စာအုပ်မိတ်ဆက်

ဗင်းဆင့်ရှာပုံတော်

ဆိုဝ်ငြယ်

01 May 2026
ဗင်းဆင့်ရှာပုံတော်
Share to

လူသားတွေရဲ့ လောကမှာ ဘယ်လောက်အထိ တိုးတက်တဲ့ ခေတ်ဖြစ်နေပါစေ လူတွေရဲ့ ခံစားမှုကို အပြည့်စုံဆုံး ‌အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။ လူ့လောကမှာ လူတွေရဲ့ ခံစားချက်တွေလောက် ရှုပ်ထွေးနက်နဲလွန်းတဲ့ အရာကတော့ မရှိနိုင်တော့ဘူးထင်ပါရဲ့။

လူသားတွေရဲ့ သမိုင်းမှာ ခံစားမှုတွေနဲ့ ရေးခြယ်အသက်သွင်းကြရတဲ့ အနုပညာဆိုတာ ထင်ထားတာထက် ပိုပြီးအရေးပါခဲ့ပါတယ်။ ခေတ်သမိုင်း၊ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးကနေ အခြားအရာတွေအထိ ပါဝင်နေတတ်တဲ့ အနုပညာတွေဟာ လူသားတွေအတွက် ဖျော်ဖြေရေး သက်သက်မဟုတ်ခဲ့ပါဘူး။ 

အနုပညာရဲ့ သက်ရောက်မှုကနေ အနုပညာရှင်ရဲ့ဘဝ၊ သူနေထိုင်ခဲ့တဲ့ကာလနဲ့ အနုပညာရှင်ရဲ့ ခံစားမှုတွေကို ရှာ‌ဖွေတတ်ကြလေ့ရှိတယ်။ အနုပညာကို ချစ်မြတ်နိုးကြရင်း အနုပညာရှင်ရဲ့ အကြောင်းတွေ၊ အနုပညာရှင်ရဲ့ ဘဝတွေဟာ ကျွဲကူးရေပါ စိမ့်ဝင်စားခံရတတ်ကြတယ်။

ဒီနေ့ခေတ်အထိ စိတ်ဝင်စားမှုပြင်းထန်နေကြဆဲ အနုပညာရှင်လို့ပြောလိုက်ရင် ဗင်းဆင့်ဗင်ဂိုးဟာ တစ်ယောက်အပါအဝင်‌ဖြစ်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွှဲပါဘူး။ သေဆုံးခဲ့ချိန်က နှစ် ရာစုချီခဲ့ပြီဖြစ်တဲ့ လူတစ်ယောက်ကို အခုထိ လူတွေ စိတ်ဝင်တစားရှိနေကြတာက သူ့အနုပညာ အင်အားကြောင့်လို့ပြောလို့ ရပါလိမ့်မယ်။ ခေတ်အဆက်ဆက်က နိုင်ငံတကာမှာ ပန်းချီဆရာတွေ၊ ပန်းချီဆွဲသူတွေ ဒုနဲ့ဒေးနဲ့ ပေါ်ပေါက်ခဲ့ကြဖူးတယ်။ သူ့မတိုင်မီခေတ်ကတည်းက ပန်းချီဆွဲခဲ့ကြသူတွေ တကယ့်ကို အများကြီးမှ အများကြီး။ သူ့ကိုကျမှ လူတွေက ဘာကြောင့် ပိုစိတ်ဝင်စားကြတာလဲ။ သူ့ပန်းချီကားတွေကိုကျမှ လူတွေက ဘာကြောင့် ရှာဖွေကြတာလဲ။ သူ့ပန်းချီတွေကိုကျမှ ဘာကြောင့်စိတ်ဝင်စားကြတာလဲ။ ဗင်းဆင့်ဟာ ပန်းချီလောကထဲမှာ အထင်ရှားဆုံး၊ စိတ်ဝင်စားမှုအခံရဆုံး ပန်းချီဆရာတွေထဲက တစ်ယောက် ဘာကြောင့် ဖြစ်နေရတာလဲ။ 

ဗင်းဆင့်ဗင်ဂိုးဟာ သူဖန်တီးခဲ့တဲ့ ပန်းချီကားတွေရော၊ သူ့ကိုယ်တိုင်ရော စိတ်ဝင်စားစရာကောင်းတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်နေခဲ့သူပါ။ သူနဲ့ ခေတ်ပြိုင် ပေါလ်ဂေါ်ဂင်တို့ထက် သူ့ကိုပဲ ပိုပြီးရှာဖွေတတ်ကြတာက ဗင်းဆင့်ဘာကြောင့် ဒီလိုပန်းချီ ဒီလိုအနုပညာတွေကို ဖန်တီးခဲ့တာလဲ။ ဘယ်လို တွန်းအားတွေကြောင့်လဲဆိုတဲ့ မေးခွန်းတွေကို အဖြေရှာနေကြခြင်းပါပဲ။

တစ်ဘဝလုံး အရှုံးများစွာနဲ့သာ ရှင်သန်ခဲ့သူတစ်ယောက်အတွက် ဘယ်တုန်းကမျှ အနိုင်မလိုချင်ခဲ့လို့များ ထာဝရရှင်သန်မှုကို ဖန်တီးပေးခဲ့ကြတာလားလို့ မေးခွန်းထုတ်မိတယ်။

လူ့လောကမှာ လူတွေကို ပေးဖို့သက်သက်အသက်ရှင်ခဲ့တာဆိုရင် ဗင်းဆင့်ပေးခဲ့တာ သူ့မှာ ရှိသမျှအပြင် စိတ်ခံစားမှုတွေကိုပါ ပေးခဲ့တယ်လို့ပဲ ပြောရမယ်။ သူ့ပန်းချီတွေကို ကြည့်ရှု့ခံစားခွင့်ရတဲ့အခါ ပန်းချီတစ်ကားဆိုတာထက် လူသားတစ်ယောက်ရဲ့ စိတ်ခံစားမှုတွေကို အဖြေရှာဖို့ မေးခွန်းတွေပါ ထည့်ထားသလို ဖြစ်နေကြတယ်။

ဗင်းဆင့်ဗင်ဂိုးရဲ့ ဘဝလို့ပြောရင် အကြမ်းဖျင်အားဖြင့်တော့ ပန်းချီဆရာ၊ ဘဝကို အရှုံးတွေနဲ့ လက်မြှောက်သွားခဲ့သူ၊ အချစ်၊ ဘဝ၊ ဝါသနာ အားလုံးမှာ ဆုံးရှုံးသွားခဲ့သူလို့ ဆိုနိုင်ပါတယ်။

တကယ်တမ်း မေးခွန်းထုတ်ပြီး အဖြေရှာကြည့်တဲ့အခါ ဗင်းဆင့်ရဲ့ ဘဝဆိုတာ စိတ်ခံစားမှုတွေကို မနိုင်မနင်းထမ်းရွက်ပြီး ဖြတ်လျှောက်ရတဲ့ဘဝမှာ သူလုပ်သမျှအလုပ်အတွက် သူတတ်နိုင်သမျှ၊ သူ့မှာ ရှိသမျှအရာအားလုံးကို ပုံအောသွားခဲ့သူလို့ ဆိုရပါလိမ့်မယ်။

ဗင်းဆင့်ဗင်ဂိုးဖြစ်မှ လူတွေက စိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်း ဒီနေ့လူတွေသိနေကြတဲ့ ဗင်းဆင့်ဗင်ဂိုးဖြစ်ဖို့ ကြိုးစားခဲ့သူဟာ ဗင်းဆင့်ကိုယ်တိုင်လည်း မဟုတ်သလို သူ့ညီသီအိုလည်း မဟုတ်ဘူးလို့ပြောရင် အံ့ဩစရာ ဖြစ်ကောင်းဖြစ်နေမှာပါ။

ဗင်းဆင့်ဗင်ဂိုးဟာ ဗင်းဆင့်ဗင်ဂိုးဘဝကို ဖန်တီးခဲ့သူဖြစ်ပေမယ့် ဒီနေ့လူတွေအတွက် စိတ်ဝင်စားစရာအကောင်းဆုံး လူသားအနုပညာရှင်တစ်ယောက်ကို မိတ်ဆက်ပေးခဲ့သူကတော့ ဗင်းဆင့်ဗင်ဂိုးရဲ့ခယ်မ၊ သူ့ညီ သီအိုရဲ့ဇနီး ဂျေဘွန်ဂျာဗင်ဂိုးဆိုရင် မှားမယ်မထင်ပါဘူး။

ဘွန်ဂျာဟာ သီအိုနဲ့ ‌ဗင်ဂိုးရဲ့ ပေးစာတွေကို တခုတ်တရ သိမ်းထားခဲ့သူ၊ ဗင်ဂိုးသေဆုံးပြီးနောက်မှာ ဗင်ဂိုးပန်းချီတွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ဒီနေ့ကမ္ဘာကသိတဲ့ ဗင်ဂိုးကို ကမ္ဘာကို ချပြခဲ့သူဟာ ဘွန်ဂျာပါ။

သီအိုဟာ ဗင်ဂိုးသေဆုံးပြီး ခြောက်လလောက်အကြာမှ သေဆုံးသွားခဲ့တာမို့ ဗင်ဂိုးရဲ့ပန်းချီတွေနဲ့ ပတ်သက်ပြီး စီမံနိုင်စွမ်းမရှိခဲ့ပါဘူး။ ဘွန်ဂျာဟာ ဗင်ဂိုးနဲ့ သီအိုတို့ ညီအစ်ကိုနှစ်ဦးကြားက လှပခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာ‌အကြောင်းကိုပါ မှတ်တမ်းပြုစုပေးနိုင်ခဲ့သူလို့ ဆိုရမှာပါ။

ဗင်းဆင့်နဲ့ပတ်သက်ပြီး ဗင်ဂိုးရဲ့ နာမည်ကျော်ပန်းချီကား ဒေါက်တာဂါးချက်ပုံတူထဲက ဒေါက်တာဂါးချက်က ဗင်ဂိုးရဲ့ စိတ်ဆရာဝန်ဖြစ်ခဲ့သူဖြစ်ပြီး ဒေါက်တာဂါးချက်ပြောခဲ့တဲ့စကားက သိပ်လှပါတယ်။။ သူက ဗင်ဂိုးသေဆုံးသွားတဲ့အချိန်အထိ ဗင်ဂိုးနဲ့မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။

"ကျွန်တော် ဗင်ဂိုးရဲ့ ပန်းချီကားတွေကို မကြည့်တဲ့ရက်ရယ်လို့ တစ်ရက်မှ မရှိခဲ့ဘူး။ တစ်ခါကြည့်လိုက်တိုင်း စိတ်ကူးသစ်တစ်ခုရတယ်။ တစ်ကြိမ်ကြည့်တာနဲ့ နောက်တစ်ကြိမ် ကြည့်တာဟာ မတူပြန်ပါဘူး။ အဲဒီအခါ ပန်းချီဆရာကို သတိရမိပြန်ပါတယ်။ သူက အလွန် ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက်လို့ ခံစားရတယ်။ ပြီးတော့ ဒဿနပညာရှင်တစ်ယောက်လို့လည်း ခံစားရပါတယ်" လို့ ဗင်ဂိုးသေဆုံးပြီးနောက်မှာ သီအိုဆီကို စာရေးခဲ့ပါတယ်။ သူက ဗင်းဆင့်ဟာ ပန်းချီတွေကို ချစ်မြတ်နိုးခဲ့သူလို့ ခေါ်ဆိုထိုက်သူ မဟုတ်ဘူး။ ဗင်းဆင့်ဟာ ပန်းချီတွေအပေါ် ယုံကြည်ခဲ့သူဖြစ်ပြီး အဲဒီယုံကြည်မှုအပေါ်မှာ သစ္စာကြီးမားခဲ့သူ တစ်ယောက်ဖြစ်တယ်တဲ့။

အမှန်တော့ ဗင်းဆင့်ဟာ သူ့ညီသီအိုကလွှဲရင် သက်ရှိတွေအပေါ် ယုံကြည်စိတ်နည်းပါးခဲ့သူလို့ ဆိုရလိမ့်မယ်။ သူ့မိဘတွေနဲ့တောင် စိတ်ချင်းဝေးကွာခဲ့ရသူပါ။ မိဘမျိုးရိုးအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ ဘုန်းတော်ကြီးတွေ၊ လူရိုသေ ရှင်ရိုသေလောကထဲမှာ ဗင်းဆင့်လို လူတစ်ယောက်ရှိလာတာဟာ သူ့မိဘတွေအတွက်လည်း ဂုဏ်ယူရလောက်စရာ မဖြစ်ခဲ့လောက်ပါဘူး။ လမ်းဘေးမှာ တွေ့ရတဲ့ ပြည့်တန်ဆာမကို ယူပစ်လိုက်တာမျိုး၊ ဘဝကို အနေဆင်းရဲအစားဆင်းရဲနဲ့ ပေတေပစ်လိုက်တာမျိုး သူလုပ်ချင်တဲ့အလုပ်ကလွှဲရင် ကျန်တာကို စိတ်မဝင်စားတတ်တဲ့ သားတစ်ယောက်အတွက် ဂုဏ်သိက္ခာတွေကို ထမ်းပိုးထားရတဲ့ အဖေဖြစ်သူနဲ့ အများကြီး ကတောက်ကဆ ဖြစ်ခဲ့ကြပါလိမ့်မယ်။ ဒါတွေက ဗင်းဆင့်နဲ့ သူ့မိဘတွေကြားမှာ ဝေးကွာသွားတဲ့ အကြောင်းပြချက်တွေလည်း ဖြစ်ခဲ့နိုင်ပါတယ်။

သီအိုက ဗင်းဆင့်ကို နားလည်မှုတွေနဲ့ ထောက်ပံ့ခဲ့တယ်ဆိုတာတောင် ညီအစ်ကိုသံယောဇဉ်နဲ့ သူ့ဘဝကို ပိုပြီးနားလည်ပေးခဲ့တာပါ။ ဗင်းဆင့်ရဲ့ စိတ်ခံစားချက်တွေကို အပြည့်အဝ နားလည်ပေးခဲ့တာတော့ မဟုတ်ခဲ့ဘူးလေ။ ဗင်းဆင့်ရဲ့ စိတ်တွေကလည်း သာမန်လူသားတစ်ယောက် နားလည်နိုင်လောက်တဲ့ အခြေအနေတွေ မဟုတ်တဲ့ လူသားတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ဖြစ်နေခဲ့တာကြောင့်လို့လည်း ဆိုရပါလိမ့်မယ်။ သီအိုဟာ ဗင်းဆင့်အပေါ်မှာ စိတ်ကုန်ခဲ့တာတွေ ရှိတယ်။ စိတ်ပျက်ခဲ့ချိန်တွေလည်း ရှိတယ်။ ပြောမထွက်ရက်ခဲ့တာကြောင့်ပဲ သူတို့ ညီအစ်ကိုရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဗင်းဆင့်ဟာ သူ့စိတ်မှာ ခံစားမိသမျှတွေကို အိတ်သွန်ဖာမှောက် ပြောပြခဲ့တာလည်း သီအိုကိုပဲရှိခဲ့တာကိုး။

သူ့မိဘတွေအတွက်လည်း သီအိုဟာ သားလိမ်မာဖြစ်ခဲ့တယ်။ ဗင်ဂိုးနဲ့ မိဘတွေရဲ့ကြားမှာ သီအိုဟာ တံတားတစ်စင်းလို၊ ဆုံမှတ်တစ်ခုလို ဆက်သွယ်ခဲ့ရသူမို့ နှစ်ဖက်ကြားမှာ သူနေထိုင်ခဲ့ရတာကလည်း သူ့အတွက် အများကြီးပင်ပန်းခဲ့ရပါတယ်။ ဗင်ဂိုးအတွက် လူ့လောကရဲ့ အခြေခံအကျဆုံး စားဝတ်နေရေးကိစ္စတွေကိုပါ တာဝန်ယူပေးထားခဲ့တဲ့ သီအိုဟာ ဗင်ဂိုးကို အပြစ်တင်စကားရယ်လို့ မဆိုခဲ့ပေမယ့် ဗင်ဂိုးကတော့ သီအိုကိုတစ်ခါတလေမှာ အပြစ်တင် စကားတွေဆိုခဲ့ပါသေးတယ်။ သီအိုဟာ ဗင်ဂိုးရဲ့ညီဖြစ်ပေမယ့် ဗင်ဂိုးအပေါ်မှာတော့ အစ်ကိုလို၊ အဖေလိုမေတ္တာမျိုးနဲ့ စောင့်ရှောက်ခဲ့တယ်လို့တောင် ဆိုလို့ရနိုင်ပါတယ်။

အဲဒီနားလည်မှုကြောင့်ပဲ ဗင်းဆင့်နဲ့ အိုတို့ မေတ္တာတရားဟာ ခိုင်မြဲခဲ့တာလို့ ဆိုရမယ်။

ဗင်းဆင့်ဟာ သူဆွဲခဲ့သမျှပန်းချီတွေအကြောင်း၊ သူခံစားရသမျှ ခံစားချက်တွေအကြောင်း၊ သူတွေးမိသမျှ အတွေးတွေအကြောင်းကို သီအိုကို ပေးတဲ့ပေးစာတွေထဲမှာ ထည့်ရေးခဲ့တယ်။ အဲဒီပေးစာတွေကို ကြည့်ရုံနဲ့ ဗင်းဆင့်ရဲ့အတွေးတွေ ခံစားမှုတွေကို ခံစားလို့ရနိုင်တယ်။ သူ့အတွေးတွေ၊ သူ့ခံစားမှုတွေထဲမှာ သူဘယ်လောက် ပင်ပင်ပန်းပန်း ရုန်းကန်နေရကြောင်းတွေကို မြင်နိုင်တယ်။

ကမ္ဘာလောကကို သူ့နှလုံးသားနဲ့ ထပ်တူပြုပြီး မြင်ခဲ့တယ်။ လောကထဲက နာကျင်မှုတွေကို သူမျှဝေခံစားနိုင်ခဲ့တယ်။ သူခံစားရသမျှတွေကို အရောင်တွေနဲ့ စကားပြောဖို့ ကြိုးစားခဲ့တယ်။ သူနာကျင်ရသမျှတွေကို ပုံသဏ္ဌာန်တွေနဲ့ ဖြေသိမ့်ဖို့ ကြိုးစားခဲ့တယ်။ ဗင်းဆင့်ဟာ ပန်းချီရေးသူတစ်ယောက်ဆိုတာထက် ခံစားရသမျှကို ကင်းဗတ်ပေါ်မှာ သွန်ချဖို့ ကြိုးစားခဲ့သူလို့ပဲ ဆိုချင်တယ်။

သို့သော် သူ့ခေတ် သူ့ကာလမှာ သူခံစားရသမျှတွေကို ဘယ်သူမှ နားလည်မပေးခဲ့ကြတဲ့အခါ ဗင်းဆင့်ဟာ အရူးဖြစ်ခဲ့ရတယ်။ စိတ်မနှံ့သူ ဖြစ်ရတယ်။ ကိုယ့်ရဲ့စားဝတ်နေရေးကိုတောင် ကိုယ့်ဘာသာ တာဝန်မယူနိုင်တဲ့ လူဖြစ်ခဲ့ရတယ်။

အဲဒီဝေဒနာတွေကပဲ သူခံစားရသမျှရဲ့ အဆုံးစွန်ကို သူ့ကိုယ်သူ ပို့ဆောင်လိုက်ခြင်းပဲလို့ ဆိုရမလိုပါပဲ။ ဗင်းဆင့်ဟာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်လိုက်တယ်ဆိုတာထက် သူခံစားသမျှတွေကို ဖောက်ခွဲပြီး အဆုံးသတ်လိုက်တာပါ။ 

ဗင်းဆင့်ဒီကမ္ဘာပေါ်ကနေ သေဆုံးသွားပြီးတဲ့တိုင် အနုပညာလောကမှာ၊ ပန်းချီလောကမှာ၊ ဆေးပညာလောကမှာ ဗင်းဆင့်နဲ့ပတ်သက်ပြီး အဖြေရှာနေကြတုန်းပါပဲ။ သူခံစားခဲ့ရတဲ့ စိတ်ရောဂါတွေကို ဆေးပညာမှာ အမည်တပ်ဖို့ကြိုးစားနေကြတယ်။ သူရေးဆွဲခဲ့တဲ့ ပန်းချီကားဆွေကို အဖြေရှာဖို့ကြိုးစားနေကြတယ်။ သူဖန်တီးခဲ့တဲ့ အနုပညာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားနေကြတယ်။ သူ ရှင်သန်ခဲ့ချိန်က ခံစားမှုတွေကို မေးခွန်းထုတ်ဖို့လည်း ကြိုးစားနေကြတယ်။

တကယ်တော့ ဗင်းဆင့်ဟာ ဒီကမ္ဘာမြေအတွက် အရောင်တွေနဲ့ စကားပြောတတ်ဖို့၊ ချစ်ခြင်းမေတ္တာတွေကို အလေးထားတတ်ဖို့နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာတတ်ကြဖို့ ရောက်လာခဲ့သူ တစ်ယောက်လို့သာ ဆိုချင်ပါတယ်။

ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီတွေဟာ ခွဲခြမ်းစိတ်ဖြာပြီး အဖြေထုတ်ဖို့ မလိုတဲ့ မေးခွန်းတွေဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အဲဒီထက် ဗင်းဆင့်ဗင်ဂိုးကိုယ်တိုင်ကလည်း မေးခွန်းတွေ ဖြစ်နေတဲ့ အဖြေတစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ဗင်းဆင့်ဗင်ဂိုးဟာ လူသားတွေရဲ့ သမိုင်းမှာ လူသားတွေရဲ့ စိတ်ခံစားမှုကို အကြီးကျယ်ဆုံး ဖော်ပြခဲ့သူတစ်ယောက်ဖြစ်ခဲ့သလို သူ့ပန်းချီတွေဟာလည်း အဲဒီစိတ်ခံစားမှုရဲ့ သင်္ကေတတွေအဖြစ် နှစ်ပရိစ္ဆေဒရှည်စွာ ရှိနေမယ့် လူတစ်ယောက်ရဲ့ ဖန်တီးခဲ့မှုတွေ ဖြစ်နေအုံးမှာပါ။

Lust for Life ဟာ ဗင်းဆင့်ရဲ့ ဘဝဇာတ်ကြောင်းလို့ ပြောရရင် ဒီစာအုပ်ကတော့ ဗင်းဆင့်ရဲ့ ခံစားမှုအကြောင်းလို့ပဲ ပြောရမှာပါ။ လူသားတစ်ယောက်ရဲ့ဘဝကို အခြား လူသားတစ်ယောက်က ခြေရာကောက်ပြီး ရေးသားတာက ပြည့်စုံမှုရှိနိုင်မှာ မဟုတ်ပါဘူး။ စိတ်ဝင်စားစရာ လူသားတစ်ယောက်ရဲ့ အကြောင်းထဲမှာ စိတ်ဝင်စားစရာတွေကို ရှာဖွေမှုသက်သက်ပါပဲ။

ဒီစာအုပ်ထဲမှာ ဗင်းဆင့်ရဲ့ ပန်းချီကားတွေ၊ ဗင်းဆင့်နဲ့ သီအိုရဲ့ပေးစာတွေ၊ ဘွန်ဂျာရဲ့အမြင်တွေအပြင်၊ ဗင်းဆင့်ရဲ့ ရောဂါကို ဆေးပညာနဲ့အမည်တပ် အဖြေရှာမှုတွေပါဝင်ပါတယ်။ ဗင်းဆင့်ဗန်ဂိုးရဲ့ ပန်းချီတွေကို ကာလာတွေနဲ့ ဖော်ပြပေးထားတာက ကျေနပ်စရာပါ။

National Geographic Magazine ကလက်ထောက်အယ်ဒီတာ Joe L. Swerdwlow က ဗင်းဆင့်ရဲ့ ဘဝကောက်ကြောင်းကို ဗင်းဆင့်‌ရဲ့ ဇာတိကနေ ဗင်းဆင့်ရဲ့ ပန်းချီကားတွေရှိရာ၊ ဗင်းဆင့်နေထိုင်ခဲ့ရာနေရာတွေ၊ ဗင်းဆင့်တက်ခဲ့တဲ့ ဆေးရုံတွေ၊ ဗင်းဆင်းလျှောက်ခဲ့တဲ့လမ်းတွေ၊ ဗင်းဆင့်ပန်းချီဆွဲခဲ့တဲ့နေရာတွေ၊ ဗင်းဆင့်နဲ့ သီအိုတို့ပေးစာတွေအထိ စိတ်ဝင်တစား ရှာပုံတော် ဖွင့်ထားခြင်းကို ဆရာမောင်ထွန်းသူက ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

Lust for lifeရဲ့နောက်ဆက်တွဲအနေနဲ့ ထပ်ပြီး ဖတ်ကြည့်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။

ဆရာမောင်ထွန်းသူက ဗင်းဆင့်ဗင်ဂိုးနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ဆောင်းပါးတွေဖြစ်တဲ့

 

Vincent Van Gogh 1853-1890 

ALBERTO MARTINI 

The great Artists 

A Library of their Lives,times and Paintings 

BOOK. 1 (Van Gogh) 

 

VINCENT VAN GOGH

Lullaby in Colour 

National Geographic magazine 

Vol. 192, No 4, October 1997

စတဲ့အချက်အလက်တွေကို စုစည်းကိုးကားပြီး ဘာသာပြန်ထားတာဖြစ်ပါတယ်။

#ဗင်းဆင့်ရှာပုံတော်

#မောင်ထွန်းသူ (ဘာသာပြန်)

#စာမျက်နှာ - ၂၃၀

#တိုက်ထုတ်ရောင်းဈေး - ၇၀၀၀ ကျပ်

# ဒုတိယအကြိမ် - ဇန်နဝါရီလ၊ ၂၀၂၀

#စိတ်ကူးချိုချိုစာပေ

ဆိုဝ်ငြယ်

 


Related Articles

စာအုပ်မိတ်ဆက်
...
ပါရီကျဆုံးခန်း - ဆရာမြသန်းတင့် (ဘာသာပြန်)
ဆိုဝ်ငြယ်

သတင်းသမား‌တွေဟာ မှန်ကန်တဲ့ သတင်းကျင့်ဝတ်တွေအစား ပေါက်ပန်းစျေးစကားတွေပြောတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ချင်တာတွေကို ပြောတယ်။ ပြည်သူတွေကို အယုံသွင်းကြတယ်။ ကိုယ်နဲ့မတည့်တဲ့အဖွဲ့ကို လက်ညှိုး...

စာအုပ်မိတ်ဆက်
...
ရက်စက်စိမ်းကားတတ်သော လူ့လောကထဲက ရုန်းကန်ရ‌တဲ့ရှင်သန်မှုတစ်ခု (သို့မဟုတ်) တကောင်ကြွက်
ဆိုဝ်ငြယ်

လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်အဖြစ် မွေးဖွားလာကြတာ မဟုတ်သလို လူဆိုးတစ်ယောက်အဖြစ် မွေးဖွားလာကြတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီလူအပေါ် လွှမ်းမိုးနေတဲ့ သူ့နေ့စဉ်နေထိုင်မှုဘဝနဲ့...

စာအုပ်မိတ်ဆက်
...
မြေလွှာဝသုန်ဖြင့်ထုံမွှန်းအပ်သော မျိုးစေ့တစ်ခုရဲ့သမိုင်း၊ မျိုးဆက်တစ်ခုရဲ့ရာဇဝင် သို့မဟုတ် မြေပဒေသာ
#ဆိုင်ငြယ်

တရုတ်ပြည်မှာ သမီးမိန်းကလေးဆိုတာ ကိုယ်ကမွေးရပေမယ့် သူများကို ပေးလိုက်ရလို့ ကိုယ်ပိုင်ဆိုင်တဲ့အရာလို့မသတ်မှတ်။ ဒီတော့ ငယ်ကတည်းက ဆင်းရဲမွဲတေမှုကြားမှာ သမီးတွေကို စောစောစီးစီးရောင်းထုတ်ပစ်ကြတာက ဓလေ့တစ်ခုလ...