နိုင်ငံတကာဂီတ

ဒေးဗစ်ခရော့စ်ဘီ သို့မဟုတ် မမေ့နိုင်သောအသံရှင်

ဘို

27 August 2024
ဒေးဗစ်ခရော့စ်ဘီ သို့မဟုတ် မမေ့နိုင်သောအသံရှင်
Share to

            အသက် ၇၇ နှစ်အရွယ်အထိ ဒေးဗစ်ခရော့စ်ဘီဟာ လေ့လာသင်ယူနေဆဲပါပဲလို့ ဆိုခဲ့ပါတယ်။ သူနဲ့ပတ်သက်ပြီး နောက်ထပ် မေ့နိုင်စရာမရှိတဲ့ အချက်ကတော့ သူ ဒီအချိန်အထိ အသက်ရှင်အောင် ဘယ်လိုနေထိုင်ခဲ့သလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ Rock & Roll Hall of Fame ကို နှစ်ကြိမ်ဆုရခဲ့ဖူးတဲ့ ဒေးဗစ်ခရော့စ်ဘီဟာ ဆေးစွဲခဲ့သူဖြစ်ပြီး ထောင်လည်းကျခဲ့ဖူးတယ်။ နှစ်ပေါင်းလေးဆယ်ကျော် ဂီတသမားအဖြစ် အောင်မြင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ သူပါဝင်ခဲ့တဲ့ တေးဂီတအဖွဲ့တွေ ကတော့ Crosby, Still, Nash နဲ့ Yong အဖွဲ့များ ဖြစ်ပါတယ်။ သူ့မှာကျန်းမာရေးနဲ့ ပတ်သက်ပြီး ချို့ယွင်းချက်တွေ အများကြီးရှိတဲ့အထဲက ကျောက်ကပ် မကောင်းတဲ့ပြဿနာ၊ ဆီးချိုပြဿနာ၊ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ အဲဒီလို ကျန်းမာရေး ပြဿနာများစွာထဲက သူဘယ်လို အသက်ရှည်ရှည် နေရမယ်ဆိုတာကို နားလည်တဲ့ သူတစ်ယောက်အဖြစ် မှတ်တမ်းတင်ရပါလိမ့်မယ်။ 'ကျွန်တော့်ဘဝမှာ ဂီတဟာ အရေးအကြီးဆုံးပါပဲ။ ဂီတအတွက် ကျွန်တော် အသက်ရှင်ဖို့လိုပါတယ်။ အဲဒီစိတ်ဓာတ်နဲ့ပဲ ကျွန်တော် အသက်ရှည်အောင် ကြိုးစားခဲ့တာပါ။ ဒါဟာ ကျွန်တော်ပေးဆပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်' လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က ဆိုရင် ခရော့စ်ဘီဟာ အောင်မြင်ကျော်ကြားတဲ့ အယ်လ်ဘမ် ၄ ချပ် ထုတ်နိုင်ခဲ့ပါတယ်။ အခုလည်း နောက်တစ်ချပ် ထုတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ အပြင်းအထန်ကြိုးစားအားထုတ်မှုဟာ တစ်ချက်ချက်မြည်သံပေးပြီး ရွေ့လျားနေတဲ့ နာရီနဲ့အပြိုင်ပါပဲ။ 'အချိန်ဆိုတာ အင်မတန်ခွန်အားကြီးပါတယ်။ ငွေတို့၊ ပါဝါတို့နဲ့ မယှဉ်နိုင်လောက်အောင် ကြီးမားတဲ့ခွန်အားပါ'လို့လည်း ခရော့စ်ဘီက ဆိုပါတယ်။

            ခရော့စ်ဘီရဲ့ ကြမ်းတမ်းလှတဲ့ဘဝနဲ့ လက်ရှိဘဝအကြောင်းကို မှတ်တမ်း ရုပ်ရှင်ကားအဖြစ် Remember My Name ဆိုတဲ့ နာမည်နဲ့ ဒါရိုက်တာ A.J Eaton က ရိုက်ကူးပြီး Cameron Crowe က ထုတ်လုပ်ဖို့ စီစဉ်နေပါပြီ။ ဒီရုပ်ရှင် ကားထဲမှာ ခရော့စ်ဘီရဲ့ အမြင်အတိုင်း ဆွေးနွေးထားတဲ့ ဂီတနဲ့ပတ်သက်တဲ့အမြင်တွေကို ထည့်သွင်းရိုက်ကူးထား တယ်လို့ ဆိုပါတယ်။ အထိရောက်ဆုံးလို့ ဆိုနိုင်တဲ့ အခန်းကတော့ သူနဲ့ CNSY တီးဝိုင်းအဖွဲ့သားတွေ လမ်းခွဲတဲ့ ဇာတ်ဝင်ခန်းပဲ ဖြစ်ပါတယ်။ သူတို့ လမ်းခွဲကြတယ်ဆိုပေမဲ့ ဘာကြောင့်လမ်းခွဲတယ် ဆိုတာကိုတော့ အပြင်မှာ သတင်းလုံးဝ မထွက်စေခဲ့ရပါဘူး။

            ဒီကိစ္စနဲ့ပတ်သက်လို့ ခရော့စ်ဘီက 'ကျွန်တော်ဟာ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် နားလည်ပါတယ်။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ အချိန်တွေ အလဟဿ ကုန်ခဲ့တယ်။ အခုတော့ လူသားဆန်တဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေပါပြီ'လို့ ခရော့စ်ဘီက ဆိုပါတယ်။

            ၁၉၄၁ ခုနှစ်၊ သြဂုတ်လမှာ မွေးဖွားခဲ့တဲ့ ခရော့စ်ဘီကို မွေးဖွားပေးခဲ့တဲ့ မိခင်ကတော့ ကဗျာတစ်ပုဒ်ကို ဂီတသံစဉ်တစ်ခုအဖြစ် ဖန်တီးခဲ့ပြီး လော့စ်အိန်ဂျလိစ်မှာ အော်စကာဆုရတဲ့အထိ အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ခရော့စ်ဘီက သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့ပါတယ်။ အဓိကကတော့ အမျိုးသမီးများကို ဆွဲဆောင်နိုင်တဲ့ အင်အားရှိချင်လို့ပဲ ဖြစ်ပါတယ်။ 'နောက်တော့ ကျွန်တော် ကော်ဖီဆိုင်တစ်ဆိုင်မှာ သီချင်းဝင်ဆိုခဲ့တယ်။ အဲဒီမှာ မိန်းကလေးတွေ အများကြီးတွေ့ရတဲ့အတွက် မင်းသားလုပ်မှ မဟုတ်ပါဘူး။ သီချင်းဆိုရင်လည်း မိန်းကလေးတွေနဲ့ တွေ့နိုင်တာပဲလို့ အသိတရားရခဲ့တာပါ'လို့ ခရော့စ်ဘီက သူ့ဘဝဇာတ်ကြောင်းကို ပြောပြခဲ့ပါတယ်။ ဂီတလောကမှာ နှစ်ပေါင်းများစွာ တစ်ကိုယ်တော် ကျင်လည်ခဲ့ပြီးတဲ့နောက် သူက Byrts တီးဝိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ တီးခတ်မှု၊ သူ့ သီဆိုမှုနဲ့ Mr. Tambourine, Turn! Turn! Turn! အယ်လ်ဘမ်များနဲ့ ၁၉၆၅ ခုနှစ်မှာ အောင်မြင်မှုရခဲ့ပါတယ်။ သို့ သော် လျင်မြန်စွာ အောင်မြင်မှုရခြင်းဟာ လူရဲ့စိတ်ဓာတ်ကို ပျက်စီးစေတယ်ဆိုတဲ့အတိုင်း သူ့ဘဝကို ပျက်စီးသွားစေခဲ့တယ်လို့ ခေါင်းမာသော၊ အတ္တကြီးသော၊ ဦးနှောက်မရှိသော ခရော့စ်ဘီက သုံးသပ်ပြပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ တီးဝိုင်းအဖွဲ့နဲ့သူ လမ်းခွဲခဲ့ပါတယ်။

            ၁၉၆၈ ခုနှစ်မှာ ခရော့စ်ဘီက စတီဖင်စတေးလ်၊ ဂရေဟမ်နာ့ရှ်တို့နဲ့ ပူးပေါင်းပြီး တီးဝိုင်းအဖွဲ့တစ်ခု တည်ထောင်ပြန်ပါတယ်။ နောင်မှာ အဲဒီအဖွဲ့ ကို Neil Young လည်း ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ အဲဒီနှစ် သြဂုတ်လမှာ ကျင်းပတဲ့ Woodstock ဂီတပွဲတော်မှာ ပရိသတ်ပေါင်း သိန်း ၅ဝ ခန့်ကို ဖျော်ဖြေခဲ့ကြပါတယ်။ သူတို့အဖွဲ့က မျိုးဆက်များအလိုက် ခေတ်စားခဲ့တဲ့ သီချင်းများကို ဖျော်ဖြေခဲ့ကြတာပါ။ အဲဒီပွဲနဲ့ ပတ်သက်ပြီး ခရော့စ်ဘီ အမှတ်တရ အဖြစ်ဆုံးကတော့ စိတ်တူကိုယ်တူရှိတဲ့ ဂီတညီအစ်ကိုတွေနဲ့ ပေါင်းဖက်ခွင့်ရလိုက်လို့ပါပဲ။ 'ကျွန်တော်တို့တွေ သုံးရက်သာ လက်တွဲပြီး အတူတီးခဲ့ကြတယ်ဆိုပေမဲ့ တစ်သက်တာတီးခဲ့ကြသလို ရင်းနှီးခဲ့ကြပါတယ်။ သူတို့အားလုံးဟာ စစ်ဆန့်ကျင်ရေးသမားများ ဖြစ်ကြပြီး သွေးသောက်များသဖွယ် ရင်းနှီးသွားခဲ့ကြပါတယ်။

            အဲဒီပွဲတော်အပြီး နောက်ရက် သတ္တပတ်များစွာမကြာမီမှာပဲ ခရော့စ်ဘီရဲ့ ချစ်သူဖြစ်တဲ့ ခရစ္စတင်းဟင်တမ် အသတ်ခံလိုက်ရပါတယ်။ ကားတိုက်ခံရပြီး သေဆုံးသွားရခြင်းပါ။ အဲဒီဆုံးရှုံးမှုက သူ့ဘဝကို လမ်းကြောင်းပြောင်း သွားစေခဲ့ပြန်ပါတယ်။ သူ့ဘေးနားမှာ ဝန်းရံနေကြတဲ့ မိတ်ဆွေများက ခရော့စ်ဘီအတွက် ပထမဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်လာမယ့် If I could Remember My Name ကို ထွက်ရှိလာအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ကြပါတယ်။

            အဲဒီနောက်ပိုင်းမှာတော့ ခရော့စ်ဘီဟာ ၁၅ နှစ်လုံးလုံး မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်သွားခဲ့ပါတယ်။ 'ကျွန်တော် ဆေးသုံးနေသမျှကာလပတ်လုံး သီချင်းလည်း လုံးဝရေးလို့မရတော့ဘူး' လို့ ဝန်ခံခဲ့ပါတယ်။ CNSY အဖွဲ့သားများနဲ့ ပြေလည်မှု ပြန်လည်ရရှိသွားပြီး ခရော့စ်ဘီဟာ Jan Dance ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားပြန်ပါတယ်။ နှစ်ယောက်စလုံးက မူးယစ်ဆေးဝါးသားကောင်တွေ ဖြစ်ကြပြီး ဥပဒေနဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိပါတယ်။ နောက်ဆုံးမှာ တက္ကဆက်ပြည်နယ်အစိုးရက ခရော့စ်ဘီကို ဖမ်းဖို့အတွက် ဝရမ်း ထုတ်လိုက်တာကြောင့် ခရော့စ်ဘီဟာ FBI ရဲ့ အလိုရှိသည် ကြေညာခြင်းခံရတဲ့သူ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခရော့စ်ဘီက ရှောင်တိမ်းနေခြင်းမရှိဘဲ သူကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့ပါတယ်။

            ၁၉၈၅ ခုနှစ်၊ ခရစ္စမတ်ကာလ အထိ ခရော့စ်ဘီဟာ တက္ကဆက်ပြည်နယ်ရဲ့ အကျဉ်းထောင်ထဲမှာ ဆေးဝါးဆိုလို့ အကိုက်အခဲ ပျောက်ဆေးဖြစ်တဲ့ Asprin ကိုတောင် သုံးစွဲခွင့်မရတဲ့သူအဖြစ် အကျဉ်းချခံခဲ့ရပါတယ်။ 'ကျွန်တော် အိပ်ရာက နိုးလာတဲ့အချိန်မှာ ငါ ဘယ်သူလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးရတဲ့အထိ ဖြစ်ခဲ့တယ်။ ဂစ်တာတစ်လက်နဲ့ စိတ်ကိုဖြေရတယ်။ အခန်းကျဉ်း ကလေးထဲမှာပဲပေါ့။ အဲဒီအချိန်မှာ ဦးနှောက်က အလုပ်ပြန်လုပ်လာတယ်' လို့ ခရော့စ်ဘီက ပြောပြပါတယ်။ ဒါကြောင့် အကျဉ်းထောင်ရဲ့ တေးဂီတအဖွဲ့ မှာ သူပါဝင်ပူးပေါင်းလိုက်ပြီး သီချင်းတွေလည်း ပြန်ရေးလာနိုင်ခဲ့တယ်။  ၁၉၈၆ သြဂုတ်လမှာ သူထောင်က ပြန်လွတ်လာခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း  တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခု ကျင်းပနိုင်ခဲ့ပါတယ်။

            ချစ်သူဖြစ်တဲ့ Dance ကလည်း ခရော့စ်ဘီ အကျဉ်းထောင်အတွင်းမှာ ရှိနေစဉ်ကတည်းက လွတ်မြောက်ခဲ့ပြီမို့ သူတို့နှစ်ယောက် ပူးပေါင်းပြီး ဘဝသစ်တစ်ခု ထူထောင်ကြပါတယ်။ ၁၉၈၇ ခုနှစ်၊ မေလ ၁၆ ရက် နေ့မှာ လော့စ်အိန်ဂျလိစ်က တရားရုံးတစ်ခုမှာ လက်ထပ်ခဲ့ကြတာပါ။ 'ဂျန်က ကျွန်တော့်ကို ကျွန်တော် မချစ်နိုင်တဲ့နည်းတွေနဲ့ပါ ချစ်တာဗျ' လို့ ခရော့စ်ဘီက သူ့မော်ကွန်းရုပ်ရှင်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက် ပေါင်းဖက်ရာက ဒီဂျန်းဂိုးအမည်ရှိသား တစ်ဦးထွန်းကားခဲ့ပါတယ်။ အဲဒီသားက အသက် ၂၄ နှစ်အရွယ်ရှိပါပြီ။ (ခရော့စ်ဘီမှာ တခြားကလေးတွေ ရှိပါသေးတယ်။ သုက်သွေးလှူခဲ့ရာက  သားနှစ်ဦး ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူလှူခဲ့သူကတော့ မလီဆာ အီသာရစ်ချ် ဆိုတဲ့ အဆိုတော်အမျိုးသမီးနဲ့ အဲဒီ ကာလတုန်းက အတူတွဲနေတဲ့ ဂျူလီဆိုင်ဖာတို့အတွက် ဖြစ်ပါတယ်)။

            ဒီနေ့ကာလမှာတော့ ခရော့စ်ဘီဟာ Santa Ynez  မှာ Dance နဲ့ နေထိုင်ပြီး ခွေးများ၊ ကြောင်များ၊ မြင်းများကို မွေးမြူထားပါတယ်။ ခရီးလှည့်လည် သွားလာပြီး ဖျော်ဖြေခြင်းအားဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေပေမဲ့ သူ့ကျန်းမာရေးအခြေအနေက တော်တော် ဆိုးဆိုးရွားရွား ရှိတယ်လို့လည်း ဆိုပါတယ်။ ၁၉၉၄ ခုနှစ်က ကျောက်ကပ် အစားထိုး လဲလှယ်မှု ပြုလုပ်ခဲ့ဖူးတဲ့အပြင် နှလုံးသွေးကြောကျဉ်းမှုအတွက် Stent ရှစ်ချောင်း သူ့နှလုံးထဲမှာ ထည့်ထားရပါတယ်။ ဇနီးသည်ဖြစ်တဲ့ Dance က 'လူတွေကတော့ သူ ဘယ်လောက် မကျန်းမာဘူးလဲဆိုတာ အမှန်အတိုင်း သိကြမယ် မထင်ပါဘူး။ ကျွန်မကတော့ ဟန်နီ ပျော်ပျော်သာနေလို့ အမြဲအားပေးပါတယ်။ တစ်ခါတလေမှာ သူ အိမ်ကနေ ဖျော်ဖြေရေးခရီး ထွက်သွားပြီဆိုရင် ပြန်လာတာကို မြင်ရပါတော့ မလားလို့ တွေးမိတဲ့အထိ ဖြစ်ရပါတယ်'လို့ ဆိုပါတယ်။ ခရော့စ်ဘီကတော့ 'စင်ပေါ်မှာ သုံးနာရီလောက် ဖျော်ဖြေနေရတဲ့ အချိန်ဟာ ကျွန်တော့်အတွက် ကောင်းကင်ဘုံကို ရောက်နေသလို ခံစားရပါတယ်။ ကျွန်တော်က ဂီတကို အဆုံး ရှုံးမခံနိုင်ဘူး။ အခုဆိုရင် ပိုပြီးတောင် မြတ်နိုးလာတယ်။ ပိုပြီး ကြိုးစားခွင့်ရလာတယ် ထင်လို့ပါပဲ'လို့ ပြောကြား ပါတယ်။

ဘို

Ref, August 5 2019 People

(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)            


Related Articles

နိုင်ငံတကာဂီတ
...
Rocker ရော့၊ဒ၊စတီးဝပ်နဲ့ သူ့မိသားစု
ရီတာအောင် (NY)

'အသက် ၆၅ နှစ်ရောက်မှ ကလေးမွေးတဲ့ အဖေ မဖြစ်စေရဘူး၊ ကိုယ့်ကလေး အသက် ၂ဝ လောက်မှာ အဖေလုပ်တဲ့ လူက သေပြီဆိုရင် ကလေးတွေအတွက် ဘယ်တရားပါ့မလဲ'

နိုင်ငံတကာဂီတ
...
စန်တာကလော့စ်က မြို့ထဲကိုလာနေပြီ "Santa Claus is Coming to Town”
ရွှေသီရိခေတ်

ဒီသီချင်းဟာ အရာရာခက်ခဲ ကြပ်တည်းနေချိန်မှာ နားထောင်သူတွေအတွက် ပင်ပန်းလှတဲ့ နေ့စဥ်ဘဝကနေ ခဏတာ လွတ်မြောက်စေပြီး ခရစ်စမတ်ရာသီရဲ့ ပျော်ရွှင်စရာ၊ ချစ်စရာ “မျှဝေခြင်း” ဆိုတဲ့ဓလေ့ကိုလည်း အမှတ်ရစေပါတယ်။

နိုင်ငံတကာဂီတ
...
စစ်သည်တော်၊ ကဗျာဆရာ၊ ဘုရင် (Soldier, Poet, King) (The Oh Hellos)
ရွှေသီရိခေတ်

ကမ္ဘာကြီးရဲ့ အဆုံးသတ်မှာ ယေရှုကို အကြွင်းမဲ့ ကိုးကွယ်ယုံကြည်ချစ်မြတ်နိုးတဲ့သူတွေနဲ့ ယေရှုအပေါ် အကြွင်းမဲ့ယုံကြည်မှု မထားတဲ့သူတွေ အုပ်စုနှစ်စုရှိမှာဖြစ်ပြီး၊ အကြွင်းမဲ့ယုံကြည်သူတွေကတော့ ကမ္ဘာကြီးရဲ့အဆု...