အတ္ထုပ္ပတ္တိအခန်းဆက်

ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)

လူထုဒေါ်အမာ

01 February 2026
ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)
Share to

            ခင်ဗျားတို့ အိမ်ထောင်ရေးကလည်း စာရေးကြတာလွန်လှပါကလားလို့ ပြောမယ်ဆိုရင် ပြောစရာပါပဲ။ ဒါပေမယ့် အဲဒီတုန်းကလည်း သမီးရည်းစားတို့ထုံးစံ ကျွန်မမိဘများက သူနဲ့ သဘောမတူချင်တာ၊ တခြားလူတွေကို စဉ်းစားတာစတဲ့ ကိစ္စတွေက ပေါ်သေးတာကိုး။

            သူ မိန်းမလိုချင်တော့ သူ့မှာ မင်္ဂလာဆောင်ကြီးလုပ်ပြီး မိန်းမယူဖို့ ပိုက်ဆံရှိရှာတာ မဟုတ်ပါဘူး။ အဲဒီမှာ သူယူမယ့် မိန်းမရဲ့ မိဘတွေက သူတို့သမီးကို အကြီးအကျယ် မင်္ဂလာဆောင်ပြီး ယူတာမျိုးမကြိုက်ဘူး။ မလုပ်နဲ့၊ သမီးမိန်းကလေး အိမ်ထောင်ချတာကို ညပိုင်းအရပ်ထဲက လူများဖိတ်ကြားပြီး နှစ်ဖက်မိဘ ကန်တော့ရင် ပြီးတာပဲဆိုတဲ့ သတိုးသမီးအဘိုး ဦးဖြိုးအောင်ရဲ့ မူဝါဒအရပဲ တောင်းရမ်းလို့ဆိုတယ်။ ဦးလှမှာ ကြိတ်ပြီး ဝမ်းသာလိုက်မယ့် ဖြစ်ခြင်းပေါ့လေ။

            မန္တလေးကို မင်္ဂလာဆောင်လာတော့ သတို့သားဝတ်စုံကို စကော့စျေး (ဗိုလ်ချုပ်အောင်ဆန်းစျေး) မြပိုးထည်တိုက် ဦးမြက သူ့ကိုအားလုံးချုပ်ပေးလိုက်တယ်၊ မေတ္တာလက်ဆောင်။ မောင့်ကျက်သရေခေါင်းပေါင်းပါ မကျန်ပေါ့။ ဦးမြက ဦးလှအဖေနဲ့ တစ်ရပ်တည်းသားလေ၊ ရွှေတောင်က မြပိုးထည်နဲ့ မောင့်ကျက်သရေခေါင်း‌ပေါင်း ကြော်ငြာဟာ ဦးလှရဲ့ ကြီးပွားရေးမဂ္ဂဇင်းထဲမှာ အမြဲတမ်း ပါနေကျဖောက်သည် ကြော်ငြာပါ။ အဲဒီတော့ သတို့သားကို ဘန်ကောက်လုံချည် သနပ်ခါးရောင်ရော၊ တိုက်ပုံအင်္ကျီရော၊ ရှပ်အင်္ကျီရော၊ မောင့်ကျက်သရေ ခေါင်းပေါင်းနံသာရောင်ပါအားလုံး မေတ္တာနဲ့ ဆပ္ပလိုင်း လုပ်လိုက်တယ်လေ။

            မင်္ဂလာ ကုတင်၊ စားပွဲ၊ ကုလားထိုင်ခုံ၊ မှန်တင်ခုံနဲ့ ကျွန်းသားဗီရိုကြီး တစ်လုံးဦးလှက ဝယ်လာတယ်။ အဲဒါက သူ့မဂ္ဂဇင်းမှာ အမြဲတမ်းကြော်ငြာတဲ့ ကြော်ငြာရှင် ဘုံဘေဘားမား အိမ်ထောင်ပရိဘောဂက ဝယ်ခဲ့တာပါ။ ဒီပစ္စည်းတွေအတွက် ပိုက်ဆံပေးစရာမရှိရင် ကြော်ငြာခနဲ့ နှိမ်လို့ရတာပေါ့။ အဲဒီတော့ သူ့အဖို့ လောလောဆယ် ပိုက်ဆံကုန်စရာက ခြင်ထောင်၊ မွေ့ရာ၊ ခေါင်းအုံးနဲ့ စောင်ဖိုးပဲရှိမှာပါ။ ဒါတောင် စကော့စျေးထဲက ဘယ်အဒေါ်ကြီးတွေက ဘာတွေလက်ဖွဲ့လိုက်သေးလဲမှ မသိတာ။ ဒါကြောင့် ၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက် (၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီး မင်္ဂလာဆောင်ရပါတယ်။ အကျွေးအမွေးကတော့ သူ့မိတ်ဆွေကြီး ဆန်းကဖီ ဦးထွန်းရင်နဲ့ ဦးတင်ပွတို့က ရေခဲမုန့်နဲ့ ကိတ်မုန့်တွေကို မုန့်ပွဲချပေးမယ့် ယူနီဖောင်းဝတ် ဆန်းကဖီးက ဘွိုင်ကုလား (၃) ယောက်နဲ့တကွ ရန်ကုန်က ပို့ပေးတယ်။ ဟိုတုန်းက မီးရထားက အချိန်မှန်တော့ ရန်ကုန်က ဆန်းကဖီးရေခဲမုန့်နဲ့ မန္တလေးမှာ ဧည့်ခံလို့ ရပါတယ်။

            လက်ထပ်ပြီးတဲ့အခါ ကျွန်မ အနေအထားက ရန်ကုန် သူ့နောက်ကို လိုက်မနေနိုင်ဘူး ဖြစ်နေတယ်။ ကျွန်မက အမေ့ညီမ ဒေါ်သက်ရှေနဲ့ အတူနေပါ။ ဒေါ်သက်ရှေရဲ့ခင်ပွန်း ဦးရှင်က ကျွန်မအဖေ ဦးထင်ရဲ့ အစ်ကိုပါ။ ညီအစ်ကို ညီအစ်မ ပေးစားထားရာမှာ ဦးရှင်နဲ့ ဒေါ်သက်ရှေက သားသမီးတစ်ယောက်မှ မမွေးဘူး။ အဲဒီတော့ ကျွန်မအမေ မွေးထားတဲ့ သားသမီးတွေထဲက ကျွန်မနဲ့ ကျွန်မမောင်အကြီး ကိုမောင်လေးကို သူတို့နဲ့အတူ နေစေမယ်။ မွေးစားတာ မဟုတ်ပေမယ့် ကျွန်မတို့ မောင်နှမက ဦးရှင်၊ ဒေါ်သက်ရှေတို့ အိမ်သားပေါ့။ အဲဒီမှာ ဦးလှနဲ့ ကျွန်မ သမီးရည်းစားဖြစ်နေတုန်း ၂၆-၇-၃၈ မှာ ဘကြီးဦးရှင်က ကွယ်လွန်အနိစ္စရောက်ရှာတယ်။ အဲဒီတော့ အဒေါ် မုဆိုးမကို ကျွန်မက တစ်ယောက်တည်း ပစ်မထားခဲ့ရက်ဘူး။ အဒေါ်ကလည်း ဦးလှနဲ့တော့ သဘောတူပါရဲ့။ ကျွန်မ စိတ်ချမ်းသာအောင် ပေးစားဖို့လည်း ကြိုးစားရှာပါရဲ့။ ရန်ကုန်ကိုတော့ ကျွန်မကို မထည့်လိုက်ချင်ဘူး။ မန္တလေးမှာပဲ အတူနေစေချင်တယ်။ ဒါကြောင့် ဦးလှက သူ့ကြီးပွားရေးတိုက်ကို မန္တလေးပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီး ဒီဇင်ဘာမှာ ကြီးပွားရေးတစ်တိုက်လုံး မန္တလေးကို ပြောင်းလာခဲ့တယ်။ ၁၉၄ဝ ခုနှစ် ဧပြီလမှာ ကြီးပွားရေးမဂ္ဂဇင်း မန္တလေးက စထွက်ပါတယ်။

            သူနဲ့ ကျွန်မ အိမ်ထောင်ကျပြီး (၂) နှစ်လောက်အကြာမှာ သားကြီး ကိုစိုးဝင်းကို မွေးပါတယ်။ သားဦးအဖြစ်နဲ့ သားမွေးတော့ ဦးလှ ဘယ်လောက်ဝမ်းသာ မလဲဆိုတာ မအောင့်နိုင် မအည်းနိုင် သူ့မဂ္ဂဇင်းမှာ စံလှပေါ်ဦးအရိယကျောင်းသား ဆိုတဲ့ ကလောင်အမည်နဲ့ 'ကျောက်ကောင်းတစ်စေ့' ဆိုပြီး ဝတ္ထုဆောင်းပါး ရေးသတဲ့လေ။

သူ့ ဝတ္ထုဆောင်းပါးမှာ

            ...'သို့နှင့် လက်ထပ်ပြီး၍ (၂) နှစ်မပြည့်မီ လအနည်းငယ်တွင် ခင်မာသီ သည် သားယောကျ်ားကလေး (၃ဝ-၉-၄၁ နေ့က) ဖွားမြင်၏။ မောင်ကံကောင်း၏ ဝမ်းသာခြင်းကား ပြောမဆုံးနိုင်ပြီ။ သိန်းဆုပေါက်သူကား လောဘဖက်၍ ရမ္မက် ပိုချေဦးမည်။ ဆရာမက 'ယောကျ်ားကလေး၊ အမေရော ကလေးရော နေကောင်းတယ်' ဟု ပြောလိုက်သော စကားလုံးသည် ဝမ်းသာလုံးဖြစ်ကာ ရင်ဘတ်ကို ပြေး၍ဆောင့်တော့သည်။ ဆေးရုံခန်းထဲသို့ဝင်ကာ ခင်မာသီ အိပ်ပျော်နေသည်ကို နှိုး၍ 'ယောကျ်ားကလေး' ဟု ပြောလျက် နှစ်ယောက်သား ပြုံးကာ ပီတိဖြစ်ကြ သည်မှာ ကြုံရခဲသော ပီတိမျိုး ဖြစ်တော့သည်။ 'ဆရာမရယ်၊ ကလေး ကြည့်ပါရစေ' ဟု မောင်ကံကောင်းက တောင်းသောအခါ ခင်မာသီကလည်း သူပင် မမြင်ရသေးကြောင်းပြော၍ ဆရာမ ယူလာသော ကလေးကို နှစ်ယောက်သား ဝမ်းသာအားရကြည့်ကြရသည်။ ခင်မာသီကား 'ယောကျ်ားကလေး' ဟု ဆရာမ ပြောသည်ကို သေချာအောင် အဝတ်လှစ်၍ ကြည့်ပေသေး၏။ ရွှေပန်းကလေးကို မြင်သောအခါ 'ယောကျ်ားကလေးအစစ်ပါပဲ' ဟုပြောကာ ပြုံးလေသည်။ မောင်ကံကောင်းလည်း သေသေချာချာကြည့်လိုက်သည်။ 'ဟုတ်ပါပေ၏' ဟု စိတ်ထဲက ဆိုမိသည်။ 'အိုကွာ...ယောကျ်ားကလေးလိုချင်ရင် ယောကျ်ားကလေးရတာပေါ့' ဟု နှုတ်က အဆစ်ဆက်သေးသည်။ သြော်... ရွှေပန်းကလေးကား အဖိုးတန်လေစွ။

            'အသားလည်း ဖြူတယ်နော်၊ နှုတ်ခမ်းကလေးတွေကလည်း နီလို့၊ မျက်လုံးကတော့ သိပ်မပြူးဘူး၊ မျက်ခုံးမွေးကလည်း မပေါက်သေးဘူး၊ ဆံပင်ကလည်း အကောင်းသား မည်းနေတာပဲ၊ နှာခေါင်းကလည်း ပေါ်ပေ့ကွာ၊ ဘယ်သူ တူတာပါလိမ့်' စသဖြင့် အဖေ လက်သစ် မောင်ကံကောင်းသည် သားဦး ကလေးကိုကြည့်ကာ အရူးပမာ ပြောနေသည်ကို ခင်မာသီသည် သဘောကျကာ ပြုံး၍ကြည့်နေလေသည်။

            'ဆရာဝန်ကြီး လာလိမ့်မယ်၊ တော်လောက်ပြီ' ဟု ဆရာမပြောသည်ကို မဖည်ဆန်နိုင်သော မောင်ကံကောင်းသည် ဇနီးသည် ခင်မာသီကို နှုတ်ဆက်ကာ လှမ်းမိသည်ဟု မထင်မိသော ခြေလှမ်းများဖြင့် ဆေးရုံမှဆင်းကာ မြင်းရထား တစ်စီးပေါ်သို့ ဈေးမဆစ်နိုင်ဘဲ ပြေးတက်ကာ စစ်နိုင်သော စစ်သူကြီးကဲ့သို့ အိမ်သို့ ပြန်ခဲ့ပေတော့သည်။ လမ်းတစ်လျှောက်လုံး ရထားပေါ် စိတ်ကူးယဉ်လာသည်မှာ ပြောမကောင်းပေ။ မှိုရသော မျက်နှာဆိုသည်ကား သားရသော မျက်နှာလောက် ချိုချင်မှ ချိုပေမည်။ အိမ်သို့ ရောက်ခဲ့သည်ဟု စိတ်ထဲက အောက်မေ့၏။ အိမ်အဝင် တွင်လည်း ဣန္ဒြေမဆည်နိုင်၊ အပြုံး ကြီးပြုံးကာ အိမ်သားများကို'ယောကျ်ားကလေး... ယောကျ်ားကလေး' ဟု ပြောမိတော့သည်။ အားလုံးပင် ဝမ်းသာပွဲကြီး ဆင်ကြသည်။ ဒေါ်လေးတင်က ငါတော့ အဒေါ်ဖြစ်ပေပြီတဲ့။ မကျန်းမာနေသော ဒေါ်လေးကြင်ကလည်း ကလေးကြည့်ချင်လှပတဲ့။ ဦးလေး ခင်လေးမောင်ကလည်း 'ဟန်တာပဲဗျို့၊ ဝမ်းသာလိုက်တာ၊ စာမေးပွဲမှ ဖြေနိုင်ပါတော့မလား မသိဘူး'တဲ့။ ဦးလေး ညီညီကလည်း ဝမ်းသာလုံး ဆို့ဆို့ဆိုကာ ကတော့သည်။ မုန့်ဖိုး (၆) ပြားရရင်တော့ ကလေးကို (၂) ပြား ခွဲပေးရမှာပဲ။ သုံးဘီး ဘိုင်စကယ်ကလေးလည်း ပြင်ထားရတော့မယ်။ စက်ဘီးအငယ်လေးလည်း ဆေးသုတ်ရမယ် စသည်ဖြင့် သူ့လောက သူပိုင်သမျှကို တူကလေးအား ခွဲပေးဖို့ စိတ်ကူးယဉ်နေပေတော့သည်။ မြေးဦး ရတနာရသော အဘိုးကလည်း ဒီနေ့ကစပြီး ငါလည်း အဘိုးဖြစ်ပြီဟု သဘောကျကာ ပြုံး၍ ပြောရှာသည်။ မောင်ကံကောင်းမှာလည်း စိတ်ညစ်သူလော၊ ပျော်သူလော မသိ။ အလုပ်တိုက်သို့ လာသူတိုင်း သူ သားတစ်ယောက် ရနေပြီဖြစ်ကြောင်း ပြောလေတော့သည်။

            ညနေတွင် ဖွင့်ဖွင့်ချင်း ဆေးရုံသို့ သွား၍ အချိန်ကုန်မှ ပြန်ခဲ့ကြသော ဆွေမျိုးတစ်စုမှာ ကလေးငယ်အကြောင်း၊ ခြေဆံလက်ဆံရှည်ကြောင်း၊ လက်ချောင်းကလေးများ အလွန်ရှည်သည်ကို ထောက်လျှင် သုခုမပညာ သမားဖြစ်ဖို့ ရှိကြောင်း၊ လက်သန်းကလေး လက်သူကြွယ်နီးနီး ရှည်သည် ကိုထောက်လျှင် စာရေးဆရာ နာမည်ကျော်ဖြစ်ဖို့ရှိကြောင်း စသည့် ထင်မြင်ချက်တွေပေးကာ ပြောလာကြသည်မှာ ဆက်ရက်အုပ်ကျသကဲ့သို့ပင် ဖြစ်တော့သည်။ အိမ်သို့ရောက်သောအခါ ဟင်းပူထမင်းပူ ကောင်းကောင်း မစားနိုင်ကြ၊ စကားသာ အမျိုးမျိုးဆက်ကာ လှည့်ကာ ပြောနေကြလေတော့၏။

            နောက်တစ်ရက်တွင် မောင်ကံကောင်းသည် ရန်ကုန်ရှိ မိတ်ဆွေသုံး လေးဦးထံသို့ သားဦးရတနာ ဖွားမြင်ကြောင်း စာရေးလိုက်၏။ မည်သူ့ လက်ချက်ဟူ၍ကား မသိ။ နောက် နှစ်ရက်လောက်ကြာသောအခါ မြန်မာ့အလင်း သတင်းစာတွင် ကြော်ငြာတွေ့၍ဟု မိတ်ဆွေများထံမှ စာတွေလာတော့၏။

            ရောက်လာသော စာများတွင် အဖေချော အမေချောမို့ ကလေးလည်း ချောမှာပဲဟု များစွာပါကြသဖြင့် အမြှောက်မကြိုက်ဖူးသော မောင်ကံကောင်းသည် မကြာခဏ မှန်ဆီသို့ ရောက်လေတော့သည်။ ကလေးကြည့်လာသူများနှင့်  စာရေးသူတို့၏ အမြင်သာ မှန်ကြပေလိမ့်မည်။

            ရက်ပေါင်း (၂ဝ) အတွင်း သားတော်မောင်ကား (၁) ပေါင်နှင့် (၅) အောင်စ တိုး၍လာသဖြင့် ဇနီးမောင်နှံ နှစ်ဦးသားမှာ အရူးများပမာ သဘောကျနေကြပေသည်။ ကလေးလာကြည့်သူတို့က ဝတယ်ဟု ပြောလျှင် အလွန်ကြိုက်ကြ၏။ ချစ်စရာကလေး၊ မျက်နှာပေါ်ကလေးနဲ့ဟုဆိုလျှင် အလွန်သဘောကျကြ၏။ လူတွေဟာ အမှန်တော့လည်း သိကြသားကိုးနော်ဟု အောက်မေ့ကြပေသည်။ သို့သော် ကလေးလာကြည့်သူများအနက် အဖေတူသည်ဟု ပြောသူများနှင့် အမေတူသည်ဟု ပြောသူများ (၂) မျိုးအားဖြင့် ဝိဝါဒကွဲနေကြသည်မှာ နေရာမကျလှပေ။

            ကလေးကလည်း မကြီးနိုင်၊ ရထားသော ပုံပြင်ကလေးများ၊ ပျော်ရွှင် ဗဟုသုတဖြစ်စရာများကို မောင်ကံကောင်းခမျာ ပြောချင်လှပေပြီ။ ခုနေများ လူစွမ်းကောင်း ငလက်မကလေး ပုံပြောရရင် နားလည်လေမလား။ ဂျပိုးရယ်၊ သန်းမကြီးရယ် စကားများကြတဲ့အကြောင်းက သာပြီးကောင်းမှာပါ။ လူလေး နားထောင်မလား၊ ဖေဖေပုံတွေ အများကြီး ရတယ်။ နားထောင်ချင်ရင် မြန်မြန်ကြီးဆရာ ဒါပဲ။ မြန်မြန်ကြီးရင် မြန်မြန်ပြောပြမယ်။ မျက်လုံးကြီး ဖြဲဖြဲပြီး ကြည့်မနေပါနဲ့ကွာ၊ မင်းဟာက နားပဲလည်သလိုလို ဘာလိုလိုနဲ့။ အလိုဘာမဲ့တာတုံး၊ ငါ့သား ဘယ်သူဆိုသလဲ။ အမေဆိုသလား၊ မေမေ မဆိုရဘူး၊ မဆိုရဘူး။

            ဤနှယ် ထို့နှယ် ချစ်သွေးမွှန်ကြသော သားရူးအဖေများ ဤကမ္ဘာတွင် မပေါများရာ၌ မောင်ကံကောင်းသည် အရူးတို့၏ ဘုရင်ဟုပင် ခေါ်ထိုက်လှပေစွ။ ကလေးပညာရေး ရန်ပုံငွေ စုဆောင်းရေးကို ချက်ချင်းပင် စတော့၏။ ဦးလေးရွှန်း ကလည်း ကလေးရမှ ဘယ်လောက် ဈေးဆစ်သည်ဟု ဆိုသေး၏။ လူပျိုကြီး မသိရှာ၍ ဆိုခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ကလေးနှင့်ပတ်သက်၍ မက်လိုက်သည့် အိပ်မက်တွေကား ပြောမကောင်းပေ။ ဦးလေးညီကလည်း ကလေး ကြီးလာပြီ၊ မတ်တတ်ပြေးသည်ဟု အိပ်မက်မက်သတဲ့။ ဒေါ်လေးတင်ကလည်း ကလေးလေး ဟာ မွေးစလေးနဲ့ စကားတွေ ပြောလိုက်တာ စုံလို့လို့ အိပ်မက်မက်သတဲ့။ ကော်တရာ ဦးလေးခင်လေးမောင်ကပင် ကလေးလေးဟာ စာနီကလေးဖြစ်လို့ သူ့ လက်စွပ်က ရွှေစကလေးတွေ ကျွေးရတယ်လို့ အိပ်မက်မက်သတဲ့။

            သြော်... ဒါနဲ့ ကလေးနာမည်ပေးဖို့ ကိစ္စက ရှိသေးတယ်။ တချို့ကလည်း နာမည်ကို အရမ်းမပေးနဲ့တဲ့။ ငယ်ငယ်က ကိုခွေးဆို တစ်သက်လုံးကို ခွေးဖြစ်ပြီး ရှင်ဘုရင်ဖြစ်တောင် မင်းခွေးချေး အခေါ်ခံရတတ်သတဲ့။ ပညတ်တို့ ဓာတ်သက်တို့ ပြောတဲ့လူကလည်း ပြောပေါ့လေ။ အင်္ဂါသားမို့ 'ဇော်ဝိတ်' လို့ မှည့်ခေါ်ပြန် လျှင်လည်း ကလေးဟာ ကြီးလာလို့ လိမ္မာလာလျှင် တော်ပါသေးရဲ့။ တော်တော်ကြာ မိုက်များနေမှဖြင့် 'ခင်ဗျားကြီးတို့က ကျုပ်ကို 'ဇော်ဝိတ်' လို့ မှည့်ထားတာကိုး' လို့ အပြစ်တင်လျှင် အဖြေပေးစရာရှိမှာ မဟုတ်ဘူး။ ကာယဗလ ဦးဇော်ဝိတ်ကြီးကတော့ သူ့နာမည် ယူမှည့်ရမလားလို့  စိတ်ဆိုးမယ် မဟုတ်ပါဘူး ထင်ပါရဲ့။ သဘောကောင်းရှာပါတယ်။

            တချို့ကတော့လည်း 'ထိပ်ဆုံးသို့' ဆိုတဲ့ စာအုပ်နဲ့ တစ်ပြိုင်နက်တည်း မွေးလို့ 'မောင်ထိပ်ဆုံး' လို့ မှည့်ရမတဲ့။ မိန်းကလေးမွေးရင် 'စန္ဒမာလာ'လို့ သူ့အမေ က မှည့်ချင်ရှာလိမ့်မယ်။ သူ ဘာသာပြန်တဲ့စာအုပ်ပေကိုး။ 'အမှုအခင်းများ' လို့ မှည့်ရင်တော့ နေရာမကျ။ ''ပါတဲ့ နာမည်မှည့်ရမှာကလည်း ထောင်တာ စားနေတော့ ကြောက်ရသေးတယ်။ 'ဆိုဗီယက် ရုရှား'ဆိုတဲ့ စာအုပ်နာမည်ကို မှည့်ရမှာကတော့လည်း စစ်ရှုံးနေလို့ မဟန်ပေဘူး။ ဟာ... ရှုပ်ပါတယ် 'လူလေး' ပဲ ခေါ်ကြပါစို့။

            သို့နှင့် သားချစ်ရူးအဖေ မောင်ကံကောင်းသည် သားတော်မောင်၏ အလုပ်အကိုင်များကို ဆက်၍ တွေးတောစဉ်းစားပြန်၏။ ငါ့သားကြီးရင် ဘီအေအောင်အောင်သင်၊ ဘီအေအောင်တော့ ဘီအယ်လ်တက်၊ နောက်ပြီး ဘီစီအက်စ် ပထမတန်းဝင်၊ အဲဒီတော့ (ဘီအေ၊ ဘီအယ်လ်၊ ဘီစီအက်စ် ပထမတန်း) ဆိုတဲ့ ဘီသုံးလုံးဂုဏ်ဟာ မနည်းပေဘူး။ ကြိုက်တဲ့ မိန်းမကို ရနိုင်တယ်။ တချို့လူနောက် တွေကတော့ ဘီသုံးလုံးမောင်ဟိုဒင်းလို့ ခေါ်ကြလိမ့်မယ်ထင်တယ်။ ဒါကလည်း တစ်ခဏပဲ၊ အလကားပါလေ။ ဒီ ဘီသုံးလုံးတွေလည်း မဟန်သေးပါဘူး။ ငါ့သား လူလားမြောက်တဲ့ အချိန်ရောက်တော့ ခုခေတ်လို အိုင်စီအက်စ်ကို သီဟိုဠ် ကျွန်းအထိကြိုတဲ့ ယောက္ခမလောင်းတွေ။ ငွေနှစ်သောင်း၊ အိမ်တစ်လုံး၊ စိန်တစ်ဆင်စာနဲ့ မော်တော်ကား တစ်စီးဆိုတဲ့ ခေတ်တွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ နောက်ပြီး အခု ဘုရားထူးခံတဲ့ မြို့အုပ်မင်းတွေ၊ ဝန်ထောက်တွေ၊ အရေးပိုင်မင်းတွေဟာ အဲဒီအခါကျတော့ ခုလောက်ဈေးကောင်းတော့မှာလည်း မဟုတ်ပါဘူး။ မိဘမျိုးရိုး ကုန်သည်ပဲ ကောင်းထင်ပါရဲ့။ အို... ဒါတွေလည်း တယ်အရေးမကြီးသေးပါဘူးလေ။ သားကောင်း တစ်ယောက်ဆိုတာ ကျောက်ကောင်း တစ်စေ့မို့ အဖိုးဖြတ်လို့ မဖြစ်သေးပါဘူး။

            မောင်ကံကောင်းသည် စင်စစ်အားဖြင့် အဖေ့ဝဋ်ဆိုက်ခြင်းပင်ဖြစ်၏။ အဖေကလည်း အဘိုးဝဋ်ဆိုက်၊ အဘိုးကလည်း အဖီးဝဋ်ဆိုက်၊ အဖီးကလည်း အဖီး အဖေ့ဝဋ်ဆိုက်၊ အဖီးအဖေကလည်း အဖီးအဘိုးဝဋ်ဆိုက်ကြကာ မိမိတို့၏ သားများကို ချစ်ကြရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် တစ်နေ့ ကျေးဇူးဆပ်ကြမည် ဘာညာဟု မအောက်မေ့ဘဲ ကိုယ့်တာဝန်ရှိသည်ကို တတ်အားသမျှ ထမ်းကြဖို့ အရေးကြီးသည်ဟု သဘောပိုက်မိလေသည်။ သို့သော် အဇာတသတ်၏ထုံး နှလုံးပိုက်ကာ မိမိအား ငယ်စဉ်က မိမိဖခင် ချစ်ခဲ့ပုံများ၊ အလိုလိုက်ခဲ့ပုံများကို သတိရကာ နောင်တရ၍ ကျေးဇူးတင်မိတော့သည်။ ငါ၏ သားကို ငါချစ်ခဲ့သကဲ့သို့ ငါ့အား ချစ်ရှာပေသည်တကားဟု အောက်မေ့လွမ်း ဆွတ်ကာ ကျေးဇူးဆပ်ချင်သော စိတ်များ ပြင်းပြစွာ ဖြစ်လာသည်နှင့် အောက်ပါစာကို ရေးသောဟူ၏။

တန်ဆောင်မုန်းလဆန်း ၇ ရက်နေ့

ဖေဖေခင်ဗျား...

            ကျွန်တော်တို့၏ သားကလေးမှာ ယခု တစ်နေ့တခြား ဝဖြိုးသန်မာလာပါပြီ။ သူ့ကို ကျွန်တော်တို့အားလုံးပင် အလွန်ချစ်ကြပါသည်။ ဒီသားကလေးရမှ ဖေဖေ ကျွန်တော့်ကိုချစ်ပုံတွေကို ကျွန်တော် ပြန်လည်ထင်မြင်သတိရ၍ ကျေးဇူးဆပ်လိုစိတ်များ များစွာဖြစ်ပေါ် လျက်ရှိပါသည်။ ထို့ကြောင့် (မိဘကျေးဇူး) ဆိုသော အတိတ်နှင့် ထီတစ်စောင် ထိုး၍ ပို့လိုက်ပါသည်ခင်ဗျား။

ကျန်းမာပါစေသော်ဝ်

မောင်ကံကောင်း

တဲ့။ ဒီဆောင်းပါးကို ၁၉၄၁ ခု နိုဝင်ဘာလထုတ် ကြီးပွားရေး မဂ္ဂဇင်းမှာ ကလေးရုပ်ကလေးနဲ့ ထည့်ပါတယ်။

            အဲဒီလို ရေးရုံသားရုံနဲ့လည်း အားမရသေးဘူး။ သူ့သားကို လူတကာ လည်ပြချင်သေးတာပါ။ ကျွန်မ မှတ်မိနေသေးတယ်။ သားတစ်လသား ရတော့ ဦးလေးမှင်တို့အိမ်ကို သားလေး ချီသွားပြီး ပြချင်သတဲ့။ ဦးလေးမှင်ဆိုတာ ရဲဘော်ဗဟိန်းအဖေ မန္တလေးမှာ သူအချစ်ဆုံး မိတ်ဆွေတစ်ဦးပါ။ ကျွန်မ က 'ဖြစ်မှာလား၊ ကိုယ်လည်း မချီတတ်ဘဲနဲ့' လို့မေးတော့ ဖြစ်ပါသတဲ့။ ရဲဘော် ဗဟိန်းအဖေ ဦးလေးမှင်တို့အိမ်က ကျွန်မတို့ ဂုန္တန်ဝင်းအိမ်ထဲက မြောက်ပေါက်ထွက်ပြီး အနောက်တစ်ပြလောက် ထွက်လိုက်ရင် ရောက်ပါတယ်။ ကျွန်မက သားကို အနှီးနဲ့ သေသေချာချာ ထုပ်ပေးလိုက်ရတယ်။ အနှီးပိုလည်း (၂) ထည်လောက် ထည့်ပေးလိုက်တယ်။ ပြီးတော့ အိမ်တော်ရာထီး (၁) လက်ဖွင့်ပေးလိုက်တယ်။ အဲဒီကလေးကို တစ်ဖက်ကပွေ့၊ တစ်ဖက်က ထီးဆောင်းပြီး သွားလေရဲ့။ နောက် (၁) နာရီလောက်နေမှ သားအဖ ပြန်ရောက်လာတယ်။ ချေးနှီးထုပ်ကြီးနဲ့။  ဦးလေးမှင်တို့အိမ်မှာ သားက နောက်ဖေးပါသတဲ့။ အဲဒီတော့ ကိုဗဟိန်းအစ်မ အပျိုကြီးနှစ်ယောက်ဖြစ်တဲ့ မမကြီးနဲ့ သိန်းသိန်းတို့က အနှီးလဲပေးလိုက်ကြသတဲ့။ ဦးလေးမှင်က ဘာပြောလိုက်သလဲလို့ ကျွန်မကမေးတော့ သူ သားရတာကို ဦးလေးမှင်က ဝမ်းသာတာပေါ့တဲ့။ ဦးလေးမှင်က ဦးလှကို တော်တော်ချစ်ပါတယ်။ ဦးလှမှာ ဣန္ဒြေကို မဆောင်နိုင်ဘူး။ သားကလေးရတာကို ဝမ်းသာနေတာ။ နို့ပေမယ့် သား (၂) လ သားလောက်အရမှာ ကမ္ဘာစစ်က ကိုယ့်ဆီရောက်လာတော့တာပဲ။ အဲဒီတော့ သားပွေ့ပြီး စစ်ပြေးပြေးကြရပါလေရော။

            စစ်ပြေးခဲ့ရတာ နေရာပေါင်း (၈) နေရာ ရှိခဲ့တယ်။ မန္တလေးမြောက်က ကပိုင်တောင်ငူစုကျောင်းမှာ အကြာဆုံးနေခဲ့ရတယ်။ ဦးလှက အဲဒီတုန်းက ဒိုင်ယာရီရေးတာတဲ့၊ သူ့ ဒိုင်ယာရီ တစ်ရက်စာကို ဖတ်ကြည့်ပါဦး။

၁၉၄၃ ခု မတ်လ ၇ ရက် တနင်္ဂနွေနေ့

            'ဦးဟာစံလာ၍ စာရေးပက် အသေး (၁၉၉)၊ အကြီး (၉၉) ခု ဆိုင်တွင် ပေးခဲ့ကြောင်းပြောသည်။ စာအုပ်သေးမှတ်စု တစ်ထောင်ချုပ်ရန် အပ်လိုက်သည်။ လေယာဉ်ပျံသံ (၂) ကြိမ် ကြားရသည်။ ပြန်ပစ်သံလည်း မြို့ဆီမှ (၂) ကြိမ် ကြားရသည်။ ကယ်လီကျောင်း၊ အက်စ်ပီဂျီကျောင်း၊ ဂျပန်ဘဏ်၊ ဘူတာကြီး၊ ဘီတီအင်ကျောင်းနားတစ်ဝိုက်၊ လူအိုရုံ၊ ကျောက်သွေးတန်းလမ်းပေါ်၊ ဂူဂျရတီ ကုလားကျောင်း ရှေ့နား စသဖြင့် ဗုံးကျသည်ဟု ကြားရသည်။ ယနေ့ညပိုင်း အေးချမ်း၏၊ မီးဂရုစိုက်ရန် အထူးနှိုးဆော်ရသည်။

ကိုယ်ရေးကိုယ်တာကိစ္စ

            အမာ နည်းနည်းခေါင်းခဲသည်။ လူလေး အလွန်နော့သည်။ သူ ဘာစားစား သူ့အဖေကို ကျွေးချင်သည်' တဲ့။

            အဲဒါ သူ့တစ်နေ့တာ ဒိုင်ယာရီပါ။ သူ့ဒိုင်ယာရီထဲက ဦးဟာစံဆိုတာက စာအုပ်ချုပ်ပေးတဲ့ ကျွန်မတို့ ဖောက်သည် စာအုပ်ချုပ်သမားပါ။ ဂျပန်ခေတ်မှာ ဈေးချိုက ဆိုင်ကလေးမှာ ကုန်စုံအရောင်းခိုင်းစားရတော့ မှတ်စုစာအုပ်ကလေးတွေ ချုပ်ရောင်းရသေးတာမို့ ဦးဟာစံကို စာအုပ်ချုပ်ဖို့ပေးတဲ့စာရင်းကို မှတ်ထားတာပါ။

            နံပါတ် (၂) သမီးကို စစ်အတွင်း ပြေးရင်း မန္တလေးမြောက် (၆) မိုင်ကွာ မှာရှိတဲ့ ကပိုင်တောင်ငူစုကျောင်းမှာ မွေးရတယ်။ ဘုန်းကြီးကျောင်းဝိုင်းကြီးထဲမှာ ကာကွယ်ရေးကျင်းကြီးတူးပြီး အဲဒီကာကွယ်ရေး ကျင်းပေါက်မှာ တဲတစ်လုံးထိုးပြီး သမီးကို မျက်နှာမြင်ရတာပါ။ ညဆိုရင် ရေနံဆီပုံးထဲမှာ ဖယောင်းဆီမီးခွက် ထည့်ထွန်းထားရတယ်။ လေယာဉ်ပျံသံ သဲ့ခနဲကြားရင် ကာကွယ်ရေးကျင်းထဲ မီးမှုတ်ပြီး ဆင်းကြရရော။ နေ့ရောညရော ကျင်းထဲ ဆင်းချေတက်ချေနဲ့ နေရတာပါ။ မြကြွက်ကြီးတွေလိုပါပဲ။ ရွှေမန်းတင်မောင်တို့ကလည်း ကျွန်မတို့နဲ့ တစ်ကျောင်း ဝိုင်းတည်းနေကြတာ။ သူ့သားကြီး မောင်ညွန့်ဝင်းက ကျွန်မသား မောင်စိုးဝင်းထက် နည်းနည်းကြီးတယ်။ သူ့သား မောင်ဝင်းဗိုလ်က ကျွန်မသမီး သန်းယဉ်မာထက် နည်းနည်းကြီးတယ်။ သူတို့ ကစားဖက်တွေပဲ။

ဆက်လက်ဖော်ပြပါမည်

လူထုဒေါ်အမာ

(အမှတ် ၁၉၈၊ မေ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၈)
လူထုဒေါ်အမာ

သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၇)
လူထုဒေါ်အမာ

ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။

အတ္ထုပ္ပတ္တိအခန်းဆက်
...
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၅)
လူထုဒေါ်အမာ

ဦးလှနဲ့ ကျွန်မ ဖူးစာဆုံစည်းရမှုကို ခုပြန်စဉ်းစားတဲ့အခါ ဦးလှထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းကို သဘောကျတာက အကြောင်းရင်းခံတယ်။ နောင်တော့ ဦးလှက မိတ်ဆွေတွေဆီကို စာရေးရင် တရင်းတနှီး ရေးလေ့ရှိတယ်။ ပေးစာ အရေးကေ...