ဝင်းဝင်းမြင့် ၊နန်းတော်ရှေ့၊
ကားသော့အဖွင့်...
ဘီးစအလှိမ့်...
စိတ်သည်လည်း ပစ္စုပ္ပန်မှာ အဆင်သင့်။
ဆန္ဒပြင်းပြင်း မျှော်လင့်ခြင်းကြီးစွာဖြင့် စိတ်အညစ်တို့ကို လျှော်ဖွပ်ရန်။
စိတ်အမှိုက်တို့ကို လွှင့်ပစ်ရန်။ ဖြူလွင်သန့်လျက် လင်းလက်သော စိတ်နယ်သစ်ကို တည်ဆောက်ရန်။
ပြီးတော့ ရသသစ်များကို ဖွားသန့်စင်ရန်။ စိတ်လိပ်ပြာချည်းသက်သက် မဟုတ်သော
ကိုယ်ရောစိတ်ပါ ပျော်ရွှင်စွာ ရွက်လွှင့်သည့်ခရီးကို စတင်နိုင်ခဲ့လေပြီ။
□
မှတ်မှတ်ရရ (၂၅.၁၁.ဝ၅) နေ့။
အသွင်သဏ္ဌာန်ချင်းလည်း မတူညီကြ။
အသက်အရွယ်ချင်းကလည်း မတူညီကြ။ ကျင်လည်ရာဘဝတွေလည်း မတူခဲ့ကြ။ အခြေအနေချင်းလည်း
မတူညီကြ။ စိတ်ကူးစိတ်သန်းချင်းတောင် တူညီနိုင်လိမ့်မည် မဟုတ်ခဲ့ကြသော်လည်း
ဝါသနာတူ၊ ပန်းတိုင်တူ၊ မေတ္တာတရားတူသော ခရီးဖော်တို့သည်...။
ပူနွေးလေ့ရှိသော မြို့ပြ၏
အငွေ့အသက်ထဲမှ ရုန်းထွက်လာကြသည်။ လောင်စာတို့၏ ဘေးထွက်အခိုးအငွေ့များသည်
နှင်းမှုန်တို့ကို အဖော်ပြုလေသလား။ အံတုလေသလား မသိ။ ကြည်စင်သော အလင်းတို့
ပျက်ပြယ်မှုန်ဝါးလျက်။ ဆောင်းကလည်း မပီသေး။ သဲ့သဲ့သော နှင်းမှုန်မွှားမွှား
ကလေးများက မျက်ဝန်းနှင့် မြင်ကွင်းကို ပဝါပါးပါးလေးလို ကာဆီးထားလေသည်။
ကားသံတွေ၊ ဆိုက်ကယ်သံတွေ၊ လူသံတွေ
ရောင်စုံအဆောက်အအုံတွေကို တရိပ်ရိပ်ဖြတ်ကျော်ဆဲ ရှေ့တူရူမှလာသော ယာဉ်များကလည်း
မျက်နှာချင်းဆိုင်၊ ဘေးချင်းပြိုင်လျက် လိုရာသို့ ပြေးလွှားကြလေသည်။
ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိုယ်စီထဲသို့ တိုးဝင်ကြပေဦးတော့။ အရာအားလုံးကို
ချန်ထားပစ်နိုင်စွမ်းသူတို့ကတော့ ခရီးတူသော ယာဉ်များကိုပင် ဖြတ်ကျော်ခဲ့လေပြီ။
ပြေပြေချောချော လမ်းကျယ်ကြီးများကို
ကျော်လွန်ခဲ့ပြီးနောက် တံတားကျယ်ကြီးကိုလည်း ဖြတ်ကျော်ပြန်လေသည်။အကောက်ခွန်ဖြတ်သော
အစောင့်အိမ်ရှေ့မှာတော့ ကားလမ်းဘေးမှာရပ်၍ အရှိန်လျှော့သော ကားပေါ်မှ အခွန်အခကို
သိမ်းဆည်းနေသော လူ။ ထိုသူ၏ လက်သည် အေးစက်ကြမ်းရှနေသည်။ လေသည် သူ့လက်ထဲမှ
အသပြာရွက်ငယ်ကို လုသည့်အခါ သူ့မှာ အပြေးလိုက်၍ ကောက်ယူရပြန်၏။ ထိုသူသည်
ကားဖြတ်များသော နေ့များတွင် မတ်တတ်နှင့်ပင် တစ်နေကုန် ရှာလေသလား။ စက်ရုပ်တော့
မဟုတ်ပေဘူးလေ။ လုပ်လီလုပ်လဲ့ ဝါးပက်လက်ကုလားထိုင်လေးကတော့ နှင်းတောထဲမှာ ငိုက်နေရှာသည်။
သစ်သီး လက်ဆောင်ဆိုင်ကလေးများကို
အသံတိတ် မေးခွန်းများ မေးခဲ့ရသေး။ ဘယ်ဆိုင် အလျင်ဦးဆုံး ဖွင့်ခဲ့တာလဲ။
ဘယ်ဆိုင်တွေက စီးပွားဖက်ပြိုင် အကြံတူပေါ်လာခဲ့တာလဲ။ လှပစွာ ထုပ်ပိုးထားသော
အသီးတွေထဲမှာ အမှည့်လွန် ဘယ်နှလုံးကို အောက်ဆုံးမှာ ထည့်ထားသလဲ။ သဘာဝ အချိုသစ်သီးလား၊
ဓာတုဗေဒ အချိုသစ်သီးလား။ ဖြေမနေပါနဲ့တော့လေ။
သစ်ပင်ကြီးတွေတောင်
မူးချာပတ်ချာလည်လို့။ ဒီအချိန်မှာ ခရီးဖော်တစ်ယောက်က 'သစ်ပင်ကြီးတွေနော်။
ပင်သက် ဘယ်လောက်ကြာပြီလဲ မသိဘူး။ လှလိုက်တာ'တဲ့။ မတ်မတ်
ခိုင်ခိုင်ရပ်ပြီး လူသားတို့နှလုံးသားထက် ခိုင်မြဲသည့် အမြစ်များ၏ ခွန်အားကို
ဦးညွတ်ပါ၏။ အချိန်ကာလတို့ ကြာရှည်စွာဖြင့် ရွက်နုသစ်တို့ အကြိမ်ကြိမ်အခါခါ
ဝေခဲ့သော၊ ရွက်ဝါရွက်ဟောင်းတို့ အခါခါကြွေခဲ့ဖူးသော အပင်ကြီးတို့တွင် ဇရာဟူသောအရာ
မရှိတော့ပြီလား။ နောက်နှစ်ပေါင်း မည်မျှကြာအောင် တည်မြဲနေမည်နည်း။ ဤသို့သော
ခရီးမျိုး နောက်ထပ်တစ်ဖန် ရောက်လာနိုင်ပါဦးမည်လား။ ကျန်းမာကြံ့ခိုင်မြင့်မားသော
သက်ရှည်ပင်ကြီးနှင့် တစ်ဖန်ထပ်၍ ဆုံနိုင်ဦးမည်လား။ တစ်ကြိမ်တစ်ခါမျှ
ဖြတ်သန်းခဲ့ရသည် ဆိုဦးတော့ နှစ်သက်ရှည်ကြာစွာ မတ်မတ်ရပ်နိုင်ခဲ့သော
သစ်ပင်ကြီးများကို မူးချာပတ်ချာလည်၍ ကျန်ရစ်သည်ဟု ထင်မိမှားခဲ့သူကို ခွင့်လွှတ်ပါလေတော့။
သာသနာ့ အလံလွှင့်၍ သီချင်းသံများ
လွင့်စဉ်နေသော ဝါးတဲလေးနားသို့ နီးလာလေလေ ငွေဖလား ခေါက်သံက ကျယ်လောင်လေလေ။ ဖလားကို
သေချာစွာ ကြည့်ရန်မလို။ အကြွေစေ့များလည်း ရှိမည်မဟုတ်။ ကားနောက်ဆီမှာ ဝဲ၍ဝဲ၍
ကျန်ရစ်သော အသပြာရွက်ကို အလှူခံအပျိုမလေးက ပြေးကောက်။ သာဓုပါ... သာဓုပါဗျာကိုလည်း
အကြားအာရုံက ကောက်ယူပြေး။ ဝေး၍ ဝေး၍ ကျန်ခဲ့သော လမ်းကျယ်သည် တဖြည်းဖြည်းနှင့်
ကျဉ်းကျဉ်းမြောင်းမြောင်းကလေး ဖြစ်သွားခဲ့သည်။ မြို့ပြကိုလည်း ယွန်းလာခဲ့လေသည်။
□
လမ်းက ကျဉ်းကျဉ်း၊ စက်ဘီးက
ရှုပ်ရှုပ်။ လက်ဖက်ရည်ဆိုင်က ငယ်ငယ်။ မကျဉ်းမကျယ် လမ်းဆုံမှာတော့ နွားလှည်းတစ်စီးက
ကန့်လန့်ပိတ်၍ ခံနေသည်။ လှည်းရှင်၏ ကြိမ်တံဖျာ။ ထမ်းပိုး။ ထမ်းပိုးအောက်က
နွားတစ်ရှဉ်း။ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းဘေးနှစ်ဖက်မှာ ခွေယိုင်လျက်
လမ်းလယ်မှ မရွေ့နိုင်သော လှည်းကြောင့် ကားစက်ကို သတ်လိုက်ရသည်။
'နွားတွေက ကပ်နေတာ' တဲ့။
တမင်တကာ ကပ်တာမှ ဟုတ်ပါရဲ့လားလေ။
ရွှံ့ထဲမှာ ရုန်းနေကျ ခွာများက ကတ္တရာလမ်းကို စိမ်းနေတာ မဖြစ်နိုင်ဘူးလား။
ကြောက်လန့်နေတာရော မဖြစ်နိုင်ဘူးလား။ ကားသံများနှင့် မယဉ်ပါးတာရော
မဖြစ်နိုင်ဘူးလား။ ထမ်းပိုး၏ ဝန်ကို မနိုင်တာရော မဖြစ်နိုင်ဘူးလား။ တံဖျာကို
ကြောက်နေတာရော မဖြစ်နိုင်ဘူးလား။ မောင်းလို့မရရင် နွားကပ် ဖြစ်သွားရောတဲ့လား။
အို... ဒါမျိုးဆိုရင် လှည်းကိုလည်း ဝိုင်းတွန်း၊ နွားကိုလည်း တံဖျာသံ ပေးရသတဲ့လား။
မနိုင်ဝန်ကို ထမ်းရင်း ရုန်းရင်း ကန်ရင်း တံဖျာနှင်ရာကိုပဲ ဇွတ်အတင်း ခရီးပြင်း
နှင်ရတာပဲတဲ့လား။ နွားတို့၏ ရုန်းကန်ရပုံများကို နောက်ကြောင်း
ပြန်လှည့်မကြည့်နိုင်စွမ်းတော့တာလည်း လူ့ သဘာဝလား။ အမြင်အာရုံမှာ
ဖျောက်ရန်မလွယ်သော၊ ခံစားမှုအာရုံများ စွန်းထင်းခဲ့လေသော မြင်ကွင်းကို
သိမ်းဆည်းလျက် ဖုံလုံးများထဲသို့ ရွက်လွှင့်ခဲ့ရတော့သည်။ ခရီးဖော်များသို့
ဝှေ့အကြည့် ဆံပင်တွေပေါ်မှာ၊ အင်္ကျီတွေပေါ်မှာ၊ မျက်ခုံးတွေပေါ်မှာ ဖုန်တွေ၊
အမှုန်တွေ၊ အမှိုက်တွေ။ မျက်လုံးကို စုံမှိတ်။ နှာခေါင်းပါးစပ်တွေပိတ်။
လုံမယ်တဲ့လားလေ။
□
လမ်းကလေးတွေက ကျဉ်းသော်လည်း
တဖြည်းဖြည်းနှင့် ရှင်းလာသည်။ အဝေးမြင်ကွင်းသည် ပြန့်ပြူးလျက်
ညိုမှောင်သောတောင်များ စတင်မြင်ရလေပြီ။ အို... ချစ်သော တောင်စဉ်တောင်တန်းများ။
ငယ်ငယ်တုန်းကတည်းက ဘာမှန်းမသိ၊ ညာမှန်းမသိ။ သူငယ်ချင်းများနှင့် ပုံဆွဲတမ်း
ကစားတိုင်း ထိုတောင်တန်းများ ပါဝင်စမြဲ။
စမ်းချောင်းကလေးကိုလည်း
တောင်များကြားမှ စီးဆင်းစေခဲ့သည်။ လမ်းကလေးကိုလည်း တောင်တန်းအနီးမှာ
ဖောက်လုပ်ခဲ့ဖူးသည်။ ခြေတံရှည်အိမ်ကလေးနှင့် လယ်ကွင်းကလေး၏ နောက်ခံသည်လည်း
တောင်တန်းများ ဖြစ်စေခဲ့ဖူးသည်။ ပန်းရောင်စုံပွင့်သော ဥယျာဉ်တစ်ခုကို
စိတ်ကူးပုံဖော် ရေးဆွဲသော်မှ တောင်ညိုတောင်တန်းသည် ခိုင်မာသော
နောက်ခံကားချပ်ကြီးအသွင် ဖန်တီးဖြစ်ခဲ့သည်။ မြေပြန့်တောင်ကုန်း၊ ပတ်ကုန်းဝန်းကျင်၊
မြစ်ခွင်တစ်ကြော၊ လွန်သာမောကို ချစ်သောစိတ်နှင့်။ ကဗျာဆရာ 'နောင်'ဖွဲ့ခဲ့သော 'နှင်းကိုမြင်ခိုက်' ကဗျာထဲမှ 'တစ်ဖျာတစ်ကွက်၊ တစ်လက်မလည်း၊ တသနှမြော၊
စုံမက်မောသည်' စိတ်ထဲမှ အတွေးကို ခရီးဖော်တွေ
ဘယ်လိုသိသွားကြပါလိမ့်။ သူတို့စကားသံတွေထဲမှာ နှလုံးသားထဲမှ ဇာတိမြေအကြောင်းတွေ
စီးမျောနေလေသည်။ ရွေးချယ်ခဲ့ကြသောလမ်းသည် တကယ်တော့ တောလမ်းသက်သက်ပင်။
ရပ်နားကွန်းခိုဖွယ် မရှိသော၊ တစ်ဆက်တည်း ခရီးနှင်၊ တစ်ခါတည်း ပြီးလိုရာ
ရောက်နိုင်သော အတက်လမ်း။ တောင်ခြေမြို့ငယ်လေးမှာ နားလိုက နား။ မနားလိုက ဆက်၍သွား။
'ကျန်းမာရေးအတွက်ရော၊
အဆာပြေအတွက်ရော ခဏ နားကြမယ်' တဲ့။
တကယ်တော့ ထိုဆိုင်ကလေးက
လက်ဖက်ရည်ဆိုင် မဟုတ်ပေ။ စားသောက်ဆိုင်သာ ဖြစ်သည်။ အချိန်က အပြည့်အဝစားရန်
အချိန်လည်း မဟုတ်။ ပါလာခဲ့သော ပေါင်မုန့်များ၊ ငါးကြော်ချိုင့်၊ ချင်းနှင့်
အကြော်စုံချိုင့်ကို ဆိုင်ထဲသို့ ယူသွားကြသည်။ အို... ပျော်စရာကောင်းလိုက်တာ။
ကော်ဖီပဲ ရသတဲ့။ လက်ဖက်ရည်ဆိုင်ကောင်းကောင်းထဲသို့ ဝင်တိုင်းတွေ့ရသော ဒုက္ခကို
ဤဆိုင်ကလေးက အဆင်ပြေစေခဲ့သည်။ လက်ဖက်ရည် လုံးဝမသောက်တတ်။ ကော်ဖီ မသောက်ရလျှင်လည်း
ဘယ်လိုမှ မနေနိုင်။ အချိုလုံးဝမပါသော ကော်ဖီသက်သက်သည် လူကို ဒုက္ခပေးစေသည်မှာလည်း
အမှန်။ သိသိကြီးနှင့်ပင် နှစ်သက်စွဲလမ်းမှုကို အဆုံးမသတ်နိုင်။ ကော်ဖီကို
လွန်စွာကြိုက်ခဲ့ သောက်ခဲ့သော်လည်း ခုချိန်မှာ ကော်ဖီကို လုံးဝ လက်မခံနိုင်သော
ကျန်းမာရေးအခြေအနေနှင့် ခရီးဖော် တစ်ယောက်ကတော့ ဖောက်လက်စ ကော်ဖီထုပ်တွေကို ရီဝေဝေ
ငေးကြည့်နေသည်။ ကော်ဖီ လုံးဝမကြိုက်သူ တစ်ယောက်ကတော့ ဘယ်သူတွေ ဘာလုပ်လုပ်
ကိုယ်နှင့် မဆိုင်သလို အပြင်ကို ငေးနေသည်။ ကော်ဖီ အလွန်ကြိုက်သော်လည်း
တစ်ခါသောက်လျှင် တစ်ထုပ်မကုန်နိုင်သူ တစ်ယောက်က သောက်ကူဖော်ကို ရှာဖွေနေသည်။
ကမ္ဘောဇ၏ သဘာဝဝတ်စုံများနှင့် ဘုရားဖူးကားတစ်စီး ဆိုက်လာသည်။ လှလိုက်တဲ့
ဝတ်စုံတွေ။ ခွင့်တောင်း၍ ဓာတ်ပုံရိုက်ကြသည်။ စကားပြော မိတ်ဆွေဖွဲ့သောအခါမှာတော့
သူ့စကား ကိုယ်မသိ၊ ကိုယ့်စကား သူမသိ။ သို့သော် မေတ္တာရနံ့ သင်းပျံ့သော
မျက်ဝန်းများမှတစ်ဆင့် ချစ်ခြင်းတွေ ဖွဲ့သီခဲ့ကြသည်။ တောင်ပေါ်သားတို့က
မြေပြန့်အသွား၊ မြေပြန့်သားတို့ တောင်ပေါ်အတက်။ ချစ်ခင်စွာ လက်ပြနှုတ်ဆက်
ရွက်လွှင့်ခဲ့ကြပြန်သည်။
□
ခရီးအနည်းငယ် စခဲ့သည်နှင့် သိသိသာသာ
သတိထားမိခဲ့သည်က အေးစိမ့်မှုပင်။ အေးစိမ့်စိမ့် ရသနှင့်အတူ စို၍လက်နေသော
အရွက်ဖားဖားနှင့် အပင်ထွားထွားကြီးများက နှလုံးအိမ်ကလေးထဲကို ပြေးဝင်သွားကြသည်။
အပင်ကြီးများသည် လမ်းနှင့် ပို၍နီးလာသည်။ လမ်း၏တစ်ဖက်တစ်ချက်တွင် အမြစ်များကို
သိုသိပ်စွာ သိမ်းဆည်းထားနိုင်ခဲ့သော အပင်ကြီးများကလည်း ဟိုးအမြင့်ဆုံး
တစ်နေရာမှာတော့ အညွန့်ချင်း ထိခတ်၊ နဖူးချင်းအပ်၍ ရွက်နုသီချင်းများ သီဖွဲ့နေကြဟန်
တူပါရဲ့။ သူတို့ ဘာတွေများ ပြောမလဲ။
ဘာပဲဖြစ်ဖြစ် ပင်မြင့်ကြီးတွေ
အသက်နှင့်အမျှ ရွတ်ဆိုလာခဲ့သော ဂါထာတစ်ပုဒ် ရှိကောင်းရှိလိမ့်မည်။
'တစ်နေ့တခြား ငါဟာ အဘက်ဘက်က
ပိုပြီးကောင်းသထက် ကောင်းလာတယ်' ဟူသော ဂါထာကို
ကြိမ်ဖန်များစွာ ရွတ်ဆို စိတ်ညှို့ပြီး တစ်လောကလုံးကို အရိပ်မိုးပေးခွင့်
ရခဲ့ကြသူတွေ နေမှာပါလေ။
အပင်ခြေမှာတော့ ဘယ်သူမှ မစိုက်ဘဲ
ခုတ်လည်း ခဏ ခဏ ပြန်ပေါက်လေ့ရှိတဲ့ အမှိုက်ပင်တွေ၊ ဆူးပင်တွေ။ ဟင်း... သူတို့
နေပုံထိုင်ပုံက 'ငါ ဘယ်တော့မှ မသေဘူး။ ပေါင်းပင် မြက်ရိုင်းဆူးချုံဆိုတာ ကမ္ဘာလောကကြီး
ပြောင်သလင်း မဖြစ်စေဖို့ အားဖြည့်အမှိုက်'ဟု သူတို့လည်း
သူတို့အတ္တနှင့် သူတို့ ဂုဏ်ယူဝင့်ကြွားစွာပင် ရှင်သန်နေဟန် ရှိပါသည်။
လမ်းနှင့် အတန်ဝေးသော
အတွင်းဘက်မှာတော့ စိုက်ခင်းတွေကို အကွက်လိုက်၊ အကွက်လိုက် မြင်ရလေပြီ။
ယာခင်းတွေရှိသောကြောင့်သာ ရွာတွေရှိလိမ့်မည်ဟု မှန်းဆရသော်လည်း ရွာများက
လမ်းကိုလုံအောင် ပုန်းနိုင်ကြလေသည်။ အပင်များ အထပ်ထပ် ကာထားသော တောင်ကြားတွင်
ရွာများ ရှိနေပေလိမ့်မည်။ အေးမြသော ရာသီကို ကြိုက်သည့်အပင်တွေ၊ အသီးအနှံတွေကို
စိုက်ပျိုးရာတွင် ကူညီသူများကတော့ ရာသီပြင်းပြင်း၏ ဒဏ်ကို ခံနိုင်စွမ်းသော
ဂျိုကားကားနှင့် ကျွဲကြီးများပင်။ ကြောက်စရာကောင်းလှသော ကျွဲကြီးတွေကို
အုပ်လိုက်တွေ့ရသည်။ ကျွဲအုပ်ကြီး၏ အလယ်မှာတော့ အသက်ဆယ်နှစ်ပင် မပြည့်တတ်သေးသော
ကလေးငယ်က ခမောက်ကလေးကို ဆောင်းလျက်၊ ကြိမ်တစ်ချောင်းကို ကိုင်လျက်။ သူ့ဘဝကလေးနှင့်
သူတော့ ကျွဲတို့၏ ဘုရင်ပါပဲလေ။ မြို့မှာတော့ သူ့အရွယ် ကလေးငယ်တွေ စာသင်ခန်းထဲမှာပေါ့။
လျှပ်စစ်ခေတ်ကြီးထဲက လူသားသေးသေးလေး တွေလည်း ဦးနှောက်ကို အနားပေးခွင့်မရှိ။
ခရီးဖော်တွေထဲမှ ရင်ခွင်ပိုက်အရွယ်
ခရီးဖော်သေးသေးလေးကတော့ သူ့မေမေရင်ခွင်မှာ ချိုချိုခဲ၍ အချိုတည်းပြီး လိုက်လာသည်။
အားရပါးရ အနားယူလိုက်စမ်း။ လုပ်ချင်တာ လုပ်ခွင့်ရတာ ရင်ခွင်ပိုက်အရွယ်ပဲရှိတယ်
ကလေးရေ။ အသက်နည်းနည်းကြီးလာတာနဲ့ နည်းနည်းပိုသိလာရတာပဲ။ နည်းနည်းသိပြီဆိုတာနဲ့
မမိုက်မဲရလေအောင် မလုပ်ကြရတာတွေ အများကြီးမှ အများကြီး။ ကြည့်လေ...။
အချမ်းလုံအောင် ခြုံပေးထားတဲ့ ကတ္တီပါစောင်နီလေးကို စိတ်တိုင်းကျ
ကန်ကျောက်ရုန်းထွက်။ မချမ်းဘူးလားကွယ်။ ဂွမ်းသားပွပွ ဘောင်းဘီရှည်ကလေးနှင့်၊
ခြေအိတ်ထူကလေးနှင့် ဂွမ်းသား အနွေးအင်္ကျီလေးကို ဝတ်ထားပြီး မေမေ့ရင်ခွင်ထဲမှာ
နွေးနေသော ကလေးငယ်သည် စောင်နီကလေးကို ခွာချကန်ကျောက်လို့သာ နေတော့သည်။ သူကလေးထံမှ
လွင့်စဉ်လာသော စောင်ကလေးကို ယူ၍ ခြုံလိုက်သည်။ နွေးလိုက်တာ။
တောင်မတ်မတ်ကြီးတွေနှင့် နီးလာလေလေ အအေးဓာတ်က ပို၍စိမ့်လာလေလေ။ ကလေး၏စောင်ကို
အပိုင်သိမ်းလိုက်ရလေပြီ။
အနီရောင်ကျောက်သားနှင့်
တောင်မတ်မတ်ကြီးများသည် လမ်းကြမ်းကြမ်းကလေးကို မိုးထားသည်။ မာထန်သော
ကျောက်သားထုထဲမှ နုသစ်သော အပင်ငယ်များလည်း ဦးခေါင်းပြူ၍ ကမ္ဘာလောကကို
ငုံ့ကြည့်နေကြပုံမှာ စိတ်အတွက် အားဆေးတစ်မျိုးပင်။ အပင်တို့သည် မြေပွမှာသာ
ရှင်သန်နိုင်သည်မဟုတ်၊ ကျောက်သားမှာလည်း ရှင်သန်နိုင် စွမ်းကြလေ၏။
လမ်းက တဖြည်းဖြည်းနှင့်
မြင့်၍မြင့်၍လာသည်။ တောင်ကြီးများကို မော့ကြည့်ခဲ့ရာမှ တန်းတူရည်တူ
ငေးခွင့်ရခဲ့လေပြီ။ မနီးမဝေး ရှုခင်းရှုကွက်များမှာ အရောင်စုံလှသည်။
ညိုညိုမှောင်မှောင်၊ ပြာပြာရီရီ၊ စိမ်းစိမ်းမြမြ၊ နီနီလွင်လွင်၊ ဝါဝါဝင်းဝင်း
ဘာကြောင့်လဲ... ဘာကြောင့်လဲ၊ နေမင်းသခင်ရေ...။ တောင်စဉ်တောင်တန်းကို ညီတူမျှသော
အလင်းဘာ့ကြောင့်များ မဝေငှလေသလဲ။ နှင်းကို ပျောက်စေသောနေသည် လောကတစ်ခုလုံးကို
ထိန်ထိန်လင်းစေလျက် မိုက်မဲသော မေးခွန်းကို ပြုံး၍သာ ဖြေလေသည်။ နေမင်းက သူ မဟုတ်။ 'ဟိုမှာ
တိမ်တစ်အုပ်'တဲ့။
အစဉ်အမြဲ တည်တံ့ငြိမ်သက်လေ့ရှိသော
ကောင်းကင်ပြာကို ပန်းချီအမျိုးမျိုးရေး၍ မာယာများတတ်သော တိမ်တိုက်။ သင်သာ တရားခံ။
ကွယ်ကွယ်ပျောက်ပျောက်နှင့် သူရောက် လေရာကို ညိုစေမှောင်စေသောကြောင့် တောင်တွေ
အရောင်ပြောင်းရလေသည်။ တိမ်တစ်စုသည် အပြစ်တင်သံကို မနာခံလိုသည့်အလား ပြေးများပင်
ပြေးပါလေတော့။ သြော်... သူလည်း လေနှင်ရာ လွင့်ရသူပါလားဟု ကရုဏာပင် ပွားလိုက်ရသေး။
တောင်များကို အမှန်တကယ် နီးကပ်စွာ
ဖြတ်သန်းရပါမှ မူလအရောင်မတူစွာဖြင့် တည်နေကြကြောင်း နားလည်ရတော့သည်။ ကျောက်သားထု
ပြာမှိုင်းမှိုင်းတို့ဖြင့် ဖွဲ့စည်းထားသော ကျောက်တောင်ကြီးများပေါ်မှာတော့
အပင်ကြီးများ မပေါက်ကြပေ။ တောင်များသည်လည်း သဘာဝအတိုင်းရှိသော
အလှတရားတို့နှင့်လည်း ကင်းဝေးကြရှာသည်။ တောင်ပြာတိုင်းလိုလို မိုင်းထိခံ
ရင်ခွင်ဟောက်ပက်တွေနှင့် အခြေမှာ ပွာစာကျဲနေသော ကျောက်မှုန်များ။ ဒါလည်း
ဖြစ်တည်မှု တစ်ခုအတွက်ပါပဲလေ။ ကဗျာဆရာ 'ကက်ပလင်'က သူ့သားလေးကို ဆုံးမခဲ့သော ကဗျာတစ်ပုဒ်မှာ...
မင်းဘဝတစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်
ဖြည့်ဆည်းခဲ့တဲ့အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်သေးငယ်တဲ့
တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်...
အင်္ဂလိပ်ကဗျာဆရာကြီးက
ဘယ်လိုခံစားပြီး ရေးခဲ့သည်ဟု မဆိုနိုင်။ တောင်ပြာမှိုင်းတို့ကတော့ ဘဝနှင့်ရင်း၍
မြင့်မားခဲ့သော ကမ်းပါးတောင်စောင်းကြီးကို ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ရှိစေတော့လေ။ ပြိုကွဲခဲ့သော ကျောက်စ ကျောက်နတွေ၊ ကျောက်မှုန်တွေက အင်မတန်သေးငယ်သော
တန်ဆာပလာ အရာရာအဖြစ် လမ်းတွေဖောက်၊ တံတားတွေ ဆောက်၊ တိုက်တာအိမ်ရာတွေ
ဆောက်ခြင်းဖြင့် ပြန်လည်တည်ဆောက်မည် ဆိုလျှင်...။
စိတ်သည် ပြန်လည်၍
ကြည်လင်လန်းဆန်းသွားသည်။ ရွက်လွှင့်ခြင်းခရီးသည်လည်း အတော်ဝေးဝေး ရောက်ခဲ့ပြီ။
ရောက်နေသောနေရာက တွေးကြည့်လျှင် အတ္တကြီးစွာဖြင့် ကျေနပ်စရာ။ အရာအားလုံးကို
ငုံ့ကြည့်နိုင်ခဲ့သော အမြင့်တစ်နေရာမှ ခံစားချက်။
အပင်တွေကို ပင်ခြေမှ
မော့ကြည့်ခဲ့ဖူးသည်။ နုပျိုစိုလန်းသော ရွက်နုသစ်ကို မမြင်ဖူးခဲ့။ အပင်တစ်ပင်၏
တိုးတက်မြင့်မားမှုကို အညွန့်အတက်တွေက ဦးဆောင်ခေါ်ငင်သွားခြင်း ဖြစ်သောကြောင့်
အပင်ထိပ်ဖျားကို စိတ်ဝင်စားခဲ့သည်။ အညွန့်အတက်များကို အားကျခဲ့သည်။ သို့သော်လည်း
တုံးခု၍ မမီနိုင်အောင် အလှမ်းဝေးခဲ့သည်။ သစ်ပင်ကြီးများကို အပေါ်စီးမှ
ငုံ့ကြည့်ခွင့်ရသောသူအဖြစ် ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ ခုတော့ သစ်ပင်တွေရော၊
အိမ်ခေါင်းမိုးတွေကိုပါ အားရပါးရ ငုံ့ကြည့်ပစ်လိုက်သည်။
ခရီးဖော်တချို့ မူးဝေကြပြီ။
တည့်တည့်ကြည့်၊ တည့်တည့်ကြည့်ဟု အားပေးသံကို ကြားရသည်။ ပို၍သက်သောင့်သက်သာ
ဖြစ်နိုင်မည့်နေရာကို သူထိုင်ပါ၊ သူထိုင်ပါနှင့် အပြိုင်အဆိုင် အကြင်နာပိုကြသည်။
သည်ရွက်လွှင့်ခရီးမှာ နေရာပေးမည့်သူတွေချည့် ဖြစ်ပြီး ဖေးမသူတွေချည်းလည်း
ဖြစ်နိုင်ကြောင်း လုံခြုံစွာ ဝမ်းသာရလေသည်။ မေတ္တာကို မေတ္တာနှင့်
နှောင်ဖွဲ့လိုက်ပုံက တစ်သက်တာအတွက် မမေ့နိုင်စရာပင်။
အလှတရားတွေကို မြင်လေတွေ့လေတိုင်း
ရွက်လွှင့်ခြင်းကို ရပ်တန့်၍ ဓာတ်ပုံရိုက်ကြသည်။ ကံကောင်းခြင်း ကြီးစွာဖြင့်
ကိုယ့်အဖွဲ့က နားနားနေနေ ခံစားနိုင်ခွင့်ရနေတာ။ သူတို့ သူတို့မှာတော့
တိုတောင်းလှတဲ့ တစ်မိနစ်အတွင်းမှာ အဓိပ္ပာယ်ရှိလှသော စက္ကန့်ခြောက်ဆယ်ဖြစ်အောင်
ရုန်းကန်လှုပ်ရှားနေကြလေတော့ မုန်လာထုပ်တွေ မို့မို့မောက်မောက်တင်၍
မျက်နှာချင်းဆိုင် မောင်းလာသော ကားများကိုလည်း အခါခါ ဖြတ်ကျော်ရသည်။
မုန်လာထုပ်တွေကိုသာ တစ်လမ်းလုံး ရှောင်လာခဲ့ကြရသည်။ တအိအိမောင်းလာသော လှည်းတွေကို
ကြည့်လျှင်လည်း မုန်လာထုပ်တွေပင်။ တစ်နေရာမှာတော့ မုန်လာထုပ် တစ်ထုပ်သည် လမ်းဘေးက
နွားချေးပုံပေါ်ကိုမှ တည့်တည့် ကျနေသည်။ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ပြီး
ကားပေါ်တက်ကြတော့မည်ဆိုတော့ 'ဟာ... မုန်လာထုပ် တစ်ထုပ် ကောက်ခဲ့...
ကောက်ခဲ့ ရတနာပုံပေါ်မှာ တင်နေတာ'ဟု တစ်ယောက်က စပြီး
နောက်လိုက်သည်။ တစ်ယောက်ကလည်း တကယ်ကောက်ယူမည့်ဟန် ပြသည်။ ဘာမှမသိရှာသူ
ခရီးသွားလှည်းတစ်စီးက ကျွိခနဲ ထိုးရပ်လိုက်ပြီး ဝဲတဲတဲအသံနှင့် 'အဲဒါ မကောက်နဲ့။ ဒီမှာယူ... ဒီမှာယူ' ဆိုပြီး
လှည်းပေါ်တွင် ပါသမျှ မုန်လာထုပ်တွေကို အကုန်ပစ်ပေးခဲ့သည်။ သြော်... မေတ္တာတရား
ကြီးမားစွာဖြင့် သဒ္ဓါ နိုင်ပါပေ့နော်။ မယူမကောင်း ယူမကောင်းနှင့် သူပေးသမျှ
မုန်လာထုပ်တွေ အကုန်ယူထားလိုက်ကြရသည်။ လှည်းကလေးက တအိအိနှင့် ခရီးဆက်သွားသည်။
'အယ်... မေ့နေလိုက်တာ သူ
အဆာပြေစားဖို့ မုန့်တွေ ပြန်ပေးနိုင်တာပဲ။ လိုက်ပါဟဲ့... လှည်းနောက်က
ပြေးလိုက်ပါဟဲ့' အိပ်ချင်သူတွေလည်း နိုးထ၊
ခေါင်းမူးသူတွေလည်း ပြုံးကြရသည့် ခဏနားချိန်လေ။ ရောက်လိုသည့်ခရီးကို
ဘယ်လောက်ဝေးမည်ဟုလည်း ခန့်မှန်းမနေကြ။ ရောက်ချင် သည့်အချိန်မှ ရောက်ပေရော့။
နားလိုက နား၊ စားလိုက စား၊ စကားတွေလည်း မနားတမ်းပြော။ မောရမှန်းမသိ။
ငါးရက်တစ်ဈေးနှင့် ကြုံရပြန်၍ ဈေးသေးသေးလေးထဲသို့ ဝင်ကြပြန်ပြီး ဝယ်ချင်တာတွေ ဝယ်။
လွတ်လပ်ခြင်း၊ ချစ်ခင်ခြင်း၊ ပျော်ရွှင်ခြင်းများထဲသို့ မည်သည့်အမှိုက်တစ်မှုန်ကို
မျှဝင်ခွင့် မပြုခဲ့ကြ။ သည်လိုနှင့်ပင် ခေတ္တခိုနားရာသို့ ရောက်ခဲ့ကြသည်။
ပထမဦးစွာ ကြိုဆိုသူက ကမ္ဘောဇ၏
အေးစိမ့်ချမ်းမြမှုကြီးပင်။ နေ့လယ် နှစ်နာရီဝန်းကျင် ရောက်သည်အထိ
နေရောင်ကောင်းစွာမရ။ ရေချိုးခန်းထဲက သံစည်ထဲမှ ရေသည် လက်ဖျားကလေးနှင့် ထိရုံမျှ
ကျင်ခဲနေအောင် အေးမြလှသည်။ ခရီးဖော်တချို့ကတော့ ခရီးရောက်မဆိုက်ပင် ရေချိုးကြသည်။
ရေမချိုးရဲသူတွေကို စကြနောက်ကြသည်။ ပြီးတော့ မေတ္တာအပြည့်နှင့်
ချက်ပြုတ်ပြင်ဆင်ထားသော ဒေသစာများကို ပျော်ရွှင်စွာ စားကြသည်။ အိမ်ရှင်နှင့်
ဧည့်သည်များသည် အချိန်ကြာမြင့်စွာ ဝေးကွာနေကြသော စိတ်နီးသူတွေ ဖြစ်ကြသည်။
ဒေသကိုလည်း နှံ့ချင်ကြသည်။ စကားလည်း တစ်ဝပြောချင်ကြသည်။ ညနေစောင်းမှာတော့
ဖြူစင်သော စိတ်ဝိညာဉ်နှင့် ရဲရင့်သော နှလုံးသား၏ တေးသံသာများ ကျူးရင့်ရာသို့
ခံစားခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အေးလာသည်။
မှောင်လည်း မှောင်လာသည်။ ဘာမှမမြင်ရဘဲ မှောင်၍ကျဉ်းသော အခန်းကလေးသည် ခံစားမှုထဲမှာ
ကျယ်ဝန်းလှသည်။ လင်းလည်း လင်းနေသည်။ ဖယောင်းတိုင်ကလေး တစ်တိုင်ပင်
ထွန်းညှိမထားသော်လည်း ဝင်းပစွာ လင်းနေပါသည်။ အခန်းကလေး၏ ပြင်ပမှာတော့ မပီဝိုးဝါး
လရောင်မှာ နှင်းစက်တို့ ဝုန်းဒိုင်း ကြဲနေလေပြီ။ အံ့သြပါရဲ့။ နှင်းတဲ့လေ။
ကားတစ်စီးလုံး ရွှဲရွှဲစိုသော မိုးထဲမှာ ရပ်ထားခဲ့သလို ကျင်ခဲအေးစက်နေရှာသည်။
ကားကိုပင် သနားမိပါသေးတော့။ ညစာစား၍ အိပ်စက်ရန် ခေတ္တခိုနားရာသို့ ပြန်လာကြသည်။
ညစာထမင်းဝိုင်းက လူလည်းပို၍စုံပြီး ဟင်းတွေကလည်း စုံလင်လှသည်။ ချစ်ခင်လေးစားစွာ ဂါရဝပြုသော
ညစာစားပွဲလည်း ဖြစ်သည်။ စားပွဲထိပ်ဦးတွင် ထိုင်နေသော အဖိုးတန်နှလုံးသား၏
သက်တမ်းရှည်မှု၊ ကျန်းမာမှုတို့အတွက် လှိုက်လှဲစွာ ဆုတောင်းပြီး မြိန်ရှက်စွာ
စားကြသည်။ ဖယောင်းတိုင်မှ မီးစွယ်မီးညွန့် ကလေးများ၏ လှပစွာ ကခုန်သော
အနုပညာကြောင့် ညတိုင်း လင်းလေ့မရှိသော လျှပ်စစ်ကိုပင် အမျက်မသိုနိုင်လောက်အောင်ပင်
ရင်တွင်း အလင်းအားတို့ တောက်ပနေကြလေသည်။
နှင်းသဲညထဲမှာ မေ့နိုင်ဖွယ်မရှိသော
ကြိုးစားမှုလေးတစ်ခုသည် စိုးရိမ်သူများကို နွေးထွေးစေခဲ့သည်။ လူတွေ အားလုံးကတော့
အဖြူရောင်တိုက်ပုကလေးထဲမှာ၊ စောင်ပုံတွေ ကြားမှာ နှင်းခိုကြမည် ဖြစ်သော်လည်း
ကားကလေးကိုတော့ မဟူရာ ကောင်းကင်ကြီးအောက်မှာပဲ နှင်းရေ သောက်နေခဲ့ပေတော့ဟု
ထားရက်ခဲ့ရမည်ပင်။ ဒါပေမယ့်လည်း သူ့ အတွက် လုံခြုံမှုကလေးကတော့ လိုပေသေးရဲ့။
ကားကလေး ကို ခြံဝင်း၏ အပြင်မှာ မထားလိုသောကြောင့် အုတ်မြောင်းကိုကျော်၍
ဝင်းအတွင်းသို့ ခက်ခက်ခဲခဲ မောင်း၍သွင်းရသည်။ ကျဉ်းသော၊ ကျပ်သော၊ အန္တရာယ်ရှိသော၊
အုတ်မြောင်းအတွင်းမှာ ဘီးညပ်သွားလျှင် ဒုက္ခဖြစ်သွားနိုင်သော၊ အလင်းရောင်
ကင်းမဲ့သောအခြေအနေ အခက်အခဲအမျိုးမျိုးသည် စက္ကန့်သုံးရာ့ခြောက်ဆယ်လောက် အတွင်းမှာတော့
ဦးနှောက်များ၏ စွမ်းအားကို ပြင်းထန်စွာ စိန်ခေါ်ခဲ့လေသည်။
ကားမီးက ဝင်းဝင်းတောက်နေသည်။ ကားသံက
ဟိန်းဟိန်းမားမား ကျယ်လောင်လှသည်။ ရင်ခုန်သံတွေလည်းတဒုန်းဒုန်း။
လမ်းကျဉ်းကလေးနှင့် ဘီးတစ်လှိမ့်စာ၊ သင့်တော်သော အရှိန်၊ တည့်မတ်သော
ဦးတည်မှုတို့ဖြင့် ကားကလေး ခြံဝင်းထဲသို့ ကျန်းမာစွာ ရောက်ရှိသွားသည်။
နှင်းတောထဲမှာ လက်ခုပ်သံတွေ ညံသွားသည်။ ကဲ... နှင်းသောက်လိုက်ဦး ကားကလေးရေ...။
□
တောင်တန်းကြီးတွေအားလုံး အလင်းရောင်
ထိန်ထိန်ညီးအောင် လင်းနေသော နံနက်ခင်းကိုပင် မိုးမလင်းသေးဟန်ဆောင်၍
အခွင့်အရေးတွေယူပြီး အိပ်မောကျနေခဲ့သော အအိပ်မက်သူကို ထားရစ်ခဲ့ကာ ခရီးဖော်တွေ
လမ်းလျှောက် ထွက်ကြလေသတဲ့။ တကယ်တော့ ရောက်ရခဲသော ဒေသသစ် တစ်နေရာမှာ ဝီရိယ
ရှိသင့်တာ။ ရှားရှားပါးပါး ပိုင်ဆိုင်ခဲ့သော အိပ်ခွင့်ကလေးကလည်း
ပျော်စရာလွတ်လပ်မှုလေး တစ်မျိုးပင်။
'လာ...လာ...
မြက်ခင်းစိုစိုလေးပေါ်မှာ လမ်းလျှောက်ဖူးအောင် တစ်ခေါက်လိုက်ပို့မယ်'
မြေလမ်းနီနီကလေးများသည် အေး၍စိုနေသည်။
လမ်းဘေး မြက်ခင်းကလေးတွေကလည်း စို၍သန်လှသည်။ ကုန်းမို့မို့ကလေးကို တက်မှန်းမသိ
တက်ရသည်။ မောမှန်းမသိလည်း မောရသည်။ ပျော်မှန်းမသိလည်း ပျော်ရပါသည်။ ဒေသစာရောင်းသော
ဆိုင်ကလေးများလည်း မီးခိုအူလေပြီ။ ခုံပုသေးသေးလေးများပေါ်မှာ ထိုင်ပြီး
အမောဖြေကြသည်။ ရေနွေးကြမ်း ရနံ့မွှေးမွှေးကို သောက်ရင်း အတိတ်ကို တူးဖော်၍
လွမ်းသူက လွမ်းနေပြန်သည်။ အစပ်ဟင်းရည်ရွှဲရွှဲနှင့် တို့ဟူးသုပ်ကြောင့်လား မသိ။
မျက်ဝန်းများပင် စိုနေသယောင်။ ပျော်စရာခရီးမှာ အလွမ်းဝန် မပိုစေလိုသော စေတနာနှင့်
အားမနာ လျှာမကျိုး ရယ်မောနောက်ပြောင် စကားလမ်းလွှဲ၍ ပစ္စုပ္ပန်သို့
ပြန်တွဲခေါ်ရသည်။ နောက်တော့ လှပသော ပစ္စုပ္ပန်မှာ ရွက်လွှင့်ကြပြန်သည်။
တောင်ညိုတောင်တန်းတို့သည်
ဖော်ရွေလှပသည်။ အထူးသဖြင့် ပန်းတို့နှင့် လှိုင်းထနေသော တောင်စွယ်တွေ။
စိုက်ခင်းတွေကလည်း ဆေးရောင်စုံဘူးထဲက ရောင်စုံများလိုပင် အကန့်လိုက်။
ရွှေရောင်ဝင်းသော နေကြာခင်းက တောင်ပေါ်မြို့ကလေး၏ ရွှေပင်လယ်ကြီးပင်။ အနားသို့
နီးလာလေလေ လှိုင်းတွေကို မြင်ရလေလေ။ နေကြာလှိုင်းများကြားမှာ ရွက်လွှင့်စဉ်။
ဒါတို့ပြေ ဒါ တို့မြေဟု ရင်တလှပ်လှပ် ခုန်ခဲ့ရသေး။ ထိုအချိန်မှာ ညကဆုံခဲ့ရသော
မျက်ဝန်းတစ်စုံကို သတိရသည်။ ထုံးစံအတိုင်း ထစ်ခနဲဆို ဒေါသဖြစ်တော့မည် ပြုပြီးမှ
ရွက်လွှင့်ခြင်းခရီးစဉ်ကို အလှမပျက်စေလိုသော ကြောင့်။ သြော်... သူတို့
နားမလည်ရှာပါလားဟုသာ ဇွတ်အတင်း သနားလိုက်ပါသည်။
တဖြည်းဖြည်းနှင့် ခရီးဖော်များလည်း
တိုးပွားလာခဲ့သည်။ တောင်ကြောတစ်ဝိုက်မှာ ကျန်းမာရေးအတွက်
ခရီးဆန့်ခဲ့ကြပုံများကိုလည်း သိရသည်။ ရာသီသီးနှံတွေ အကြောင်းလည်း သိရသည်။
ဓလေ့ထုံးစံများကိုလည်း သိရသည်။ အနုပညာ စာပေကဗျာများအကြောင်းလည်း သိရသည်။
နေကြာလှိုင်းများကြားတွင် ရသစုံနှောခဲ့ကြသည်။ နှင်းဆီများစွာ ဖူးပွင့်ဝေသော
အနုပညာရိပ်မြုံကိုလည်း နှုတ်ဆက်ခဲ့ကြသည်။ လက်ဖက်ရည်ဆိုင်မှာ နားကြသောအခါမှာတော့
စားပွဲထိုးသေးသေးလေးများ၏ အနာဂတ်အတွက် ရင်မောရသည်။ အသိကြွယ်သော ခရီးဖော်များ၏
အသံများသည် စိုးရိမ်သောကကို ဖြစ်စေသည်။ မဆီမဆိုင်ပင် အနန္တ သူရိယအမတ်ကြီး၏
မျက်ဖြေလင်္ကာကို သတိရမိပြန်သည်။
'သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မှု...
'ကလေးလေးတွေဟာ
ဖြူစင်သန့်ရှင်းကြတယ်။ စိတ်သဘောဖြူစင် ရိုးသားတဲ့သူကို တရားစောင့်ပါတယ်။
ကလေးတွေကို ခိုးထုတ်ဖို့ ကားကြီးတစ်စီးပေါ်ကို တင်သွားခဲ့ပေမယ့် လမ်းမှာ
ကလေးလေးတစ်ယောက်က အပေါ့အပါးသွားရင်း မူးဝေသတိလစ်သွားတော့ အဲဒီမိုက်မဲမှုကြီးဟာ သူ့အလိုလို
ပေါ်သွားတာပဲ'
ရက်စက်တတ်သူတို့၏ နှလုံးသားကို
အံ့သြခြင်း ကြီးမားစွာ ဘယ်လိုခံစားရမှန်းပင် မသိနိုင်တော့။
ပျော်ရွှင်ဖွယ်ရွက်လွှင့်ခရီးကလေးကို သူတို့တွေကြောင့်တော့ အကျည်း မတန်စေလိုပါ။
ခေါင်းစဉ်ပြောင်းကြပါတော့၊ ခေါင်းစဉ်ပြောင်းပြီး တေးသံသာတွေ ကျူးရင့်ကြပါတော့ဟု
စိတ်ထဲမှ အလှ တရားကို ညှို့နေစဉ်...
'ကဲ... ခရီးဆက်မယ်။
အချိန်နည်းသွားလိမ့်မယ်'
ခရီးစဉ်မှာ မိခင်သဖွယ် မေတ္တာမိုး၍
အစ်မကြီးသဖွယ် အရာရာကို စီစဉ်သူက ခေါင်းစဉ်ပြောင်းပေးလိုက်သည်။ ဘုရားတွေဖူးကြ၊
ကုသိုလ်ယူကြ၊ တစ်တောင်ဆင်း တစ်တောင်တက်။
ရွက်လွှင့်ခြင်းခရီး၏ ရသစုံလင်မှုသည်
ကျေနပ်ဖွယ် ကောင်းလှသည်။ အတက်ခရီးချည်း မဟုတ်။ အဆင်း၏ ရသကိုလည်း ခံစားရဦးမည်။
တောင်အတွင်းထဲသို့ ဆင်းရမည်။
'မြင်းမထိ လိုဏ်ဂူ'
လူကလေးများနှင့် ကားနှင့်
အဆောက်အအုံများနှင့် နှိုင်း စာလျှင် အလွန့်အလွန်ကြီးမားသော တောင်ကြီး၏
ခြေရင်းသို့ ရောက်ခဲ့ကြသည်။ တောင်ပေါ်မှာ သစ်ပင်နွယ်ပင်တွေ စိမ်းလန်းနေကြသည်။
နှင်းရေတို့ဖြင့် အိအိုင်နေသော တောင်ကြီး၏ အတွင်းမှာ စိမ့်ရေစမ်းရေတွေ၊ ကျောက်စက်
ပန်းဆွဲတွေ၊ ကျောက်စက်မိုးမျှော်တွေ၊ ရွှံ့လမ်းတွေ အားလုံးက သိပ်သည်းသော
အအေးဓာတ်ဖြင့် စောင့်ကြိုနေကြသည်။
'ဒီဂူထဲကို ဘယ်သူတွေ ဝင်မလဲ'
လူရွေးရ၏။ လူဝကြီးများလည်း မဝင်သင့်။ ကလေးသေးသေးလေးလည်း မဝင်သင့်။
နေမကောင်းသူများလည်း မဝင်သင့်။ အသက်ကြီးကြီးများလည်း မဝင်သင့်။ မဝင်သင့်သော
သူများထဲတွင် မပါဝင်သော်လည်း လိုဏ်ဂူထဲသို့ ဝင်ရန် အဓိက အရေးကြီးလှသည့်
အချက်တစ်ချက်နှင့် မပြည့်စုံသူတစ်ဦး ရှိနေခဲ့သည်။ ထိုသူက ကိုယ်တိုင်ပါပဲ။
မပြည့်စုံသော အချက်သည် 'သတ္တိ' ဖြစ်၏။
သူရဲဘောကြောင်မှန်း သိမည်လည်းစိုး။
ဝင်ကလည်း မဝင်ရဲ။ မဝင်ရဲဘူးဟုလည်း မပြောလို။ ကြောက်ကန် ကြောက်ကန်နှင့်
ဆုံးဖြတ်ခက်နေသော အသွင်အပြင်ကို ခရီးဖော်များက သိနားလည်ကြသည်။ ကြောက်ရကောင်းလားဟု
အပြစ်မတင်။ မကဲ့ရဲ့ကြ။
'ရောက်ရခဲတဲ့နေရာကို
ရောက်တုန်း နည်းနည်းခံစား ကြည့်လိုက်ပါ' အားလုံးက
ဝိုင်းဝန်းတိုက်တွန်းကြသည်။ ကျဉ်းကျပ်ပိတ်လှောင်မှုကို မနှစ်သက်သောစိတ်၊
အခက်အခဲကို ရင်မဆိုင်လိုသော စိတ်၊ အမှောင်ကို မလိုလားသော စိတ်များကလည်း
ဦးတမော့မော့။ (သူများကြားလျှင်ရယ်လိမ့်မည်)။ ခက်ခဲသောလမ်းကြမ်းကို
စွန့်စွန့်စားစား လျှောက်လိုခြင်းက ခေါင်းကလေးငုံ့လျက်ကပင် ခရီးဖော်များ၏
အားပေးကောင်းမှုကြောင့် လိုဏ်ဂူတွင်းသို့ စီးမျောပါဝင်ခဲ့တော့သည်။
စဝင်ကတည်းက လူတစ်ကိုယ်စာ
လမ်းကျဉ်းကလေး။ မာကျောမည်းနက်နေသည့် ကျောက်ဆိုင်ကျောက်သားများကလည်း
စိုစွတ်အေးစိမ့်နေသည်။ အမိုးသည်ပင်လျှင် ရေတွေ သီးလျက်။ ခြေဖဝါးနှင့်
ရွှံ့များသည်လည်း ခဏခဏ အချင်းများရသည်။ ဂူထဲမှာပင် ဆင်းရတက်ရသည်။ မာန်အပြည့်
ဟန်အပြည့်နှင့် တစ်ဘဝလုံးလျှောက်လာခဲ့သော ခြေအစုံမှာ မစွမ်းသာတော့ပေ။ ကြင်နာတတ်သော
ခရီးဖော်များက တွဲကူကြသည်။ ဘယ်လောက်ထိ ရှည်လျားသောလမ်း။ ဘယ်လို တက်ပြီး
ဘယ်လိုဆင်း၍ ဘယ်လောက်အထိ အေးစက်ကျင်ခဲ နေရပါဦးမည်နည်း။ ရှေ့မှသွားသူတို့က
ဓာတ်မီးတဝင်းဝင်းနှင့် သွားနှင့်ကြပြီ။ ကျန်ခဲ့သော ခရီးကိုပင် လှည့်လို့ကလည်း
မပြန်ရဲ။ လျှောက်ပါ၊ ဆက်လျှောက်၊ ရဲရဲလျှောက်၊ ဘာလို့လဲရမှာလဲ၊
ဒီဘက်နားကပ်လျှောက်၊ ဒီမှာကိုင်ထား၊ လှမ်း တက်လိုက်၊ ဖြည်းဖြည်းဆင်း။
နောက်နားမှကပ်၍ လမ်းညွှန်ပေးသော လမ်းပြကြယ်ကြောင့် ခြေမျက်စိလည်း လမ်းသိသွားပြီ
ထင်ပါရဲ့။ ခက်ခဲသောခရီး လွယ်ကူသွားလေပြီ။
အခက်အခဲကို ချစ်မြတ်နိုးခြင်းသည်ပင်
ပီတိဖြစ်စရာဟု ထင်မှတ်ယုံကြည်ခဲ့ရသည်။ ခရီးဖော်များလည်း တစ်မိတည်း
ဖွားမောင်နှမများကဲ့သို့ နွေးထွေးချစ်ခင်စွာ စိတ်ချင်းပေါင်း စည်းသွားကြသည်။
နတ်သမီးကျောက်ပျဉ်မှာ သနပ်ခါးလိမ်းရင်း ဆုတောင်းရ။ နတ်သားရေကန်၊ နတ်သမီးရေကန်မှာ
ရေစက်ယူရ။ ဆုတောင်းပြည့်ဘုရားမှာ ဆုတောင်းရနှင့် ကြောက်စိတ်များတောင်
ဘယ်ရောက်မှန်းမသိ။ လိုဏ်ဂူထဲမှာ အော်ဟစ်ရယ်မော၊ ပဲ့တင်သံတွေကို ဖမ်းဆီး၊ အေးမြသော
ရေစီးကို ကျော်ဖြတ်၊ လမ်းမတ်မတ်ကြီးတွေကို တက်၍ ဂူထဲမှ အောင်မြင်စွာ
ပြန်ထွက်ခဲ့ကြသည်။
လိုဏ်ဂူကြီး၏အပြင်မှာတော့
စားသောက်ဆိုင်သေးသေးလေး တစ်ဆိုင်သာ ရှိလေသည်။ ကျန်ခဲ့သော ခရီးဖော်များနှင့်
အလွမ်းသင့်ပြီး ဆွေမျိုးရင်းချာတွေလို စကားဝိုင်းဖွဲ့နေနှင့်ကြသည်။ အမောပြေစားရန်
အစားအသောက်များကို အဆင်သင့် ပြင်ဆင်ပေးထားကြသည်။ အအေးသောက်သည့် သူက သောက်၊
နွားနို့သောက်သည့်သူက သောက်၊ ကော်ဖီ တစ်ခွက်မကုန်သူကလည်း ထုံးစံအတိုင်း
သောက်ကူဖော်နှင့် အတူ။ သောက်ကူ၊ စားကူ၊ ဖေးကူ၊ တွဲကူမှုများနှင့်ပင်
ရွက်လွှင့်ခရီးသည် ပင်ပန်းသော်လည်း လန်းဆန်းသစ်လွင်နေသည်။
မြင်းမထိလိုဏ်ဂူမှ အပြန်မှာတော့
စိတ်ကူးကောင်းသူ မြန်မာအမျိုးသားစစ်စစ်၏ တောင်ပေါ်တည်းခိုအိမ်ကလေးများဆီသို့
ခရီးဆက်ကြသည်။ တောင်ကြော၏ အမြင့်ဆုံးနေရာဟု ခံစားရပါသည်။ မှိုင်းညို့နေသော
တောင်ကြီးများကို ငုံ့ကြည့်နိုင်သောနေရာမှာ ပန်းပေါင်းဝေဆာ စိုက်ထားသော
ဥယျာဉ်မြို့ ငယ်ကလေး။ ရိုးရာအသုံးအဆောင်ပစ္စည်းများနှင့်သာ အလှဆင်သောနေရာ။
ခေတ်မီကိရိယာတို့ဖြင့် ပြည့်စုံသော အခန်းများ။ နေကြာလှိုင်းထဲမှ ဘုံကလေးသည်
ငြိမ်းချမ်းပီတိကို ပွားစေသည်။ ကြည်နူးမှုကို ဖြစ်စေသည်။
ကြိုးစားလိုမှုများကိုလည်း တိုးပွားစေသည်။ ပြီးပြည့်စုံပြီဟု ထင်မြင်
ယူဆထားသော်လည်း သူတို့ကတော့ ထပ်၍ ဖြည့်ရန်ကြိုးစားကြဆဲ။ ကိုယ်လည်း
သူတို့လိုပါပဲလေ။ အရာရာမှာ ပြီးပြည့်စုံသည်ဟူ၍ မရှိ။ ကိုယ့်ကိုယ်ကိုယ် ဘာမှအားမရ။
မသိတာနှင့် မတတ်တာတွေဘဲ များနေသည်။ အပေါင်းလက္ခဏာကို ချစ်ပြီး အလှတရားမျက်စိနှင့်
ကြည့်သူတွေကတော့ ဒါကိုပင် 'ရိုးသားသန့်စင်မှုစွမ်းရည်' တဲ့လေ။ သြော်...
လူ့ဘဝဆိုတာ ရိုးသားသန့်စင်မှုစွမ်းရည်နဲ့ တင်းတိမ်နေလို့ ရတာမျိုးမှ မဟုတ်ပေပဲ။
တောင်အောက်နားဆီက မိုင်းခွဲသံကို ကြားရသည်။ ကျောက်သားများ လွင့်စဉ်လာသည်။
အခိုးမည်းတို့ အူထွက်လာသည်။ မလိုလားအပ်သော ကျောက်သားများကို ဖယ်ရှားပြီးနောက်
လိုအပ်မှုများကို တည်ဆောက်ကြလေမည်။
ညနေတော်တော်စောင်းမှပင်
အိမ်ဖြူလေးဆီသို့ ပြန်ရောက်ကြသည်။ ရှမ်းရိုးမ၏ ညနေခင်း ရေကိုချိုးရဲသူတို့က
ချိုးကြပြန်သည်။ ခြေဆေးလက်ဆေး ကိုယ်လက်သန့်စင်သည်ကိုပင် တုန်နေအောင် ချမ်းနေသည်။
အရိုးအဆစ်တွေလည်း နေရာတိုင်းမှာ နာနေသည်။ မျက်ခွံတွေလည်း လေးလံစွာ ပိတ်ကျလာသည်။
လမ်းလျှောက်ထွက်သူတွေ၊ ဈေးဝယ်ထွက် သူတွေ၊ ရာသီ သီးနှံဒေသထွက်ကုန်များ
လက်ဆောင်ပေးရန် စီစဉ်သူတွေ။ ဘယ်သူတွေ ဘာလုပ်နေကြမှန်းပင် မသိနိုင်တော့။ ခေတ္တခဏ
အသိကင်းလွတ်သွားသည်။ ခေတ္တခဏဟု ဆိုသော်လည်း တစ်နာရီမက ကြာသတဲ့။ အသက်ရှူသံ
ပြင်းပြင်းနှင့် အိပ်မောကျနေလိုက်တာ ညမှာ အိပ်သလား အောက်မေ့ရသတဲ့။ ဘယ်သူတွေ
ဘာပြောပြော အိပ်ရေးဝသွားပြီး လူကလည်း လန်းဆန်းသွားပါသည်။
ထိုနေ့ညက အအိပ်မက်သူကြောင့် ခရီးဖော်များ
ညစာနောက်ကျမှ စားရရှာသည်။ ညစာကိုတော့ ဆိုင်ကြီးတစ်ဆိုင်မှာ စားဖြစ်ကြသည်။
တောင်ပေါ်မြို့ကလေးမှ မိတ်ဆွေများက အမှတ်တရ တည်ခင်းသော ညစာဖြစ်သည်။ ဟင်းတွေ
စုံပြီး အရသာရှိသော်လည်း ထမင်းမစားနိုင်ခဲ့ပေ။ အိမ်ပြန်ရောက်သောအခါမှာလည်း
နှင်းတောထဲမှာ လာ၍နှုတ်ဆက် စကားပြောကြသော မိတ်ဆွေများနှင့် အသိချင်း ဖလှယ်ကြသည်။
နောက်တော့ ညကော်ဖီသောက်ကြသည်။ ကော်ဖီ သောက်၍ မျက်စိကြောင်သူထဲမှာ မပါသောကြောင့်
ကော်ဖီ သောက်ပြီးသည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ 'မနက်စောစော
နှိုးကြပါနော်။ လမ်းလျှောက်ချင်လို့' ဟု အိပ်ခါနီးမှာ အော်ဖြစ်ခဲ့သေး။
နောက်နေ့မနက်မှာတော့
မျက်လုံးပွင့်ပွင့်ချင်း ဝီရိယရှိစွာ နိုးထလိုက်သော်လည်း ခရီးဖော်များကို
မမြင်ရပေ။ နေကြာလှိုင်းပေါ်မှာ နှုတ်ဆက်ခြေလှမ်းတို့ လှမ်းနေကြလေပြီ။ တချို့ ကလည်း
ပစ္စည်းတွေ သိမ်းထုပ်ပြီးကြလေပြီ။ ကားပေါ်ကို ပစ္စည်းတွေ တင်ကြရလေပြီ။ ပြီးတော့
ဈေးကလေးရှိရာကို ဦးတည်ရွက်လွှင့်ကြသည်။ ဒေသစာတွေ တစ်ဝစားကြသည်။ ဈေးတွေ ဝယ်ကြသည်။
ပြီးတော့ အိမ်ရှင်များကို နှုတ်ဆက်ကြသည်။ အချိန်တန်တော့လည်း အိမ်ကို ပြန်ကြရသည်သာ။
အပြန်ခရီးသည် အသွားထက် ပို၍
စိတ်ဝင်စားဖွယ် ကောင်းလှသည်။ အလာတုန်းက ဘယ်နေရာလေးမှာ ဘာတွေတွေ့ခဲ့ပြီး
ဘာလုပ်ခဲ့ရလျှင်ကို အပြန်မှာ ဖြည့်ဆည်းကြလေသည်။ တောတောင်ကြီးများကို
ကျောခိုင်းခဲ့ရတာတော့ လွမ်းမောစရာပင်။ ဒါပေမယ့် ခရီးဖော်များကတော့ ပိုမိုရင်းနှီး
နွေးထွေးကြရလေသည်။ ခရီးအတူသွားကြည့်မှ စိတ်သဘော ပိုသိနိုင်တယ်ဟူသော လူကြီးသူမတို့၏
စကားအတိုင်းပင် တစ်ယောက်နှင့်တစ်ယောက် ဖုံးကွယ်ရန် မလိုအပ်သော ခင်မင်မှုများကို
ရရှိသွားကြလေသည်။ အပြန်ခရီးကတော့ သီချင်းတွေပေါ် လှိုင်းစီးရသည်ဟု
ပြောရလောက်အောင်ပင် သီချင်းသံတွေကို တစ်လမ်းလုံး ကြားခဲ့ရသည်။ အံ့သြဖွယ်
ကောင်းလောက်အောင်ပင် သီချင်းစုံ သီကျူးနိုင်သူများပါတကား။
သူတို့ဆိုသော သီချင်းများ
စုံလင်လှသောကြောင့် သူတို့ စိတ်ကို မှန်း၍မရနိုင်။ အသံများ၏ ကြည်လင်မှုကြောင့်
စိတ်နှလုံးလည်း ကြည်လင်သန့်ရှင်းစွာ လန်းဆန်းနေကြလိမ့်မည်ဟု ခန့်မှန်းနိုင်ပါသည်။
အဆင်းလမ်းဆိုတော့ ပို၍ မြန်သည်။ ရွက်လွှင့်ခြင်း ခရီးလမ်းအနေအထားက
မြန်သည်ဆိုသော်လည်း အရပ်အနားတွေက ကြာနေသည်။ တစ်ယောက်က ကဗျာစာအုပ်အတွက်
ဓာတ်ပုံရိုက်ချင်သည်ဟု ပြောထားသော စကားကို ခရီးဖော်များ မမေ့လျော့ကြ။
မြင်ကွင်းကလေး လှသည်နှင့် ရိုက်မလား၊ ရိုက်မလား။ စိတ်ရှည်လက်ရှည် ရပ်နား၍
ဓာတ်ပုံရိုက်ကြ။ တစ်ယောက်က လိမ္မော်သီး ဝယ်ဦးမည်ဆိုလည်း 'သဘာဝ
လိမ္မော်သီးရပြီ'ဟူသော မီးသွေးခဲနှင့် ရေးထားသော မလှမပ
လက်ရေးကလေးများကို မြင်လျှင် ကားရပ်၍ဝယ်ကြသည်။ ကားကလေးပေါ်မှာ ကုန်ပစ္စည်း
တွေကလည်း အပြည့်။ လူထက်ပိုပြီး နေရာယူထားကြသည်။
ဒါပေမယ့် ရွက်လွှင့်ခရီးမှာ
အရာအားလုံး ပြဿနာ မဟုတ်ပေ။ အကုန်ဖြေရှင်း၍ ရလေသည်။ လွယ်ကူစွာပင် ဖြေရှင်း၍ ရနိုင်လေသည်။
ခရီးဖော်များ အားလုံးအတွက် အံ့သြဖွယ်ကောင်းသူ တစ်ယောက် ပါလာခဲ့လေသည်။
လမ်းတစ်လျှောက်လုံး အလွန်စကားများ၊ အလွန်အရယ်သန်၊ အလွန်ပင် အမေးအမြန်းထူပြီး
အအိပ်ကြီးခဲ့သူလေ။ ထိုသူသည် အိပ်ဖို့မဆိုထားနှင့်။ အပြန်လမ်းမှာ ငိုက်ဖို့ပင်
စိတ်ကူးမရှိ။ ဒါပေမယ့် အသံတွေ တိတ်ဆိတ်ငြိမ်သက်နေ၏။ တွေးနေ၏။
တွေးခဲ့သော အတွေးများကိုတော့
ခရီးဖော်များအား ပြောမပြဖြစ်ခဲ့ပေ။ တကယ်တော့ စိတ်ထဲမှာ ပုံစံငယ်ကလေး
တည်ဆောက်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုပုံစံငယ်ကလေးက အိမ်မဟုတ်။ ဥယျာဉ်လည်း မဟုတ်။
တောင်တန်းကြီးတွေလည်း မဟုတ်။ နေကြာလှိုင်းလည်း မဟုတ်ခဲ့ပေ။
'အချင်းချင်း အမျက်အရှ
တစ်စေ့မရှိ။ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏'ဟု
ဆုတောင်းခဲ့ဖူးသော သိင်္ဃသူ့သမီး ကျောက်စာလိုပင် အစွဲတွေ၊ အလိုကြီးမှုတွေ၊
မစာနာနိုင်မှုတွေ၊ အထင်လွဲခြင်းတွေ၊ အထင်အမြင်သေးတတ်ခြင်းတွေသာ မပါဝင်ခဲ့လျှင်။
မေ့မရနိုင်လောက်အောင် ပျော်ရွှင်စွာ ခရီးဆက်နိုင်ကြကြောင်း။
ထိုပုံစံငယ်လေးအတိုင်း...။
ကိုယ်ကသာ အတွေးကောင်း၍ စိတ်ထဲမှာ
လင်းနေသော်လည်း အပြင်လောကမှာတော့ မှောင်နေသည်။ တစ်လမ်းလုံး ရပ်လိုက်ကြ၊
နားလိုက်ကြ၊ စားလိုက်ကြ၊ ဓာတ်ပုံတွေ ရိုက်လိုက်ကြဆိုတော့ ရောက်ရမည့်အချိန်ထက် ပို၍
နောက်ကျစွာဖြင့် မြို့ကို ဝင်ရသည်။ မြို့ပြ၏ ထုံးစံအတိုင်း ဆီနံ့၊ ညှော်နံ့၊
ချွေးနံ့ အမှောင်နံ့တို့က ကြိုနေကြသော်လည်း ထိုထိုသော လောကထဲသို့
တိုးရှဲဝင်ရောက်ရန် အားမပျက်။ အတွေးထဲမှ ပုံစံငယ်သည် လွှင့်ခဲ့သောရွက်၏
ဦးထိပ်မှာ...။
ဝင်းဝင်းမြင့်
၊နန်းတော်ရှေ့၊
(အမှတ် ၁၉၆၊ မတ်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။
ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'
အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်