လေးကိုတင်
၁။
ကျွန်တော် နေထိုင်ကြီးပြင်းရာ မြို့တော်ရန်ကုန်၏
ရက်ကွက်အသီးသီးသို့ မကြာခဏ ရောက်ရောက် သွားတိုင်း အတိတ်လှိုင်းကလေးများ ဖွေးခနဲ
လိပ်တက်ကာ ပစ္စုပ္ပန်ကမ်းခြေသို့ တဖျပ်ဖျပ်ရိုက်ခတ်လာစမြဲ ဖြစ်နေသည်။
ထိုအခါများတွင် အတိတ်လှိုင်းကလေးများ ခြေရာ တစ်စနှစ်စကို ခြေရာခံမိသည်။ ဖွဖွ ညင်သာ
ခြေရာကလေးများမို့ အသာအယာခြေရာခံရင်း ကျွန်တော်နှင့် ဆွေမျိုးသားချင်းများ၊
သူငယ်ချင်း ရောင်းရင်းများ၊ ဝန်းကျင် ဘယ်ညာမှ အိမ်နီးနားချင်းများ အကြောင်းကို
မှုန်မွှားမွှားအတွေးထဲ တရေးရေးမြင် ယောင်လာအောင် တွေးယူဆောင်ကြဉ်းမိလေသည်။
တစ်ခါက တောင်ဥက္ကလာမြို့နယ်၊ ၇
ရပ်ကွက်၊ ရာဇာဓိရာဇ် (၁) လမ်းသို့ အလည်တစ်ခေါက် ပြန် ရောက်သွားသည်။ လမ်းထဲတွင်
အိမ်ခြေရာခြေများ အတော်အတန် ပြောင်းလဲသွားသည်။
လမ်းသူ လမ်းသား အများစုမှာလည်း လူဟောင်းများထက် လူသစ်များက ပိုများလာလေသည်။
ကျွန်တော် နေထိုင်ခဲ့ဖူးစဉ်က
လူဟောင်းများမှာလည်း လက်ချိုးရေ၍ရသော လူနည်းစု ဖြစ်နေပြန်သည်။ လွန်ခဲ့သော
နှစ်ပေါင်း ၅ဝ နီးပါးဆိုတော့ ပြောင်းလဲခြင်း ယန္တရားကြီးထဲက ကျွန်တော်တို့လို
လူသားများက လူ၏ ခွေးသွားစိတ်များလို ရှိပေရော့မည်မို့ ပွန်းပဲ့ကြေပြုန်းရင်း၊
ဟောင်းနွမ်းပျက်စီးရင်း၊ အသစ်လဲ တန်လဲရင်း နိယာမတရားအတိုင်း ဖြစ်နေပါတော့သည်။
တောင်ဥက္ကလာပ မြို့နယ်သည် လွန်ခဲ့သော
၁၉၅၈ ခုနှစ်က မြို့တော် ရန်ကုန်၏ ချောင်းနား၊ မြစ်နားတွင် စတင်တည်ထောင်ခဲ့သော
မြို့သစ်သုံးမြို့ (မြောက်ဥက္ကလာပမြို့သစ်၊ တောင်ဥက္ကလာပမြို့သစ်နှင့်
သာကေတမြို့သစ်)တို့အနက် မြို့သစ်တစ်မြို့ဖြစ်သည့်အတွက်ကြောင့် လာမည့် ၂ဝဝ၈
ခုနှစ်တွင် နှစ် ၅ဝ ပြည့်တော့မည့် ရွှေရတုသဘင် ဆင်နွှဲတော့မည့် မြို့တစ်မြို့
ဖြစ်ပါသည်။ ထိုမြို့သစ်တွင် ဓားမ ဦးချ ပြောင်းရွှေ့ နေထိုင်ကြသူများသည်လည်း
သက်ရှိထင်ရှား ရှိပါက တချို့ ၇ဝ ကျော်၊ တချို့ ၅ဝ ကျော်၊ တချို့ ၄ဝ
ကျော်သက်တမ်းများ ရှိမည် ဖြစ်သည်။ (တချို့လည်း ကွယ်လွန် ဆုံးပါးသွားကြပြီ
ဖြစ်သည်။) သို့ဖြစ်၍ နှစ် ၅ဝ အတွင်း ပြောင်းလဲခြင်း တရားကို ခြုံငုံဆင်ခြင်ရင်း
ကျွန်တော်နေထိုင်ခဲ့ဖူးသော ရာဇာဓိရာဇ် (၁) လမ်း၏ လူနေအိမ်ခြေ အပြောင်းအလဲများ
ဖြစ်ပေါ်တည်ရှိ နေခြင်းသည် အထူးအဆန်း မဟုတ်တော့ပေ။
၂။
ကျွန်တော်သည် လမ်းထဲသို့ ဝင်လာပြီး
လူဟောင်းများအား နှုတ်ဆက်သမှု ပြုရသည်။ သူတို့အိမ် အချို့လည်း ဝင်ရောက်လည်ပတ်ရသည်။
စကားစမြည်တွေ တစ်နံတစ်လျား ပြောရသည်။ တချို့အိမ်ကျတော့လည်း အိမ်ရှေ့မှာရပ်ရင်း မာကြောင်း
သာကြောင်းကအစ စကားစမြည် ပြောရသေး သည်။
ထိုအထဲတွင် အိမ်ထဲ မဝင် အိမ်ရှေ့မှာပင် ရပ်စကား ပြောဖြစ်သော အိမ်တစ်အိမ်ကို
ကျွန်တော့် အာရုံထဲတွင် အမှတ်မထင်သော သိစိတ်အလျဉ်တွေ တသွင်သွင် စီးဆင်းလာခဲ့သည်။
အတိတ်နိုးစက်က တဖျပ်ဖျပ်နှင့်၊ ဟုတ်ပ၊ ကိုတင်ရွှေတို့မိသားစုအိမ်ပဲ။ အိမ်ကလည်း
ယခင်အတိုင်း သွပ်မိုး၊ ပျဉ်ကာ လုံးချင်း တစ်ထပ်အိမ်။ အိမ်ခြေရင်းဘက်က အဖီချထားသော အခန်းတစ်ခန်းကလည်း
ယခင်အတိုင်းရှိမြဲ ရှိနေပြန်သည်။
ထို့နေ့က ကိုတင်ရွှေဇနီး မကျင်မေနှင့်
စကားပြောခဲ့ရသည်။ သားကြီး သမီးကြီးတွေအကြောင်း၊ သားလတ် သမီးလတ်တွေအကြောင်း
နောက်ဆုံး သားငယ်၊ သမီးငယ်များအကြောင်း စုံတကာ စေ့သွားသည်။ ခုတော့ သားငယ် သမီးငယ်
မိသားစုများသာ မိဘလက်ငုတ် အိမ်မှာနေကြပြီး ကျန်သား သမီးတွေကတော့ အဝေးမှာ သူ့အိုး
သူ့အိမ်၊ သူ့စည်းစိမ် သူ့ရာထူးဂုဏ်သိမ်တွေနှင့် ဖြစ်နေကြောင်း စကားလုံး
ပန်းကုံးတွေ သီသွားပြလေသည်။ မကျင်မေသည် အသက် ၆ဝ ကျော်ထဲမှာ ရောက်နေသော်လည်း
ကျန်းမာသန်စွမ်းပြီး လန်းဆန်း ရွှင်ပျနေသည်။ ကိုတင်ရွှေကတော့ အပြင်သွားနေ၍
မတွေ့ခဲ့ရပေ။
ကျွန်တော် လူပျိုပေါက်စ အထက်တန်းကျောင်းသားဘဝတွင်
ရာဇာဓိရာဇ် (၁) လမ်း၌ သူတို့ အိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်
နေထိုင်ခဲ့ဖူးသည်။ ၁၉၆၃-၆၄ ခုနှစ်များတစ်ဝိုက်က ဖြစ်ပါသည်။ ... သူတို့မိသားစုနှင့်
ကျွန်တော်တို့ မိသားစုတို့သည် လူချင်း ခင်မင်ရင်းနှီးကြသည်။ တလေးတစား ရှိကြသည်။
သူတို့သည် အပ်ချုပ်ဆိုင်ဖွင့်ပြီး လုပ်ကိုင် စားသောက်ကြသော်လည်း စည်းစနစ်နှင့်
နေသည်။ သားသမီးတွေ ပညာရေးကို ဂရုစိုက်သည်။ ကျွန်တော်တို့ကလည်း အဖေက ရာထူးရာခံနှင့်
နေထိုင်ခဲ့ကြသော်လည်း စည်းစနစ်နှင့်နေသည်။ ကျွန်တော်တို့ မောင်နှမကို ပညာရေး
ထူးချွန်အောင် အဖေက ဂရုစိုက်သည်။ မိဘချင်း စိတ်ချင်းနီးနေကြသော်လည်း
တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်ဆံကြခြင်းတော့ မရှိကြပေ။
ကိုတင်ရွှေမိသားစုသည် မွေးချင်းများသည်။
သားသမီးတွေက အားလုံး ၇ ယောက်ရှိရာ၊ ကျောင်းသားကျောင်းသူက ၅ ယောက်ရှိပြီး
ကျန်နို့ညှာနှင့် သမီးအငယ်ဆုံး ၂ ယောက် ရှိသေးသည်။ နောက် ကိုတင် ရွှေယောက္ခမနှင့်
ခယ်မ နှစ်ယောက်လည်း ရှိသေးသည်။ ပေ ၄ဝ x ၆ဝ မြေကွက်တွင်
ခေါင်းရင်းဘက် တိုးဆောက်ထားသော တစ်ထပ်အိမ်လုံးချင်းကလေးတွင် အိမ်သား ၁ဝ ယောက်
နေနေကြသည်။ တစ်ယောက်တစ်လက် တစ်အားဖြင့် ဝမ်းကျောင်းနေကြသည်။ မနက် မိုးလင်းသည်နှင့်
ကိုတင်ရွှေနှင့် သူ့ခယ်မ အကြီးတို့နှစ်ယောက်က ရန်ကုန်အနောက်ပိုင်း
မော်တင်ဈေးတွင်ရှိသော သူတို့ အပ်ချုပ်ဆိုင်သို့ သွားကြသည်။ သူ့ခယ်မ အငယ်က
အလုပ်ရုံတွင် အလုပ်ဆင်းသည်။ သားသမီးတွေကလည်း ကျောင်း မသွားခင် စာကျက်ကြ၊ အိမ်အလုပ်
ကူလုပ်ကြနှင့် တစ်ယောက်က ၇ တန်း၊ နောက် ၆ တန်း၊ ၅ တန်း အသီးသီးစာသင်နေကြသည်။
ကျန်မိသားစုတွေကတော့ သားသည်အမေ
မကျင်မေနှင့် မကျင်မေ၏ အမေတို့ နှစ်ယောက်ပဲ အိမ်မှာ ရှိနေသည်။ မကျင်မေက
မိုးလင်းလျှင် ခင်ပွန်းနှင့် ညီမ အလုပ်သွားဖို့အတွက် ထမင်းဟင်း ချက်ပြုတ်ပြီး
ချိုင့်ထဲ ထည့်ပေးပြီးပြီ။ မနက် ၈
နာရီလောက်တွင် နန္ဒဝန်ဈေးသို့ ခြင်းတောင်း ဆွဲပြီး ဈေးဝယ်ထွက်ပြီးပြီ။
အိမ်မှာရှိသော နို့ညှာနှင့် သမီးငယ်အတွက် မနက်စာ ကျွေးမွေးရင်း၊ ရေချိုးပေးရင်း
အမေနှင့်ထားခဲ့ပြီး ဈေးသွား အိမ်ပြန်လုပ်ရခြင်း ဖြစ်သည်။ မနက် ၉ နာရီ
ကျောင်းသွားကြမည်။ သားသမီးတွေက အိမ်ရှေ့ စားပွဲမှာ၊ ဧည့်ခန်းထဲမှာ စာရေး၊
စာဖတ်နှင့် စာမှန်မှန်ကျက် စာမခက်သော ကျောင်းသား ကျောင်းသူတွေ ဖြစ်နေကြသည်။
မကျင်မေသည် တရုတ်အစစ် ဖြစ်သည်။ သူ့အမေ
(ကျွန်တော်တို့ အခေါ်) အန်းမကြီးသည် တရုတ်သွေး မို့လားမသိ၊ အလုပ် အလွန်လုပ်သည်။
မိုးမလင်းခင် အိမ်ရှေ့ရေဘုံပိုင်က ရေခံပြီး ရေခပ်ပြီးပြီ။ သမီးကြီး
မကျင်မေနှင့်အတူ မီးဖိုချောင်ထဲတွင် ဝိုင်းဝန်းကူ လုပ်ပြီးပြီ။ နောက် မြေးအငယ်တွေ
ထိန်းကျောင်းရင်း အိမ်ရှိ တောက်တိုမယ်ရ အလုပ်တွေ လုပ်ပေးသည်။ ညမိုးချုပ်လျှင်လည်း ရေဘုံပိုင်က ရေခပ်သေးသည်။
အသက် ၅ဝ နီးပါးရှိရော့မည်။ သန်သန်မာမာ၊ ဖျတ်ဖျတ်လတ်လတ်၊ သွက်သွက် လက်လက်နှင့်
ဖြစ်နေသည်။ အန်းမကြီး နေမကောင်းဘူးဆိုသော စကားလည်း တစ်ခါမှ မပြောရပေ။
တစ်နေ့တာ လျှပ်တစ်ပြက် မြင်တွေ့နေရသော
ကိုတင်ရွှေ မိသားစု မြင်ကွင်းကားချပ် ဖြစ်ပါသည်။ ကျွန်တော့်အတွေးနိုးစက်ကြောင့်
ကျွန်တော့်ဦးနှောက် နံရံတွင် ပြန်လည်ထင်ဟပ်လာသော ထိုကားချပ်သည် စေ့စေ့ကြည့်လေ
ရေးရေးပေါ်လေ ဖြစ်နေတော့သည်။
□
၃။
နွေမိုးဆောင်း ဥတုသုံးလီများ
ပြောင်းပြောင်းသွားသည်။ ရာဇာဓိရာဇ် (၁) လမ်းထဲမှာလည်း မိသားစု
အချို့ပြောင်းလဲတန်သလောက် ပြောင်းလဲသွားသည်။ ကိုတင်ရွှေမိသားစု ကတော့
အပြောင်းအလဲမရှိ၊ မိုးလင်းမိုးချုပ်လည်းသည် မြင်ကွင်းကားချပ်ပဲ မြင်တွေ့နေရသည်။
တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်လည်း ဒီအတိုင်းပဲ ဖြစ်သည်။
ကိုတင်ရွှေက မော်တင်ဈေးက
အပ်ချုပ်ဆိုင်မှာ အင်္ကျီချုပ်၊ တိုက်ပုံချုပ်နှင့်၊ သူ့ခယ်မ အကြီးကလည်း မိန်းမထည်တွေချုပ်နှင့်
တက်ညီလက်ညီ စက်တစ်လုံးစီနှင့် စခန်းသွားနေကြသည်။ ဈေးပိတ်ရက် ဆိုလို့
အခါကြီးရက်ကြီးတွေကျမှ အိမ်မှာ တွေ့ရတတ်သည်။ သူတို့အိမ်တွင် ထူးခြားချက်ရှိသည်။
တစ်နေ့လုံး မကျင်မေတို့ သားအမိတွေပဲရှိနေတာ အပြင်ထွက်ခြင်း၊ အိမ်လည်ခြင်း
ဘာမှမရှိ။ ညနေ ကိုတင်ရွှေ ပြန်လာလျှင် အပြင်မှာ ရှိနကြသော သားသမီးတွေအားလုံး
အိမ်ထဲရောက်သွားကြသည်။ မိသားစု ထမင်း ဝိုင်းဖွဲ့သည်။ စကားဝိုင်းဖွဲ့သည်။
ညမိုးချုပ်လျှင် သားတွေ၊ သမီးတွေက စာအုပ်နှင့် မျက်နှာ မခွာတော့။ ကိုတင်ရွှေမှာ
အနားယူရင်း သားသမီးတွေကို စာကျက်မကျက် သတိထားတတ်သည်။ မကျင်မေက ကလေးအငယ်နှစ်ယောက်
သိပ်ပြီး ကြယ်သီးတပ်စရာရှိသော အင်္ကျီများကို ကြယ်သီးတပ်နေတတ်သည်။ ခယ်မတွေကလည်း
သူ့ အလုပ်နှင့်သူမို့ နားနေပန်းဖြေနေတတ်သည်။ အန်းမကြီးကတော့ မိုးချုပ်လျှင်
ရေခပ်ဖို့ ပြင်နေသည်။
ကိုးနာရီကျော်လျှင် သူတို့အိမ်တွင်
မီးမှိတ်လိုက်ကြသည်။ တစ်နေ့တာ လူ့ဘဝလေးကို တစ်စခန်းချ လိုက်ကြလေသည်။ နောက်နေ့လည်း
ထိုအတိုင်း ဖြစ်သည်။ နောက်လ၊ နောက်တစ်နှစ် ထိုအတိုင်းပင် ဖြစသည်။ လတွေ နှစ်တွေသာ
ပြောင်းသွားသော်လည်း သူတို့မိသားစု မပြောင်းပေ။ (ဆိုပါစို့) သားကြီးက ၈
တန်းအောင်လျှင် သမီးကြီးက ၇ တန်းတက်သည်။ သားကြီး စာအုပ်တွေက သမီးကြီးလက်ထဲ ရောက်သွားသည်။
နောက် သားလတ်လက်ထဲမှာ၊ နောက် သမီးလတ်လက်ထဲမှာ လက်ဆင့်ကမ်းသွားကြ သည်။
သူတို့သားသမီးတွေ ကလည်း ပညာထူးချွန်ကြသည်။ သားကြီးက ၁ဝ တန်းအောင်လျှင် ဂုဏ်ထူးက
ပါသည်။ သမီးကြီးကလည်း ဂုဏ်ထူးပါသည်။ သားကြီးက စက်မှုတက္ကသိုလ်၊ သမီးကြီးကည်း
စက်မှုတက္ကသိုလ် အသီးသီး ဝင်ခွင့်ရသည်။ သားလတ် ရှိသေးသည်။ သူကလည်း
စက်မှုတက္ကသိုလ်၊ သမီးလတ်ကျတော့ ပညာရေးတက္ကသိုလ်၊ နောက် သားငယ်ကျတော့ ဘူမိဗေဒ၊
သမီးငယ်လည်း ဝိဇ္ဇာသိပ္ပံ၊ နောက်ဆုံးသမီးလေးက ဥပဒေ၊ ကြည့်စမ်း တစ်မိပေါက်
တစ်ယောက်ထွန်း မဟုတ်။ အားလုံးထွန်းနေသည်။
ကျွန်တော်တို့ လမ်းထဲတွင်
အိမ်တစ်အိမ်တွင် ၁ဝ တန်းအောင်ဖို့ တစ်ယောက် ရှိချင်မှရှိမည်။ သူတို့အိမ်က ၁ဝ တန်းအောင်ဖို့
တစ်ယောက်မဟုတ်၊ မောင်နှမ ၇ ယောက်စလုံး အောင်နေကြသည်။ အောင်မှတ်တွေက ကောင်းသဖြင့်
အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ရောက်သွားကြလေသည်။ ကိုတင်ရွှေက အလုပ်သွားမပျက်၊
အပြုံးမပျက်၊ ညနေညနေ ခြင်းခတ်ပင် ပျက်ဟန်မတူ။ မကျင်မေကလည်း အိမ်တွင်းမှုလုပ်၊
သိမ်းထုပ်သေချာ၊ လျော်အောင် ဖြန့်ချိနေသော ဇနီးကောင်းတစ်ယောက် ဖြစ်သည်မို့ သည်မိ၊
သည်ဖ၊ သည်သားသမီးတွေ တစ်လှေကြီးနှင့် မညည်းညူ လှော်ခတ်နေကြခြင်း ဖြစ်သည်။
ပန်းတိုင်မရောက်ခင် မမောစတမ်း မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်နေကြသော ကိုတင်ရွှေတို့
ဇနီးမောင်နှံအဖို့ ဤခရီးကား ပင်ပန်းသော်လည်း ရွှင်လန်းနေပါသည်။
□
၄။
အချိန်တန်တော့ တစ်မိသားစုနှင့်
တစ်မိသားစု ခွဲခွာကွေကွင်းကြရသည်။ တစ်မိသားစုထဲမှာပင် ညီနှင့် ညီမ၊ အစ်ကိုနှင့် အစ်မ
တစ်တွေလည်း ပွင့်ချိန်ပွင့်၊ သီးချိန်သီးကာ ခွဲခွာကြရသည်လေ။ ကျွန်တော်တို့
မိသားစုသည် ထိုနိယာမကို မလွန်ဆန်နိုင်သလို သူတို့ မိသားစုလည်း ထိုနည်းလည်းကောင်း
ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ကြာသွားသည်။ တစ်ခါတစ်ရံ
လမ်းမှာ တွေ့လိုက်ကြသည်။ မာကြောင်းသာ ကြောင်းကအစ အခြားအကြောင်းတွေ ပြောလိုက်ကြသည်။
တစ်ခါတစ်ရံတွင် လမ်းထဲက လူဟောင်းတွေနှင့် တွေ့လိုက်လျှင် သူတို့မိသားစုအကြောင်း
ကြားရပြန်သည်။ သားကြီးက ကြယ်ငါးပွင့် သင်္ဘောလိုင်းမှာ အရာရှိ၊ သမီးကြီးက
စက်မှုတက္ကသိုလ်မှာ ဆရာမ၊ နောက်တစ်ယောက်ကလည်း စက်မှု(၁)မှာ အရာရှိ၊ ဟော ...
နောက်တစ်ယောက်ကျတော့ အထက်တန်းပြဆရာမ၊ ကျန်မောင်နှမတစ်တွေကလည်း တစ်ယောက်က ဘူမိဗေဒ
အငယ်တန်းအရာရှိ၊ တစ်ယောက်က စာရင်းကိုင်၊ တစ်ယောက်က ရှေ့နေ၊ သူ့ရာထူးနှင့်သူ ဖြစ်နေ
ကြသည်ကို ကြားရသည်။ သူ့အိုး၊ သူ့အိမ်၊ သူ့ရာထူး ဂုဏ်သိမ်တွေနှင့် သာယာချမ်းမြေ့သော
မိသားစုများ ဖြစ်နေကြသည်မို့ မင်္ဂလာသတင်းလွှာများ ဖတ်ရှုနာကြားရသည်နှင့် တူသည်။
သူတို့ မိဘနှစ်ပါးကတော့ ထိုအိမ်မှာပင် နားနေအိပ်စက်နေတုန်း။ အပြင်သို့ သွားလာမပျက်
ရှိနေတုန်း။ (သားတွေသမီးတွေ အိမ် အသွားအလာ မပျက်ပေ)။ လမ်းထဲမှာလည်း ဟိုယခင်ကအတိုင်း
ကိုတင်ရွှေ၊ မကျင်မေ အမည်နာမများတွင် ဦးတပ် ဒေါ်တပ်ကာ ဦးတင်ရွှေ၊ ဒေါ်ကျင်မေတို့
ဖြစ်နေကြပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်
ပြန်လည်၍ အလည်ရောက်သွားသော တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ရာဇာဓိရာဇ်
(၁)လမ်းမှ ကိုတင်ရွှေတို့ မိသားစုအိမ်သည် ကျွန်တော့် စိတ်ဝမ်းကို ချမ်းမြေ့ကြည်
နူးစေသော အိမ်ဂေဟာဖြစ်ပါသည်။ တစ်နည်းအားဖြင့်
ပညာဆီမီး ထိန်ထိန်ညီးခဲ့သော အိမ်အဖြစ် ကျွန်တော့် စိတ်နှလုံးထဲတွင် စံနှုန်းတစ်ခု
ခိုင်ကျည်စွာ စွဲမြဲနေပါသည်။ ထိုစံနှုန်းများများလေ မိသားစုအိမ်တွေ ပို၍ သာယာချမ်းမြေ့လေ
ဖြစ်လာမည်မို့ ပညာဆိုသော အတုမဲ့ ရတနာတစ်ပါးကို လူတိုင်းတန်းဖိုးထား မြတ်နိုးစေ
ချင်ပါတော့သည်။
လေးကိုတင်
(အမှတ် ၂၀၁၊ သြဂုတ်လ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
မာထန်သော ကျောက်သားထုထဲမှ နုသစ်သော အပင်ငယ်များလည်း ဦးခေါင်းပြူ၍ ကမ္ဘာလောကကို ငုံ့ကြည့်နေကြပုံမှာ စိတ်အတွက် အားဆေးတစ်မျိုးပင် အပင်တို့သည် မြေပွမှာသာ ရှင်သန်နိုင်သည်မဟုတ် ကျောက်သားမှာလည်း ရှင်သန်နိုင်စွမ...
ဓာတ်ပုံများထဲတွင် လူတစ်ယောက်ကို ဟိုတစ်ပုံမှာ တွေ့လိုက်၊ သည်တစ်ပုံမှာ တွေ့လိုက်နှင့်။ သူ့ကို မိမိမတွေ့ဖူးခဲ့။ မိမိအသိထဲကလည်း မဟုတ်။ ထို့ကြောင့် သားကို မေးကြည့်ရသည်။ ကျွန်တော်က ဓာတ်ပုံထဲမှ ထိုလူ၏ ပုံကို...
စာအုပ်လေးများမှာလည်း လူတွေလိုပင် ကိုယ်ပိုင်ရုပ်ဆင်းသွင်ပြင်များ ရှိနေသည်။ စာအုပ်လေးများသည် သက်ရှိများလိုပင် စိတ်ဝိညာဉ်ရှိလေသည်။ သူတို့လေးတွေ၏ စိတ်ဝိညာဉ် ကိုယ့်ကို ဝင်ရောက်ပူးကပ်သည့်အခါ စာအုပ်လေးများသည...