လူထုဒေါ်အမာ
အိမ်ထောင်ရေး
ဦးလှကို လူပျိုဘဝကတည်းက
သိကျွမ်းခင်မင်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေက ဦးလှ ကျွန်မနဲ့
အိမ်ထောင်ပြုလိုက်ပြီဆိုတော့ တချို့က ဘယ်လိုလုပ်တွေ့သွားကြတာလဲလို့ မေးကြသတဲ့။
ဦးလှက အသက် ၃ဝ အထိ
လူပျိုကြီး လုပ်နေပြီး မန္တလေးသူတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတာကိုး။
ပြီးတော့ သူနဲ့
ကျွန်မက အချင်းချင်း မေတ္တာရှိလို့ အိမ်ထောင်ပြုကြတာ မှန်ပေမယ့် ကျွန်မတို့ချင်း
မေတ္တာရှိနေတယ်ဆိုတာကို သိပ်ပြီး လူသိခံတာမှ မဟုတ်ဘဲ။ သူကလည်း ဒီကိစ္စမျိုးမှာ
ရှက်တတ်တယ်။
ကျွန်မကလည်း ရှက်တတ်တယ်။ နေကြတာကလည်း တစ်မြို့စီမို့ လူချင်းတွေ့ဆုံမှုက
အလွန်နည်းတာ။
ဒါကြောင့် ဦးလှနဲ့ အလွန်ရင်းနှီးပါတယ်ဆိုသူတွေတောင်မှ ကျွန်မနဲ့
ဘယ်လိုတွေ့ကြတယ်ဆိုတာကို အမှန်အတိုင်း မသိကြပါဘူး။
ဦးလှရဲ့ ကြီးပွားရေး
မဂ္ဂဇင်းတိုက်မှာ (၂) နှစ်၊ (၃) နှစ် အတူနေ၊ အတူစား၊
အတူလုပ်၊ ဦးလှက ကျွန်မဆီ အထည့်ခိုင်းတဲ့စာတွေကို ဘူတာပြေးထည့်ပေး၊ ဦးလှလစ်ရင်
ကျွန်မစာတွေကို
ခိုးဖတ်နေတာဆိုတဲ့
ကလောင်ပျံ ဦးဘကိုးတောင်မှ ကျွန်မနဲ့ ဦးလှ ဘယ်တုန်းကစ
ဘယ်လိုဆက်သွယ်မိတယ်ဆိုတာကို
မသိဘူး။ သူက ၁၉၃၆ ခု တက္ကသိုလ်သပိတ်က ကျွန်မတို့နှစ်ယောက်ကို ဖူးစာဆုံဖို့
ဖန်တီးပေးလိုက်တာလို့ ထင်သတဲ့။
မဟုတ်ပါဘူး။ ကျွန်မတို့
၁၉၃၆ ခုနှစ် သပိတ်ကိစ္စကြီးက အင်မတန်သန့်ရှင်းပါတယ်။ ယောကျ်ား၊ မိန်းမ ကိစ္စ လုံးဝ
မပါဝင် မပတ်သက်ပါဘူး။ ဟိုတုန်းက ကျောင်းသားကရော၊ ကျောင်းသူကရော ယုံကြည်မှုနဲ့
သန့်သန့်ရှင်းရှင်း ရွက်ဆောင်ကြတာပါ။ တက္ကသိုလ် သမဂ္ဂက ဦးနုတို့၊
ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်တဲ့ အမိန့်တွေ ထွက်လာတော့
သမဂ္ဂအစည်းအဝေးကြီးခေါ်ပြီး ဒီကိစ္စတွေကို ဆွေးနွေးကြပါတယ်။ ကျွန်မတို့က
အဲဒီအစည်းအဝေးမှာ မတက်ကြပါဘူး။ ဒါပေမယ့် ဘာများ ဆုံးဖြတ်မှာပါလိမ့်လို့တော့ သိချင်ပါတယ်။
သပိတ်မှောက်ကြတဲ့အထိ ဆုံးဖြတ်လိမ့်မယ်လို့လည်း မတွေးမိပါဘူး။
□
ဦးလှနဲ့ အရင်းနှီးဆုံး
မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကာတွန်း ဦးဟိန်စွန်းကတော့ 'ဦးလှနဲ့ ဒေါ်အမာ
သမီးရည်းစားဖြစ်ကြတာ ကျောင်းတုန်းကတည်းကပဲ။ ငါးနှစ် ခြောက်မိုးလောက် ကြာလိမ့်မယ်'
လို့ ဆိုပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ ကျွန်မ ကျောင်းနေရင်း
ရည်းစားမထားခဲ့ပါဘူး။ ဦးလှလည်း အင်းလျားကို နောက်ပိုးဖို့ မလာပါဘူး။
ကျောင်းထွက်ပြီးမှ ချစ်ကြိုက်ကြတာပါ။
ကျွန်မ အိမ်ထောင်ပြုမယ်ဆိုတော့
ကျွန်မနဲ့ အင်းလျားမှာ အတွဲဆုံးက ပဲခူးက သူငယ်ချင်း ခင်ခင်က 'မယ်မာရဲ့
ဘယ်လိုလဲ၊ ကြီးပွားရေးကြီးနဲ့ လက်ထပ်တော့ မယ်လို့ဆို၊ မယ်မာတို့က တယ်လည်း
ပိလိုက်သကိုး' လို့ ကျွန်မဆီကို စာရေးပြီး
လှမ်းနောက်ပါသေးတယ်။ ဦးလှရဲ့ အပေါင်းအသင်း ရောင်းရင်းတွေကသာ မသိကြတာ မဟုတ်ပါဘူး၊
ကျွန်မ သူငယ်ချင်းတွေထဲကလည်း တစ်ယောက်နှစ်ယောက်ကလွဲရင် မသိကြပါဘူး။
ဦးလှနဲ့ ကျွန်မ ဖူးစာဆုံစည်းရမှုကို
ခုပြန်စဉ်းစားတဲ့အခါ ဦးလှထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းကို သဘောကျတာက
အကြောင်းရင်းခံတယ်။ နောင်တော့ ဦးလှက မိတ်ဆွေတွေဆီကို စာရေးရင် တရင်းတနှီး ရေးလေ့ရှိတယ်။
ပေးစာ အရေးကောင်းတယ်။ အဲဒါကြောင့် စာရေးကြရင်း ကြာတော့ ရင်းနှီးပြီး လူချင်းမေတ္တာရှိတဲ့အဖြစ်ကို
ရောက်ရတာပါပဲ။ အဲဒါလည်း ကျောင်းက ထွက်ပြီးမှပါ။
ကျွန်မ ဘီအေပထမနှစ်တက်ဖို့
ရန်ကုန်သွားကျောင်းနေပြီးတော့ နွေကျောင်းပိတ်တဲ့အခါ မန္တလေးအိမ်ကို ပြန်လာခဲ့တယ်။
အဲဒီတုန်းက ကြီးပွားရေး မဂ္ဂဇင်းထဲမှာ မောင်ဖြူ (ဦးဂွမ်လျောင်)က 'သမီးအမာသို့'
ဆိုပြီး ပေးစာတစ်စောင် ရေးတာပါပါတယ်။ ဒီစာကို ဖတ်ရင်း ကျွန်မက 'ဖေဖေ မောင်ဖြူးသို့' ပြန်ကြားတဲ့ စာတစ်စောင်
(ဆောင်းပါး) ရေးချင်စိတ် ပေါက်လာတယ်။ အမှန်က အဲဒီ အမာက ကျွန်မကို
ရည်မှန်းတာမဟုတ်ဘူး။ ဒါကြောင့် ကြီးပွားရေးမဂ္ဂဇင်းတိုက်ကို ၁၇-၅-၃၆ နေ့စွဲနဲ့
ဆောင်းပါးတစ်စောင် ရေးပို့လိုက်ပါတယ်။ ဒီဆောင်းပါးက မဂ္ဂဇင်းမှာ ၁၉၃၆ ဇူလိုင်မှာ
ပါလာပြီး သူကပဲ အောင်သွယ်တယ် ပြောရမှာပါ။
နောက်ကျောင်းပြန်ဖွင့်တော့ ဒုတိယနှစ်
ဝိဇ္ဇာတန်းနေဖို့ ကျွန်မ အင်းလျားကို ပြန်သွားတယ်။ အင်းလျားရောက်တော့ အဆောင်က
ကျွန်မကို အဆောင်စာကြည့်တိုက်မှူး တာဝန်ပေးပါတယ်။ ဒါကြောင့် ကျွန်မက
ကျောင်းဆောင်ပြန်ဖွင့်ဖွင့်ချင်း အဆောင်က ကျောင်းသူတွေဖတ်ဖို့ သတင်းစာတွေ၊
ဂျာနယ်မဂ္ဂဇင်းတွေ မှာပေးရတယ်။ ကျွန်မတာဝန်က စာနယ်ဇင်းတွေကို ငွေပေးချေရမယ်၊
မှန်မှန်ရောက်စေရမယ်၊ ကြည့်ပြီး အဟောင်းတွေကို သိမ်းဆည်းရမယ်။ ဒါကြောင့် ကျွန်မက သူရိယသတင်းစာ၊
မြန်မာ့အလင်းသတင်းစာ၊ ဒဂုံမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်းနဲ့
ဘားမားဂျာနယ် စတာတွေကို မှာရတယ်။ မှာတဲ့အခါ အဆောင်စာကြည့်တိုက်အတွက်မို့ တစ်ဝက်ဈေး
ပေးနိုင်ရင် ပေးဖို့၊ ပိုက်ဆံကိုလည်း (၂) လ တစ်ခါ ဘီလ်လုပ်ပြီး တောင်းဖို့ အားလုံး
တိုက်အုပ်တွေဆီ စာရေးပါတယ်။
ဒီလိုရေးတော့ ကြီးပွားရေးတိုက်က
ချက်ချင်း ဘယ်လိုစာပြန်လာသလဲဆိုတော့ သူတို့ မဂ္ဂဇင်းကို ကျွန်မဆစ်တဲ့ ထက်ဝက်နှုန်း
မပေးနိုင်တဲ့အကြောင်း၊ သူတို့ မဂ္ဂဇင်းကို ဘုန်းတော်ကြီးတွေနဲ့ အသင်းအဖွဲ့တွေအတွက်
မဂ္ဂဇင်း တစ်စောင် ၃ဲ နှုန်းနဲ့ တစ်နှစ်ကို ၂ိ-၄ဲ နဲ့သာ ပို့ပေးတဲ့အကြောင်း၊
ကျွန်မတို့ အဆောင်ကိုလည်း ဒီနှုန်း ၃ဲ နှုန်းနဲ့ပဲ ပို့ပေးမှာ ဖြစ်တဲ့အကြောင်း၊
မဂ္ဂဇင်းဖိုးကိုတော့ (၂) လတစ်ကြိမ် ဘီလ်လုပ်တောင်းရမယ့်အစား ကျသင့်တာကိုသာ
တံဆိပ်ခေါင်းဝယ် ပို့လိုက်စေလိုကြောင်း စာပြန်လာပါတယ်။
သူ့စာရတော့ ကျွန်မက တွေးမိတယ်။
မဂ္ဂဇင်းဖိုးက ၃ဲ ဆိုတော့ ၂ လ ၆ဲ ကျမယ်။ အဲဒီ ၆ဲ ကို လူလွှတ်ပြီး အင်းလျားဟောကို
ဘီလ်ကောက်ခံခိုင်းတယ်ဆိုတာ မဟုတ်သေးပါဘူး။ ပိုက်ဆံ ဘယ်လောက် ကျသင့်မယ်ကို
မတွက်ချက်မိဘဲ စတိုင်နဲ့ အင်းလျားဟောကို ဘီလ်တောင်းလွှတ်ဖို့ ရေးနေမိတာကိုး။
ကိုယ့်အမှားအတွက် ပြေရာပြေကြောင်း ရေးဦးမှလို့ တွေးမိတယ်။
ဒါပေမယ့် ကျွန်မဆီက ဘာစာမှ
မရေးရသေးခင် ဒုတိယစာတစ်စောင် သူ့ဆီက ထပ်ရောက်လာပြန်တယ်။ အဲဒီစာကတော့
မဂ္ဂဇင်းမှာတဲ့ အင်းလျားဟောက မအမာနဲ့ မန္တလေးဂုန္တန်ဝင်းကနေပြီး ဖေဖေဖြူးထံ
ပေးစာရေးတဲ့ မအမာဟာ တစ်ယောက်တည်းပဲဆိုတာ လက်ရေးကြည့်လို့ သိပြီတဲ့လေ။ ဒါကြောင့်
သူ့ကို တခြားနည်းနဲ့ကူပါ။ တခြားဆောင်းပါး၊ ဝတ္ထုဘာသာပြန် စတာတွေကို ရေးပါလို့
ဆိုလာတဲ့ စာပါ။ သူ့စာ အပြည့်အစုံက ဒီလိုပါ။
၇-၈-၃၆
'မအမာခင်ဗျား...
တစ်နေ့က မဂ္ဂဇင်း မန်နေဂျာထံသို့
ရေးလိုက်သောစာကို တွေ့လိုက်ရပါသဖြင့် 'ဖေဖေဖြူးထံပေးစာ' ကိုရေးသော မန္တလေးက မအမာနှင့် မဂ္ဂဇင်းမှာသော မအမာတို့ အတူတူပင်
ဖြစ်ကြောင်း လက်ရေးကိုမြင်၍ သိရပါသည်။ မအမာရေးသော 'ဖေဖေဖြူးထံ
ပေးစာ' ကို ပြန်ကြားသော သဘောနှင့် ဆရာလျောင်က 'သမီးအမာသို့' ဟူသော ခေါင်းစဉ်နှင့် 'ပေးစာတစ်ခု' ပို့လိုက်ပြန်ပါသည်။ ၎င်းပေးစာကို
မဂ္ဂဇင်းတွင် မထည့်သေးပါ။ ယခု ကော်ပီတစ်ခုကူး၍ ပို့လိုက်ပါသည်။ ဆရာဖြူး
ကျွန်တော့်ထံသို့ ရေးလိုက်သော စာတိုကလေးကိုလည်း ကော်ပီကူး၍ တစ်ပါတည်း
ထည့်လိုက်ပါသည်။ ၎င်းစာကို ကြည့်ခြင်းအားဖြင့် မောင်ဖြူးသည် သမီးက အဖေ့ထံ
ပေးစာတစ်လှည့်၊ အဖေက သမီးထံ ပေးစာတစ်လှည့် ရေးသားလိုကြောင်း သိရပါသည်။ မအမာကိုလည်း
ရေးသားစေလိုကြောင်း ထင်ရှားပါသည်။ မအမာ ရေးနိုင်၊ မရေးနိုင်ကို မသိ၍
၎င်းအကြောင်းနှင့် ကျွန်တော် စာမပြန်ရသေးပါ။
ဤသို့ ရေးကြလျှင်ကား ကျေးဇူးတင်စရာ
အမှန်ပင် ဖြစ်ပါသည်။ သို့သော် 'ပေးစာ' များကို များများထည့်သည့်အတွက် သတင်းစာလုပ်ငန်းနှင့် ကိုက်မကိုက်
ကြည့်ရပြန်ပါသည်။ ယခင်လထုတ် မဂ္ဂဇင်းတွင် မဂ္ဂဇင်း တစ်စောင်ထဲမှာ ပေးစာ (၄)
ခုပါသွားသည်။ သူရိယကန္တိထံသို့ မောင်ဖြူးက ရေးလိုက်သော စာအတွက်၊ မောင်ဖြူးထံသို့
သူရိယကန္တိက ပြန်၍ရေးပြန်ပါသည်။ ယခုလလည်း (၄) ပုဒ်ပင် ထည့်ရန် ဖြစ်နေသော်လည်း
မထည့်ဘဲ ထားလိုက်ရပါသည်။ မောင်သံချောင်း၏ ပေးစာနှင့် နေရူး၏ ထောင်တွင်းမှ
သမီးထံပေးစာ (၂) ပုဒ်ကိုသာ ထည့်နိုင်ပါသည်။ မောင်သံချောင်းကိုလည်း မဖြုတ်သာအောင်
ဖြစ်နေပါသည်။ သူ့စာများကို သဘောကျသော ပရိသတ်လည်း တော်တော်များနေပါသည်။ ယခု
ဝါတွင်းတွင် သံချောင်းသည် ဦးသော ဘိတဘဝသို့ ရောက်နေသောကြောင့် ဘုန်းကြီးအဖြစ်နှင့်
စာများကို ရေးပါလိမ့်မည်။ ကျွန်တော့် သဘောအရဆိုလျှင် ကလေးများအတွက်
စေတနာထား၍ရေးသော မအမာနှင့် ဆရာလျောင်တို့သည် 'ပေးစာ'များကို မရေးဘဲ တစ်နည်းတစ်ဖုံထွင်၍ ရေးသားကူညီစေလိုပါသည်။ ပေးစာများကို
စာဖတ်သူတို့ ညည်းကြ မည်ကိုလည်း စိုးရိမ်ရပါသည်။
အချိန်ရှိက ဆောင်းပါးများ ပို့ပေးရန်
တောင်းပန်ပါသည်။ သိပ္ပံမောင်ဝ ရေးရေးနေသော မောင်လူအေး၏ဇနီး ခင်သန်းမြင့်လည်း
ဘာသာပြန် ဝတ္ထုကလေးများကို ကလေးများအတွက် ရည်စူးရေးသားနေကြောင်း သတိပြုလိမ့်မည်ဟု
ထင်ပါသည်။
မောင်လှ'
တဲ့။
သူ့ဆီကို ကျွန်မက ဆောင်းပါးပို့တာ တစ်ခါနဲ့ မဂ္ဂဇင်းမှာယူတာ တစ်ခါသာ
စာရေးဆက်သွယ်ဖူးတာဖြစ်ပေမယ့် သူ့ဆီက ဒီလို တရင်းတနှီး စာရှည်ရှည်ကြီး
ရေးနေတော့လည်း ကိုယ်ကမဂ္ဂဇင်းကို ဘယ်လောက်ကျမယ်ဆိုတာ မတွက်မိဘဲ
ငွေတောင်းခိုင်းမိတဲ့အတွက် တောင်းပန်စာ ခပ်မြန်မြန်ပဲ ရေးလိုက်ရတာပေါ့။
ရေးတော့လည်း သူ့စာက ငယ်ပေါင်းကြီးဖော်လို ရင်းနှီးတဲ့လေနဲ့ ရေးထားလေတော့
ကိုယ်ကလည်း နည်းနည်းတော့ ရင်းနှီးတဲ့လေ ပါတယ်ထင်ပါရဲ့။ ဦးလှက ၁ဝ-၈-၃၆ နေ့မှာ
ကျွန်မဆီကို ပြန်ကြားတဲ့အနေနဲ့ စာတစ်စောင် ထပ်ရေးလိုက်ပါတယ်။
'မအမာ...
ရေးလိုက်တဲ့စာကို လွန်ခဲ့သည့် ၁ဝ
မိနစ်ခန့်အချိန်မှာ ရပါသည်။ ကျေးဇူးတင် သပေါ့ဗျာ။ ကျေးဇူးတင်တယ်ဆိုကာနှင့် မပြီး၊
စာကိုလည်း ပူပူနွေးနွေးပင် ပြန်လိုက်ပါသည်။
အင်းလျားကျောင်းဆောင်အတွက်
မဂ္ဂဇင်းကို အလကားလှူမယ်ဆိုလျှင်လည်း လှူနိုင်သားပေါ့။ အထူးအားဖြင့်
ကြီးပွားရေးကို ကူညီဖူးတဲ့ မအမာကိုယ်တိုင်က ထက်ဝက်ဈေးပေးဖို့ တောင်းတော့
သာပြီးပေးဖို့ ကောင်းသလိုလိုရှိတာပေါ့။ နို့ပေမယ့် မအမာတို့ လူစုဟာ
လျှော့ဈေးနဲ့ပေးဖို့ သင့်တဲ့ လူစု မဟုတ်ဘူး။ ကျွန်တော်တို့ လျှော့လိုက်မည့်
ငွေလောက်ကိုတော့ ရုပ်ရှင်ကြည့်ပစ်ကြမှာပဲ။ သူတောင်းစား ထည့်တဲ့ငွေတောင် တစ်လကို
ကြီးပွားရေးအတွက် ထက်များလိမ့်ဦးမယ်။ ပေးနိုင်တဲ့ လူတွေဆီက လျှော့ယူလို့
နေရာမကျဆိုပြီး အလုပ်ထုံးစံအတိုင်း မန်နေဂျာ လုပ်သူက ခပ်တည်တည် စတိုင်နဲ့ သူ
ဘာမှမသိသလို စာပြန်ရေးလိုက်တာပေါ့။ သိမ်ကြီးဈေးနားက ခိုကိုးရာမဲ့ လူကလေးများ၏
ဇရပ်ကိုတော့ဖြင့် မဂ္ဂဇင်းအခမဲ့ ပို့တယ်။ သတင်းစာ စာအုပ်စာတမ်းကလေးများလည်း
ပို့ပေးတယ်။
ဦးကေတုကျောင်းသားမဏိ၊ သိပ္ပံမောင်ဝ၊
တင်မောင်မြင့်ဆိုတာ အတူတူပဲလို့ ထင်သလား၊ အယ်ဒီတာ ကတော့ မပြောကောင်းဘူး၊
ဝိနည်းနှင့် မလွတ်ဘူး။ နို့ပေမယ့် စာသူခိုး တင်မောင်မြင့်ဆိုတာ ဂန္ထလောကက
မောင်ဝလို့ အထင်ခံနေရတဲ့ တင်မောင်မြင့် မဟုတ်ဘူးဗျ။ ဂန္ထလောကက တင်မောင်မြင့်ဟာ
ဂန္ထလောကမှာသာ ရေးတယ်။ တခြားနေရာတွေမှာ ဘယ်တော့မှ မရေးဘူး။ နေသူရိန်၊
သံချောင်းနှင့် တင်တင့်တို့လိုပေါ့ဗျာ။ တခြားသတင်းစာမှာတွေ့တဲ့ တင်မောင်မြင့်ကို
ဂန္ထလောက က တင်မောင်မြင့်လို့ ဘယ်တော့မှ မထင်လိုက်ပါနဲ့။ အဲဒီအချက်ကလေးကို
သတိပြုဖို့ ကောင်းသဗျ။ တင်မောင်မြင့် အစစ်ဟာ ဆောင်းပါးရိုးရိုးတွေကို
မရေးတာကြာပြီ။ စာတစ်လုံး ဆောင်းပါးဆိုပြီး ခေါင်းစဉ်ကို စာတစ်လုံးတည်း
တပ်ပြီးရေးတယ်။ ဥပမာ 'အိတ်'၊ 'ရေ' စသော ခေါင်းစဉ်များ ဖြစ်ပါတယ်။ အဲဒီ
တင်မောင်မြင့်ဟာ မောင်ဝပဲ ထားဦးတော့၊ မောင်ဝလို စာရေးတဲ့နေရာမှာ နောက်တောက်တောက်
မရေးဘူး။ အကျိုးတွေ အကြောင်းတွေနဲ့ ရေးတယ်။ မြန်မာ စာပေတွေအကြောင်းတွေကို
ရေးလေ့ရှိတဲ့ မောင်မြသွင်နဲ့ စာသွားချင်း ဆင်တဲ့အခါ ဆင်ပါတယ်။ မောင်မြသွင်
ဆိုတဲ့လူဟာလည်း သူရိယမှာသာ ရေးတယ်။ သတိပြုမိပါစ။
သူရိယမှာ တလောက ဝတ္ထုအကြောင်းရေးတဲ့
တင်မောင်မြင့်ဆိုတာ ဝတ္ထုဆရာလေး
တစ်ယောက်ဖြစ်ပါတယ်။ မဏိလည်း မဟုတ်၊ မောင်ဝလည်း မဟုတ်ပါ။ စာတွေကို ကူးတာကတော့
မလွဲပါဘူး။ ကျွန်တော်တို့ စာသူခိုးဖမ်းတဲ့ ပုလိပ်ဘက်က စာတွေကို မထည့်ပါနဲ့လို့
သူရိယ အယ်ဒီတာ ဆီမှာ သွားတောင်းပန်ရှာတယ်။ အယ်ဒီတာကလည်း ကျွန်တော်နဲ့တွေ့တော့
ခမျာကလေး နစ်နာသွားပါပြီ ဆိုပြီး ပြောတာနဲ့ ကရုဏာသက်မိလို့ မိမိရရ ဖမ်းပြထားတဲ့
ဆောင်းပါးကို မထည့်ချင်နေပါတော့လို့ ပြောလိုက်ရတယ်။ အဲဒီ တင်မောင်မြင့်ဆိုတဲ့
ငနဲဟာ ဉာဏ်ချင်းထပ်တယ်ဆိုတဲ့ ဆင်လက်ကို ပေးရဲတာ အံ့ပါရဲ့ဗျာ။ သူပြတဲ့
အကြောင်းအရာတွေဟာလည်း ပုသိမ်ဈေး မီးလောင်တာနဲ့ အဒိုးဝါး ဗုံးကြဲ ခံရတာနဲ့
ဘာမှမဆိုင်သလိုပါပဲ။
ဟုတ်ကဲ့၊ မောင်ဖြူးနှင့် သူ့သမီး
အပြန်အလှန်ရေးဖို့အတွက် ဆရာလျောင့်ထံ စာရေးပြီး တိုင်ပင်ပါမည်။
သီတင်းကျွတ်လလောက်ကိုလည်း သူ ရန်ကုန် လာလိမ့်မယ်ထင်တယ်။ ဒီဇင်ဘာမှာ ကျွန်တော်နှင့်
ပုဂံသွားကြဖို့ ချိန်းထားတယ်။ မြန်မာစာပေကြီးပွားချင်တဲ့ ပေါက်ဖော်ဦးဖြူးအတွက် ဘိလပ်က
အင်္ဂလိပ်မက လက်ထပ်ဖို့ ရောက်လာလျှင်တော့ ပုဂံသွားဖို့ကိစ္စဟာ ဖြစ်ပါ့မလားလို့
အောက်မေ့မိသဗျာ။
ကျွန်တော်အလုပ် အကြောင်းတော့ မပြောပါနဲ့တော့ဗျာ။ (၇) ထွေမင်းသားကမှ
အထွေနည်းလိမ့်ဦးမယ်။ မဂ္ဂဇင်းအလုပ်တွေကို ထားလိုက်ပါတော့။ သတင်းစာများမှာ
ရေးစရာလေးတွေ အကြောင်းဆိုက်လာလျှင် ရေးဖို့ဝတ္တရားက ရှိသေးတယ်။ ဒီအလုပ်တွေကို
ထားပါဦး။ ထမင်းစားဖို့ လုပ်ရတဲ့အလုပ်က ရှိသေးသဗျ။ မဂ္ဂဇင်းအလုပ်ကများ
ထမင်းကျွေးတယ်လို့ မထင်ပါနဲ့ဗျာ။ အလုပ်သမား တပည့်ကျော်တွေအတွက် လခမှန်ဖို့ပင်
တစ်ခါတစ်ခါ အိတ်ထဲက စိုက်ရသေးတယ်။ ဒီမဂ္ဂဇင်း အလုပ်ကတော့ (Hobby) အပျော်ပါပဲ။ ဝါသနာပါတာကလေးကို
လုပ်နေရလျှင် စိတ်ကျေနပ်ခြင်း
ဖြစ်တာပေါ့။ တစ်နေ့ကို အဝတ်အစား သုံးမျိုးလောက်လဲရသဗျ။ နံနက် (၇) နာရီဆိုလျှင်
ဘောင်းဘီ၊ ဦးထုပ်နှင့် မိမိနယ်က အိမ်သစ်တွေ အိမ်ဟောင်းတွေကို ကြည့်ရပါတယ်။ (၁ဝ)
နာရီ အိမ်ပြန်ရောက်၊ လူလိုဝတ်။ နာရီပြန် တစ်ချက် ရုံးသွား၊ (၄) နာရီခွဲ အလုပ်ဆင်း၊
အိမ်ပြန်၊ ခဏနား၊ စာတွေဖောက်၊ မိတ်ဆွေများနဲ့ စကားပြော၊ ထမင်းစားကြ၊ အဝတ်အစားလဲ၊ စာဖတ်၊ သို့နှင့်ပင်
သံသရာ လည်နေပေသည်။ ဒီအလုပ် များသလား။ မဟုတ်သေး။ အသင်းအကျိုးဆောင် စာချီဆိုတာက ရှိသေး။
အလုပ်တကာ့ အလုပ်တွေထဲမှာ အဲဒီအလုပ်က အဆိုးဆုံးပါပဲဗျာ။ ပိုက်ဆံလည်း မရ၊ ဘာမှလည်း
အကျိုးကို မမျှော်ဘဲ လုပ်တဲ့အလုပ်ကို လုပ်လျက်ပင် တချို့က မကျေနပ်ချင်ကြသေးဘူး။
ကိုယ့်ဒူး ကိုယ်ချွန်တယ်ဆိုတာ ချွန်ပြီးတဲ့အခါမှာသာ စတိုင်ကျတာကလား။
ချွန်နေတုန်းကတော့ဖြင့် တယ်မသက်သာပါဘူးဗျာ။
စကားမစပ် ကျွန်တော့်ကို 'အယ်ဒီတာကြီး'
လို့ ခေါင်းမတပ်စမ်းပါနဲ့ဗျာ။ တယ်သဘောမကျဘူးဗျ။ ယခုအခြေအနေမှာ
မြှောက်လို့များ ဘဝင် မြင့်သွားမှဖြင့် အလုပ်လုပ်ချင်တာတွေ
တလွဲဖြစ်ကုန်တော့မှာပါပဲ။ မအမာတို့ ကပေမယ့် မောင်သံချောင်း ခပ်ဆံဆံဟာကိုး။ ဒီငနဲက
ယခုဘုန်းကြီးဖြစ်မှ ဘုန်းကြီးဘဝက အကြောင်းတွေချည်း ရေးနေတယ်။ ကျွန်တော်က ပစ္စည်း
(၄) ပါး ဒါယကာဆိုတော့ သူထင်သလို ရေးနေတာပေါ့။ ဒကာလှ ဒကာလှနဲ့ ဒီပဉ္ဇင်းရေးပုံဟာ
တယ်ရယ်စရာ ကောင်းသဗျာ။
မဂ္ဂဇင်းကို ၁၅ ရက်နေ့ အရောက်
ပို့လိုက်ပါမည်။
တော်သေးပြီဗျာ။
မောင်လှ'
တဲ့။ ဦးလှ စာရေးပုံက တကယ့်ကို
ရှေးကတည်းက ပေါင်းဟောင်း သင်းဟောင်း၊ သိဟောင်းကျွမ်းဟောင်း တစ်ယောက်ဆီကို
ရေးသလိုပါပဲ။ သူနဲ့ ကျွန်မ ဆက်သွယ်မိတဲ့ (၅) ရက်အတွင်းမှာ သူ့ဆီက စာ (၃)စောင်
ရပါတယ်။ ဒိနောက်လည်း ဦးလှက စာတွေကို ဆက်လက်ရေးပါတယ်။ သူ့စာတွေထဲမှာ ကျွန်မတို့
သိချင်မယ့် စာပေအတွင်းရေးမျိုးတွေ၊ နိုင်ငံရေးမျိုးတွေလည်းပါရဲ့။ ကျွန်မကိုလည်း
သူ့ထက်ငယ်ရွယ်သူ တစ်ယောက်အနေနဲ့ မတတ်တာကို သင်ကြားတဲ့ စာတွေလည်းပါရဲ့။
ဥပမာ-သတ်ပုံမှန်အောင်ရေးဖို့၊ စာရေးစက္ကူမှာ မာဂျင်ချန်ရေးဖို့၊ နေ့စွဲ ထည့်ဖို့၊
လိပ်စာပါဖို့ စတာတွေပေါ့။ တစ်ခါတလေ ဆောင်းပါးတောင်းတာတွေ ပါပါတယ်။ နို့ပေမယ့်
ကလောင်နာမည်နဲ့ ပတ်သက်လို့မေးရင် ဘယ်သူဟာ ဘယ်ဝါပဲလို့ ဘယ်တော့မှ မထုတ်ဖော်ပါဘူး။
သူရေးချင်သလို ရင်းရင်းနှီးနှီးကြီး ရေးပြီးရင် 'ကျွန်တော်
အကြံပေးတာတစ်ခု ခပ်ရိုင်းရိုင်းများ ဖြစ်နေမလား မပြောတတ်တော့ပါဘူး။ မအမာဆီကို
စာရေးတဲ့အခါမှာ ကျွန်တော်ဟာ ယောကျ်ားမိတ်ဆွေ တစ်ယောက်ဆီကို စာရေးနေတယ်လို့ပဲ
စိတ်ထဲက အောက်မေ့တယ်။ မိန်းမ မိတ်ဆွေတစ်ယောက်ဆီကို စာရေးနေတယ်လို့ကို မထင်မိဘူး။
ယောကျ်ား မိတ်ဆွေတွေဆီကို စာရေးတယ်ဆိုတော့ တယ်လွတ်လပ်တာကလား၊ ထင်တိုင်းကြဲပဲ။
မအမာတို့လို မိန်းမသားထံကို ရေးမယ်ဆိုတော့ သတိထားဖို့ ကောင်းတာပေါ့လေ။
မယဉ်ကျေးတဲ့ စကားအသုံးအနှုန်းမျိုးတွေ
ပါသွားလျှင် သည်းခံစေချင်သဗျာ။ သည်းမခံချင်လျှင်လည်း ယောကျ်ားမိတ်ဆွေ
တစ်ယောက်အဖြစ်နှင့် ကျေးဇူးပြု၍ ဖတ်လိုက်စမ်းပါ။ ကျွန်တော်ကတော့ဖြင့်
စာရေးတယ်ဆိုလျှင် မြိန်မြိန်ရှက်ရှက်ကြီးကို ရေးချလိုက်တော့တာပဲ။ ရေးနေတုန်းမှာ
ပျော်ပြီး စိတ်ကူးရတာတွေကိုတော့ဖြင့် ကြဲလိုက်တာပေါ့ဗျာ။ ဒီအကြဲမျိုးသည် သူတကာကို
ထိခိုက်သည် မထိခိုက်သည်ကိုတော့ဖြင့် နောက်မှ စဉ်းစားမိချင် စဉ်းစားမိမယ်။
ရေးနေခိုက်မှာဖြင့် မေ့နေတော့တာပဲ' လို့လည်း ရေးသေးတယ်။
ဦးလှ မိတ်ဆွေသင်္ဂဟတွေဆီကို စာရေးဖို့
အလွန်ဝါသနာပါတဲ့လူ။ သူ စာရေးတဲ့အတွက် တခြားမိတ်ဆွေတွေ သူ့ကို ဘယ်လို ခင်မင်သလဲတော့
မသိဘူး။ ကျွန်မမှာတော့ ဘယ်တုန်းကမှ မသိကျွမ်းဖူးပေမယ့် သူက တရင်းတနှီး
စာတွေရေးလို့ သူ့ကို ရင်းနှီးခင်မင်လာရတယ်။ သူက တစ်လကို ပျမ်းမျှ စာ (၁ဝ)
စောင်လောက် ရေးနေတော့ သူနဲ့ သိကျွမ်းပြီး (၁) နှစ်နဲ့ (၂) လအကြာ စာအစောင် (၁ဝဝ) ကျော်
ရပြီးတဲ့အခါ ရိုးရိုးခင်မင်ရာက ဘဝကြင်ဖော်အဖြစ် ရွေးကြဖို့ သဘောတူတဲ့
ခင်မင်မှုမျိုးကို ပြောင်းသွားကြပါတော့တယ်။ အဲဒါ ၁၉၃၇ ခု အောက်တိုဘာလမှာပါ။ ကျွန်မ
ကျောင်းထွက်လို့ အိမ်ပြန်ရောက်နေပါပြီ။ ချစ်ကြပြီဆိုပေမယ့် နေရတာက
တစ်ရွာတစ်မြို့စီမို့ စာချင်းပဲ ဆက်သွယ်နိုင်တယ်။ လူချင်းမြင်ဖူးရုံ
အနိုင်နိုင်ရှိတာပါ။ သူနဲ့ ကျွန်မ နှစ်ဦးနှစ်ဝ သဘောမျှကြပေမယ့် ကိုယ့်အချင်းချင်း
ကျေနပ်ရုံနဲ့ပြီးလို့ရတာ မဟုတ်တော့ (၂) နှစ်ကျော်မှ လက်ထပ် ထိမ်းမြားပေးပါတယ်။
အဲဒီအတောအတွင်းမှာ ဦးလှဆီက စာအစောင် (၁ဝဝဝ) ကျော်လောက်ရခဲ့တယ်။ ကျွန်မက အစောင် (၅ဝဝ)
လောက် ရှိမလားမသိ။ ဒီစာတွေ အားလုံးသိမ်းထားတာမို့ သေသေချာချာ တွက်ကြည့်ရင်တောင်
ရနိုင်ပါတယ်။
ဦးလှက တို့နှစ်ယောက် ဟိုတုန်းက
ရေးခဲ့တဲ့စာတွေဟာ အားလုံးချစ်တာ ကြိုက်တာချည်း ရေးနေတာမှ မဟုတ်တာ။ အဲဒီတုန်းက
နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စတွေလည်း ပါနေတာမို့ တစ်နေ့ကျရင် သမိုင်းပေါ့။
ဒီစာတွေပြန်ပြီး စာအုပ်ရိုက်ရမယ်တဲ့။ ကျွန်မက အကြီးအကျယ် ကန့်ကွက်ပါတယ်။
သမိုင်းမကလို့ ဘာကြီးဖြစ်ဖြစ် ပုံမနှိပ်ရပါဘူး။ ကျွန်မ သေသွားလို့ သူက လုပ်ချင်တာ
လုပ်ရစ်ဦးတော့၊ ကျွန်မကတော့ ကြိုက်မှာမဟုတ်ဘူးလို့ သူ့ကို ပြောမိတယ်။ ခုတော့
ကျွန်မက အရင်မသေ၊ သူက ကိုယ့်အရင် သေရှာပြီ။ သူ့စာတချို့ကို ကျွန်မက
ပြန်ဖော်ပြနေမိပြီ။ သူများသိရင် မင်းဝဋ်လည်တာလို့များ ပြောလေမလား။
▀
ဆက်လက်ဖော်ပြပါမည်
လူထုဒေါ်အမာ
(အမှတ် ၁၉၇၊ ဧပြီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...
ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။
၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...