ရသစာတမ်း

ဘဝရဲ့ သမားရိုးကျနေ့ရက်များထဲမှ ထိုတစ်နေ့

ဝင်းထွဋ်ဇော်

01 September 2026
ဘဝရဲ့ သမားရိုးကျနေ့ရက်များထဲမှ ထိုတစ်နေ့
Share to

             အလှူခံဌာနတစ်ခု၊ အရက်ဖြူဆိုင် နှစ်ဆိုင်နဲ့ ကွမ်းယာဆိုင် လေးဆိုင်တို့ကို ဖြတ်ကျော်ခဲ့ပြီးနောက် ကျွန်တော်ဟာ စီးနေကျ ဘတ်စ်ကား မှတ်တိုင်ကို ရောက်ခဲ့ပါတယ်။

            မနက် ဆယ်နာရီလောက်သာ ရှိသေးပေမယ့် နေဟာခြစ်ခြစ်တောက်အောင် ပူပြင်းလှပါတယ်။ ကျွန်တော်ဟာ ခရီးသည်တွေ ခေတ္တနားနေဖို့ ဆောက်ပေးထားတဲ့ ကားမှတ်တိုင်အနားက ရုံကလေးထဲကို ဝင်လိုက်တယ်။

            ကံအားလျော်စွာပဲ ကျွန်တော်ဝင်သွားချိန်မှာ ထိုင်ခုံတန်းလျားမှာ ထိုင်နေတဲ့ ခရီးသည်တစ်ယောက် ထသွားတဲ့အတွက် အဲဒီနေရာမှာ ကျွန်တော် ဝင်ထိုင်လိုက်တယ်။

            ခရီးသည် လေးငါးယောက်ကတော့ ကားမှတ်တိုင်အနားက ဓာတ်တိုင်ရဲ့ အရိပ်ကိုခိုပြီး တန်းစီကာ မတ်တတ်ရပ် နေကြတယ်။

            ခရီးသည် နားနေရုံ ကလေးထဲမှာရော ဓာတ်တိုင်အရိပ်မှာ ရပ်နေကြသူ ခရီးသည်တွေထဲကပါ မိမိစီးချင်တဲ့ ကားတစ်စီး ရောက်လာတာနဲ့ ကားပေါ်ကို အလုအယက် တက်ကြတယ်။

            သူတို့ရဲ့ လစ်ဟာသွားတဲ့ နေရာတွေကို ယူမယ့် ခရီးသည်တွေဟာလည်း မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အလျှိုအလျှို ပေါ်ထွက်လာနေတယ်။

            ကျွန်တော်ဟာ မိမိစီးမယ့် ဟီးနိုးကားမလာသေးတာနဲ့ ကားရုံကလေးထဲမှာ ဆက်ထိုင်နေတော့တယ်။ ထိုအချိန်မှာ ကျွန်တော်ထိုင်နေတဲ့ ခုံတန်းလျားမှာ လူတွေ အတော်ရှင်း သွားခဲ့ပါပြီ။ နေကတော့ ခြစ်ခြစ်တောက် ပူလောင်နေဆဲပါ။

            ဒီအချိန်မှာပဲ ကားမှတ်တိုင်ဆီကို ဦးတည်ကာ ခပ်လှမ်းလှမ်းမှ လျှောက်လာကြတဲ့ အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်တို့ကို မြင်တွေ့ရတယ်။

            သူတို့နှစ်ယောက်ဟာ တွေ့စက တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ် လျှောက်လာကြတာကို ကျွန်တော် သတိထားမိခဲ့တယ်။ သူတို့နှစ်ဦးဟာ ရုံကလေးနဲ့ နီးလာတာနဲ့အမျှ လူချင်းခွာလာတာကိုလည်း ကျွန်တော် သတိထားမိခဲ့တယ်။

            သူတို့နှစ်ဦး ရုံကလေးထဲကို ဝင်လာချိန်မှာတော့ ဆယ်ကျော်သက်အရွယ် ကောင်မလေးက နေရာလွတ်နေတဲ့ ကျွန်တော့်ဘေးမှာ ဝင်ထိုင်တယ်။ ကောင်လေးကတော့ ရုံကလေးထဲက အခြားခုံတန်း အလွတ်တစ်ခုမှာ သွားထိုင်ခဲ့တယ်။

            အဲဒီ ကောင်မလေး ကျွန်တော့်ဘေးမှာ လာထိုင်တဲ့အတွက် ကျွန်တော်ဟာ ဘေးကို ရွှေ့ပေးခဲ့တယ်။ အနီးကပ်တွေ့မြင်ရတော့မှ ကောင်မလေးဟာ ကျွန်တော် ထင်တာထက် ပိုငယ်ပြီး ပိုလှနေတာ တွေ့ရတယ်။

            ကျွန်တော် ခုံတန်းလျားရဲ့ ဘေးတစ်ဖက်ကို ရွှေ့လိုက်တော့ ကောင်မလေးက ထိုင်ရင်းနဲ့ ကျွန်တော့်ဘက်ကို တိုးလာခဲ့တယ်။ စူးရှရှ ရေမွှေးနံ့ဟာ ကျွန်တော့်ရဲ့ နှာခေါင်းထဲကို ဝင်လာတယ်။

            ကျွန်တော် စီးမယ့်ဘတ်စ်ကားကလည်း ခုအချိန်အထိ ပေါ်မလာသေးပါဘူး။ ဒီတော့ ကျွန်တော်ဟာ ဘယ်ဘက်လက်ကို မြှောက်ပြီး နာရီကို ကြည့်ချင်ဟန်ဆောင်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၁ နာရီ ကျော်ပြီဆိုတာကိုတော့ ကျွန်တော် အလိုလိုသိနေပါတယ်။

            ဓာတ်တိုင်အရိပ်ကို ခိုကြသူတွေလည်း သိပ်မရှိတော့ပါဘူး။ ပြီးတော့ ဓာတ်တိုင်အရိပ်ဟာလည်း အလျားလိုက်ထက် ထောင်လိုက် အနေအထားဆီကို ပိုပြီး ဦးတည်နေပါပြီ။

            ဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ ဝဲဘက်ဘေးကို လက်ထောင်လိုက်တဲ့ ကောင်မလေးရဲ့ လက်ချောင်းကလေးတွေက ကျွန်တော့်ပေါင်ကို မတော်တဆ ထိလာတယ်။ ကျွန်တော်ဟာ ထိုင်လျက်နဲ့ ဘေးကို ထပ်ရွှေ့လိုက်ပါတယ်။

            ဒီနောက် နောက်တစ်ခါ နောက်တစ်ခါ ထပ်ထိလာပြန်တယ်။

            သူလည်း ကားစောင့်ရတာ စိတ်မရှည်တော့တဲ့ပုံပါပဲ။ ကျွန်တော်ဟာ ထိုင်လျက်နဲ့ ဘေးကို ရွှေ့လိုက်ပြန်တယ်။

            ဒီအချိန်မှာပဲ ကောင်မလေးရဲ့ နှုတ်ဖျားက 'အစ်ကို ဘယ်သွားမလို့လဲဟင်' ဆိုတဲ့ စကားသံ ထွက်ပေါ်လာတယ်။ ကျွန်တော် ဘေးဆီကို ကြည့်လိုက်တယ်။ သူ ကျွန်တော့်ကို ပြောတာ သေချာပါတယ်။

            သူနဲ့ အနီးဆုံးနေရာမှာ ရှိနေသူက ကျွန်တော် တစ်ယောက်တည်းပါ။ ခရီးသည် နားနေရုံကလေးထဲမှာ ရှိကြသူ အများစုက အမျိုးသမီးတွေချည်းပါပဲ။ ယောကျ်ားဆိုလို့ ကျွန်တော်နဲ့ တစ်ဆယ့်လေးနှစ်လောက် ကောင်လေးတစ်ယောက်၊ ပြီးတော့ အဘိုးကြီးတစ်ဦးတို့ပဲ ရှိပါတယ်။

            ဘယ်လိုပဲ ဖြစ်ဖြစ်သူ ကျွန်တော့်ကို အစ်ကိုလို့ ခေါ်လိုက်တာကတော့ ဆန်းနေပါတယ်။ ကျွန်တော့်အရွယ်ဟာ ဘယ်လိုပဲကြည့်ကြည့် သူ့အနေနဲ့ ဦးလေးလို့ခေါ်ရမယ့် အရွယ်ပါ။

            'သြော်... အလုပ်သွားမလို့ပါ။ ရန်ကုန်ထဲကိုလေ'

            'မသွားလို့ မဖြစ်ဘူးလား။ ပျင်းလိုက်တာ လျှောက်လည်ရရင် ကောင်းမှာပဲ' ကောင်မလေးက အသံခပ်အုပ်အုပ်နဲ့ ပြောလိုက်ပါတယ်။

            ကျွန်တော် သူနဲ့အတူပါလာတဲ့ ကောင်လေးကို မသိမသာ လှမ်းကြည့်လိုက်တယ်။ ကောင်လေးကတော့ ဘာကိုမှ စိတ်မဝင်စားသလို အဝေးတစ်နေရာဆီကို လှမ်းကြည့်နေတယ်။

            ဒီအချိန်မှာပဲ ကံကောင်းထောက်မစွာနဲ့ ကျွန်တော် စီးမယ့် ဟီးနိုးဘတ်စ်ကား ရောက်လာတာကြောင့် ကားပေါ်ပြေးတက်လိုက်ပါတယ်။

            'တစ်ခါတည်း အထဲကိုဝင်၊ အပေါက်ဝမှာ ရပ်ဖို့တော့ စိတ်မကူးနဲ့'

            'ကဲ... ဟိုအဒေါ်ကြီး ဘာဆက်လုပ်မှာလဲ။ အထဲဝင်လေ။ ဝင်ကြပါ။ မြန်မာလို ပြောနေတာ အားလုံး နားလည်ကြမှာပေါ့။ ကောင်းကောင်းမွန်မွန် ပြောနေတာ သဘောပေါက်။ နောက်မှ စပယ်ယာတွေ ရိုင်းတယ်လို့ မပြောကြနဲ့'

            'ဘယ်မှာ ဆင်းမှာလဲ။ နှစ်မှတ်တိုင်ကြီးများတောင် လိုသေးတယ်။ ဝင်ပါ။ အထဲအထိ ရောက်အောင်ဝင်။ မှတ်တိုင်ရောက်ရင် ရပ်ပေးမယ်'

            'ကဲ... ဟေ့လူ တိုင်ဖက်ဖို့တော့ မစဉ်းစားနဲ့။ အထဲကိုဝင်။ သိပ်မပြောရစေနဲ့ဗျာ။ နားလည်ကြမှပေါ့'

            အသက် သုံးဆယ့်ငါးနှစ်လောက်ရှိတဲ့ ကားစပယ်ယာရဲ့ မာကျောကျောစကားသံတွေဟာ အဆက်မပြတ် ပေါ်ထွက်လာတယ်။ သူ့မျက်နှာကတော့ တစ်လောကလုံးကို တင်ကျွေးထားရတဲ့ပုံပါ။

            စပယ်ယာရဲ့ ဟိန်းဟောက်မှုတွေ ကျွန်တော့်အပေါ် တိုက်ရိုက်ကျရောက် မလာမီမှာ ကျွန်တော်ဟာ ကားနောက်ပိုင်းကို တိုးဝင်လိုက်တယ်။

            ကျွန်တော်ဟာ ကားထဲမှာ ရှိနေတဲ့ လူတွေကို ဝေ့ဝိုက်ပြီး အကဲခတ်ကြည့်လိုက်တယ်။ သူတို့အားလုံးဟာ စပယ်ယာရဲ့ ပြောစကားတွေဟာ မိမိတို့နဲ့ လုံးဝမသက်ဆိုင်တဲ့ ပုံဟန်မျိုးတွေနဲ့ ရှိနေ ကြတယ်။

            ခရီးသည်တွေ အကြားမှာလည်း အတန်းအစား ကွဲပြားနေတဲ့အဖြစ်ကို ကျွန်တော် အကဲခတ်မိတယ်။ ထိုင်ခုံတွေပေါ်မှာ ထိုင်နေကြတဲ့ ခရီးသည်တွေရဲ့ မျက်နှာတွေပေါ်မှာတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သိမ့်နေတဲ့ အရိပ်အရောင်တွေ ပေါ်ထွက်နေတယ်။

            တစ်ချိန်တည်းမှာလည်း သူတို့ဟာ မတ်တတ်ရပ် ခရီးသည်တွေကို မိမိတို့ထက် တစ်ဆင့်နိမ့်သူတွေကို ကြည့်တဲ့အကြည့်မျိုးနဲ့ မကြာခဏ လှမ်းကြည့်နေကြတယ်။

            အချို့သူတွေကတော့ ခပ်ထက်ထက် မျက်နှာပေးမျိုးနဲ့ ထိုင်ခုံနောက်မှီကို မှီပြီး ထိုင်နေကြတယ်။

            ဒီအချိန်မှာပဲ ကားနောက်ဘက်ဆီက အပြင်ကို တိုးထွက်လာတဲ့ ခပ်ဝဝ လူတစ်ဦးက ကျွန်တော့်ကို ကိုယ်လုံးနဲ့ တိုက်လိုက်တဲ့အတွက် ကျွန်တော်ဟာ ရှေ့ကို ယိုင်သွားတယ်။

            ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အရှေ့ပိုင်းက ထိုင်ခုံအစွန်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ထိသလို ဖြစ်သွားခဲ့ရတယ်။ ထိုအမျိုးသမီးက မကျေနပ်တဲ့ မျက်နှာနဲ့ ကျွန်တော့်ကို မော့ကြည့်လိုက်တယ်။ ပါးစပ်ကလည်း ပွစိ ပွစိနဲ့ပါ။

            ကျွန်တော် သူမကို မျက်နှာချို သွေးလိုက်ရပါတယ်။ သူ့ဘေးက အဖော်ဖြစ်ဟန်တူတဲ့ အမျိုးသမီး ခပ်ကြီးကြီးတစ်ဦးက ကျွန်တော့်ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး 'ဒီလိုပဲဟေ့.. ခုခတ်က ကိုယ့်ဦးလေး အရွယ်ပေမယ့်လည်း စိတ်ချရတာ မဟုတ်ဘူး'လို့ ပထမ အမျိုးသမီးကို လှမ်းကြည့်ပြီး ပြောလိုက်ပါတယ်။

            ကျွန်တော်ဟာ ခေါင်းပေါ်က ယိုင်နဲ့နဲ့ သံလက်တန်းကို ကိုင်ရင်း ကိုယ်ကိုမတ်ကာ သတိကြီးစွာနဲ့ ရပ်နေရပါတယ်။

            ဒီအချိန်မှာပဲ မလှမ်းမကမ်း ထိုင်ခုံတစ်ခုံမှာ ထိုင်နေတဲ့ ခရီးသည်တစ်ဦး ကားပေါ်က ဆင်းဖို့ ထလိုက်တယ်။ သူ နေရာက ထလိုက်တယ်ဆိုရင်ပဲ အဲဒီအနားမှာ ရှိတဲ့ ခရီးသည်တစ်စုဟာ ထိုင်ခုံမှာ ထိုင်ခွင့်ရဖို့အတွက် အကြိတ်အနယ် ကြိုးပမ်းနေကြတယ်။

            အသက်ငါးဆယ် နီးပါး အမျိုးသမီး ခပ်ဝဝတစ်ဦး၊ အသက်သုံးဆယ်ခန့်ရှိတဲ့ ခပ်ပိန်ပိန် အမျိုးသမီးတစ်ဦးနဲ့ အသက်လေးဆယ်ကျော်အရွယ် ဗလကောင်းကောင်း ဂင်တိုတိုနဲ့ လူကြမ်းရုပ်ပေါက် နေတဲ့ အမျိုးသားတစ်ဦးတို့ကတော့ နေရာလုပွဲမှာ ရှေ့ဆုံးက ပါဝင်ပါတယ်။

            ထိုင်ခုံနေရာကို ဗလကောင်းကောင်း အမျိုးသားက ရသွားပါတယ်။ ဒီမှာတင်ပဲ ခပ်ဝဝအမျိုးသမီးက မကျေမနပ်နဲ့ မျက်စောင်းထိုးလိုက်ပြီး 'ယောကျ်ားကြီး တန်မဲ့နဲ့ အံ့ရော'လို့ မတိုးမကျယ် ပြောလိုက်တယ်။

            စကတ်ထဘီ အနက်ဝတ်ထားတဲ့ ပိန်လှပ်လှပ် အမျိုးသမီးကလည်း 'အားနွဲ့တဲ့ ယောကျ်ားသားတွေ ထိုင်ပါစေ'လို့ ပြောပြန်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီမျှနဲ့တင် ရပ်မသွားဘဲ နောက်ထပ်လည်း ထိကပါး ရိကပါးနဲ့ စောင်းချိတ်ကာ ပြောကြပါသေးတယ်။

            ခဏအကြာမှာတော့ ဗလကောင်းကောင်း အမျိုးသားဟာ စိတ်မရှည်တော့ ဟန်နဲ့ 'ခင်ဗျားတို့ ဘာအချိုး ချိုးတာလဲ။ ဒါ ဘတ်စ်ကားဗျာ။ ယောကျ်ားတွေ၊ မိန်းမတွေ လုပ်မနေနဲ့။ မိန်းမဖြစ်တာနဲ့ ဦးစားပေးရရင် ကျုပ်တို့ ဘယ်တော့မှ ထိုင်ရမှာ မဟုတ်ဘူး။ ကျူပ်ဦးလို့ ကျုပ်ထိုင်တာ ဘာဖြစ်လဲ'လို့ ပြောလာပါတယ်။

            ဒီအခါမှာ အမျိုးသမီး ဝဝက 'ကျုပ်ကို တံတောင်နဲ့တွတ်ပြီး အတင်းလုထိုင်လို့ ပြောနေတာ။ ဘယ့်နှယ်တော်'

            'စောစောက ခင်ဗျား ကျုပ်နောက်မှာ ရပ်နေတာပါဗျာ။ ဖင်နဲ့ပေါက်ပြီး ရှေ့ကို အတင်းဝင်လာတာ မေ့သွားပလား'

            'ဘာ... ငါက ဖင်နဲ့ပေါက်ပြီး တိုးတယ်ဟုတ်လားဟင်၊ တယ်လေ...'

            'အေး ဟုတ်တယ်၊ ဟုတ်တယ်။ ကောင်မကြီး'

            'ဟဲ့...အကောင်'

            အခြေအနေဟာ အတော်လေး တင်းမာလာခဲ့တယ်။ ဒီအချိန်မှာ စပယ်ယာလူကြီးမင်းသာ ဝင်မပါရင်တော့ ပွဲဟာ အတော့်ကို ကြမ်းမယ့်ပုံပါပဲ'

            စပယ်ယာက အောင်မြင်ခံ့ညားတဲ့ လေသံနဲ့ 'ခင်ဗျားတို့ တိတ်ကြစမ်း၊ ဘာတွေဖြစ်နေတာလဲ။ ဖြစ်ချင် ကားအောက်ဆင်း ဖြစ်၊ ကားပေါ် ဆက်လိုက်ချင်ရင် ရှည်မနေကြနဲ့'လို့ တစ်ချက်လွှတ် အမိန့်ထုတ်လိုက်တယ်။

            အသံတွေဟာ မီးကို ရေနဲ့ ဖျန်းလိုက်သလို ချက်ချင်း ငြိမ်သက်သွားခဲ့တယ်။

            ဒီအချိန်မှာ နှစ်ယောက် ထိုင်ခုံတစ်ခုံရဲ့ နောက်ဘက်ကြားထဲမှာ မတ်တတ်ရပ်လိုက်လာတဲ့ လူတစ်ယောက် တိုးထွက်လာတဲ့အတွက် ကျွန်တော်ဟာ အဲဒီနေရာမှာ ဝင်ရပ်လိုက်တယ်။

            ဘတ်စ်ကားပေါ်မှာ ရှိတဲ့ မတ်တတ်ရပ်စရာ နေရာတွေထဲမှာတော့ အဲဒီနေရာဟာ အကောင်းဆုံးပါပဲ။ လူအတိုး အတိုက်ခံရတဲ့ အဖြစ်တွေမှ အကင်းဝေးဆုံး နေရာပဲဖြစ်တယ်။

            သည်အချိန်မှာပဲ 'အမလေး... ကျွတ်... ကျွတ်.. ခြေထောက်ကို ဒေါက်ဖိနပ်နဲ့ တက်နင်းတယ် ဟဲ့'လို့ အော်လိုက်တဲ့ မိန်းမ အသံတစ်သံ ပေါ်ထွက်လာပြန်တယ်။

            'မတော်လို့ နင်းမိတာပဲ အဒေါ်ရဲ့'

            'အေး... မတော်လို့ ဆိုတာနဲ့ ပြီးရောလား။ နင့်ခြေထောက် အနင်းခံရရင် ဘယ်လိုလုပ်မလဲ'

            'တမင် လာနင်းလို့ကတော့ တွေ့သွားမှာပေါ့'

            'အံမာ နင်က ဘာလုပ်ချင်လို့လဲ ကောင်မရဲ့'

            'တော်ကြစမ်းဗျာ။ ခင်ဗျားတို့ ဘာဖြစ်နေတာလဲ။ နည်းနည်းပါးပါး သည်းခံကြမှပေါ့။ ခရီးသည်အချင်းချင်းတွေပဲ'

            ထိုအချိန်မှာ ကားဟာ လမ်းလေးဆယ် ဆိပ်ကမ်းသာလမ်း မှတ်တိုင်အနားကို ရောက်ခဲ့တယ်။ ကျွန်တော်ဟာ ဘယ်သူ့ရဲ့ ငြိုငြင်မှုကိုမှ မခံရအောင် ကိုယ်ကိုအကြောလျှော့ရင်း ဘေးစောင်းထိုးကာ အပေါက်ဝဆီကို ထွက်လာခဲ့တယ်။

            'ကဲ... သုတ်သုတ်တက် သုတ်သုတ်ဆင်းကြ။ ရှေ့မှာ ပိတ်ရပ်မနေနဲ့လေ။ ဝင်ဆို ဝင်မှပေါ့။ ကားပေါ်တက်လာတုန်းက မျက်နှာက တစ်မျိုး၊ ကားပေါ်ရောက်တော့ မျက်နှာက တစ်မျိုး'

            ကျွန်တော်ဟာ ကားပေါ်ကနေ ခပ်သွက်သွက် ဆင်းလိုက်ပါတယ်။ လူတွေ၊ ကားတွေ၊ လမ်းဘေးဈေး ဆိုင်တွေကို ရှောင်ရင်း ကွင်းရင်း ပန်းဆိုးတန်းစာအုပ်ဆိုင်တွေဘက်ကို ဆက်လျှောက် ခဲ့တယ်။

            ဒီအချိန်မှာ ကျန်ကျောင်းအိတ်တစ်လုံးကို လက်က ဆွဲထားတဲ့ အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ တရှုံ့ရှုံ့ငိုရင်းနဲ့ ကျွန်တော့်ရှေ့က လျှောက်နေပါတယ်။ သူရဲ့ဘေးမှာတော့

မြွေရေခွံဇစ် လက်ဆွဲအိတ်တစ်လုံးကို ခေါင်းပေါ်မှာ ရွက်ပြီး လက်တစ်ဖက်က အထုပ်တစ်ထုပ်ကို ဆွဲထားတဲ့ ခပ်ပိန်ပိန် အမျိုးသမီးတစ်ဦး လိုက်ပါလျက် ရှိတယ်။

            ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ်။

            'နင့်အစ်မနဲ့ နေရမှာဟဲ့။ နင့်အစ်မနဲ့ နေရမှာ။ ဒါပေမယ့် ဟိုမှာ လိမ်လိမ်မာမာနေ၊ ခိုင်းတာလုပ်၊ မလိမ္မာလို့ကတော့ နင့်ယောက်ဖ အရက်သမားက မိုက်ကမိုက်သနဲ့'

            'အမေကြီးက ဘယ်သွားမှာမို့လဲ။ သား အမေကြီးနဲ့ပဲ နေချင်တယ်'

            'ဟဲ့... နင့်အမေက နောက်ယောကျ်ား ယူမှာဟဲ့။ နောက်ယောကျ်ားယူတော့မှာ။ တယ်လေ... ငါ ဘယ်နှခါ ပြောရမလဲ'

            ကျွန်တော်ဟာ စာအုပ် တန်းရှေ့မှာ ရပ်လိုက်တယ်။ ကောင်လေးရဲ့ ငိုသံသဲ့သဲ့ဟာ တဖြည်းဖြည်း ကျွန်တော်နဲ့ ဝေးသွားတယ်။

            ဒီအချိန်မှာပဲ ကျွန်တော့် ရှေ့ကို ခြေထောက်တစ်စုံ လာရပ်ပါတယ်။ မော့ကြည့်လိုက်တော့ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ အသက်လေးဆယ် အရွယ် လူတစ်ယောက်။ သူ့ နောက်မှာတော့ ကလေးငယ် လေးတစ်ဦးကို ချီထားတဲ့ ဆင်းဆင်းရဲရဲ မိန်းမ တစ်ယောက်။

            'အစ်ကိုကြီးရယ်... ကျွန်တော်တို့ ဆေးလာကုတာ... ကို ပြန်စရာ လမ်းစရိတ်မရှိလို့ တတ်နိုင် သလောက် ကူညီပါ အစ်ကိုရယ်'

            ကျွန်တော် နှစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော် ကူညီနိုင်တာကတော့ ဒါလောက်ပါပဲ။

▀

ဝင်းထွဋ်ဇော်

(အမှတ် ၂၀၆၊ ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရသစာတမ်း
...
ကဗျာဆရာကွယ်လွန်ခြင်း
အောင်ဝေး

ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ရသစာတမ်း
...
ဝန်ချတောင်
မောင်ရင့်မာ ၊ကျောင်းကုန်း၊

အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်

ရသစာတမ်း
...
ကြောင်ပြေးမြူးပျော် ပန်းပွင့်သော်မူ
ကြည်နိုင်

အိမ်သစ်ကလေးသို့ စာမိသားစုများ အမှိုက်ကလေးများ ကိုက်ချီရောက်လာကြသည် တစ်ပြုံတစ်မကြီး တစ်ခါတည်း ရောက်လာကြခြင်းတော့မဟုတ် တစ်ကောင် အရင်လာနားသည် အိမ်တွင်း ဝင်ကြည့် ပြန်ခေါင်းပြူ ကျိကျိအော်မြည် ပျံသွား နောက်...