လူထုဒေါ်အမာ
၄၃ နှစ် အိမ်ထောင်သည်ဘဝ
၁၉၃၉ ခုနှစ် နိုဝင်ဘာလ
၁၃ ရက်နေ့မှာ ဦးလှနဲ့ ကျွန်မ အိမ်ထောင်ကျပါတယ်။ ၁၉၈၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့မှာ
ကျွန်မ မုဆိုးမ ဖြစ်ရပါတယ်။ ဒါကြောင့် ကျွန်မတို့အိမ်ထောင်သက်ဟာ ၄၃ နှစ် ရှိပါတယ်။
ကျွန်မ မုဆိုးမဖြစ်ပြီးလို့ အတော်ကြာပြီး ဒီဘဝမှာ အနည်ထိုင်လာတဲ့အခါ ကျွန်မက
သားလိုသမီးလိုချစ်တဲ့ မိန်းကလေး ယောကျ်ားကလေးတွေ အိမ်ထောင်ပြုကြတော့မလို့
ကျွန်မဆီကို မင်္ဂလာဖိတ်စာပို့လာရင် ကျွန်မက တချို့ကလေးတွေဆီကို 'အမေနဲ့ ဘဘနဲ့ အိမ်ထောင်ကျခဲ့တာ ၄၃ နှစ်ကြာ ပေါင်းခဲ့ရတယ်။
ခွန်းကြီးခွန်းငယ်ပြောပြီး လင်မယား ရန်ဖြစ်ရတယ်လို့ မရှိသလောက်ပဲ။ အဲဒါ
ဘာလို့လဲဆိုတာ အမေက တွေးကြည့်တော့ တစ်ယောက်က တစ်ယောက် အပေါ်ကို ဘာမှ မတရားသဖြင့်
ပြုမူပြောဆိုဆက်ဆံတာမရှိလို့ နှစ်ယောက်စလုံးက တရားသဖြင့်သာ ပြုမူကြလို့
ဖြစ်တယ်လို့ အမေ သတိထားမိတယ်။ သားတို့သမီးတို့ အိမ်ထောင်ရေးလည်း ပျော်ပျော်ရွှင်ရွှင်
ချမ်းချမ်းမြေ့မြေ့နဲ့ သေတစ်ပန်သက်ဆုံး ပေါင်းသင်းသွားရအောင် တရားသဖြင့် ဆက်ဆံကြပါ'
ဆိုတာကလေးမျိုး ရေးပေးပြီး မင်္ဂလာ လက်ဖွဲ့ ပို့တတ်တယ်။
ဟုတ်ပါတယ်။ သူနဲ့ကျွန်မ
၄၃ နှစ် ပေါင်းသင်းခဲ့ရာမှ လင်မယား ရန်ဖြစ်ရတာ တစ်ကြိမ်ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒါ
သားဦးကလေး မောင်စိုးဝင်း မွေးပြီးခါစ ကလေးတစ်လသားလောက်ကပါ။ ဘာကြောင့်
ရန်ဖြစ်ကြတာဆိုတဲ့ အကြောင်းကိုတော့ မမှတ်မိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အော်လား
ငေါက်လားတော့ ပြောကြဆိုကြတာပေါ့။ ကျွန်မကလည်း ငိုလို့။ သူကလည်း ငိုလို့။
အဲဒီလိုရန်ဖြစ်တုန်းက သူ့အစ်ကိုဝမ်းကွဲ ကိုစံမောင်က ကျွန်မတို့ အိမ်ကို
ရောက်နေတဲ့အခိုက်ပါ။ သူ့ကြောင့် ရန်ဖြစ်ရတာတော့ မဟုတ်ဘူး။ လင်မယားရန်ဖြစ်နေကြတော့
ကိုစံမောင်ကြီးက မောင်လှ မင်းပြန်ချင်ပြန်ကြစို့ရဲ့တဲ့။ မတည့်ရင် မပေါင်းချင်ရင်
မပေါင်းနဲ့၊ ပြန်မယ်ပေါ့။ သူ့ညီက လိုက်မယ်တော့ မပြောဘူး။
နောက်တော့ ပြန်တည့်သွားကြရော။
သူ့ဆွေမျိုးကြောင့်၊ ကျွန်မဆွေမျိုးကြောင့်၊ ဘယ်အမျိုးပေးကမ်းထောက်ပံ့ရလို့
ဆိုတာမျိုးလည်း ကျွန်မတို့ကြားမှာ မရှိတော့ ကျွန်မတို့မှာ နောက်ထပ်
လင်မယားရန်ဖြစ်ကြတာ မရှိတော့ပါဘူး။ စိတ်တိုင်းမကျတာကလည်း ထိခိုက်နစ်နာမှု
ကြီးကျယ်တဲ့ကိစ္စမျိုး မဟုတ်ဘဲ အသေးအဖွဲမို့ပေါ့။ ကျွန်မက စိတ်တိုင်းမကျလို့
ဗျစ်တောက် ဗျစ်တောက် လုပ်ပေမယ့် သူက ဘယ်တော့မှ ပြန်ရန်စကား မပြောဘူး။ သူ
စိတ်ဆိုးပြီး ကျွန်မကို မျက်နှာထားနဲ့ ငေါက်တာ ငမ်းတာ ပြောတာဆိုတာမျိုးလည်း
တစ်သက်လုံး မလုပ်ဖူးဘူး။ ဦးလှက ကျွန်မအပေါ် အလွန်ကောင်းတဲ့ခင်ပွန်းပါ။ စိတ်ဆိုးပြီး
စကားမပြောဘဲနေတာ၊ မခေါ်မပြော တာမျိုးလည်း တစ်သက်လုံး တစ်ခါမှ မလုပ်ကြဖူးဘူး။
ကျွန်မကို
စိတ်တိုင်းမကျရင် သူက မျက်နှာပျက်နေတာပဲ။ ပါးစပ်ကတော့ ဘာမှမပြောဘူး။ ဥပမာ
ဆိုပါတော့။ သူက အစည်းအဝေးတစ်ခုခုကို သွားစရာရှိတယ်ဆိုရင် အဲဒီအစည်းအဝေး မစခင်
အနည်းဆုံး ၁၅ မိနစ်လောက် စောပြီး သူက ရောက်နှင့်ချင်တယ်။ ဒါ သူ တမင်တကာလုပ်ထားတဲ့
သူ့ အကျင့်၊ ကျွန်မက သူ အစည်းအဝေးသွားစရာ ရှိတာမရှိတာကို သတိမရဘူး။ ကျွန်မ
သွားစရာရှိရင် ကားယူစီးသွားရော။ ကိုယ့်ကိစ္စ ကိုယ်လုပ်ချင်တာလုပ်ပြီးမှ
အေးအေးဆေးဆေး ပြန်လာရော။ သူက အိမ်က အစည်းအဝေး သွားချင်လို့ အိမ်ပေါက်ထွက်ပြီး
အစည်းအဝေးကို ယူသွားမယ့် ဖိုင်တွေ ဘာတွေကိုင်ထားရင်း အိမ်ပေါက်တံခါးပန်းသစ်သားကို
ခွရပ်ပြီး ကျွန်မ ပြန်မလာမချင်း မျက်နှာပျက်ရက်ကြီး စောင့်နေတာကို မြင်ရပါရော။
အဲဒီတော့မှ ကျွန်မက 'ဟယ်... သူ အစည်းအဝေးသွားစရာရှိတာ ပါကလား၊ ငါက သတိမေ့နေတာ' ဆိုပြီး အားနာနာနဲ့ ကားပေါ်က ကပျာကယာ ဆင်းပေးလိုက်တယ်။ သူက
ဘာမှတော့မပြောဘူး။ ကားပေါ် ချက်ချင်းတက်ပြီး ထွက်သွားတာပဲ။ အဲဒါ သူ
စိတ်ဆိုးလွန်းတဲ့ အချိန်မျိုးပါပဲ။ ကျွန်မသာဆိုရင် 'မင်းကလည်းကွာ၊
ကြာလိုက်တာ' ဖြစ်ဖြစ် 'ငါသွားစရာရှိတာကို
မင်းမေ့နေတာလား' ဖြစ်ဖြစ် ပြောမိမှာပဲ ထင်တယ်။ သူကတော့
ဘာဆိုဘာမှ မပြောဘဲ ထွက်သွားပါတယ်။ အဲဒါ သူ ကျွန်မအပေါ် စိတ်အဆိုးဆုံး
အချိန်မျိုးပါပဲ။ နို့ပေမယ့် အစည်းအဝေးက ပြန်လာတော့ အဲဒီကားယူသွားလို့ သူ
အချိန်စောမသွားရတဲ့ ကိစ္စက ပြီးသွားပြီ။ ဘာမှမဖြစ်တော့ပါဘူး။
ဦးလှက ကျွန်မအပေါ်မှာသာ
အဲဒီလို ဆက်ဆံတာ မဟုတ်ပါဘူး။ သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့
တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက
ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ
တစ်သက်လုံး မိတ်ဆွေဖြစ်သွားမှာပဲတဲ့။
ဦးလှဆုံးသွားပြီး
နှစ်တွေ အများကြီးကြာတဲ့အထိ ကျွန်မက အသက်ရှည်ပြီး ကျန်ရစ်တော့ ဦးလှကို သတိရတဲ့အခါ
မောင်မင်းကြီးသား ကိုယ့်အပေါ် တစ်သက်လုံး တရားသဖြင့်သာ ဆက်ဆံသွားရှာပေတယ်။
သူတော်ကောင်းတစ်ယောက်မို့ ကျေးဇူးလည်း တင်ပါတယ်။ သူ ကောင်းရာသုဂတိလည်း လားမှာပါ။
ကိုယ့်အပေါ် တစ်သက်လုံး လင်ကောင်းသားကောင်း တစ်ယောက်အနေနဲ့ ပေါင်းသင်းသွားရှာတာ
ကျေးဇူးတင်ပါတယ်။ ကိုယ့်ထက်လည်း အသက် ၅နှစ် ၆ နှစ် ကြီးသူမို့ဆိုပြီး သူ့ကို
သတိရတိုင်း ကန်တော့ပြီး အိပ်တယ်။
သူ
နိုင်ငံခြားတိုင်းပြည်တွေကို အခေါက်အခေါက်အခါခါ သွားဖူးတယ်။ အဲဒီနိုင်ငံတွေက
ပြန်လာရင် ကျွန်မဖို့ လက်ဆောင်ပစ္စည်းအမျိုးစုံ ပါလာတာချည်းပဲ။ တကယ်တော့ သူက ဘာမှ
ဝယ်တတ်ခြမ်းတတ်ရှိတဲ့လူ မဟုတ်ဘူး။ သူ့အတွက်ဆို အားလုံး ကျွန်မက ဝယ်ဆင်ရတာလေ။
ကျွန်မအတွက်လည်း အားလုံး ကျွန်မဘာသာ ဖန်တီးရတာပါ။ သူ လက်ဆောင်တွေနဲ့ ပြန်လာတော့
ကျွန်မက အံ့သြတယ်။ ဒါကြောင့် မနေနိုင်လို့ သူ့ကို မေးကြည့်မှ ရောက်ရာ
နိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးမိတ်ဆွေတွေကို အဝယ်ခိုင်းတာတဲ့လေ။ မကြာသေးခင်က
မန္တလေးဒိုင်ယာမီကင်ဗျစ်စက်ရုံ မန်နေဂျာ မစ္စတာရပ်စတန်ရဲ့ သမီး အခု ဘိလပ်မှာနေတဲ့
မန္တလေး တက္ကသိုလ် အင်္ဂလိပ်စာဌာနမှာ ဆရာမ ဖြစ်သွားဖူးတဲ့ ကော်လင်းရပ်စတန် မန္တလေးကိုလာတော့
ဦးလှ ဘိလပ်လာတုန်းက ကျွန်မအတွက် အင်္ကျီတွေ ဘာတွေ သူ ဝယ်ပေးလိုက်တဲ့အကြောင်း
စကားစပ်မိတဲ့အခါ ပြောပြပါသေးတယ်။
ကျွန်မဘဝမှာ
ရယ်စရာကောင်းတဲ့ ကြုံရပုံကလေးတစ်ခုတော့ ရေးပြချင်ပါသေးတယ်။ ဦးလှနဲ့ကျွန်မ
အိမ်ထောင်ဖက် ဖြစ်ကြရာမှာ စာချင်း အစောင် ၅ဝဝ၊ ၁ဝဝဝ ရေးကြရပေမယ့် လူချင်း
တွေ့ရမြင်ရတာက နှစ်ခါသာ ဖြစ်ပါတယ်။
သူ့ကို ပထမဆုံး
မြင်ဖူးရတာက ကျွန်မ အင်းလျားဆောင်မှာ နေတုန်းကပါ။ အဲဒီတော့ မိတ်ဆွေသဘောနဲ့ စာတွေ
ရေးကြလှပြီမို့ စာချင်းကတော့ တော်တော်ရင်းနှီးနေပါပြီ။ ဒါပေမယ့် သူ့လည်း
မမြင်ဖူးသေး၊ ကျွန်မကိုလည်း သူက မမြင်ဖူးသေး။ သူ ဘယ်လိုလူလဲ ကျွန်မတောင်
သိချင်သေးတာ၊ သူကလည်း ကျွန်မ ဘယ်လိုကောင်မလေးလဲဆိုတာ သိချင်မှာပေါ့။
ဒါကြောင့် တစ်နေ့တော့
သူက ကျွန်မကို မြင်ဖူးဖို့ စီစဉ်ပါတော့တယ်။ စီစဉ်ပုံက ဆရာမောင်ဖြူးဆိုတဲ့
ဒေါက်တာဂွမ်လျောင် ရန်ကုန်ရောက်နေလို့ မောင်ဖြူးက သူ့သမီးအမာကို တွေ့ရအောင်
လာချင်တယ်။ ဒါကြောင့် သူလည်း ဖေဖေဖြူးနဲ့ လိုက်လာခဲ့မယ်ပေါ့။ ကျွန်မကလည်း
လာခဲ့ကြပါပေါ့။
လာတဲ့နေ့ကျတော့
သူတို့ကလည်း အင်းလျားလာနေကျ ဧည့်မဟုတ်တော့ ဧည့်ခန်းမှာ ထိုင်ပြီး မစောင့်ဘူး။
ကျွန်မကလည်း ဧည့်မရှိ၊ ဧည့်မတွေ့ဖူးလေတော့ သူတို့နှစ်ယောက်ကို ဧည့်ခန်း ခေါ်မသွားတတ်ဘူး။
ဒေါက်တာ ဂွမ်လျောင်ဆိုတဲ့ တရုတ်ကြီးကိုတော့ ဓာတ်ပုံထဲမှာ မကြာမကြာ မြင်ဖူးတော့
လူမြင်ရင်ပဲ သိပါပြီ။ ဦးလှကိုတော့ တစ်ခါမှ မမြင်ဖူးတော့ သြော်... ဦးလှဆိုတာ
ဒါဖြစ်မှာပဲလို့ မှန်းပြီး နှုတ်ဆက်ရပါတယ်။ နှုတ်ဆက်မိကြပေမယ့် သူကလည်း
သိပ်ရှက်တတ်သူ၊ ကိုယ်ကလည်း တစ်ခါမှမတွေ့ဖူးတဲ့ လူသူစိမ်းယောကျ်ားမို့ ရဲရဲတင်းတင်း
စာမှာရေးနေကြသလို စကားမပြောရဲကြဘူး။ သူ့ကို ကြည့်လိုက်တော့ လူက သနားကမား
အသားဖြူဖြူနဲ့ ထွားထွားကျိုင်းကျိုင်း ဒါလောက်ပဲ သတိထားမိတယ်။ သူတို့နှစ်ယောက်နဲ့
ခဏတဖြုတ် စကားပြောလိုက်ပါတယ်။ စကားပြောတော့လည်း တွေ့နေကျ၊ ပြောနေကျမဟုတ်တော့
ကြောင်အမ်းအမ်းနဲ့ ဘာအကြောင်းပြောကြမှာလဲ။ တစ်လုံး နှစ်လုံးနဲ့ သူတို့လည်း
ခဏနေတော့ ပြန်ကြရော။ ကျွန်မလည်း အပေါ်ပြန်တက်ရော။ ဦးလှက သိပ်ရှက်တတ်သူပါ။
အင်းလျားကလည်း နာမည်ကြီးတော့ သူက ကြာကြာနေဝံ့ပုံ မပေါ်ပါဘူး။
အဲဒီမှာ ကျွန်မ
သတိထားလိုက်မိပုံကတော့ ဦးလှရဲ့ လက်တွေဟာ အလွန်လှတဲ့ လက်တွေပါကလား ဆိုတာပဲ။ ကျွန်မက
မိန်းမသာဆိုတယ် ကျွန်မမှာ မိန်းကလေးလက်မျိုး မရှိပါဘူး။ အလုပ်သမားကြီးတွေရဲ့
လက်မျိုးသာ ရှိတာပါ။ အဲဒါ ကျွန်မအမေကို တူတာပါ။ ကျွန်မအမေရဲ့လက်တွေက လက်ကို
မှောက်ထားလိုက်ရင် လက်ဖမိုးပေါ်မှာ အကြောတွေက အပြိုင်းပြိုင်းထလို့။ ပြီးတော့
လက်ဆစ်ကြီးတွေကလည်း ရှစ်ချောင်းစလုံး ဘီလူးရယ်ကြီးတွေ။ ဦးလှလက်တွေကတော့
လက်ချောင်းတွေက ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ရှည်ရှည်သွယ်သွယ်၊ အဆစ်က မထင်ရှားဘူး။
ပြီးတော့ လက်သည်းကြီးတွေက ရှည်ရှည်ကြီးတွေ။ ကျွန်မမျက်စိထဲ လှလိုက်တဲ့လက်။ ကျွန်မ
လက်နဲ့ တခြားစီမှ တခြားစီပဲ။ ဒါကြောင့် လက် တယ်လှတဲ့လူပါကလားလို့ မျက်နှာထက်
သူ့လက်ကို ပိုပြီး စိတ်ဝင်စားမိတယ်။ အထင်ကြီးမိတယ်။
သူနဲ့ကျွန်မ
အိမ်ထောင်သည် ဖြစ်ကြတဲ့အခါမှာတော့ အဲဒီသိပ်လှတဲ့ လက်တွေကလေ စာရေးတတ်တာကလွဲပြီး
တခြား ဘာမှမလုပ်တတ်ရှာဘူး။ အဲဒီတော့ သူ့ဘာသာလုပ်နေလို့ အမြင် မတော်တိုင်း ကျွန်မက
ဝင်လုပ်ပေးမိတယ်။ နောင်တော့ ကျွန်မကချည်း လုပ်ရတယ်။ ဘာမှ မလုပ်တတ်ကောင်းလားလို့
ကျွန်မက သူ့ကို ပြောမိတော့ သူက ဘာပြန်ပြောတယ် ထင်သလဲ။ 'အံမယ်၊
မင်း ငါ့ကို အထင်မသေးပါနဲ့။ ငါ ဖိနပ်ကြိုး ချည်တတ်ပါတယ်။ စက်ဘီး လေထိုးတတ်ပါတယ်'
တဲ့။ သူပြောတဲ့အတိုင်း တကယ် တတ်မတတ် ကျွန်မ စမ်းမခိုင်းမိပေမယ့်
ကျန်တာတော့ ဘာမှ မလုပ်တတ်တာ အမှန်ပါ။
သူက တစ်ပတ်တစ်ခါလောက်
မိတ်ဆွေတွေဆီကို စာတွေရေးတယ်။ ရေးပြီးရင် စာအိတ်ထဲထည့်၊ စာအိတ် ကော်ကပ်ပိတ်ပါတယ်။
ကော်ပိတ်ဖို့အတွက် စာအိတ်မှာ ကော်ပါတဲ့နေရာကို သူ့လျှာနဲ့ တံတွေးဆွတ်နေပုံက ကျွန်မ
စိတ်ထဲမတော့ ထက်နေတဲ့ စာအိတ်စွန်းနဲ့ လျှာကို ရှတော့မှာ ပါပဲလို့ချည်း အမြဲတမ်း
စိုးရိမ်မိပါတယ်။ ပြီးတော့ တံဆိပ်ခေါင်းကို တံတွေးဆွတ်ပြီးကပ်ဖို့ လုပ်တာကလည်း
အကြိမ်ကြိမ်အခါခါ လျှာနဲ့သုတ်နေတာမို့ စုံထောက်ဝတ္ထုတစ်ခုထဲက တံဆိပ်ခေါင်းမှာ
အဆိပ်မှုန့် သုတ်ပေးထားတယ် ဆိုတာကို သွားသွား သတိရပြီးတော့ မျက်စိထဲ
အမြင်မတော်လွန်းလို့ 'ပေးပါ၊ စာသာပြီးအောင်ရေးပြီး
လိပ်တပ်ပေးပါ။ ပိတ်တာ ကပ်တာ ဒီက လုပ်ပေးပါ့မယ်' ဆိုပြီး
လုပ်ပေးရပါတယ်။
သူက
ဘာမှမလုပ်တတ်တဲ့အပြင် သူများလုပ်တော့ စိတ်ပူတတ်တာကလည်း ရှိပါသေးတယ်။ ခုတင်ပေါ်က
ခြင်ထောင်ဟောင်းလို့ ချွတ်လျှော်တယ်။ ပြန်ပြီး ခြင်ထောင်ထောင်မယ်ဆိုတော့ ကျွန်မ
ခုတင်ပေါ်တက်ပြီး ခြင်ထောင်ကြိုးချည်မှာကို မတက်ရဘူးတဲ့။ ဘာလို့တုန်းဆိုတော့
ကိုယ်ဝန်နဲ့မို့ လိမ့်ကျမှာစိုးလို့တဲ့။ ကျွန်မ မတက်စေချင်လို့ သူ
တက်ချည်ပါလားဆိုတော့လည်း နေရာကျအောင် မချည်နှောင်တတ်ဘူး။ ရှိတဲ့လူက
ဒီနှစ်ယောက်တည်း။ အဲဒီတော့ ကျွန်မက ရေရွတ်မြည်တမ်းပြီး ကျွန်မပဲ လုပ်ရပါတယ်။ အဲဒါ
အိမ်ထောင်ကျစကပါ။ နောင်တော့ ဒီလိုကိစ္စအားလုံး ကျွန်မပဲ လုပ်ရပါတယ်။ လုပ်ရင်းကလည်း
လက်လှလှကို အထင်ကြီးမိတဲ့အပြစ်လို့ ကိုယ့်ဘာသာ ပြောပြီး ရယ်ချင် ငိုချင် ဖြစ်ရပါတယ်။
ကျွန်မ အမေ့လက်နဲ့ ကိုယ့်လက်ကို ကြည့်ပြီး လက်အရုပ်ဆိုးရင် အလုပ်များများ
လုပ်ရတဲ့လက်ပဲလို့လည်း ကျွန်မက မှတ်ချက်ချထားတယ်လေ။ ကျွန်မ တို့အမေမှာတော့
ကျွန်မတို့အဖေက အရာရာ သူ့ဘာသာ လုပ်တတ်တဲ့၊ သူ့ကိုလည်း ကူတတ်တဲ့ လင်သား ဖြစ်ပေမယ့်
အသက် ၁၉ နှစ်မှာ အိမ်ထောင်ကျပြီး သားသမီး ၁၂ ယောက် မွေးရတဲ့အမေ၊ ၆ ယောက်ကို
လူလားမြောက်အောင် မွေးကျွေးရတဲ့ အမေဆိုတော့ ပင်ပန်းရှာတယ်။
သူနဲ့ကျွန်မ အသိမိတ်ဆွေဖြစ်တာ
သုံးနှစ်၊ သမီးရည်းစားဖြစ်တာ နှစ်နှစ် အတွင်းမှာ လူချင်းတွေ့ဖူးမြင်ဖူးတာက တရားဝင်
တစ်ကြိမ်ပဲ ရှိပါတယ်။ အဲဒါဟာလည်း အင်းလျားဟောကို ဆရာဂွမ်လျောင်နဲ့ လာတွေ့တုန်းကပါ။
သမီးရည်းစားဘဝမှာ လူကြီးတွေ မသိအောင်
ခိုးတွေ့ကြတာက တစ်ကြိမ်ပါ။ အဲဒီအကြိမ်ကတော့ သူ မန္တလေးလာတယ်။ ရွှေကိုင်းသား
ဦးသောဘိတ ဖြစ်မယ့် ကိုထွန်းလှိုင်ဆီမှာ တည်းတယ်။ ညအချိန်မတော်
တွေ့ဖို့ချိန်းထားပြီး ကိုထွန်းလှိုင်က ကျွန်မအိမ်ကို လိုက်ပို့တယ်။ အိမ်နဲ့
မနီးမဝေးက အလင်းဖွင့်တဲ့ ကာဖီဆိုင်ကနေပြီး ကိုထွန်းလှိုင်က စောင့်တယ်။ ဦးလှက
ကိုထွန်းလှိုင် စောင့်နေရာမှာ ပြန်ဆုံပြီး ပြန်ကြသတဲ့။ အဲဒီဘဝနဲ့
အကြောင်းပါကြတာပါပဲ။
ရယ်စရာ ရေးပါဦးမယ်။ လူကြီးတွေက သူ့ကို
သဘောတူပြီ၊ ပေးစားတော့မယ်ဆိုတော့ သူက မန္တလေးကို လာပါတယ်။ ပြီးတော့ ကျွန်မတို့
အိမ်ကိုလာပါတယ်။ လာတဲ့အခါ ကျွန်မက ဂုန္တန်ဝင်းမှာ မမရှေနဲ့ အတူနေတာ ဖြစ်လေတော့
ဂုန္တန်ဝင်းက တိုက်ဧည့်ခန်းမှာ ကောင်းကောင်းမွန်မွန် သူ့ကို ဧည့်ခံစကားပြောပါတယ်။
အဲဒါ သူပြန်သွားတော့ ကျွန်မတို့အိမ်က
အတူနေတပည့်သားမြေးတွေက တိုက်ပေါက်ဝမှာ သူချွတ်ထားတဲ့ ဖိနပ်ကို ကြည့်ပြီးတော့
ဖိနပ်က ကြီးလွန်းလို့တဲ့။ သူတို့မှာ အံ့သြမဆုံး ရယ်မဆုံး ဖြစ်နေကြသတဲ့လေ။ သူ
ပြန်သွားတော့မှ ကျွန်မကို ပြောပြောပြီး ရယ်ကြတာ။
ဟုတ်တော့ ဟုတ်မှာပါ။ ဦးလှက
ဘောလုံးသမားဆိုတော့ သူ့ခြေထောက်က ကြီးပါတယ်။ ကြီးတဲ့အပြင် ဖိနပ်ကိုလည်း
လုံလုံလောက်လောက် အရွယ်ကြီးကြီးမှ ရှာဝယ်စီးသူဆိုတော့ ဖိနပ်အကြီးကြီးကို
တွေ့ကြမှာပေါ့။ သူ့ဖိနပ်က ခြေနင်းဆိုက်ဆိုရင် ၁ဝ စီးတယ် ထင်တာပဲ။ ကျွန်မတို့ သူ
မဆုံးခင်နှစ်က မြိတ်ထားဝယ်ကို သွားကြတော့ မြိတ်မှာ တစ်ဖက်နိုင်ငံက
မှောင်ခိုပစ္စည်းတွေက ဝင်တယ်လေ။ အဲဒီဈေးတန်းမှာ သူ့ခြေထောက်နဲ့တော်တဲ့
ကင်းဗတ်ဖိနပ် ရှာကြတာ ရှာလို့မရပါဘူး။ ခြေထောက်က ကြီးတာလည်း အမှန်ပါ။
ချောင်ချောင်ချိချိ ပိုကြီးတဲ့ဖိနပ်မျိုးကို စီးချင်တာလည်း သူ့အကျင့်ပါ။
သူနဲ့ကျွန်မ တွေ့ကြ ဆုံကြ ကြိုက်ကြ
ချစ်ကြရတဲ့ဘဝကို ခု ပြန်စဉ်းစား ကြည့်မိတော့ သူများတွေနဲ့များ ကွာလိုက်တာလို့
အောက်မေ့မိတယ်။ သူများတွေမှာ မျက်စိချင်း ကြိုက်ရတာက အတော်ကြာ၊ ပိုးရတာကလည်း
အကြာကြီး။ တစ်နေ့ မမြင်ရရင် တစ်လ ထင်တယ်တို့ လျှောက်ပြန်သံပေးတို့၊ စက္ခုရူပ
သံဝါသေတို့ ဆိုတဲ့ အဖွဲ့အနွဲ့တွေလည်း ကြားဖူးပါရဲ့။ ကျွန်မတို့မှာ အဲဒါမျိုးတွေ
လုံးဝမရှိခဲ့ဘူး။
ဦးလှနဲ့ ကျွန်မမှာ တူတာတွေလည်း
ရှိပါတယ်။ မတူတာတွေလည်း ရှိပါတယ်။ မတူတာတွေထဲမှာ အများကြီး ဆန့်ကျင်တာကတော့
အစားအသောက်ပုံစံပါ။ သူက လူနဲ့တည့်တယ်၊ လူကို အားရှိစေတယ်ဆိုတဲ့ အစာမျိုးကိုမှ
ရွေးပြီးစားတယ်။ လူနဲ့မတည့်ဘူးလို့ ကြားထားရင် အဲဒါကို ရှောင်ပါတယ်။ ကျွန်မက
တည့်တာဖြစ်ဖြစ်၊ မတည့်ဘူးဆိုတာဖြစ်ဖြစ် ကျွန်မ ကြိုက်နေတာဆိုရင် မရှောင်ဘူး၊
စားပါတယ်။ ပြီးတော့ သူက အောက်သားပါ။ ကျွန်မက အညာသူပါ။ အောက်သားက ငါးနဲ့ ပုစွန်ပဲ
စုံစုံမက်မက် စားပါတယ်။ တခြားအသားကို သိပ်မကြိုက်လှပါဘူး။ ကျွန်မတို့အညာသူက
ငါးနဲ့ပုစွန်ဟာ တစ်မျိုးတစ်မည်သော ဟင်းပါ။ ဝက်၊ အမဲ၊ ကြက်၊ ဆိတ် ဆိုတာတွေအပြင်
ချေ၊ ဒရယ်၊ ဆတ်၊ ချိုး၊ ခါ၊ ယုန်၊ စာကလေး၊ ပုရစ်၊ ပုတတ် ဆိုတာမျိုးတွေလည်း
စားပါသေးတယ်။ ဦးလှက ကျွန်မ အဲဒီအသားမျိုးတွေကို စားနေရင် မစားပါနဲ့လို့တော့
မပြောပါဘူး။ ဒါပေမယ့် ဘီလူးမ တစ်ယောက်က ကိုယ့်ကလေးကို ကုပ်ချိုးစားနေပုံကို
ကြည့်တဲ့အကြည့်မျိုးနဲ့ ကျွန်မကို ကြည့်ပါတယ်။ ကျွန်မက မျက်နှာချင်းမဆိုင်ဘဲ
တစ်ဖက် လှည့်စားပါတယ်။
အစားမှာ မတူသလို အအိပ်မှာလည်း
ရေးခဲ့ပါပြီ။ သူက အများကြီး အိပ်ပျက်ခံနိုင်ပါတယ်။ ကျွန်မက အိပ်ပျက်မခံနိုင်ပါဘူး။
သူ အသက် ၄ဝ ကျော်မှာ တရုတ်ပြည်ကို ၆
လလောက် သွားခဲ့တော့ တရုတ်အစားအစာတွေ အစားများလို့ဆိုပြီး လူက စ,ဝလာပါတယ်။
တဖြည်းဖြည်း အဝက မရပ်ဘဲဖြစ်လာပြီးတော့ အသက် ၆ဝ မှာ ဆီးချို စဖြစ်လာပါတယ်။ ကျွန်မက
တစ်သက်လုံး ပေါင် ၈ဝ ကျော် ၉ဝ ပဲ ရှိတာပါ။ အသက် ၄ဝ မှာ ဆေးလိပ်ဖြတ်တော့ နည်းနည်းဝလာပြီး
ပေါင် ၁ဝဝ လောက် ရှိလာပါတယ်။ နောက်တော့ မတိုးပါဘူး။ ဒါကြောင့် ဦးလှက သူ့မှာဖြင့်
နည်းနည်းစားတာနဲ့ အဝက တိုးတိုးလာလို့ လျှော့လျှော့စားနေရတယ်။ ကျွန်မကတော့
ကြိုက်တာတွေကို စားချင်တိုင်း စားနေပြီး ဘယ်တော့မှမဝဘူး။ 'ဗိုက်သူခိုး'
လို့ ကျွန်မကို ထမင်းပွဲမှာ ဆိုတတ်ပါတယ်။ ကျွန်မလည်း ငုံ့မခံပါဘူး။
ကိုယ့်ကုသိုလ်နဲ့ကိုယ် ဖြစ်ရတာပဲလို့ ပြန်ချေပပါတယ်။
သူက သိပ်စိတ်ပူတတ်တယ်။
ကြောင့်ကြတတ်တယ်။ သူက လုံ့လ ဝီရိယကြီးတယ်။ ကျွန်မက မရှိသလောက် နည်းတယ်။
ဦးလှက တစ်သက်လုံး အရက်၊
ဆေးလိပ်မသောက်ဘူး၊ ကွမ်းလည်း မစားဘူး။ အရက်က မချိုလို့၊ ချိုရင်တော့ ငါ ကြိုက်များ
ကြိုက်မလား မသိဘူးလို့လည်း ပြောတတ်တယ်။ အဲဒီအတွက်က ကျွန်မ စိတ်ချမ်းသာရပါတယ်။
ကျွန်မက အသက် ၄ဝ အထိ ဆေးလိပ်သောက်ခဲ့တော့ ဆေးလိပ်သောက်တဲ့ ပါးစပ်က ဆေးလိပ်စော်
နံပါတယ်။ ကိုယ်ကသာ မသိတာပါ။ ကွမ်းစားတဲ့ ပါးစပ်ဟာလည်း ကွမ်းသွေးထွေးထည့်တဲ့ ထွေးခံစော်
သိပ်နံတာပါ။ ကျွန်မ အသက် ၄ဝ အထိ ဆေးလိပ်သောက်တဲ့ ပါးစပ်နံနံကြီး သူ သည်းခံရတာကို
အစက ကျွန်မ မသိခဲ့ဘူး။ ဆေးလိပ်ဖြတ်ပြီးတော့ သူများပါးစပ်က ဆေးလိပ်စော်နံတဲ့အနံ့
ကိုယ်ရလိုက်တော့မှ ဦးလှကို သနားအားနာနေမိတယ်။
ဒိပြင်ကိစ္စတွေမှာတော့
စိတ်တူကိုယ်တူပါ။ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကျွန်မက ကျွန်မတတ်နိုင်တဲ့ဘက်က
ကူညီခဲ့တာပဲ။ သူကလည်း သူ့တစ်သက်လုံး စာပေလုပ်ငန်းပဲ လုပ်ချင်တာ။
တခြားအသက်မွေးဝမ်းကျောင်းကို သူ မစဉ်းစားပါဘူး။ ကမ္ဘာစစ်ကြီး ဖြစ်လာတာတောင်
စစ်ကြီးအတွင်းမှာ ကပိုင်မှာ စတည်းချကြတော့ သူ ဖြုတ်ယူလာတဲ့ စာစီခုံတွေ၊ စာခွက်တွေကို
တဲကြီး တစ်လုံးထိုးပြီး ပြန်ဆင်တယ်။ ဖြုတ်ယူလာတဲ့ စာပုံနှိပ်စက်ကိုလည်း
ပြန်ဆင်တယ်။ သူ့ဆီမှာ ရန်ကုန်ကတည်းက အလုပ်လုပ်လာတဲ့ ဖိုမင်ကိုချစ်တင်က
သူစစ်ပြေးရာမှာလည်း အတူတူလိုက်လာပြီး သူလုပ်ချင်တဲ့ ပုံနှိပ်အလုပ်ကို ပြန်စီစဉ်
အုပ်စီးပေးပါတယ်။ ပြီးတော့ စာအုပ်ရိုက်ဖို့ ကြိုးစားတယ်လေ။
စစ်ကြီးပြီးတော့လည်း
ပုံနှိပ်လုပ်ငန်းနဲ့ စာအုပ်ထုတ်ဝေရေးကိုပဲ ပြန်စတာ ပြန်လုပ်တာပါပဲ။
ဆက်လက်ဖော်ပြပါမည်
လူထုဒေါ်အမာ
(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။
၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...
ဦးလှနဲ့ ကျွန်မ ဖူးစာဆုံစည်းရမှုကို ခုပြန်စဉ်းစားတဲ့အခါ ဦးလှထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းကို သဘောကျတာက အကြောင်းရင်းခံတယ်။ နောင်တော့ ဦးလှက မိတ်ဆွေတွေဆီကို စာရေးရင် တရင်းတနှီး ရေးလေ့ရှိတယ်။ ပေးစာ အရေးကေ...