အောင်ဝေး
ကဗျာဆရာသည်
ကွယ်လွန်လေ၏။
လူသည် သေ၏။
ကြယ်သည် ကြွေ၏။ ငှက်သည် ပျံရင်းသေသည် မဟုတ်လား။ သေခြင်းသည် ဘဝအဓိပ္ပာယ်လား။
သစ္စာလား။ သေခြင်းဆိုတာ ဘာလဲ။ တစ်စုံတစ်ယောက်ကတော့ 'သေလျှင်ပြီးပြီ'ဟု ပြောနေကြောင်းကို ကဗျာဆရာသည် သူငယ်ချင်းအချို့ထံမှ ကြားရဖူးလေသည်။
သေလျှင် တကယ်ပြီးမှာလား။ လူသည် (တာဝန်ယူမှုရှိသော လူစင်စစ်မှန်လျှင်) အဘယ်မှာလျှင်
သေလျှင်ပြီးနိုင်ပါမည်နည်း။ ဥပမာ- ဆရာဗန်းမော်တင်အောင်ဆိုလျှင်
သေလွန်ခဲ့ပြီးသော်လည်း မပြီးဆုံးသေးသောသူပင် ဖြစ်မည် မဟုတ်ပါလော။ အစစ်အမှန်ကို
ဆိုရလျှင် ဆရာဗန်းမော်တင်အောင်သည် ထာဝရ မသေဆုံးသူ (မပြီးဆုံးသူ) ဖြစ်သည်ပဲတကား။
ကဗျာဆရာက
စဉ်းစားနေမိပေသည်။ လူသည် သေပြီးလျှင် ပြီးဆုံးသွားသည် ဆို၍မရ။ 'သေလျှင်ပြီးပြီ' ဆိုတာ လူ့အဖွဲ့အစည်းကြီး ပျက်စီးရာ ပျက်စီးကြောင်းကို
ကြံစည်ပြုလုပ်ခဲ့သော လူရမ်းကားတစ်ယောက်၏ သေဆုံးခြင်းအတွက်သာ ဒါက ဖြစ်နိုင်ပေသည်။
သို့သော် ကဗျာဆရာက စဉ်းစားပြန်သည်။ လူသေ သေဆုံးသွားပြီးနောက် မသေဆုံးဖို့
လိုမည်ဟု။ တာဝန်ယူမှုရှိတဲ့ လူဆိုရင်ပေါ့။ ကဗျာဆရာက ရိုးရိုးကလေးပင် တွေးလေသည်။
၁၉၃၆
ခုနှစ် စပိန်ပြည်တွင်း စစ်ကြီးထဲမှာ ဖက်ဆစ်အာဏာရှင် ဖရန်ကို၏ ဂိုဏ်းသမားများက
ချောင်းမြောင်းလုပ်ကြံသဖြင့် ကဗျာဆရာ ဂါစီယာလော်ရကာ သေဆုံးခဲ့ရသည်။ သို့သော်
ဂါစီယာလော်ရကာသည် ဘယ်တော့မှ သေဆုံးမသွားသောသူ ဖြစ်လာခဲ့သည်။ သူသည် စပိန်ရဲ့
ကြယ်ပွင့်။ ကဗျာဆရာ ဂါစီယာလော်ရကာ၏ ကဗျာများ ယနေ့တိုင် ကမ္ဘာကျော်နေဆဲ ဖြစ်သည်။
ဖရန်ကိုလည်း သေပါပြီ။ ဖရန်ကို၏ သေဆုံးခြင်းမှာ 'သေလျှင်ပြီးပြီ'ဆိုသော သေခြင်းမျိုး (သေခြင်းဆိုးမျိုး) ဖြစ်သည်။ ဖရန်ကို ကိုယ်တိုင်
စပိန်ပြည်သူတွေကို ထမသတ်နိုင်တော့ပြီ။ ပြီးပြီ။ The End.
ဖရန်ကိုနှင့်အတူ
ဖက်ဆစ်ဝါဒလည်း မြောင်းထဲရောက်သွားသည်။ ပြီးပြီပေါ့။ ထိုသို့ဖြစ်သည်။ ဖရန်ကိုသည်
ဘာသာကြီးလေးရပ်၏ ငရဲအသီးသီး၌ အခါခါ သေဆုံးသူဖြစ်သည်။ သူ သတ်ခဲ့သော ကဗျာဆရာ
ဂါစီယာလော်ရကာသည်ကား ကဗျာများဖြင့် အခါခါ ရှင်ပြန်ထမြောက်နိုင်သူ ဖြစ်ခဲ့လေပြီ။
ကဗျာဆရာသည် သေလျှင်
မပြီးသေးဟု ရဲရဲယူဆလိုက်သည်။ သေပြီးလျှင် ရှင်သန်နေဖို့ လိုသေးသည်။ ထိုအတိုင်း သူ
ယုံကြည်ထားသည်။ ကဗျာဆရာသည် တက္ကသိုလ်နှင့် တောရကာလများမှာတော့ ဘာသာကြီး လေးရပ်၏
သေခြင်းတရားအပေါ် သဘောထားများကို လေ့လာစူးစမ်းကြည့်ခဲ့ဖူးပါ၏။ ကဗျာဆရာအဖို့
သေခြင်းတရားအပေါ်၌ သဘောထားမှတ်ချက်ပေးစရာ အထွေအထူးတော့လည်း သိပ်ပြီး
ကြီးကြီးကျယ်ကျယ် ရှိလှသည်တော့ မဟုတ်ပါ။ ကဗျာဆရာက ရိုးရိုးရှင်းရှင်းကလေးသာပဲ
မြင်လေသည်။ သူက သေခြင်းကို တန်ဖိုးသတ်မှတ်ထားသည်။ သေခြင်းမှာ တန်ဖိုးရှိပေသည်။
ထိုတန်ဖိုးကို ကဗျာဆရာက ဆရာဗန်းမော်တင်အောင်၏ (ယခင် ကြံတောသင်္ချိုင်း)
အုတ်ဂူပေါ်က စာသားများဖြင့် ကိုးကားသက်သေပြတတ်ပေသည်။
ဆရာဗန်းမော်တင်အောင် ဆိုသည်။
'လူတစ်ယောက်ရဲ့
တန်ဖိုးကို သူ ဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့
သမိုင်းပေးတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့
တိုင်းတာရမှာပဲ'
ဆရာဗန်းမော်တင်အောင် အုတ်ဂူပေါ်က
အဘိဓမ္မာသည် ရှင်းလင်းလှပသည်။ ထိုအဘိဓမ္မာအတိုင်းပင် ကဗျာဆရာသည် သေခြင်းကို
တန်ဖိုးဖြတ်၍ ကြည့်မြင်သူ ဖြစ်လာသည်။ ကျွန်ုပ်တို့ ဘယ်လိုသေမည်လဲ။ ဆော့ခရတ္တိ၏
သေခြင်းမှသည် ဆရာဗန်းမော်တင်အောင်ကဲ့သို့သော သေခြင်းများ စသည်အထိ ကဗျာဆရာက
တန်ဖိုးရှိစွာ သေခြင်းကို တန်ဆာဆင်ချင်သူလည်း ဖြစ်သည်။ သေခြင်းတွင် အလှဗေဒ
ရှိရပေမည်။ သေခြင်းတွင် ဒဿနပါရပေမည်။
ကဗျာဆရာအဖို့ ဘဝ၏နေခြင်းနှင့်
သေခြင်းတို့အပေါ်တွင် ဆင်ခြင်ပုံမှာ ဤသို့ဖြစ်သည်။ သူက
အရင်ဦးဆုံး
အရေးကြီးသည်မှာ လူသည် မိမိ၏ ဘဝမှာ ဘယ်လိုသေမလဲဆိုတာကို ဦးစွာပထမ
သဘောပေါက်ထားဖို့
လိုလေသည်ဟု ယူဆသည်။ ဘဝမှာ ဘယ်လို သေမလဲ။ (ဖရန်ကိုလို သေမလား၊ ဂါစီယာလော်ရကာလို
သေမလား) အဲဒါကို အရင်ဆုံးသဘောပေါက်မှလည်း ဘဝကို ဘယ်လိုနေထိုင်သွားရမယ် ဆိုတာကို
နားလည်ပေလိမ့်မည်ဟု ကဗျာဆရာက နှလုံးပိုက်ထားလေသည်။
"The way you
know how to die, the way you know how to live" သူ၏တရားက
ဒါသာဖြစ်သည်ကို ကဗျာဆရာသည် သိပ်ပြီး ကျယ်လောင် ကျယ်လောင်
လျှောက်ပြောနေတတ်သူတော့လည်း မဟုတ်ပါချေ။ လူသည် သေမျိုးသာတည်းဟူသော ယုတ္တိဗေဒ
အဆိုပြုချက်များမှသည် 'သေလျှင်ပြီးပြီ' သေရင်ပြီးပြီဆိုသော စကားများကိုအထိ ကဗျာဆရာက အချိန်ကုန်ခံပြီး
လိုက်လံစဉ်းစားနေသူလည်း မဟုတ်ပြန်ချေ။
သူက လူသည်
သေပြီးသော်လည်း ထာဝရ မသေဆုံးဖို့ကို လိုအပ်သည်ဟု ခံယူသည်။ ကဗျာဆရာ အမြဲပြောသည်မှာ
ဆရာဗန်းမော်တင်အောင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများသည် မသေမျိုး၊ မသေနွယ်
ဖြစ်သည်ဟူ၍။
သေခြင်း၏
အဘိဓမ္မာ (Philosophy
of Death) နှင့် သေခြင်း၏
အနုပညာ (Art of Death) ထိုအရာ နှစ်ခုသည်
ဆက်စပ်သည် မဟုတ်ပါလား။
ကဗျာဆရာသည် ကွယ်လွန်လေ၏။
□
ညသည်
ရေဆန်ကို ဖြတ်သန်းနေရပေသည်။ ရေဆန်မြစ်ထဲသို့ ကြယ်က ကြွေလေသည်။ သြော်... ကြယ်ကြွေ
ရေဆန်ပါတကား။ ကဗျာဆရာသည် ခံစားနေမိပြန်သည်။ ကြယ်ကြွေကရေဆန်။ သူသည် တစ်ခါတစ်ခါ
မြို့သစ်ကလေးမှ သူ့အိမ်ရှေ့လမ်းမလယ်ကောင်သို့ ထွက်ကာ
ညအခါ မှောင်နေသည့်
လေထုကိုဖြတ်၍ ကောင်းကင်သို့ မော့ကြည့်ရင်း ကြယ်တွေကို တစ်လုံးချင်း
ရေတွက်ကြည့်နေပြီး 'ငါ့နာမည်နဲ့ ကြယ်က ဘယ်မှာပါလိမ့်'ဟု
ရှာဖွေနေတတ်ပြန်လေသည်။
ကဗျာဆရာ၏
အဘိဓာန်ထဲမှာတော့ ကြယ်ကြွေခြင်းသည် သမိုင်းတန်ဖိုးတစ်ရပ် ရေးထိုးလိုက်ခြင်းပဲ
ဖြစ်သည်ဟု ပါရှိလေသည်။ ကြယ်ကြွေသည်မှာ မဆန်း။ ထိုမဆန်းသော ကြွေခြင်းမှာ
ဆန်းသောသမိုင်းတန်ဖိုးတို့ ရှိပေသည်ပဲ မဟုတ်လား။ များစွာမှောင်မိုက်လွန်းလှသော
ညတစ်ည၏ သံသရာထဲတွင် ကဗျာဆရာသည် ငမိုးရိပ်ချောင်းကို ဖြတ်သော
တံတားကြီးတစ်စီးပေါ်တွင် ရပ်ကာ ကောင်းကင်၏ အရိပ်က ချောင်းပြင်တွင် ထင်ဟပ်နေပြီး
ကြယ်များက ရေစီး၌ မျောပါသွားနေကြသည်ကို ငုံ့စိုက်ငေးရီရင်း သေခြင်းတရားကို
အကြာကြီး တွေငိုင်စဉ်းစားနေမိခဲ့ဖူးလေသည်။
ညတစ်ည...။
ထိုရောအခါက
ငမိုးရိပ်ညသည် နှင်းမြူမြမြအောက်ဝယ် မှေးမှိတ် တိတ်ဆိတ်နေခဲ့ကာ ကဗျာဆရာသည်လည်း
ဟိုးအဝေး အင်္ဂလန်နှင်းမှုန်ကြားမှ ကဗျာဆရာ ဘိုင်ရွန်၏ ဈာပနကို ပြန်စဉ်းစား
မြင်ယောင်နေမိပြန်လေသည်။
ကဗျာဆရာ
ဘိုင်ရွန်သေတော့ သူ့ရုပ်ကလာပ်ကို ကမ်းခြေလမ်းက သယ်ထမ်းလာချိန်၊ သူ့ချစ်သူမလေးခမျာ
မြင်းရထားနှင့် အမှတ်မထင် ကျော်ဖြတ်သွားမိလေသတဲ့။ 'အသုဘကလည်း
လူနည်းလိုက်တာ။ အစောကြီး နှင်းတွေထဲမှာကွယ်'လို့လည်း
ညည်းရှာသတဲ့။ ဒါနဲ့ အတော်ကြီး
ဝေးသွားတော့မှ 'အဲဒါ
အနုညာတ အသုဘ မဟုတ်ပါဘူး သခင်မလေး။ ကဗျာဆရာ ဘိုင်ရွန် အသုဘပါ'
'အို...
အဖြစ်ဆိုးလှချည်လား အချစ်ရယ်'
ထိုအဖြစ်အပျက်ကို
ငမိုးရိပ်တံတားကြီးပေါ်၌ ရပ်တန့်ကာ နှင်းဖြူဖြူမှုန်အောက်၌ ငေးမင်နေသော ကဗျာဆရာက
ဟိုက္ကုကဗျာတစ်ပုဒ်ကိုလည်း ခံစားသီဖွဲ့ခဲ့မိတယ် မဟုတ်လား။
'အသုဘ ကလည်း လူနည်းလိုက်တာ
အစောကြီး နှင်းတွေထဲမှာကွယ်'
လူနည်းခြင်းများခြင်းက အရေးမကြီးလှပါ။
အရေးကြီးသည်မှာ ထိုအသုဘသည် 'ကဗျာဆရာဘိုင်ရွန်'၏
အသုဘဖြစ်နေဖို့ပဲ မဟုတ်လား။
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ
ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏
ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ကဗျာဆရာသည် ကြယ်ကြွေများ၏
ဗျုပ္ပတ်ကို လွမ်းမောဆွတ်သ ကွဲကြေရင်း မြို့သစ်ကလေးမှ ညတစ်ယံ၏
အလင်းမှုန်မှုန်အောက်ဝယ် မြေကြီးအောက်က တောက်ပသော ကြယ်ကြွေတွေ အကြောင်းကိုလည်း
စဉ်းစားခန်း ဝင်နေခဲ့မိပြန်လေသည်။
မြရာပင်ထက်မှာ ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။
ဆိပ်ဖလူးပင်ပေါ်မှာ ကြယ်တွေ ကြွေပဲ့တယ်။ စိန်ပန်းကြွေသော ကတ္တရာတောမှာလည်း ကြယ်တွေ
ကြွေခဲ့တယ်။ မြေကြီးအောက်မှာ အဲဒီကြွေကြယ်တွေ ရှိတယ်။ တချို့တောက်ပနေဆဲ ဖြစ်ပြီး
တချို့ကြယ်တွေကတော့ နစ်မြုပ်ပျောက်ဆုံးနေကြတယ်။ ပျောက်ဆုံးနေတဲ့ ကြယ်တွေ၊
နစ်မြုပ်နေတဲ့ ကြယ်တွေကို မြေကြီးအောက်မှာ လိုက်ရှာရမယ်။ ဒီလိုရှာခဲ့လို့ပဲ 'ချေဂွေဗားရား'ဆိုတဲ့ ကြယ်ကြွေရဲ့ အရိုးတွေကို ဘိုလီးဗီးယားနိုင်ငံရဲ့ ရွာကလေးတစ်ရွာက
လေယာဉ်ပြေးလမ်းအဆုံးမှာ ပြန်လည်ရှာဖွေ တူးဖော်နိုင်ခဲ့ကြတာပဲ မဟုတ်လား။ အဲဒီကြယ်ကြွေရဲ့
အရိုးတွေကို ကျူးဘားနိုင်ငံ၊ ဟာဗာနာ မြို့တော်မှာ
ပြောင်းရွှေ့မြှုပ်နှံနိုင်ခဲ့တယ် မဟုတ်လား။
သြော်...
ကြယ်ကြွေသောည။ ကြွေခြင်းသည် လွမ်းခြင်းဖြစ်၏။ ကြယ်ကြွေသောအခါ လွမ်းဆွတ်တမ်းတ
နှမြောလွမ်းလျကြပေသည်။ သေခြင်းသည် အလွမ်းဇာတ်တစ်ပုဒ်ပေလား။ တစ်ခန်းမရပ်သည့်
နှစ်ခန်းမကသော အလွမ်းဇာတ်ရှည်ကြီးပဲလား။
ကဗျာဆရာသည် အိပ်မက်မက်ရင်း
လမ်းထလျှောက်နေသူလိုပဲ ခံစားနေရလေသည်။ နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့်
အနုပညာဆန်စွာ နပန်းလုံးနေခဲ့တာပါလားဟု ကဗျာဆရာသည် သူကိုယ်တိုင် ပြန်လည်ကြည့်ဖြစ်ကာ
သုံးသပ်နေခဲ့မိလေသည်။ အမှန်တကယ်လည်း သေခြင်းတရားသည် ကဗျာဆရာ၏
အသက်ပတ်ပတ်လည်အနီးတွင် ပြောင်ပြောင်တင်းတင်းပင် ဝင်ရောက်အခြေချ၍ ခပ်တည်တည်နှင့်သာ
ကျက်စားနေခဲ့တာလည်း မဟုတ်ပါလား။
သေခြင်း၏ အနုပညာနှင့် သေခြင်း၏
အဘိဓမ္မာတို့ကို အတော်အသင့် ထင်လင်းစွာပင် အနီးကပ် တွေ့မြင်သဘောပေါက်
နားလည်လာခဲ့သော ညတစ်ညဝယ် ကဗျာဆရာ သေဆုံးသွားခဲ့လေသည်။
□
ကဗျာဆရာသည် ကွယ်လွန်လေ၏။
ကဗျာဆရာကား သက်တော်ရာကျော်
ရှည်ပါစေသတည်း။
▀
အောင်ဝေး
(အမှတ်
၂၀၇၊ ဖေဖော်၀ါရီလ၊၂၀၀၇
ရွှေအမြုတေမဂ္ဂဇင်း။)
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်
အိမ်သစ်ကလေးသို့ စာမိသားစုများ အမှိုက်ကလေးများ ကိုက်ချီရောက်လာကြသည် တစ်ပြုံတစ်မကြီး တစ်ခါတည်း ရောက်လာကြခြင်းတော့မဟုတ် တစ်ကောင် အရင်လာနားသည် အိမ်တွင်း ဝင်ကြည့် ပြန်ခေါင်းပြူ ကျိကျိအော်မြည် ပျံသွား နောက်...