ရီတာအောင်(NY)
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးကြီး Sophia Loren တစ်ယောက် စက်တင်ဘာ ၂ဝ ရက်နေ့မှာ အသက် ၇ဝ ပြည့် သွားခဲ့ပေပြီ။ သူမ မွေးနေ့မတိုင်မီမှာ သားကြီး Carlo (၃၅နှစ်) ရဲ့ မင်္ဂလာပွဲ ကျင်းပစေခဲ့သည်။ သားရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်လို့ ဆိုဖီယာက 'အံ့သြစရာပါပဲရှင်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မသားကို မွေးဖို့ဆေးရုံမှာစောင့်နေခဲ့ရတာ မနေ့တုန်းကလိုပဲ။ အခုတော့ သူက မိန်းမတောင်ယူပြီတဲ့လေ' ဟု ပြောပြသေးသည်။ အချိန်တွေ အကုန်မြန်ပေမယ့် စာနယ်ဇင်းသမားတွေက ဆိုဖီယာကို မေ့နေတာကြာပါပြီ။ သူမကို အင်တာဗျူး Geneva အိမ်ကိုရောက်တော့ အသက် ၇ဝ ပြည့် ဆိုဖီယာက မယုံနိုင်လောက် အောင် နုပျိုလှပနေတာကို တွေ့ကြရပါတယ်။ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးဘဝကိုမရခင် သူမခံစားတွေ့ကြုံခဲ့ရတဲ့ ဒုက္ခတွေကလည်း မသေးလှပေ။ စစ်အတွင်း ဖြတ်ကျော်ခဲ့ရတဲ့ ကလေးဘဝ၊ စစ်ပြီးခေတ်မှာလည်း ဆင်းရဲချို့တဲ့စွာ နေခဲ့ရတဲ့ဘဝ၊ ဖခင်က ၎င်း၏မိခင်ကို တရားဝင် လက်မထပ်ခဲ့၍ ဖခင်မဲ့ ကြီးပြင်းခဲ့ရတဲ့ဘဝ စသဖြင့် ကြမ်းရှခါးသက်လှသည်။ ဘယ်သူကမှ လှတယ်လို့ အသိအမှတ်မပြုထားတဲ့ ဆယ်ကျော်သက် အရိုင်းကလေးက မယ်ရွေးပွဲထဲ ရောက်လိုရောက်၊ ယင်းကတစ်ဆင့် အီတလီရုပ်ရှင်ကားမှာ အောင်မြင်မှုရခဲ့သည်။ ကုသိုလ်ကံတွေ ထပ်ဆင့် ကောင်းချင်လွန်းတော့ မကြာခင်မှာဘဲ ဟောလိဝုဒ်မှ ဒါရိုက်တာကြီးတွေ၏ မျက်စိကျခြင်းကို ခံရသည်။ အီတာလျံ အမျိုးသမီးပီပီ ရဲတင်းဖျတ်လတ်မှုတွေနှင့် ကမ္ဘာကျော်မင်းသမီးဘဝကို အချိန်တိုတိုအတွင်း ပိုင်ဆိုင်ခဲ့လေသည်။ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ယောကျ်ားသားတွေရဲ့အာရုံကို စူးစူးနစ်နစ် ဖမ်းစားညှို့ငင်နိုင်သူဖြစ် လာခဲ့တော့သည်။ မင်းသမီးကြီးက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားပေါင်း တစ်ရာကျော်နှင့် အောင်မြင်မှုများအတွက် လွန်စွာဂုဏ်ယူလျက်ရှိသည်။ ဒါပေမယ့် ထိုအောင်မြင်မှုများထက် ကိုယ်ပိုင်မိသားစုဘဝအတွက် နစ်မြှုပ်နေရခြင်းကို ပို၍ ကြည်နူးသည်ဟု ဆို၏။ သူမ၏ခင်ပွန်းမှာ သူမထက် ၂၂ နှစ်အသက်ပိုကြီးသော ရုပ်ရှင်ထုတ်လုပ်သူ Carlo Ponti ဖြစ်သည်။ ၎င်းတို့ နှစ်ဦး ၁၉၅၇ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး ဒီကနေ့ထက်တိုင် အိမ်ထောင်မြဲမြံလျက်ရှိသည်။ ကာလိုပွန်တီမှာ ပထမဇနီးရှိခဲ့ရာ အရင်ကွာ ရှင်းခဲ့ရသေးသည်။ အီတလီ၌ ပထမဇနီးရှိနေသဖြင့် ဆိုဖီယာနှင့် ကာလိုတို့ ပြင်သစ်နိုင်ငံ၌ သွားရောက် လက်ထပ်ခဲ့ရသည်။ ၎င်းတို့ ဇနီးမောင်နှံတွင် သားကြီး ကာလို (၃၅နှစ်)၊ သားငယ် အယ်ဒိုရာဒို (၃၁နှစ်) တို့မွေးဖွားထားခဲ့သည်။ သားနှစ်ယောက်အပေါ် ထားသည့် အချစ်မှာ ဘယ်တော့မှ ရပ်တန့်မသွားဘဲ အစဉ်အမြဲ ဆက်လက် တိုးပွားလျက်သာရှိသည်ဟု ဆိုဖီယာကပြောသည်။ သူမ၏ ထင်ရှား ကျော်ကြားလှသော ဘဝ၏ အလှည့်အပြောင်း၊ အတက်အကျများစွာကို ပြောပြရာတွင် သူမက သူမကိုယ်ကို အသက် ၇ဝ ပြည့်သွားပြီဆိုတာ ယုံဖို့တောင်ခက်လှကြောင်းဖြင့် စကားစလေသည်။ ကျွန်မ အသည်းနှလုံးကတော့ အခုထိ ဆယ်ကျော်သက်ကလေးလို နုပျိုတုန်းပါတဲ့။
နောက်ကြောင်းကို ပြန်လှည့်ကြည့်ရင် ကိုယ့်ဘဝဒီလိုအလှည့်အပြောင်း ဖြစ်လာတာ ပျော်ပါသလား။
မိန်းမတစ်ယောက်က စိတ်ချမ်းသာမှုတွေ ပြည့်ဝနေမယ်။ ဘဝမှာပဲ အောင်မြင်မှုတွေ ရှိနေမယ်ဆိုရင် သူမက အမြဲတမ်း ပျော်ရွှင်နေမှာပါ။ ကျွန်မဘဝမှာတော့ ကျွန်မဖြစ်ချင်သမျှ အားလုံး ဖြစ်ခဲ့တယ်။ ပြောရရင်တော့ ကျွန်မမျှော်လင့်ထားတာ ထက်တောင် ပိုခဲ့တာပါ။ ဒီတော့ ဟုတ်ကဲ့..ကျွန်မ အရမ်းပျော်ရွှင်နေတဲ့ လူသားတစ်ယောက်ပါ။ ကျွန်မသားတွေလည်း အရွယ်ရောက်ပြီ။ သူတို့ဘဝတွေ ပြည့်စုံပြီး အနာဂတ်အတွက်လည်း အားလုံးအဆင်ပြေတယ်။ ကျွန်မကိုယ်တိုင်အတွက်ကတော့ ရှေ့ဆက်ချီတက်ဖို့ အင်အားတွေ ရှိနေဆဲပဲ။ အဲဒီ အင်အားတွေ ဘယ်တော့မှ မဆုံးရှုံးသွားပါစေနဲ့လည်း မျှော်လင့်ပါတယ်။ ကျွန်မအလုပ်တွေ ဆက်လုပ်ချင်ပါသေးတယ်။ ကျွန်မ ဒီနေ့ဒီအချိန်သာ ရုပ်ရှင်ရိုက်ရဦးမယ်ဆို ပထမဆုံး ရုပ်ရှင်စရိုက်တုန်းကလိုပဲ ကျွန်မကြိုးစားမှာ။ ကျွန်မစိတ်ထဲ အခုမှ ၁၄ နှစ်၊ ၁၅ နှစ်သမီးလိုပဲ။
ဆိုဖီယာ...ခင်ဗျားကို ၂ဝ ရာစု အတွင်း အလှဆုံးမိန်းမအဖြစ် အားလုံးက ဝိုင်းမဲပေးကြတယ်။ ခင်ဗျား ဘယ်လိုခံစားရလဲ။
မိန်းမတစ်ယောက်အဖို့ ကမ္ဘာပေါ်မှာ အလှပဆုံးမိန်းမပါလို့ သတ်မှတ်ခံရတာ ဘယ်လောက်ကြည်နူးစရာ ကောင်းသလဲ။ ဒါပေမယ့် ဒီမေးခွန်းကို ကျွန်မမဖြေသင့်ဘူးလေ။ ကျွန်မကိုယ်ကိုယ်ကျွန်မ ဆုံးဖြတ်ချက်ချလို့မှ မရတာ။ တခြားလူတွေက ဆုံးဖြတ်ကြရမှာကိုး။ သူတို့တွေက အကြိမ်ပေါင်းများစွာကို မဲပေးကြတာပါ။ မိန်းမတွေက အရွယ်ရောက်လာလေ လှတယ်လို့ အပြောခံချင်လေပါပဲ။ ရုပ်ရှင်ပိတ်ကားပေါ်က မင်းသမီး ဆိုဖီယာလိုရန်းနဲ့ အပြင်ဘဝ ဆိုဖီယာ အကြား ဘယ်လိုကွာခြားချက်တွေ ရှိသလဲ။ ဘာမှမရှိဘူး။ ကျွန်မက ရင်ထဲ ရှိတဲ့အတိုင်း သရုပ်ဆောင်ခဲ့တာ။ ကျွန်မ ငယ်ငယ်က Npales မှာနေခဲ့တုန်းက ကလေးမလေးဘဝမှာ ရှိခဲ့ဖူးတဲ့ ခံစားချက်တွေနဲ့ပေါ့။ ကျွန်မ ရုပ်ရှင်ကင်မရာ ရှေ့ကိုရောက်ရင် ကျွန်မမှာရှိတဲ့ အတွေ့အကြုံတွေ အားလုံးကို ထုတ်သုံးတယ်။ နှလုံးသားထဲက ရင်ထဲက လာရမှာနော်။ ကိုယ်ကိုယ်တိုင်ကိုကော လုပ်ဖော်ကိုင်ဖက်တွေကိုရော လေးစားချစ်ခင် ရမယ်လေ။
ကံကြမ္မာလမ်းကြောင်းဆိုတာ မွေးကတည်းက လမ်းကြောင်းချထားပြီးသားလား။ ကျွန်တော်တို့ လျှောက်လှမ်းရင်းနဲ့မှ ပုံဖော်ရတာလား။
အတွေ့အကြုံတွေ စုဆောင်းရင်းနဲ့ကမှ ခရီးဆက်ရတာပေါ့။ ကျွန်မတို့မှာ လိုအပ်တာတွေ၊ လိုချင်တာတွေကို အကြောင်းပြုပြီး ပုံဖော်ရတာပေါ့။ ကံကြမ္မာဆိုတာ ကျွန်မတို့လက်ထဲမှာပါ။
ခင်ဗျားအလှတွေ ကြာရှည်ခံအောင် ဘယ်လိုလျှို့ဝှက်ချက်များသုံးနေသလဲ။
လျှို့ဝှက်ချက်ရှိတာပေါ့။ ဒါပေမယ့် ကျွန်မကတော့ ပြောမပြနိုင်ပေါင်။ ဖွင့်ပြောချ လိုက်မှတော့ လျှို့ဝှက်ချက် ဘယ်ဟုတ်တော့မလဲ။
ခင်ဗျားငယ်ငယ်က သိပ်ပိန်တယ်။ သိပ်ရုပ်ဆိုးတယ်ဆိုပြီး စိတ်ညစ်ခဲ့ရတာတွေ ရှိတယ်နော်။
ကျွန်မငယ်ငယ်က သိပ်ပိန်တယ်။ ကျွန်မ ကောင်းကောင်းမစားခဲ့လို့ပေါ့။ ဘာဆိုဘာမှ မစားတာလေ။ ပြီးတော့ အရပ်ကလည်း မရှည်ပါဘူး။ ကျွန်မတို့ သူငယ်ချင်းတစ်စုမှာ ကျွန်မ အပုဆုံးပေါ့။ ကျွန်မ ၁၄နှစ်၊ ၁၅နှစ်မှာမှ ကျွန်မ အရမ်းထွားလာတာ။
ခင်ဗျားခုနက အစားမစားဘူးလို့ ပြောတယ်။ စစ်အတွင်းကာလကြောင့်လား။
ဟုတ်တယ်။ ကျွန်မစစ်အတွင်းနဲ့ စစ်ပြီးကာလတွေကို ဖြတ်သန်းခဲ့ရတယ်။ ဆင်းရဲဒုက္ခဆိုတာကို ကောင်းကောင်းကြီး ခံစားခဲ့ရတယ်။ အဲဒီပင်ပန်းဆင်းရဲမှုတွေက ဘာတွေသင်ကြားလေ့လာခွင့်ရခဲ့လဲ။ ကျွန်မ ကံကောင်းတယ်လို့ မပြောလိုပါဘူး။ ကျွန်မငယ်ငယ်က တော်တော် ပင်ပန်းဆင်းရဲ ခံခဲ့ရတာ။ စစ်အတွင်းမှာ ကံကောင်းတယ်ဆိုတဲ့စကားကို မသုံးနိုင်ခဲ့ဘူး။ ဒါပေမယ့် စစ်ကြောင့် ကျွန်မတို့မျိုးဆက်တွေ ပိုမြန်မြန် လူလားမြောက်ကြတယ်။ ကျွန်မတို့ ၁၅ နှစ်သမီးအရွယ်မှာ ဘဝကို နားလည်နေပြီ။ အတွေ့အကြုံတွေကြောင့်ပေါ့။
ခင်ဗျားရဲ့မိခင် Romilda Villani ဆီက ဘာတွေလေ့လာခွင့်ရလဲ။
အမေက စိတ်ဓာတ်ခိုင်မြဲဖို့၊ သူများပေါ် လေးစားဖို့ အမြဲသင်တယ်။ အမြဲ ပြောလေ့ရှိတာက 'ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာ ကိုယ့်ဘာသာသိရမယ်၊ သိပြီဆိုရင်လည်း ရအောင်လုပ်ရမယ်။ ဒါဆိုရင် အနှေးအမြန်ဆိုသလို ကိုယ်လိုချင်တာ ရမှာပဲတဲ့' ကျွန်မဘဝကို ပြန်စောင်းငဲ့ကြည့်ရင် အမေပြောတာ မှန်တာပေါ့ရှင်။
ဒါနဲ့ ခင်ဗျားအမေက မင်းသမီးကြီး Greta Garboနဲ့တယ်တူဆို။
အင်း၊ ဟုတ်တယ်။ ဂရီတာဂါဘိုနဲ့ ရုပ်ချင်းတူပြိုင်ပွဲမှာ နိုင်ခဲ့တယ်။ အပြင် သွားရင် လူတွေက ရပ်ပြီးတောင် ကြည့်ရတဲ့အထိ တူခဲ့တာ။ သူငယ်ငယ်ကလည်း ဟောလိဝုဒ်ကတောင် မင်းသမီးလုပ်ဖို့ ခေါ်ခံရတယ်။ ကျွန်မအဘွားက မလွှတ်ဘူးတဲ့လေ။
ခင်ဗျားရဲ့ခင်ပွန်း ကာလိုပွန်တီကို မယ်ရွေးပွဲဒိုင်လူကြီးအဖြစ်နဲ့ ဆုံခဲ့ရတာနော်။
မှန်ပါတယ်ရှင်။
ခင်ဗျားတို့ ချက်ချင်းကြီး ချစ်သွားတာလား။
မဟုတ်ပါဘူး။ ကျွန်မက ၁၅ နှစ် သမီးပဲ ရှိသေးတာ။ တွေ့ကြရုံဘဲ။ ကျွန်မကို သူအတော်ကူညီခဲ့တာ။ ကျွန်မ စအလုပ်လုပ်တော့လည်း အမေက အနားမှာ အမြဲရှိခဲ့တယ်။ လူတွေအများကြီးနဲ့ ဆုံခဲ့ပြီး ကျွန်မရဲ့ ပထမဆုံးရုပ်ရှင်ကိုလည်း တခြားထုတ်လုပ်သူက ထုတ်ခဲ့တာ။ ကျွန်မ ခင်ပွန်း မဟုတ်ခဲ့ပါဘူး။ ကာလို ထုတ်လုပ်တဲ့ရုပ်ရှင် ကျွန်မ ပထမဆုံးရိုက်ဖြစ်တာ ၁၈ နှစ်သမီးကျမှ။ L'Oro di Napoli ဆိုတဲ့ ရုပ်ရှင်။ ၃ နှစ်အတွင်း ကျွန်မ ရုပ်ရှင်ကား ၂ဝ လောက် ရိုက်ပြီး နေပြီပေါ့။
ဒါဆို ဘယ်တော့လောက်ကမှ ကာလိုနဲ့ချစ်သွားခဲ့တာလဲ။
ကျွန်မသူ့ကို တွေ့တွေ့ချင်းဘဲ ယုံကြည်စိတ်ချရမယ့်သူဆိုတာသိတယ်။ မိတ်ဆွေဘဝမှာ ကျွန်မတို့ နားလည်မှုတွေပိုလာ၊ ကြည်ညိုစိတ်၊ ချစ်ခင်စိတ်တွေ ဖြစ်လာတာပဲ။ ကျွန်မက သူ့ကို သိပ်မစဉ်းစားချင်ပါဘူး။ သူ့မှာက ကလေးနှစ်ယောက်နဲ့ မိန်းမနဲ့ကိုး။ အခြေအနေက ရှုပ်နေတာ။
အသက်ကလည်း ကွာတယ်နော်။
အသက်ကွာတာကိုတော့ ထည့်မတွက်ခဲ့ပါဘူး။ ကျွန်မက ကျွန်မထက် အသက်ကြီးတဲ့ သူမှလည်းကြိုက်တာ။ ဖြစ်နိုင်တာက ကျွန်မဖခင်က ကျွန်မကို လှစ်လျူရှုခဲ့လို့ အဖေအရွယ်၊ ဖခင် မေတ္တာပေးမယ့်သူကို ရှာမိတာလား မသိပါဘူး။
ခင်ဗျားခင်ပွန်းက မနာလို ဖြစ်လေ့ရှိလား။
မဖြစ်ဘူး၊ အဲလို မနာလိုဝန်တို မဖြစ်လို့တောင် ကျွန်မက မကြိုက်မနှစ်သက် ဖြစ်ရသေးတာ။ ရယ်ရတယ်။
ခင်ဗျားကကော။
မနာလိုဖြစ်တာပေါ့။ ထုတ်လုပ်သူ နောက်မှာ မိန်းမတွေက တန်းစီလိုက်နေတတ်တာကိုး။
ခင်ဗျားခင်ပွန်းဆီက ခင်ဗျား ဘာတွေရစရာရှိလဲ။ခင်ဗျားကကော ဘာတွေပေးစရာရှိလဲ။
ဘာမှမရှိပါဘူး။ ကျွန်မတို့မောင်နှံကြားမှာ ဘာပေးစရာမှ အကြွေးလို တင်မနေဘူး။ ကျွန်မတို့ အတူတူ နေကြတယ်။ မိသားစုဘဝလေး တည်ဆောက်ထားတယ်။ ကျွန်မတို့ အလုပ်တွေ အများကြီး လုပ်ခဲ့ပြီးပြီ။
ခင်ဗျားက တစ်ခါကပြောခဲ့ဖူးတယ်။ ယောကျ်ားတစ်ယောက်အပေါ် ထားတဲ့ အချစ်က အချိန်ကြာရင် ယိမ်းယိုင်လာနိုင်ပြီး သားသမီးပေါ်ထားတဲ့အချစ်ကတော့ ပိုပိုမြင့်မားလာတယ်ဆိုတာလေး ပြောပြပါဦး။
သားသမီးပေါ်ထားတဲ့ ချစ်ခြင်းက ထူးခြားတယ်လေ။ အမြဲကြီးထွားနေတာ။ ရပ်တန့်လို့မရဘူး။ အိမ်ထောင်ဖက် အပေါ်ကျတော့ အချိန်နဲ့အမျှ ပြောင်းလဲသွားရော။ ဘဝအဆင့်ဆင့် ပြောင်းလဲလို့ ချစ်ခြင်းတွေလည်း ပြောင်းတယ်ထင်ပါတယ်။ မေတ္တာကတော့ မပြောင်းဘဲ ကျန်ခဲ့တယ်။
ခင်ဗျားသားကြီးကာလိုက လက်ထပ်ပြီနော်။
စက်တင်ဘာ ၁၈ ရက်နေ့ကပေါ့။ ကျွန်မကဖြင့် သူ့ကို မွေးဖို့ဆေးရုံမှာ စောင့်နေခဲ့တာ မနေ့ကလို ထင်နေခဲ့တာ။ အခု သူက မင်္ဂလာတောင်ဆောင်ပြီ။ သိပ်ကောင်းပါတယ်။ နောက်ထပ် မျိုးဆက်တွေ ပြန့်ပွားဦးမယ့်အစီအစဉ် ဘယ်လောက်လှပလဲ။
ကလေးတွေကို ဘယ်လို လေ့ကျင့် ပျိုးထောင်ခဲ့လဲ။
သဘာဝအတိုင်း ရိုးရိုးလေးပါပဲ။ ချစ်ခြင်းတွေနဲ့ပေါ့။ ချစ်ခြင်းမေတ္တာ မြောက်မြားစွာနဲ့ပေါ့။
ခင်ဗျားသားနှစ်ယောက်လုံးက ငါ့ မိဘက ကမ္ဘာကျော်အနုပညာရှင်တွေ ရယ်လို့ ဆိုးသွမ်း မာန်တက်တာမျိုးရှိလား။
သူတို့နှစ်ယောက်လုံး မာန်မာနမရှိဘူး။ မိဘကိုလည်းချစ်တယ်။ သူတို့ကိုကြည့်ရင် ဒီကနေ့ ခေတ်လူငယ်လို့တောင် မထင်ရဘူး။ တကယ်ပြောတာပါ။ တွေ့တဲ့အခြားလူတိုင်းက အံ့သြတယ်။ သူတို့လူဆိုး၊ လူသွမ်းကလေးတွေ မဖြစ်ခဲ့ဘူး။
ခင်ဗျား ရုပ်ရှင်ကားပေါင်း ၁ဝဝ ကျော်ရိုက်ခဲ့တယ်။ ရုပ်ရှင်တိုင်းမှာ ခင်ဗျားသရုပ်ဆောင်ချင်တဲ့ အတိုင်းနေရာ ယူခွင့်ရခဲ့လား။
လုံးဝဥဿုံပေါ့။ အခုလည်း ကျွန်မနဲ့ လိုက်ဖက်မယ့်၊ ကျွန်မအသက်နဲ့ သင့်တော်မယ့် နေရာကို ရှာတုန်းဘဲ။ မိန်းမသရုပ်ဆောင်တွေ အသက်အရွယ်ရလာရင် နေရာကောင်းရဖို့ မလွယ်တော့ဘူး။ ကျွန်မကတော့ ကံကောင်းတယ်။ အသက်ကြီးပိုင်းရောက်မှ ရုပ်ရှင်ကား ၃ကား ၄ကားလောက်မှာ နေရာကောင်းကောင်း ရလိုက်သေးတယ်။
ဟောလိဝုဒ်ရဲ့ သြဇာကကော ကျဆင်းနေတယ်လို့ ထင်လား။
ကျွန်မသိပ်မသေချာလှဘူး။ ကျွန်မ သိတာတော့ အမေရိကန်ရုပ်ရှင်တွေက ဒီကမ္ဘာမှာ ပါဝါအား အကောင်းဆုံးလို့ မထင်တာဘဲ။ ဒီဥရောပမှာလည်း ကျွန်မတို့ ရုပ်ရှင်တွေရိုက်နေသေးတယ်။ တစ်ကမ္ဘာလုံးဆီ ပြသနိုင်အောင် ကြိုးစားနေတယ်။ အကြံဉာဏ်၊ ငွေကြေး၊ အနုပညာ ပါရမီအပြည့်မို့ နိုင်ငံတကာစင်မြင့်မှာ အောင်မြင်မှာပါ။
လူတွေက ခင်ဗျားကို ငွေရောင်ပိတ်ကားပေါ်က ငွေကြယ်ပွင့်ကြီးလို့ ပြောတယ်။ ခင်ဗျား ဂုဏ်ယူမိလား။
ဒါပေါ့။ ကျွန်မ အဲဒါကိုကြားရင် အရမ်းဂုဏ်ယူတယ်။ ထိုက်တန်တယ်လည်း ထင်တယ်။ ကျွန်မ အရမ်းကြိုးစားခဲ့ရတာကိုး။ လိုချင်တာရအောင်ယူဖို့ ထိပ်ဆုံးမှာ အမြဲနေဖို့ ဘယ်လောက်ခက်ခဲသလဲ။ ကျွန်မ သိပ်ဂုဏ်ယူတာပဲ။
နောက်ထပ်ဂုဏ်ယူစရာတွေကကော။
အားလုံးပဲ။ ကျွန်မသားတွေ အတွက်ပါပေါ့။
ခင်ဗျားဘဝမှာ အခုချိန်ကော ဘာတွေလုပ်နေဆဲလဲ။
အတူတူပါပဲ။ ကျွန်မ ၆ နှစ်၊ ၇ နှစ် အရွယ်က မနက် ၆ နာရီထ၊ အဘိုးက ကော်ဖီ ဖျော်တိုက်တယ်။ ကျွန်မ စာကျက်တယ်။ အခုလည်း ကျွန်မ မနက်ဆို ၆ နာရီထ၊ အလုပ်လုပ်တယ်။ ဘာမှမပြောင်းဘူး။
၁၉၉၈ လောက်က ခင်ဗျား နှလုံးနဲ့ပတ်သက်ပြီး ထိတ်လန့်စရာသတင်း ကြားခဲ့ရတယ်။ အခုကော။
အိုး...အဲဒါက ဘာမှမဟုတ်ပါဘူး။ အရေးကြီးတာဆို ကျွန်မစိုးရိမ် ပူပန်နေမှာပေါ့။ အလုပ်ပင်ပန်းလို့ဖြစ်တဲ့ ပြဿနာသေးသေးလေးပါ။ ကျွန်မ လေယာဉ်ပျံစီးရတော့မယ်ဆို ဖြစ်လေ့ ရှိတယ်။ ကျွန်မက လေယာဉ်ပျံတွေဆို ကြောက်တယ်။ ကျွန်မရဲ့ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ ဘုရား သခင်ကျေးဇူးပေါ့။
■
ရီတာအောင်(NY)
(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။