ဆိုဝ်ငြယ်
The fall of Paris - Ilya Ehrenburg (မူရင်း)
"စကားပြေနဲ့ပြောလို့မရတဲ့အရာတွေကို
ကဗျာနဲ့ပြောလို့ရတယ်" လို့ ပြောခဲ့ဖူးတဲ့ ယူကရိန်းနယ်သား ရေဝတီစာရေးဆရာကြီး
အီလျာအာရင်ဘတ်လို့ပြောလိုက်ရင် The Thaw (နှင်းခဲပျော်ချိန် အမည်နဲ့ ဆရာကျော်ဝင်းဘာသာပြန်) ကို
ပြေးမြင်တတ်ကြပေလိမ့်မယ်။ သူ့ဘဝတစ်လျှောက်လုံးနီးပါး ဥရောပတခွင်မှာ
ကျင်လည်နေခဲ့တဲ့ စာရေးဆရာ အီလျာအာရင်ဘတ်ဟာ ပြင်သစ်အကြောင်း အတွင်းကျကျ သိခဲ့သလို
ပြင်သစ်ပြည်ရဲ့အခြေအနေတွေကို ဘေးလူအမြင်နဲ့လည်း မြင်နိုင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။
သူ့ရဲ့အပြောင်မြောက်ဆုံး ဝတ္ထုကတော့ The fall of Paris ပါပဲ။
ရုရှားက စာရေးဆရာတွေက
ပြင်သစ်မှာ အနေများလွန်းတဲ့ စာရေးဆရာအီလျာအာရင်ဘတ်ကို
အနောက်တိုင်းဆန်တဲ့စာရေးဆရာလို့ ခေါ်တတ်ကြသလို ပြင်သစ် သစ်ကြားသီးစားနေသူမဟုတ်ပဲ
ရုရှားပေါင်မုန့် စားသူသာ ဖြစ်ကြောင်း တစ်နေ့သိလာလိမ့်မယ်လို့ ပြောကြတဲ့အခါ
အာရင်ဘတ်ပြောခဲ့ပုံလေးက သိပ်လှတယ်။
"ကျွန်တော်က
ပါရီ သစ်ကြားသီးစားရင်း ရုရှားပြည်ကြီးကို လွမ်းခဲ့သူ ဖြစ်ပါတယ်" တဲ့။
အီလျာအာရင်ဘတ်ဟာ
ပညာရေးထက်ပိုတဲ့ တွေးခေါ်မှုနယ်ပယ်ကို ကြီးမားစွာ ချဲ့ထွင်ခဲ့သူတစ်ဦးလို့
ပြောရင်လည်း မှားမယ်မထင်ပါဘူး။ အလယ်တန်းလောက်ပဲ နေခဲ့ရသူလို့ ပြောခဲ့ပေမယ့်
သူတွေးခေါ်မြော်မြင်ပုံတွေ၊ သူရေးခဲ့တဲ့ စာတွေကတော့ ကန့်သတ်ပညာရေးတွေရဲ့
စည်းဘောင်တွေကို ကျော်လွန်နေခဲ့ပါတယ်။
သူ့ဘဝမှာ ကလောင်ကို
ကိုင်စွဲပြီး လူ့အဖွဲ့အစည်းတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ထောက်ပြခဲ့ပါတယ်။
အထူးသဖြင့် ပြင်သစ်မှာ ဒုတိယကမ္ဘာစစ်မတိုင်ခင် သူနေထိုင်ခဲ့တဲ့ လူ့လောကဝန်းကျင်ကို
ဖော်ပြရာမှာ တော်တော်ကို လက်တွေ့ကျကျရေးပြထားတာပါပဲ။
လူတစ်ယောက်ချင်းစီရဲ့
ပျက်စီးနေတဲ့ကိုယ်ကျင့်တရားတွေ၊ အပေါ်ယံလွှာတွေနဲ့ မွမ်းမံထားတဲ့
အတွင်းစိတ်ဖောက်ပြန်မှုတွေ၊ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ဖက်ဆစ်စနစ်ရဲ့
အားပြိုင်မှုတွေကြားက ကိုယ်ကျိုးရှာသမားတွေ၊ ယုံကြည်ရာကို ဆုပ်ကိုင်ထားတတ်ကြသူတွေ
စသဖြင့် The Fall of Parisကို ပုံဖော်ထားပါတယ်။
"ပြင်သစ်ဟာ
အလွန်လှပတဲ့ အားလပ်ရက်စခန်းကြီးဗျ။ ပါရီကတော့ အဲ့ဒီစခန်းက အကောင်းဆုံး
ကဖီးဆိုင်ကြီးပေါ့ဗျာ" တဲ့
ဒီဝတ္ထုထဲက
ဇာတ်ကောင်တစ်ယောက်ရဲ့ စကား။
သိပ်လှတဲ့ပြင်သစ်လို့
ပြင်သစ်သားတွေက ဂုဏ်ယူခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ဦးပိုင်းတွေတုန်းက...ဟစ်တလာ
တန်ခိုးထွားနေချိန်တုန်းက...၊ အဲဒီမတိုင်ခင် အချိန်တုန်းက ပြင်သစ်ဟာ တကယ်ကို
လှပါခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်မှာ အနုပညာနဲ့ အလှအပကို မြတ်နိုးတန်ဖိုးထားတတ်ကြတဲ့
ပြင်သစ်ပြည်ဟာ တကယ်ကို အလှအပတွေ အနုပညာတွေနဲ့ စုဝေးနေတဲ့ နိဗ္ဗာန်ဘုံကြီးလို
ဖြစ်ခဲ့ဖူးတာပါ။သို့သော် အပေါ်ယံထုံမွှန်းထားတဲ့ အလှအပတွေ အတွင်းက
လှိုက်စားခံနေရတဲ့ အပြောက်အမွှန်းတွေနဲ့ အဆောက်အအုံကြီးလို ဖြစ်နေခဲ့တာပါပဲ။
ပြင်သစ်ပြည်က
လှပခဲ့ပေမယ့် ပြစ်သစ်သားတွေရဲ့ အကျင့်စာရိတ္တတွေ စိတ်ဓာတ်တွေက မလှပခဲ့ကြဘူး။ ကိုယ်ကျိုးစွန့်မယ့်သူတွေအစား
ကိုယ်ကျိုးရှာသူတွေက များခဲ့တယ်။ အခွင့်အရေးတွေနဲ့ ကိုယ်ကျိုးရှာသမားတွေ
များပြားလာတဲ့အတုအယောင် နိုင်ငံရေးလုပ်စားမှုတွေကြားထဲမှာ ပါရီက
ဓားစာခံဖြစ်ခဲ့ရတယ်လို့တောင် ဆိုနိုင်ပါတယ်။
စီးပွားရေးသမားတွေနဲ့
နိုင်ငံရေးသမားတွေရဲ့ ကိုယ်ကျိုးရှာမှုတွေကြားထဲမှာ လောဘကြီးတဲ့ အရင်းရှင်တွေ၊
အစွန်းရောက်တဲ့ ကိုယ်ကျိုးရှာမှုတွေကပဲ ပြင်သစ်ပြည်သားတွေ သိပ်မုန်းပါတယ်ဆိုတဲ့
ဖက်ဆစ်စနစ်ရဲ့ သွေးကြောတွေလို ပါရီထဲ စိမ့်ဝင်လာခဲ့ကြတယ်။
စေတနာစစ်မှန်တဲ့
နိုင်ငံရေးသမားတွေအစား ဝါဒအမျိုးမျိုးကို ကိုင်စွဲပြီး ကိုယ်ကျိုးရှာကြတယ်။ သတင်းသမားတွေဟာ
မှန်ကန်တဲ့ သတင်းကျင့်ဝတ်တွေအစား ပေါက်ပန်းစျေးစကားတွေပြောတယ်။ ဖြစ်နိုင်တယ်
မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ချင်တာတွေကို ပြောတယ်။ ပြည်သူတွေကို အယုံသွင်းကြတယ်။
ကိုယ်နဲ့မတည့်တဲ့အဖွဲ့ကို လက်ညှိုးပုံထိုးပြပြီး ရန်သူလို ဆက်ဆံခဲ့ကြတယ်။
နောက်ဆုံး
ကိုယ်နဲ့မတည့်တဲ့အဖွဲ့က နိုင်ငံကို ဦးဆောင်မယ့်အစား ဟစ်တလာလက် နိုင်ငံအပ်ပြီး
သူတို့ကိုယ်တိုင်က လက်အောက်ခံဘဝကို ရောက်သွားတာကိုတောင် လက်ခံနိုင်ကြတဲ့အထိ
စိတ်ဓာတ်တွေ ပျက်ပြားကုန်ကြတယ်။
အဲဒီလို မစားရတဲ့အမဲ
သဲနဲ့တော့ ပက်လိုက်မယ်ဆိုတဲ့ စိတ်တွေကပဲ ပါရီကို ပျက်စီးစေခဲ့တယ်လို့
ဆိုနိုင်ပါတယ်။
လူတိုင်းက
ကိုယ်ကလူကောင်း ကိုယ်နဲ့မတည့်ရင် လူဆိုး ဖြစ်ကုန်တယ်။ သူ့နေရာက ကြည့်ရမယ့်
ကိုယ်ချင်းစာတရားတွေ ပျက်ပြားကုန်ကြတယ်။ ဂျာမန်တစ်ယောက်က ပါရီကို ချစ်ရင်
ဂျာမန်ဆိုး ဖြစ်သွားတယ်။ပြင်သစ်တစ်ယောက်က အစိုးရကိုမထောက်ခံရင် ကွန်မြူနစ်
ဖြစ်သွားရတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ကြမယ့်အစား သံသယတွေနဲ့ပဲ
ချိန်ထိုးလာကြတဲ့အခါ ပါရီရဲ့ အဆုံးစွန်ဆိုတာကို ရောက်ရှိသွားခဲ့တော့တာပါပဲ။
နိုင်ငံရေးသမားအမည်ခံကြသူတွေဟာ
နိုင်ငံရေးကို ခုတုံးလုပ်၊ နိုင်ငံကောင်းစားရေး နိုင်ငံကယ်တင်ရေးစကားကို
တွင်တွင်ပြောကြပြီး ငါကမှ နိုင်ငံကယ်တင်ရှင်ဆိုတာမျိုး သိပ်ဖြစ်ချင်နေကြတယ်။
ပြီတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရသမျှ လာဘ်လာဘကို အိတ်ထဲထည့်၊
နိုင်ငံရပ်ခြားမှာတွေပါ စီးပွားလုပ် အငယ်အနှောင်းထား၊ ကိုယ်နဲ့မတည့်တဲ့
နိုင်ငံရေးသမားဆို ခြေခံထိုးနဲ့ နိုင်ငံရေးအရှုပ်တော်ပုံရဲ့ မူရင်း
အဖျက်ပိုးမွှားတွေဟာ နိုင်ငံကို စေတနာကြီးမားပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ
ကိုယ်တိုင်ပဲ ဖြစ်လာကုန်ကြတယ်။
နိုင်ငံရေးရဲ့
ကျောထောက်နောက်ခံစီးပွားရေးသမားတွေကလည်း နေရာတကာ စီးပွားရေးဆန်ဆန် တွက်ကိန်းချကြရင်း
နောက်ဆုံးမှာ နိုင်ငံရေးရဲ့ သားကောင်ဘဝကို ရောက်ကြရတာပါပဲ။ ကိုယ်ကျိုးကြည့်တာများပြီး
လုပ်သားတွေအပေါ် ခေါင်းပုံဖြတ်ကြရင်း ကိုယ့်စီးပွားတွေပါ ပျက်ကုန်ရတော့တယ်။
မီဒီယာသမားတွေ...
နိုင်ငံရေးထဲမှာ
အမြတ်ရှာဖို့ စကားလုံးအရောင်းအဝယ်လုပ်ရင်း မုသားထုထည် ဖိ,ဖိလာသူတွေပေါ့။ အစပိုင်း
ကိုယ်နဲ့အဆင်ပြေနေတဲ့ ပါတီဘက်မှာပဲ မားမားမတ်မတ်ရပ်တယ်။အခြေအနေမကောင်းတော့
ငွေပေးသတင်းတွေနောက်ကို လိုက်ရ...ကိုယ်ပိုင်ရပ်တည်ချက်ပျက်သွားတဲ့အခါ ပြည်သူတွေရဲ့
ယုံကြည်မှုပါ ပျက်စီးသွားရတဲ့ မီဒီယာသမားဖြစ်သွားရတဲ့ ဇာတ်ကောင်လည်း ပါတယ်။ တော်ကြာနီလိုက်
တော်ကြာဖြူလိုက် တော်ကြာပန်းရောင် ဖြစ်လိုက်နဲ့နောက်ဆုံး ရောင်စုံမီဒီယာသမား
ဖြစ်သွားကြတော့တယ်။
နိုင်ငံတစ်နိုင်ငံရဲ့ မတ္ဏိုင်
မီဒီယာသမားဖြစ်ဖို့ ကြိုးစားနေတဲ့ သတင်းသမားထက် စကားလုံးရောင်းဝယ်ရေးသမားတွေ
ပေါလာတာနဲ့အမျှ ဝါဒမှိုင်းတွေ ကပ်စွဲလာတဲ့ လူတွေဟာ မှန်ကန်တဲ့
စဉ်းစားတွေးခေါ်မှုတွေကို မလုပ်နိုင်တော့ဘူး။ နိုင်ငံရဲ့ သွေးကြောမျှင်လေးတွေထဲက
အဆိပ်တွေဟာ နိုင်ငံရဲ့ ပင်မသွေးကြောထဲ ဝင်ရောက်လာတဲ့အခါ ကြီးမားတဲ့ သက်ရောက်မှုကို
ဖြစ်လာစေတော့တာပါပဲ။ အဲဒီလို ဝါဒမှိုင်းတွေ ကြီးစိုးဖို့ သတင်းသမားတွေက
ပျော်ပျော်ကြီး စကားလုံးအရောင်းအဝယ်လုပ်နေကြတဲ့ ပါရီကို ကြည့်ရင်း
အချို့အခင်းအကျင်းတွေကို မြင်လာစေပါတယ်။
အနုပညာမြို့တော်လို့
တင်စားထားတဲ့ပါရီမှာ အနုပညာသမားတွေဟာ စစ်တိုက်ထွက်ရတဲ့ အခြေအနေတွေကို
ရောက်သွားတဲ့အခါ အနုပညာသမားတွေ နည်းလာတယ်။အနုပညာအားထုတ်မှုတွေ နည်းလာတယ်။
အနုပညာကို ဖန်တီးအားထုတ်သူတွေ နည်းလာတာနဲ့အမျှ အနုပညာတွေဟာ တဖြည်းဖြည်း
အားနည်းလာရတယ်။ အနုပညာတွေ အားနည်းလာတာနဲ့အမျှ ငြီးငွေ့မှုတွေ ပိုများလာရတယ်။ စိတ်တွေ
ပိုပြီး နောက်ကျိရှုပ်ထွေးလာကုန်တယ်။
အနုပညာမြို့တော်ဟာ
အရိုးနဲ့အရေသာကျန်တဲ့ သတ္တဝါတစ်ကောင်လိုမျိုး မလှပတော့ဘူး။ လက်ကျန်အနုပညာတွေဟာ
ရွှင်လန်းရမယ့်အစား ဒေါသတွေ၊မာန်တွေ နာကျည်းမှုတွေနဲ့သာ ဖုံးလွှမ်းကျန်ရစ်တယ်။
မငြိမ်းချမ်းတဲ့အချိန်မှာ
လယ်သမားဟာ သေနတ်ကိုင်ရပြီး၊ ငြိမ်းချမ်းတဲ့အခါ သူတို့ဟာ ပေါက်တူးတွေကို
ပြန်ကိုင်ကြရတယ်ဆိုတဲ့စကားလိုပါပဲ အနုပညာသမားတွေဟာ အနုပညာအလုပ်အစား စစ်တိုက်နေကြရတဲ့အခါ
စစ်ပွဲတွေက ပိုဖွံ့ဖြိုးလာပြီး အနုပညာတွေက ဆုတ်ယုတ်ဆိတ်သုဉ်းသွားကြတာတာပါပဲ။
အနုပညာတွေနဲ့ ဝင့်ကြွားခဲ့ရဖူးတဲ့ မြို့ပြက ဘာကြောင့် ဆိတ်သုဉ်းသွားသလဲမေးရင်
အနုပညာသမားတွေက အနုပညာအလုပ်ကို မလုပ်နိုင်ကြတော့လို့ လို့ပဲ ဆိုရပါလိမ့်မယ်။
နိုင်ငံတစ်နိုင်ငံလည်ပတ်ဖို့
လူတိုင်းစစ်တိုက်နေရင်၊ စိုက်ပျိုးသူတွေ၊ တည်ဆောက်သူတွေ၊ ကုန်သွယ်သူတွေ စသဖြင့်
နယ်ပယ်အသီးသီးမှာ လည်ပတ်နေသူတွေ မရှိတော့ရင် သို့မဟုတ် အားနည်လာခဲ့ရင် နိုင်ငံရဲ့
လည်ပတ်မှုဟာ နှေးကွေးလာပြီး နိုင်ငံကျန်းမာရေး ချို့တဲ့လာတာ ဓမ္မတာပါပဲ။
ယုံကြည်မှု ပြင်းထန်မှုတွေနဲ့
အများကြီး ယုံကြည်ကိုးစားခံထားတဲ့ လူကြီးတွေရဲ့ လုပ်ရပ်တွေကို
မျက်မြင်တွေ့လိုက်ရတဲ့ လူငယ်တွေ၊ လူကြီးတွေကို လူငယ်တွေက လေးစားတတ်ကြသလို အဲဒီလို
လူကြီးတွေကိုပဲ လူငယ်တွေက မုန်းတီးသွားကြတယ်။ လူကြီးတွေ ချန်ရစ်ခဲ့ကြတဲ့ လုပ်ရပ်တွေတိုင်းက
လူငယ်တွေအပေါ် ထိုးကျလာတဲ့ အရိပ်တွေလိုပါပဲ။လူကြီးတွေ ရွေးချယ် လုပ်ကိုင်ခဲ့ကြတဲ့
လုပ်ရပ်တွေဟာ လူငယ်ဆိုတဲ့ မျိုးဆက်တွေရဲ့ လက်ခံနိုင်စွမ်းပေါ်မှာ မူတည်ပြီး
ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သမိုင်းတွေကို ဖြစ်နေတာမျိုးပဲ မဟုတ်လား။ဒါကိုပဲ
သမိုင်းလို့ ခေါ်နေကြရတာပဲလေ။
ဒီဝတ္ထုကိုရေးတဲ့ စာရေးဆရာက
ဒီဝတ္ထုရဲ့ ဇာတ်လိုက်ဟာ ပါရီမြို့ကြီးပဲတဲ့။
ဒီဝတ္ထုထဲမှာ
သိသာထင်ရှားတဲ့ ဇာတ်အိမ်ရယ်လို့ မပါပါဘူး။ သို့သော် ဝန်ကြီး
ပေါတက်စမိသားစုလိုမျိုး၊ ပီယာတို့ မိသားစုလိုမျိုး စသဖြင့်
ဇာတ်အိမ်ငယ်ပေါင်းများစွာ ပြန့်ကျဲပါဝင်နေပါတယ်။ ဇာတ်အိမ်မပါဘူးလို့ ပြောလို့မရဘူးလို့
ဆိုလိုချင်တာပါ။ ဇာတ်ကောင်ပေါင်းများစွာနဲ့ ပြန့်ကျဲနေတဲ့ အကြောင်းအရာများစွာပါ
ပါရီမြို့ကြီးပေါ်မှာ၊ ပြင်သစ်ပြည်ကြီးပေါ်မှ ဖြစ်ပျက်နေတာတွေပါပဲ။ လူအမျိုးမျိုး
စရိုက်အစုံစုံက နိုင်ငံရဲ့ စီးပွားရေး စစ်ရေး နိုင်ငံရေး လူမှုရေး စတဲ့နေရာအစုံကို
ထင်ဟပ်ပြထားပါတယ်။ စုတ်ပြတ်နေတဲ့ စရိုက်တွေနဲ့လူတွေကို
ထမ်းပိုးထားရတဲ့ ပါရီမြို့ကြီးအကြောင်းလို့ပဲ ဆိုချင်မိပါတယ်။ ပါရီဟာ ပါရီလို
ဖြစ်နေဆဲ ပြင်သစ်ဟာ ပြင်သစ်လို ရှင်သန်ဆဲကို ပါရီသားတွေ ပြင်သစ်သားတွေကပဲ ပါရီကို
ကျဆုံးသွားအောင် ပြင်သစ်ပြည်ကြီးကို ကျဆုံးသွားအောင် လုပ်နိုင်ခဲ့ကြတာပါပဲ။
စာရေးဆရာက ဇာတ်ကို
ပိုလှသွားအောင်ဆိုပြီး ဇာတ်ကောင်တွေကို တွေ့ဆုံပေးလိုက် ညားသွားပေးလိုက်၊ ပိုအဆင်ပြေသွားလိုက်
ရေးထားတာမျိုးမဟုတ်ပဲ ပါရီရဲ့အခင်းအကျင်း ပြင်သစ်ရဲ့ ပကတိအခြေအနေကို
မြင်နေရသလိုမျိုး ရေးထားတာပါ။
နိုင်ငံတစ်နိုင်ငံရဲ့
ကျဆုံးမှုကို အဲ့ဒီနိုင်ငံသူ နိုင်ငံသားတွေကလွှဲရင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ စေတနာမမှန်တဲ့
ကိုယ်ကျိုးရှာသမား ၊အတ္တသမားတွေ၊ အခွင့်အာဏာပေါ်မှာ ယစ်မူးချင်ကြသူတွေ
ပေါများလာတာနဲ့အမျှ နိုင်ငံပျက်စီးမှုကို ဦးတည်လာတော့တယ်ဆိုတာ သံဝေဂရဖွယ်၊ သတိဝင်ဖွယ်
ရေးပြထားခဲ့တာပါ။
နိုင်ငံပျက်စီးအောင်
နိုင်ငံရေးသမားတွေက အများဆုံးလုပ်နိုင်ကြတာ ဖြစ်သလို နိုင်ငံကောင်းအောင်လည်း
နိုင်ငံရေးသမားတွေက ဦးဆောင်နိုင်ကြပါတယ်။ စေတနာမှန်တဲ့ နိုင်ငံရေးသမားတွေက
ရွှေလိုရှားခဲ့ချိန်မှာ ပါရီရဲ့ကျဆုံးမှုထဲ အောက်ခြေလူတန်းစားတွေရဲ့ ဘဝများစွာကို
စတေးပစ်လိုက်ရတာကတော့ ရင်နင့်ဖွယ်ပါပဲ။
တကယ်တော့ ဒီစာအုပ်ဟာ
ဒီထက်ပိုတဲ့ တွေးစရာချိန်ထိုးစရာတွေနဲ့ စာအုပ်တစ်အုပ်ပါ။ ပါရီကျဆုံးခန်းကို
ဝတ္ထုတစ်ပုဒ်လိုထက် မှတ်တမ်းတစ်ခုလိုခံစားမိစေပါတယ်။ ဇာတ်ကွက်တွေကို ဖမ်းဆုပ်ဖို့
ဇာတ်ကောင်တွေနောက်လိုက်ဖို့ ကြိုးစားတာထက် သူ့ရေးသားချက်တွေနောက်မှာပဲ ဖတ်ရင်တော့
ပိုပြီး အဆင်ပြေပါတယ်။
ဒီဝတ္ထုထဲမှာ
များပြားတဲ့ဇာတ်ကောင်တွေက ပြင်သစ်ပြည်ရဲ့ လူတန်းစားပေါင်းစုံကို
ကိုယ်စားပြုနေကြသလို အဲ့ဒီခေတ်စနစ် အခြေအနေတွေကိုလည်း ထင်ဟပ်ပုံဖော်နေကြတာကပဲ
စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်နေစေပါတယ်။
ဆိုဝ်ငြယ်
တကယ်တော့ ဗင်းဆင့်ဟာ ဒီကမ္ဘာမြေအတွက် အရောင်တွေနဲ့ စကားပြောတတ်ဖို့၊ ချစ်ခြင်းမေတ္တာတွေကို အလေးထားတတ်ဖို့နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာတတ်ကြဖို့ ရောက်လာခဲ့သူ တစ်ယောက်လို့သာ ဆိုချင်ပါတယ်။
လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်အဖြစ် မွေးဖွားလာကြတာ မဟုတ်သလို လူဆိုးတစ်ယောက်အဖြစ် မွေးဖွားလာကြတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီလူအပေါ် လွှမ်းမိုးနေတဲ့ သူ့နေ့စဉ်နေထိုင်မှုဘဝနဲ့...
တရုတ်ပြည်မှာ သမီးမိန်းကလေးဆိုတာ ကိုယ်ကမွေးရပေမယ့် သူများကို ပေးလိုက်ရလို့ ကိုယ်ပိုင်ဆိုင်တဲ့အရာလို့မသတ်မှတ်။ ဒီတော့ ငယ်ကတည်းက ဆင်းရဲမွဲတေမှုကြားမှာ သမီးတွေကို စောစောစီးစီးရောင်းထုတ်ပစ်ကြတာက ဓလေ့တစ်ခုလ...