အယ်မူ
စာအုပ်တိုင်းကို ကျွန်မနှင့်သူ အတူတူ ဖတ်ခဲ့ကြသည်။
စာကြောင်းတိုင်းကို ကျွန်မနှင့်သူ အတူတူရွတ်ခဲ့ကြသည်။ ကျွန်မတို့ ပျော်ရွှင်စွာ အတူတူ
စာဖတ်ခဲ့ကြပါ သည်။ ထို့ကြောင့်ပင် သူကွယ်ပျောက်သွားမှန်းမသိလိုက်သည့်အတွက် ကျွန်မသည်
စာအုပ်အချို့ကို ဝယ်ယူမိခဲ့လေသည်။
□
မိုးလယ်လတစ်လ၏ ကောင်းကင်သည် အံ့သြစဖွယ်
မိုးသားတိမ်လိပ်တို့ ကင်းစင်နေသည်။ နေရောင်သည် စူးရဲစွာ တောက်ပလျက်ရှိသည်။ နေ့လယ်ပိုင်းဖြစ်၍
ပတ်ဝန်းကျင်တွင် လူရောကားပါ အတန်ငယ်ရှင်းလင်းပြီး ခြောက်ကပ်ကပ်ဖြစ် နေသည်။ စာအုပ်ရောင်းပွဲတော်ရှိသည့်
ဓမ္မာရုံရှေ့ လှမ်းမျှော်ကြည့်ရာတွင်လည်း လူသူလေးပါး မတွေ့ရသလောက်ပင်ဖြစ်သည်။ အေးအေးလူလူ
လမ်းလျှောက်လာစဉ်မှာ စောစောက တောက်ပလင်းလက်ခဲ့သော နေရောင်ခြည်သည် ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။
မိုးစက်မိုးပေါက်များက အပြေးအလွား ခုန်ဆင်းလာကြသည်။ ဓမ္မာရုံကိုရောက်ရန်
အတန်ငယ်လိုသေးသည်။
အပြောင်းအလဲမြန်သည့် ရန်ကုန်မိုးကြောင့်
စိတ်မညစ်မိသည့်အပြင် ပို၍ပင် လန်းဆန်းလာလေသည်။ မကြာမီ ဓမ္မာရုံထဲမှာ ကျွန်မကို စောင့်မျှော်နေမည့်
စာအုပ်လေးများကို မြင်တွေ့ရတော့မည်။ သူတို့ကိုတွေ့ရမှာ မမြင်တာကြာသည့် ငယ်ပေါင်းကို
တွေ့ရတော့မှာလိုပင်။ မိုးထဲရေထဲမှာ ကျွန်မခြေလှမ်းတွေ သွက်လာသည်။ သည်အချိန် သူလည်း
ကျွန်မနှင့်ထက်ကြပ်မကွာ ရှိနေကြောင်း နွေးထွေးစွာ ခံစားရသည်။
ဓမ္မာရုံထဲမှာ လူတွေပြည့်နေသည်။ သူ့ကဏ္ဍနှင့်သူ
စနစ်တကျရှိနေသည့် စာအုပ်တွေရှေ့မှာ လူတွေ ကြိတ်ကြိတ်တိုးနေသည်။ လူရှင်းနေလိမ့်မည်ဟု
ထင်ထားသဖြင့် ကျွန်မ အံ့သြသွားသည်။ မြန်မာနိုင်ငံကလူတွေ စာမဖတ်ကြဘူးဆို သော်လည်း ယခု
စာအုပ်ဆိုင်ထဲမှာတော့ လူတွေပြည့်နေသည်။ စာအုပ်တွေကို စိတ်ဝင်တစားရှိလှကြောင်း သူတို့မျက်နှာတွေမှာ
တွေ့ရသည်။ အချို့ဆို တစ်ပွေ့ တစ်ပိုက်ကြီးဝယ်ကြသည်။ အချို့က စာအုပ်လေးတွေ မြတ်နိုးလှစွာ
တစိမ့်စိမ့် ကြည့်နေကြသည်။ ကျွန်မရှေ့နားမှာပင် စာအုပ်တွေကို ဖျတ်ခနဲ ဖျတ်ခနဲ တစ်အုပ်ပြီး တစ်အုပ်
ကောက်ဆွဲထည့်ပုံကလည်း အားကျစရာ ကောင်းသေးတော့သည်။
လူအများကြီးရှိနေသော်လည်း အသံတိတ်နေသည်က
ထူးခြားလှသည်။ စာအုပ်နှင့်လူအကြား ဆက်သွယ်မှုသည် အသံတိတ်ဖြစ်သည်။ ထိုဆက်သွယ်မှုသာ အသံဖြစ်ပေါ်လာမည်ဆိုလျှင်
ဤဓမ္မာရုံကြီးပင် ပွင့်ထွက်သွားနိုင်လောက်သည်။ စာအုပ်တန်းကို ဖြည်းဖြည်းချင်း လက်ယာရစ်ပတ်ကြည့်လိုက်သည်။
စာအုပ်လေး များသည် ယဉ်ကျေးသိမ်မွေ့စွာ ကြိုဆိုနေကြသည်။ ကျွန်မ၏ သူသည်လည်း စာအုပ်လေးများ၏
ဖိတ်ခေါ်မှုကို နှစ်လိုစွာပြုံး၍ ကြည့်နေမည်ဟု ခံစားရပါသည်။
သူကပင် ဦးဆောင်ပြီး ကျွန်မလိုချင်သည့်စာအုပ်တွေကို
ညွှန်ပြပေးခဲ့တာ ဖြစ်သည်။ ကျွန်မသုံးစွဲမည့်ငွေအတိုင်း အတာထဲမှာ ကိုယ်လိုချင်သည့် စာအုပ်
လေးတွေပါနိုင်ဖို့ကို ဦးစားပေးရမှာပဲဖြစ်သည်။ စာအုပ်လေးတွေ တစ်အုပ်ပြီး တစ်အုပ်၊ တစ်အုပ်ပြီးတစ်အုပ်။
သည်စာအုပ်လေးတွေထဲမှာ ငယ်ငယ်က ဖတ်ဖူးသည့် ဘဝသရုပ်ဖော်ဝတ္ထုလေးတွေ သေချာပေါက်ပါနေသည်။
ပျော်ရွှင်ကြည်နူးစိတ်ကြောင့် ကျွန်မလက်များပင် တုန်နေခဲ့သည်။ သည်တုန်းက ကျွန်မပျော်တာကြည့်ပြီး
သူလည်း ပျော်ရွှင်နေလိမ့်မည် ထင်ပါသည်။
စာအုပ်ဆိုင်ထဲက ပြန်ထွက်လာခဲ့သည့်တိုင်
မိုးတွေက ရွာလို့ကောင်းဆဲ ဖြစ်သည်။ ဝေ့ကာဝဲကာ တိုက်ခတ်နေ သောမုတ်သုံလေသည် မိုးရေစက်များကြောင့်
အေးစိမ့်နေသည်။ စာအုပ်လေးတွေ ရေမစိုအောင် ရင်မှာအပ်ပြီး လျှောက်ခဲ့ချိန် သူကလည်း ကျွန်မရဲ့
အရိပ်လို။
□
ငယ်စဉ်ကတည်းက ကိန်းအောင်းခဲ့သည့် စာအုပ်လေးများအပေါ်
ချစ်စိတ်သည် စာအုပ်၏ အတွင်းအနှစ်စာသားကိုမျှ မဟုတ်ဘဲ စာအုပ်၏ ပြင်ပရုပ်သွင်ကိုပါ နှစ်သက်မြတ်နိုးခြင်းဖြစ်သည်။
ထို့ပြင် သူတို့၏ ရနံ့လေးများ။
စာအုပ်လေးများမှာလည်း လူတွေလိုပင် ကိုယ်ပိုင်ရုပ်ဆင်းသွင်ပြင်များ ရှိနေသည်။
စာအုပ်လေးများသည် သက်ရှိများလိုပင် စိတ်ဝိညာဉ်ရှိလေသည်။ သူတို့လေးတွေ၏ စိတ်ဝိညာဉ် ကိုယ့်ကို
ဝင်ရောက်ပူးကပ်သည့်အခါ စာအုပ်လေးများသည် ကျွန်မကိုယ်တိုင်ပင် ဖြစ်သွားတော့သည်။
ပန်းပေါင်းစုံပွင့်သည့် ဥယျာဉ်ကြီးတစ်ခုလို
စာအုပ်မျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံနှင့် စာပေဥယျာဉ်ကြီး ကျွန်မတို့ပတ်ဝန်းကျင်မှာ ဖူးပွင့်ဝေဆာခဲ့ပါသည်။
ငယ်ငယ်က ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်းကလေး ဖြစ်ခဲ့သော
ကျွန်မသည် အရွယ်ရောက်လာချိန်မှာ မိုးဝေ၊ ရှုမဝ၊ စံပယ်ဖြူ၊ ငွေတာရီ၊ မြဝတီ၊ ပေဖူးလွှာ
ဖြစ်လာလေသည်။ တစ်ဖန် ရုပ်ရှင်အမြုတေ၊ ရုပ်ရှင်တေးကဗျာ၊ သပြေ၊ ကလျာ၊ အပျိုစင်။ ပြီးလျှင်
နွယ်နီ၊ ရနံ့သစ်၊ ရွှေအမြုတေ၊ မဟေသီ။ စာပေဥယျာဉ်ကြီးထဲမှာ စာပန်းပွင့်များ ခူးယူပြီး
စာအုပ်တွေက ကျွန်မဖြစ်လိုက်၊ ကျွန်မက စာအုပ်တွေ ဖြစ်လိုက်။
အများဆုံး ထိတွေ့ခွင့်ရခဲ့သည့် အကြောင်းအရာအများစုသည်
ဘဝပင်လယ်ကြီးထဲ လက်ပစ်ကူးနေသူများ အကြောင်းဖြစ်သည်။ ရင်အစုံကို ဆွဲညှစ် ဆုပ်ယူလိုက်သလို
ခံစားရမည့်ဝတ္ထုတို များပဲဖြစ်သည်။ သည်လိုဘဝတွေက ကျွန်မတို့ပတ်ဝန်းကျင်မှာ တွေ့နေရသည့်ဘဝတွေ၊
တစ်ခါတစ်ရံ ကျွန်မတို့ ကိုယ်တိုင်၏ ဘဝတွေ ဖြစ်နေတတ်သည်။ သည်လို ပန်းကလေးတွေခူးပြီး
ကျွန်မက ကြီးပြင်းလာခဲ့သည်။ ထိုစဉ်က သူသည် ကိုယ်ချင်းစာစိတ် ပြည့်လျှံစွာဖြင့်
နူးညံ့လွန်းခဲ့ လေသည်။
ကျွန်မပျော်နေချိန် ကျွန်မကို ကရုဏာစိတ်အပြည့်နှင့်
ကြည့်နေတတ်သည်ကို ဘာမှမပြောလိုသော်လည်း ကျွန်မ ဝမ်းနည်းသည့်အခါ သူပါ လိုက်ငိုတတ် သည်ကိုတော့
ကျွန်မ မကြိုက်။ သူ့ကို ကျွန်မက သတ္တိရှိစေချင်သည်။ ခံနိုင်ရည်ရှိစွာ မာကျောစေချင်သည်။
ဤ အရာကပင် သူ့အပေါ်ထားသည့် ကျွန်မ၏ စေတနာနှင့် မျှော်လင့်မှုဖြစ်သည်။
ကာလများစွာကို ကျွန်မတို့ အတူတူ ကျော်ဖြတ်ခဲ့ကြသည်။
စာအုပ်တွေနှင့် ဝေးကွာခဲ့သည့် မှောင်မိုက်သည့် ညများစွာကိုလည်း ဖြတ်သန်းခဲ့သည်။ သည့်နောက်မှာတော့
ကျွန်မဖတ်ဖို့ စာအုပ်လေးများကို သူ တစ်ဖန် ရှာဖွေပေးခဲ့ပြန်သည်။ ရန်ကုန်ဘဆွေ၊ မြသန်းတင့်၊
တက္ကသိုလ်ဘုန်းနိုင်၊ ကြည်အေး၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ မောင်သာရ၊ သုမောင်၊ မင်းလူ၊
မောင်ဝဏ္ဏ၊ ဂျာနယ်ကျော် မမလေး၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ မိုးမိုး(အင်းလျား)၊ ဂျူး၊ ခင်ခင်ထူး၊
လုထုဒေါ်အမာ။ အိုး... အများကြီးမှ အများကြီး။ ကျွန်မ အကြိုက်ကို သိတတ်လွန်းစွာ ကျွန်မ
အနားမှာ သူရှာဖွေပေးခဲ့သည့် စာအုပ်လေးများက အဆင်သင့်။
ခံစားဖို့၊ တွေးတောဖို့၊ ဆင်ခြင်ဖို့၊
ကိုယ်ချင်းစာဖို့၊ ဝမ်းနည်းဖို့၊ ပျော်ရွှင်ဖို့၊ အားယူဖို့၊ အားဖြည့်ဖို့။ သူက ကျွန်မ၏
တိုင်ပင်ဖော်ဖြစ်ခဲ့သည်ဆိုလျှင် စာအုပ်လေး များကတော့ ကျွန်မ၏ ကမ္ဘာလောကကြီးပဲဖြစ်သည်။
စာအုပ်ထဲက ဘဝများစွာမှာ ကျွန်မတို့ ရှာဖွေကျင် လည်ခဲ့ကြသည်။ ဆရာနေဝင်းမြင့်၏ အိမ်ကလေး
ဆယ့်ခြောက်လုံးထဲ ဝင်ကြည့်ကြရင်း သူရောကျွန်မပါ နာကျင်စွာ ရယ်မောခဲ့ကြရတာ မျက်ရည်များ
ထွက်သည်အထိ။ ရယ်လွန်း၍ပဲ မျက်ရည်ကျခဲ့သလား၊ နာလွန်း၍ပဲ မျက်ရည်ကျခဲ့သလား ဆိုသည်ကိုတော့
ကျွန်မတို့ချင်း မမေးဖြစ်ခဲ့ပါ။
□
ထူးဆန်းသည်ဟု ဆိုရမည်။ အရင်က ကျွန်မနှင့်
အကျွမ်းတဝင်မရှိခဲ့သည့် စာအုပ်များကို သူ ယူလာခဲ့သည်။ ဘာလဲဟဲ့ လူ့ငရဲ တဲ့။ အမှောင်ရိပ်ဝယ်
တဲ့။ စမ်းချောင်း အင်းစိန် ဟားဗတ် တဲ့။ ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့သော နှလုံးသားတဲ့။
ကျွန်တော်သိတဲ့ အဖေ့အကြောင်းတဲ့။ အိုဘယ့်အစိမ်းတို့မြေ တဲ့။ အဖုံးလှလှလေးများနှင့်
စာအုပ်မွှေးမွှေးလေးများထဲမှ ထက်ရှသည့် ဆူးချွန်များက ကျွန်မကို နာကျင်အောင် ခြစ်ရှခဲ့ကြသည်။
သည်စာအုပ်တွေကို မယူလာဖို့ သူ့ကို တားမြစ်ချင်ခဲ့ပေမဲ့ ကျွန်မကိုယ်တိုင် မလွန်ဆန်နိုင်လွန်းစွာ
အာသာငမ်းငမ်းဖတ်ဖြစ် ခဲ့တာပဲ ဖြစ်သည်။ အမှောင်ထဲမှာမို့ မြင်နိုင်စွမ်းမရှိခဲ့သည့်
အရာတွေကို မြင်ချင် သိချင်နေတာ ကျွန်မကိုယ်တိုင်ထက်ပင် သူက ပိုနားလည်ခဲ့၍ ဖြစ်မည်။
ဘဝပင်လယ်ကြီးထဲ ကိုယ်တိုင် လက်ပစ်ကူးရချိန်မှာ
တစ်ခါတစ်ရံလည်း မဏိမေခလာကို မဝံ့မရဲတောင့်တနေမိပြန်သည်။ ခါးသက်လွန်းသည့် ပင်လယ် ရေငန်များကိုလည်း
အခံရခက်လှစွာ ကြိမ်ဖန်များစွာ မျိုချရင်း ကမ်းစပ်ဆီ အရောက်ပို့နိုင်မည့်
လှိုင်းနှင့်လေကို ရူးသွပ်စွာ မျှော်လင့်မိလေသည်။ သည်အချိန်မှာ သူလည်း ကျွန်မလို ဘဝလှိုင်း၏
ရိုက်ပုတ်မှုကို ကြံ့ကြံ့ခံအန်တုရင်း သောင်ပြင်ကမ်းကို ငံ့လင့်နေပါလိမ့်မည်။
မိုးသောက်စ လင်းလုလုအချိန် အတန်ငယ် အမောဖြေခွင့်ကြုံခိုက်မှာ
သတင်းစကားများကိုသာ အငမ်းမရ နားစွင့်မိတော့သည်။ သတင်းစကားဆိုသည်က မှောင်မိုက်သည့် ပင်လယ်နှင့်
လုံးလုံးမှ မသက်ဆိုင်ခဲ့သည့်အရာဖြစ်သည်။ သတင်းစကားများသည် လေပြည်လေညင်းပန်းပွင့်ကလေးများ
အသွင်မဟုတ်ဘဲ မုန်တိုင်းနှင့်အတူ ပါလာသည့် အဏုမြူမိုးသီးများလို အခံရ ခက်လောက်အောင်
အညှာတာမဲ့စွာ နှိပ်စက်ကလူပြုကြသည်။ ကျွန်မတို့၏ သွေးချင်းများသည် ကိုယ့်ရေမြေမှာပင်
လူ့ဂုဏ်သိက္ခာမဲ့စွာ ပြေးလွှားနေကြရသည်။ အဖိုးတန်လှချည့် ဆိုသည့် အသက်များက နေရာမရွေး
တန်ဖိုးမဲ့လွန်းစွာ ပျက်သုဉ်းနေကြရသည်။ ရှင်စဉ်သော်မှ သေလျက်ဘဝများလည်း မျှော်လင့်ခြင်း
ဆိုသည်ကို မေ့လျော့ခဲ့ကြလေပြီ။
သွေးစက်လက်နှင့် ရိရွဲအသားစများ ကပ်ငြိနေသည့်
အစွယ်တကားကား သတ္တဝါကြီးများကတော့
အာသာပြေဟန်မပြကြသေး။ အပြင်ရော အတွင်းပါ ရန်လိုသူတွေ ဝိုင်းနေသည့် အလယ်မှာ ထွက်ပေါက်ကို
စုပြုံတိုးရင်း ပိတ်မိနေကြပြန်သည်။ အသက်ဝဝရှူ နိုင်ဖို့ရော ယောင်တိုးကြိတ်နေသူတွေထဲမှာ
ကျွန်မကိုယ်တိုင်လည်း ပါနေပြီး ကိုယ့်ခြေထောက် ကိုယ်ပြန်နင်းမိသူလို ညည်းတွားခွင့်က
ကျပျောက်ရပြန်သည်။
အေးစက်စက်လေထုထဲမှာ သူ ဘယ်လိုယုံကြည်ခံစားနေကြောင်း
ကျွန်မ မေ့လျော့ နေခဲ့မိသည်။ သူ့အပေါ် လျစ်လျူရှုခဲ့သည့်ကာလသည် အချို့ ဆိုသည်ထက် ပိုလို့ပင်
ရှည်လျားခဲ့လေသည်။
□
မုတ်သုံလေသည် အိမ်အပြင်ဘက်တွင် ဒေါမာန်တကြီး
တိုက်ခတ်နေသည်။ သစ်ကိုင်းသစ်ခက်များသည်လည်း လေထဲတွင် ဖျပ်ဖျပ်ခါလူးလွန့်နေကြသည်။ အထပ်မြင့်မြင့်အိမ်များကြားမှ
တိုးဝှေ့တိုက်ခတ်သွားသောလေမှာ လေချွန်သံလို တရွှီရွှီ မြည်လျက်ရှိသည်။ မိုးနှင့် လေသည်
ခုနစ်ရက်ပတ်လုံး မစဲဘဲ သဲကြီးမဲကြီး ရွာလိုက်၊
ခဏတာ အမောဖြေသည့်ဟန်ဖြင့် ဖွဲဖွဲစိပ်စိပ်ရွာလိုက် လုပ်နေခဲ့သည်။ ညိုမှိုင်းသော ကောင်းကင်တွင်
လျှပ်စီးများဝင်းဝင်းလက်ကာ ကောင်းကင်သည် ကွဲကြေလုမတတ် ဆူညံစွာ မြည်ဟည်းတုန်ခါနေသည်။
ငယ်စဉ်ကတော့ သည်လို မိုးကြီးလျှင် အလွန်ပျော်ရွှင်ခဲ့ဖူးသည်။
မိုးရေထဲ ခုန်ပေါက်ပြေးလွှားကာ
မေးခိုက်ခိုက်တုန်မှ အိမ်ပေါ်ပြန်တက်ခဲ့သည်ချည်း ဖြစ်သည်။ အခုတော့ မိုးရေများကို ကျွန်မ
ငြိုငြင်နေမိသည်။ မိုးနှင့်ရေ။ သည်နှစ်ခုကြားက ပူလောင်နွမ်းလျ မျက်နှာများစွာကိုလည်း
မြင်တွေ့နေရသည်။ ကိုယ့်အသက်ကို ဘယ်အချိန် စတေးလိုက်ရမည် မသိနိုင်စွာ အမိမဲ့ ကြက်ငယ်လေးတွေလို
မြေကို ယက်ကုတ်ရှာဖွေနေသူတွေ၏
ဘဝပေါင်းများစွာကို သည်လို မိုးသည်းသည်းတွေက မျိုချနေခဲ့ကြသည်။
အရင်အချိန်က ခန္ဓာကိုယ်တစ်ခုလုံးကို မိုးစက်မိုးပေါက်များ
ထိမှန်တိုင်း ကျွန်မက ပျော်ရွှင်ကျေနပ်ခဲ့သူ။ အခုတော့ မိုးသည်းချိန်ဆို ခြေမျက်စိရေ
မြုပ်တတ်သည့် ကွန်ကရစ် လမ်းမထက်မှာ လမ်းလျှောက်ရမှာကိုပဲ အကြောက်ကြီး ကြောက်နေတတ်ပြန်သည်။
ခက်ခဲစွာ ရှင်သန်နေခဲ့သည့် အသက်များက သည်လို မိုးသည်းသည်းမှာ လွယ်လွင့်တကူ ဖြုတ်ခနဲ
ကြွေလွင့်သွားတတ်၍ပဲ ဖြစ်သည်။
သည်လို မိုးသည်းသည်းနေ့တစ်နေ့မှာ ဝယ်ခဲ့သည့်
စာအုပ်လေးများက ကျွန်မစားပွဲပေါ် ရောက်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီ။ အခုထိ ဟုတ်ဟုတ်ငြားငြား
မဖတ်ဖြစ်သေး။ ငယ်ငယ်က အမှတ်တရ ရှိနေခဲ့သည့် ဝတ္ထုလေးများ။ ငယ်ငယ်က နာကျင်မောပန်းစွာ
ဖတ်ဖြစ်ခဲ့သည့် ဝတ္ထုလေးများ။ ငယ်ငယ်က ရင်မှာ ဆို့ဆို့ မျက်ရည်စို့ခဲ့ရသည့် ဝတ္ထုလေးများ။
သည်ဝတ္ထုလေးများကြောင့်ပင် သူ့ဘဝ ကိုယ့် ဘဝ အပြန်အလှန် နားလည်ကိုယ်ချင်းစာတတ်ခဲ့သည့်
ကျွန်မ။ အခုမူ အဆုံးထိဖတ်၍ မရအောင်ကို ရင်မှာ တစ်စုံတစ်ရာ လစ်ဟာနေခဲ့ရသည်။ ငယ်စဉ်က
ခံစားမှုမျိုးတွေ ပြန်ပေါ်လာလိမ့်နိုး ထင်မိသော်လည်း ထိုအရာများက ပျောက်ကွယ်နေကြသည်။
လေးဆယ်ဆိုသည့် ကိန်းဂဏန်းသည် လောကထဲမှ
အရာအချို့ကို လျစ်လျူရှုနိုင်ခဲ့ပြီလား။ စာအုပ်လေးများကို ဖတ်နိုင်ဖို့ အကြိမ်ကြိမ်
ကြိုးစားရင်း မေ့လျော့ထားခဲ့မိသည့် သူ့ကို ကျွန်မ သတိတရရှာဖွေမိတော့သည်။ ကျွန်မနှင့် စာအုပ်လေးများကြားမှာ လစ်ဟာနေသည့်တစ်စုံတစ်ရာသည်
သူသာလျှင် ဖြစ်ကြောင်း အထိတ်တလန့် သိလိုက်ရလေသည်။ သူသည် ကျွန်မကို တိတ်ဆိတ်စွာ ခွဲခွာသွားခဲ့လေပြီ။
ဘဝလှိုင်းကြမ်း၏ ရိုက်ပုတ်မှုဒဏ်ကြောင့်
သူသေဆုံးသွားခဲ့လေသလား၊ မျှတမှုများ ကင်းပနေသည့် ရပ်ဝန်းကြီးထဲမှ လွတ်ရာလမ်းဆီ ရှောင်ပြေးရင်း
မျက်စိလည် လမ်းမှားနေသည်လား။
ကျွန်မ မသိ။ သေချာစွာ သိနေသည်က သူ ကျွန်မထံမှ ခွဲခွာပျောက်ဆုံးသွားခြင်းပင်။
အကယ်၍ သူသည် အမှန်တကယ် မသေဆုံးခဲ့ပါမူ
ကမ္ဘာမြေ၏ တစ်နေရာတွင် ထိတ်လန့်စိုးရွံ့စွာ ငိုရှိုက်နေသည့် နူးညံ့သိမ်မွေ့လွန်းသူလေးကို
တွေ့ခဲ့မည်ဆိုလျှင် ထိုသူလေးသည် ကျွန်မ၏ သူသာ ဖြစ်ပါမည်။ သူ့ကို ကျွန်မထံ ပြန်ပို့ပေးပါရန်
တောင်းဆိုလိုပါသည်။ သူ့တွင် ထင်ရှားသော အမှတ်အသားအဖြစ် 'ကိုယ်ချင်းစာတရား' သည် လင်းလက်တောက်ပ၍
နေပါသည်။
□
စာအုပ်များကို ကျွန်မနှင့်သူ အတူတူ ဖတ်ခဲ့ကြသည်။
စာကြောင်းတိုင်းကို ကျွန်မနှင့်သူ အတူတူရွတ်ခဲ့ကြသည်။ ကျွန်မတို့ ပျော်ရွှင်စွာ အတူတူ
စာဖတ်ခဲ့ကြ ပါသည်။ ထို့ကြောင့်ပင် သူ ကွယ်ပျောက်သွားမှန်း မသိလိုက်သည့်အတွက် ကျွန်မသည်
စာအုပ်အချို့ကို ဝယ်ယူမိခဲ့လေသည်။
ကိုယ့်ရဲ့ကိုယ်ပွားတစ်ခု၊ ကိုယ့်ရင်ထဲက
သက်ရှိ အမြုတေတစ်ခု ကွယ်ပျောက် သွားသည့်အခါ သူရှိခဲ့ဖူးသည့် နေရာသည် ကွက်လပ်ဖြစ်၍ ကျန်ခဲ့လေသည်။
ထိုအခါ ထိုကွက်လပ်နှင့်လူသည်...။
■
အယ်မူ
(အမှတ် ၃၅၈၊ စက်တင်ဘာ၊၂၀၁၉ ရွှေအမြုတေမဂ္ဂဇင်း။)
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်