ရောင်းတယ်လေ။ နောက်...ရွာမှာ သာရေး၊ နာရေး ရှိတဲ့အခါ တစ်နပ်စာမကဘူး၊ တစ်ပတ် စာလောက်ကို မပူရတော့ဘူး။ ရွာရဲ့ အနောက်ဘက်မှာရှိတဲ့ ချောက်တောကျောင်း ကိုယ်တော်ကလည်း ထမင်းကျန်၊ ဟင်းကျန် အမြဲလိုလို စွန့်တယ်လေ။ အလှူအတန်း ရှိတဲ့အခါ၊ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ဟင်းကျန် များများရတဲ့အခါ ထမင်း ခြောက်လှန်းထားတာပေါ့။ ရိက္ခာပြတ်တဲ့အခါ ရေစိမ်ပြုတ်စား၊ အခြောက်တိုင်း လှော်စားကြတာပေါ့။ အဘွားဆို မျက်စိမမြင်တဲ့အပြင် ခါးက  ကိုင်းနေပြီ။ ခေါင်းတစ်ခေါင်းလုံးလည်း အနက်ကို အတော် ရှာယူရမယ်ထင်တယ်။ ပိန်တာကလည်း မပြောနဲ့တော့။ သည်အဘွားနဲ့ အရွယ်မရောက်သေးတဲ့ ငါ့ကိုကြည့်ပြီး တချို့လူစိတ်ရှိတဲ့လူက တတ်နိုင်သမျှ ကူညီပေးကမ်းကြတယ်။

            သာရေး နာရေးပြတ်ပြီး ငါတို့မြေးအဘွား အလုပ်မရှိလို့ စားစရာမရှိတဲ့အခါ အဘွားနဲ့အတူ ရွာဦးကျောင်း ကိုယ်တော်ဆီရယ်၊ ကားဂိတ် ဆိုင်တန်းဘက်ကို ရောက်စမြဲပဲ။ ငါတို့ တောင်းမစားပါဘူး။ အဘွားက ငါတို့မြေး အဘွားကို ခိုင်းချင်တာခိုင်းပါ။ ထမင်းလေး တစ်လုတ် တစ်ဆုပ်တော့ ကျွေးပါဆိုပြီး ပြောတာပါ။ အဘွားက အနင်းအနှိပ်လည်းရတယ်လေ။  ငါက သူတို့ခိုင်းတဲ့ ပန်းကန်ဆေး၊ ထင်းပေါက်၊ ရေခပ်၊ တတ်နိုင်သမျှ လုပ်ပေးတယ်ပေါ့။ သူတို့ကလည်း ငါတို့ မြေးအဘွားကို 'စတိ' သဘောမျိုး လောက်သာခိုင်းပြီး  ထမင်းဟင်းကို ကျွေးတာပါ။ ဒါက အဘွားရဲ့ ခံယူချက်ပေါ့။ အဖေ့အရိပ်မည်းက ထိုးနေတာကိုး။

            'ငါ့မြေး..အဘွားရှိနေသရွေ့ ထမင်းမငတ်စေရဘူး။ အေး...တစ်ခုတော့ရှိတယ်။ နင့်အဖေလို ခိုးတော့ မစားနဲ့။ မရှိရင် ပြောင်တောင်းစား။ နင့်အဖေဗီဇတွေ ငါ့မြေးမှာ မရှိစေရဘူး' ဆိုပြီး အမြဲဆုံးမတယ်လေ။ အဘွားက ပြောတဲ့အတိုင်းပဲ ရိုးရိုးသားသားနဲ့ ငါ့တို့မြေး အဘွား ထမင်း တစ်လုတ်ကို ရှာစားတယ်။ အဘွားက မျက်စိမမြင်ပေမယ့် သူတတ်နိုင်သမျှ ဆေးရိုးထုတယ်။ ပြောင်းဖူးဖက်ဆေးပေါ့လိပ် လိပ်တယ်။ မန်ကျည်းသီး ထုတယ်။ အားရင် နွားနဖား ကြိုးကျစ်တယ်။ 'စံပယ်ပန်း'   'ဇွန်ပန်းကုံး'တွေသီတယ်။ အဲ...ခရေပန်းကုံးလည်း ရွာထဲမှာ အဘွားလောက်လှအောင် သီကုံးနိုင်တဲ့သူ မရှိပါဘူး။ ငါက ရွာဦးကျောင်း ထဲက ခရေပင်ကြီးအောက် ပန်းကောက်တယ်လေ။ စံပယ်ရုံ၊ ဇွန်ပန်းရုံမှာ ပန်းခူးတယ်။ ရွာဦးကိုယ်တော်က ငါကိုတော့ ပန်းခူးခွင့်၊ ခရေ ကောက်ခွင့် ပေးထားတယ်။ ဒါတွေကို ကားဂိတ်ဆိုင်တန်း  ကားအသွားအလာမှာ သွားရောင်းတာပေါ့။ ပိုက်ဆံရ လာရင် အဘွားဆီ တစ်ပြား မချန်အပ်တာပါ။

            အခုမိုးဦးကျဆို စံပယ်ပန်း၊ ဇွန်ပန်းကုံးတွေ သိပ်ရောင်းရတာ။ တချို့ကျောင်းက ကောင်လေးတွေ၊ ကောင်မလေးတွေတောင် ငါ့တို့တဲအထိ လာဝယ်တာ။ သူတို့ ဆရာမ လက်ဆောင်ပေးဖို့တဲ့။ ကျောင်းနဲ့ ငါတို့တဲက လယ်တစ်ကွက်ပဲခြားတာ။ အဖြူအစိမ်း လေးဝတ်ပြီး လွယ်အိတ် ရောင်စုံနဲ့ သူတို့လေးတွေကို ကြည့်ပြီး ငါ အားကျလိုက်တာ။ ကျောင်းနေရတာ ပျော်စရာကောင်းမှာပဲနော်။

            ဒါကြောင့် အဘွားကို တစ်ခါက ငါပြောဖူးတယ်။

            'အဘွား... ဟိုကလေးလေးတွေလို အဖြူအစိမ်းလေးဝတ်ပြီး လွယ်အိတ်ကလေးနဲ့ ကျောင်းသွားချင်တာ။ ကျောင်းထားပေးပါလား အဘွားရယ်' လို့ပေါ့။ ဒီတော့ အဘွားက ရှိုက်ကြီးတငင် ငိုလိုက်တာ။ ငါကို လန့်သွားတာပဲ။ အဘွားရဲ့ ကွယ်နေတဲ့မျက်ဝန်းထဲက တလိမ့်လိမ့် ကျလာတဲ့ မျက်ရည်တွေ ကြည့်ပြီး ငါ အဘွားကို တအားသနားသွားတယ်။ အဘွားက မျက်စိမမြင်ပေမယ့် နားက သိပ်ပါးတော့ အသံမထွက်ဘဲ ငါ ကြိတ်မျက်ရည်ကျရတယ်။ ဒီတစ်ခါ 'ပပိတ်' နောက်ဆုံးပဲ။ အဘွားကို ကျောင်းနေဖို့ ကိစ္စ ငါဘယ်တော့မှ မပူဆာတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။

            ဒါပေမယ့် အားတိုင်း ကျောင်းဝင်းထဲမှာရှိတဲ့ လက်ပံပင်အိုကြီးရဲ့ အမြစ်ဆုံတွေ ပေါ်ထိုင်ပြီး ကျောင်းက ကောင်လေး၊ ကောင်မလေးတွေကို ငါသွားငေးမိတယ်။ သူတို့စာသင်တာ၊ ကစားတာ၊ ဆော့တာတွေကိုပေါ့။  တစ်ခါက အသစ်ရောက်လာတဲ့ ဆရာလေးတစ်ယောက် လက်ပံပင်အို ကြီးအောက်မှာ  ကျောင်းသားကျောင်းသူတွေကို စာသင်တယ်။ စာသင်ခန်းထဲက အိုက်လို့ရှိမှာပေါ့။ အမိုးက သွပ်မိုးကိုး။ လက်ပံပင်အောက် ဆရာနဲ့ သူ့တပည့်တွေ ရောက်လာတော့ ငါက အပင်နောက်က ကွယ်နေရတယ်။ လက်ပံပင်အိုကြီးကလည်း အကြီးကြီးပဲလေ။ ငါ့မှာ ပျော်လိုက်တာ။ ငါလည်း ကျောင်းသား တစ်ယောက်လို့ပဲ စိတ်ထဲထင်နေမိတယ်။ ငါကလည်း စိတ်ထဲက လိုက်ဆို၊ လိုက် ရွတ်နေမိတယ်လေ။

            အဲဒီဆရာလေး လက်ပံပင်ကြီးအောက် စာသင်ပြီဆိုရင် ငါရောက်နေပြီပေါ့။ ဆရာက အသက်သုံးဆယ်လောက်၊ မျက်မှန်နဲ့ပေါ့။ လူက ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းပုံရတယ်။ လက်ထဲမှာ တခြားဆရာ၊ ဆရာမတွေလို တုတ်လည်းမကိုင်ဘူး။ အော်ငေါက်တာလည်း မရှိဘူး။ ပြီးတော့ စာသင် လည်းကောင်းတယ်။ သူ့တပည့်တွေကလည်း ရယ်ကြ မောကြနဲ့ ပျော်စရာကောင်းတယ်။ ဆရာရော၊ တပည့်တွေပါ စာသင်နေတာနဲ့ မတူဘူး။ ပျော်ပွဲစားထွက်လာတာ ကျနေတာပဲ။ ကျောင်းဆိုတာ ပျော်စရာကောင်းပါလား။ ငါတောင် အဲဒီဆရာသင်တဲ့ ကဗျာလေးတစ်ပုဒ်ကို အလွတ်ရနေတယ်။ ရတာမှ အမူအရာနဲ့ကို ရတာပေါ့။ ခေါင်းစဉ်က 'သူငယ်တန်း မောင်မယ်' တဲ့။ ဖတ်စာထဲ ပါမပါတော့ ငါလည်းမသိဘူးပေါ့။

            'သူငယ်တန်းမောင်မယ်...ပျော်ပျော်ရွင်...တို့တွေအားလုံး ချစ်ချစ်ခင်..' ဆိုရင် လက်မနဲ့ လက်ညိုးကို ဝလုံးလေးလိုဖြစ်အောင် ကွေးထိရင်း လက်ကိုမြှောက်ပြီး 'ချစ်ချစ်ခင်' ဆိုတာနဲ့ နီးရာလူကိုဖက်ရတာ။ ပျော်စရာကြီးပေါ့လေ။

            'ဆရာသင်ရင်..အာရုံစိုက်....ကြိုးစားကျက်မှတ်လိုက်' ကျတော့ ဘယ်ဘက် လက်ဖဝါးပေါ်မှာ ညာတံတောင်လေးတင်ပြီး ညာလက်ဖဝါးလေးပေါ် မေးလေးထောက်နေရတယ်။ 'ကြိုးစားကျက်မှတ်လိုက်'ဆိုတာနဲ့ ဘယ်လက်ဖဝါးပေါ်မှာ ညာလက်နဲ့ စာရေးဟန်၊ ဖတ်ဟန် လုပ်ရတယ်။

            'မိုက်ပါဘူးကွဲ့..လိမ္မာစွာ..ငယ်စဉ်ပညာရှာ' ဆိုတဲ့ အခါကျတော့ ဘယ်ညာ လက်ကလေး နှစ်ဖက်ကို ကာ ကာပြီး စာဖတ်ဟန်လုပ်ရပြန်ရော။

            နောက်ဆုံး 'ကျောင်းမှာပျော်လို့..စာတော်ဖို့..သူငယ်တန်းမောင်မယ် ကြိုးစားစို့' ကျတော့ ညာလက်ညှိုးကလေး တစ်ချောင်းတည်း ထောင်ပြီး လေထဲဝေ့ရင်း ငြိမ်လိုက်ရတာပေါ့။

            ကဗျာထဲမှာ 'မိုက်ပါဘူးကွဲ့...လိမ္မာစွာ...ငယ်စဉ် အခါပညာရှာ' တဲ့။

            ငယ်ငယ်က ပညာမရှာရင် ကြီးတော့မိုက်သလားဟင်။ ဒါဆို ငါ့အဖေ မိုက်နေတာငယ်ငယ်က ပညာမရှာခဲ့လို့ ဖြစ်မှာပေါ့နော်။ ငါ သူခိုးသားဆိုပေမယ့် ငါ ဘယ်သူ့ပစ္စည်းမှ မခိုးဘူး။ ငါလိမ္မာချင်တယ်။ ပညာရှာချင်တယ်။ ကျောင်းနေချင်တယ်။'ငါ့ကို ဘယ်သူက ထားပေးမှာလဲဟင်' ညကျ အဘွားကို နင်းပေးရင်တောင် ငါ ကျောင်းကရလာတဲ့ ကဗျာလေးကို ဆိုနေမိသေးတယ်။ ကဗျာလေးဆို နင်းတော့ မောတောင် မမောဘူး။

            'မိုက်ပါဘူးကွဲ့..လိမ္မာစွာ...ငယ်စဉ်ပညာရှာ' တဲ့။  အဘွားက ငါ့မြေးဆိုနေတာ ဘာတုံးလို့မေးလို့ ညာလိုက်ရသေးတယ်။ ဗီဒီယိုဇာတ်ကားထဲကပါ အဘွားရာလို့ပေါ့။ အမှန်အတိုင်းပြောလိုက်ရင် အဘွားစိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျမှာစိုးလို့ပေါ့။

            လက်ပံပင်အိုကြီး နောက်နားဆီကနေ ပြူတစ်၊ ပြူတစ်ထွက်လာတတ်တဲ့ ခေါင်းကလေး တစ်လုံးကို သတိထား စိတ်ဝင်စားမိတာ ကြာပြီပေါ့။ ရွာဦးကျောင်း ဘုံကထိန် အလှူမှာ၊ ကားဂိတ်ဆိုင်တန်းဘက်မှာ ကလေးချင်း ရန်ဖြစ်တာတွေ့လို့ မိမိဝင်ဆွဲတုန်းကရယ်ပေါ့။ ဆံပင်ဖြူဖွေးပြီး ခါးကိုင်းကိုင်း၊ လက်ကတောင်ဝှေးနဲ့ မျက်မမြင်အဘွားကြီး ဘေးကပါလာတဲ့ ကောင်လေးပေါ့။ မိမိစာသင်နေတုန်း ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်နေတဲ့ မျက်လုံးအစုံဟာ မိမိရဲ့ဘဝ တစ်စိတ်တစ်ဒေသလိုပဲ။ မိမိရဲ့ ငယ်စဉ်က မျက်လုံးလေးတွေ အတိုင်းပါ။

            သည်လက်ပံပင်အိုကြီးဟာ မိမိနဲ့ အခုမှ သိကျွမ်းရတာမဟုတ်ပါဘူး။ ဟိုး... လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်ကတည်းက သိလာခဲ့ရတာပါ။ သည်ရွာ၊ သည်ကျောင်း၊ သည်လက်ပံပင်အိုကြီးနဲ့ မိမိခွဲခွာလာရတာဟာ လေးတန်းအောင်ပြီး ကတည်းကပေါ့။ အခုမှ သံသရာတစ်ပတ်လည်ပြီး ရောက်လာခဲ့ရပြန်ပြီကော။ လက်ပံပင်အိုကြီးဟာ ဘာမှမပြောင်းလဲခဲ့ပါဘူး။ ပိုပြီးတောင် အသက်အရွယ်အရ ဣန္ဒြေရလာသလိုပဲ။ လက်ပံပင်အိုကြီးကို ကြည့်ရင်း အတိတ်ကိုပင် လွမ်းမိသေး တော့။

            'အဖေက တစ်ရွာသားကွ၊ မင်းတို့အမေရွာလာပြီး ရေကြည်ရာ၊ မြက်နုရာ စားရင်းငှားလာလုပ်ရင်း မင်းတို့အမေနဲ့ ညားခဲ့ရတာ။ ဘာပြောကောင်းမလဲကွာ၊ ပွက်လောရိုက် သွားတာပဲ။ သေခန်းပြတ်၊ ရှင်ခန်းပြတ်တဲ့။ မင်းကျောင်းထားရမယ့် အရွယ်ရောက်တဲ့အထိ ရွာမှာအားကိုးရာမမြင်၊ စီးပွားရေးက မပြေလည်၊ မင်းအမေ အမျိုးတွေကလည်း လုံးဝ လှည့်မကြည့်တော့ ငါ ယောကျ်ားပဲ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး မင်းအမေတောင် တိုင်ပင်မနေဘဲ မိုးကုတ် ထွက်သွားတယ်။ တစ်နှစ်လောက်မှန်းထားတာ သုံးနှစ်လောက်ကြာသွားတယ်။ လူလေး ကျောင်းထားဖို့၊ ရှင်ပြုဖို့ တွေးပူပြီး လုံးပန်းနေရတာပေါ့။ ကျောက်ပွင့်မှ အဖေပြန်လာခဲ့တာ။ မတတ်သာလို့သာ ထွက်ခဲ့ရတာ။ ဘယ့်နှယ်လာ ကိုယ့်သားမယား ခွဲချင်မှာတုံး'

            အဖေ့စကားက သည်မျှသာ။ သို့သော် အဖေမရှိစဉ် မိမိတို့သားအမိနှစ်ယောက် အမေ့ဆွေမျိုးများ အလယ်တွင် မည်မျှမျက်နှာငယ်ခဲ့ရပါသနည်း။ သူများတကာ သက်တူရွယ်တူတွေ ကျောင်းနေကြသည့်အချိန်အထိ မိမိမှာ မနေနိုင်ခဲ့။ သူတို့လေးတွေ အစိမ်းအဖြူနဲ့ မိုးဦးစ ကျောင်းဖွင့်ချိန် သွားလာလှုပ်ရှားနေကြတာတွေကို လက်ပံပင်အိုကြီးအောက်ကနေ ထိုင်ငေးဖူးခဲ့တယ်။ ဆွေးဖူးခဲ့တယ်။ အဖေကလည်း မပြောမဆို ထွက်သွားလိုက်တာ သေသည်ရှင်သည်မသိ။ ဘေးကပြောတော့ နောက်မိန်းမပဲ ရနေသလိုလို။ ပတ်ဝန်းကျင်ကလည်း မြေနှိမ့်ရာ လှံစိုက်နိုင်ပါပေ့။ အမေ့ကို ဆွေမျိုးတွေက ကူညီဖေးမဖို့ နေနေသာသာ အိမ်ရိပ်ပင် အနင်းမခံခဲ့။ တကယ်ဆို အဖေ့မှာ ဆင်းရဲတာကလွဲပြီး ဘာအပြစ်မှမရှိတာ။ ရိုးသားတယ်။ ကြိုးစားတယ်။ သည်မယား သည်သားကိုချစ်တာ၊ သည်လောကမှာ မိမိအတွက်တော့ အဖေဟာ အထင်ကြီးစရာ ပုဂ္ဂိုလ်ပါ။ အမေဟာ အဖေမရှိစဉ် သိပ်သနားစရာကောင်းခဲ့တယ်။ ကျောင်းတောင် တစ်နှစ်နောက်ကျပြီးမှ ထားနိုင်ခဲ့တယ်။ အဖေမရှိစဉ်မှာဘဲ အမေ့ဘက်က အဘိုးဆုံးခဲ့တယ်။ အဘွားကတော့ အမေအပျိုကတည်းက ဆုံးခဲ့တာပါ။ ဘဝမှာ အမှတ်ရဆုံး၊ စိတ်ထဲမှာ ဆူးတစ်ချောင်း ပေါက်ခဲ့ရတဲ့နေ့ကတော့ အဘိုးဆုံးစဉ် အမေနဲ့အတူ သွားကန့်တော့စဉ်ကပေါ့။ အလောင်းစင် ခြေရင်းမှာ ထိုင်မယ်တောင် မကြံသေးဘူး။

            'နင့်ကြောင့်..နင်ခွေးဇာတ်ခင်းလို့ နင့်စိတ်ကြောင့် အဖေဆုံးရတာ။ အဖေရှိစဉ် ကတည်းက အိမ်ရိပ်တောင် မနင်းရဘူးလို့ ပြောထားတာ မသိဘူးလား။ ဘာလဲ...အမွေလိုချင်လို့ မျက်ရည် လာညှစ်ပြတာလား' ဆိုပြီး အမေ့ အစ်ကို၊ အစ်မရင်းခေါက်တွေက ပါးရိုက်၊ နားရိုက် ဖြစ်ကုန်ကြရော။ အမေကလည်း ခေသူမှမဟုတ်တာ။ ဆတ်ဆတ်ကြဲပဲလေ။

            'အဖေ့ကို ငါနောက်ဆုံး လာကန်တော့တာ။ ငါ အမွေမက်လို့လာတာမဟုတ်ဘူး။ အဖေ့ကို ကန်တော့ပြီးရင် ငါ ဘာသာ အေးအေးပြန်မယ်။ သည်တစ်ခါ နင်တို့လက်ပါ လာရင် ငါ့ဘက်က အလွန် မဟုတ်တော့ဘူး..' ဆိုပြီး တုံ့ပြန်တာ။ အဖေရောက်ပြီး မိမိလေးတန်းဖြေအပြီးမှာ သည်ရွာက အပြီး ထွက်ခွာခဲ့တယ်။ မိဘအမွေဆိုတာ သားသမီးတိုင်း ရစမြဲမဟုတ်လား။ ရွာလူကြီးတွေရဲ့ အစီအမံ အခန့်အခွဲကြောင့် ရလာတဲ့ အမွေတွေကို အမေက အဖေ့အတွက်ရည်စူးပြီး ရွာဦးကျောင်းမှာ ဆွမ်းစားကျောင်းဆောင် အသစ်ဆောက်ပြီး အကုန်လှူခဲ့တာပါ။ မိမိရွာက မထွက်ခွာစဉ် သည်လက်ပံပင် အိုကြီးအောက်မှာ ထိုင်ရင်း နေခဲ့တဲ့ မြေနီအုတ်တိုက်ကျောင်းကလေးကို မျက်ရည် တွေနဲ့ နှုတ်ဆက်ခဲ့ရတာပါ။  မြို့မှာ အခြေချရင်း အဖေဟာ မိမိဘဝရဲ့ ပညာရေးကို မြှင့်ပေးနိုင်ခဲ့တယ်။ သည်ရွာကလေးကို အလယ်တန်းပြဆရာ အဖြစ်နဲ့ ပြန်ရေစက်ဆုံ ရချိန်မှာတော့ မိဘနှစ်ပါးလုံး မရှိတော့ပါဘူးလေ။ မိမိလည်း သည်အသက်အရွယ်အထိ အိမ်ထောင်မပြုခဲ့ပါဘူး။ အဖေနဲ့ အမေသာရှိခဲ့ရင် ဘဝရဲ့ အံ့သြဖွယ်မျက်လှည့် ပြကွက်တွေကို ကြည့်ပြီး အံ့သြဝမ်းသာနေမည်လား၊ ဝမ်းနည်းဝမ်းသာဖြစ်နေမည်လား၊ မိမိမပြောတတ်နိုင်ပါ။ မိမိကလည်း သည်ရွာကို ရောက်နေပေမယ့် ဘယ်သူ့ကိုမှ အမျိုးလိုက်စပ်မနေပါ။ ရွာဦးကျောင်း ဆရာတော်ဆီမှာပဲ အကျိုးအကြောင်း လျှောက်ထားခဲ့တယ်။ ဆရာတော်ကလည်း အဖေနဲ့ အမေ့ ကောင်းမှု ဆွမ်းစားကျောင်း ကလေးပေါ်မှာပဲ မိမိကို နေခွင့်ပေးခဲ့တယ်။ဝမ်းမြောက် ဝမ်းသာနဲ့ပေါ့လေ။

            ဘာပဲဖြစ်ဖြစ် မိဘနှစ်ပါး၊ အထူးသဖြင့် အမေ့ရဲ့ဇာတိ၊ မိမိရဲ့ ချက်ကြွေရာ နေရာလေးကိုတော့ တစ်ဖန် ပြန်ကျေးဇူးဆပ်ရတော့မှာပေါ့။ 

            သဟာကြောင့်လည်း လက်ပံပင်အိုကြီးအောက်ကနေ မိမိစာသင်နေတုန်း ခိုးကြောင်ခိုးဝှက် ကြည့်ကြည့်နေတဲ့ ဖျတ်ခနဲ အရိပ်မည်းလေးကို လှမ်းခေါ်လိုက်တယ်။ မ လာဝံ့ လာဝံ့နဲ့ တဖြည်းဖြည်း လာနေတဲ့ ပုံရိပ်ကလေး။

            'ကလေး..မင်းကျောင်း နေချင်လို့လား။ ဆရာ့ကို မ ကြောက်ပါနဲ့...ဖြေလေ။ မင်းကျောင်းမနေချင်ဘူးလား' လို့ မေးတော့ လက်ပိုက်ပြီး ခေါင်းသာငုံ့နေတယ်။ နှုတ်က မဖြေရှာဘူး။ ကျောင်းမနေချင်ဘူးလားဟင် ဆိုတဲ့ မေးခွန်းကို ထပ်မေးတော့ မျက်ရည်ကျပြန်ရော။

            'ကဲ..မင်းကျောင်းနေချင်ရင် ဆရာထားပေးမယ်လေ။ တကယ်ပါကွ။ အဖြူ၊ အစိမ်း ကျောင်းဝတ်စုံရယ်၊ လွယ်အိတ်ရယ်ပါ ဆရာဝယ်ပေးမှာပါ' ဆိုတော့ မယုံမရဲ စိတ်နဲ့ ပျော်သွားရှာပုံရတယ်။  မိမိလည်း တစ်ချိန်က သည်လိုပဲ ခံစားခဲ့ဖူးတယ်လေ။

            ဘာသာစကားချင်းတူရင် လက်ဟန်ခြေဟန်မပါဘဲ စကားကိုပြောလို့ရတယ် မဟုတ်လား။

            သည်ကျောင်းကို ကျောင်းအုပ်ဆရာမကြီးအနေနဲ့ တာဝန်ကျတယ်ဆိုရင်ပဲ ထူးထူးဆန်းဆန်း ဆရာတစ်ယောက်ကို စတွေ့ရတော့တယ်။ အသက်သုံးဆယ်ဝန်းကျင်၊ လူက မျက်မှန်နဲ့ လူလွတ်၊ သဘောကောင်းပုံရတယ်။

            တစ်နေ့...ကျောင်းဆင်းချိန် မိမိကျောင်းရုံးခန်းထဲရှိစဉ် မိမိကိုလာတွေ့တယ်။ မိဘမဲ့ ကောင်လေး တစ်ယောက်ကို ကျောင်းထားပေးချင်လို့တဲ့။ ကျောင်းအပ်ချိန်တောင် အတော်နောက်ကျနေပြီပဲ။ သူက ကလေးရဲ့ ဘဝအခြေအနေကိုလည်း သိနားလည်ခံစားမိသလောက် ရှင်းပြတယ်။ သည်မှာတင် မိမိလည်း စိတ်ဝင်စားလာမိတယ်။ ဆရာကလည်း တယ်အပြောကောင်းကိုး။ တကယ်ဆို မိမိလည်း သည်ဘဝအခြေအနေကို ရွှေထီးဆောင်းပြီး နေရိပ်ထဲက လာခဲ့ရတာမဟုတ်ခဲ့ပေ။ သူပြောတဲ့ ကောင်လေးရဲ့ ပုံရိပ်ကို သူပြောလာကာမှပင် မိမိ ပိုထင်မြင်လာခဲ့တယ်။ အဲဒီ ဆရာက ကောင်လေးရဲ့ ပညာသင်စရိတ်နဲ့ လိုအပ်တာတွေ သူတာဝန်ယူမယ့် အကြောင်းပြောလာတော့ မိမိလည်း ဘယ်နေသာမှာတုံး။ ကောင်လေးနဲ့ သူ့အဘွား မျက်မမြင်ကြီးအတွက်ပါ ငွေတစ်ထောင်လှူလိုက်တယ်။

            'ဒါ..ကောင်းတဲ့ အလုပ်၊ ကုသိုလ်ရမယ့်အလုပ်၊ မွန်မြတ်တဲ့ ပညာဒါနအလုပ်ပဲ ဆရာရယ်။ ကျွန်မလည်း နောင်ကို တတ်နိုင်သမျှ ကူညီပါဦးမယ်' ဆိုပြီး အားပေးစကားတောင် ပြောလိုက်ပါတယ်။

            သည်ဆရာကို ပိုသတိရ မှတ်မိစေမယ့် အချက်တစ်ချက်ကတော့ ကျောင်းကို ကောင်လေး ကျောင်းအပ်ဖို့ ခေါ်လာတဲ့နေ့တစ်နေ့ကပေါ့။  သူငယ်တန်း အတန်းပိုင်ဆရာမ ဒေါ်မြင့်စိန်က မီးဖွားခွင့် စေ့လို့ အလုပ်ပြန်ဝင်ပြီလေ။ သည်ဆရာက ဆရာမ မီးဖွားခွင့်ယူတုန်း မိမိက အကူအညီတောင်းလို့ သူငယ်တန်းကို ဝင်ထိန်းပေးနေရတာ။ ဆရာ မပြည့်စုံသေးတဲ့ တောကျောင်းလေးတွေရဲ့ ထုံးစံအတိုင်းပေါ့။ ဘာခွင့်၊ ညာ ခွင့်၊ သင်တန်း၊ ပြောင်းရွှေ့၊ လစ်လပ်တွေနဲ့ဆိုတော့ သည်လိုပဲ ထောင့်စေ့အောင် လုပ်ရတာပဲလေ။ မိမိတောင် ကျောင်းအုပ်ဆရာမကြီးဆိုပြီး ရုံးခန်းထဲမှာ အငြိမ့်သား ထိုင်မနေအားဘဲ ရှစ်တန်းမှာ အင်္ဂလိပ်စာ တစ်ဘာသာဝင်သင် နေရာတာကိုသာကြည့်တော့။    ကျောင်းဆရာအလုပ်ဆိုတာ ဖြူစင်တဲ့ စေတနာထားလေ ပင်ပန်းလေပဲ။

            ကလေးကို ကျောင်းအပ်လာတော့ အဲသည်ဆရာရော၊ သူ့ဝမ်းမနာ ဒူးမနာ သားရော ဆင်လာပုံကိုက တကယ့်အကျအန အပီအပြင်။ နှစ်ယောက်လုံး ဆံပင်တိုတို၊ အုန်းဆီအရွှဲသား၊ ခေါင်းအကျအနဖြီးလို့။ သူက တိုက်ပုံတောင် ပါလိုက်သေး။ ကောင်လေးကတော့ သူဝယ်ပေးထားတဲ့ လွယ်အိတ်က ကြီးနေတော့ ထုံးပြီးလွယ်ထားတယ်။ အစိမ်း၊ အဖြူ အသစ်စက်စက်နဲ့ဆိုတော့ ရှိုးတိုးရှန့်တန့် ဖြစ်နေပုံရတယ်။ ပုဆိုးက ကြီးနေတော့ ခါးပုံစက ပြည်တောင်းလောက်ဖြစ်နေတယ်။    ထုံးစံအတိုင်း အတန်းပိုင် ဆရာမ ဒေါ်မြင့်စိန်က ကျောင်းဝင်စာရင်းသွင်းဖို့ နာမည်၊ မိဘ၊ မွေးသက္ကရာဇ် မေးတော့ အဲသည်မှာတင် အိုးနင်းခွက်နင်းဖြစ်တော့တာပဲ။ ကောင်လေးက သူ့နာမည် 'ဖိုးတေ' တဲ့။ အဲသည် ဆရာ မျက်နှာကြီးကို ရှုံ့မဲ့ သွားတော့တာပဲ။

            'ဆရာမရယ်..အဲသည် နာမည်ကြီးတော့ တစ်သက်လုံး စာရင်းဝင်သွားတော့မယ်။ ကျောင်းစာရင်းထဲမှာ မထည့်လိုက်ပါနဲ့ဦးဗျာ။ ကျွန်တော်စဉ်းစားလိုက်ပါဦးမယ်' ဆိုတော့ ကောင်လေးက ပြောသေးတယ်။ 'ဟုတ်ပါတယ် ဆရာရဲ့၊ ကျွန်တော့် နာမည် ဖိုးတေပါ' ဆိုလို့ မိမိတောင် မနည်းဣန္ဒြေဆည် ထားရတဲ့ကြားက ပြုံးမိသေးရဲ့။ သူ့ဆရာက မျက်စောင်း ထိုးလိုက်မှ ကိုယ်တော် ချောလေး ဇက်ပုသွားတယ်။ နောက် သူ့ဘာသာ တစ်ယောက်တည်း ခေါင်းကုတ်လိုက်၊ မျက်မှောင်ကျုံ့လိုက်၊ နှုတ်က ပွစိပွစိလုပ်လိုက်၊ ခေါင်းယမ်းလိုက်နဲ့ ဗျာများ အကြံအိုက်နေပုံရတယ်။ သည်ဆရာရဲ့ ပုံစံကိုကြည့်ပြီး သူငယ်တန်းအတန်းပိုင် ဆရာမ ဒေါ်မြင့်စိန်က 'ရော့ ဆရာ..ဒါလေးစားလိုက်ပါလား' ဆိုပြီး သူ့ဆွဲခြင်းထဲ ပါလာတဲ့ ယိုစုံဆီးထုပ် ကလေးကို ထုတ်ပြီးထောင် ပြတယ်။ အမှန်က နောက် လိုက်တာလေ။ စိတ်မကောင်း စိတ်မမှန်ရင် ဆီးယိုစားဆိုပြီး နောက်တဲ့ထုံးစံရှိတယ် မဟုတ်လား။ သူကလည်း နောက်တာကို နောက်နေမှန်း သိပုံမရပါဘူး။ ဆရာမ ဆီးထုပ်ကလေးကို လှမ်းယူရင်း ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး။

            'အာ..ဟုတ်ပြီ' ဆိုပြီး  လက်ဖျောက်တစ်ချက်တီးတယ်။ ဆီးထုပ်ထဲမှာပါတဲ့  ပုံလေးကို လက်ညှိုးထိုးပြီး..

            'ဆ...ဆ...ဆရာမ၊ အဲသည်နာမည်လေး ရေးလိုက်ဗျာ'ဆိုတော့ အတန်းပိုင် ဆရာမတောင် ကာတွန်း စိုးသော်တာရဲ့ အောင်ကြူကြူ ဖြစ်သွားရရှာတယ်။ တကယ်လည်း သူပေးတဲ့ နာမည် အတည်ဖြစ်သွားပါတယ်။ ကောင်လေးက...

            'ဟာ..ဆရာကလည်း သည်နာမည်ကြီးက ရှက်စရာကြီး' လို့ လုပ်လာပြန်တော့ သူပြန်ပြောတဲ့စကားကြောင့် မိမိရော ဘေးက ဆရာ၊ ဆရာမတွေပါ မအောင့်နိုင်ဘူး။ ရယ်လိုက်ရ တာလေ။

            'အမလေး..ကိုယ်တော်ချောရယ်၊ မောင်မင်းကြီး သားကတောင်... နာအံ့ ထင်သေးသလား။ ဟိုက ကြားရင်တောင် မင်းနဲ့ငါ တရား စွဲမလားမသိဘူး။ အသရေ ဖျက်မှုနဲ့တော့ ငြိနေပြီထင်တယ်' တဲ့။ ငေါ့ တော့တော့ လေသံနဲ့ ပြောချတယ်။

            နောက်..ကောင်လေး ကို အားမငယ်ရအောင်  ကိုယ်တိုင် ဆရာမနဲ့အတူ လိုက်ပြီး အတန်းအပ်ပေးတယ်။ မိမိလည်း သူတို့ကို စိတ်ဝင်စားလာတာနဲ့ မယောင်မလည် နောက်ကနေ လိုက်လာမိရဲ့။ ဘာတွေ အိုးနင်းခွက်နင်းဖြစ်ဦးမလဲ ဆိုတာ သိချင်လို့ပါ။ ကောင်လေးကို လက်ရှိသူငယ်တန်း  ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရင်းနှီးအောင် သူပေးထားတဲ့ အသစ်စက်စက်နာ မည်ပြောပြီး မိတ်ဆက်ပေးတယ်။ သည်တော့ ကလေးအချို့က ရယ်တယ်။ အချို့က လှောင်ပြုံးလေးတွေနဲ့ပေါ့။ ကလေးဆိုတာ ဟန်မှမဆောင်တတ်တာ။ အဖြူထည်လေးတွေပဲ။

            'သည်နာမည် မဟုတ်ပါဘူးကွာ၊ သူ့နာမည် ဖိုးတေပါ' ပေါ့။ သူတို့အချင်းချင်း လက်တို့ခြေတို့ တီးတိုး  ပြောနေကြတယ်။ ကောင်လေးရဲ့စိတ်ထဲမှာ တစ်ခါမှ မရောက်ဖူးတဲ့ စာသင်ခန်း အရှိန်၊ ကျောင်းအရှိန်ကြောင့် အားငယ်စိတ်တွေ ဝင်လာပုံရတယ်။ မျက်ရည်လေးတွေ ဝဲလာတယ်။ သူကတော့ လိမ္မာပါးနပ်စွာပဲ အဲဒီကိစ္စကို ကိုင်တွယ်ပေးပုံက လှတယ်။ ဘောင်ဝင်လိုက်သမှ ကွက်တိပဲ။

            'ကလေးတို့ကို ဆရာ ဘာပြောထားဖူးလဲ၊ လူဆိုတာ တစ်ဖက်သားကို မခံချင်အောင် မပြောရဘူး။ စကားပြောဆိုတဲ့အခါ ဘယ်လိုပြောရသလဲဟေ့။ ဆရာ..မင်း တို့ကို သင်ပေးထားတဲ့ ကဗျာလေး ရွှတ်ပြစမ်းပါဦး။  မှတ်မိသေးလားကွ'

            သည်လိုပြောလိုက်တော့ ကလေးတွေက အားကျမခံဘဲ...

            'တစ်ယောက်စကား တစ်ယောက်နားမှာ...မခါးရအောင်....သတိဆောင်၍... မောင်တို့ဆိုလေ...ပျားသကာသို့ ချိုလှစေ...' ဆိုပြီး အသံချိုချိုလေးနဲ့ ရွတ်လိုက်တာ။ နားထောင်လို့ တောင်ကောင်းတယ်။

            'အေး..အဲသည့် ကဗျာလေးထဲကလို ကျင့်သုံးလိုက် နာမှပေါ့။ မင်းတို့သူငယ်ချင်းကလည်း ခုမှကျောင်းနေတာ ဆိုပြီး အထင်မသေးနဲ့ လူတော်ခင်ဗျ။ ကဲ..ကလေး မင်းရထားတဲ့ သူငယ်တန်း မောင်မယ်ကဗျာလေး ဆိုပြစမ်းပါဦး၊ သည်မောင်တွေက မေ့နေလို့ ဆိုပြလိုက်စမ်းပါ' ဆိုပြီး ကောင်လေးကို ပွဲထုတ်လိုက်တယ်။

            အဲသည်ဆရာက ကလေးစိတ်ပညာကို အတော်ကျွမ်းတာပဲ။ ကလေးဆိုတာ အချော့ကြိုက်၊ အမြှောက်ကြိုက်။ ပြီးတော့ လူရှေ့ သူ့ရှေ့မှာ သူတို့တတ်ထားတဲ့ အစွမ်းအစလေးတွေကို အခါသင့်၊ အခွင့်ကြုံလာရင် မီးကုန်ယမ်းကုန် ထုတ်ပြပြီး အချီးကျူးခံချင်တတ်ကြစမြဲပဲလေ။ အချို့လူကြီးတွေဆို ကလေးထက်ကို ပိုအမြှောက်  ကြိုက်တတ်ကြသေးတာပဲ။

            မထင်မှတ်တာတွေကို မမျှော်လင့်တဲ့အချိန်မှာ လုပ်ပြလိုက်တော့ မိမိအပါအဝင်  အားလုံးဟာ အငိုက်မိသွားတယ်။ အံ့သြမင်သက်မိသွားတယ်။ ပြီးတော့ တိုက်မထားတဲ့ လက်ခုပ်သံတွေဟာ ညီညာပါပေ့။ ကောင်လေးက အစသာ မသွက်တာ။ အရှိန်ရလာတာနဲ့ ကဗျာလေးကို အသံနေအသံထား ဟန်ပန်အမူအရာတွေနဲ့ အမှားအယွင်းမရှိ ရွတ်ဆိုလုပ်ပြသွားတာကို။ သည်ဆရာကို စိတ်ထဲက ကြိတ်အမှတ်ပေးလိုက်ပါတယ်။

            နောက်ပိုင်းမှာ ကောင်လေးတို့ မြေးအဘွားကို ဘုန်းကြီးလျှောက်ပြီး သူနဲ့အတူ ခေါ်ထားတယ်။ ကောင်လေးရဲ့ အမေကြီးကိုတော့ ဘုန်းကြီးကျောင်းရဲ့ ဇရပ်တစ်ခုမှာ ထားတယ်။ ကောင်လေးကို ဘုန်းကြီးကျောင်းသား တစ်ပိုင်းလုပ်စေပြီး အားတဲ့အချိန် သူက စာသင်ပေးရှာတာ။ ကျောင်းဆွမ်းကွမ်း အဆင်မပြေတဲ့အခါ သူကိုယ်တိုင် ချက်ကျွေးတယ်။ အဲသည်တုန်းက ဝန်ထမ်းဆန်ပေးတာကိုး။ သူဆန်ခွဲတမ်းကို ဘုန်းကြီးကျောင်း လှူထားတယ်တဲ့။ ကောင်လေးက စာတင်မကဘူး၊ အားကစားမှာ လည်း တော်ရှာတယ်။ အဓိက ဘောလုံးပေါ့။ အတန်းထဲမှာ ပထမနေရာမှာ သံမှိုစွဲထားသလို စွဲစေခဲ့တာ လေးတန်းရောက်တဲ့အထိ ဆိုပါတော့။ မြို့နယ်ပေါင်းစုံ ကျောင်းဘောလုံးပြိုင်ပွဲမှာလည်း သူဦးဆောင်ပြီး ပထမဒိုင်းဆုကြီးကို ယူပေးနိုင်ခဲ့တယ်။ အတန်းဖော်တွေရဲ့ ယုံကြည်ကိုးစား ချစ်ခင်မှုတွေပါ ရလာခဲ့တယ်။ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက အကောင်းတကာ ထိပ်ခေါင်ကတော့ သူ့အပေါ်မှာ ထိုးနေတဲ့ အဖေရဲ့ အရိပ်မည်းကို ခွာချနိုင်တဲ့ အဖြစ်အပျက်ပါပဲ။

            ဒါကတော့ ကျောင်းပညာရည်ချွန် ဆုပေးပွဲအခမ်းအနားမှာ ရွှေချိန်တစ်ကျပ်သား ပတ္တမြား လော့ကက်သီးပါ ဆွဲကြိုးကို ကောက်ရပြီး ပျောက်ဆုံးခဲ့တဲ့ ကာယကံရှင် ကျွန်မထံကိုလာအပ် ခဲ့ခြင်းပါပဲ။ မယုံကြည်စိတ်နဲ့အတူ မျက်ရည်တွေ ဖြာခဲ့ရတယ်။ ပျောက်ဆုံးသွားတဲ့ ပစ္စည်းပြန်ရတာထက် အဖိုးတန် ကျောက်ရိုင်းတုံးကလေး အရောင်လက် တန်ဖိုးတက်လာတာကို ကိုယ်တိုင်တွေ့ကြုံ ခံစားလိုက်ရတာကိုး။ စစ်မှန်တဲ့ ကျောင်းဆရာ၊ ဆရာမရဲ့ ပီတိဆိုတာ ဒါပဲလေ။

            'ပညာရည်ချွန်ဆု' 'အားကစားထူးချွန်ဆု' နဲ့ အတူ 'စာရိတ္တမောင်ဘွဲ့' တွေကိုပါ ဆုပေးပွဲအခမ်းအနားမှာ ကောင်လေးက သိမ်းကျုံးယူသွားလေရဲ့။ နွံထဲမှာလည်း ကြာပေါက်တတ်ပါ တယ်လေ။ ဒါပေမယ့် လေပြည်လေညင်းနောက်မှာ မုန်တိုင်း ကပ်ပါလာတတ်ပါလား။ ကောင်လေးရဲ့ အဘွားဆုံးသွားတယ်။ သူ့ရဲ့လက်ရင်းဆရာ အိမ်ထောင်ကျသွားတယ်။ သူ့ဆရာ မင်္ဂလာ ဆောင်တဲ့နေ့ကဆို သူ့အဘွားဆုံးခဲ့တဲ့နေ့က ကျခဲ့တဲ့ မျက်ရည်နဲ့ ထပ်တူနီးပါးလောက် ရှိနေမယ် ထင်ပါတယ်။ လက်ပံပင်အိုကြီးအောက်မှာ ရှိုက်ကြီးတငင် ငိုနေတဲ့ကောင်လေးကို မိမိပင် ချော့မော့ခဲ့ရသေးတယ်။ သူ့စိတ်ထဲမှာ အဘွားဆုံးသွားလို့ စိတ်အားငယ်နေရတဲ့အထဲ သူအားကိုး အားထားပြုရာ ဆရာပါ အိမ်ထောင်ပြုသွားတော့ အားငယ်နေရှာမှာပေါ့။သည်အချိန်မှာပဲ တောင်ပေါ်မြို့လေး တစ်မြို့စီ အထက်တန်း ကျောင်းအုပ်ရာထူးနဲ့ သွားဖို့ဖန်လာခဲ့တယ်။ သည်မှာတင် မိမိရဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် အကောင်အထည်ဖော်နိုင်ဖို့ သည်ဆရာကို ခေါ်တွေ့ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မိတယ်။

            'ဆရာ... ကျွန်မပြောတာတွေကို အဓိပ္ပာယ်ကောက် မလွဲစေချင်ဘူး။ ကောင်လေးဟာ သူ့အဘွားလည်းဆုံး၊ ဆရာလည်း အိမ်ထောင်ပြုသွားတော့ စိတ်အနာရနေရှာတယ်။ ဆရာ့ကို အထင်သေးလို့ ပြောတာမဟုတ်ပါဘူး။ ဆရာလည်း အိမ်ထောင်ပြုသွားပြီဆိုတော့ ကောင်လေးရဲ့ အလယ်တန်းပညာရေးကို ဆက်စောင့်ရှောက်ဖို့ အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ သူစိမ်းအမျိုးသမီး ပါလာပြီလေ။ ဘာလို့ဆိုတော့ တကယ်ဆို ကောင်လေးနဲ့ ဆရာဟာ ဘာသွေးသားမှ တော်စပ်ခဲ့တာမှ မဟုတ်တာ။  နောက်...ဆရာမသိသေးတဲ့ ကျွန်မအကြောင်းကို ပြောပြချင်ပါတယ်။ လိုအပ်မယ် ထင်လို့ပါ'

            သည်လိုစကားခံပြီး မိမိ ဆက်ပြောမိခဲ့တယ်။

            'အများတကာတွေမှာ အဖေအမေမရှိတောင် အဖေအမေကို မမြင်ဖူးဘူးပဲထား။ နာမည်လောက်တော့ သိခွင့်ရှိကြမှာပါ။ ကျွန်မဘဝမှာတော့ အဲသဟာတွေ အားလုံး ဆုံးရှုံးခဲ့ရပါတယ် ဆရာ။ ဘာလို့ဆိုတော့ ကျွန်မဟာ လမ်းဘေးမှာ အစွန့်ပစ်ခံခဲ့ရတဲ့သူပါ။ လူသားချင်း စာနာပြီး မေတ္တာစိတ်အပြည့်ရှိတဲ့ ကျွန်မရဲ့ မွေးစားအမေက ကောက်ယူမွေးစားခဲ့လို့သာ အခုလို ဘဝမျိုးရောက်ခဲ့ရတာပါ။ ဒါတွေကိုလည်း မွေးစားအမေ မဆုံးခင်က ဖွင့်ပြောလို့သာ သိခဲ့ရတာပါ။ ခုကျွန်မဘဝမှာ မွေးစားအမေကို ပြန်ကျေးဇူးဆပ်နိုင်တဲ့ အင်အားရှိလာပေမယ့် ဆပ်ခွင့် မသာတော့ပါဘူးလေ။ သည်တော့ အမေ့ကို ငါအလုပ်ရပြီးရင် အတိုးချ လုပ်ကျွေးမယ်ဆိုပြီး မောင်းတင် ထားပေမယ့် ခလုတ်ဖြုတ်ခွင့် မရှိတော့ပါဘူး။ ကျွန်မ အမေကလည်း ကျွန်မလို အပျိုကြီးပါဆရာ'

            သည်ဆရာဟာ ကျွန်မစကားကို တိုးပြီးစိတ်ဝင်စားလာပုံရတယ်။ ခေါင်းကလေး တညိတ်ညိတ်သာ အသံတိတ် စကားထောက်ရှာတယ်။ စကားကို ဆက်ပြောနိုင်ဖို့အတွက် ကျတော့မယ့် မျက်ရည်တွေ အားတင်းထိန်းရင်း စကားဆက်ရတယ်။

            'ကျွန်မဟာ တစ်ကောင် ကြွက်ပါဆရာ၊ သည်တော့ ဆရာရဲ့ မပြီးဆုံးသေးတဲ့ ပန်ချီကားလေးကို ကျွန်မ ဆက်တာဝန်ယူ ရေးချင်ပါတယ်။ ရောင်စုံဆေး လှလှလေးတွေ ခြယ်ချင်ပါတယ် ဆရာ။ ကျွန်မပြောင်းမယ့် တောင်ပေါ်ကျောင်းလေးဆီ ကောင်လေးကို ခေါ်သွားပါရစေ။ ဆရာဆီ ခွင့်တောင်း တာပါဆရာ။ အမိန့်ပေးတာ မဟုတ်ပါဘူး။ နောက် ကျွန်မမှာ ခံယူချက် တစ်ခုရှိပါတယ်။ ဒါကတော့ မေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်တယ်ဆိုတာ တမလွန်က ကျေးဇူးဆပ်ခွင့်မရှိတော့တဲ့ ကျွန်မရဲ့ မွေးစားအမေကျေးဇူးကို ဆပ်နေတာပဲလို့ ခံယူထားလို့ပါဆရာ။ အမေ့ခြေရာကို ကျွန်မနင်းချင်ပါတယ်။ ဘယ်လိုသဘောရသလဲဆရာ။ ကျွန်မကို စဉ်းစား နားလည်ပေးပါ'

            မှတ်မှတ်ရရ သည်ကျောင်းကလေးက မခွာခင် လက်ပံပင်အိုကြီးအောက်က ပုံရိပ်သုံးခုပါ။ ထိခြင်းငါးပါးနဲ့ ရှိုက်ငိုရင်း ကန်တော့နေတဲ့ ကောင်လေး။

            လက်ပံပင်အိုကြီး ပင်စည်ပေါ်မှာ လက်နှစ်ဖက်ကို မျက်နှာအုပ်ပြီး ခေါင်းငိုက်စိုက်ကျနေတဲ့ သည်ဆရာ၊ သူတို့နှစ်ယောက်ရဲ့ လွမ်းဆွတ်ကြေကွဲဖွယ် မြင်ကွင်းကို ရင်ထုမနာ မြင်နေခဲ့ရတဲ့မိမိ။

            လက်ပံပင်အိုကြီးကလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ သူ့ရဲ့ရဲနီပွင့် ကလေးတွေ တစ်ပွင့်ချင်း... တစ်ပွင့်ချင်း...။ သူတို့နှစ်ဦးကလည်း တစ်ခက်ချင်း... တစ်ခက်ချင်း...။

            'ဆရာ...'

            'ဆရာ...'

            နှစ်ယောက် တစ်ပြိုင်တည်း ခေါ်သံကြောင့် စာဖတ်နေရာက ခေါင်းထောင် ကြည့်မိတယ်။ မြင်တွေ့ရတဲ့ ပုံရိပ်တွေကြောင့် မိမိရဲ့ မျက်မှန် အဝေးဒီဂရီကိုပင် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

            သြော်...ကာလယန္တရားရဲ့ နာရီလက်တံအောက်မှာ နွေ၊မိုး၊ဆောင်း ခြေထောက်တွေနဲ့ သက္ကရာဇ်ရထားတွေကို ဖြတ်သွားလိုက်တာ ကြာခဲ့ပေပြီပဲ။

            အံ့သြမင်သက်မိလို့ နှုတ်က အာစေးမိသလို ဖြစ်နေစဉ်မှာပဲ ဒုတိယမ္ပိ ခေါ်သံ ထွက်လာပြန်တယ်။

            'ဆရာ...'

            'ဆရာ...' တဲ့လေ။

            ပထမခေါ်သံက တစ်ချိန်က မိမိနဲ့ ကျောင်းတစ်ကျောင်းမှာ အတူတာဝန်ကျခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမကြီး။

            ဒုတိယအသံရှင်ကတော့ ပခုံးထက်မှာ ရွှေကြယ်တစ်ပွင့်နဲ့ တပ်မတော်က ဒုဗိုလ်ပေါက်စကလေး။

            'ဆရာသူ့ကို မှတ်မိလား...' တဲ့။

            သေသေချာချာ ကြည့်လိုက်တော့ မသိနိုင်စရာ၊ မမှတ်မိနိုင်စရာ အကြောင်းမရှိပါ။ မိမိစတင် မွေးဖွား ပေးလိုက်တဲ့ 'ဘဝပုံရိပ်ထဲက ဆီးထုပ်' လေးလေ။

            အဲသဟာ 'မင်းမော်ကွန်း' ပေါ့။ 

တမလွန်ရောက် အဖေသို့ ဦးခိုက်လျက်။

ကိုလှိုင်ကြည်ဝင်း

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်