#ဆိုင်ငြယ်
တရုတ်ပြည်ကြီးထဲက
သေးငယ်လွန်းတဲ့ ဇနပုဒ်ဒေသ၊ အလုပ်ကြမ်းနဲ့ ဖက်ရုန်းနေရတဲ့ လယ်သမားလေး ဝမ်လန်းရဲ့
မကြီးကျယ်သော အိမ်ထောင်ဖက်၊ မခမ်းနားသော သတို့သမီး ရွေးချယ်ခြင်းအကြောင်းနဲ့
နိဒါန်းချီထားတဲ့ ဇာတ်လမ်းရှည်တစ်ပုဒ် ။ ဖခင်အိုတစ်ယောက်အပြင်
လယ်မြေလေးနည်းနည်းကို ပိုင်ဆိုင်သူ၊ တောသားတစ်ယောက်ရဲ့ မကျယ်ဝန်းသောဝန်းကျင်ကို
ဝမ်လန်းရဲ့ မင်္ဂလာဧည့်ပရိတ်သတ်နဲ့ တိုင်းတာလို့ ရနိုင်တယ်။ တရုတ်လူမျိုးတို့
သခင်ကြီးလို့ ခေါ်ဆိုတတ်ကြတဲ့ လူချမ်းသာတို့ အိမ်တော်ကနေ သတို့သမီးတစ်ယောက်ကို
သွားရောက်တောင်းရမ်းခေါ်ဆောင်တဲ့အခါ လူချမ်းသာတို့အတွက် ဘာမှ မကြီးကျယ်တဲ့ ကျွန်,မလေးတစ်ယောက်ဖြစ်တဲ့
အိုလင်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ဝမ်လန်းအတွက်တော့ ဘဝနဲ့ချီပြီး ကြီးကျယ်သော
သတို့သမီးတစ်ယောက်၊ ဝမ်လန်းရဲ့ ဘဝအပြောင်းအလဲကို ယူဆောင်လာပေးနိုင်တဲ့
အိမ်ထောင်ဖက်တစ်ယောက်ဖြစ်လာခဲ့တယ်။
တရုတ်လူချမ်းသာတွေရဲ့
နေထိုင်ပြုမူပုံတွေ၊ စည်းစိမ်ခံပုံတွေ၊ ရှုပ်ထွေးပွေလီတဲ့ လူမှုစရိုက်နဲ့
ကျင့်ဝတ်ဖောက်ပြားတတ်တဲ့ လူချမ်းသာဘေးက အကပ်အမြှောင်တွေကို အိုလင်နေထိုင်ခဲ့တဲ့
သခင်ကြီးဟွမ်တို့ စံအိမ်ဝန်းကျင်မှာ တွေ့မြင်ခွင့်ရတယ်။ ဆင်းရဲမွဲတေ နုံချာတဲ့
တောသားတစ်ယောက်ကို အချဉ်ဖမ်းဖို့ ကြိုးစားတဲ့ တံခါးစောင့်၊ ဘိန်းပြောင်းကိုသာ
ဘဝလို့ထင်နေသူ သခင်မကြီးနဲ့ လူ့ဘဝ ကာမစ္ဆန္ဒအလျဉ်ကို မရပ်တန့်ချင်တဲ့ သခင်ကြီးတို့
ဘဝကိုလည်း မြင်တွေ့ခွင့်ရတယ်။ အစေခံမိန်းမတို့ ဘဝအကြောင်းကိုတော့
အိုလင်ရဲ့ဝန်းကျင်ကနေ ခပ်ရိပ်ရိပ်မြင်ခွင့်ရခဲ့တယ်။
တရုတ်လူဆင်းရဲတို့ရဲ့
နေထိုင်စားသောက်ပုံ၊ ဘဝအိပ်မက်ကို ဝမ်လန်းရဲ့ဖခင်ဖြစ်သူ ဇာတ်ကောင်မှ
ဝင်ဖြည့်ထားတာက သဘာဝကျကျ။ ရိုးသားမှုနဲ့ အ,နမှုအပြင် ကြွားဝါလိုက်ချင်တတ်တဲ့
ဉာဉ်လေးခေါင်းထောင်လာတတ်ပြီး သနားကြင်နာတတ်တဲ့စိတ် နှလုံးသားနုနုနဲ့ လယ်သမား
ဝမ်လန်း မိန်းမတစ်ယောက် ရပုံတွေကလည်း နည်းနည်းတော့ ပြုံးမိစေသား။
ခြေသေးအစုံကို
ကြာဖူးငုံလို ထုပ်ချည်ထားမှ အလှတရား ဖြစ်တယ်ဆိုတဲ့ တရုတ်တွေရဲ့ ဓလေ့စရိုက်ကြားမှာ
ခြေထောက်တွေကို မစည်းနှောင်ခဲ့လို့ ကြီးမားတဲ့ခြေထောက်တွေရဲ့ ပိုင်ရှင်
အိုလင်ကတော့ လယ်သမားဝမ်လန်းအတွက် အကောင်းဆုံး ပါရမီဖြည့်ဖက် ဖြစ်ခဲ့တယ်။
ဒိုးတူဘောင်ဘက်ရုန်းကန်လိုက်
သားယောကျာ်းလေးတစ်ယောက်ကို မွေးဖွားလိုက်၊ အိမ်မှုကိစ္စတွေကို
ထောင့်စေ့အောင်လုပ်လိုက်နဲ့ အိုလင်ဆိုတာ ဝမ်လန်းအတွက်တော့ ဘုရားသခင်ပေးသော
ကောင်းချီးတစ်ခုလို့ ဆိုရမယ်။ ခြေထောက်မသေးတာကို ခွင့်လွှတ်နိုင်တယ်။မပြေပြစ်သော
ရုပ်ရည်ကို ဝမ်လန်းမမြင်၊ နှုတ်ထွက်စကားနည်းပါးလွန်းတာကိုလည်း အပြစ်လို့မထင်
အိုလင်လို ဇနီးကိုရတဲ့ ဝမ်လန်းအတွက် ကံကောင်းလှလေခြင်းပါပဲ။
လုပ်နိုင်သမျှ
ကာယခွန်အားစိုက်ထုတ်၊ ရိပ်သိမ်းချိန်ရောက်ရင် ရိတ်သိမ်းလိုက်၊ လုပ်အားကနေ
သီးပွင့်သမျှ သိမ်းထုပ်စုဆောင်းရင်း ငွေစကြေးစ စုဆောင်းနိုင်တဲ့ဘဝကို ဝမ်လန်းတို့
ရောက်လာခဲ့ကြတာက ဘဝတစ်ထစ်ပေါ် တက်ခြင်းလို့ ဆိုရမယ်။သားဦးကလေး မွေးပြီးတဲ့အခါ
သားနဲ့ မယားနဲ့အတူ ဝမ်လန်းတို့မိသားစု အိုလင်ရဲ့သခင်ဟောင်း ဟွမ်သခင်ကြီးတို့ဆီ
မိသားစုဂါရဝပြုအသွား သတင်းထူးတစ်ခုကို ကြားလိုက်ကြရတာက သခင်ကြီးတို့အိမ်က
လယ်မြေတွေရောင်းမယ်တဲ့။
ဘယ်လောက်ပဲ
နှုတ်နည်းအေးစက်တဲ့ မိန်းမဖြစ်နေပါစေ၊ သားဦးအတွက် အိပ်မက်ကို မက်တတ်တဲ့
မေတ္တာတရားကို အဓိပ္ပါယ်ကြီးကြီးကျယ်ကျယ် မဖွင့်ပြပဲ အိုလင်ရဲ့ အပြုလေးတစ်ခု၊အပြောအဆိုလေး
နည်းနည်းနဲ့ ပြထားတာက ကျစ်ကျစ်လျစ်လျစ် လှလှပပ။ စည်းစိမ်ခံရင်း ဘဝကြားမှာ
တိမ်မြှုပ်ရွေလျောလာတဲ့ ဘဝအနေအထားနဲ့ သခင်ကြီးတို့အိမ်သားတွေနဲ့ ဝမ်လန်းရဲ့
အိပ်မက်တို့ကြားကို ယှဉ်ထိုးကြည့်ရင်း သက်ပြင်းနည်းနည်း ရှိုက်မိသွားသေးတယ်။ ပြီးတော့
လယ်သမားတစ်ယောက်အတွက် လယ်ယာမြေသည်သာဘဝ လယ်မြေသည်သာ အိပ်မက် လယ်မြေကိုသာ
ဖက်တွယ်တတ်သော စိတ်နဲ့ငွေကြေးအပေါ် တပ်မက်မိပုံတွေကို ဖတ်ရတာကလည်း
ကျေနပ်စရာလူ့သဘာဝစရိုက်။ ဝမ်လန်းတစ်ယောက်သူ့ဘဝ သူ့အိပ်မက်ကို ခက်ခက်ခဲခဲ
ဖြည့်ဆည်းရင်း ကျေနပ်စရာအခိုက်အတန့်တွေထဲမှာ ကိုယ်တိုင်လည်း
လိုက်ပါသွားမိပြန်တယ်။
သားယောကျာ်းလေးတွေ
တစ်ယောက်ပြီး တစ်ယောက်မွေးလာပြီးနောက် သမီးမိန်းကလေးအပေါ်
မျှော်လင့်ချက်အေးစက်တတ်တဲ့ တရုတ်တို့ရဲ့ စိတ်နေသဘောထားကို ဝမ်လန်းဆီမှာ
တွေ့ခွင့်ရလိုက်တဲ့တိုင် တကယ်တမ်း ဖခင်ဖြစ်သူအတွက် အချစ်ပိုရသူက အဲဒီသမီးပင်
ဖြစ်နေပြန်တယ်။ သမီးမွေးရင် ကံမကောင်းတတ်လို့ အယူသီးတတ်ကြသော လူမျိုးတွေကြားမှာ
သမီးမွေးပြီးမှ မိုးခေါင်ရေရှားမှုစတင်လာတာက တိုက်ဆိုင်မှုလားတော့မသိ ။
လယ်မြေတွေကို ပိုင်ဆိုင်သူတွေဟာ မိုးခေါင်ရေရှားမှုကြောင့် မစိုက်ပျိုးရရင်တော့
စိုက်ပျိုးတောင်သူဘဝက အဓိပ္ပါယ်မဲ့သွားကြလေ့ရှိတယ်။ ပိုဆိုးတာက
ငတ်မွတ်ခေါင်းပါးခြင်း ဆာလောင်မွတ်သိပ်ခြင်းတွေကလည်း ဝမ်လန်းတို့ မိသားစုကို
ပိုမိုကျပ်တည်းတဲ့ဘဝထဲကို ဆွဲချနေပြန်တယ်။ သို့တိုင် မိမိပိုင်ဆိုင်တဲ့မြေကို
မရောင်းချရက်ပဲ ဖက်တွယ်ထားနိုင်ခဲ့ကြတဲ့ ဝမ်လန်းတို့ စိတ်ဓာတ်တွေက အားကျလောက်စရာ။
မြေအပေါ်မှာထားတဲ့ သစ္စာလို့ပဲ ဆိုရမလိုလို။
ဘဝရဲ့အနိမ့်ပိုင်းကြားမှာ သမီးလေးတစ်ယောက်ကို
မွေးဖွားခဲ့သေးပေမယ့် ရှင်သန်မှုကံ မကောင်းရှာခဲ့တဲ့ ကလေးတစ်ယောက်ကို
တွေ့လိုက်ရတာက စိတ်မချမ်းမြေ့ဖွယ်။ ဆင်းရဲငတ်ပြတ်မှုဒဏ် မခံနိုင်တဲ့အဆုံး ရေကြည်ရာမြက်နုရာသို့
ဝမ်လန်းတို့မိသားစု ပြောင်းရွေ့ခဲ့ကြတယ်။ အခြေသစ်အနေသစ် မြို့ပြမှာ
ကုပ်ကပ်တွယ်ရင်း မြို့ပြရဲ့ကြမ်းပိုးတွေလို ဘဝကို ဖြတ်သန်းခဲ့ကြသည်။
သားနှစ်ယောက်ရယ် ဖခင်အိုကြီးရယ် အိုလင်ရယ်က တောင်းရမ်းကြရသလို ဝမ်လန်းလည်း
လံချားဆွဲသမားအဖြစ် မြို့ပြမှာစပြီးအလုပ်လုပ်ကြတယ်။ သို့သော်
အစာဝဝစားရတာတော့မဟုတ်။ မြို့ပြစရိုက်ဆိုတာကလည်း ကူညီသူတွေထက်
လှောင်ပြောင်သရော်ဖို့ အားသန်ကြသူတွေက များများ။ ဒီကြားထဲ ကုပ်ခြစ်ဖဲ့ရွဲ့ဖို့
အားထုတ်နေကြသူတွေက ဒုနှင့်ဒေး။ ဝမ်လန်းကတော့ ကိုယ့်လယ် ကိုယ့်မြေ ကိုယ်ယာကိုသာ
တမ်းတမ်းတတ။ မြို့ပြက သူနဲ့ ဘယ်လိုမှ အသားမကျ။ ရွာပြန်ဖို့ပြောတိုင်း
မြို့ပြလူကုံထံတွေကြားမှာ ကြီးပြင်းခဲ့ဖူးတဲ့ ဇနီးသည် အိုလင်က တစ်ခုခုကို
စောင့်ဆိုင်းနေဟန် ခဏစောင့်ပါအုံးဆိုတဲ့စကားနဲ့ ဝမ်လန်းစိတ်ရှည်ရပြန်တယ်။
မြို့ပြမှာ ကျင်လည်ဖို့
ဝမ်လန်းတို့မိသားစုအတွက်က အတော်ကိုခက်ခက်ခဲခဲ ရုန်းကန်ကြရပေမယ့်
မိသားစုဆိုတဲ့ဘဝကိုတော့ ပိုင်ဆိုင်နိုင်တုန်းပါပဲ။ ဒီအနေအထားကနေမှ
အိုလင်ရဲ့နောက်ကြောင်းကို ပိုသိလာရတယ်။ တရုတ်ပြည်မှာ သမီးမိန်းကလေးဆိုတာ
ကိုယ်ကမွေးရပေမယ့် သူများကို ပေးလိုက်ရလို့ ကိုယ်ပိုင်ဆိုင်တဲ့အရာလို့မသတ်မှတ်။
ဒီတော့ ငယ်ကတည်းက ဆင်းရဲမွဲတေမှုကြားမှာ သမီးတွေကို
စောစောစီးစီးရောင်းထုတ်ပစ်ကြတာက ဓလေ့တစ်ခုလိုပါပဲ။ အဲဒီလို
ရောင်းထုတ်ခံရတဲ့သမီးတစ်ယောက်ဘဝမှာ အိုလင်လည်း ပါခဲ့တယ်။ အမေဘယ်သူမှန်းမသိ၊ အဖေဘယ်သူမှန်းမမှတ်မိတဲ့ဘဝနဲ့
သခင်ကြီးအိမ်မှာ ကျွန်,မတစ်ယောက်ဖြစ်ခဲ့ပေမယ့်
ကံကောင်းပြီး သခင်ကြီးအနား မျက်နှာသာပေးခံရသူလည်း မဟုတ်။ ကံဆိုးပြီး
သူဌေးတွေ၊သူဌေးသားလေးတွေရဲ့ ခြေတော်တင်ခံရသူလည်း မဟုတ်ခဲ့ပြန်။ ဒီတော့ အိုလင်အတွက်
သားသမီးရောင်းတဲ့ အလေ့အထကမဆန်း။ သို့သော် ဝမ်လန်းကတော့ ကံဆိုးမ သမီးလေးလို့
ခေါ်တတ်တဲ့ သူမလိုချင်ခဲ့ဖူးတဲ့ သမီးလေးကို မရောင်းရက်ပြန်။ မြို့ပြကျင်လည်ရာထဲမှာ
စစ်မီးတွေစတင်လာတဲ့အခါ ဝမ်လန်းတို့ ကံကောင်းကြရပြန်တယ်။
ရွာအပြန်မှာတော့
ဝမ်လန်းအတွက် အချို့အိပ်မက်တွေကို ဖြည့်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ဇနီးသည် အိုလင်က
သူကျင်လည်ခဲ့ဖူးရာ လူကုံထံတွေရဲ့ အကျင့်စရိုက်တစ်ခုဆီကနေ ရရှိခဲ့တဲ့
ကျောက်မျက်ရတနာတွေကို ထပ်ပေါင်းလိုက်တဲ့အခါ အဲဒီဒေသမှာ ဝမ်လန်း သူဌေးကြီး
ဖြစ်လာတယ်။ ဇနီးသည် နေခဲ့ဖူးတဲ့ ဟွမ်အိမ်တော်ပိုင် လယ်မြေများစွာကို ဝမ်လန်း
ဝယ်ယူလိုက်ပြီးနောက် လယ်ပိုင်ရှင်သူဌေးကြီးဝမ် အဖြစ် အဲဒီနယ်တခွင်မှာ ကြီးကျယ်သူ ဖြစ်လာပြန်ရော။
ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ သူဌေးကြီးဝမ်က သူ ကြုံတွေ့ခဲ့ရတဲ့ လယ်ယာမြေထွက်
သီးနှံတွေအရောင်းအဝယ်ကိစ္စတွေမှာ သူစာမတတ်တာကို လှောင်ပြောင်ခံရပြီးနောက်
သားနှစ်ယောက်ကို စာသင်စေခဲ့တယ်။ ဒါက သူ့မျိုးဆက်ကို တစ်ဆင့်မြှင့်ဖို့
ဖြစ်လာတဲ့လမ်းစလို့ဆိုရမယ်။ လယ်များစွာကိုလည်း ပိုင်ခဲ့ပြီ။
ပိုင်ဆိုင်မှုများစွာရှိခဲ့ပြီ။ သို့သော်လူချမ်းသာတစ်ယောက် ဖြစ်နေခဲ့တဲ့တိုင်
အစိုးမရနိုင်တဲ့ ရာသီဥတုကြားမှာ ဝမ်လန်းတို့ ထပ်ကံဆိုးပြီး လယ်တွေ ရေနစ်ကုန်တယ်။
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေတဲ့ သူဌေးဝမ်အတွက် ဒီတစ်ခါကပ်ဆိုးမှာတော့
နေဖို့စားဖို့ ဖူလုံအောင်စုဆောင်းထားခဲ့ပြီမို့ အေးအေးဆေးဆေးနေနိုင်ပြီ။ သို့သော်ပြဿနာက
လယ်မြေကိုဖက်တွယ် လယ်မြေပေါ်မှာသာ အာရုံရှိတတ်တဲ့ သူဌေးကြီးဝမ်ရဲ့ အာရုံက လယ်မြေတွေဘက်
မလှည့်ရတဲ့အခါ အိမ်မှာနေရင်း ဇနီးသည်ဘက်ကို လှည့်တယ်။ ဒီတော့မှ
အိုလင်အပေါ်မြင်တဲ့သူ့အမြင်တွေဟာ ပြောင်းလာကြပြီ။ ဘာကြောင့်လဲဆိုတော့ အိုလင်ကို
ကြည့်ရတာ ဘယ်အချိန်ကြည့်ကြည့် အလုပ်နဲ့လက်နဲ့မပြတ်ပေမယ့်
ရုပ်ရည်အားဖြင့်တော့ဘယ်တော့မှ လယ်ပိုင်ရှင်ကတော်ရုပ်ထွက်မလာ...။ သူဌေးကြီးကတော်လို့
အခေါ်ခံထိုက်တဲ့ ရုပ်ရည်လည်းမရှိ။ မဖြီးမလိမ်း မပြင်မဆင်တာနဲ့ အိုလင်ကို ကြည့်ရတာ
ဝမ်လန်းစိတ်မပျော်ပိုက်တော့။ ဝမ်လန်းဆိုတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အာရုံဟာ
ဟိုယခင်သူချစ်ခဲ့ဖူးသော မိန်းမတစ်ယောက်အပေါ်မှ ရွေ့လျောစပြုလာသည့်အခါ ရိပ်ငြိမ်ရာတစ်နေရာကို
ဝပ်ကျင်းသဖွယ် ရှာဖွေလာတတ်တယ်။ အညှီရှိရာ ယင်ကောင်ရောက်သလို ဝမ်လန်းအတွက်
ကွန်းခိုရာတစ်နေရာကို တွေ့တယ်။ ပြီးတော့ အဲဒီနေရာက အလှဆုံးသော ပန်းတစ်ပွင့်ကိုမှ
သူဌေးကြီး ဝမ်လန်း ရှိုက်ယူမွေးပျံ့နေချင်ပြန်တယ်။ ဆိုတော့ သူဌေးဝမ်ဘဝထဲမှာ
ပြဿနာတစ်ခုကို ကိုယ်တိုင်မွေးမြူလိုက်သလိုပါပဲ။
အဲဒီနေရာကနေစပြီး
တရုတ်သခင်ကြီးတွေရဲ့ ယဉ်ကျေးမှုတွေကို စတင်ပြီး မြင်တွေ့ခွင့်ရတဲ့ ဇာတ်ကွက်တွေပါပဲ။
ဘဝစာမျက်နှာတွေထဲမှာ လင်ကိုဘုရား သားကိုသခင် ကိုးကွယ်ရတဲ့ တရုတ်အိမ်ရှင်မတွေရဲ့ဘဝတွေကို
အိုလင်က ကိုယ်စားပြုထားတယ်။ ချမ်းသာလာတာနှင့်အမျှ ဖောက်ပြားတတ်တဲ့ သခင်ကြီးတွေရဲ့
အခြေအနေ အချိန်အခါတွေ ရှုပ်ထွေးပွေလီတဲ့ လောကဓလေ့တွေထဲမှာ
အရေးပါသင့်သလောက်ပါတယ်လို့ ထင်ရပေမယ့် တကယ်တမ်း နေရာပေးခံရတဲ့အခါ
ဖြစ်လာတဲ့လောဘတွေထဲက မိန်းမလှ ကြာပဒုံနဲ့သူဌေးကြီးဝမ်လန်းတို့
အပြန်အလှန်ဆက်ဆံမှုတွေက ပြုံးချင်းစရာတော့ကောင်းနေပြန်တယ်။ တစ်ဆင့်မြှင့်လာတဲ့အသိဉာဏ်တွေနဲ့
မရိုးရှင်းနိုင်တော့တဲ့ လူ့စိတ်လူ့သဘော လူ့သဘာဝတွေကို ဝမ်လန်းရဲ့သားနှစ်ယောက်ဖြစ်တဲ့
နန်အင်နဲ့နန်ဝင်တို့ ညီအစ်ကိုဆီမှာ တပ်ဆင်ထားပေးတယ်။ ပြီးတော့
အိုလင်ရဲ့နောက်ဆုံးခရီးတွေထဲမှာ သူဌေးကြီး ဝမ်လန်းရဲ့ ဖြစ်ပျက်မှုတွေ
ဂရုဏာတရားတွေ၊ ကြင်နာမှုတွေကိုလည်း တွေ့ရတယ်။ ဒီနေရာမှာ
အိုလင်ရဲ့တိတ်တဆိတ်ဆုပ်ကိုင်ထားခဲ့တဲ့ မာနတရားကို တွေ့ရတာက အားရစရာပါပဲ။
လင်ယောကျာ်းရဲ့ချစ်ခင်မှုကို မျှော်လင့်နေခဲ့တဲ့ သနားဂရုဏာသက်ဖွယ် မိန်းမတစ်ယောက်မှာ
တစ်ဖက်မှာလည်း မိန်းမတစ်ယောက်ရဲ့မာနလို့ဆိုနိုင်တဲ့မာနတစ်ခုကို သေသည်အထိ
ဆုပ်ကိုင်သွားနိုင်ခဲ့တာက အိုလင်ပိုင်ဆိုင်ခဲ့တဲ့အရာလို့ပဲ ဆိုချင်တယ်။ ပြီးတော့
အိမ်နီးချင်းဖြစ်သူ ချင်းနဲ့ ဝမ်လန်းတို့ရဲ့ အပြန်အလှန်သစ္စာတရားကလည်း
ဆွေးမြေ့စရာကောင်းသလို သိမ်မွေ့နက်နဲလွန်းနေပြန်တယ်။ ဘယ်နေရာမှာမဆို
လူ့ဝန်းကျင်ဆိုတာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူတွေလည်း ရှိတာပဲ မဟုတ်လား။
ဝမ်လန်းရဲ့ အိတ်ထဲမှာ ထည့်ထားရတဲ့ မြွေးပွေးလို လူတွေဟာ သူ့ဦးလေးအရင်း ဖြစ်သလို
စာရိတ္တဖောက်ပြားတဲ့ဗီဇနဲ့ လူတစ်ယောက်ဟာလည်း ဝမ်လန်းရဲ့ တူအရင်း ဖြစ်နေခဲ့တာတော့
စိတ်ဆင်းရဲစရာပါပဲ။ စာရေးသူက ဝမ်လန်းရဲ့တူဖြစ်သူကို
စစ်သားတစ်ယောက်ဖြစ်ခိုင်းလိုက်ပြီး စရိုက်ဆန်ဆန်ပြုမူစေတာတွေက
အကျင့်ဗီဇမကောင်းသူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုအောက်မှာ ကာဗာယူ လက်နက်ပြပြီး
ခြိမ်းခြောက်တတ်ကြတဲ့ လူတန်းစားတွေကို ကိုယ်စားပြုထားတာနဲ့တူနေပါတယ်။
ကိုယ်တိုင်လုပ်နေတယ်လို့
မထင်ရပေမယ့် တရုတ်သခင်ကြီးတွေရဲ့ စရိုက်လက္ခဏာတွေ တဖြည်းဖြည်း
ရုပ်လုံးပေါ်လာအောင် အခြေအနေတွေက ပုံဖော်သွားတဲ့ ဝမ်လန်းဟာ တရုတ်တွေရဲ့
သခင်ကြီးတွေပုံစံဖြစ်လာတဲ့အခါမှ သူအားကျခဲ့ရဖူးတဲ့ ဘဝတွေထဲမှာလည်း
ရှုပ်ထွေးမှုတွေက မပြီးဆုံးနိုင်သေးမှန်း နားလည်လာခဲ့ရတယ်။ သို့သော်
သူကိုယ်တိုင်ကလည်း အဲဒီသခင်ကြီးတွေရဲ့ နေရာမှာ ရောက်နေခဲ့ပြီလေ။
မူရင်းရေးသူ
စာရေးဆရာမကြီးပါးလ်အက်စ်ဘတ်က ဒီဝတ္ထုနဲ့ပဲ စာပေဆိုင်ရာ နိုဗလ်ဆုကို
ချီးမြှင့်ခံခဲ့ရသူပါ။ နိုင်ငံခြားသူတစ်ယောက်ပေမယ့် တရုတ်တွေကြားမှာ
နေထိုင်ကြီးပြင်းလာခဲ့သူ တစ်ယောက်အနေနဲ့ တရုတ်တွေရဲ့ရိုးရာယဉ်ကျေးမှု
ဓလေ့စရိုက်တွေကို ထုံးလိုချေရေကိုနှောက်အောင် သိထားခဲ့သူမို့
ဒီဝတ္ထုတစ်ပုဒ်လုံးကို တရုတ်တွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်အပြည့်နဲ့
ပုံဖော်ထားနိုင်ခဲ့ပါတယ်။ ပြီးတော့ လူ့သဘာဝ လူ့စရိုက်ပီပြင်မှုတွေနဲ့
ငြီးငွေ့ဖို့စရာမရှိလောက်အောင် ပြောင်မြောက်လှပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက အလိမ်အလည်အကွေ့အကောက်တွေ
ဉာဏ်ကစားပွဲတွေ မပါပဲနဲ့ ရိုးရှင်းတဲ့ တရုတ် မိသားစုတစ်စုရဲ့ဘဝကို ရေးသားထားပေမယ့်
အဲဒီမိသားစုတွေ ကြုံတွေ့ခဲ့ရသမျှ ရသတွေအကုန် ခံစားခွင့်ရလိုက်တာက တကယ့်ကို
အရသာရှိလှပါတယ်။ အရိုးရှင်းဆုံး ဇာတ်လမ်းဇာတ်ကွက်တွေပေမယ့် ချစ်စရာကောင်းနေသလို၊
သနားဂရုဏာသက်ဖို့လည်း ကောင်းနေတယ်။ ဝါးလုံးကွဲရယ်စရာမပါသလို
ငိုပစ်စရာကောင်းလောက်အောင် ဇာတ်နာထားတာလည်း မပါပေမယ့် ပြန်တွေးလိုက်တိုင်း
ရင်နင့်ရတဲ့ အခိုက်အတန့်လေးတွေနဲ့ တစိမ့်စိမ့် တငြိမ့်ငြိမ့်
ခံစားနိုင်စွမ်းရှိစေအောင် ရေးသားနိုင်ခဲ့တာကတော့ လက်ဖျားခါလောက်စရာပါပဲ။
အကြမ်းတမ်းဆုံးဘဝကို အနူးညံ့ဆုံး ခြယ်မှုန်းပြထားသလို ခက်ထန်တဲ့ဘဝတွေကို
သိမ်မွေ့စွာ ခံစားစေနိုင်အောင် လုပ်နိုင်တာကလည်း ကလောင်ရဲ့အစွမ်းထက်တဲ့
တန်ခိုးတစ်ခုပဲ ဖြစ်မယ်ထင်ပါရဲ့။ ဘာသာပြန်ပေးသူ ဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့
ဘာသာပြန်ဟန် အချို့နေရာတွေမှာ ခပ်ရွှင်ရွှင်ခပ်သောသော ဝါကျလေးတွေကိုလည်း အတော်ကြီး
သဘောကျရပါတယ်။ ကြမ်းတမ်းတဲ့ လယ်သမားတစ်ယောက်ရဲ့ ဘဝကြမ်းကြမ်းအပေါ်မှာ
ဒီလောက်အရိုးရှင်းဆုံး ခြယ်မှုန်းပြထားတဲ့ ဝတ္ထုက ဘာကြောင့် ဒီလောက်အထိ
အောင်မြင်နေခဲ့တာလဲလို့ မေးလာခဲ့ရင် ဒီဝတ္ထုဟာ ကမ္ဘာ့စာပေသမိုင်းထဲက
ဂန္ထဝင်ဝတ္ထုတစ်ပုဒ်မို့လို့လို့ပဲ ဖြေမိပါလိမ့်မည်။
Apple ကိုတည်ထောင်သူ
စတိဗ်ဂျော့စကားလိုပြောရရင် " အရိုးရှင်းဆုံးသည် အဆန်းသစ်ဆုံးပင်
ဖြစ်သည်"ဆိုသလိုပါပဲ။ အရိုးရှင်းဆုံးရေးထားပြီး အဆန်းသစ်ဆုံး
ခံစားလို့ရတဲ့ဝတ္ထုတစ်ပုဒ်က စာရေးဆရာကြီး အက်ဒွက်ဘူလ်ဝါလစ်တန် ပြောသလို
ပြောရမယ်ဆိုရင် " ဂန္ထဝင်စာပေသည် အစဉ်ခေတ်မီနေလေသည်" တဲ့။
အစဉ်ခေတ်မီနေတဲ့
ဂန္ထဝင်ဝတ္ထုတစ်ပုဒ်က ဖတ်ညွှန်းရေးရုံ ဖတ်ညွှန်းဖတ်ရုံနဲ့မပြည့်စုံနိုင်တာမို့
တစ်ကြိမ်လောက်ဖြစ်ဖြစ် ဖတ်ကြည့်ဖို့သာ တိုက်တွန်းလိုက်ချင်ပါတယ်။
▀
#ဆိုင်ငြယ်
#မြေပဒေသာ
#ဒဂုန်ခင်ခင်လေး(ဘာသာပြန်)
#The Good Earth
#Pearl S.Buck (မူရင်း)
တကယ်တော့ ဗင်းဆင့်ဟာ ဒီကမ္ဘာမြေအတွက် အရောင်တွေနဲ့ စကားပြောတတ်ဖို့၊ ချစ်ခြင်းမေတ္တာတွေကို အလေးထားတတ်ဖို့နဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာတတ်ကြဖို့ ရောက်လာခဲ့သူ တစ်ယောက်လို့သာ ဆိုချင်ပါတယ်။
သတင်းသမားတွေဟာ မှန်ကန်တဲ့ သတင်းကျင့်ဝတ်တွေအစား ပေါက်ပန်းစျေးစကားတွေပြောတယ်။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်ချင်တာတွေကို ပြောတယ်။ ပြည်သူတွေကို အယုံသွင်းကြတယ်။ ကိုယ်နဲ့မတည့်တဲ့အဖွဲ့ကို လက်ညှိုး...
လူတစ်ယောက်ဟာ လူကောင်းတစ်ယောက်အဖြစ် မွေးဖွားလာကြတာ မဟုတ်သလို လူဆိုးတစ်ယောက်အဖြစ် မွေးဖွားလာကြတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ အဲဒီလူအပေါ် လွှမ်းမိုးနေတဲ့ သူ့နေ့စဉ်နေထိုင်မှုဘဝနဲ့...