ရသစာတမ်း

မှန်ကလေးတစ်ချပ်

ဇင်သန့်

01 October 2025
မှန်ကလေးတစ်ချပ်
Share to

ကျွန်တော်ငယ်ငယ်က မကြာခဏ မှန်ကြည့်တတ်သည်။ မေမေက 'အကျည်းတန် မှန်ကြိုက်' ဟု ချစ်စနိုးနှင့် လှမ်းပြောတတ်သည်။ အသက် ၁၂ နှစ်ခန့် ရောက်တော့လည်း မှန်ကတော့ ကြည့်ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် လူပျိုလူရွယ်တို့၏ မျက်နှာပေါ်မှ ဝက်ခြံများအား ညှစ်ပေးရသည်ကို ကျွန်တော် အလွန်ဝါသနာပါခဲ့သည်။ ကာယကံရှင်တို့က ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျွန်တော်က သူတို့မျက်နှာပေါ်မှ ဝက်ခြံများကို အတင်းဝင်ညှစ်ပေးတတ်သည်။ 

            တစ်နေ့တွင် အိမ်သို့ ဧည့်သည်တစ်ယောက် ရောက်လာသည်။ ထိုစဉ်က ကျွန်တော်သည် အိမ်ထောင်ကျသွားသည့် အစ်မကြီးနှင့်နေကာ ကျောင်းတက်နေသည်။ ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းရင်းခန်းတွင်နေသည့် ကျွန်တော်တို့ ကြီးတော်အိမ်သို့ လာခြင်းဖြစ်သည်။ ကြီးတော်တို့

အိမ်သားတွေကလည်း အိမ်တွင် မရှိကြ။ ထို့ကြောင့် အစ်မကြီးက ဧည့်သည်၏ လာရင်းအကြောင်းကိုမေးကာ ကြီးတော်ကိုယ်စား ရေးနွေးကြမ်းနှင့် ဧည့်ခံသည်။ ထိုဧည့်သည်မှာ ကျွန်တော်တို့နှင့် လုံးဝ မသိသူဖြစ်သည်။ လူကြီးတွေ စကားပြောနေသည်ကို ကျွန်တော်က ဘေးတွင် ပဆစ်တုပ်ထိုင်၍ နားထောင်နေသည်။ ဧည့်သည်အမျိုးသားကြီးကို ကြည့်ရင်း သူ့မျက်နှာပေါ်မှ ဝက်ခြံကြီးတစ်လုံးကို ကျွန်တော် ညှစ်ချင်စိတ်တွေ ပြင်းပြလာသည်။ ထို့နောက် မနေနိုင်တော့။ အတင်း ဝင်ညှစ်တော့သည်။ အစ်မဖြစ်သူက  မျက်နှာစိမ်းတစ်ယောက်ကို ထိုသို့လုပ်ရပါမည်လားဟု ဝင်တားသည်။ မျက်နှာစိမ်း ဧည့်သည်ကလည်း အားတောင့်အားနာ အမူအရာဖြင့် 'နေပါစေ၊ ညှစ်ပါစေ' ဟုဆိုကာ အညှစ်ခံသည်။ ငယ်ငယ်က ထိုအဖြစ်ကို ပြန်တွေးမိတိုင်း ကျွန်တော် ရယ်ချင်နေမိသည်။ လူပျိုဖော်ဝင်တော့ ကျွန်တော့်မျက်နှာတွင် ဝက်ခြံများ ပေါက်လာသည်။ ထိုအခါ သူများ မျက်နှာမှ ဝက်ခြံများကို အောက်ကျခံကာ ညှစ်စရာ မလိုတော့။ မှန်တစ်ချပ်ထောင်ကာ ကိုယ့်မျက်နှာမှ ဝက်ခြံများကို အားမနာတမ်း ညှစ်နိုင်လာတော့သည်။ သို့ဖြင့် မှန်နှင့်မျက်နှာ မကွာတမ်းဖြစ်ခဲ့ရသည်။

□

            အရွယ်ရောက်၍ အလုပ်အကိုင်ရလာသောအခါ ယခင်ကလောက် မှန်မကြည့်ဖြစ်တော့။ ရုံးမသွားမီ ခေါင်းဖြီးသည့်အခါလောက်သာ ကြည့်ဖြစ်သည်။ အခြားအကြောင်းဖြင့်လည်း ရံဖန်ရံခါ ကြည့်ဖြစ်သည်။

            အိမ်ထောင်ကျသောအခါ ပို၍ မှန်အကြည့် နည်းလာသည်။ ရုံးအလုပ်က တစ်ဖက်၊ အိမ်ထောင်တာဝန်က တစ်ဖက်မို့ မှန်ကြည့်ဖို့လည်း အချိန်မရ။ ခေါင်းဖြီးသည်ပင် မှန်မကြည့်ဘဲ

ဖြီးဖြစ်လာသည်။ ဆံပင်ညှပ်သည့်အခါလောက်သာ ဆံပင်ညှပ်ဆိုင်မှ မှန်ကိုကြည့် ဖြစ်သည်။ နောက်ပိုင်း အိမ်ထောင်နှင့် ကွဲ၊ ကွဲသွားသည့် အိမ်ထောင်ကလည်း ဆုံးသွားသည်မို့ ကျန်ခဲ့သည့် မိတဆိုး

သားကလေးကို လူလားမြောက်အောင် ပြုစုပျိုးထောင်ရသည့် တာဝန်တွေက ပိုလာသည်။ ရုံးအလုပ်က တစ်ဖက် ရုံးလစာနှင့် မလောက်သဖြင့် တစ်ဖက်တစ်လမ်းက ဝင်ငွေရနိုင်မည့် ဘေးပန်း အလုပ်ကလေးများကိုလည်း လုပ်ရသေးသည်ဆိုတော့ တစ်နေကုန် အားရသည်ဟူ၍ မရှိ။ ထို့ကြောင့် မှန်နှင့် မျက်နှာ အတော်ပင် ကင်းကွာလာခဲ့သည်။ ကျွန်တော့်အတွက် မှန်ဟူသည် ကြည့်အပ်သည့်အရာ မဟုတ်သလိုပင် ဖြစ်လာသည်။

            တစ်ဖြည်းဖြည်းနှင့် သားလည်း အရွယ်ရောက်လာသည်။ ပညာလည်း စုံခဲ့ပြီ။ သည်တော့ သူ့အတွက် အလုပ်တစ်ခု ရှာပေးရသည်။ အလုပ်ရပြီးတော့ သားကအိမ်ထောင်ပြုတော့မည်ဟု ဆိုသည်။ ထိုအချိန်တွင် ပုံမှန်ဝင်ငွေမရှိသော ကျွန်တော့်အဖို့ သား၏ မင်္ဂလာပွဲကို တူတူတန်တန် လုပ်မပေးနိုင်သည့် အတွက် ရင်ထဲတွင် မချိခဲ့။ သို့သော်... သားက သူ့မင်္ဂလာပွဲကို သူ့ဘာသာ စီစဉ်သည်။ မင်္ဂလာပွဲမှာ စည်စည်ကားကားလေး ဖြစ်သွားသည်မို့ ဝမ်းသာခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ 'ထိမ်းမြား ခြင်းလျှင်' ဟူသည့် မိဘဝတ္တရား တစ်ပါး မကျေပွန်ခဲ့သည်ကိုတော့ စိတ်မကောင်းခဲ့။

            သား၏ မင်္ဂလာဆောင်တွင် သတို့သား ဖခင်တစ်ယောက်အနေဖြင့် တင့်တယ်အောင် ဝတ်ရမည့် ဝတ်ကောင်း စားလှပင်မရှိ။

            ထိုအတွက် မိတ်ဆွေတစ်ဦးက တိုက်ပုံအဖြူတစ်ထည် လက်ဆောင်ပေးသည်။ အတွင်းကတော့ သား၏ လည်ကတုံး အဖြူတစ်ထည်ကို ကောက်စွပ်လိုက်ရုံပင်။ ပုဆိုးအတွက်ကိုမူ သားက ပွဲနေပွဲထိုင်ဝတ်သည့် အချိတ် ပုဆိုးတစ်ထည် ဝယ်ပေးသည်။ အစိမ်းတွင် အဝါဖောက်ထားသော ထိုအချိတ် ပုဆိုးမှာ အဆင်ကလည်း ဆန်းသည်။ ပုံမှန် လူတကာ ဝတ်နေကြသည့် ပုဆိုး များအကြားတွင် ထိုပုဆိုးအဆင်က ကွက်ကွက်ကွင်းကွင်း ရှိလှသည်။

            မင်္ဂလာပွဲတွင် အယ်ဒီတာလည်း ဖြစ်ခဲ့ပြီး လက်ရှိလည်း စာရေးဆရာ တစ်ယောက်ဖြစ်သူ ကျွန်တော်၏ အသိမိတ်ဆွေများ၊ ရုံးမှာ လုပ်စဉ်က လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေဟောင်းများ၊ မဂ္ဂဇင်းတိုက်တစ်ခု၏ တာဝန်ခံအယ်ဒီ တာဖြစ်သူ သား၏ အသိမိတ်ဆွေများဖြင့် အတော်လေး စည်ကားသည်။ ဓာတ်ပုံအတွက်လည်း အပြင်မှ ဓာတ်ပုံဆရာ ငှားရန်မလို။ သားတို့ မဂ္ဂဇင်းတိုက်မှ ဓာတ်ပုံဆရာများက အခမဲ့ ရိုက်ပေးသည်။

            မင်္ဂလာပွဲလာသူ အသိမိတ်ဆွေများ အကြားတွင် သတို့သားဖြစ်သူသား၊ သတို့သမီးဖြစ်သူ ချွေးမလောင်းနှင့် သတို့သား၏ဖခင် ကျွန်တော်တို့ လှည့်လည် နှုတ်ဆက်ဧည့်ခံခဲ့ကြသည်။ ကင်မရာတွေကလည်း တဝင်းဝင်း တဖျပ်ဖျပ်နှင့် ရိုက်နေကြသည်ပေါ့။ သို့ဖြင့် သား၏ မင်္ဂလာပွဲမှာ မင်္ဂလာရှိစွာ ချောချောမောမော ပြီးဆုံးသွားခဲ့သည်။

□

             မင်္ဂလာဆောင်ပြီးသည်နှင့် သားတို့ဇနီးမောင်နှံက ကျွန်တော်တို့ အိမ်တွင် လာနေကြသည်။ သို့သော် ချွေးမ မီးဖွားခါနီးတော့ မိန်းမသား အကြီးအကဲမရှိသော ကျွန်တော်တို့အိမ်တွင် သူတို့ကို ထား၍ မဖြစ်တော့။ ထို့ကြောင့် ချွေးမ၏မိခင်အိမ်သို့ ပြောင်းရွှေ့နေခိုင်းရတော့သည်။

            ထို့နောက် ချွေးမ မီးဖွားတော့လည်း ဆေးရုံသို့ သွားရ၊ လိုအပ်သည်များကို မိမိ တတ်နိုင်သမျှ လုပ်ပေးရနှင့် အတော်လေး အလုပ်ရှုပ်ခဲ့သည်။ ထိုအတောအတွင်းမှာပင် ဂျာနယ်တိုက်တစ်ခုက တာဝန်ခံအယ်ဒီတာလုပ်ရန် ခေါ်သဖြင့် အလုပ်က ပိုလာပြန်သည်။ အလုပ်ရှုပ်သည့်ကြားက သားနေထိုင်ရာ သူ့ယောက္ခမ အိမ်သို့သွားကာ မြေးကို ပြေးတွေ့ရသေးသည်။ သို့သော် အေးအေးဆေးဆေး မနေနိုင်။ ဂျာနယ်တိုက်သို့ ပြန်ပြေးရပြန်သည်။ 

            ဂျာနယ်တိုက်တွင် တစ်နှစ်ပြည့်တော့ ထိုတိုက်မှ အလုပ်ထွက်ခဲ့သည်။ ထိုအခါ အလုပ်လည်း နည်းနည်း အားသွားသည်။ ထို့ကြောင့် သားတို့အိမ်သို့ အေးအေးဆေးဆေး သွားလည်ခွင့် ရခဲ့သည်။ ထိုအိမ်တွင် အချိန်ကြာကြာလည်း နေခွင့်ရခဲ့သည်။

            တစ်နေ့တော့ သားတို့ အိမ်သို့ သွားလည်သည်တွင် ချွေးမဖြစ်သူက ဓာတ်ပုံအယ်လ်ဘမ် ထူထူကြီး သုံးခုကို ထုတ်လာသည်။ ယင်းမှာ သားတို့ မင်္ဂလာပွဲတွင် ရိုက်ထားသည့် ဓာတ်ပုံ များဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့ မင်္ဂလာဆောင်ပြီးကတည်းက ထိုဓာတ်ပုံများကို ကျွန်တော် ပထမဆုံး ကြည့်ရခြင်း ဖြစ်သည်။

            ဓာတ်ပုံများထဲမှ လူများကို ကျွန်တော် တစ်ယောက်ချင်း လိုက်ကြည့်သည်။               

            'ဟောဒီမှာ ဆရာမောင်ပေါ်ထွန်း၊ ဒါက အဆိုတော် ကြော်ငြာဒါရိုက်တာ အောင်ကိုလတ်၊ ဒါက စာရေးဆရာ ထွဋ်ခေါင်၊ ဒါက ဗိုလ်မှူးကြီး သာဝင်း...။'

            ဓာတ်ပုံများထဲတွင် လူတစ်ယောက်ကို ဟိုတစ်ပုံမှာ တွေ့လိုက်၊ သည်တစ်ပုံမှာ တွေ့လိုက်နှင့်။ သူ့ကို မိမိမတွေ့ဖူးခဲ့။ မိမိအသိထဲကလည်း မဟုတ်။ ထို့ကြောင့် သားကို မေးကြည့်ရသည်။ ကျွန်တော်က ဓာတ်ပုံထဲမှ ထိုလူ၏ ပုံကို လက်နှင့်ထောက်ပြပြီး

            'သား သူက ဘယ်သူလဲကွ'

            ဒီတော့ သားက ကျွန်တော့်ကို ဆတ်ခနဲ မော့ကြည့်လိုက်ပြီး

            'ဖေဖေကလည်း ကိုယ့်ပုံကိုတောင် ကိုယ်မမှတ်မိတော့ဘူးလား' ဟုဆိုသည်။ ဓာတ်ပုံကို ပြန်ကြည့်လိုက်တော့ မင်္ဂလာဆောင်တွင် ဝတ်ရန် သားဝယ်ပေးခဲ့သော အချိတ်ပုဆိုးကို မှတ်မိလိုက်သည်။ သည်တော့မှ ထိုလူမှာ မိမိပါလားဟု သိလိုက်ရတော့သည်။ ပြီးတော့ သားကို ပြန်ပြော လိုက်ရသည်။

            'ဟုတ်တယ် သားရယ်၊ ဖေဖေ မှန်မကြည့်ဖြစ်တာ ကြာပြီလေ'

            စိတ်ထဲတွင်လည်း အလုပ်စားပွဲတွင် အမြဲတင်ရန် မှန်ကလေးတစ်ချပ်တော့ ဝယ်ဦးမှဟု တွေးနေမိသည်။ ကိုယ့်ရုပ်ကို အမြဲမှတ်မိနေအောင်လို့လေ။

▀

ဇင်သန့်

(အမှတ် ၁၉၄၊ ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရသစာတမ်း
...
ကဗျာဆရာကွယ်လွန်ခြင်း
အောင်ဝေး

ကြယ်တွေက တဖွေးဖွေး ကြွေကျခဲ့ပြီ ဖြစ်သည်။ ကြွေကြယ်ကို လေးစားရမည်။ ကြွေကြယ်ကို တန်ဖိုးထားရမည်။ ကြယ်ကြွေ၏ ဂုဏ်သိက္ခာကို မစော်ကားရ၊ မထိပါးရ။

ရသစာတမ်း
...
ဘဝရဲ့ သမားရိုးကျနေ့ရက်များထဲမှ ထိုတစ်နေ့
ဝင်းထွဋ်ဇော်

ဝမ်းပန်းတနည်းနဲ့ တရှုံ့ရှုံ့ငိုနေတဲ့ ကောင်လေးက 'သားက ဘယ်သူနဲ့နေရမှာလဲ ဒေါ်ကြီး'လို့ မေးလိုက်ပါတယ် 'နင့်အစ်မနဲ့ နေရမှာဟဲ့ နင့်အစ်မနဲ့ နေရမှာ'

ရသစာတမ်း
...
ဝန်ချတောင်
မောင်ရင့်မာ ၊ကျောင်းကုန်း၊

အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်