ရီတာအောင် (NY)
သားသမီးတွေနဲ့ ပတ်သက်လာရင် ရော့(ခ်)အဆိုတော် Rod Stewart က အသည်းနုပါသတဲ့။ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ရော့ဒ်က 'ကလေးတွေ မွေးတဲ့အခါ ကျွန်တော် မျက်ရည်လည်ရပါတယ်။ တစ်ယောက်မွေးတိုင်း အဲသလို အမြဲခံစားရပါတယ်'လို့ သားသမီး (၆) ဦး လက်ရှိ မွေးထားပြီး ဖြစ်တဲ့ ရော့ဒ်က ပြောပါတယ်။
၂ဝဝ၅ အကုန်လောက်မှာ
ရော့ဒ် မျက်ရည်လည်ရဦးမယ့်အဖြစ်က ရှိနေပါပြီ။ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူ Penny
Lancaster (၃၄ နှစ်)မှာ
ရော့ဒ်အတွက် (၇) ယောက်မြောက် ရင်သွေးလေး ကိုယ်ဝန်လွယ်ထား ရလို့ပါပဲ။ ပယ်နီအဖို့
ပထမဆုံး ရင်သွေးလေးပါ။ မိခင်လောင်း ပယ်နီက ၃၄ နှစ်ဖြစ်ပြီး ရော့ဒ်က အသက် ၆ဝ
ရှိပါပြီ။ ရင်သွေးလေးကိစ္စ ရော့ဒ်နဲ့ ပယ်နီက ဘာမှ ဖွင့်ဟ မပြောကြပေမယ့် သူတို့ရဲ့
မိတ်ဆွေတွေက 'ရော့ဒ်က သားသမီးလိုချင်တဲ့ တစ်ဦးတည်းသော
အဘိုးကြီး မဟုတ်သေးပါဘူး။ ပယ်နီကလည်း ကလေးလိုချင်တဲ့ ဆန္ဒကို လျှို့ဝှက်ထားတာမျိုး
မရှိဘူး'လို့ ဆိုကြပါတယ်။
ကမ္ဘာကျော် အဆိုတော်
ကြီး Elton John ကလည်း 'ကျွန်တော် ရော့ဒ်နဲ့ Las Vegas မှာ မကြာသေးခင်က
ဆုံခဲ့တယ်။ သူက သူ့ချစ်သူ ပယ်နီမှာ ရင်သွေးလေး လွယ်ထားရပြီလို့ ပြောလိုက်တယ်'
တဲ့။ ပယ်နီက မိသားစု ဘဝလေး စတင်ချင်တဲ့ဆန္ဒရှိတယ်။ များမကြာမီကလည်း 'ကျွန်မရဲ့အလုပ်ကို ကျွန်မ ခင်တွယ်ပါတယ်၊ ဒါပေမယ့် ကျွန်မ ရော့ဒ်နဲ့
သားသမီးတွေ မွေးချင်ပါတယ်' လို့ ဖွင့်ပြောခဲ့ဖူးတယ်။ ရော့ဒ်က
လွန်ခဲ့တဲ့ နှစ်နှစ်တာကာလလောက်က သတင်းထောက်များကို 'အိမ်ထောင်နှစ်ခါ
ပျက်ခဲ့ပြီးပြီမို့ ကျွန်တော်
နည်းနည်းတွန့်ဆုတ်နေမိတယ်။ အိမ်ထောင်ပြုခြင်းဆိုတာ ကျုပ်အတွက် မအပ်စပ်ဘူးလား
မသိဘူး' လို့ ညည်းညူခဲ့ဖူးပါတယ်။
အခုတော့ သူ့အယူအဆကို
ပြင်ဆင်တော့မှာများလား။ ဒီလိုပြင်ဆင်ခြင်းဟာ မိဘဆိုတဲ့ ခံစားချက်ကြောင့်လား။
ခြောက်နှစ်ကျော် လက်မထပ်ဘဲ ချစ်သူများ အဖြစ်နဲ့သာ နေခဲ့တဲ့ ပယ်နီကို ရော့ဒ်က
လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ ခွင့်တောင်းခဲ့တဲ့ နေရာကလည်း ပြင်သစ်နိုင်ငံ အီဖယ်လ်
မျှော်စင်ကြီးပေါ်မှာ ဖြစ်ပါတယ်။ လက်ထပ်ခွင့်တောင်းရင်း စေ့စပ်လက်စွပ်အဖြစ် ဒေါ်လာ
သုံးသောင်းနီးပါး တန်တဲ့ လက်စွပ်တစ်ကွင်းကို ပယ်နီလက်မှာ ဆင်မြန်းပေးခဲ့ပါတယ်။
၂ဝဝ၅ ခုနှစ် ခရစ္စမတ်မှာ လက်ထပ်ဖို့ စီစဉ်ထားပြီး အဲဒီအချိန်မှာ ရင်သွေးလေးသာ
မွေးလာခဲ့ရင် နှစ်ထပ်ကွမ်းမင်္ဂလာ
ဖြစ်လာဦးတော့မှာပါ။
ရော့ဒ်ရဲ့ ပထမ ရင်သွေး
၆ ဦးက အမျိုးသမီး ၄ ဦးတို့ကနေ မွေးဖွားခဲ့တာပါ။ ဇနီးဟောင်းတွေကတော့ Alana
Hamilton နဲ့ Rachel Hunter တို့ပါပဲ။
Kelly Emberg ကလည်း
ရော့ဒ်ရဲ့ချစ်သူအဖြစ် လူသိများခဲ့ပေမယ့် သမီးအကြီးဆုံး အသက် ၄၁ နှစ်အရွယ်ရှိ Sarah ရဲ့ မိခင် Susanah
ကိုတော့
လူသိမများခဲ့ပါဘူး။ ရော့ဒ်နဲ့လည်း တစ်နှစ်ခန့်သာ တွဲဖြစ်ခဲ့တာပါ။ ဇနီးဟောင်း
နှစ်ဦး ချစ်ခဲ့ဖူးသူ ကယ်လီနဲ့ သားသမီး ငါးဦး (သမီးကြီး ဆယ်ရာမှ လွဲပြီး)တို့
အကုန်ဆုံစည်းစေပြီး ရော့ဒ်က ခရစ္စမတ် ညစာစားပွဲများကို ကျင်းပလေ့ရှိပါတယ်။
၂ဝဝ၂ ခုနှစ်က
အင်တာဗျူးတစ်ခုမှာ ရော့ဒ်က 'ကျွန်တော့်ဇနီးနှစ်ဦး အပါအဝင်
ကျွန်တော့်ကလေးတွေ အားလုံးရဲ့ မိခင်တွေနဲ့ တစ်ခါမှ ခါးသီးပြင်းထန်တဲ့ ရန်စကားတွေ
မပြောခဲ့၊ မဖြစ်ခဲ့ဖူးပါဘူး။ အငြင်းအခုန်ဖြစ်ရင် တစ်ပတ်လောက် စကားမပြောတာဘဲ
ရှိတယ်။ ဇနီးဟောင်း ရေချယ်လ်နဲ့ဆို ကလေးတွေအတွက် နေ့တိုင်း စကားပြောဖြစ်တယ်။
ချစ်သူဟောင်း ကယ်လီဆို ကျွန်တော့်အိမ်မှာပဲ အလုပ်လာလုပ်နေခဲ့တာ။ သူက
ကျွန်တော့်အိမ်တွင်း အလှအပ ပြုပြင်မွမ်းမံပေးတဲ့ Interior Decorator လေ။
နောက်ဇနီးဟောင်း အလန်နာကျတော့ ကျွန်တော့်အိမ်နားမှာပဲနေတာ။ ကျွန်တော်က ဇနီးဟောင်း၊
ချစ်သူဟောင်းတွေနဲ့ပတ်သက်ပြီး အရမ်းကံကောင်းတယ်' လို့
ပြောခဲ့ဖူးပါတယ်။
သမီးကြီး Sarah (၄၁ နှစ်)၊ သမီး Kimberley (၂၅ နှစ်)၊ သား Sean (၂၄ နှစ်) ၊ သမီး Ruby (၁၇နှစ်)၊ သမီး Renee (၁၂နှစ်)နဲ့ သား Liam (၁ဝ နှစ်)တို့
ရှိကြပါတယ်။ ဒုတိယသမီး ကင်ဘာလီက 'မိသားစုထဲမှာ အရှုပ်အထွေး
ဆိုတာကတော့ အမြဲရှိတတ်ပါတယ်။ လူတိုင်းလိုလို ဆက်ဆံရေး ပြေလည်တော့ အဆင်ပြေပါတယ်။
ဆူပူငိုကြွေး နေရတာမျိုး မရှိပါဘူး။ အကုန်လုံးကလည်း လူလား မြောက်နေကြပါပြီ။
ကျွန်မတို့ အချင်းချင်း အမြဲအဆက် အသွယ်ရှိပါတယ်။ ကျွန်မရဲ့ မိထွေးဟောင်း
ရေချယ့်လ်ကတော့ အဲဒီအဆက်အသွယ် ပတ်သက်မှုတွေရဲ့ ထိပ်ခေါင်တင် ဘုရင်မကြီးပါပဲ။
ကျွန်မတို့ မိသားစု အကြီးကြီး တစ်ခုလုံး အစဉ်သဖြင့် ဒီလို ပြေလည်နေကြဖို့ ရေချယ့်
ကြိုးပမ်းမှုကို အသိအမှတ် ပြုရမှာပါ'လို့ ဆိုပါတယ်။
ကင်ဘာလီကို အလန်နာက မွေးခဲ့တာပါ။ ဖခင်ရဲ့ နောက်ဇနီးနဲ့ နောက်ထပ်ချစ်သူတွေက
မွေးဖွားလာတဲ့ အဖေတူ အမေကွဲများကို သူက အရင်းအချာများလိုပဲ သဘောထား
လက်ခံထားတယ်လို့ ဆိုပါတယ်။
ဒုတိယဇနီး ရေချယ်လ်ကလည်း 'ကလေးအားလုံးက
တစ်ဖအေ၊ တစ်မအေ တည်းက မွေးလာတဲ့ မောင်နှမအရင်းတွေလိုပဲ ချစ်ခင်စည်းလုံးကြပါတယ်'လို့ အငယ်ဆုံးသား Liam မွေးပြီး မကြာခင်က
ပြောခဲ့ဖူးပါတယ်။ အဲဒီလို စည်းလုံးနေဖို့ သူတို့ အားလုံး
အတော်လုံ့လစိုက်ထုတ်ရတယ်လို့
ဝန်ခံခဲ့ပါတယ်။ စည်းလုံးညီညွတ်ပေမယ့် ပတ်သက်တော်စပ်မှုတွေက
အတော်ရှုပ်ဦးမှာပါ။ မိထွေးဟောင်း ရေချယ်လ်က ရော့ဒ်နဲ့ ကွဲပြီးမှ Wes
Scantlin ဆိုတဲ့ အဆိုတော်နဲ့ တွဲခဲ့ပါသေးတယ်။ ခုတော့ ဇာတ်လမ်း ပြတ်သွားခဲ့ပြီး ရော့ဒ်ရဲ့သမီးဖြစ်သူ
ကင်ဘာလီနဲ့ ချစ်ကျွမ်းဝင်နေပြန်ပါပြီ။
ရော့ဒ်စတီးဝပ်ရဲ့သမီး ဖြစ်လို့
နာမည်ကြီးပြီးသားဖြစ်တဲ့ ကင်ဘာလီက မိန်းမဆိုး ကလေးလို့လည်း ကျော်ကြားပါတယ်။ အသက်
၁၆ နှစ်အရွယ်လောက်ကတည်းက Ford ကား
အကြီးကြီးတစ်စီး တက်မောင်းပြီး ရမ်းကားခဲ့ဖူးတယ်။ အရက်သေစာ သောက်စား
မူးရူးခဲ့ဖူးတယ်။ သူ့မောင်ငယ် Sean ကလည်း
ခေသူမဟုတ်ပါဘူး။ သူငယ်စဉ်က လော့စ်အိန်ဂျလိစ် စားသောက်ဆိုင်တစ်ခုမှာ လူတစ်ယောက်နဲ့
ထိုးကြိတ်သတ်ပုတ်လို့ ထောင်ကျခဲ့ဖူးတယ်။ ရော့ဒ်ကလည်း အဲဒီသားနဲ့ သမီးအတွက် သူဟာ
ဖခင်ကောင်းတစ်ဦး မဖြစ်ခဲ့ဘူးလို့ ဝန်ခံခဲ့ဖူးပါတယ်။ သူတို့ ငယ်ငယ်တုန်းက
ကျွန်တော်က ဖခင်ရယ်လို့ နီးနီးကပ်ကပ် မနေနိုင်ခဲ့ဘူး။ ကမ္ဘာလှည့်ပြီး
ဖျော်ဖြေနေခဲ့ရတာလေ။ အမှန်အတိုင်း ပြောရရင် သူတို့ ကလေးဘဝအရွယ်မှာ ကျွန်တော်
ဘာဆိုဘာမှ မသိမမြင် သတိလုံးဝမေ့နေခဲ့တဲ့ ကွက်လပ်ကာလကြီး ရှိခဲ့ပါတယ်။
အဲဒီကိစ္စအတွက် ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဖခင်တာဝန် မကျေပွန်ခဲ့တာ
ကျွန်တော့်ကိုယ် ကျွန်တော် သိပါတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။
ရေချယ်လ်နဲ့ရတဲ့
ကလေးသုံးယောက်အပေါ်မှာတော့ ရော့ဒ်က ဖခင်တာဝန် ကျေပွန်ခဲ့ပါတယ်။ ဒီနေ့ ကာလမှာတော့
ရော့ဒ်က သားသမီးအားလုံးအပေါ် အချိန်ပေး စကားပြောနိုင်အောင် ကြိုးစားပါတယ်။ သူက 'မိဘတစ်ဦးအနေနဲ့
လုပ်နိုင်တာက သားသမီးတွေကို သတိပေးရတာပဲ။ သူတို့ကို ၂၄ နာရီလုံး
စောင့်ကြည့်မနေနိုင်ဘဲကိုး။ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်တာတွေ သတိပေးရပါတယ်။
လုပ်သင့်တာ မလုပ်သင့်တာတွေ ပြောပြရတယ်။ အထူးသဖြင့် သူတို့တွေက အဖေ ငယ်ငယ်ကလည်း
လုပ်ခဲ့တာပဲလေလို့ ပြန်ပြောတဲ့ အခါမျိုးမှာပေါ့' လို့
ဆိုပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က 'အသက်
၆၅ နှစ်ရောက်မှ ကလေးမွေးတဲ့ အဖေ မဖြစ်စေရဘူး၊ ကိုယ့်ကလေး အသက် ၂ဝ လောက်မှာ
အဖေလုပ်တဲ့ လူက သေပြီဆိုရင် ကလေးတွေအတွက် ဘယ်တရားပါ့မလဲ' လို့
ရော့ဒ်က ပြောခဲ့ဖူးပါတယ်။ အခု အသက် ၆ဝ မှာ ကလေးတစ်ဦး မွေးတော့မယ်ဆိုတော့....။
▀
ရီတာအောင်
(NY)
(အမှတ် ၁၉၀၊ စက်တင်ဘာ၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
ဒီသီချင်းဟာ အရာရာခက်ခဲ ကြပ်တည်းနေချိန်မှာ နားထောင်သူတွေအတွက် ပင်ပန်းလှတဲ့ နေ့စဥ်ဘဝကနေ ခဏတာ လွတ်မြောက်စေပြီး ခရစ်စမတ်ရာသီရဲ့ ပျော်ရွှင်စရာ၊ ချစ်စရာ “မျှဝေခြင်း” ဆိုတဲ့ဓလေ့ကိုလည်း အမှတ်ရစေပါတယ်။
ကမ္ဘာကြီးရဲ့ အဆုံးသတ်မှာ ယေရှုကို အကြွင်းမဲ့ ကိုးကွယ်ယုံကြည်ချစ်မြတ်နိုးတဲ့သူတွေနဲ့ ယေရှုအပေါ် အကြွင်းမဲ့ယုံကြည်မှု မထားတဲ့သူတွေ အုပ်စုနှစ်စုရှိမှာဖြစ်ပြီး၊ အကြွင်းမဲ့ယုံကြည်သူတွေကတော့ ကမ္ဘာကြီးရဲ့အဆု...
'ကျွန်တော်ဟာ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် နားလည်ပါတယ်။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ အချိန်တွေ အလဟဿ ကုန်ခဲ့တယ်။ အခုတော့ လူသားဆန်တဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ကြ...