ဆိုဝ်ငြယ်
လူတွေရဲ့
ဘဝအခင်းအကျင်းတစ်ခုလုံးကို စီးမိုးငေးကြည့်ခွင့်ရမယ်ဆိုရင် ဘယ်လိုနေမလဲ။
လူသားအားလုံးဟာ ဘဝမှာ ဇာတ်ကောင်တစ်ယောက်အဖြစ်၊ ဇာတ်ဆောင်တစ်ဦးအဖြစ်
ပါဝင်လှုပ်ရှားနေကြတဲ့ ရှင်သန်မှုမျိုးနဲ့ပဲ ဘဝကို ကျင်လည်ဖြတ်သန်းနေခဲ့ကြတာပါ။
ကိုယ်က အဲဒီလို ဇာတ်ကောင်တစ်ဦးအဖြစ် မဟုတ်ပဲ၊ အားလုံးရဲ့ အထက်စီးက လူတစ်ယောက်လို၊
လူ့ဝန်းကျင်တစ်ခုလုံးကို အေးအေးလူလူ ထိုင်ကြည့်ခွင့်ရနေတဲ့သူလိုမျိုးသာ
ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုခံစားနေမိမလဲဆိုတဲ့အတွေးမျိုး တွေးခဲ့ဖူးပါတယ်။
စာရေးဆရာတွေဟာ
ကိုယ်ပိုင်ရေးဟန်တွေ၊ ကိုယ်ပိုင်လမ်းအသစ်တွေကို ရှာဖွေနိုင်ခဲ့ကြသူတွေပါ။
အောင်မြင်ကျော်ကြားလူကြိုက်များသူတွေဆိုရင် ပိုသိသာပါတယ်။
သူ့ရဲ့ကိုယ်ပိုင်ဟန်ကိုပဲ လူတွေက ကြိုက်နှစ်သက်ကြတာမျိုးပါ။ ဒီတော့ ဒီလိုမျိုး
ဇာတ်ကောင်နဲ့ ခင်းကျင်းဖော်ပြတတ်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်အများကြီးနဲ့
သိုင်းဝိုင်းရေးတတ်ကြတဲ့ သူတွေလို့ပြောရင် မစ်ခေးရှိုလိုကော့ဗ်ရဲ့ ဒွန်မြစ်ကို
ပြောကြမလား။ လီယိုတော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေးကို မြင်ယောင်ကြမလား။ ဒါက
ဦးဆုံးအတွေးတွေ ဖြစ်ပါလိမ့်မယ်။ အဲဒီဆရာကြီးတွေရဲ့ ဝတ္ထုတွေဟာ ဇာတ်ကောင် ပီပြင်တာ၊
ဇာတ်အိမ်တွေ ကြီးမားခိုင်ခန့်တာ ပြောစရာမလိုပါဘူး။ အဲဒီဆရာကြီးတွေရဲ့ ရေးဟန်တွေက
ဇာတ်ကောင်တွေကို ဗဟိုပြုပြီး ဇာတ်အခင်းအကျင်း ခေတ်ကာလတွေက ဇာတ်ကောင်တွေရဲ့ နောက်ခံအဖြစ်ထည့်ထားကြတဲ့
အရေးအဖွဲ့မျိုးပါ။ ရုရှားစာပေလောကထဲမှာပဲ ဇာတ်အခင်းအကျင်း ခေတ်ကာလတစ်ခုလုံးကို
ဗဟိုပြုပြီး ရေးတတ်သူကတော့ အီလျာအာရင်ဘတ်ပါပဲ။ သူ့ဝတ္ထု ဇာတ်မြင်ကွင်းတွေက
ခေတ်စနစ်တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ စနစ်တစ်ခုရဲ့အပေါ်မှာမှ ဇာတ်ကောင်တွေကို
လှုပ်ရှားနေစေတာမျိုးပါ။ အီလျာအာရင်ဘတ်ဟာ သတင်းစာဆရာ၊ စစ်သတင်းထောက်တစ်ဦးမို့
ဒါမျိုးတွေရေးနိုင်ခဲ့တာလား၊ ဒါမှမဟုတ် သူ့နိုင်ငံရဲ့အပြင်ဖက်ကို ထွက်ပြီးမှ
နိုင်ငံကို သမင်လည်ပြန်လှည့်ကြည့်ခွင့်ရသူမို့ ဒီလို ရေးနိုင်ခဲ့တာလားဆိုတာတော့
စဉ်းစားစရာပါ။ အီလျာအာရင်ဘတ်ဆိုတာက မြန်မာတွေနဲ့ သိပ်ပြီး စိမ်းသက်နေတဲ့ စာရေးဆရာရယ်လို့လည်း
မဟုတ်ပြန်ဘူး။ သူ့စာအုပ်တွေကို မြန်မာက ဆရာကြီးတွေဘာသာပြန်ဖူးတယ်။ ဆရာမြသန်းတင့်က
ပါရီကျဆုံးခန်းနဲ့ လူများ၊ သက္ကရာဇ်များ၊ ဘဝများကို ဘာသာပြန်ဖူးတယ်။ သူ့ရဲ့
ဘယ်ဝတ္ထုကိုပဲ ကောက်ကိုင်ကိုင် ခေတ်သမိုင်းတစ်ခုရဲ့ ဝိဉာဉ်ကို
ဖမ်းဆုပ်ထားတာမျိုးချည်းပါပဲ။ ဒါကပဲ သူ့ရဲ့ ထူးခြားတဲ့ရေးဟန်စတိုင်လ်လို့ အမည်တပ်လို့ရနိုင်မှာပါ။
ထူထဲသိပ်သည်းတဲ့
ဇာတ်ကောင်နဲ့ လူနေမှုစနစ်တွေအကြောင်း၊ ခေတ်ကာလ အခင်းအကျင်းတွေအကြောင်းရေးတတ်တဲ့
အီလျာအာရင်ဘတ်ရဲ့ The Thaw ကို ဆရာကျော်ဝင်း ဘာသာပြန်ထားတဲ့ နှင်းခဲပျော်ချိန်ဟာ ပါရီကျဆုံးခန်းလောက်
မထူသလို၊ လူများသက္ကရာဇ်များ လောက်လဲ ဘဝအတွေးအမြင်တွေကို ထည့်မထားပါဘူး။
ရုရှားဘာသာပြန်တွေကို စတင်မြည်းစမ်းဖို့ ကောက်ကိုင်မိတုန်းက
တစ်ကြိမ်ဖတ်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ် ပြန်ဖတ်မိတဲ့အခါ တွေးမိမြင်မိတဲ့ အမြင်တွေ
ခံစားမှုတွေက မတူတော့ဘူး။ ဝတ္ထုက ပြောင်းလဲသွားလို့ မဟုတ်ဘဲ၊ ကိုယ်က
ရှု့ထောင့်တစ်ခုပြောင်းလဲသွားလို့ ဖြစ်ပါလိမ့်မယ်။ ခေါင်းစဉ်က နှင်းခဲတွေအရည်ပျော်သွားတဲ့အချိန်၊
နွေဦးရာသီကို ရည်ညွှန်းထားတယ်။ နွေဦးဆိုတဲ့ မျှော်လင့်ချက်ကို
မျှော်လင့်နေတဲ့အချိန်ထဲမှာ ရှင်သန်ရုန်းကန်နေကြတဲ့ လူတွေအကြောင်းဆိုမှတော့
ဆောင်းရာသီရဲ့ အေးခဲလှတဲ့ အချိန်အတွင်းမှာ ရှင်သန်နေကြသူတွေအကြောင်းလို့
ဆိုနိုင်တယ်။ အီလျာအာရင်ဘတ်ဟာ ကွန်မြူနစ်စနစ်ရဲ့ အားအကောင်းဆုံးအချိန်ကို
ဆောင်းရာသီ နှင်းခဲချိန်နဲ့ ထပ်တူပြုထားခဲ့တာမျိုးလို့ ထင်မိတယ်။ လူတွေရဲ့
အတွေးအခေါ်တွေ ချုပ်ချယ်ခံရတာတွေ၊ စုပေါင်းလယ်ယာစနစ်တွေ၊ စက်ရုံ အလုပ်ရုံတွေထဲမှာ
ကိုယ်စီတာဝန်ကျေဖို့ အားထုတ်လည်ပတ်နေကြရတဲ့ ပုံစံခွက် လူသားတွေ၊ စနစ်တစ်ခု
ရိုက်သွင်းခံထားရတဲ့ လူ့အဖွဲ့အစည်းရဲ့ နှောင်တည်းမှုတွေဟာ ဆောင်းကြမ်းရဲ့
နှင်းခဲတွေလိုမျိုး ခံစားမိခဲ့တာ ဖြစ်ပါလိမ့်မယ်။
ပုံစံခွက်တစ်ခုထဲမှာ
ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ
အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊
ဂရုမစိုက်တတ်သူမျိုး ကိုယ့်အတွေး ကိုယ့်ခံစားချက်တွေအားလုံး စနစ်တစ်ခုအောက်မှာ
ပိတ်လှောင်ထားတဲ့သူမျိုးတွေ။ ဒီလိုလူမျိုးတွေရဲ့ အဆုံးသတ်ဟာ လှပတာ ရှားပါတယ်။
လူ့ဝန်းကျင်နဲ့ သွေဖည်ရှင်သန်သူဟာ လူ့ဝန်းကျင်ရဲ့ သွေဖည်ခြင်းကိုလည်း ခံရမှာပါပဲ။ ဘယ်လောက်ပဲ
ကောင်းမွန်ပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖော်နေပါစေ အဲဒီလူ့အဖွဲ့အစည်းရဲ့
ယိုပေါက်တွေ ဟာပေါက်တွေကို မြင်နိုင်သူကတော့ မြင်နိုင်တာပါပဲ။ ဒါပေမယ့်
ဒီစနစ်အားကောင်းနေချိန်မှာ ဒီနေရာမှားပါတယ်လို့ ထောက်ပြလိုက်ရင် အဲဒီသူဟာ
အမှန်တရားကို ပြောသူရယ်လို့ လူတွေက လက်ခံတတ်ကြတာမျိုး မဟုတ်ပြန်ဘူး။ ဒီလူဟာ
စုန်းပြူး၊ ရန်သူ၊ အဖျက်သမားဆိုတာမျိုးကိုပဲ မြင်နေတတ်ကြတာမျိုးပါ။
အဲဒီလိုလူမျိုးက ဒီမိထရိဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် ဆိုကိုလော့စကီးလည်း
ဖြစ်နိုင်ပါတယ်။ ဒီလူတွေဟာ စနစ်ရဲ့သားကောင်ဖြစ်တဲ့ အိုင်ဗင်နဲ့
ဆန့်ကျင်ဖက်ဇာတ်ကောင်တွေလို့တောင် ဆိုနိုင်ပါတယ်။ ဒီဝတ္ထုထဲမှာတော့ အာရင်ဘတ်က
ဇာတ်နာလောက်အောင် ရေးမထားပါဘူး။ မတူတဲ့အမြင်တွေကို အဖြေရှာကြည့်ကြတဲ့ ပုံစံကို
ရွေးချယ်ထားပါတယ်။ ဒါဟာ သူလိုချင်တဲ့ နွေဦးမျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
နောက် အတိတ်ရဲ့ ဖြတ်သန်းမှုတွေကို အင်ဒရေဆိုတဲ့
ကျောင်းဆရာအိုကြီးရဲ့ ဘဝနဲ့ ချိန်ဆထားတာ တွေ့ရတယ်။ လီနာရဲ့ ကျောင်းဆရာမဘဝနဲ့
နေ့စဉ်အိမ်ထောင်ရဲ့ကြားမှာ ရှင်ရခြင်းတွေကြည့်ရင် အဲဒီခေတ်ကာလ
ရုရှားအမျိုးသမီးတွေရဲ့ ဘဝရပ်တည်လှုပ်ရှားမှုတွေကို တွေ့နိုင်တယ်။
ပန်းချီဆရာပေါက်စဗိုလော့ယာရဲ့ လမ်းပျောက်နေတဲ့ အိပ်မက်တွေ၊ လက်တွေ့ဘဝနဲ့
အိပ်မက်ကြားမှာ ညှပ်ပိတ်ရှင်သန်နေရတဲ့ ပြဇာတ်မင်းသမီးတန်နက်ခါလိုလူတွေ၊
ဖိအားနဲ့အထီးကျန်မှု ဝေဒနာကြားမှာ တွန်းကန်လှုပ်ရှားရတဲ့ ဒေါက်တာဗီရာလိုလူတွေ၊
ဒီလိုလူတွေကို ဖလှယ်ပြီး မြင်ကြည့်မိတဲ့အခါ ကိုယ့်ဝန်းကျင်မှာလည်း တွေ့ရတယ်။ မြင်ရတယ်။
လှုပ်ရှားနေကြတယ်။ အဲဒီကနေ ဖုံးအုပ်လွှမ်းခြုံထားတဲ့ စနစ်တစ်ခုကိုလည်း မြင်လာတယ်။
စနစ်တစ်ခုရဲ့
ဝါးမြိုမှုအောက်မှာ ဆုံးရှုံးသွားတဲ့ လူတစ်ယောက်ရဲ့ အသိ၊အတွေး၊ ခံစားမှု၊ ဘဝ
စသဖြင့် ဘဝပေါင်းများစွာဟာ ဘယ်လောက် ဝါးမြိုခံရသလဲ၊ ကြိတ်ဝါးခံရသလဲ။ မတူညီတဲ့ အိပ်မက်တွေအစား
ဘုံတူညီချက်ဆိုတဲ့ သတ်မှတ်ဂိုက်လိုင်းနောက်ကိုပဲ လိုက်ပါရွေ့လျားနေကြရတဲ့
လူထုအတွက် ကိုယ့်ဘဝ ကိုယ့်အိပ်မက်ဆိုတာကို ရွေးချယ်ခွင့်မရှိဘူး။ အားလုံးဟာ
လူထုအိပ်မက်လို့ အမည်တပ်ထားတဲ့ စနစ်ပဲရှိတယ်။ အဲဒီစနစ်ရှင်သန်မှ
အဲဒီစနစ်အောင်မြင်မှ ဒီဘဝ လွတ်မြောက်လိမ့်မယ်လို့ ထင်ရတဲ့အထိ ရိုက်သွင်းထားတဲ့
စနစ်ဟာ ဘယ်အတိုင်းအတာအထိ အားကောင်းခဲ့သလဲ။ ဘယ်လောက်အားကောင်းခဲ့သလဲဆိုတာကို တွေ့နိုင်တယ်။
ဒါတောင်မှ ဒီဝတ္ထုဟာ အီလျာအာရင်ဘတ်က ဒီစနစ်ရဲ့
ကောင်းကျိုးဆိုးကျိုး ယိမ်းယိုင်မှုထက် ဒီစနစ်အတွင်း ပါဝင်နေသူတွေကိုပဲ
လှုပ်ရှားနေစေခဲ့တာ ဖြစ်တယ်။ အရှိအတိုင်းဖြစ်မှုတွေ ဖြစ်ကောင်းဖြစ်မယ်။ အဲဒီအချိန်
ရုရှားရဲ့ နိုင်ငံရေးစနစ်လည်ပတ်မှုကို ချပြတာ ဖြစ်ကောင်းဖြစ်မယ်။ ဒီစာအုပ်အတွက်
အာရင်ဘတ်ဟာ အများကြီး ဝေဖန်ခံခဲ့ရပါတယ်။ အထူးသဖြင့် တရုတ်ပြည်က လူငယ်တွေရဲ့ ဝေဖန်မှုကို
အကြီးအကျယ် ခံခဲ့ရပါတယ်။
ဒီဝတ္ထုရဲ့
ဇာတ်သိမ်းကို အာရင်ဘတ်က လှလှပပလေး သိမ်းပေးထားတယ်။ ပရိတ်သတ်အကြိုက်
ဖြစ်ကောင်းဖြစ်မယ်။ သူကိုယ်တိုင်ရဲ့ စိတ်ခံစားမှုလည်း ဖြစ်ကောင်းဖြစ်မယ်။
နှင်းခဲတွေ အရည်ပျော်ကျမယ့်အချိန်၊ တစ်နည်းအားဖြင့် နွေဦးဆိုတဲ့ မျှော်လင့်ချက်ကို
လှစ်ဟပြထားတယ်။ နွေဦးရောက်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီဇာတ်ကောင်တွေရဲ့
လှုပ်ရှားရှင်သန်မယ့် ဘဝတွေကို တွေးမျှော်မိတယ်။ ပိုကောင်းလာလိမ့်မလားဆိုတာတော့
စာဖတ်သူအတွက်လည်း မျှော်လင့်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်။
ဒီဝတ္ထုထဲက
ဇာတ်ကောင်တွေကို အာရင်ဘတ်က အဖြူအမည်း သဲကွဲနေအောင် ရေးပြမထားပါဘူး။
လူသားတစ်ယောက်ရဲ့ အမှားတွေ၊ အားနည်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့
ရောနှောရှင်သန်နေခြင်းတွေကိုပဲ ရေးပြသွားတာပါ။ ဝတ္ထုဟာနိုင်ငံရေးစနစ်ရဲ့ အခင်းအကျင်းအောက်က
လူသားတွေရဲ့ ဘဝကို မီးမောင်းထိုးပြထားတယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်ကောင်တွေရဲ့
အတွေးနဲ့ ခံစားမှုတွေက ဇာတ်လမ်းဇာတ်ကွက်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့
လူဆိုတာ ဘယ်လိုစနစ်၊ ဘယ်လို ဖိနှိပ်မှုနဲ့ပဲ ဖိနှိပ်သည်ဖြစ်စေ လူသားတစ်ယောက်ရဲ့
လွပ်လပ်တဲ့ တွေးခေါ်ခံစားမှုတွေကိုတော့ ဘယ်လိုမှ ဖိနှိပ်လို့မရနိုင်ဘူးဆိုတာ ပြောပြနေခဲ့တယ်။
ဒါကပဲ အီလျာအာရင်ဘတ်ဆိုလိုချင်တဲ့ အဓိပ္ပါယ် ဖြစ်ပါလိမ့်မယ်။
လူသားတစ်ယောက်ရဲ့
လွတ်လပ်တဲ့တွေးခေါ်မြော်မြင်မှုက လူသားတစ်ယောက်အတွက်
လူ့ဂုဏ်သိက္ခာဖြစ်နေခဲ့တယ်ဆိုရင် ဘယ်လိုလူသားတွေက ကိုယ့်ဂုဏ်သိက္ခာအတိုင်း
မရှင်သန်ချင်ပဲရှိပါ့မလဲ။ ကိုယ့်ရဲ့ လွတ်လပ်တဲ့ တွေးခေါ်မြော်မြင်မှုကို
ဖိနှိပ်တာမျိုး ဘယ်လိုလူကရော ခံချင်ပါ့မလဲ။ လူသားတစ်ယောက်အတွက် ဒါဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲလေ...။
နှင်းခဲပျော်ချိန် နွေဦးလို လူတိုင်းမျှော်လင့်ခွင့်ရှိပါတယ်။ လူဆိုတာ
မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပဲ မဟုတ်လား။ အသက်ရှင်နေသရွေ့
မျှော်လင့်ခွင့်ရှိသလို မျှော်လင့်ချက်ရှိနေသရွေ့လည်း အသက်ရှင်ခွင့်ရှိပါတယ်။ ဒါကပဲ
လူတစ်ယောက် ရှင်သန်နေခြင်းရဲ့ဘဝအဓိပ္ပါယ်ပါပဲ။
▀
ဆိုဝ်ငြယ်
-နှင်းခဲပျော်ချိန် - ကျော်ဝင်း
- The Thaw - Ilya Ehrenberg
- စာမျက်နှာ - ၂၅၂ မျက်နှာ
- အုပ်ရေ-၁၀၀၀
- တန်ဖိုး-၃၀၀၀ကျပ်
- ဒုတိယအကြိမ်၊၂၀၁၄၊အောက်တိုဘာလ၊
- ကျော်မွှေးစာပေ
ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...
မိန်းမတစ်ယောက်ရဲ့ ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့ မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံက...
ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စစ်သူရဲကောင်းတွေအကြောင်း အမွှန်းတင်ရေးသားခဲ့ကြသူတွေဟာ စစ်နိုင်သူတွေဖက်ကချည်း ရေးခဲ့ကြတာမို့ သိပ်အားကျဖို့ ကောင်းခဲ့တာတွေရှိတယ်။ စစ်ပွဲတစ်ပွဲရဲ့နောက်မှာ မွမွကြေသွားတဲ့...