ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊
ချစ်ဖွယ်ကောင်းသော
မျက်ဝန်းတစ်စုံကို စိတ်ဝင်စားသော မျက်ဝန်းများသည် နက်ဖြန်များစွာ အတွက် ကြည်နူးပျော်ရွှင်စွာ
မျှော်လင့်နေကြသည်။
အရာအားလုံးကို သူကလေး
မသိနိုင်သေး။ နားလည်းမလည်နိုင်သေး။ ထိုမျက်နက်ဝန်း ကလေးသည်
မကြာခင်အချိန်အတွင်းမှာပင် လောက၏ ကကြိုးစုံကို ခံစားကြည့်နှင့် ရှုပေဦးတော့မည်။
ရသအသွေးအရောင် မစွန်းထင်းသေးသော နှလုံးသား ဖြူဖွေးဖွေးလေးပေါ်မှာတော့ မည်သည့် အမှတ်အသားသော်မျှ
ရှိနိုင်ဦးမည် မဟုတ်ပါလေ။
သို့ရာတွင် သူကလေးအတွက်
အရေးကြီးလွန်းလှသော မျိုးဆက်ဝတ်မှုန်တို့ တည်မှီရာ စိတ်ဝိညာဉ်တွင်
နူးညံ့သိမ်မွေ့စွာ ခံစားနိုင်သည့် စွမ်းအားများ ရှင်သန်လေမလား။ ထိုရသများကို
ပြန်လည်ဖန်တီးနိုင်သည့် အတတ်ပညာများရော ပြည့်လျှမ်းနေလေမလား။
ယုံကြည်ရဲစွာပင် တွေးချင်ပါသည်။
သူကလေးသည် အနုပညာရှင် စစ်စစ် ဖြစ်ရမည်မှာ မလွဲ။ ထို့ထက် ပို၍ မျှော်လင့်ခွင့်
ရှိမည်ဆို လျှင်တော့ စွယ်စုံအနုပညာရှင် လောင်းလျာလေးပေါ့။
အံ့သြဖွယ်ကောင်းစွာပင် မွေးမေမေက
ဘောလုံးပွဲ အလွန်ကြိုက်သူ၊ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေကို နှစ်သက်သူ။
စစ်ကားတွေကိုမှ စွဲမက်စွာ ကြည့်တတ်လေသူ။
ပါပါကတော့ သီချင်းကလေး တအေးအေး။
လေချိုကလေး တသွေးသွေး။ အလှအပ မှန်သမျှကို မြတ်နိုး တွယ်တာတတ်သူ။
ထို မိနှင့်ဖသည် စာရေးသော
အလုပ်ကိုသာလျှင် အသက်မွေးဝမ်းကျောင်း အဖြစ် ခုံမင်စွဲလမ်းစွာ ရွေးချယ်၍
ကြိုးစားရပ်တည် နေကြသည်။ သူကလေး၏ဘဝ ပုံပြင်ကို နိဒါန်းမှပင် စတင်၍ တစ်နေ့နေ့
တရွေ့ရွေ့၊ တစိမ့်စိမ့် မှတ်တမ်းပြုရတော့မည် ထင်ပါသည်။
ကျွန်မ၏ မှတ်တမ်း တစ်ခုအတွက်
ဖြစ်ပါသည်။ 'အမွေ'ကိစ္စ ဖြစ်ပါသည်။သားသမီးသည် မိဘထံမှ
မည်သည့်အရာကို အမွေ အဖြစ် ရရှိနိုင်ပါသနည်း။ ထိုမေးခွန်း၏ အဖြေအတွက် ကျွန်မသည်
မှတ်တမ်းတစ်ခု ပြုစုနေပြီ ဖြစ်ပါသည်။
ကျွန်မကို မိုက်မဲသူဟု အပြစ်တင်မည်
ဆိုလျှင် စိတ်မဆိုးနိုင်ပါ။ ကျွန်မ၏ ဝါသနာကိုက မိုက်မည်းခြင်း ကြီးစွာဖြင့်
သူသူငါငါ လူတကာတို့၏ ဘဝစစ်စစ် အဖြစ်သနစ်များကို စပ်စပ်စုစု စိတ်ဝင်စား မိခဲ့သည်ပဲ။'လောက'
ဆိုသည့် ဇာတ်ခုံပေါ်မှာ ဇာတ်စုံကခဲ့ကြသည့် ဘဝများစွာတွင်
ကံကြမ္မာသည် အဓိကလား။ မျိုးရိုးဗီဇသည် ပဓာနလား။ ပစ္စုပ္ပန် အခြေအနေသည်
အရေးပါဆုံးပေ လား။ သိလိုဇောဖြင့် အတ္ထုပတ္တိများစွာ၏ နောက်သို့ ကောက်ကောက်ပါအောင်
ပြေးလွှားလိုက်ပါ ဖွေရှာ ရင်မောခဲ့ရသည်လည်း မနည်း။ ကြေကွဲ ဝမ်းနည်းခဲ့ရသည်လည်း
အခါခါ။ ပစ္စုပ္ပန်၏ တန်ဖိုးကြီး ဖြစ်ရပ်များသည် အတိတ်၏ စိတ်ဝတ်မှုန်တို့
မည်သို့မည်ပုံ ကူးစက်ပျံ့လွင့် လာခဲ့သည်ကို မှန်းဆခွင့် မရ ခဲ့သည်များလည်း
ရှိခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ ကျွန်မသည် လူသားတို့၏ ဘဝဖြစ်စဉ်များ၌ ဆင့်ကမ်း
လွှမ်းမိုးနိုင်စွမ်းသည့် 'အမွေ' ကိုတော့
အချိန်နှင့်အမျှ သိလို နေဆဲ ဖြစ်ပါသည်။
'အမွေ'ဆိုသည့်
ဝေါဟာရကို ပထမဦးစွာ သိရှိ ခံစားခဲ့ရခြင်းတွင် ကြောက်ရွံ့ဖွယ်များ၊
ကြေကွဲဝမ်းနည်းဖွယ်များ၊ မျက်ရည်များနှင့်အတူ သွေးညှီနံ့များပင်
စွန်းထင်းပေကျံနေခဲ့ပါသည်။ မှတ်မှတ်ရရ။
နှင်းမှုန်မှုန် မိုးငွေ့ငွေ့နှင့် စွတ်စိုထိုင်း မှိုင်းလှသော တစ်ညနေတွင်
ကျွန်မသည် အိမ်ပေါ်ထပ် ဝရန်တာတွင် မတ်တတ်ရပ်၍ တစ်ဖက်အိမ်ကို စိတ်ဝင်စားစွာ
ကြည့်နေခဲ့သည်။ ဆယ်နှစ်အရွယ် ကလေးတစ်ယောက်၏ အသိတွင် ဘာမှနားမလည်နိုင်သေး။
'ငါတို့အိမ်မှာ ဒီနေ့
အဖေတို့မောင်နှမတွေ အမွေခွဲကြမှာတဲ့'ဟု ကျွန်မ၏ သူငယ်ချင်း
တုတ်တုတ်ပြော ထားသောကြောင့် ကျွန်မ စိတ်ဝင်စားခဲ့ခြင်း ဖြစ်ပါသည်။
အမွေခွဲတယ်ဆိုတာကို နားလည်၍ မဟုတ်။ ထူးထူးခြားခြား စကားတစ်ခွန်းအတွက်
စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပါသည်။
'ငါတို့ အဖေကလေ
ငှက်ကြီးတောင်ဓားကြီးကို အသင့်ပြင်ထားတာ သိလား' ဟု တုတ်တုတ်က
ကျွန်မကို မျက်လုံးပြူးပြ၍ ပြောခဲ့သည်။ ခဏနေသောအခါ တုတ်တုတ်တို့ အိမ်ဘက်မှ
ယောကျ်ားမိန်းမ အော်သံတွေ ဆူဆူညံညံ ထွက်လာသည်။ လူတစ်စုသည် ဝရုန်းသုန်းကား
ပြေးထွက်လာသည်။ ဝင်းခနဲ လက်သွားသော ဓားရှည်ကြီး။ ရဲခနဲဖြာကျလာသော သွေးတွေ၊ ဆွဲကြ၊
လွဲကြ၊ အော်ကြ၊ ငိုကြ။ ကျွန်မ၏ သူငယ်ချင်း တုတ်တုတ် တို့၏ ခြံဝင်းထဲတွင်
ကမ္ဘာပျက်နေသည်။ သွေးသံရဲရဲ၊ အလဲလဲ အကွဲကွဲနှင့် ထိုမြင်ကွင်းသည် ကျွန်မ၏
ကြောက်စိတ်ကို ပိုမိုထိတ်လန့် တုန်လှုပ်စေခဲ့သည်။ သွေးလန့်ဖျားဖျား ပြီးသည့်တိုင်
ကြောက်စိတ်တို့က တော်တော်နှင့် မပျက်ပြယ်နိုင်။ ကျွန်မကို
ဘိုးဘိုးဘွားဘွားတို့အိမ်သို့ အချိန်တော်တော် ကြာအောင် ပြောင်းရွှေ့ထားခဲ့ရသည်ဟု
လူကြီးတွေက ခဏခဏ စနောက်ကျီစယ်ပြီး ကျွန်မ၏ သတ္တိကို မှတ်တမ်းပြုလေ့ရှိပါသည်။
ကျွန်မ အတွက်တော့ ဘာမှ မသိနားမလည်သေးသော ကလေးဘဝတွင် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသော
'အမွေ' ကိစ္စ ဖြစ်ပါသည်။ ထို့ကြောင့်
အမွေဆိုသော အရာကို သွေးနှင့်မျက်ရည်တို့ စွန်းထင်းပေကျံနေပြီး ဒုက္ခတို့နှင့်လည်း
လိမ်းခြယ်ထား သည်ဟု ယူဆမိခဲ့ပါသည်။
ကျွန်မ၏ အသက်နည်းနည်းကြီးလာပြီး
မိသားစုနှင့်တိုင်ပင် ပြောဆိုတတ်သော အရွယ်တွင် မေမေတို့ မောင်နှမများ၏
အမွေကိစ္စနှင့် ဆုံရပြန်ပါသည်။ ကျွန်မ၏ စိတ်အာရုံဝယ် တုတ်တုတ်တို့ မိသားစု၏
အမွေခွဲပုံကိုသာ စွဲမှတ်နေမိသောကြောင့် 'ဖေဖေ အမွေကိစ္စဆိုတာ
ကြောက်စရာကြီး ဖြစ်ဦးမှာလား မသိဘူးနော်'ဟု မဝံ့မရဲ
မေးမိပါသည်။ မေမေက ရယ်လျက်...
'လောဘ မကြီးရင်
ဘာမှမဖြစ်ပါဘူး သမီးရယ်။ စိတ်ချ'ဟု ကျွန်မကို
နှစ်သိမ့်ခဲ့ပါသည်။
လောဘ မကြီးလျှင် ဘာမှမဖြစ်ပါဘူးဟု
မေမေ ပြောခဲ့သော အမွေကိစ္စကလည်း တစ်မျိုးတော့ တစ်မျိုးကြီးပင်။ ကျွန်မတို့ မေမေမှာ
အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက် ရှိပါသည်။ မေမေက ဘိုးဘိုး ဘွားဘွားတို့၏ တစ်ဦးတည်းသော
သမီးပင်။ မေမေ၏ အစ်ကိုတွေ၊ မောင်တွေက ဇာတိမြို့မှာ အိုးပိုင်အိမ်ပိုင်တွေနှင့်
သင့်တင့်သော စီးပွားရှိသူတွေ။ မေမေကတော့ လခမှလွဲလျှင် အပိုငွေ မရှာတတ်သော
အရာရှိကြီး ဖေဖေနှင့် အိမ်ထောင်ကျခဲ့ပါသည်။ ဖေဖေပြောင်းရွှေ့ရာ နောက်သို့
ကောက်ကောက်ပါအောင် လိုက်၍ ဌာနကိစ္စ၊ မြို့နယ် ကိစ္စ၊ ရပ်ရွာကိစ္စတွေကို မနားတမ်း
လုပ်ရပါသည်။ ပြီးတော့ ဘိုးဘိုးဘွားဘွားတို့ကိုလည်း ပြုစုရပါသည်။
ဘိုးဘိုးနှင့်ဘွားဘွား ဆုံးသောအခါ မေမေ့လက်ထဲတွင် အလွန်ကျယ်ဝန်းသော
ခြံကြီးနှင့်တိုက်၏ စာချုပ်ကျန်ရစ်ခဲ့ပါသည်။ ထိုအချိန်တွင် မိဘအမွေကို ဆက်၍ ထိန်းရန်
မေမေက ခြံဝန်းကြီးနှင့် တိုက်ကို ယူပြီး အစ်ကိုနှင့် မောင်ကို ငွေပြန်အမ်းရန်
ဆွေမျိုးများက အကြံပေးကြပါသည်။ မေမေ့မှာလည်း အိုးပိုင်အိမ်ပိုင်က မရှိသေး။ အများ၏
အကြံဉာဏ်သည် သင့်လျော်လှသော်လည်း ဖေဖေနှင့် မေမေ့တွင် ငွေပိုငွေလျှံ မရှိခဲ့ပါ။
ထိုအချိန်တွင် မေမေ့အစ်ကိုက
ငွေလိုသည်ဟု အကြောင်းကြားလိုက်၊ မေမေ၏ မောင်က ငွေလိုသည်ဟု အကြောင်းကြားလိုက်။
တဖြည်းဖြည်းနှင့် ကြာလာသောအခါ ဖေဖေနှင့်မေမေက 'စိတ်မလုံဘူး'ဟု ညည်းညူပါသည်။ စာချုပ်ကြီးကို သိမ်းဆည်းထားရသည့်အတွက် အပြစ်တစ်ခု
ကျူးလွန်နေမိသည်ဟု ခံစားရကြောင်းလည်း တဖွဖွ ပြောဖြစ်ခဲ့ကြပါသည်။ နောက်ဆုံးမှာတော့ 'စိတ်တိုင်းကျသော ဈေးရလျှင် စာချုပ်လာယူပါဟု အကြောင်းပြန်လိုက်သည်။
ချက်ချင်းပင် ရောက်လာခဲ့ကြပြီး ခြံဝင်းကြီးနှင့် တိုက်ကြီးကိုလည်း ချက်ချင်းပင်
ရောင်းချလိုက်ကြသည်။ မေမေ့အတွက် ဝေစုဟူ၍လည်း စာတိုက်မှ ပို့လိုက်ပါသေးသည်။
ထိုငွေနှင့်အတူ ဖေဖေ၏ တပည့်များ အသေးစိတ် စုံစမ်း၍ ပေးပို့လိုက်သော သတင်းကလည်း
ရောက်ရှိလာခဲ့သည်။
တပည့်များ၏ ကြည်ညိုခံစားခြင်းကို
ခံရလေ့ရှိသော ဖေဖေနှင့်မေမေသည် သွေးသားရင်းချာ အစ်ကို တစ်ယောက်နှင့်
မောင်တစ်ယောက်၏ ကွေ့ပတ်လိမ်လည်မှုကို မရှုမလှ ခံလိုက်ရလေသည်။ အတွင်းသိ
အစင်းသိများက သက်သေခိုင်လုံစွာနှင့် တရားတဘောင် ဖြစ်ကာ ဈေးမှန်နှင့် ရောင်းချ
ပုံများကို ဖော်ထုတ်ပေးပါမည်ဟု ဝိုင်းဝန်းခဲ့သော်ငြားလည်း မေမေကမူ
အံတင်းတင်းကြိတ်၍ 'သံသရာ မရှည်ချင်ပါဘူး'ဟု ဇွတ်ငြင်းခဲ့သည်။ ဖေဖေကလည်း
'သိရုံမျှနှင့်လုံလောက်ပြီ'ဟု ဆိုခဲ့သည်။
ထူးခြားမှု တစ်ခုတော့ ရှိပါသည်။ မေမေတို့ မောင်နှမများသည် တစ်ယောက်ကို တစ်ယောက်
နင်ပဲ ငဆ မပြောမဆို၊ ရန်မဖြစ်၊
စကားနှင့်ပင် ခွန်းတုံ့မပြန်ကြပါဘဲလျက် အလိုလို အဆက်အသွယ်တွေ ပြတ်တောက်
သွားခဲ့ကြလေသည်။ မေမေကလည်း ဇာတိမြို့လေးထံသို့ ခြေဦးပင် မလှည့်လေတော့။ မေမေ့အစ်ကိုနှင့်
မောင်သည်ပင် စာကလေးတစ်လုံး မရေး။ ဖုန်းကလေး တစ်ခွန်းမဆက်။ သေသည်ရှင်သည်ပင်
မသိရလေတော့။
ကျွန်မသည် မေမေ့ မိသားစုတွင်
ကြုံခဲ့သော 'အမွေ'အတွက်လည်း စိတ်ညစ်ညူးခဲ့ရပြန်ပါသည်။ မေမေ့ဇာတိ အညာမြို့ကလေး၏
တမာနံ့၊ အညာအစားအစာ၊ အညာလေပြည်ညင်းကလေးများကို လွမ်းတနေမိဆဲ။ ထနောင်းပင်ကြီးတွေ၊
ကုက္ကိုပင်ကြီးတွေ ဆိုင်းဆိုင်းညို့ညို့နှင့် တိုက်ခံအိမ်မြင့်မြင့်
ကျယ်ကျယ်ကြီးကိုလည်း သတိရနေမိဆဲ။ နောက်ဆုံးမှာတော့ နွေကျောင်းပိတ်ရက်
ဘွားဘွားနှင့် ဘိုးဘိုးထံ အလည်သွားလျှင် ဘွားဘွား ချက်ကျွေးနေကျ ပဲကြားဟင်းချို၊
မန်ကျည်းရွက်သုပ်နှင့် နွားနို့ခဲကြော်ချက်တွေကို
စားချင်နေဆဲ။ လွမ်းဖွယ် အတိတ်တို့သည် 'အမွေ'ဆိုသည့် စကားနှစ်လုံး ကြောင့်ပင် ရေးရေးမျှပင် ထင်ခွင့်မရနိုင်တော့။
တဖြည်းဖြည်းနှင့် ကျွန်မ၏
လုပ်ငန်းခွင်တွင် 'အမွေ'ဆိုသော အရာသည် အခြားမျက်နှာဖုံးတစ်ခု ဖုံး၍
ပေါ်လာခဲ့ပြန်သည်။ ကျွန်မ၏ ကျောင်းဆရာမအလုပ်နှင့် အမွေတို့ မသက်ဆိုင်ဟု
ထင်နိုင်သော်ငြားလည်း ကျောင်းသားကလေး၏ အမေက ဒေါကြီးမောကြီးနှင့် မချိတင်ကဲ ပြောသော
စကားတွင် 'အမွေ'ပါလာခဲ့ခြင်းပင်။
'ဆရာမရဲ့ တပည့်ကို ကျွန်မ
အမျိုးမျိုးဆုံးမပါတယ်။ ရကို မရဘူး ဆရာမရယ်။ ဒါသူ့အဖေ အမွေပဲ သိလား။ သူ့အဖေ
အချိုးအတိုင်းပဲ။ ပုံကိုက ရှူသိုးသိုးနဲ့ ကြည့်ပါလား။ ဒီ အရွယ်ကတည်းကိုက အဖေ့
ပုံစံအတိုင်း အရက်သောက်ချင်တာ။ ဆေးလိပ် ခိုးသောက်တာ။ ကျွန်မလောက် ရိုက်တာ ကျွန်မပဲ
ရှိတယ်။ မရဘူး ဆရာမ။ ကျွန်မတို့ လမ်းထဲမှာ ရန်ဖြစ်ပြီဆို ကျန်တဲ့တစ်ဖက်ကိုပဲ မေး။
တစ်ဖက် ကတော့ သူ့အဖေပဲ။ ဆရာမ အတန်းထဲမှာ ဒီကောင် ခဏခဏ ရန်ဖြစ်တာဒါပဲ'
ကလေးလေးကို ဝိုင်း၍ ပြုပြင်ရန် မိဘကို
ခေါ်တွေ့စဉ် အမေလုပ်သူက ထင်ရာ မြင်ရာတွေ တဝေါဝေါနှင့် ပြောချသွားသည်။ ကလေးဆိုးတာ
သူ့'အဖေအမွေ'တဲ့လေ။
ကျွန်မတို့သည် 'အမွေ'
ဆိုသော အရာနှင့် လွတ်ပဲမလွတ်နိုင်တော့ပါလား။ ကျွန်မ နေမကောင်း၍
ဆေးခန်းမှာ ကုသမှုခံယူစဉ် အမွေနှင့် ခလုတ်တိုက်ခဲ့ရပြန်သည်။ ဆရာဝန်ကြီးက ကျွန်မကို
စမ်းသပ်စစ်ဆေးတော့...
'အမေမှာ သွေးတိုးရှိသလား။
နှလုံးရောဂါ ရှိသလား။ ဆီးချိုရှိသလား။ အဖေမှာရော'တဲ့။
မေးလိုက်တာ စုံပါရော။
သမီးတစ်ယောက်၏ နှလုံးခုန်နှုန်း စည်းဝါးမမှန်ကန်မှုနှင့်
သွေးလည်ပတ်မှု ကမောက်ကမ များသည် အမေ့အမွေ ဆိုပါလား။
အမွေဆိုသော အရာနှင့် ကျွန်မသည်
တည့်တည်ရှုရှု မရှိလှပါ။ ထိုစဉ် ကျွန်မ၏ စိတ်နှလုံးကို ကြည်လင်ချမ်းမြေ့
ငြိမ်းအေးစေနိုင်သည့် 'အမွေ'ကို ဆရာဝန်ကြီး နှစ်ယောက်က သယ်ဆောင်ယူ
လာပေးပါသည်။ ပရဟိတ အလုပ်ကို အလွန်ဝါသနာပါသော သူနှစ်ဦးပင်။ အာယု ဒါန ဆေးရုံတစ်ခု တည်ဆောက်ရန်
ငွေသိန်းပေါင်းများစွာကို လက်ခံရရှိခဲ့ကြသည်။ အလှူရှင်တို့သည် အမည်ကိုပင်
မဖော်ပြခဲ့။ မိဘ နှစ်ပါးအမည်နှင့် မိသားစု ကောင်းမှုဟုသာ မှတ်တမ်းပြုခဲ့ကြသည်။
အသက်ရှစ်ဆယ် ကျော်နှင့် အသက်ခုနစ်ဆယ်ကျော် အပျိုကြီး ညီအစ်မ နှစ်ယောက်။
ကိုယ်ပိုင်ကား မရှိ။ ကိုယ်ပိုင် တယ်လီဖုန်း မရှိ။ ရေခဲသေတ္တာမရှိ။ အပေါ်စက်
အောက်စက် ရှိရန်ဝေးစွ။ တီဗီပင် မရှိ။ တရားနာယူရန် ကက်ဆက်တစ်လုံးသာ စီစဉ်ထားသတဲ့။
ထိုသတင်းကို ကြားပြီးကတည်းက ကျွန်မ သည် သက်ရှိထင်ရှား လူသူ တော်စင်များထံသို့
စိတ်အာရုံက တိမ်းညွတ်လှလေပြီ။
သို့ရာတွင် ထိုမိခင်နှစ်ပါးက
ကျွန်မကိုတွေ့ရန် ဆန္ဒမရှိကြပါ။ 'အို...စာ ရေးဆရာတွေ ဘာတွေများ
မတွေ့ချင်ပါဘူး'တဲ့။ 'နာ မည်လည်း
မကြီးပါရစေနဲ့' တဲ့။ 'ဘာအခွင့်အရေးမှလည်း
မရလိုပါဘူး'တဲ့။ အလွန်ရှင်းလင်း တိကျသော တုံ့ပြန်မှုများကို
ရလေလေ ကျွန်မ၏ စပ်စုလိုစိတ်များက လည်း တိုးပွားလာလေလေပင်။
ဆရာဝန်ကြီး နှစ်ဦးသည် အမေတို့ကို
ဆေးဝါးစောင့်ရှောက်မှုပြုတိုင်း ကျွန်မ နှင့် တွေ့ဆုံပေးရန် အကြောင်း အရာများကို
တိုးပွားလာသည်ဟု ဆိုပါသည်။ ဆရာကြီးနှစ်ဦးနှင့် မမဂျူး၏ ကျေးဇူးကြောင့် ပင် 'အမွေ'
နှင့် ပတ်သက်၍ ရင်သိမ့်သိမ့် ခုန်ရသော တစ်နေ့ကို ကျွန်မ
ကြုံခွင့်ရခဲ့ပါလေသည်။
ရှေးအုတ်တို့ဖြင့် တည်ဆောက်ထားသော
တိုက်မြင့်မြင့် အိုအိုကြီးသည် လမ်းမကြီး၏ဘေးတွင် မားမားကြီး ရပ်နေသည့် လူရှည်ကြီး
တစ်ယောက်လိုပင်။ ဘာအကာအကွယ်မှ မရှိ။ ဘာ အဟန့်အတားမှလည်း မရှိ။ လမ်းဘေးသည်ပင်
တိုက်၏ ခြေရင်း ဖြစ်ပါသည်။ ကျွန်မသည် တိုက်ကြီးကို မော့ကြည့်၍
စိုးရိမ်ကြောက်လန့်စိတ်များ ဖြစ်လာမိပါသည်။ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်တော့
ထီးပြင်သော ဆိုင်ငယ်ကလေးသည် တိုက်ကြီး၏ ခြေရင်းမှာ။ အမေ၏ ခြေသလုံးကို
တွယ်ဖက်ထားသော သားငယ်ပမာ။ နည်းနည်းလှမ်းလှမ်း မှာတော့ အကြော်စုံနှင့်
ကောက်ညှင်းပေါင်း တွဲ၍ ရောင်းသော နံနက်ခင်း ယာယီဆိုင်ကလေး တစ်ဆိုင်။
ကျွန်မတို့တွေ လမ်းဘေးမှတစ်ဆင့်
တိုက်ခြေရင်းသို့ ရောက်ကြတော့ အုတ်နံရံထဲမှ ထွင်းဖောက်ထွက်လာသော သံကန်တော့ငယ်လေး
တစ်ခု။ ထိုကန်တော့ငယ်လေး၏ အဝကို ဆရာဝန် ကြီးက လက်ဝါးလေးနှင့် အသာပုတ်လိုက်တော့ 'လာပြီ၊
လာပြီ'ဆိုသော အသံနှင့် အတူ အသက် ငါးဆယ်ကျော်ခန့် လူတစ်ဦး
ပြေးဆင်းလာပြီး တံခါးဖွင့်ပေးပါသည်။ လမ်းကြားကျဉ်းကျဉ်းကလေး ထဲမှ ဝင်သွားပြီးနောက်
အနည်းငယ် မှောင်ရီသန်းပြီး အေးစိမ့်နေသည့် ပစ္စည်းသိုလှောင်ခန်းများကို
ဖြတ်ကျော်ရပါသည်။ လှေကားထစ်များစွာကို တက်ခဲ့ပြီး ကျွန်မ မောနေချိန်တွင် အသက်
ခုနစ်ဆယ် ကျော်ခန့် ချောချောမောမော၊ ခန့်ခန့် သန့်သန့် အမေတစ်ယောက်က
လှိုက်လှဲပျူငှာစွာ ကြိုဆိုပါသည်။ စိုးရွံ့နေသော စိတ်အမောတို့ကို ပြေစေသော
ကြိုဆိုမှုကိုပင် အဆင်ပြေစွာ တုံ့ပြန်မိပါရဲ့လားတောင် မသိနိုင်တော့။ ကျွန်မ၏
စိတ်အာရုံသည် ကျွန်မ၏ လက်ဝါးကလေးနှင့် ပုတ်ခဲ့သော နောက်သံကန်တော့ လေးတစ်ခုကို
လိုက်၍ရှာလေပြီ။ ဆရာဝန်ကြီးက 'ဟိုမှာ'ဟု
ပြသည်။
ကျွန်မ၏ စူးစမ်းမှုများကို
ကျွန်မတို့အား လာခေါ်သော အသက်ငါးဆယ်ခန့် အမျိုးသားကြီးက သဘော ပေါက်သွားပြီး...
'ဆရာမ အသာလေး နားထောင်လိုက်။
ကျွန်တော် အောက်ထပ်က အချက်ပေးလိုက်မယ်'ဆိုပြီး မြင့်မားသော
လှေကားများမှ ပြေးဆင်းသွားသည်။ မကြာပါ။ ကန်တော့လေးထဲမှ အသံကို ထင်ရှားစွာ
ကြားရသည်။ လျှပ်စစ်မီးကို အားကိုးရန် မလိုသော အုတ်နံရံထဲမှ သံလိုင်းကလေးဖောက်၍
တပ်ဆင်ထားသော မြန်မာ့ရိုးရာ အချက်ပေးစနစ်။ လျှပ်စစ်ကို အံတုနိုင်သော
ပထမသင်ခန်းစာသည်ပင် ကျွန်မအတွက် အလွန်အရေးကြီးသော မှတ်တမ်းတစ်ခု ဖြစ်ခဲ့ရပါသည်။
ရှေးကျွန်းသားထု ထူထူနှင့်
အခန်းများသည် ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်လျက် တည်ရှိနေသည်။ ပန်းရိပ်ပြေးနေသော
မှန်ထူများကိုလည်း အခန်းတိုင်းမှာ တပ်ဆင်ထားပါသည်။ အလယ်လမ်းထားသော နေရာမှာတော့
အိမ်တိုင်များ ရှိပါသည်။ တိုင်များတွင်တော့ ဓာတ်ပုံများကို အထက်နှင့်အောက်
အဆင့်ဆင့်တပ်၍ ချိတ်ဆွဲထားပါသည်။
ဓာတ်ပုံများသည် မိသားစု၏ အမွေအနှစ်။
မှတ်တမ်းတစ်ခု ဖြစ်ပါသည်။ အဘိုးအဘွား၊ အဖေအမေ၊ အစ်ကိုအစ်များ၏ ပုံကြီးများသည်
ထည်ဝါခံ့ညားစွာ နေရာယူထားကြပါသည်။ ဘုရားခန်းကတော့ ရှေးရိုး အစဉ်အလာအတိုင်းပင်။
ထူးခြားလှသည်မှာတော့ ဆရာတော်ကြီးများ၏ ဓာတ်ပုံကြီးများပင်။
မင်းကွန်းဆရာတော်ကြီးမှအစ သီတဂူ ဆရာတော်ကြီးအထိ လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်
အစုစုကြောင့် ချီးမြှင့်ခံ၊ ပူဇော်ခွင့်ရခဲ့သော ဓာတ်ပုံကြီးများပင်။
ခံ့ညားထည်ဝါသပ္ပါယ် မှုထက် အေးမြငြိမ်းချမ်းမှု ရသကို ခံစားခဲ့ရပါသည်။
ဘုရားခန်း၏ ခြေရင်းမှာတော့
အလွန်ရိုးရှင်းလှသော သာမန်နှစ်ယောက်အိပ် ခုတင်အိုကြီး တစ်လုံး။ ခုတင်၏
တစ်ဖက်ခြမ်းတွင် အထပ်လိုက်၊ အထပ်လိုက် စုပုံထားသည့် ကက်ဆက်ခွေတွေ။
'အမေ... ဘာခွေတွေ လဲရှင့်'ဟု မေးသောအခါ...
'အကုန်လုံး
တရားတိတ်ခွေတွေချည့်ပါပဲ။ အိမ်မှာ သီချင်းခွေ တစ်ခွေမှ မရှိပါဘူး'တဲ့။
ကက်ဆက်ခွေများ၏ ဘေးမှာတော့
အသက်ရှစ်ဆယ်ကျော် အမေ၏ အိပ်ရာကလေး။ သင်ဖြူးဖျာချော အဟောင်းကလေး အောက်တွင်
မွေ့ရာပင်မရှိ။ ခေါင်းအုံးပါးကလေးတွင် အဖြူ ရောင်ပိတ်ပါးစ ခေါင်းအုံးစွပ်ကလေး။
အမေ၏ အဆောင်အယောင်သည် ဤမျှလောက်သာ ဖြစ်ပါသည်။ အမေက ကျွန်မတို့အားလုံးကို
အိပ်ရာဘေးမှာပင် ဧည့်ခံစကားပြောပါသည်။ ဆရာကြီးများနှင့် သားအမိပမာ
ရင်းနှီးနေကြသောကြောင့် စကားဝိုင်းကလေးသည် စကြ၊ နောက်ကြ၊ ရယ်ကြ မောကြနှင့်
ပျော်စရာကောင်းလှပါသည်။ ကျွန်မကတော့ အမေ့အသံ၊ အမေ့ဟန်ပန်နှင့် အမေ့မာန်များကို
ရင်ထဲမှာ မှတ်စုရေးနေမိပါသည်။
အမေကတော့ ဆရာကြီးများကို လှည့်ပြီး
စကားပြောလိုက်၊ ကျွန်မကို လှည့်၍ 'ထည့်မရေးနဲ့နော်'ဟု သတိပေးလိုက်။ ကြာတော့ ကျွန်မ အမေ့ကို အားတုံ့အား နာပင် ဖြစ်ရပါတော့သည်။
အမေ့ကို ကျွန်မ ကတိပြုခဲ့သည့်အတိုင်းပင် ပြောခဲ့သမျှ စကားသံများ သဲ့သဲ့ကလေး မျှပင်
ရေးရန်မဝံ့ရဲပါ။
သို့ရာတွင် 'အမွေ'။ အမွေနှင့် ပတ်သက်သော အကြောင်းအရာကလေးကိုတော့ စူးရှလေးနက်စွာ ခံစားမိပြီး
ကျယ်ပြန့်နက်ရှိုင်းစွာလည်း တွေးတောမိခဲ့ပါသည်။
အသက်ရှစ်ဆယ်ကျော် အမေအို၏
မျက်ဝန်းများသည် စူးရှလင်းလက်လှသည်။ အပြောအဆိုများက ဓားသွားပမာ ပြတ်သားလှသည်။
နှလုံးသားကတော့ နူးညံ့သိမ့်မွေ့လှသည်။ ဆုံးဖြတ်ချက်များက ခိုင်မာလှပါသည်။
ဆရာဝန်ကြီးများက အမေနှင့် စကားကောင်းနေကြပါသည်။ အမေ့ကို 'အဖေ
နှင့် တူသလား၊ အမေနှင့် တူ သလား'ဟု မေးသောအခါ ရယ်၍ 'မသိပါဘူး'ဟု ဖြေ ပါသည်။
ကျွန်မ၏ စိတ်ထဲတွင်တော့
ရိုးသားဖြောင့်မတ်အေးဆေးသူ ဖခင်နှင့် ထက်မြက် ကြိုးစားရဲရင့်သူ အမေ၏ 'အမွေ'။ ထိုအတွေးသည် ကျွန်မ၏ ငယ်စိတ်ငယ်တွေးတွင် ငြိခဲ့သော 'အမွေ'အားလုံးကို ခြေမွဖျက်ဆီးလိုက်ပါတော့သည်။
အမေတို့က တတ်နိုင်စွမ်းသမျှ
လှူခဲ့ကြသည်။ အလှူဒါန အားလုံးအတွက် အမေတို့၏ အမည်များကို ကမ္ပည်းမတင်ခဲ့ကြပေ။
မိဘနှစ်ပါး၏ အမည်များကိုတော့ နေရာအတော်နှံ့နှံ့တွင် တွေ့မြင်နိုင်ကြောင်း
သတိပြုမိပါသည်။ စကားသံများသည် လေထဲတွင် ပျောက်မသွား။
'မိဘပေးတဲ့ အမွေကြောင့်
ကောင်းကောင်းနေရတယ်။ ကောင်းကောင်း စားရတယ်။ မြန်မာတစ်နိုင်ငံလုံး အနှံ့လည်း
ဘုရားဖူးသွားရတယ်။ ဘဝတစ်သက်လုံးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ဘာမှမရှိခဲ့ဘူး။
အဲဒါ မိဘပေးတဲ့ အမွေကြောင့်ပဲ'
အမေ ပြောလိုသော 'အမွေ'တွင် အဓိပ္ပာယ်များ အားလုံး ပေါင်းစပ်ပါဝင်နေကြောင်း ခံစားနားလည်ရပါသည်။
ပြန်ခါနီးမှာ ကျွန်မတို့ အားလုံး အမေတို့ကို ကန်တော့ကြပါသည်။
လူသည် လှေကားကို ဆင်းခဲ့သော်လည်း
စိတ်တစ်ဝက်က အမေ့အနီးမှာ ကျန်ရစ်ပါသည်။ အမေ့ခြေရင်းက ဆေးပုလင်းများ တင်သော
စားပွဲလေးကို စိတ်ဝင်စားပါသည်။ စားပွဲပေါ်မှာ ဆေးဝါး အစုံအလင်နှင့် အားရှိစေသော
အနောက်တိုင်း အစားအစာ အချို့ကို တွေ့ရပါသည်။ အမေက...
'ဒါတွေကို ကြိုက်လို့တော့
မဟုတ်ဘူး။ မုန့်တီ၊ ခေါက်ဆွဲတို့တော့ ကြိုက်ပါတယ်။ ဟိုတုန်းကဆို ဒါတွေ
မသောက်ခဲ့ဘူး။ မကြိုက်လို့။ ခုတော့ သောက်တယ်။ မြန်မြန်နေကောင်းချင်လို့လေ။ လူမမာ
အကြာကြီး မဖြစ်ချင်တော့ စားသင့်တာ စားရတာပေါ့'တဲ့။
ထိုစားပွဲလေးပေါ်မှာပင် သင်္ကြန်ကြိုသည့်
အတာမြေအိုး သေးသေးလေးထဲမှာ အိမ်၌ ကျိုချက်သော ရေကျက်အေးကို ထည့်၍ သောက်သည်။
အမေ့အိမ်မှာ ရေသန့်ဘူးကို မတွေ့ရ။
တစ်ကြိမ်တစ်ခါမျှသာ ရောက်ခဲ့ဖူးပြီး
ခဏမျှသာ စကားပြောဖူးသည့် အတွေ့အကြုံတစ်ခုကို အသေးစိတ် စွဲလမ်းမိသည်များအတွက်
ရေးရန်မဝံ့မရဲ ရှိလှပါသည်။ ပွင့်ပွင့်လင်းလင်း ပြောကြစတမ်း ဆိုလျှင်တော့
ဘုရားစင်ပေါ်မှ မြေညောင်ရေအိုး ကလေးလည်း လွတ်မည်မထင်။ အမေ ထမင်းစားလေ့ ရှိသော
ကျောက်စားပွဲဝိုင်း ဖြူဖြူကြီးလည်း ပါဦးမည်။ ခုံတန်းလျားရှည်ကြီးကိုလည်း မေ့ထား၍
မဖြစ်။ နောက်ဆုံးမှာတော့ မီးခိုးမှိုင်းတွေဝနေသည့် အညာမီးဖိုချောင် ရနံ့သည်ပင်
ကျွန်မ၏ အတွေးအိမ်ကို စိုးမိုးလျက် ရှိနေပါသေးသည်။
ကျွန်မတို့ အားလုံး အောက်သို့
ရောက်ခဲ့ကြပြီးနောက် တိုက်ကြီးဘေးသို့ တစ်ဖန်ပြန်၍ မော့ကြည့်ဖြစ်ခဲ့ကြပါသည်။
မတိုင်ပင်ဘဲ ပြုမိသည့် တိုက်ဆိုင်မှု ဖြစ်သောကြောင့် အပြုံးကိုယ်စီနှင့်
တစ်ပြိုင်နက်တည်း တစ်ယောက်တစ်မျိုး ပြောဖြစ်ကြပြန်သည်။
'ကောင်းလိုက်တာ နော်'တဲ့။
'အေးချမ်းလိုက်တာ နော်'တဲ့။
'ပြတ်သားပေမယ့်
စာနာတတ်တယ်နော်'တဲ့။
'လူဖြစ်ရကျိုး နပ်အောင်
နေတတ်တဲ့စိတ်၊ ကြိုက်လိုက်တာ'တဲ့။
ဒါတွေကို ရေးပါရစေ အမေ။ လိုအပ်သည့်
နေရာတိုင်းမှာ မနှောင့်နှေးစတမ်း လှူခဲ့သော အလှူဒါနများ အတွက် အမေတို့က
လူသိရှင်ကြား မဖြစ်လိုရုံမျှနှင့်တော့ အရေးကြီးလှသော 'အမွေအနှစ်'များအကြောင်းကို သိုဝှက်မထားရက်နိုင်ပါ။ အထူးသဖြင့် 'သမ္မအာဇီဝ' ဖြစ်သော ဖြူစင်သန့်ရှင်းလှသည့်
အသက်မွေးဝမ်းကျောင်း အလုပ်မှရရှိသော ဝင်ငွေအကြောင်း ဖြစ်ပါသည်။ သူတစ်ပါးထံမှ
ငွေကို မချေးရ၊ မငှားရ၊ မမော်ကြွားရ၊ မတော်သော လောဘဖြင့် ဈေးတင်မရောင်းရ။
ဝယ်ယူသူပေါ်မှာ၊ ကုန်သည် ချင်းအပေါ်မှာ သစ္စာရှိရမည် တည်းဟူသော ဆုံးမစကားများကို
အသက်နှင့်ထပ်တူ တန်ဖိုးထားခဲ့သည့် အမွေအနှစ်များကို ကျွန်မ မရေးလျှင်
ဖြစ်နိုင်ပါမည်လား။
သွေးသားဆွေမျိုးပင် မဆိုထားနှင့်
ကျွန်မတို့ကို ကြိုဆိုခဲ့သော အမျိုးသားကြီးသည်ပင် အမေတို့နှင့် သွေးမနှောသော
သားတစ်ဦးပမာ အားကိုးနေရသူ ဖြစ်လေသည်။ မန္တလေးမြို့မှာ မီး အကြီးအကျယ်လောင်ခဲ့စဉ်က
အမေတို့ ဘုရားဖူးထွက်နေခိုက်နှင့် ကြုံနေသည်။ သူ သည် မိသားစုနှင့် အိမ်ကို
မီးဘေးသင့်သည် မမှုခဲ့ဘဲ အမေတို့အိမ်ကို စောင့်ရှောက်ခဲ့သတဲ့။ တိုက်ခြေရင်းမှာ
ထီးပြင်သော မိသားစုကလည်း အမေတို့၏ သက်တော်စောင့်ပမာ သစ္စာတရား ကြီးမားလှသည်။
ထိုဆက်ဆံရေး၊ ထိုအကြောင်းအရာများသည်ပင် အမွေအနှစ်က ပေးသော စိတ်၏လုံခြုံမှုများဟု
ယုံကြည်ပါသည်။
ကျွန်မသည်
အပြန်လမ်းတစ်လျှောက်လုံးတွင် အမွေအနှစ်...အမွေအနှစ်ဟု စိတ်ထဲမှ
တီးတိုးရွတ်ဆိုနေမိပါသည်။ စိတ်ထဲမှာတော့ ရှုပ်ထွေးပွေလီနေပါသည်။ အမွေဆိုသော
အရာနှင့်ပတ် သက်၍ တွေးစရာတွေက များလှသည်။ ကျွန်မနှင့် သက်ဆိုင်သော အမွေဟူသော
ခေါင်းစဉ်တစ်ခု အတွက်ဆိုလျှင် ကျွန်မ မည်သို့ပြောရမည် မသိ။ ငွေကြေး၊ စည်းစိမ်၊
မြင်နိုင်သော အရာများနှင့် မပတ်သက်သော အမွေကိစ္စအတွက် ကျွန်မသည် ဒီ့ထက်ငယ်သော
အရွယ်ကတည်းက သတိပြုဂရုစိုက်သင့်သည့် အရာများရှိခဲ့သည်။ ထိုအကြောင်းကို
ယခုသိခဲ့သည်။ ကျွန်မအတွက် အချိန် နှောင်းသွားပြီလား မသိ။
'မွေခံထိုက်စေ' ဟူသော အကြောင်းအရာကိုတော့ မပြောလျှင် မည်သည့် နည်းနှင့်မျှ
မဖြစ်နိုင်တော့ပါ။ အထူးသဖြင့် ကျွန်မတို့ အားလုံးချစ်ခင်မြတ်နိုးခဲ့ကြသော
ကလေးငယ်ကလေးကိုပေါ့။ သူကလေး၏ ဘဝအစ စာမျက်နှာများကို ဖတ်ရှုမှတ်တမ်းတင်ရန် ကျွန်မ
ကြိုးစားရပါမည်။ သူကလေး သိတတ်စပြုသည်နှင့် မဖြစ်မနေ ပြောပြရမည့် 'မွေခံထိုက်စေ' အကြောင်းကိုတော့ ခုက တည်းကပင်
နိဒါန်းပျိုးရတော့မည်မို့ ကျွန်မသည် အမေ့ဆန္ဒကို လွန်ဆန်၍ ဝတ္ထုလေးတစ်ပုဒ်ရေးရန်
ဆုံးဖြတ် လိုက်မိပါသည်။
ဝင်းဝင်းမြင့်၊နန်းတော်ရှေ့၊
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...
သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်
ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်