ဆိုဝ်ငြယ်
နိုင်ငံတစ်နိုင်ငံရဲ့
ဥပဒေတစ်ခုဟာ အဲဒီနိုင်ငံသားတွေအပေါ် အမြဲတစေ အကျိူးသက်ရောက်မှု ရှိရဲ့လား။
ဒီမေးခွန်းအတွက် အဖြေက အားလုံးရဲ့ အနီးနားဝန်းကျင်မှာ ရှိနေကြပါလိမ့်မယ်။
ကျေနပ်သည် ဖြစ်စေ
မကျေနပ်သည်ဖြစ်စေ ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံသားလို့ ခံယူလိုက်တာနဲ့ ဒီနိုင်ငံရဲ့
စည်းကမ်းဥပဒေတွေအောက်မှာ ရှင်သန်နေထိုင် ဖြတ်သန်းကြရတော့တယ်။ ဒီလို စည်းကမ်း
ဥပဒေတွေနဲ့ တုပ်နှောင်ထားတဲ့ လူ့အဖွဲ့အစည်းက တစ်ခါတလေ ပိုကောင်းလာတတ်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့် ပျက်စီးသွားတဲ့ အပိုင်းအစတွေကလည်း အများကြီးပါ။
လူတစ်ယောက်ရဲ့ မွေးရာပါအခွင့်အရေးတွေ
လွတ်လပ်ခွင့်တွေဆိုတာ မိဘတွေအပေါ် သက်ရောက်မှု မရှိဘူးလား။ မိဘတွေကြောင့်
ကလေးတစ်ယောက် ဖြစ်လာတယ်။ လူသားတစ်ယောက်ဖြစ်လာတယ်။ ဒါဆို မွေးရာပါအခွင့်အရေးထဲမှာ
မောင်နှမသားချင်းတွေ နည်းခြင်း များခြင်းတွေကို တောင်းဆိုနိုင်ခွင့်ရှိသင့်သလား။
တောင်းဆိုလို့ရော ရနိုင်ခဲ့လို့လား။
ဘာသာရေးနဲ့ ယဉ်ကျေးမှုထုံးတမ်းကြီးလေးကြတဲ့
အချို့နိုင်ငံတွေ ဒေသတွေထဲမှာ ကလေးဆိုတာ ဘုရားသခင်က ပေးတာပါဆိုတာမျိုး၊
ယောကျာ်းလေးမှပဲ အထွတ်အမြတ်ရှိတယ် ဆိုတာမျိုးတွေနဲ့ လိင်ကွဲပြားမှုအောက်မှာ
လူတစ်ယောက်ရဲ့ ဘဝတစ်ခု ပျောက်ရှသွားစေတဲ့အထိ လူ့အခွင့်အရေးဆုံးရှုံးမှုတွေကို ဘယ်ဥပဒေက
နိုင်နိုင်နင်းနင်းကိုင်တွယ်ခဲ့ကြသလဲ။ အကယ်၍ ကိုင်တွယ်ခဲ့မယ်ဆိုရင်ရော မှန်ကန်တဲ့
ဖြေရှင်းနည်းတွေ ဖြစ်နိုင်ပါ့မလား....။
ရိုးရာဓလေ့နဲ့ အစဉ်အလာတွေကို ဦးထိပ်ထားတတ်ကြတဲ့
ရှေးရိုးစွဲ လူတွေကြားမှာ ခေတ်သစ်လူ့ဘောင်ရဲ့ ဥပဒေတစ်ခုဆိုတာ ကလေးကစားစရာလို
ဖြစ်နေတတ်တယ်။ ဘိုးဘွားလက်ထက်ကတည်းက လက်ခံကျင့်သုံးလာတဲ့ ဓလေ့တစ်ခုကို
လွယ်လွယ်ကူကူ ရိုက်ချိုးဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ပါသေးတယ်။ ရိုက်ချိုးဖို့
မဖြစ်နိုင်တဲ့အခါ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပေးကြရတယ်။
အဲဒီလို ပြောင်းလဲရေးလုပ်တဲ့အခါ ပြုပြင်ပြောင်းပေးသူတွေဆိုတာ
နိုင်ငံရေးသမားတွေ မဟုတ်ကြဘူး။ တိုင်းပြည် အာဏာရှင်တွေ မဟုတ်ကြဘူး။ မြေပြင်မှာ
ထိတွေ့ရသူတွေ နိုင်ငံတစ်နိုင်ငံအတွက် တကယ်အလုပ်လုပ်သူတွေဟာ နိုင်ငံရဲ့
ဝန်ထမ်းတွေပါ။ မြေပြင်နဲ့တိုက်ရိုက် ထိတွေ့ ဆက်ဆံရတဲ့ ဝန်ထမ်းတွေနဲ့ မြေပြင်က
ရှေးရိုးစွဲ အယူအဆတစ်ခုကို လက်ခံထားတဲ့လူတွေရဲ့ ပွတ်တိုက်မှုကြားထဲမှာ
လေးသွဲ့ပြင်းထန်မှုတွေ၊ ရယ်မြူးပျော်ရွှင်ဖွယ်တွေ၊ လွမ်းမောသနားစဖွယ်တွေ၊
စိတ်ပျက်အားလျော့စရာ အခြေအနေတွေ ဖြစ်နေတတ်ကြတယ်။
□
မိုယန်ရဲ့ Wa, မြန်မာလို ဖားလို့ အဓိပ္ပါယ်
ပြန်ဆိုရမယ့် ဝတ္ထုကို ဖတ်ပြီးတဲ့အခါ နိုင်ငံသား၊ နိုင်ငံဝန်ထမ်းဆိုတဲ့ အဓိပ္ပါယ်တွေကို
ပိုရှာဖွေနေမိတယ်။ ဖားလောင်းလို့ အမည်တပ်ထားတဲ့ စာရေးသူက ဂျပန်စာရေးဆရာတစ်ယောက်ဆီ
ပေးစာရေးသလို ပုံစံနဲ့ရေးထားတယ်။ သူရေးတဲ့ အဓိက ဇာတ်ကောင်က သူ့အရီးဖြစ်သူ
ကျေးလက်ဒေသ သားဖွားဆရာမတစ်ယောက်အကြောင်းပါပဲ။
အစပိုင်းနေ့ရက်တွေဟာ
တရုတ်ပြည်ရဲ့ သာမန်ကျေးလက်မိသားစုတွေရဲ့ ရှင်သန်နေထိုင်ကြပုံတွေပါပဲ။ ဆင်းရဲကြတယ်။
ရုန်းကန်ကြရတယ်။ သာမန်မိသားစုတွေ၊ ဆင်းရဲမွဲတေနေကြတဲ့ ကျေးလက်နေမိသားစုတွေရဲ့
နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေကို တွေ့မြင်ခွင့်ရတယ်။ ကလေးမွေးဖွားခြင်းဆိုတာ
ကြီးမြတ်တဲ့မင်္ဂလာလို့ သတ်မှတ်ထားကြတဲ့ တရုတ်လူမျိုးတွေရဲ့ ယုံကြည်မှုထဲမှာ
ဖားလောင်းရဲ့ အရီးဖြစ်သူဟာ သားဆုပန်မယ်တော်ပဲ။ သူက အဲဒီဒေသရဲ့သိပ်တော်တဲ့
သားဖွားဆရာမ ဖြစ်နေတာကိုး။ ဆေးသိပ္ပံလောက ခေတ်သစ် သားဖွားနည်းတွေမတိုင်ခင်
အရိုးစွဲကျင့်သုံးလာကြတဲ့ ကျေးလက်ဒေသ ကလေးမွေးဖွားတဲ့အခါ အများအားဖြင့်တော့
အရပ်လက်သည်တွေနဲ့ပဲ ဖွားကြလေ့ရှိကြတယ်။ အရပ်လက်သည်တွေဟာ ကလေးတစ်ယောက်ရဲ့
မွေးဖွားခြင်းထက် သူတို့ရမယ့် လာဘ်လာဘကိုပဲ မျှော်ကိုးလေ့ရှိကြတာမို့
ကလေးမွေးဖွားခြင်းမှာ ချွတ်ချော်တိမ်းပါးတာတွေက မနည်းလှဘူး။
အဲဒီအရပ်လက်သည်တွေနေရာမှာ ခေတ်သစ် သားဖွားဆရာမက အစားထိုး ဝင်ရောက်လာတော့
အရပ်လက်သည်တွေရဲ့ စောင်းချိတ်ခြင်းတွေကို ခံရတာမျိုးတွေလည်း ရှိတယ်။ အဲဒီအချိန်မှာ
ဖားလောင်းရဲ့ အရီးဝမ်နှလုံးဟာ အသက်နှစ်ဆယ်ကျော်ရုံနဲ့ လက်စောင်းရော
နှုတ်စောင်းပါထက်လွန်းလှတဲ့ သားဖွားဆရာမ တစ်ယောက် ဖြစ်နေပြီ။
ကျေးလက်ဒေသထွက် ဆရာမဆိုတော့ ကျေးလက်ဒေသက
လူတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ ပါးစပ်ကိုလည်း ပိုင်ဆိုင်ထားရတယ်။ သူမွေးပေးလိုက်တဲ့
ကလေးတွေကလည်း အတော်တော်များများက မဖိတ်မစင်ဆိုတော့ သူတို့ဒေသမှာ ဆရာမဝမ်နှလုံးက
နွီဝါးနတ်သမီး (သားဆုပန်မယ်တော်)ပဲ။ နေရာတကာ မျက်နှာပွင့်တယ်။ အရှိန်အဝါကြီးတယ်။
အဲဒီလို ပုဂ္ဂိုလ်မျိုးနဲ့ အမျိုးတော်ခွင့်ရတဲ့ စာရေးသူ ဖားလောင်းတို့အဆွေအမျိုး
တသိုက်ကလည်း အရီးဖြစ်သူအတွက် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြချိန်တွေလို့ ဆိုရမယ်။
ဆရာမ ဝမ်နှလုံးဟာ
ရပ်ရွာမှာ ကိုးစားခံနေရချိန်ကနေ တဖြည်းဖြည်း ရွေ့လျောပြီး ရပ်ရွာရဲ့အမြင်မှာ
သားသတ်သမတစ်ယောက်လို အမြင်ခံရလာဖို့ ပြောင်းလဲပေးလိုက်တာက နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ်ပါပဲ။
ဥက္ကဋ္ဌမော်ရဲ့ စိတ်ကူးရှိသလို ထုတ်ပြန်တဲ့ ပါတီယုံကြည်ချက် ခေါင်းစဉ်အောက်က
ဥပဒေတွေထဲမှာ တစ်အိမ်ထောင် သားတစ်ယောက် ဥပဒေလည်း ပါနေခဲ့တယ်။ ဒီဥပဒေဟာ ကမ္ဘာ့မှာ
ကျော်ကြားခဲ့သလို တရုတ်ပြည်သမိုင်းမှာလည်း အတော်ဖရိုဖရဲနိုင်လှတဲ့ နာမည်ကျော်
ဥပဒေတစ်ရပ်ဖြစ်ခဲ့တယ်။ ဒါတောင် အခုထိတော့ အတော်အသက်ဝင်နေဆဲလို့ ဆိုနိုင်ပါသေးတယ်။
" ရှင်ရင်လည်း
ပါတီရဲ့လူဖြစ်ရမယ်။ သေရင်လည်း ပါတီရဲ့ တစ္ဆေပဲ ဖြစ်ရမယ်" လို့
ကြွေးကြော်ခဲ့တဲ့ ဆရာမ ဝမ်နှလုံးဟာ အဲဒီဥပဒေကို ထမ်းရွက်သူ ဖြစ်ခဲ့တယ်။ တရုတ်ပြည်
ခေတ်သစ်လူ့ဘောင်ရဲ့ နည်းစနစ်သစ် သားဆက်ခြားနည်းလမ်းတွေနဲ့
ရှေးရိုးစွဲတရုတ်ပြည်သူတွေရဲ့ သားသမီးများများမွေးရမယ်ဆိုတဲ့
ယုံကြည်ချက်တွေကြားမှာ ဝမ်နှလုံးတို့လို လူတွေက တကယ်တမ်း တိုက်ပွဲဝင်သူတွေ၊
ဥပဒေကို လက်တွေ့အကောင်အထည်ဖော်သူတွေ ဖြစ်ခဲ့ကြတယ်။ ပါတီရဲ့ မူဝါဒလို့
ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ
ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။
ဘာကိုမှ မတွေးနိုင်ဘူး။ပါတီက လုပ်ရင် မှန်တယ်။ နိုင်ငံတော်ကလုပ်တာ ကောင်းတယ်။
ငါတို့က အကောင်အထည်ဖော်ပေးရသူတွေမို့ ဂုဏ်ယူတယ် ဒါလောက်ပါပဲ။
လူတွေရဲ့
အချစ်တော်ဆရာမဘဝကနေ ဝမ်နှလုံးဟာ လူတွေ သိပ်မုန်းတဲ့ဆရာမအဖြစ် ပြောင်းလဲသွားတယ်။
အစောပိုင်းနေ့ရက်တွေမှာ ဝမ်နှလုံးအတွက် သိပ်မသိသာလှဘူး။ သာမန်
တာဝန်ထမ်းဆောင်ခြင်းလို့ပဲ ခံယူထားတယ်။ နောက်ပိုင်း သူ့ဆွေမျိုးသားချင်းတွေထဲက ပါလာတယ်။
တရားမဝင်ကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်ရတာ ဖျက်ချပေးတာတွေ ဖြစ်လာတဲ့အခါ
ဝမ်နှလုံးရဲ့စိတ်ဟာ စတင်ရိုက်ခတ်လာတယ်။ တဖြည်းဖြည်း သူ့စိတ်တွေ ယိုင်နဲ့လာတယ်။
အစောပိုင်းကာလတွေဟာ
သားဖွားပေးရတာ ပျော်ရွှင်ကြည်နူးစရာ ဖြစ်ခဲ့ကြတဲ့ မိသားစုတွေဟာ နောက်တော့
နိုင်ငံရဲ့မူဝါဒတွေကြားထဲမှာ သားတစ်ယောက်ရဖို့ နေရာဒေသတွေကိုပါ
ပြောင်းရွေ့လာကြတာတွေရှိလာတယ်။ အငှားကိုယ်ဝန်ဆောင်ခြင်းဆွေနဲ့ မလိုလားတဲ့
နောက်ဆက်တွဲ လူမှုရေးပြဿနာတွေ လိုက်ပါလာကြတယ်။ ပွတ်တိုက်မှုဟာ ဆရာမနဲ့ ရွာသားတွေ
မဟုတ်တော့ပဲ ပြည်သူလူထုနဲ့ အာဏာရှိသူတွေကြားမှာ ထိပ်တိုက်ဖြစ်လာကြတယ်။
အသက်ကြီးလာတာနဲ့အမျှ
ခံစားရတဲ့ဝေဒနာတွေဟာ အတိတ်ကအရိပ်တွေအဖြစ် လွှမ်းမိုးခံလာရတဲ့ ဆရာမ ဝမ်နှလုံးဟာ ဘဝတစ်လျှောက်လုံး
ပါတီရဲ့လူအဖြစ် ရှင်သန်ခဲ့ပေမယ့် သူ့ကိုယ်သူ ပြန်ကြည့်မိတဲ့အခါ နောင်တတွေနဲ့
ပြည့်နေခဲ့ပြီ။ကလေးတွေရဲ့ ငိုသံတွေဟာ မိုးရာသီရဲ့ ဖားအော်သံတွေလို
ကြားယောင်လာရတဲ့အခါ ဘဝကို သမင်လည်ပြန်တွေးရင်း အပြစ်ရှိစိတ်က ပိုပိုပြီး
ကြီးထွားလာတယ်။ ပါတီရဲ့လူအဖြစ်ကနေ သူကိုယ်တိုင် လူတစ်ယောက်အဖြစ် ကိုယ့်ဘဝကိုယ်
ရွေးချယ်လာနိုင်အခါ နောင်တတွေဖြစ်လာတယ်။ အရာအားလုံးကတော့ ဖြစ်ပျက်ပြီးသွားပြီ။
သူ့အတွက် ကျန်ခဲ့တာ နောင်တတွေ ဖြစ်သွားခဲ့ပြီ။
သူမွေးဖွားခဲ့တဲ့
ကလေးတွေရဲ့ ရယ်သံတွေအစား သူ ဖျက်ဆီးခဲ့တဲ့ ကလေးတွေရဲ့ ငိုသံတွေကြားမှာပဲ သူ
နစ်မွှန်းနေခဲ့ရပြီ။ အဲဒီအချိန် သူ ထမ်းရွက်ခဲ့တဲ့ ပါတီအတွက် သူဟာ ဘာမှ
မဟုတ်တော့ဘူး။ သူ့လုပ်ရပ်သူ ဂုဏ်ယူနေရမယ့်အစား
သူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပြည့်နေခဲ့ရတဲ့ မိန်းမတစ်ယောက်သက်သက်သာ ဖြစ်ခဲ့ရပြီ။
ဆရာမ ဝမ်နှလုံးအတွက်
သူပိုင်ဆိုင်ခွင့်ရတာ နိုင်ငံသားကောင်းဆိုတဲ့ ဂုဏ်ပုဒ် မဟုတ်ခဲ့တော့ဘူး။
နောင်တနဲ့အပြစ်ရှိစိတ်ပဲ။ ဒါပေမယ့် အရာအားလုံးက ဖြစ်ပြီးသွားခဲ့ပြီလေ။
စာရေးဆရာမိုယန်ကတော့
ပြန်ပြီး ဖြေချင်တဲ့ ဇာတ်သိမ်းပိုင်းကို သူရေးချင်တဲ့ ပြဇာတ်ပုံစံနဲ့ ရေးထားတယ်။
သက်ပြင်းချလိုက်ရတာမျိုးပါပဲ။
မိုယန်က နိုင်ငံရေးကို
တိုက်ရိုက်ဝေဖန်ခြင်းထက် မူဝါဒတစ်ခုရဲ့ သက်ရောက်မှုကို လူတစ်ယောက်ရဲ့ ဘဝနဲ့
စိတ်အတွင်းကတစ်ဆင့် ပြသခဲ့တယ်။ ဝတ္ထုဖတ်ပြီးတဲ့နောက် “တာဝန်နှင့်
ကိုယ်ကျင့်တရားတို့ ထိပ်တိုက်တွေ့သောအခါ လူတစ်ယောက် ဘာရွေးချယ်နိုင်သလဲ” ဆိုတဲ့
မေးခွန်းမျိုးကျန်ရစ်နေစေခဲ့တယ်။ဒီ ဖား ဝတ္ထုဟာ ကလေးမွေးဖွားခြင်းအကြောင်းသက်သက်
မဟုတ်ဘဲ လူ့အသက်ရဲ့ တန်ဖိုး၊ အာဏာရဲ့ သက်ရောက်မှု၊ လူသားတစ်ဦးရဲ့
အတွင်းစိတ်အပြစ်ကို စူးစမ်းသည့် ဝတ္ထုဖြစ်ပုဒ် ဖြစ်တယ်လို့ ဆိုထားကြတယ်။
မိုယန်ရဲ့
နိုဗယ်လ်ဆုအတွက် အရေးပါတဲ့ သက်ရောက်မှုရှိစေခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လို့လည်း
သတ်မှတ်ထားကြတယ်။ ဒီနေရာမှာ မိုယန်အကြောင်း နည်းနည်း ပြောပါရစေ။ မိုယန်ဟာ
တရုတ်နိုင်ငံရဲ့ ဒုတိယမြှောက် စာပေဆိုင်ရာ နိုဗယ်လ်ဆုရ စာရေးဆရာတစ်ယောက်ဖြစ်တယ်။
သူဟာ တရုတ်ရိုးရာနဲ့ ကျေးလက်အငွေ့အသက်တွေကို ပုံဖော်ရာမှာ
ပြောင်မြှောက်သူတစ်ယောက်ပါပဲ။ အထူးသဖြင့် သူရေးခဲ့တဲ့ Red Sorghum, The Republic of Wine, Life and
Death Are
Wearing Me Out လို ဝတ္ထုတွေဟာ
တရုတ်ရိုးရာယဉ်ကျေးမှုထဲက နှိုက်ထုတ်ထားတဲ့ စာပေလက်ရာတွေပါပဲ။ ရုပ်ရှင်အနေနဲ့လည်း
အောင်မြင်မှုကြီးမားခဲ့တဲ့ ဝတ္ထုတွေပါ။ မိုယန်ရဲ့ ဝတ္ထုတွေထဲမှာ သရော်ဟန်နဲ့
လက်တွေ့ဖြစ်မှုတွေကြားထဲမှာ ဇာတ်ကောင်တွေ ရှင်သန်နေကြတာမျိုးကို တွေ့နိုင်တယ်။
စာဖတ်သူတွေ မေ့ထားမိတဲ့ ကိုယ့်ဝန်းကျင်အကြောင်းကိုလည်း ရှာလို့ရတယ်။
စာရိတ္တပြောင်းလဲရေးကို ဦးတည်မထားပါပဲ လူသားဆန်ချင်တဲ့ ပုံရိပ်တွေ စူးစိုက်ဝင်နေတာမျိုး
ဖြစ်နေကြတယ်။ ဆိုလိုတာက ပိတ်ပင်တားဆီးမှု များပြားလှတဲ့ တရုတ်လိုနိုင်ငံထဲကနေ
ဒီလိုမျိုး ရှောင်ကွင်းရေးသားနိုင်စွမ်းကပဲ မိုယန်ကို နိုဗယ်လ်ဆုရစေခဲ့တယ်ဆိုရမယ်။
အိမ်နီးချင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို ချောင်းကြည့်ဖို့ လုံလောက်တဲ့ ပြတင်းပေါက်တစ်ချပ်ဟာ
မိုယန်ရဲ့ ဝတ္ထုတွေပါပဲ။ ကိုယ့်အိမ်နီးချင်းနိုင်ငံ၊ ကိုယ့်နိုင်ငံထဲမှာလည်း
ရှိနေကြတဲ့ လူမျိုးစုတွေရဲ့ ဓလေ့ထုံးတမ်းတွေမို့ အဝေးကြီး လိုက်ဖမ်းနေဖို့မလိုဘူး။
စနစ်တစ်ခုအောက်မှာ လူတွေ ရှင်သန်နေကြတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်လို့ရတယ်။
ဒါဟာ မိုယန်ရဲ့ စာပေလက်ရာဟန်လို့ပဲ ဆိုချင်မိပါတယ်။
ဆိုတော့ ဝတ္ထုကို
ပြန်ကောက်ရရင် လူတစ်ယောက်အတွက် ပြုပြင်ပြောင်းလဲရေးတွေ၊ နောင်တတွေနဲ့ ထုံမွှန်းရစ်ပတ်နေတတ်တဲ့
လူတစ်ယောက်ရဲ့ ဘဝကို ခြုံငုံသုံးသပ်မိစေဖို့
ဝမ်နှလုံးပြောသွားတဲ့ " အပြစ်ရှိတဲ့
လူတစ်ယောက်မှာ သေချင်တိုင်း သေဖို့အခွင့်အရေးမရှိဘူး။ သူက အသက်ရှင်လျက် ငရဲအိုးထဲ
ဆီပူထိုးခံ၊ အကျိုခံရမှာ။ ငါးကြော်သလို လှန်လိုက် မှောက်လိုက် ဆီပူထိုးခံရမှာ။ ဆေးရည်ကျိုသလို
ပွက်ပွက်ဆူအောင် အကျိုခံရမှာ၊ ဒီနည်းနဲ့ ကိုယ့်အပြစ်တွေကို ပေးဆပ်ပြီးမှ တစ်ကိုယ်လုံးပေါ့ပေါ့ပါးပါးနဲ့
သွားသေလို့ရမှာ" ဆိုတဲ့စကားတွေဟာ လူတစ်ယောက်ရဲ့ တစ်ဘဝလုံးစာ
အပြစ်ရှိစိတ်ကို ဖော်ညွှန်းနေတာပါပဲ။ ဒါဟာ မိုယန် လှစ်ဟပြလိုက်တဲ့ လူတစ်ယောက်ရဲ့
ဘဝပါပဲ။
လူတစ်ယောက်ရဲ့ဘဝဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားထဲက လုပ်ရပ်တွေနဲ့ တိုင်းတာရတာမျိုးဆိုရင်
ဘယ်သူတွေ ဘာလုပ်ခဲ့ကြသလဲ။ ကိုယ်ကရော ဘာတွေ လုပ်နေသလဲ၊ နောင်တစ်ချိန်
ကိုယ့်ရဲ့အပြစ်ရှိစိတ်တွေကို ဘယ်ကနေ ရနိုင်မလဲ ဆိုတဲ့မေးခွန်းတွေကတော့
ဝေ့သီလို့....။
▀
ဆိုဝ်ငြယ်
- ဖား - တော်ကောင်းမင်း
- Wa- Mo Yan
- စာမျက်နှာ - ၅၀၁
- အုပ်ရေ -၅၀၀
- ရောင်းဈေး - ၃၀,၀၀၀ကျပ်
-ဩဂုတ်လ၊ ၂၀၂၆ ၊ ဒုတိယအကြိမ်
- ဘဝတက္ကသိုလ်စာပေ
မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...
ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...
ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စစ်သူရဲကောင်းတွေအကြောင်း အမွှန်းတင်ရေးသားခဲ့ကြသူတွေဟာ စစ်နိုင်သူတွေဖက်ကချည်း ရေးခဲ့ကြတာမို့ သိပ်အားကျဖို့ ကောင်းခဲ့တာတွေရှိတယ်။ စစ်ပွဲတစ်ပွဲရဲ့နောက်မှာ မွမွကြေသွားတဲ့...