စာအုပ်မိတ်ဆက်

ရက်စက်စိမ်းကားတတ်သော လူ့လောကထဲက ရုန်းကန်ရ‌တဲ့ရှင်သန်မှုတစ်ခု (သို့မဟုတ်) တကောင်ကြွက်

ဆိုဝ်ငြယ်

01 March 2026
ရက်စက်စိမ်းကားတတ်သော လူ့လောကထဲက ရုန်းကန်ရ‌တဲ့ရှင်သန်မှုတစ်ခု (သို့မဟုတ်) တကောင်ကြွက်
Share to

လောကမှ လူတစ်ယောက်အဖြစ် မွေးဖွားလာတာက အသိဉာဏ်တွေ အမူအကျင့်တွေဟာ တွေးတောဆင်ခြင်နိုင်စွမ်းတွေနဲ့ တခါထဲ ပါလာတာ‌ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကလေးတစ်ယောက်အဖြစ် မွေးဖွားခဲ့တာပါ။ ပြီးတော့မှ လောကမှာ ကျင်လည်ဖို့ ရှင်သန်ဖို့ လောကဆီကနေ သင်ယူကြရတယ်။ လူ့ဝန်းကျင်ကနေ သင်ကြားပေးကြလေ့ရှိတယ်။ သင်ယူပြီးတတ်တာ၊ မြင်ပြီး တတ်တာ၊ ကြားပြီးတတ်မြောက်သွားတာတွေက လူတစ်ယောက်ရဲ့စရိုက်ကို အများကြီး သက်ရောက်စေပါတယ်။ အကယ်၍ လူတစ်ယောက်မှာ အနီးကပ် ကြပ်မတ်သင်ကြားပေးမယ့်၊ ပဲ့ပြင်ပေးမယ့် လူတွေသာ မရှိခဲ့ဘူးဆိုရင် သူနီးစပ်ရာပတ်ဝန်းကျင်ကနေ သင်ယူကြလေ့ရှိတယ်။ ဒီတော့ ပတ်ဝန်းကျင်ကောင်းဟာ လူကောင်းတစ်ယောက်ကို သန့်စင်ပေးလိုက်နိုင်သလို လူဆိုးတစ်ယောက်အဖြစ်လည်း ပုံသွင်းပေးပစ်လိုက်နိုင်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင်တစ်ခုနဲ့ လူတစ်ယောက်ရဲ့ဘဝ အပြန်အလှန်သက်ရောက်မှုတွေပါ။

ဒီဝတ္ထုကို ရုရှားစာရေးဆရာကြီး Maxim Gorkyက Orphan Paul ဆိုတဲ့ ခေါင်းစီးပေးပြီး ရေးခဲ့တာပါ။ ပေါဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ လူ့လောကထဲ ရောက်လာတယ်။ မိဘတွေ စွန့်ပစ်လိုက်တဲ့အခါ ကြင်နာတတ်တဲ့ ရဲတစ်ယောက်ကမွေးစားလိုက်တယ်။ ရဲဆီကရတဲ့ ကြင်နာမှုတွေထဲဆိုတာက ပေါအတွက် အသက်ရှင်ဖို့လုံလောက်ရုံပါပဲ။ ကလေးပေါက်စလေးကို ထိန်းသိမ်းဖို့အထိ မတတ်နိုင်တဲ့ ရဲအရေဖီရဲ့ထောက်ပံ့မှုနဲ့ ပေါ ကလေးအငှားထိန်းစားတဲ့ ဂေဟာကိုရောက်တယ်။ စေတနာတွေ တပုံတပင်ရှိလွန်းတာ မဟုတ်တဲ့ဝန်းကျင်မှာ သိတတ်စအရွယ်အထိ နေထိုင်ရတယ်။ ကလေးဘဝရဲ့ ပျော်ရွှင်မှုတွေ၊ တက်ကြွရွှင်လန်းမှုတွေနဲ့ ပေါတစ်ယောက် နေထိုင်ခဲ့ရတာတော့မဟုတ်ဘူး။ ဒီတော့ ပျော်ရွှင်တာတွေကို နားမလည်ဘူး။

 ဂေဟာကနေပြောင်းပြီး ဦးကြီးအရေဖီနဲ့ နေထိုင်တော့လည်း ဦးကြီးအရေဖီက စကားများများမပြောသူ၊ ဘာသိဘာသာ နေတတ်သူတစ်ယောက်။ ဒီတော့ ပေါလ်တစ်ယောက် လူ့လောကတွေ လူ့သဘာဝတွေအကြောင်း လုံလောက်အောင် သင်ကြားမခံရဘူး။ လေ့ကျင့်ပေးတာ မခံရဘူး။ ဦးကြီးအရေဖီက သူပြောချင်တဲ့စကားတွေ အများကြီးရှိလည်း ပေါလ်ကို ပြောဖြစ်ခဲ့တာမဟုတ်။ နောက်တော့ ပေါလ်ဟာ ဦးကြီးအရေဖီလိုလူ ဖြစ်လာတယ်။ နှုတ်နည်းသူ၊ တကိုယ်ထဲနေတတ်သူ။ လောကလူတွေထဲမှာ အထီးကျန်စွာနေရတာကိုပဲ နှစ်သက်တတ်သူ ဖြစ်လာပြန်တယ်။

ဆရာကြီးဂေါ်ကီက ဒီဝတ္ထုကို လူ့သဘာဝဆန်ဆန် ရေးပြထားတယ်။ လူတစ်ယောက်အပေါ် အခြားတစ်ယောက်ရဲ့ လွှမ်းမိုးမှုဟာ စကားလုံးတွေအားဖြင့်လည်း ဖြစ်နိုင်တယ်။ အမူအကျင့်တွေအားဖြင့်လည်း ဖြစ်နိုင်တယ်။ အပြုအမူတွေအားဖြင့်လည်း ဖြစ်နိုင်တယ်။ ဒါဟာ လူတွေရဲ့ ဆင့်ကဲ မျိုးဆက်ပြောင်းလဲမှုတွေဟာ ဝုန်းခနဲ ဒိုင်းခနဲပြောင်းလဲတာထက် အတွေးအခေါ်၊ အမူအကျင့်တွေကို ဆက်ခံမှုတွေဟာ နေ့စဉ်ဘဝထိတွေ့မှုတွေကနေရတာ ပိုများလေ့ရှိတယ်ဆိုတာပါပဲ။ အဲဒီလိုအပြောင်းအလဲ ဆက်ခံမှုတွေဟာ လူ့သဘာဝ လူ့ဝန်းကျင်တွေထဲမှာ ဘယ်လောက်သိမ်မွေ့စွာ ဆက်ခံနေသလဲဆိုတာ ပေါရဲ့အဖြစ်ကိုကြည့်ရင် သိနိုင်တယ်။

ငယ်စဉ်ကတည်းက အထီးကျန်ကြီးပြင်းလာတဲ့ ပေါဟာ အရွယ်မရောက်ခင်မှာပဲ ဦးကြီးအရေဖီက ဆုံးပြန်ရော။ လူ့‌လောကမှာ တစ်ယောက်ထဲမှ တကယ့်ကို တစ်ယောက်ထဲ ကျန်တော့တဲ့ ပေါတစ်ယောက် သူ့ဦးကြီးအရေဖီပိုင်ဆိုင်ခဲ့တဲ့ ငွေစအနည်းငယ်ကို ဦးကြီးအရေဖီရဲ့သူငယ်ချင်း ရဲလင်မယားက လိမ်ညာပြီး ယူလိုက်တာကိုတောင် ချက်ကျလက်ကျ မပြောနိုင်လို့ မတရားမှန်းသိသိကြီးနဲ့ ဒီတိုင်း ငုံ့ခံလိုက်ရတဲ့အထိ ဖြစ်လာတယ်။ လုပ်ငန်းခွင်ဝင်တော့လည်း လူရိုး လူအေး လူအလေး ပေါပဲ ဖြစ်လာပြန်တာပါပဲ။ ငယ်စဉ်ကတည်းက မတရားမှုတွေ တရားမှုတွေကို လက်ခံခြင်း မခံခြင်းတွေအကြောင်း သင်ကြားပေးမခံရတဲ့ ကလေးတစ်ယောက်ဘဝကနေ အဲဒီလို လူငယ်လေး ဖြစ်လာရုံပါပဲ။

ဖိနပ်ချုပ်သမားဆီမှာ အလုပ်လုပ်တယ်။ ကြိုးစားပမ်းစားလုပ်တယ်ဆိုတာထက် ပေါက သူ့စိတ်ဆန္ဒအတွေးတွေကို တခြားဆီမှာ နစ်မြှုပ်စရာမရှိလို့ ဒီနေရာမှာပဲ လာမြှုပ်နှံတာနဲ့ တူနေပါတယ်။ ကိုယ်က ဘာတွေကို ခံစားနေရတယ်ဆိုတာမျိုးတောင် ထုတ်ပြီး မပြောနိုင်တဲ့ ပေါတစ်ယောက် လူရှင်းတဲ့ဂိုထောင်တစ်နေရာမှာ တစ်ယောက်ထဲ တိုက်ဖွိုက်ရောဂါကို ခံစားလိုက်ရတယ်။

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ သန်မာတယ်ဆိုပါစေ။ အထီးကျန်မှုနဲ့ စိတ်အားငယ်မှုတွေဟာ ကိုယ်ခန္ဓာ အားနည်းလာရင်တော့ ပိုပြီး ဝင်ရောက်လာတတ်တာပါပဲ။ အထီးကျန်မှုတွေ နုံအမှုတွေနဲ့ တစ်သက်လုံးအသားကျလာခဲ့တဲ့ ပေါလ်လည်း တိုက်ဖွိုက်ရောဂါ ဖြစ်လာတဲ့အခါ အဲဒီလို စိတ်အားငယ်မှုတွေ ကြုံတွေ့လာတာပါပဲ။ တစ်ဘဝလုံး တစ်ယောက်ထဲ ဖြတ်သန်းခဲ့တဲ့ ပေါအတွက် ထင်မှတ်မထားတဲ့ ဘဝအလှည့်အပြောင်းက အဲဒီဂိုထောင်ထဲမှာ ဖျားနေတဲ့သူ့ကို လာရောက်ကြင်နာပြလိုက်တဲ့ မိန်းမလှလေး နာတာလျာကနေ စတော့တာပါပဲ။

နာတာလျာရဲ့သနားကြင်နာမှုလေး တစ်ခုဟာ တစ်ဘဝလုံးမှာ အရသာရှိတဲ့ ဆီဦးထောပတ်လေးတစ်ကိုက်လောက်ကို စားဖူးလိုက်တဲ့ လူလို ပေါတစ်ယောက် နှစ်သက်တတ်သွားခဲ့တယ်။ နောက်ထပ် နောက်ထပ် အဲဒီလို ကြင်နာမှုတွေကို လိုချင်လာတယ်။ သူ့နှလုံးသားတွေ နူးညံ့လာတယ်။ သူ့စိတ်တွေ ရွှင်ပျလာတယ်။ သူ့အတွေးတွေလည်း လတ်ဆတ်လာတယ်။ သူ့ဘဝ စတင်ပြောင်းလဲလာပြီဆိုတာ သူ့ရဲ့ဖိနပ်ချုပ်ဆရာကအစ သတိထားမိလာကြတယ်။

လူဆိုတာကလည်း မလုပ်သေးခင်ဆို လုပ်ပါ လုပ်ပါဆိုပြီး စေတနာမပါတဲ့ အပေါ်ယံစကားတွေနဲ့ တိုက်တွန်းတတ်ကြသလို တကယ်လုပ်ပြီဆိုရင်တော့ နောက်ဆံငင်စရာတွေကို တသီတတန်း ပြောတတ်ကြပြန်ရော။ ပေါရဲ့ဘဝအပြောင်းအလဲထဲမှာ နာတာလျာဝင်လာတဲ့အပေါ် ပေါရဲ့ ဖိနပ်ချုပ်ဆရာ မီရွန်တို့က မင်းဘဝပြောင်းလဲပေးနိုင်တဲ့ မိန်းကလေး မင်းနဲ့လိုက်ဖက်တယ်။ မင်းကို ကြင်နာတယ်ဆိုတဲ့ စကားတွေက ပေါလို အများကြီး မတွေးတတ်တဲ့၊ မတွေးနိုင်တဲ့ လူတစ်ယောက်အဖို့ အမှန်တကယ်ကြီးလို့ ထင်စရာပါပဲ။ တကယ်လည်း နာတာလျာဟာ ပေါဘဝကို ပြောင်းလဲပေးနိုင်ခဲ့သူပါ။

ပေါတစ်ယောက် ချစ်ခြင်းမေတ္တာကို ခံစားနိုင်ချိန်မှာတော့ နာတာလျာဟာ ဘယ်လို မိန်းကလေးလဲ စတင်သိခွင့်ရလာတယ်။ နာတာလျာရဲ့ ဘဝနောက်ကြောင်းကို ပိုသိခွင့်ရလာတယ်။ လောကမှာ တစ်ဖက်သတ်တွက်ကိန်းတွေတိုင်းက မှန်နေတာချည်း မဟုတ်ကြဘူး။ ပေါဖက်က သူဉာဏ်မီသလောက် စဉ်းစားတွေးခေါ်ခဲ့သလို နာတာလျာကလည်း သူ့ဘဝအတွေ့အကြုံတွေအတိုင်း ခံစားသိမြင်ခဲ့တာပါပဲ။ မတူညီတဲ့ အတွေ့အကြုံတွေ၊ မတူညီတဲ့အတွေးအခေါ်တွေက မတူညီတဲ့ ဘဝအသိအမြင်တွေကို ပေးလေ့ရှိတတ်တယ်။

ပေါလို လူတစ်ယောက်အတွက်လည်း သူ့ဘဝ သူ့ခံစားချက် သူ့ဉာဏ်ရည်ကို အသုံးချပြီး သူ့အနာဂတ်ကို ကြိုတွက်သလို နာတာလျာလည်း အဲဒီလိုလုပ်ခဲ့တာပါပဲ။

အပေါင်းအသင်းအများကြီး မရှိသလို ခင်မင်မှီတွယ်ရာလည်း များများစားစားမရှိတဲ့ ပေါအတွက် ရင်ဖွင့်တိုင်ပင်ရမယ့်သူလည်း မရှိ၊ လမ်းညွှန်ပြသပေးမယ့်သူကလည်း မရှိတာက သူ့ဘဝအတွက် ပိုဆိုးတဲ့နစ်နာချက်လို့ ဆိုရမှာပါ။ 

ပေါလိုလူတစ်ယောက်အတွက် ဘဝဆိုတာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်ဘဝအမြင်တွေနဲ့ တည်ဆောက်နိုင်စွမ်းရှိသူ မဟုတ်ပါဘူး။ ဒီတော့ သူ့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု လိုအပ်ခဲ့ပါတယ်။ သူနေ့စဉ်သင်ယူရမယ့် ပတ်ဝန်းကျင်ကောင်းသာ ဖြစ်ခဲ့မယ်ဆို ပေါဟာ ဒီထက် ပိုကောင်းတဲ့လူ ဖြစ်ခွင့်ရသင့်ပါတယ်။ သို့သော် ပေါကတော့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိခွင့် မရခဲ့ပါဘူးလေ။

လူတွေရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတည်ဆောက်ရမှန်း မသိတဲ့လူတစ်ယောက်ကို မိဘဆွေမျိုးတွေက ပျိုးထောင်တည်ဆောက်ပေးကြရပါတယ်။ မိဘဆွေမျိုးသားချင်း မရှိသူတွေကိုတော့ သူ့ပတ်ဝန်းကျင်က ပြုစုပျိုးထောင် တည်ဆောက်ကြရမှာပါ။ ဆရာကြီး ဂေါ်ကီက လူတစ်ယောက်ရဲ့ ဘဝတစ်ခု ဆိုးခြင်းကောင်းခြင်းဟာ သူ့ရဲ့လူမှုပတ်ဝန်းကျင်အပေါ် ဘယ်လောက် မူတည်နေသလဲ ဆိုတာကို ဒီဝတ္ထုမှာ မီးမောင်းထိုးပြထားပါတယ်။

ဝေဖန်‌သူတွေအများစုကတော့ ဂေါ်ကီဟာ ဒီဝတ္ထုထဲက လူ့ပတ်ဝန်းကျင်ရဲ့ ဆိုးယုတ်မှုတွေကို အစိမ်းလိုက် ခွာချပြထားတဲ့ သရုပ်မှန်အဆန်ဆုံး ရေးသားချက်တွေလို့ ဆိုကြပါတယ်။ လူတစ်ယောက်ရဲ့ဘဝကို ဖေးမကူညီကြမယ့်အစား၊ မြှောက်လိုက် ပင့်လိုက်၊ လှောင်လိုက် ပြောင်လိုက်၊ ဟားတိုက်လိုက် ရယ်မောလိုက်၊ ကဲ့ရဲ့လိုက် ရှုံ့ချလိုက်နဲ့ ဖြစ်နေတဲ့ ဝန်းကျင်ထဲမှာ ပေါလိုလူတစ်ယောက်က ဘာတွေကို သင်ယူနိုင်အုံးမလဲ။ ဒါဟာ ကိုယ့်ဝန်းကျင်ကို သတိပြုမိဖို့ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့၊ ကိုယ်လည်း ပတ်ဝန်းကျင်ကောင်းထဲမှာ နေထိုင်ဖို့ သတိပေးစာလိုပါပဲ။

ဓမ္မကင်းမဲ့တတ်ကြတဲ့ လောကထဲမှာ ကိုယ်ကိုယ်တိုင်ကမှ ဓမ္မကို မတည်ဆောက်ကြရင် ပေါလိုလူတွေကို ဓမ္မအကြောင်း ဘယ်လိုပြောမလဲ။ မတရားမှုတွေအကြောင်း ဘယ်လို ရှင်းပြကြမလဲ။ လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်အဖြစ် မွေးဖွားလာကြတာ မဟုတ်သလို လူဆိုးတစ်ယောက်အဖြစ် မွေးဖွားလာကြတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီလူအပေါ် လွှမ်းမိုးနေတဲ့ သူ့နေ့စဉ်နေထိုင်မှုဘဝနဲ့ ထိတွေ့ဆက်စပ်နေတဲ့လူတွေနဲ့ အများကြီး ပတ်သက်ဆက်နွယ်နေတယ် ဆိုတာကတော့ လူ့လောကအမှန်တရားတစ်ခုပါပဲ။

ဘယ်လိုပဲ ဆိုကြပါစေ။ ဒီလိုဝတ္ထုတစ်ပုဒ်ထဲမှာ ကိုယ်ကိုယ်ကိုယ်ပါ ပြန်ရှာဖွေခွင့်ရတော့ ရခဲ့လိုက်ပါတယ်။ အကယ်၍ ငါသာ ပေါလိုနေရာမှာ ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးအပြင် နာတာလျာကရော အမှားအယွင်းတွေကို လုပ်ခဲ့ပါသလားလို့ မေးခွန်းထုတ်နေမိတယ်။ ကိုယ်တိုင်သာ ပေါတို့ ဝန်းကျင်ထဲက လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေများ လုပ်မိလေမလဲ။ ပေါကို ဘယ်လိုတွေ ပြောဆို‌မိမလဲဆိုတဲ့အတွေးကတော့ အဆုံးအစမရှိစွာနဲ့....

ဆိုဝ်ငြယ်

-တကောင်ကြွက်-ဆရာကျော်အောင်(ဘာသာပြန်)

-Orphan Paul- Maxim Gorky (မူရင်း)

-စာမျက်နှာ -၂၀၉

-အုပ်ရေ-၅၀၀

-ဒုတိယအကြိမ်၊စက်တင်ဘာလ၊ ၁ ရက်၊ ၂၀၂၅၊ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်

{ပထမအကြိမ်-စက်တင်ဘာလ၊၁၉၇၆(အရှေ့ကနေဝန်းစာပေ)}

-တိုက်ထုတ်ရောင်းဈေး-၁၄၀၀၀ ကျပ်

 

 

 


Related Articles

စာအုပ်မိတ်ဆက်
...
ဗင်းဆင့်ရှာပုံတော်
ဆိုဝ်ငြယ်

တကယ်တော့ ဗင်းဆင့်ဟာ ဒီကမ္ဘာမြေအတွက် အရောင်တွေနဲ့ စကားပြောတတ်ဖို့၊ ချစ်ခြင်းမေတ္တာတွေကို အလေးထားတတ်ဖို့နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာတတ်ကြဖို့ ရောက်လာခဲ့သူ တစ်ယောက်လို့သာ ဆိုချင်ပါတယ်။

စာအုပ်မိတ်ဆက်
...
ပါရီကျဆုံးခန်း - ဆရာမြသန်းတင့် (ဘာသာပြန်)
ဆိုဝ်ငြယ်

သတင်းသမား‌တွေဟာ မှန်ကန်တဲ့ သတင်းကျင့်ဝတ်တွေအစား ပေါက်ပန်းစျေးစကားတွေပြောတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ချင်တာတွေကို ပြောတယ်။ ပြည်သူတွေကို အယုံသွင်းကြတယ်။ ကိုယ်နဲ့မတည့်တဲ့အဖွဲ့ကို လက်ညှိုး...

စာအုပ်မိတ်ဆက်
...
မြေလွှာဝသုန်ဖြင့်ထုံမွှန်းအပ်သော မျိုးစေ့တစ်ခုရဲ့သမိုင်း၊ မျိုးဆက်တစ်ခုရဲ့ရာဇဝင် သို့မဟုတ် မြေပဒေသာ
#ဆိုင်ငြယ်

တရုတ်ပြည်မှာ သမီးမိန်းကလေးဆိုတာ ကိုယ်ကမွေးရပေမယ့် သူများကို ပေးလိုက်ရလို့ ကိုယ်ပိုင်ဆိုင်တဲ့အရာလို့မသတ်မှတ်။ ဒီတော့ ငယ်ကတည်းက ဆင်းရဲမွဲတေမှုကြားမှာ သမီးတွေကို စောစောစီးစီးရောင်းထုတ်ပစ်ကြတာက ဓလေ့တစ်ခုလ...