နိုင်ငံတကာ ရုပ်ရှင်

နစ်ကိုးလ်ကစ်ဒ်မဲန်းရဲ့ မင်္ဂလာပွဲ

ရီတာအောင်(NY)

01 June 2026
နစ်ကိုးလ်ကစ်ဒ်မဲန်းရဲ့ မင်္ဂလာပွဲ
Share to

            မင်းသမီး Nicole Kidman နဲ့ ချစ်သူ ကျေးလက်အဆိုတော် Keith Urban တို့ ဇွန်လ ၂၅ ရက်၊ တနင်္ဂနွေနေ့က Sydney မြို့မှာ လက်ထပ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံသူ နီကိုးလ်က ဒီလို မင်္ဂလာဝတ်စုံဖြူဖြူကို ဝတ်ဆင်ကာ မင်္ဂလာပွဲဆင်နွှဲခွင့်ကို ငယ်စဉ်ကတည်းကပင် စိတ်ကူးယဉ်ခဲ့ရတာပါလို့ ဆို၏။

            ယနေ့ အသက် ၃၉ နှစ်အရွယ် နီကိုးလ်ဟာ ယင်းဆစ်ဒနီမြို့၌ ကြီးပြင်းခဲ့တာမို့ ယခုလို ထိုမြို့၌ပင် မင်္ဂလာပွဲ ကျင်းပခြင်းအတွက် မြို့ခံပြည်သူများက အထူးပင် ကျေနပ်ဝမ်းသာကြသည်။ မင်္ဂလာပွဲကို သူမယုံကြည်ရာ Roman Catholic ဘာသာရေးထုံးစံနှင့်အညီ မိဘများ ခြံရံ၍ ကျင်းပခဲ့သည်။

            နီကိုးလ်၏ သူငယ်ချင်း သြစတြေးလျနိုင်ငံသား ဒါရိုက်တာ Baz Luhrmann က 'တကယ်ထူးခြားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ' လို့ ပြောပြခဲ့သည်။ ယင်းဒါရိုက်တာက နီကိုးလ်တို့ မင်္ဂလာပွဲကို အကျအန မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးပေးသည်။ မင်္ဂလာပွဲကို သမိုင်းဝင် Cardinal Cerretti Memorial Chapel ဘုရားကျောင်းတွင် ကျင်းပသည်။ သတို့သားနှင့် သတို့သမီး မင်္ဂလာဆောင်နှင်းပြီးချိန်၊ အကြင်လင်မယားဖြစ်သွားကြပြီဆိုတဲ့ အထိမ်းအမှတ်အဖြစ် ဘုရားကျောင်းမှ ခေါင်းလောင်းများကို ငါးမိနစ်အတွင်း အကြိမ်ပေါင်း ၁ဝဝ ကျော် တီးခတ်ကြလေသည်။ အသစ်စက်စက် မောင်နှံက သြစတြေးလျက ပြည်သူတွေ အားလုံးနှင့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များအား မင်္ဂလာဆုတောင်းများအတွက် ကျေးဇူးတင်တယ်လို့ သတင်းမီဒီယာများကို ဖွင့်ပြောခဲ့သည်။

            နီကိုးလ်ကို ၁၉၆၇ ခုနှစ် ဇွန်လ ၂ဝ ရက်တွင် Hawaii ၌ မွေးဖွားခဲ့သည်။ စိတ်ရောဂါကုဆရာဝန် Antony နှင့် သူနာပြု Janelle တို့မှ မွေးဖွားခဲ့သည်။ သူမ အသက် ၄ နှစ်၌ ဆစ်ဒနီမြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ သတို့သား Keith Urban ကို ၁၉၆၇ ခုနှစ် အောက်တိုဘာ၌ New Zealand နိုင်ငံ Whangarei မြို့တွင် မွေးခဲ့သည်။ သြစတြေးလျသို့ ၂ နှစ်သားလောက်မှာ ပြောင်းရွှေ့အခြေချခဲ့သည်။

            နှစ်ဦးစလုံး သြစတြေးလျပြည်သားများ ဖြစ်ကြပေမယ့် ရေခြားမြေခြား၌ မွေးဖွားခဲ့ကြသည်။ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလက Los Angeles ၌ ကျင်းပသော ညစာစားပွဲတွင် စတင်ဆုံတွေ့ခဲ့သည်။ ၄င်းတို့ ချစ်သူဘဝ၌ပင် ကိသ်၏မိခင် Marienne က 'နီကိုးလ်က ကျွန်မအဖို့ လှပတဲ့ ချွေးမလောင်းလေးပါပဲ။ သူတို့နှစ်ယောက် သိပ်လိုက်ဖက်တာပဲ' လို့ ဆိုခဲ့၏။ ကိသ်၏ မန်နေဂျာဟောင်း Anastasia Brown က 'ကိသ်နဲ့ ကျွန်တော် ၁၉၉၄ ကတည်းက အလုပ်တွဲလုပ်ခဲ့တာ၊ သူ ဒီလောက်ပျော်နေတာ တစ်ခါမှ မမြင်ဖူးဘူး'လို့ ပြောပြသည်။

            အားလုံးမျှော်လင့်ထားကြသလို သြစတြေးလျမှာရော၊ ဟောလိဝုဒ် အသိုင်းအဝိုင်းမှာပါ ၂ဝဝ၆ ခုနှစ်ရဲ့ အထင်ကရ မင်္ဂလာပွဲအဖြစ် အသိအမှတ်ပြုကြသည်။ မင်္ဂလာပွဲသို့ သတို့သမီးကား လာရာလမ်း တစ်လျှောက် လမ်းဘေးဝဲယာတွင် ပရိသတ်များက သောင်းသောင်းဖြဖြ ကြိုဆိုနေကြသလို၊ ညနေစောင်း ကောင်းကင်ပေါ်တွင် ရုပ်သံရိုက်ကူးနေသော ဟယ်ရီကော့ပတာများ ပျံဝဲနေလေသည်။

            X-Men ရုပ်ရှင်နှင့် Broadway ဂီတသံစုံ ပြဇာတ်စတား Hugh Jackman က ညနေ ၄ နာရီ ၁၅ မိနစ်လောက်ကတည်းက ဧည့်ခံပွဲ ကျင်းပရာသို့ ကြိုတင်ရောက်နေသည်။ မင်္ဂလာပွဲအတွက် ၄င်းမင်းသားက သီချင်း သီဆိုဖျော်ဖြေပေးသည်။ သတို့သားက ၄ နာရီခွဲ၌ အနက်ရောင်ဝတ်စုံပြည့်ဖြင့် ရောက်လာသည်။ ၄င်းကားပေါ်တွင် Best Man အဖြစ် ကူညီမည့် ညီ Shane တူတော်မောင် Black တို့ အစောင့်အရှောက်များ ခြံရံ၍ နက်ပြာရောင် BMW 4x4 ကားဖြင့် ဆိုက်ရောက်လာသည်။

            အားလုံးတွေ့မြင်ချင်တဲ့ သတို့သမီး နီကိုးလ်က ၄ နာရီ ၂ဝ မိနစ်လောက်မှာမှ Darling Point နေအိမ်မှ ထွက်ခွာလာသည်။ ယင်းအိမ်တွင် ခင်ပွန်းဟောင်း Tom Cruise နှင့်အတူ နေထိုင်ခဲ့ဖူးသည်။ နီကိုးလ်နှင့် ဖခင် စီးနင်းလိုက်ပါလာတဲ့ ဆင်စွယ်ရောင် Rolls-Royce ကားကြီး ဘုရားကျောင်းရှေ့မှာ ရပ်တော့ ပရိသတ် ၁ဝဝဝ ကျော်ခန့် စုရုံးကာနေသည်။ ကားပေါ်က ဆင်းလာတဲ့ သတို့သမီးကို စိတ်လှုပ်ရှားနေတဲ့ အပြုံးလေးဖြင့် တွေ့ကြရသည်။ ဒီဇိုင်နာ Nicolas Ghesquiere ၏ လက်ရာ ဆင်စွယ်ရောင်ပိုးနှင့် ဇာစတွဲစပ်ချုပ်ထားသည့် ဝတ်စုံဖြင့် သတို့သမီးက လှပနေလေသည်။ ပခုံးတစ်ဖက်တည်းသာရှိပြီး လက်ဖောင်းပြေပြေလေးဖြင့် ဖန်တီးထားသည့် ဝတ်စုံမှာ ပြင်သစ်နိုင်ငံ Balenciaga ကုမ္ပဏီမှ လေယာဉ်ဖြင့် သယ်ဆောင်လာရသည်။

            မင်္ဂလာပွဲမတိုင်ခင် နီကိုးလ်က သူမ၏ အိမ်တွင် Personal Trainer ဖြင့် ကိုယ်ခန္ဓာလှပအောင် လေ့ကျင့်ထားသည်။ Stylist L'Wren Scott ကိုယ်တိုင် နီကိုးလ်အား မင်္ဂလာဝတ်စုံ ဆင်ယင်ပေးသည်။ ယင်းစတိုင်လ်လစ်ကလည်း အဆိုတော် Mick Jagger နှင့် မကြာခင် လက်ထပ်ပွဲ ကျင်းပဖို့ ပြင်ဆင်နေသည်။ နီကိုးလ်၏ ဆံကေသာကို Kerry Warn ဆိုသူ သြစတြေးလျ Hair Stylist က ဖန်တီးပေးသည်။ မိတ်ကပ်အတွက် Angela Levin က တာဝန်ယူသည်။ လက်ကိုင်ပန်းအဖြစ် အဖြူရောင်နှင်းဆီပန်းပွင့်နှင့် နီညိုရောင် နှင်းဆီဖူးတို့ကို အသုံးပြုထားသည်။

            နီကိုးလ်တို့ကားနောက်က အခြား Rolls-Royce ကားပေါ်တွင် နီကိုးလ်၏ ညီမ Antonia နှင့် နီကိုးလ်၏ မွေးစားသမီး Isabella (၁၃ နှစ်)တို့ လိုက်ပါလာသည်။ သမီး အစ်(စ်)ဘဲလာ၊ တူမတော် Lucia နှင့် ညီမ အန်းတိုးနီးယားတို့က သတို့သမီးအရံများ လုပ်ကြသည်။ လမ်းဘေးမှ ပရိသတ်များ မြင်ခွင့်ရအောင် နီကိုးလ်က ကားမှန်တံခါးများ ချပေးထားသည်။ နီကိုးလ်ကို စိတ်ဝင်တစား ချစ်ခင်တဲ့ ပရိသတ်က ကားအနား တိုးကပ်ကြည့်ဖို့ ကြိုးစားရာ လုံခြုံရေးသမားတွေလည်း အတင်းအကျပ် ထိန်းသိမ်းမထားနိုင်တော့ပေ။

            အော်စကာဆုပိုင်ရှင် မင်းသမီးကိုယ်တိုင် သူမစိတ်တွေ လှုပ်ရှားနေပါတယ်လို့ ဝန်ခံသည်။ ကားပေါ်ကနေ ပရိသတ်ကို ပြုံးပြ၊ လက်ဝှေ့ယမ်းပြနှင့် နီကိုးလ်မှာလည်း အနားမနေရပေ။ နီကိုးလ်၏ မွေးစားသား Conor (၁၁ နှစ်)ကလည်း သတို့သား အရံအဖြစ် ပါဝင်ခဲ့သည်။ မင်္ဂလာပွဲသို့ မိသားစုနှင့် သူငယ်ချင်း မိတ်ဆွေပေါင်း ၂၃ဝ လောက် တက်ရောက်လာသည်။ မင်္ဂလာ မောင်နှံအား နီကိုးလ်တို့ မိသားစုနှင့် ရင်းနှီးသော Father Paul Coleman က လက်ထပ်ပေးသည်။ ယင်းမင်္ဂလာပွဲ ကျင်းပသည့် ဘုရားကျောင်းမှာ ပစိဖိတ်ကမ်းခြေ၌ တည်ရှိသည်။

            ကြွရောက်လာသော ဧည့်သည်များမှာ မင်းသား Hugh Jackman နှင့် ဇနီး Deborra Lee Furness ၊ မင်းသမီး Naomi Watts, Renee Zellweger ၊ နီကိုးလ်ကို Moulin Rouge ၌ ထည့် သွင်းရိုက်ကူးခဲ့သူ ဒါရိုက်တာ Baz Luhrmann ၊ မင်းသား Russell Croweနှင့် ဇနီးချော Danielle Spencer ၊ သူဌေးကြီး Rupert Murdoch နှင့် ဇနီး Wendi Deng စသဖြင့် ဖြစ်သည်။ ဖခင်၏လက်ကို တွဲ၍ သတို့သားဆီ လှမ်းလာချိန်၌ ဆစ်ဒနီမှ Symphony Orchestra တီးဝိုင်းက တီးခတ်ပေးသည်။ မင်းသား ဟု(ဂျ်)ဂျက်မန်းက Peter Allen ၏ Tenterfield Saddler သီချင်း သီဆိုခဲ့သည်။

            လက်ထပ်ပွဲကို အချိန်အကြာကြီးဆွဲ၍ မလုပ်ခဲ့ပေ။ ပြင်ဆင်မှုကိုသာ တခမ်းတနား လုပ်ပေးထားပြီး လက်ထပ်ခြင်းအခမ်းအနားကို မိနစ် ၄ဝ သာ အချိန်ယူခဲ့သည်။ ပွဲတက်ခဲ့တဲ့ ပရိသတ်တစ်ဦးက 'သိပ်လှပတဲ့ ပွဲတစ်ပွဲပဲ။ နီကိုးလ်ရဲ့ ဇာစကလေး လေထဲမှာ လွင့်မျောနေလိုက်တာ ဖြူဖြူဖွေးဖွေးလေး၊ နီကိုးလ် လမ်းလျှောက်လာတာကို ကိသ်က စိုက်ကြည့်ပြီး ငိုတယ်လေ။ နီကိုးလ်ကိုယ်တိုင်လည်း ဝမ်းသာမျက်ရည်တွေနဲ့။ မျက်နှာမှာ အုပ်မိုးထားတဲ့ ဇာစအောက်က မျက်ရည်တွေ သုတ်ပစ်နေရတယ်။ နီကိုးလ်ရဲ့ မျက်နှာပေါ်က ဇာစကို ပင့်မပြီး ကိသ်က နမ်းလိုက်တဲ့အချိန်မှ ရုတ်တရက် ပရိသတ်က စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားတယ်။ ပြီးမှ ဝမ်းသာအားရ အားပေးအော်ဟစ်သံတွေ ညံညံစာစာ ထွက်ပေါ်လာတော့တယ်။ ဘာနဲ့တူသလဲဆိုတော့ ဘောလုံးပွဲကြည့်နေရတဲ့အတိုင်းပဲ၊ ဟိုက တစ်မျိုးအော်လိုက်၊ ဒီဘက်က တစ်မျိုးအော်လိုက်နဲ့ပေါ့။

            'သတို့သားနဲ့ သတို့သမီးကတော့ ဒီဘုရားကျောင်းကြီးတစ်ခုလုံးမှာ သူတို့ နှစ်ယောက်တည်းပဲ ရှိနေသလား ထင်ရတယ်။ သူတို့ သိပ်ချစ်ကြတယ်။ တကယ် ထူးခြားပျော်ရွှင်ဖို့ကောင်းတဲ့ မင်္ဂလာပွဲပါပဲ' တဲ့။ မင်္ဂလာဧည့်ခံပွဲ ညစာစားပွဲအတွက် အနီရောင်နှင့် အဖြူရောင် နှင်းဆီပန်းပေါင်း တစ်သိန်းခွဲခန့် အသုံးပြုခဲ့ရာ ပန်းဖိုးချည်း ဒေါ်လာ လေးသိန်းခန့် ကုန်ကျသည်။ အစားအစာများမှာ Tuna ငါး၊ Tanmannian Salmon ငါး၊ သိုးသား၊ ကြက်သားတို့ ဖြစ်ပြီး Raspberry ဖြင့် ပြုလုပ်ထားသော အချိုမုန့်များ ပါဝင်သည်။ နီကိုးလ်က စတော်ဘယ်ရီနှင့် မတည့်၍ ဘယ်မုန့်ကိုမှ စတော်ဘယ်ရီ မသုံးခဲ့ပေ။

            နီကိုးလ်က ခင်ပွန်းဟောင်း Tom Cruise နှင့် မကြာခင် လက်ထပ်တော့မည့် ချစ်သူ Katie Holmes တို့ကိုလည်း ဖိတ်ကြားခဲ့သော်ငြား မတက်ရောက်ကြပေ။ ၄င်း၏အမေ Cass Mapother ကတော့ မင်္ဂလာပွဲသို့ ရောက်ရှိလာသည်။ တွမ်က မင်္ဂလာလက်ဖွဲ့တော့ ပေးလိုက်လေသည်။ ချစ်ဇနီး နီကိုးလ်အတွက် ကိသ်၏ လက်ဆောင်မှာ စာရေးဆရာမ Emily Bronte ၏ ပထမဦးဆုံးလက်ရာ ဝတ္ထု Wuthering Heights ဖြစ်သည်။ ရှေးဟောင်းပစ္စည်းများ ရောင်းဝယ်၊ လေလံတင် ရောင်းချသည့် Sotheby လေလံကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုအတွင်း အဝယ်ခိုင်းရာ ဒေါ်လာ နှစ်သိန်း ပေးရသည်။

            မင်္ဂလာပွဲတွင် အဆိုတော် Neil Finn ကလည်း Fall at Your Feet သီချင်း သီဆိုပေးသေးသည်။ သတို့သားကိုယ်တိုင်က Making Memories of Us သီချင်းဖြင့် နီကိုးလ်အတွက်ရည်ရွယ်၍ သီချင်းဆိုပေးသည်။ နီကိုးလ်နှင့် ကိသ် ချစ်သက်တမ်း ၁၈ လအတွင်း ကိသ်သီဆိုခဲ့သော "Making Memmories of Us" နှင့် "You're My Better Half" သီချင်းတို့ များစွာ အောင်မြင်ကျော်ကြားခဲ့သည်။ သတို့သားရော၊ သတို့သမီးပါ မင်္ဂလာပွဲဆင်နွှဲဖို့ Shanghai မှ ဆစ်ဒနီသို့ ပြန်လာကြသည်။ Father Coleman မှာ နီကိုးလ်တို့နှင့် နှစ်ပေါင်း ၃ဝ ကျော် ရင်းနှီးခဲ့ပြီး ပထမအိမ်ထောင် တွမ်နှင့် ကွဲစက စိတ်ထောင်းကိုယ်ကြေ ခံစားခဲ့ရရှာသူ နီကိုးလ်ကို ဖျောင်းဖျတရားပြခဲ့ရသေးသည်။ သတို့သားနှင့် သတို့သမီးအား လွယ်ကူရိုးသားမှုတွေကိုပဲ ဖက်တွယ်ဆုပ်ကိုင်ဖို့ ကျင့်သုံးဖို့ ဆုံးမခဲ့သည်။ ဒါ့အပြင် တစ်ယောက်နှင့် တစ်ယောက် နေ့စဉ် ကြင်နာစွာ အနမ်းဖလှယ်ဖို့၊ I Love You လို့ နှစ်ပေါင်း ၂ဝ ပေါင်းသင်းပြီးရင်တောင် နေ့တိုင်း မကြာခဏ ပြောဖြစ်ဖို့ သတိပေးသွားလေသည်။

▀

ရီတာအောင်(NY)

(အမှတ် ၂၀၃၊ အောက်တိုဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
အာဖရိကန် လူမည်းကလေးကိုးမွေးစားတဲ့ မဒေါနား
ရီတာအောင် (NY)

အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...

နိုင်ငံတကာ ရုပ်ရှင်
...
ပြည်ပခရီးမှာ ချစ်ကြည်နူးတဲ့သူနှစ်ဦး
ဇာနည်ညိမ်း

ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...

နိုင်ငံတကာ ရုပ်ရှင်
...
ဘရစ်တနီစပီးယားစ်ရဲ့ သားကြီးရှောင်ပရက်စတန်ရဲ့ တစ်နှစ်ခရီး
ဇာနည်ညိမ်း

သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...