ဆိုဝ်ငြယ်
ပထမဆုံး ဒီဝတ္ထုရဲ့ မူရင်းစာရေးဆရာမကြီးက ပါးလ်အက်စ်ဘတ်မို့ မူရင်း ဝတ္ထုအကြောင်းကို ခဏကျော်ထားလိုက်ပါရစေ။ ဘာသာပြန်သူဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ ဦးသုမောင် ဖြစ်နေတယ်။ ဦးသုမောင်ရေးခဲ့တဲ့ စာတွေထဲမှာ ရှားရှားပါးပါးတိုက်ရိုက် ဘာသာပြန်ဆိုထားတဲ့ ဝတ္ထုဖြစ်နေတာက ဒီဝတ္ထုရဲ့ ထူးခြားချက်ပါပဲ။
သိပ်မကြာခင်ကပဲ
စာဖတ်သူတစ်ယောက်က လတ်တလော ထွက်ရှိထားတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်အကြောင်းကို
ပြောထားတာ တွေ့လိုက်ရတယ်။ ဘာသာပြန်သူဟာ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်တယ်ဆိုရုံနဲ့
ဘာသာပြန်ဝတ္ထုရဲ့ မူရင်းရသတွေ အာဘော်တွေ စကားလုံးအလှတွေကို ဖမ်းဆုပ်နိုင်ပြီလို့
မဆိုနိုင်တဲ့အကြောင်းပေါ့။ မူရင်းစာပေကို ကျွမ်းကျင်ဖို့ လိုအပ်သလို
မြန်မာစာပေကိုလည်း နှံ့စပ်သိမြင်ပြီး ဝေါဟာရကြွယ်ဝတဲ့အခါ ဘာသာပြန်ဝတ္ထုတွေဟာ
ဘာသာပြန်ထားတယ်လို့ မခံစားရတော့ပဲ မူရင်းဝတ္ထုရေးသူက မြန်မာဘာသာနဲ့
ရေးပြပြောပြနေသလို ခံစားရတယ်ဆိုတဲ့အကြောင်းကို ဖတ်လိုက်ရတယ်။ ဒီနေရာမှာ
ဘာသာပြန်ခြင်းကို ဝေါဟာရကြွယ်ကြွယ်နဲ့ မူရင်းစာရေးသူရဲ့ လေသံဟန်ပန်နဲ့
ဘာသာပြန်တဲ့အခါ ဘာသာပြန်သူဟာ မူရင်းစာရေးဆရာကို လေးစားစိတ်ဖြစ်နေတယ်ဆိုတဲ့
ခံစားမှုမျိုးကိုပါ ခံစားရတယ်။ အချို့သော ဘာသာပြန်သူတွေက မလိုအပ်တဲ့
စကားလုံးကွန့်မြူးမှုတွေနဲ့ အပိုစကားလုံးတွေကိုပါ ရောထွေး ပစ်ဝင်ပစ်လိုက်တဲ့အခါ
ဘာသာပြန်ဝတ္ထုဟာ ဘာသာပြန်ထားတာနဲ့ မတူတော့ပဲ သူများဝတ္ထုကို ကိုယ်လိုသလို
ကျုံ့လိုက် ဆန့်လိုက် အမြီးတပ် ခေါင်းတပ်လုပ်ထားသလိုမျိုး ဖြစ်နေတတ်တယ်။
ဝတ္ထုကောင်းပေမယ့် စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ဒါဟာ ဘာသာပြန်သူက မူရင်းစာရေးသူကို
မလေးစားရာကျသလို စာဖတ်သူတွေကိုလည်း အလေးမထားရာကျတယ်လို့ပဲ မြင်ပါတယ်။
ဒါမျိုးရေးနည်းကို မှီးတယ်လို့ ဆိုရင်လည်းဆို မူရင်းဝတ္ထုကို
အနည်းငယ်ဖျက်ဆီးထားတယ်လို့ပဲ ပြောရင်ပြော၊
ဘာသာပြန်ထားပါတယ်ဆိုတာမျိုးကတော့သုံးနှုန်းဖို့ မသင့်ပေဘူးလို့ မြင်ပါတယ်။
ဒီဝတ္ထုထဲမှာ
ဆရာသုမောင်ရဲ့ ဘာသာပြန်သမားကောင်းပုံရိပ်တွေ ထင်ထင်ရှားရှား စိမ့်ဝင်နေတာကို
တွေ့ရတာကတော့ ကျေနပ်စရာကောင်းလှပါတယ်။ မူရင်းရေးသူဆရာမကြီးဟာ
စာပေနိုဘယ်လ်ဆုရထားတဲ့သူ၊ ပြီးတော့အမျိုးသမီး စာရေးသူ၊ ရေးထားတဲ့
ဝတ္ထုနောက်ခံအခင်းအကျင်းကလည်း အမျိုးသမီးတစ်ယောက်ရဲ့ ဘဝနဲ့
ခံစားချက်တွေကို လှလှပပဖွဲ့ထားတဲ့ ဝတ္ထု။ ဒီလိုအနေအထားကိုမှ အမျိုးသား စာရေးဆရာ
ဆရာသုမောင်ရဲ့ ဘာသာပြန်ဟန်က လက်ဖျားခါလောက်စရာ ချီးကျူးဖို့ကောင်းတယ်လို့ပဲ
ဆိုချင်မိတယ်။ ဝတ္ထုကို ဖတ်နေရင်း ဆရာသုမောင်ဆိုတာ ပျောက်နေခဲ့တယ်။ ဆရာမကြီး
ပါးလ်အက်စ်ဘတ်ကိုယ်တိုင် မြန်မာလို ရေးသားပြောပြနေသလိုမျိုး ဖြစ်နေတာက ဖတ်နေရတဲ့
ခံစားချက်ပါ မျောပါသွားတဲ့အထိပါပဲ။ ဘာသာပြန်ဟန်နဲ့ ပတ်သက်ပြီး လုံးဝစိတ်ချထားလို့ရတယ်ဆိုတဲ့
ခံစားချက်မျိုးကို ဆရာသုမောင်က ပေးစွမ်းလိုက်တာပါပဲ။ အကယ်၍များ ဆရာသုမောင်သာ
နောက်ထပ် ဘာသာပြန်ဝတ္ထုတစ်အုပ် ထွက်မယ်ဆိုရင် ယုံမှားဖွယ်မရှိလက်ခံရပါလိမ့်မယ်ဆိုတဲ့
ခံစားချက်မျိုးကို ရရှိစေနိုင်တဲ့အထိ ဒီဝတ္ထုရဲ့ ဘာသာပြန်ပုံက သေသပ်လှပလွန်းလှပါတယ်။
ဒီဝတ္ထုကို စပြီး ဘာသာပြန်ဖို့ လုပ်တော့
ဘယ်လိုနည်းနဲ့ ပြန်ရမလဲဆိုတာ တော်တော် ဒုက္ခရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ဘယ်လိုနည်းနဲ့ ပြန်မလဲ။ ပါးလ်အက်စ်ဘတ်ရဲ့ဝတ္ထုကို ခံစားနေတဲ့
အခြားတစ်ယောက်အဖြစ်ကနေလား။ ကိုယ်တိုင်ခံစားနေရတဲ့ ခံစားမှုကနေ ပြန်မလားဆိုတဲ့
ရွေးချယ်မှုနောက်မှာ ဘာသာပြန်ခြင်းက နောက်ကျနေခဲ့ပါသတဲ့။ နောက်တော့ ဆရာက
ပါးလ်အက်စ်ဘတ်ရဲ့ ခံစားမှု ပါးလ်အက်စ်ဘတ်ရဲ့ အတွေးစိတ်ကူးတွေကနေ
လိုက်ပါခံစားတဲ့အခါမှ အဆင်ပြေသွားတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ
ဘာသာပြန်သူရဲ့ စေတနာ၊ ကျွမ်းကျင်မှုနဲ့ အားထုတ်မှုတွေက ဝတ္ထုကို
ဖတ်ရှု့ခံစားသူဆီကို ကူးစက်စေနိုင်တယ်ဆိုတာကတော့ စာဖတ်သူတွေတိုင်းက
နားလည်ထားပြီးသားပါ။ ဒီဝတ္ထုမှာ ဘာသာပြန်ဆရာရဲ့ စေတနာတွေ၊ အားထုတ်မှုတွေ၊
ကျွမ်းကျင်မှုတွေကို အတိုင်းသား မြင်တွေ့ခွင့် ရခဲ့ပါတယ်။
□
မိန်းမတစ်ယောက်အတွက်
အချစ်၊ ဘဝ၊ အိမ်ထောင်ရေးဆိုတာ ဘာတွေလဲ။ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲလို့
မေးလာခဲ့ရင် အဲဒီမိန်းမဟာ ဘယ်ဘာသာဝင်လဲ။
ဘာလူမျိုးလဲ။ ဘယ်နိုင်ငံသားလဲဆိုတဲ့ မေးခွန်းမျိုးကို
ပြန်လည်ဖြေကြားဖို့လိုတယ်လို့ ဆိုရပါလိမ့်မယ်။အရှေ့တိုင်းသား မိန်းမတစ်ယောက်ရဲ့
ပြုစုပျိုးထောင်ခံရမှုတွေ၊ ဘဝအပေါ်၊ အချစ်အပေါ်၊ အိမ်ထောင်ရေး အပေါ် ရှုမြင်
သုံးသပ်လက်ခံပုံတွေဟာ အနောက်နိုင်ငံက အမျိုးသမီးတစ်ယောက်နဲ့ ဘယ်နည်းနဲ့မျှ
တူနိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက သူက ဘယ်ဘာသာကို
သက်ဝင်ယုံကြည်ကိုးကွယ်သလဲဆိုတဲ့ မေးခွန်းနဲ့ ထပ်ဆင့်ကြည့်လိုက်တဲ့အခါ
ကွဲပြားခြားနားတဲ့ လူနေမှုဘဝတွေ၊ မတူညီတဲ့ မိန်းမသားတွေရဲ့ ဘဝတွေဆိုတာကို
လူသားတစ်ဦး၊ မိန်းမသားတစ်ဦးဆိုတဲ့ ပုံရိပ်တွေထက် ကျော်လွန်ပြီး ထင်ရှားပြတ်သားတဲ့
ကွဲပြားမှုတွေ ဖြစ်သွားစေပါတော့တယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို ဖယ်လိုက်ရင်
မိန်းမဆိုတာ မိန်းမပဲ မဟုတ်လား။
မိန်းမတစ်ယောက်ရဲ့
ဘဝမှာ အိမ်ထောင်ဖက်ဆိုတာ ဘယ်အတိုင်းအတာအထိ အရေးပါတတ်ကြသလဲ။ အိမ်ထောင်ဖက်ကို
ရွေးချယ်ကြတဲ့အခါ အချစ်တစ်ခုတည်းနဲ့ လုံလောက်ရဲ့လား။ ပြီးတော့ သားသမီးဆိုတဲ့
မျိုးဆက်တွေရဲ့ ဖြစ်လာမယ့် လက်ခံယုံကြည်မှုတွေ အတွေးအခေါ်တွေကရော
မိဘမျိုးရိုးဆိုင်ရာ ပြဿနာတွေထဲမှာ ဘယ်အတိုင်းအတာအထိ သက်ရောက်စေနိုင်စွမ်းရှိသလဲ။
ဒါတွေဟာ လူသားတစ်ယောက်ဆိုတဲ့ အခြေခံအကျဆုံး ရှင်သန်မှုအပေါ်မှာ
ရစ်ဖွဲ့သိုင်းချည်ထားတဲ့ လူ့လောက လူ့ပတ်ဝန်းကျင်ရဲ့ စည်းမျဉ်းတွေပါလို့
ပြောလိုက်ရင် လူတိုင်းလက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမယ့်
လူတိုင်းတွေ့ကြုံကြရမယ့် လူ့လောကကတော့ အဲဒီနည်းအတိုင်း သွားနေတာပါပဲ။ ဘယ်လောက်ပဲ
ကြီးကျယ်တဲ့ ခေတ်စနစ်ဖြစ်နေပါစေ၊ ဘယ်လိုတိုးတက်တဲ့ နည်းပညာကမ္ဘာကြီး ဖြစ်နေပါစေ။
လူ့ပတ်ဝန်းကျင်မှာ သိုင်းရစ်ချည်နှောင်ထားတဲ့ စည်းမျဉ်းတွေအောက်ကနေတော့
လွတ်မြောက်နိုင်စွမ်း မရှိကြပါဘူး။ အတင်းဖြတ်တောက်ဖို့ ကြိုးစားကြသူအချို့ကလွှဲရင် လူတိုင်း အနည်းနဲ့အများ
ကြုံတွေ့ကြရတဲ့ လူ့အသိုင်းအဝိုင်းစည်းမျဉ်းတွေပဲ မဟုတ်လား။
လွတ်လပ်ပွင့်လင်းတဲ့
တိုင်းပြည်တစ်ခုက မိန်းမတစ်ယောက်ဟာ ဇာတိမာန ဂုဏ်မာနတွေ ကြီးစိုးလှပါတယ်ဆိုတဲ့
တရုတ်သွေးနှောသူတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခြင်းက ဒီနေ့ခေတ်မှာတော့ ထူးဆန်းတဲ့
ဖြစ်ရပ်တွေလို့ မဆိုနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီဝတ္ထုရဲ့ အခင်းအကျင်းတွေကတော့
တရုတ်နိုင်ငံရဲ့ ခေတ်ပြောင်းတော်လှန်ရေးထွန်းကားချိန်၊ တရုတ်ရဲ့
နိုင်ငံရေးပေါက်ပြဲမှု ရေချိန်မြှင့်တက်နေတဲ့အချိန်လေ။ အိဗ်လို့
ချစ်စနိုးအခေါ်ခံရတဲ့ မိန်းမတစ်ယောက်က အမေရိကန်မိဘတွေက အမေရိကမှာပဲ မွေးဖွားခဲ့တဲ့
အမေရိကန်သူစစ်စစ် သာမန် အမေရိကန်နိုင်ငံသူ၊ အမေရိကန်နိုင်ငံသားဆိုတဲ့ အခွင့်အရေးကို
အပြည့်အဝရတဲ့သူပါပဲ။ ဘုရားသခင်ရဲ့ နံရိုးတစ်ချောင်းလို့ပဲ ဆိုဆို၊
ကံကြမ္မာရဲ့စေ့ဆော်မှုလို့ပဲ ပြောပြောတရုတ်သွေးနှောထားတဲ့ ကောင်လေးတစ်ယောက်နဲ့မှ
စစ်မှန်တဲ့ အချစ်အကြောင်း၊ လောကထဲက အကြွင်းမဲ့ ချစ်ခြင်းအကြောင်းကို ကောင်းကောင်း နားလည်ခွင့်ရခဲ့တဲ့
မိန်းကလေးတစ်ယောက်အတွက် အချစ်သည်သာ အရာရာ ဖြစ်ခဲ့တယ်။ အချစ်ရှိရုံနဲ့
ပြည့်စုံတဲ့ ဘဝမှာလည်း နေပျော်ခဲ့ကြသူတွေဟာ အိဗ် (သို့မဟုတ်) အယ်လစ္စဘတ်နဲ့
သူ့ချစ်သူ ဂျယ်ရီမက်လွိုက်ယဒ်တို့ပါပဲ။ ဘဝနှစ်ခုကို တစ်ခုထဲ တည်ဆောက်လိုက်တဲ့အခါ
အချစ်တွေ၊ နားလည်မှုတွေနဲ့ ပြည့်စုံနေခဲ့ပေမယ့် လူ့ပတ်ဝန်းကျင်နဲ့ သွေဖည်နေတာမှ
မဟုတ်ပဲလေ။ မမြင်ရတဲ့ ကြမ္မာဆိုတာကလည်း အချိန်အခါ
နေရာဒေသမရွေးရောက်လာတတ်တာမျိုးပါပဲ။ သူတို့ဆီရောက်လာတဲ့ ကံကြမ္မာဆိုးဟာ
တရုတ်နိုင်ငံရဲ့ ခေတ်ပြောင်းတော်လှန်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေးတွေဆိုရင်
အံ့ဩစရာတော့ မရှိပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ ကံဆိုးမိုးမှောင်ကျမှုဆိုတာ
အဲဒီနိုင်ငံမှာနေထိုင်ကြတဲ့ နိုင်ငံသားတိုင်းအပေါ် သက်ရောက်တတ်တာမျိုးလေ။ ဆိုတော့
တရုတ်နိုင်ငံသားတွေနဲ့အတူ သူတို့ ကံဆိုးခဲ့ကြလေပြီပေါ့….။
ဂျယ်ရီဟာ
အမေရိကန်အဖေနဲ့ တရုတ်အမေက မွေးတဲ့ ကပြား။ သူ့သွေးသားထဲကနေ တရုတ်နိုင်ငံကို
ချစ်တဲ့သူ။ တရုတ်ရိုးရာယဉ်ကျေးမှုတွေကို မြတ်နိုးတဲ့သူ အရှေ့တိုင်းမြေမှာမှ
ပျော်တတ်သူ။ အယ်လစ္စဘတ်ကတော့ အချစ်ဖြင့်သာ တစ်ဘဝလုံးကို ပြည့်စုံချင်တဲ့သူ။
ချစ်သူရှိရာအရပ်ဟာ အယ်လစ္စဘတ်အတွက်တော့ နေပျော်တဲ့ ကမ္ဘာပါပဲ။ ကွန်မြူနစ်စနစ်ရဲ့
အနောက်တိုင်းယဉ်ကျေးမှုတွေ အနောက်တိုင်း အတွေးအခေါ်ဆန့်ကျင်ရေးတွေက တရုတ်ပြည်မှာ
လှိုင်းလုံးကြီးလို ရိုက်ခတ်လာတဲ့အခါ သူတို့ရဲ့နေပျော်တဲ့ လောကကြီးဟာ
အက်ကြောင်းတစ်ခုလို ဖြစ်လာတော့တယ်။ ချစ်တဲ့စိတ်ကြောင့်ပဲ နီးစေတတ်သလို ချစ်တဲ့စိတ်တွေကပဲ
ဝေးစေတတ်သလား မသိဘူးပေါ့။ ဂျယ်ရီဟာ အိဗ်နဲ့သားဖြစ်သူ ရယ်နီကို အိဗ်ရဲ့ မွေးရပ်မြေ
ဗားမောင့်ကို ပြန်စေခဲ့တယ်။ တစ်နေ့ ခေတ်ကောင်းသွားတဲ့အခါဆိုတဲ့ မျှော်လင့်ချက်ကို
ဆုပ်ကိုင်ပြီး သူတို့ရဲ့ ကိုယ်စီအချစ်တွေကို ယုံကြည်ကြရင်းနဲ့ပဲ စာအဆက်အသွယ်နဲ့ သူတို့ဝေးကွာနေတဲ့အချစ်တွေကို
နီးစပ်စေခဲ့တယ်။
အကြွင်းမဲ့ယုံကြည်မှုတွေနဲ့
ချည်နှောင်ခဲ့ကြတဲ့ အချစ်တွေကရော ဝေးကွာတတ်ကြပါသလား…။
စာအဆက်အသွယ်လေးတစ်ခုကိုသာ
မျှော်လင့်ချက်တစ်ခုလို ဆုပ်ကိုင်ခဲ့ကြတဲ့ သူတို့ကြားကို ရောက်လာတဲ့ စာတစ်စောင်က
ချစ်ရတဲ့ ဂျယ်ရီဆီက အိဗ်ဆီကို ပေးပို့လိုက်တဲ့ နောက်ဆုံးစာ။ အိဗ်ဆိုတဲ့ နာမည်ဟာ
အယ်လစ္စဘတ်ကို အိဗ်(ဧဝ)ဆိုတဲ့ နာမ်စားအဖြစ် ဂျယ်ရီခေါ်ခဲ့တဲ့ အမည်ပါပဲ။
“ချစ်လှစွာသော
အချစ်
မောင်ရေးစရာရှိတဲ့
အကြောင်းတွေ မရေးခင် ‘မင်းကိုသာ မောင်အချစ်ဆုံး’ဆိုတာ မင်းမေ့မသွားဖို့ သတိလေး
ပေးပါရစေ။ အခုနေအခါမှာ မောင်ဘာတွေပဲ လုပ်နေ လုပ်နေ ဘာတွေပဲ ဖြစ်နေဖြစ်နေ
ဒီကမ္ဘာပေါ်မှာ မင်းကိုသာ မောင်အချစ်ဆုံးဆိုတာကိုလဲ မမေ့ပါနဲ့”
ချစ်လှစွာသော
ဂျယ်ရီဆီကနေ ရောက်လာတဲ့ နောက်ဆုံးစာလေးရဲ့
အဖွင့်တဲ့။ တစ်နေ့ တွေ့ဆုံနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့
မိန်းမတစ်ယောက်ဆီကို ခင်ပွန်းဖြစ်သူဆီက နောက်ဆုံးစာလေးတစ်စောင်ကတော့
ရောက်ရှိလာခဲ့ပြီ။ အိဗ် ဘယ်လိုများ ဆုံးဖြတ်မလဲ။ ခင်ပွန်းဖြစ်သူရှိရာဆီ လိုက်သွားမလား။
ဒါကို အရွယ်ရောက်လာခဲ့ပြီဖြစ်တဲ့ သားဖြစ်သူ ရယ်နီကို ဘယ်လိုများ ပြောပြမလဲ။
တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေအောက်မှာ ဂျယ်ရီတစ်ယောက် ဘယ်လိုတွေ
ကြုံတွေ့ခဲ့လို့များ လူကိုယ်တိုင်အစား၊ နောက်ဆုံးစာလေးတစ်စောင်သာ
ကိုယ်စားပေးပို့ခဲ့တာလဲ။
□
အချစ်တစ်ခုကနေ
စတင်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုနောက်မှာ အိမ်ထောင်တာဝန်တွေကို ထမ်းရွက်သူ၊
အိမ်ထောင်တာဝန်တွေကို တည်ဆောက်သူတွေက လင်ဖြစ်သူကလား။ သို့မဟုတ် ဇနီးဖြစ်သူကလား။
နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်လို့ ဆိုကြပါစို့။ တာဝန်ပျက်သူကို
ဘယ်လူ့အသိုင်းအဝိုင်းက အပြစ်ပေးလို့ ရနိုင်ပါ့မလဲ။ ဘယ်လိုများ
အပြစ်ပေးနိုင်မှာမို့လို့လဲ။ အိမ်ထောင်တာဝန်ပျက်ကွက်သူဟာ
ကိုယ်တိုင်အကြောင်းကြောင့် ဖြစ်နိုင်သလို အမျိုးမျိုးသော ပတ်ဝန်းကျင် အကြောင်းကြောင်းတွေကြောင့်လည်း
ဖြစ်နိုင်နေတာမျိုးလေ။ အိမ်ထောင်ရေးတစ်ခုမှာ လင်ယောကျ်ားဖြစ်သူက အိမ်ထောင်ကို တည်ထောင်သူဆိုရင်
ဇနီးမယားဖြစ်သူက အိမ်ထောင်ကို
ကာကွယ်သူပါပဲ။ အဲဒီဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့ လင်ဖြစ်သူမှာရော၊
ဇနီးမယားဖြစ်သူမှာပါ တာဝန်ရှိနေတယ်ဆိုတာကို အိမ်ထောင်ရှင်တိုင်း
ငြင်းချက်ထုတ်နိုင်မယ် မထင်ပါဘူး။
အိမ်ထောင်ဆိုတာဟာ
လူသားနှစ်ယောက်ပေါင်းစည်း တည်ဆောက်လိုက်တဲ့ ကိုယ်ပိုင်အဖွဲ့အစည်းလေးတစ်ခု
ဖြစ်မယ်ဆိုရင် အဲဒီအဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်ရမယ့် အသိုက်အဝန်းတွေ ပါလာခဲ့ပြီ။
သူ့ဘက် ကိုယ့်ဘက် မျိုးရိုးတွေ ယဉ်ကျေးမှုတွေ
သူ့အတွေးအခေါ် အယူအဆ ကိုယ့်အတွေးအခေါ် အယူအဆတွေ ဖြစ်လာပြီ။ နောက်ထပ်
အရေးကြီးတာကတော့ လူနှစ်ယောက်ဆီကနေ ပေါက်ဖွားလာမယ့် သွေးသားမျိုးဆက်တွေပါပဲ။ သူကဖြူလို့
ကိုယ်က နီတယ်ဆိုပေမယ့် အဲဒီလူနှစ်ယောက်ကနေ စီးဆင်းပေါက်ဖွားလာတဲ့ သွေးသားကတော့
အနက်ကိုမှပဲ လက်ခံမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။
သားသမီးဆိုတာ
မိဘတွေကို ရွေးချယ်ခွင့်ရသူတွေမဟုတ်သလို မိဘတွေကလည်း သားသမီးတွေကို ရွေးချယ်ခွင့်ရသူတွေ
မဟုတ်ပါဘူး။ သားသမီးနဲ့
မိဘတွေကြားမှာ မိဘတွေကတော့ နည်းနည်းလေးပိုတဲ့ အခွင့်အရေးလေးရှိတာက သားသမီးတွေကို
ထိန်းကျောင်းပဲ့ပြင်ခွင့် ပုံစံတကျ ပုံဖော်ခွင့်ရကြတာလေးပါပဲ။ သားသမီးတွေကတော့
မိဘမျိုးရိုး သွေးသားတွေကို လက်ခံလိုက်ဖို့ကလွှဲရင် ငြင်းဆန်ခွင့်မရကြတာက
သားသမီးတွေနဲ့ မိဘတွေကြားမှာ ခေတ်အဆက်ဆက် ဖြစ်ပျက်နေကျ ပြဿနာတွေလို့တောင်
ဆိုရမလိုပါပဲ။ အထူးသဖြင့် မိဘတွေနဲ့ သားသမီးတွေက မျိုးဆက်တစ်ခုစာ ကွာဟသွားတဲ့အခါ
ဒီနေ့ခေတ်လို မြန်မြန်ဆန်ဆန် ရွေ့လျားနေတဲ့ ကာလပေါ်သားသမီးတွေနဲ့
ရှေးရိုးစွဲမိဘတွေထိပ်တိုက်တွေ့ကြတဲ့အခါ မိဘနဲ့ သားသမီးကြားက ပြဿနာတွေဆိုတာ
ပွတ်တိုက်မိတော့တာမျိုးပေါ့။
အမေရိကန်မြေပေါ်မှာ
အရွယ်ရောက်လာတဲ့ သားတစ်ယောက်ကို ထိန်းကျောင်းရတဲ့ အယ်လစ္စဘတ်နဲ့ အဝေးက
အဖေဖြစ်သူအပေါ် ယုံကြည်မှုလျော့နည်းလာတဲ့ သားဖြစ်သူ ရယ်နီတို့ ကြားမှာ စိတ်တွေဝေးကွာမသွားစေလိုတဲ့
အယ်လစ္စဘတ်က အများကြီး ကြိုးစားခဲ့ပေမယ့် ရယ်နီဟာ ကိုယ်ပိုင်အတွေးအခေါ်ကို တည်ဆောက်ဖို့
ကြိုးစားခဲ့ပြီလေ။
မိဘမျိုးရိုးကို
လက်ခံဖို့ ခက်ခဲနိုင်တဲ့ ဆယ်ကျော်သက်တစ်ယောက်အတွက် ပတ်ဝန်းကျင်ဖိအားကလည်း
လွယ်ကူနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်က ဖားလား ငါးလားဆိုတာကို တိတိကျကျလက်ခံဖို့
ဖားဆိုလည်း ဖားစစ်စစ်,
ငါးဆိုလည်း ငါးစစ်စစ် ဖြစ်ဖို့ဆိုတာက ကိုယ့်မိဘတွေကို ဘယ်လို
တောင်းဆိုရမှာလဲ။
ဆရာမကြီး
ပါးလ်အက်စ်ဘတ်ဟာ သူကိုယ်တိုင်များ ကြုံတွေ့ခဲ့လေသလားလို့ ထင်မှတ်ရလောက်အောင်
ဇာတ်ကောင်ရဲ့ ပထမနာမ်စားနဲ့ပဲ တစ်လျှောက်လုံးရေးသားထားတာပါ။ မိန်းမသားတစ်ယောက်ရဲ့
မျှော်လင့်ချက်တွေ အလိုဆန္ဒတွေ၊ တည်ဆောက်ထိန်းသိမ်းရတဲ့ ဘဝဟန်ချက်ညီမှုတွေကို
အယ်လစ္စဘတ်ကနေ ပြောပြသွားခဲ့ပါတယ်။ နိုင်ငံရေးအခင်းအကျင်းရယ်လို့ တိတိကျကျ
မပါဝင်ပါပဲ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတွေအောက်မှာ ကိုယ်တိုင်
ကျူးလွန်လိုက်တဲ့ အမှားမဟုတ်ပါပဲ ကြားညှပ်ပေးဆပ်လိုက်ကြရသူတွေရဲ့ ပုံရိပ်တွေကို
မှိုင်းပျပျ မြင်ခွင့်ရစေခဲ့တာမျိုးပါ။ အချစ်ဆိုတာ ဘာလဲ၊ အိမ်ထောင်ဆိုတာ ဘာလဲ။
မိသားစုဆိုတာ ဘာလဲ၊ မျိုးရိုး သိက္ခာဆိုတာ ဘာလဲ။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာဆိုတာ
ဘာလဲဆိုတာမျိုးကို မေးခွန်းထုတ်မိစေတာက နိုင်ငံရပ်ခြားက ပေးလာတဲ့ ပေးစာတစ်စောင်ကနေ
စတင်ခဲ့တယ်ဆိုရင် အဲဒီစာနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို
တငြိမ့်ငြိမ့်စီးဆင်းနေသလို သိမ်သိမ်မွေ့မွေ့လေး ရေးပြသွားသူက ဆရာမကြီး
ပါးလ်အက်စ်ဘတ်ဖြစ်နေတာကြောင့်လို့ပြ ဆိုပါရစေတော့…။
▀
ဆိုဝ်ငြယ်
-ရှင်နေမင်းမှ
ပေးသောစာ - သုမောင် (ဘာသာပြန်)
- Letter from Peking-
Pearl S. Buck (မူရင်း)
-စာမျက်နှာ
-၂၈၉ မျက်နှာ
-အုပ်ရေ
-၅၀၀
-၂၀၁၄၊
ဒီဇင်ဘာလ၊ တတိယအကြိမ်
-ဇွန်ပွင့်စာအုပ်တိုက်
ပါတီရဲ့ မူဝါဒလို့ ကြွေးကြော်ပြီး သားဖွားသူကနေ သားသတ်သမားလို ဖြစ်ခဲ့ရတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ဘဝမှာ ဒါတွေဟာ လုပ်ရိုးလုပ်စဉ်တွေ၊ နိုင်ငံသစ်အတွက် နည်းစနစ်သစ်တွေလို့ ယုံကြည်ခဲ့တယ်။ ဘာကိုမှ မတွေးနိုင်ဘူး။ပါတ...
ပုံစံခွက်တစ်ခုထဲမှာ ဘဝကိုပါ နစ်မြှုပ်သွားစေတဲ့အထိ အမြစ်စွဲသွားတဲ့ အိုင်ဗင်လိုလူတွေက ကိုယ့်ဝန်းကျင်မှာ အများဆုံးဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတ္တတစ်ခုကလွှဲရင် ဘာကိုမျှ မကြည့်တတ်၊ ဂရုမစိုက်တတ်သူမျိုး ကိုယ့်အ...
ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စစ်သူရဲကောင်းတွေအကြောင်း အမွှန်းတင်ရေးသားခဲ့ကြသူတွေဟာ စစ်နိုင်သူတွေဖက်ကချည်း ရေးခဲ့ကြတာမို့ သိပ်အားကျဖို့ ကောင်းခဲ့တာတွေရှိတယ်။ စစ်ပွဲတစ်ပွဲရဲ့နောက်မှာ မွမွကြေသွားတဲ့...