ရွှေဝတ္ထု

ကမ္ဘာဦးကတည်းက သည်းခဲ့တဲ့ရောဂါ

ခေါင်းခါးခါး(ကလေး)

30 September 2024
ကမ္ဘာဦးကတည်းက သည်းခဲ့တဲ့ရောဂါ
Share to

              ထွန်းအံ့ ခုမနက်ပဲ ဆုံးသွားပြီလို့ သတင်းရောက်ရောက်လာချင်းမှာပဲ ရွက်ကြမ်းရေကျိုလေး ချွေးတွေ ရွှဲခနဲ ထွက်လာတယ်။ တစိမ့်စိမ့်ထွက်လာတဲ့ ချွေးတွေ မဟုတ်ဘဲ သင်္ကြန်ရေ ပက်ခံလိုက်ရသလိုလို ချွေးတွေက ရွှဲခနဲ၊ ရွှဲခနဲ ထွက်ကျလာတာ။ အပေါ်အင်္ကျီနဲ့ အောက်ခံဟာ ချွေးတွေနဲ့ စေးကပ်ပူးကုန်တယ်။ လက်မောင်းရင်းနဲ့ ချိုင်းပြတ်အင်္ကျီကြားလေးဟာ စပ်တောင် စပ်လာသလားပဲ။ လက်မောင်းပိန်ပိန်လေးဟာ ချွေးတွေနဲ့ စိမ်ထားသလိုပဲ။ ချွေးသီးလေးတွေက နှင်းသီးလေးတွေ ခိုနေတဲ့ မြက်ဖျားလိုပဲ။ ထွန်းအံ့ရဲ့ လက်ချောင်းလေးတွေသည် ချွေးသီးလေးတွေကို ပွတ်သပ်မဖယ်ပေးနိုင်တော့ဘူးလား။ လည်တိုင်မှာ စီးကျလာတဲ့ ချွေးစက်စီးကြောင်းတွေကို လက်ဖမိုးနဲ့ ပွတ်ချလိုက်ရင်း ထွန်းအံ့ရဲ့ သက်ပြင်းချသံတွေကို ကြားယောင်လာတော့ ချွေးပေါက် ချွေးသီးတွေ ကြားမှာ ကြက်သီးတွေ ထလာလိုက်တာ ဖျဉ်းခနဲ၊ ဖျဉ်းခနဲ။ ဆံပင်အောက်က ကုပ်ပိုးမှာလည်း ချွေးစေးတွေ။ ဆံပင်လေးတွေကို မမပြီး ချွေးစေးတွေကို တယုတယ သုတ်ဖယ်ပေးတတ်တဲ့ ထွန်းအံ့၊ ခုတော့ တကယ်သေသွားပြီ။ ရွက်ကြမ်းရေကျိုလေးက အပေါ်ဆုံးကြယ်သီးကို ဖြုတ်လို့ လေနဲ့ပြင်းပြင်း မှုတ်ပေမယ့် ချွေးစက်တွေက ပျောက်မသွားဘူး။ 'ရှပ်အင်္ကျီတွေ ဝတ်ဝတ်မလာနဲ့ကွာ' ဆိုတဲ့ ထွန်းအံ့အသံကို ကြားယောင်တော့ ရွက်ကြမ်းရေကျိုလေး ကြယ်သီးကိုကပျာကယာ ပြန်တပ်မိပြန် ရော။ ခါးပေါ်က ဖြစ်သလို ချည်ဝတ်ထားတဲ့ လုံချည် အနားစတွေဟာ ချွေးတွေနဲ့ လျှောလျှော ကျလာတယ်။ ဘယ်ဘက် ခါးစောင်းပေါ်က မှဲ့ကလေးဟာ ချွေးတွေကြောင့် ဖူးယောင်ကားလာ သလားပဲ။ 'ညည်းတို့ အမျိုးက မှဲ့ကိုပေါလွန်းပါတယ်ကွာ'ဆိုတဲ့ ထွန်းအံ့အသံဟာ ဘယ်ဆီက ပေါ်လာတာလဲ။ ရွက်ကြမ်းရေကျိုလေးက လုံချည်ကို လက်နှစ်ဖက်နဲ့ ဆွဲစုကိုင်ရင်း ထထိုင်လိုက်တယ်။ ထွန်းအံ့က နောက်ကနေ သိုင်းဖက်ထားသလို ထင်လာတာနဲ့ အမြန်ထပြီး ပြတင်းပေါက်ဆီ ပြေးရပ်ရင်း နောက်ပြန်မှီလို့ ခုတင်ကို ငေးကြည့်နေမိတယ်။ နှင်းရည်စက်လက်နဲ့ မိုးရည်စက်လက်တွေ အမှောင်ထဲ ရောယှက်နေတဲ့ညက သည်ခုတင်ပေါ်ကို ထွန်းအံ့ရောက်လာပြီး ဧည့်စာရင်းမတိုင်ဘဲ တစ်ညတာ တည်းခိုသွားဖူးတယ်လေ။ ဘုရားစင်အောက်မှာ အိပ်နေတဲ့ 'အဘိုး'ရဲ့ ချောင်းဟန့်သံမှာ ရွက်ကြမ်းရေကျိုလေး ငြိမ်ပြီးရင်းငြိမ်၊ တိတ်ပြီးရင်တိတ်လို့။ ချွေးတွေက ထွန်းအံ့ဆီက ထွက်လာတာလား၊ ရွက်ကြမ်းရေကျိုလေးဆီက ထွက်လာတာလား။ မိုးသာလင်းရော ကွဲကွဲပြားပြား မသိတတ်တော့ဘူး။ အဘိုးလမ်း လျှောက်ထွက်တော့ ထွန်းအံ့ဆီက အသံထွက်လာတယ်။ မနက်တိုင်း ရွက်ကြမ်းရေကျိုလေးကို ခြေထောက်နဲ့ ပွတ်ပွတ်ဆွဲပြီး လာလာနှိုးနေကျ ကြောင်ကလေးဟာ ထွန်းအံ့ ကို မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ စူးစူးကြည့်လို့။ ရွက်ကြမ်းရေကျိုလေးက ထွန်းအံ့နှိုးလို့ နိုးပြီးနေပြီကော။ ရွှေဝါကလေး လာမနှိုးခင် ရွက်ကြမ်းရေကျိုလေး နိုးနှင့်နေပြီ။ ဒါပေမယ့် ရွက်ကြမ်းရေကျိုလေး မထနိုင်ဘူး။ ထွန်းအံ့ရဲ့ ကိုယ်ငွေ့မှာ သွေ့သွေ့ကလေး မှေးနေတုန်း။ လွန်လေပြီးသော ညတာရှည်ကို ပြန်လည်မြင်ယောင်ရင်း ရွက်ကြမ်းရေကျိုလေး သက်ပြင်းတဝေဝေနဲ့ ထွန်းအံ့ကို တိုးတိုးဖက်မိတယ်။ ထွန်းအံ့ကလည်း စကားတွေ တိုးတိုးပြောနေလိုက်တာ။ စကားလုံးတွေက ခုမှနားနဲ့ဆတ်ဆတ် ကြားဖူး တဲ့ ဝေါဟာရအသစ်တွေ။ ထွန်းအံ့က ကိုယ်ရော၊ အသံရော အနိုင်ယူသွားပြီလား။ ရွက်ကြမ်းရေကျိုလေး မကြားချင်လို့မှ မရတော့တာ။ နောက်ဖေးကြက်ခြံထဲက ကြက်တွေ အစာတောင်းသံတွေ ဆူညံလာပေမယ့် ရွက်ကြမ်းရေကျိုလေး ထမသွားနိုင်တော့ဘူး။ ထွန်းအံ့ရဲ့ စီးစီးပိုးပိုး အသံသစ်မှာ ရွက်ကြမ်းရေကျိုလေး တဖျစ်ဖျစ် တောက်လောင်လို့။ အိမ်ရှေ့က 'ပဲပြုတ်ယူဦးမလား သမီးရေ'ဆိုတဲ့ သုံးလေးခါ အမေးကို ရွက်ကြမ်းရေကျိုလေး ပြန်မဖြေနိုင်ခဲ့ဘူး။ အဘိုးလမ်းလျှောက် ပြန်လာချိန်မှာ ထွန်းအံ့က ခုမှအပြင်က ရောက်လာပြီး ကြက်ခြံထဲမှာ ကြက်ဆေးတွေကို အစာတွေနဲ့ ရောစပ် ကျွေးပေးနေဟန်မျိုးနဲ့။ အဘိုးက 'ထွန်းအံ့၊ စောလှပါတကား'တဲ့။ တကယ်ဆို ထွန်းအံ့က မနေ့ညနေကတည်းက မပြန်သေးတာကော။ အဘိုးက ခါတိုင်းလို ပဲပြုတ်ထုပ်လေး လှမ်းပေးတယ်။ ဒါပေမယ့် ရွက်ကြမ်းရေကျိုမလေးမှာ ထမင်းတစ်အိုး မတည်ရသေးဘူး။ ထွန်းအံ့ရဲ့ 'တစ်ခါတလေ နောက်ကျတာကွာ' ဆိုတဲ့ ဇွတ်တရွတ်နိုင်မှုမှာ ရွက်ကြမ်းရေကျိုလေး ငြိမ်ကျသွားခဲ့ရပြန်တာ။ ရွက်ကြမ်းရေကျိုလေး ထမင်းအိုး တည်နေချိန်မှာ ထွန်းအံ့က 'ဆေးတော့ ကျွေးခဲ့ပြီးပြီ။ တစ်ရက်နှစ်ရက်ဆို ကောင်းသွားမှာပါ'တဲ့။ ထွန်းအံက ရွက်ကြမ်းရေကျိုလေးကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း နှုတ်ဆက်ပြောပြောပြီး ပြန်တယ်။ 'ထွန်းအံ့၊ မင်းဘာနဲ့လာတာလဲကွ'တဲ့။ ဘာမှ မသိရှာတဲ့ အဘိုးက မေးနေသေး။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထွန်းအံ့ဆိုင်ကယ် အပ်ထားခဲ့ပြီး အကြံအစည်အပီအပြင်နဲ့ ရွက်ကြမ်းရေကျိုလေးဆီ လာခဲ့တယ်ဆိုတာ အဘိုးက ဘာသိမှာလဲ။ ရွက်ကြမ်းရေကျိုလေးတောင် အားလုံးလွန်ကုန်မှပဲ သိခဲ့ရတာကော။ အဒေါ်နဲ့ ဦးလေး နတ်ကွန်းဆီ နတ်ဆက်သွားတာ သုံးရက်ကြာမယ်ဆိုတာလည်း ထွန်းအံ့သိတယ်။ အိမ်မှာ အဘိုးနဲ့ ရွက်ကြမ်းရေကျိုလေး နှစ်ဦးတည်း ကျန်ခဲ့တယ်ဆိုတာလည်း ထွန်းအံ့သိတယ်။ရွက်ကြမ်းရေကျိုလေး ထွန်းအံ့အပေါ် သရိုးသရီ ဖြစ်နေတယ်ဆိုတာလည်း ထွန်းအံ့သိတယ်။ ရွက်ကြမ်းရေကျိုလေးရဲ့ အဒေါ်နဲ့ ထွန်းအံ့ရဲ့ တိတ်တိတ်ပုန်း ကြက်ခြံထဲက ဇာတ်လမ်းတွေကိုလည်း တိတိကျကျကြီးကို ရွက်ကြမ်းရေကျိုလေး သိတယ်ဆိုတာကိုလည်း ထွန်းအံ့သိတယ်။ ရွက်ကြမ်းရေကျိုလေးနဲ့ ဆယ်တန်းလေးခါကျဖက် 'ဝိုင်းစုခိုင်'နဲ့ ထွန်းအံ့ ဖြစ်နေတာကို ရွက်ကြမ်းရေကျိုလေး မရှုစိမ့်ဖြစ်နေတာ လည်း ထွန်းအံ့သိတယ်။ ထွန်းအံ့ ရွက်ကြမ်းရေကျိုလေးတို့ ကြက်ခြံဘက်ရောက်လို့ အဒေါ်နဲ့ဦးလေး လစ်ရင် ခြေပုတ်ခေါင်းပုတ် လုပ်တာကို ရွက်ကြမ်းရေကျိုလေး ကျေနပ်နေတာကိုလည်း ထွန်းအံ့ သိတယ်။ ကြက်ခြံ အစုစုတွေထဲမှာ ရွက်ကြမ်းရေကျိုလေးတို့ ကြက်ခြံဘက် ထွန်းအံ့ အရောက်အပေါက် စိပ်တာကို ရွက်ကြမ်းရေကျိုလေးက ဂုဏ်တယူယူ ရှိတယ်ဆိုတာလည်း ထွန်းအံ့ သိတယ်။ ထွန်းအံ့တို့မိသားစု ရဲ့ 'မဟာကြက်ဆေးနှင့် ကြက်စာမျိုးစုံ ရောင်းဝယ်ရေး' ဆိုင်ရောက်ရင် ထွန်းအံ့က ရွက်ကြမ်းရေကျိုလေးကို ဂရုစိုက်ပြရင် ရွက်ကြမ်းရေကျိုလေး လွှတ်ပျော်နေတယ်ဆိုတာလည်း ထွန်းအံ့ သိတယ်။ ရွက်ကြမ်းရေကျိုလေးက ထွန်းအံ့စိတ်ကြိုက်ထဲမှာ စောစောက ပါခဲ့ဟန်မတူပါဘူး။ ထွန်းအံ့က ကြက်ဆေး၊ ကြက်စာနဲ့ပတ်သက်ရင် သည်တောင်ခြေ မြို့ကလေးမှာ ပြိုင်ဘက်မရှိ ကျွမ်းကျင်အသာစီးရသလို ရွက်ကြမ်းရေကျိုလေးတို့ရဲ့ ကြက်မွေးမြူရေး မိသားစုတွေကြားမှာ ထွန်းအံ့က 'စတား'ပဲ။ လေးဆယ်နားကပ်နေတဲ့ လူပျိုကြီးဆိုပေမယ့် ထွန်းအံ့က အမည်ခံ လူပျိုကြီးပါ။ ဒါကိုပဲ သမီးရှင်တွေက ထွန်းအံ့ကို တကယ့်ကို တရေးတပေး။ ထွန်းအံ့က ဒါကို မသိသလိုနဲ့ သည်အစုစုထဲမှာ အောက်ကျို့ဝင်ပေါင်းပြီး သူကောင်းသားကြီး လုပ်လုပ်သွားတာ မနည်းတော့ဘူး။ ထွန်းအံ့က ကြက်ခြံထဲက ကြွက်တွင်းဟောင်းတွေကို ဝင်ဝင်ခိုတတ်တဲ့ မြွေလိုပဲ။ သိပ်အသံ မထွက်ဘူး။ လစ်ရင် လစ် သလို ကြက်တွေကို ဝင်ဝင် ဆွဲတာ။ အဲသည့်ထွန်းအံ့က ဖွေးဖွေးစိုစိုကြီးတွေကြားက ညိုညိုညက်ညက် ရွက်ကြမ်း ရေကျိုမလေးကို အာရုံလှည့် လာလိုက်တော့လည်း ခဏ ပဲ။ တစ်ညနေခင်းမှာ အချိန် ကိုက်ရောက်လာပြီး ကြက်ခြံ တစ်ခုကို အရင်းပြုသွား တယ်။ ဆေးအသစ်တွေ ပေါ် လာလို့ ရွက်ကြမ်းရေကျိုလေး တို့ရဲ့ ကြက်ကလေးတွေနဲ့ စမ်းသပ်ချင်သတဲ့။ အဒေါ်နဲ့ ဦးလေးက နတ်ကွန်းဘက် သွားချိန်၊ အဘိုးက တရား ထိုင်သွားချိန်။ ကြက်ခြံထဲမှာ မြွေတစ်ကောင် ဝင်လာလို့ ကြက်တွေ ဝရုန်းသုန်းကား ဖြစ်နေချိန်မှာ ထွန်းအံ့က သူ့မြားလေးကို စချွန်လိုက်တယ်။ ရွက်ကြမ်းရေကျိုလေး တုန်လှုပ်အံ့သြသွားပေမယ့် ရုန်းဖယ်လို့ မရခဲ့ဘူး။ ကြက်ခြံထဲ ခင်းထားတဲ့ စပါးခွံတွေက ရွက်ကြမ်းရေကျိုလေးရဲ့ ဆံပင်တွေထဲ တိုးဝင်လို့။ ထွန်းအံ့ကို 'သိ'နေတာနဲ့ ထွန်းအံ့ကို 'တွေ့'လိုက်ရတာက တခြားစီပဲ။ သိပ်ကို အံ့သြဖို့ကောင်းတယ်။ သိပ်ကို တုန်လှုပ်ဖို့ ကောင်းတယ်။ သိပ်ကို ကြောက်မက်ဖွယ် ကောင်းတယ်။ ဒါပေမယ့် ခဏပဲ။ ရွက်ကြမ်းရေကျိုလေးကိုယ်တိုင် အနာကျနေတဲ့ ကြက်လို ငေးငိုင်ကျသွားတယ်။ ထွန်းအံ့က စကား သိပ်မပြောဘူးလေ။ ရွက်ကြမ်းရေကျိုလေးအတွက် ဒါဟာ ပထမဆုံးဆိုတော့ တကယ့်ကို အယောင်ယောင် အမှားမှားပဲ။ နောက်က သိုင်းဖက်ပြီး တရစပ်လှုပ်ရှားသွားတဲ့ ထွန်းအံ့ကို သက်ပြင်းမောတွေနဲ့ တိုးတိုးလေးခေါ်ပြော ပြောမိတဲ့အထိ။

            'ဦးအံ့၊ မပြန်နဲ့တော့။ သည်မှာ ညအိပ်သွားကွာ'

            ပြောသာပြောရတယ်။ အဲသည့်ညက ရွက်ကြမ်းရေကျိုလေး သိပ်မအိပ်လိုက်ရပါဘူး။ ထွန်းအံ့ကို ခါတိုင်းလို 'ဦးထွန်းအံ့'လို့ မခေါ် ဖြစ်တော့ဘဲ 'ဦးအံ့'တဲ့။ အတွေ့အထိက အရာရာကို ခဏချင်း ရင်းနှီးသွားစေတယ်။ ခဏချင်း တပ်မက် ပျော်မွေ့သွားစေတယ်။ ခဏချင်းမျှော်လင့်လို့ ကောင်းပြီး အားရသွားစေတယ်။ ရွက်ကြမ်းရေကျိုလေးက အဲသည်တုန်းက အသက်နှစ်ဆယ်။ ဆံပင်ရှည်ရှည် ပိန်ပိန်သွယ်သွယ်လေး။ လက်မောင်းနဲ့ လက်ဖျံက တစ်ပြေးတည်းလိုပဲ။ ရင်ပြားပြား၊ တင်ပြားပြားလေး။ မကြာခဏ ဖျားနာတတ်ပြီး လန့်လွယ်တတ်၊ ကြောက်လွယ်တတ်၊ အားနာတတ်တဲ့ ကောင်မလေး။ အဒေါ်ရဲ့ ကြက်ခြံမှာ ကြက်တွေနဲ့ အချိန်ကုန်နေရတဲ့ မိမဲ့ ဖမဲ့ ကောင်မလေး။ ရည်းစား သုံးယောက် ထားပြီး ဆယ်တန်းလေးခါကျဖူးပေမယ့် ရည်းစားတွေနဲ့ ချိန်းတွေ့ မလည်ပတ်ဖူးတဲ့ ကောင်မလေး။ အရွယ်တူရည်းစားတွေရဲ့ ထုံအအ အပြုအမူမှာ အားမလိုအားမရ ဖြစ်နေခဲ့ရတဲ့ ရွက်ကြမ်းရေကျိုမလေး ဟာ ထွန်းအံ့နဲ့ကျမှ ကမ္ဘာသစ်ကို စတွေ့ရတော့တာ။ ဂိတ်ဆုံးထိကို ချောချောမောမော ရောက်သွားတော့တာ။ ရွက်ကြမ်းရေကျိုမလေးက မလှပေမယ့် ကြည့်ကောင်းတယ်။ တင်ပါးအထိ ရှည်ကျနေတဲ့ ခပ်ပါးပါး ဆံပင်ရှည်လေးကို ထွန်းအံ့က ရင်အခုန်ဆုံးပဲတဲ့။ ပြီးတော့ ရွက်ကြမ်းရေကျိုလေးရဲ့ ကိုယ်အနံ့က သိပ်သန့်ရှင်းတယ်တဲ့။ ဘာနံ့မှမရှိဘဲ သန့်လွန်းတယ်တဲ့။ ရွက်ကြမ်းရေကျိုလေး အတွက်ကတော့ ထွန်းအံ့ရဲ့ အဲသည့်ညက အနံ့ဟာ ယောကျ်ားတွေရဲ့ အနံ့ပါပဲဆို တာ သိခွင့်ရခဲ့တယ်။ ထွန်းအံ့ရဲ့ ချွေးနံ့တွေကို ရွက်ကြမ်းရေကျိုလေး အဖြေရှာနေမိတယ်။ မနက်လင်းတော့ ပျောက်သွားတဲ့ ထွန်းအံ့ဟာ ဆယ်ရက်ကျော်သည့်တိုင် မဆက်သွယ်လာတော့ ရွက်ကြမ်းရေကျိုလေး မနေတတ်တော့ဘူး။ မနေနိုင်တော့ဘူး။ ဒါနဲ့ပဲ စာလေးတစ်စောင် အသင့်ရေးပြီး ထွန်းအံ့တို့ရဲ့ 'မဟာ ကြက်စာ ကြက်ဆေး ရောင်းဝယ်ရေးဆိုင်'ဆီ ထွက်ခဲ့တယ်။ ရွက်ကြမ်းရေကျို လေးက မရှက်တော့ဘူး။ ချစ်မိပြီကိုး။ ဒါနဲ့ပဲ ထွန်းအံ့ရဲ့ ကတိစကားနဲ့အတူ တနင်္ဂနွေ တစ်ရက်ဟာ ရွက်ကြမ်းရေကျိုလေးအတွက် ရင်ခုန်နှစ်သက်ဖွယ် နေ့ရက်များဖြစ်လာတယ်။ ထွန်းအံ့တို့ရဲ့ ကြက်မွေးမြူရေးခြံ အကျယ်ကြီးက အစောင့်တဲကလေးဟာ ရွက်ကြမ်းရေကျိုအတွက် မမေ့ရက်စရာ ဖြစ်လာတယ်။ ရွက်ကြမ်းရေကျိုလေးလည်း တစ်ပတ်ထက် တစ်ပတ်၊ တနင်္ဂနွေ တစ်ရက်ပြီး တစ်ရက် ချစ်သထက် ချစ်တတ် လာတယ်။ အစောပိုင်းက ထွန်းအံ့က တယုတယနဲ့ အပြုအစု ကောင်းခဲ့သလောက်တနင်္ဂနွေတွေ များလာတော့ ရွက်ကြမ်းလေးကပဲ ထွန်းအံ့ ကို ပိုယုယတတ်လာတယ်။ ပိုပြုစုတတ်လာတယ်။ ရွက်ကြမ်းရေကျိုလေးရဲ့ စိတ်ကူးက ထွန်းအံ့ကို တစ်သက်တာ ထာဝရ ပြုစုပိုင်ခွင့် ရရှိရေးကိုး။ ရွက်ကြမ်းရေကျိုလေးက တတ်သလောက် မှတ်သလောက် ထွန်းအံ့ကို ချစ်ချစ်ပြရှာတယ်။ ဒါတောင်မှ ထွန်းအံ့က တနင်္ဂနွေတိုင်း မှန်ချင်တော့တာ မဟုတ်ဘူး။ တစ်နေကုန် ကြက်ခြံစောင့်တဲလေးထဲ တစ်ယောက်တည်း ထိုင်စောင့်ခဲ့ရလာတဲ့ နေ့တွေ ရှိလာတယ်။ ပြီးတော့ ထွန်းအံ့ရဲ့ အပြုအမူတွေက ကြမ်းတမ်းလာတယ်။ စကားသံက မာလာပြီး ငေါက်ငေါက်ငမ်းငမ်း ရှိလာတယ်။ အစောဦးရက်တွေက ထွန်းအံ့ရဲ့ အပြုအမူတွေဟာ ကြက်ပေါက်စ တွေကို မီးကိုင်သလိုပဲ သိပ်ယုယတာ၊ သိပ်ညင်သာတာ၊ သိပ်အချိန်ပေးတာ။ ကြာလာတာနဲ့အမျှ မီးလွတ်၊ မတမ်း၊ ဥစမ်းတွေလို ဆက်ဆံလာရာက နောက်ဆုံးတော့ ဥနှုန်းကျနေပြီဖြစ်တဲ့ ကြက်မကြီးလိုမျိုး မြင်လာတယ်။ ကျွေးစရိတ်၊ ဆေးစရိတ်သက်သာအောင် အသားဖော်ပစ်ချင် တော့တဲ့ပုံ။ ဒါပေမယ့် ရွက်ကြမ်းရေကျိုမလေး ထွန်းအံ့ဆီက လက်ဆောင်ဆိုလို့ ချင်းလုံချည်လေး တစ်ထည်လားရဖူးတယ်။ မုန့်ဖိုးဆိုပြီး ငါးထောင်လား တစ်ခါပေးဖူးတယ်။ ပုံမှန်ဝယ်ဝယ်စားရတဲ့ ဆေးကတ်ဖိုးတောင် မကျေပါဘူး။ ဒါပေမယ့် ရွက်ကြမ်းရေကျိုလေးကိုယ်၌ကိုက ထွန်းအံ့ကို တမ်းတမ်း စွဲစွဲ ဖြစ်နေပြီလေ။ ထွန်းအံ့ အတွက်ကတော့ ရွက်ကြမ်းရေကျိုလေးဟာ မီးကိုင်နေတဲ့ ကြက်ကလေးတွေထဲက တစ်ကောင်သော ကြက်ပေါက်စကလေးပဲ။ ရွက်ကြမ်းရေကျိုလေး အတွက်ကတော့ ထွန်းအံ့ဆိုတာ မရှိမဖြစ် အနေအထားလေ။ ဒါပဲ ယောကျ်ား၊ ဒါပဲအထိအတွေ့၊ ဒါပဲ အချစ်ကိုး။ နောက်ပိုင်းရက်တွေမှာ ထွန်းအံ့ရဲ့ တနင်္ဂနွေနေ့ခင်းများ အပြုအမူဟာ ရိုင်းစိုင်း ကြမ်းတမ်းလာသလောက် ရွက်ကြမ်းရေကျိုမလေးကလည်း အော့နှလုံး မနာနိုင်ဘူး။ စိတ်ဆိုးမရွံရှာ နိုင်တော့ဘူး။ ရွက်ကြမ်းရေကျိုလေးကိုယ်တိုင် ကြည်နူးကျေနပ်သာယာလာတာ။ ရွက်ကြမ်းရေကျိုလေး ကိုယ်၌ကို အံ့သြယူရတဲ့ ထွန်းအံ့ရဲ့ လှည့်စားမှု။ ထွန်းအံ့က ဆံပင်ဖြတ်ဆိုလို့ ရွက်ကြမ်းရေကျိုလေး ဖြတ်ပေးခဲ့တယ်။ ဘာအရောင်လေးဝတ်ခဲ့ဆို မရှိရင်တောင် ရှာဝယ်ပြီး ဝတ်လာခဲ့တယ်။ သနပ်ခါးနံ့ ကြိုက်တယ်ဆိုလို့ ခြေဆုံးခေါင်းဆုံး လိမ်းလာပေးခဲ့တယ်။ ထွန်းအံ့က ရွက်ကြမ်းရေကျိုလေးဆီက တောင်းဆိုမှုတွေ များလာတယ်။ ထွန်းအံ့ဘက်က ပေးဆပ်မှုက 'အသံလေးတောင်' မရှိချင်တော့ဘူး။ ထွန်းအံ့ရဲ့တောင်းဆိုမှုတွေဟာ တစ်ခါတစ်ခါ လူမဆန်ပေမယ့် ရွက်ကြမ်းရေကျိုလေး ဘာမှမတတ်နိုင် ခဲ့ဘူး။ အခက်နဲ့အရှက်ကို ဘေးချပြီး ထွန်းအံ့ ကျေနပ်ဖို့ပဲ ရှေ့တန်းတင်ခဲ့ရတယ်။ ရွက်ကြမ်းရေကျိုလေးကို ထွန်းအံ့ စွဲလမ်းနေဖို့ပဲ အဓိက မဟုတ်လား။ ရွက်ကြမ်းရေကျိုလေးကို လက်ခံနေသေးတာပဲ ပျော်လှပြီလေ။ ဒါပေမယ့်လည်း ရွက်ကြမ်းရေကျိုလေးက သည်လိုနေရတာကို မကျေနပ်တော့ဘူး။ ထွန်းအံ့ နဲ့ လင်မယားပီပီ နေချင်ပြီ။ ထင်ထင်ပေါ်ပေါ် သွားလာချင်ပြီ။ ခုဟာက လူမသိ သူမသိ ချစ်နေရတာ။ တစ်ပတ်တစ်ရက် တွေ့တွေ့နေရတာလေးကို မကျေနပ်တော့ဘူး။ ပြီးတော့ ထွန်းအံ့က ကြက်ခြံတွေကို လှည့်ခုန်နေတာ။ ခြံခုန်တဲ့နွား မဟုတ်ဘူး။ ကြက်ခြံလှည့်ကူးနေတဲ့ ကြက်စာကြက်ဆေး ကုန်သည်ကြီး။ သည်တောင်ခြေ မြို့ကလေးက တစ်ဖက်နိုင်ငံနဲ့ နီးတော့ ကြက်ဥ၊ ကြက်၊ ဝက်တွေကို တရစပ်ပို့ပေးနေရတော့ မွေးမြူရေးက အလိုလိုကို ထွန်းကားလာတာ။ ကြက်ခြံပေါင်း ငါးရာကျော် ရှိတာဆိုတော့ ထွန်းအံ့ရဲ့ ဈေးကွက်က မသေးဘူး။ ကြက်ခြံတွေကို ကြက်စာ၊ ကြက်ဆေးရောင်းတယ်။ ထွက်လာတဲ့ ကြက်ဥကို ဖောက်သည်ဈေးနဲ့ကောက်၊ တစ်ဖက်နိုင်ငံကို ကိုယ်စားလှယ်ယူပို့တယ်။ ကြက်အရှင်တွေရော ပို့တယ်ဆိုတော့ ထွန်းအံ့ရဲ့ လုပ်ကွက်က ကြီးတယ်။ သည်မှာပဲ ထွန်းအံ့ရဲ့ ဝါသနာဖြစ်တဲ့ ဖြေဖျော်ရေးဖြစ်တဲ့ ဖွေးဖွေးစိုစိုကြီးတွေ၊ ဖြူဖြူ ပြည့်ပြည့်ကြီးတွေက ထွန်းအံ့နား ဝိုင်းနေတာဆိုတော့ ညိုပြာညက်ကလေး ရွက်ကြမ်းရေကျိုလေးက စိတ်မချတော့ဘူးလေ။ ထွန်းအံ့မှာက ရွက်ကြမ်းရေကျိုလေးနဲ့ တနင်္ဂနွေ တစ်ရက်ရယ်၊ ကျန်တဲ့ရက် တွေမှာလည်း သူ့ဟာနဲ့သူ။ ထွန်းအံ့က ရွက်ကြမ်းရေကျိုလေးနဲ့ တနင်္ဂနွေ တစ်ရက် တွေ့ပြီးရင် မေ့သွားပြီ။ ကျန်ရက်တွေမှာ ကျန်တာတွေကို တွေ့ရသေးတာကိုး။ ရွက်ကြမ်း ရေကျိုလေးမှာတော့ သည်တနင်္ဂနွေတစ်ရက်ကိုပဲ လက်ချိုးစောင့်နေရတာ။ ခုတော့ ရွက်ကြမ်းရေကျိုလေးက အပြတ်လုပ်မှ ဖြစ်တော့မယ်။ ထွန်းအံ့ကို ယူခိုင်းတော့မယ်။ ခုဟာက ရွက်ကြမ်းရေကျိုလေးက ကြက်ခြံထဲက ကြက်ကလေးလိုပဲ။ အစာရေစာကျွေး၊ ဆေးကျွေးပြီး ဥဥခိုင်းထားတယ်။ ဥနှုန်း ကျတော့ အသားဖော်ရောင်းတယ်။ ထွန်းအံ့ကလည်း သည်လိုပဲ မဟုတ်လား။ ရွက်ကြမ်းရေကျိုမလေးကိုလည်း သည်လိုပဲ ပြုမူနေတာ မဟုတ်လား။ သူ့ဂုဏ်ရှိန်ဂုဏ်ဝါနဲ့ ချစ်တယ်လို့ ပြောပြီး လှည့်စားပေါင်းသင်း နေတာပဲ မဟုတ်လား။ ထွန်းအံ့မှာ ရွက်ကြမ်းရေကျိုမလေးလို ဘဝတွေ ဘယ်နှယောက်ပိုင်ဆိုင်ခဲ့ပြီလဲ။ ရွက်ကြမ်းရေကျိုမလေးက တွေးရင်းတွေးရင်း ဒေါသဖြစ်လာတယ်။ ထွန်းအံ့ကို စိတ်ရှိတိုင်း ထုရိုက်ပစ်ချင်လာတယ်။ ခုတလော ထွန်းအံ့ အပေါ် ချစ်စိတ်၊ ထွန်းအံ့ အပေါ် တပ်မက်စိတ်၊ ထွန်းအံ့အပေါ် ဒေါသစိတ်ဆိုးစိတ်တွေ ပြင်းထန်လာချိန်မှာပဲ ရွက်ကြမ်းရေကျိုလေးရဲ့ အဒေါ်နဲ့ဦးလေး ပြဿနာ ဖြစ်ကြတယ်။ အဒေါ်နဲ့ထွန်းအံ့ရဲ့ ကြက်ခြံထဲက ကိစ္စတွေကို ဦးလေးက သိသွားတာ။ ဆဲလိုက်တာလည်း မိုးမွှန်ရောပဲ။ အဒေါ်ကလည်း ညစ်တီး ညစ်ပတ် ပြန်အော်တယ်။ ရွက်ကြမ်းရေကျိုလေး အိမ်မှာ မပျော်တော့ဘူး။ ထွန်းအံ့ ကိုလည်း ပိုစိတ်မချဖြစ်လာတယ်။ ဒါနဲ့ပဲ တနင်္ဂနွေ မရောက်ခင် ထွန်းအံ့ကို ခါတိုင်းတွေ့နေကျ ကြက်ခြံတဲကို ချိန်းတယ်။ ကြက်ခြံတဲနဲ့ ရွက်ကြမ်းရေကျိုလေးတို့ အိမ်က ၃ မိုင်လောက်ဝေးတာရယ်၊ အသွားက ဇောတွေနဲ့မို့ သိပ်မမောပေမယ့် အပြန်မှာတော့ အားလုံးမောခဲ့ပြီလေ။ စက်ဘီးကလေး တချောက်ချောက်နဲ့ မနည်း အားတင်း နင်းခဲ့ရတာ။ ထွန်းအံ့ကတော့ ဘာအရေးလဲ။ ဆိုင်ကယ်လေးနဲ့ အသာပြန်ရုံ။ အဲသည်နေ့က ရွက်ကြမ်း ရေကျိုလေး ထွန်းအံ့နဲ့ တွေ့တွေ့ချင်း ရန်တွေ့ဖို့ပဲ။ တောင်းဆိုဖို့ပဲ။ ဒါပေမယ့် ထွန်းအံ့ရဲ့ တောင်းဆိုမှုတွေကို အရင်လိုက်လျောရသေးတာ။ 'ညည်းတို့အမျိုးက မှဲ့ပေါတာကွာ''ညည်းကိုယ်ငွေ့လေးက အနံ့အသက် ကောင်းလိုက်တာ'။ ထွန်းအံ့ရဲ့ သည်လိုစကားတွေလည်း နားထောင်ရသေးတာ။ ဒါနဲ့ပဲ အခြေအနေ ကောင်းမယ်ထင်တာ။ ညနေတိုင်တော့ ထွန်းအံ့က ရွက်ကြမ်းရေကျိုလေးကို လက်မခံနိုင်ဘူးတဲ့။ သူက ဘယ်မိန်းမမှ အတည်မယူနိုင်ဘူးတဲ့။ ရွက်ကြမ်း လေး ငိုတယ်။ ရွက်ကြမ်းလေး ချော့တယ်။ ထွန်းအံ့က ဘယ်ရမလဲ။ ရွက်ကြမ်းလေးက ခြောက်တယ်၊ အော်တယ်။ ထွန်းအံ့က ဘယ်မှုမှာလဲ။ ဒါနဲ့ပဲ မှောင်ရီပျိုးမှာ ရွက်ကြမ်းလေး ပြန်ခဲ့ရတယ်။ တစ်ဘဝလုံး ပုံပြီးချစ်ရသူက လက်မခံနိုင်ဘူးဆိုတော့ ရွက်ကြမ်းလေး ဘာတတ်နိုင်တော့မှာလဲ။ ပိုဆိုးသွားတာက ထွန်းအံ့က ရွက်ကြမ်းလေးနဲ့ တနင်္ဂနွေနေ့ အစီအစဉ်တွေကို ဖျက်လိုက်တာပါပဲ။ ရွက်ကြမ်းလေးရဲ့ အပြန်လမ်းမှာ စက်ဘီးကလေးကို တချောက်ချောက် နင်းလို့။ မျှော်လင့်ချက်တွေ ပျက်စီးသွားမှုမှာ ဘဝပါနာ ခဲ့ရတာ။ အရှက်ပါ ကွဲခဲ့ရတာ။ ဦးလေးနဲ့အဒေါ်က မိုးချုပ်မှ ပြန်ရောက်လာတဲ့ ရွက်ကြမ်းလေးကို 'လင် နောက်လိုက်သွားပြီ အောက်မေ့တာ'တဲ့။ ရွက်ကြမ်းလေး အိမ်မှာ ထပ်ငိုတယ်။ ထွန်းအံ့ တစ်ညတာ ခိုခဲ့ဖူးတဲ့ ခုတင်ပေါ်မှာ ဟိုသည်လူးလိမ့် ငိုတယ်။ ဘာမှ မတတ်နိုင်တော့ဘူး။ အားလုံးလွန်သွားခဲ့ပြီ။ ပြီးသွားခဲ့ပြီ။ ဦးလေးက ထွန်းအံ့ကို စိတ်နာလို့ ဆိုပြီး ကြက်မွေးတာကို ရပ်ပစ်တယ်။ အသီးအနှံတွေ ဖောက်သည် ယူရောင်းတော့ ရွက်ကြမ်းလေးလည်း သီးနှံသည် ဖြစ်ရပြန်ရော။ သည်လိုနဲ့ပဲ သုံးနှစ်သုံးမိုး ကုန်သွားတယ်။ သည်ကြားထဲ အဒေါ်က သေရော။ ချက် ချင်းပိန်ကျသွားပြီး တစ်ကိုယ်လုံး အနာတွေ ပေါက်တယ်။ ဝမ်းတွေမနားတမ်းလျှောပြီး သေရော။ သည်လိုပဲ ထွန်းအံ့နဲ့ နာမည်ကြီးခဲ့တဲ့ မုဆိုးမ ဒေါ်တင်တင်ရီလည်း အဒေ့ါ်လိုပဲ ဖြစ်သေတယ်။ တစ်ခုလပ် ဒေါ်ခင်ဌေးလည်း အဒေ့ါ်လိုပဲ ဖြစ်သေတယ်။ ဒေါ်ခင်ဌေး ထွန်းအံ့နဲ့ တောက်လျှောက် ဆက်ဆံနေတာ။ ထွန်းအံ့နဲ့ မရှင်းမရှင်း ဖြစ်ဖူးသူတချို့ အဲသလို သေသွားကြတော့ မွေးမြူ ရေးရပ်ကွက်လေးက သည်ရောဂါကို 'ထွန်းအံ့' ရောဂါတဲ့။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အပျိုလေးတွေ ဖြစ်တဲ့ (အိမ်ထောင်မကျကြသေးတဲ့) 'ဝိုင်းစုခိုင်'နဲ့ 'ရွက်ကြမ်းလေး'လည်း သည်ရောဂါကို စိုးရိမ်လာကြတယ်။ ရွက်ကြမ်းလေးနဲ့ ထွန်းအံ့ကိစ္စက လူသိပ်မသိပေမယ့် ရွက်ကြမ်းလေး ကိုယ့်ကိုယ်ကိုယ် သိပြီလေ။ တီဗီ၊ ဗီဒီယိုဇာတ်လမ်းတွေထဲမှာ ဒါမျိုးပညာပေးတွေ လာနေပြီ မဟုတ်လား။ သိပ်မကြာပါဘူး။ ထွန်းအံ့လည်း သည်လိုရောဂါ ဖြစ်နေပြီ ဆိုတော့ သက်ဆိုင်သူတွေက တိတ်တိတ်ပုန်း ကြောက်လန့် နေကြရော။ သည်ကြားထဲမှာ ရွက်ကြမ်းလေးက အကြောက်ဆုံး။ ထွန်းအံ့ရဲ့ ချွေးစက်တွေကို မြင်ယောင်လာတယ်။ ထွန်းအံ့ရဲ့ သက်ပြင်းချသံတွေကို ကြားယောင်လာ တယ်။ ထွန်းအံ့ရဲ့ အတွေ့အထိတွေကို သတိရလာတယ်။ ထွန်းအံ့ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေ၊ အငမ်းမရ နိုင်မှုတွေကို ချွေးစီးစီးကျလို့ မြင်ယောင်လာမိတယ်။ ပြင်လို့မရတဲ့ အမှားဆိုတာ ဒါပဲလား။ တစ်ဘဝလုံး ဆုံးရှုံးခဲ့ ရပြီပေါ့။ ထွန်းအံ့ကို ရန်ကုန်က နာမည်ကြီး ပုဂ္ဂလိက ဆေးရုံပို့လိုက်ပြီတဲ့။ ထွန်းအံ့ ခုမနက်ပဲ ဆုံးသွားပြီလို့ သတင်းရောက် ရောက်ချင်းမှာပဲ ရွက်ကြမ်းရေကျိုလေး ချွေးတွေရွှဲခနဲ ထွက်လာတယ်။ တစိမ့်စိမ့် ထွက်လာတဲ့ ချွေးတွေ မဟုတ်ဘဲ သင်္ကြန်ရေပက်ခံ လိုက်ရသလို ချွေးတွေက ရွှဲခနဲ၊ ရွှဲခနဲ ထွက်လာတာ။

            သည်ချွေးတွေက ထွန်းအံ့ရဲ့ ချွေးတွေလို့ ရွက်ကြမ်းလေး တွေးတောရင်းမှာ ပဲ...။

ခေါင်ခါးခါး၊ကလေး၊ 

(အမှတ် ၁၈၂၊ ဇန်နဝါရီ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်