နိုင်ငံတကာ ရုပ်ရှင်

ပြန်လည်ခေတ်စားလာပြီဖြစ်တဲ့ “သူငယ်ချင်းများ”ဇာတ်လမ်းတွဲ

ရွှေသီရိခေတ်

27 August 2024
ပြန်လည်ခေတ်စားလာပြီဖြစ်တဲ့ “သူငယ်ချင်းများ”ဇာတ်လမ်းတွဲ
Share to

၁၉၉၄ ခုနှစ်မှာ ဒေးဗစ် ကရိန်းနှင့် မာတာ ခပ်ဖ်မန်း တို့ဖန်တီးထုတ်လွှင့်ခဲ့တဲ့ “Friends” မြန်မာလို “သူငယ်ချင်းများ” လို့ ခေါ်တဲ့ ဟာသဇာတ်လမ်းတွဲလေးဟာ အခု တစ်ဖန် ပြန်လည်ခေတ်စားလာနေပါပြီ။ အခန်းဆက် ၁၀ ခုရှိပြီးတော့ အပိုင်းပေါင်း ၂၃၆ ပိုင်းပါရှိတဲ့ ဒီဇာတ်ကားလေးဟာ နယူးယော့ခ်မြို့မှာ နေထိုင်နေတဲ့ သူငယ် ချင်းခြောက်ယောက်နဲ့ သူတို့ရဲ့ ငယ်ဘဝ၊ အချစ်ရေးဘဝ၊ လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဟာသလေးတွေ၊ ပျော် စရာ၊ ဝမ်းနည်းစရာ၊ ပညာရစရာအဖြစ် အပျက်လေးတွေနဲ့ အသက် ၃၀ ကျော်လာတဲ့အခါမှာ သူတို့ကြုံတွေ့ရတဲ့ ဘဝအတွေ့အကြုံဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တွေ့ကြုံခံစားရမှုလေးတွေကို ရသမြောက်မြောက် ဖန်တီးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ အဓိကဇာတ်ကောင်ခြောက်ယောက်ပါဝင်ပြီး သူတို့ တွေကတော့ မောနီကာ ဂယ်လ်လာ ( Mornica Geller)၊ ရော့စ် ဂယ်လ်လာ (Ross Geller)၊ ချန်ဒလာ ဘင်ဂ် (Chandler Bing)၊ ဂျိုးဆက်ဖ် ထရီဘီယာနီ (Joseph Tribbiani)၊ ဖီးဘီ ဘူဖေး (Phoebe Buffay)၊ နဲ့ ရေချယ်လ်ဂရင်း (Rachel Green) တို့ ဖြစ်ပါတယ်။

ကော့တနီ ကော့စ်ခ် (Courteney Cox) သရုပ်ဆောင်တဲ့ မောနီကာ ဂယ်လ်လာ (Mornica Geller) က ရော့စ်ဂယ်လ်လာ(Ross Geller)ရဲ့ တစ်ဦးတည်းသော ညီမလေး ဖြစ်ပြီး သူက သူတို့ သူငယ်ချင်းအုပ်စုမှာ မိခင်ပုံစံမျိုးလေး ဖြစ်နေပါတယ်။ သူမက သိပ်ကို စေ့စပ်သေချာမှုကို သဘောကျပြီး၊ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တယ်။ ဒါ့အပြင် OCD (obessive-compulsive disorder)လည်း ရှိတဲ့အတွက် သူမရဲ့ အပြုအမူတွေက တစ်ခါတစ်ရံမှာတော့ ဆရာကြီးလုပ်သလို ထင်ခံရတတ်ပါတယ်။  သူမက ငယ်စဥ်က ကိုယ်အလေးချိန်များခဲ့တဲ့အတွက်ကြောင့်၊ သူမ မိခင် ရဲ့ မထိတစ်ထိ ကဲ့ရဲ့အပြစ်ဆိုမှုတွေ ကြုံခဲ့ရပြီး မိဘတွေက ပညာတော်တဲ့ သူ့မရဲ့ အစ်ကိုကို ဦးစားပေး ဘက်လိုက်မှုတွေကြောင့်လည်း စိတ်ဒဏ်ရာရခဲ့ရသူဖြစ်ပါတယ်။ ဒီစိတ်ဒဏ်ရာ ကြောင့် သူမက ပါတီတွေ၊ ညစာစားပွဲတွေ ကျင်းပတဲ့အခါမှာ ပုံမှန်ထက် ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်တတ်ပြီး၊ လူတိုင်းက သူမကိုသဘောကျအောင် သူမကို သူမ ပုံမှန်ထက်ပိုပြီး အပင်ပန်းခံ ကြိုးစားတတ်တဲ့ အကျင့်လေးတွေကိုလည်း ဒီဇာတ်လမ်းတွဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒေးဗစ် စကွင်းမ်မား (David Schwimmer) သရုပ်ဆောင်ထားတဲ့  မောနီကာ ဂယ်လ်လာ (Mornica Geller) ရဲ့  အကို “စာကျပိုး”ရော့စ် ဂယ်လ်လာ (Ross Geller) ကတော့ PHD ဘွဲ့ရ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်ပြီး အမေရိကရဲ့ သဘာဝသမိုင်းပြတိုက်မှာ အလုပ်လုပ် ကိုင်နေသူဖြစ်တယ်။ နောက်ပိုင်းမှာတော့ နယူးယော့ခ် တက္ကသိုလ်မှာ နိခါတကဘာသာရပ်ကို သင်ကြားတဲ့ ပါမောက္ခတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်တာကို တွေ့ရမှာပါ။ ရော့စ်ဂယ်လ်လာ (Ross Geller)ကတော့ ငယ်စဥ်ကတည်းက မိဘတွေက ဦးစားပေးအလိုလိုက်ခံရမှုကြောင့် တစ်ခါ တလေမှာ ကလေးစိတ်မပျောက်သေးဘဲ ခေါင်းမာတတ်၊ အလိုက်ကမ်းဆိုးမသိတတ်တဲ့ အမူ အကျင့်လေးတွေ ရှိတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အစမှာတော့ ရော့စ် ဂယ်လ်လာ (Ross Geller)က သူ့ရဲ့ဇနီးက လိင်တူကြိုက်နှစ်သက်သူဖြစ်တာကိုသိရှိပြီး ကွာရှင်း ပြတ်စဲဖို့ရာ ပြုလုပ်နေတာကို ကြည့်ကြရမှာပါ။

မတ်သရူး ပယ်ရီ (Matthew Perry) သရုပ်ဆောင်ထားတဲ့ ချန်ဒလာ ဘင်ဂ် (Chandler Bing)ကတော့ နိုင်ငံမျိုးစုံမှာ အခြေစိုက်လည်ပတ်နေတဲ့ အကြီးစားကုမ္ပဏီကြီးရဲ့ စာရင်းဇယား ဆိုင်ရာစိစစ်ချက်နှင့် သတင်းအချက်အလက် ပြန်လည်တည်ဆောက်ရေးကဏ္ဍက စီမံခန့်ခွဲသူ တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူ့အလုပ်ကို သူ မုန်းကြောင်း ခဏခဏ ပြောလေ့ရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ချန်ဒလာ ဘင်ဂ် (Chandler Bing) ကတော့ ငယ်စဥ်က သူ့မိဘတွေရဲ့ အိမ်ထောင်ရေးအဆင်မပြေမှု တွေကြောင့် အများဆိုင်အထိမ်းအမှတ်နေ့အားလပ်ရက်တွေကို မုန်းလေ့ရှိပြီး သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သတ်လာတဲ့အခါမှာလည်း တစ်ယောက်ဆိုတစ်ယောက် စွဲစွဲမြဲမြဲတွဲဖို့အတွက် အခက်အခဲရှိတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သူက ငယ်စဥ် ကလေးဘဝက ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် စိတ်သက်သောင့်သက်သာ မရှိတဲ့အခါ မှာ ဟာသတွေ ပြောတတ်ဆိုတတ်လုပ်တတ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။  နောက်ပိုင်းမှာ တော့ သူက မော်နီကာ ဂယ်လ်လာနဲ့ လက်ထပ်သွားပြီး သူ့ရဲ့ ကြောက်စိတ်တွေကို သူချစ်ရတဲ့သူ အတွက် အကောင်းဆုံးကြိုးစားကျော်ဖြတ်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။

မတ် လီဘလန့်ခ် (Matt LeBlanc) သရုပ်ဆောင်တဲ့ ဂျိုးဆက်ဖ် ထရီဘီယာနီ (Joseph Tribbiani) ကတော့ မိန်းကလေးတွေကြားမှာ ရေပန်းစားပြီး မိန်းမရှုပ်တတ်တဲ့ တက်သစ်စ သရုပ်ဆောင်တစ်ဦးအဖြစ် မြင်ကြရမှာဖြစ်ပြီး ချန်ဒလာ ဘင်ဂ် (Chandler Bing) ရဲ့ အခန်းဖော် သူငယ်ချင်းဖြစ်ပါတယ်။ သူကတော့ အစားအသောက်မက်ပြီး ကလေးဆန်တဲ့ ခပ်တုံးတုံးဖြစ်ပေမဲ့ သူငယ်ချင်းနဲ့ မိသားစုအတွက်ဆိုရင်တော့ အမြဲတမ်း အားကြိုးမာန်တက် ထောက်ပံ့ပေးပြီး ခိုင်ခိုင်မာမာရပ်တည်ပေးတဲ့ သူမျိုးဖြစ်ပါတယ်။ သူကတော့ နောက်ပိုင်းမှာ “Days of our life” “ငါတို့ရဲ့ နေ့ရက်များဆိုတဲ့” ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ဆရာဝန် ဒရိတ်ခ် ရမောရေ (Drake Remoray) အဖြစ် သရုပ်ဆောင်ရာကနေ တဖြည်းဖြည်း နာမည်ရစပြုလာခဲ့တာကို တွေ့ရပါ တယ်။ ဒါ့အပြင် သူက သူ မအောင်မြင်ခင်က သူ့အတွက် အနွံအတာခံ ငွေကြေးစားဝတ်နေရေးက အစ မပူရအောင် သူ့ကို အစစအရာရာ ထောက်ပံ့ပေးခဲ့တဲ့ သူ့သူငယ်ချင်း ချန်ဒလာ ဘင်ဂ် (Chandler Bing) အပေါ်ကိုတော့ သံယောဇဥ်အတွယ်ဆုံးနဲ့ သစ္စာအရှိဆုံးဖြစ်ပါတယ်။

လီဆာ ခူဒရို (Lisa Kudrow) သရုပ်ဆောင်တဲ့ ဖီးဘီ ဘူဖေး (Phoebe Buffay) ကတော့ အဖွဲ့ရဲ့  လျှို့ဝှက်ဆန်းကြယ်တဲ့ ထူးဆန်းတဲ့သူဖြစ်ပါတယ်။ သူကတော့ မောနီကာ ဂယ်လ်လာ ( Mornica Geller)ရဲ့ အခန်းဖော်ဟောင်းဖြစ်ပြီး အနှိပ်သည်အဖြစ် အလုပ်လုပ်ရင်း အားလပ်ချိန် တွေမှာတော့ Central Park ကော်ဖီဆိုင်မှာ သူမရဲ့ တစ်မူထူးခြားတဲ့ သီချင်းတွေနဲ့ အပျော်တန်း ဆိုလေ့လည်းရှိပါတယ်။ သူမမှာ သူမနဲ့ ရုပ်ချင်းတူတဲ့ အမြွှာအစ်မ အာဆူလာ (Ursula) ရှိပြီး သူမရဲ့ပထွေး ထောင်ကျပြီးနောက် သူမရဲ့ မွေးမိခင်နဲ့ အတူနေဖြစ်ခဲ့ပြီး သူမရဲ့မိခင် သတ်သေ သွားပြီးတဲ့နောက်မှာတော့ သူမလမ်းပေါ်မှာ အိမ်ရာမဲ့အဖြစ် နေထိုင်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါ တယ်။ သူမက ထူးခြားဆန်းပြားတာတွေကိုသဘောကျတတ်ပြီး သမိုင်းကြောင်း နက်နဲတာတွေ ကိုလည်း သဘောကျတတ်သူဖြစ်ပါတယ်။ ဒါ့အပြင် သူမက တိရိစ္ဆာန်တွေအပေါ်မှာလည်း အလွန် ချစ်တတ် ညှာတာတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီအဖွဲ့ဝင်ရဲ့ နောက်ဆုံးကျန်တဲ့သူဖြစ်တဲ့ ဂျန်နီဖာ အန်နီစတန် (Jennifer Aniston) သရုပ်ဆောင်ထားတဲ့ ရေချယ်လ် ဂရင်း (Rachel Green) ကတော့ မိဘက အလိုလိုက်ခံထားရတဲ့ သူဌေးသမီးလေးဖြစ်ပါတယ်။ ဒါပေမဲ့ သူမက သူမ မချစ်တဲ့သူနဲ့ လက်မထပ်ချင်တဲ့အတွက် သူမမိဘအရိပ်ကနေ အားတင်းထိုးထွက်ခဲ့ပြီး စားပွဲထိုး အလုပ်ကိုလုပ်ရင်း မောနီကာ ဂယ်လ်လာ (Mornica Geller) ရဲ့ အခန်းဖော်အဖြစ်နဲ့ သူမရဲ့ ဘဝကိုစတင်ပြောင်းလဲခဲ့သူဖြစ်ပါတယ်။ နောက် ပိုင်းမှာတော့ သူမရဲ့ ကြိုးစားမှုကြောင့် Ralph Lauren ဆိုတဲ့ ဖက်ရှင်ကုမ္ပဏီကြီးမှာ စျေးဝယ်သူ အဖြစ် လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ခြုံငုံပြောဆိုရမယ်ဆိုရင်တော့ ဒီဇာတ်ကားက အသက် ၂၀ ကျော်အရွယ်မှာ သူတို့သူငယ်ချင်းတွေက အခက်အခဲ အတားအဆီး အမျိုးမျိုးတွေကို ကြုံတွေ့ခဲ့ရပြီး အမှားတွေ လည်း လုပ်ခဲ့ကြပုံကို ထင်ရှားအောင်ပြသထားပါတယ်။ သူတို့ရဲ့ အပြုအမူ၊ ဖြစ်ရပ်များအပေါ် တုံ့ပြန်မှုတွေက သူတို့ငယ်ဘဝအတွေ့အကြုံတွေနဲ့ ချိတ်ဆက်နေပုံတို့ကို မြင်သာအောင် ဖော်ပြ သွားပြီး သူတို့ရဲ့ ချစ်ရသူတွေအတွက် သူတို့ရဲ့ ခေါင်းမာမှုတွေ၊ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ မာနတွေကို သူတို့ ဘယ်လိုကြိုးစား ကျော်ဖြတ်ခဲ့ပုံ၊ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ၊ ဘယ်လို တွေပဲ ရန်ဖြစ်ဖြစ် သူတို့ တစ်ယောက်အပေါ်တစ်ယောက် ဘယ်တစ်ခါမှ ခင်မင်မှု၊ ယုံကြည်မှု မပျောက်ဘဲ သူတို့ရဲ့ခင်မင်မှုကို ပိုမိုခိုင်မြဲအောင် ပြုလုပ်သွားပုံတို့ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သူတို့တွေ အသက် ၃၀ ကျော်လာတဲ့အခါမှာတော့ သူတို့တွေရဲ့ တည်ငြိမ်ရင့်ကျက်လာ ပုံ အနာဂတ်အတွက် စဥ်းစားကာ၊ သူတို့ ဘဝခရီးအတွက် ပြင်ဆင်လာပုံ၊ သူတို့ ကိုယ်ပိုင် မိသားစုလေးတွေ ဖွဲ့စည်းလာပုံနဲ့ မိသားစုမရှိသေးသူတို့ရဲ့ မပြောင်းလဲလို စိတ်၊ နောက်ကျန်ခဲ့မှာ စိုးရိမ်စိတ်တို့ကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့အားလုံး မိသားစုကိုယ်စီ နဲ့ ရင့်ကျက်အခြေကျ တည်ငြိမ်လာကြပြီး သူတို့ ဆုံနေကျ ကော်ဖီဆိုင်လေးမှာပဲ အတူထိုင်ရင်း သူတို့ရဲ့ အရင်က ဘဝအကြောင်းတွေ၊ လက်ရှိကာလအကြောင်းတွေ၊ အနာဂတ်အကြောင်းတွေ ကို ပုံမှန်တွေ့ဆုံပြောဆိုနေကြရင်း သူတို့ဘဝကို အကောင်းဆုံးနဲ့ အပြည့်စုံဆုံး နေထိုင်သွားပြီး အရာရာကို ကြံ့ကြံ့ခံနိုင်တဲ့ ခင်မင်မှုတစ်ခုကို တည်ဆောက်သွားပုံတွေ့ရမှာဖြစ်ပါတယ်။

ရွှေသီရိခေတ်


Related Articles

နိုင်ငံတကာ ရုပ်ရှင်
...
ဘီယွန်းစ်နိုးလ်စ်
ရီတာအောင် (NY)

'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...

နိုင်ငံတကာ ရုပ်ရှင်
...
ချစ်တော့ ချစ်တယ် ဒါပေမယ့်...
ဘို

'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...

နိုင်ငံတကာ ရုပ်ရှင်
...
ဂျပန်မှာလေးကြိမ်မြောက်လက်ထပ်တဲ့ လီဆာမာရီ ပရက်စလေ
ရီတာအောင်(NY)

ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။