လူထုဒေါ်အမာ
ပွားစီးတဲ့ သားသမီးငါးယောက်
သူနဲ့ ကျွန်မမှာ သားသမီး ၅ ယောက်
ပွားစီးပါတယ်။ အကြီးဆုံးက သားမောင်စိုးဝင်း၊ ဒုတိယက သမီး သန်းယဉ်မာ၊ တတိယက
သားမောင် ချစ်ခင် (ခေါ်) ဖိုးသံချောင်း၊ စတုတ္ထက သမီး မတင်ဝင်း၊ ပဉ္စမက သားမောင်
ငြိမ်းချမ်း (ခေါ်) ဘိုညို။ ခုလို သားတစ်ယောက်၊ သမီးတစ်ယောက် မွေးထားတာကို သူက
ခင်မင်တဲ့သူနဲ့တွေ့ရင် ကြွားပါသေးတယ်။ ကျွန်တော်တို့ အိမ်ထောင်က စနစ်နဲ့
တည်ဆောက်ထားတာ။ သားပြီးရင် သမီး၊ သမီးပြီးရင် သားမွေးထားတာ (Planned Family) တဲ့လေ။
သူနဲ့ကျွန်မ ၁၉၃၉ ခုနှစ် နိုဝင်ဘာ ၁၃
ရက် တနင်္လာနေ့မှာ လက်ထပ်ခဲ့တယ်။ ၁၉၄၁ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်မှာ သားဦးကလေး
မောင်စိုးဝင်းကို မွေးပါတယ်။ သားကို မန္တလေးဆေးရုံကြီးပေါ်မှာ မွေးတယ်။ ၂၉ ရက်နေ့
ည ၉ နာရီလောက်မှာ ကျွန်မကို ဆေးရုံလိုက်ပို့ရတယ်။ ဖခင်လောင်းက ပို့ပြီး ကျွန်မကို
ထားမပြန်ခဲ့ချင်ဘူး။ ဆေးရုံရှေ့မှာ စောင့်ဆိုင်း စောင့်ဆိုင်းလုပ်နေတော့ ဆရာမများက
စောင့်မနေနဲ့ပြန်တော့၊ စိတ်ချလက်ချသာ ထားခဲ့ဆိုပြီး အတင်းနှင်လွှတ်လို့ သူပြန်ခဲ့ရ
သတဲ့။ နောက်မနက်လင်းတော့ ဆေးရုံကို အစောကြီးထလာတယ်။ မွေးခန်းမှာ မေးလိုက်တော့ မနက်
၂ နာရီခွဲက မွေးပြီးပြီ။ယောကျ်ားကလေး ဆိုလို့တဲ့။ ကျွန်မအိပ်ရာဘေး သူ အစောကြီး
ရောက်လာပါတယ်။ ပြီးတော့ သားကလေးဆို... သားကလေးဆိုနဲ့လည်း ဝမ်းသာအားရ မေးပါတယ်။
ဘယ်မလဲ ကြည့်ရအောင်တဲ့။
ကျွန်မက ကျွန်မလည်း
မမြင်ရသေးဘူးလို့ပြောတုန်း ဆရာမတစ်ယောက်က ကလေးကို အနှီးထုပ်ကလေးနဲ့ ယူလာပြီး
ကျွန်မတို့နှစ်ယောက်ကို ပြပါတယ်။ ကလေးက ဆံပင်နက်နက် ရှည်ရှည်ကလေးနဲ့ နီတာရဲကလေး။
ကျွန်မက ယောကျ်ားကလေးဆိုတာ ဟုတ်မဟုတ် အနှီးကလေးကို သေသေချာချာ ဖြေကြည့်ပါသေးတယ်။
ပြီးတော့မှ ဟုတ်တယ်လို့ ပြောမိတယ်။ ဘယ်ဖအေမဆို သားဦးကို သားယောကျ်ားကလေးပဲ
ဖြစ်စေချင်တာ ကျွန်မတို့မြန်မာမိဘတွေ ထုံးစံရှိရတဲ့အထဲ ဦးလှက သူ့မှာ
အဲဒီဆန္ဒပြည့်ဝသူမို့ ကျေနပ်လို့မဆုံး၊ ဝမ်းသာလို့မဆုံး ဖြစ်နေပါတယ်။
အဲဒီတုန်းက
မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ကုသိုလ်ဖြစ် တက်ရောက် ကုသပေးတဲ့ အတန်းရယ်၊
တစ်နေ့ကို ၁ ကျပ် ပေးရတဲ့အတန်းရယ်၊ တစ်နေ့ကို ၉ ကျပ်ပေးရတဲ့အတန်းရယ်၊
တက်ရောက်ကုသသူ ၃ မျိုး ၃ စား ရှိပါတယ်။ အလုပ်သမား လူတန်းစားက ကုသိုလ်ဖြစ်တန်းနဲ့ ၁
ကျပ်တန်းပေါ့။ ကျွန်မက ၁ ကျပ် ပေးရတဲ့အတန်းကိုတက်ပြီး မွေးခဲ့တယ်။ ၉
ကျပ်တန်းဆိုတာက ဘိုတွေ၊ အင်မတန့် ရာထူးကြီးကလူတွေ (အဲဒါကလည်း အများအားဖြင့်
အဖြူတွေပဲ) တက်နိုင်ပါတယ်။ သူတို့အခန်းက ဆေးရုံကြီးပေါ်မှာ မရှိဘူး။
သီးခြားအိမ်ကလေးတွေနဲ့ ကျွန်မတို့က သုံးထပ် အုတ်တိုက်ကြီးပေါ်က အလယ်ထပ်မှာပါ။
အဲဒီခေတ်က မွေးလူနာမှန်ရင် မွေးပြီး ၆ ရက်လုံးလုံး အိပ်ရာပေါ်က မထဘဲ နေရတယ်။ ၇
ရက်ရမှ ထရသွားရတယ်။ ၁ဝ ရက်ရမှ ဆေးရုံက ဆင်းရတယ်။ ၁ဝ ရက်ရတော့ ဦးလှတို့ လာခေါ်လို့
သားကလေးပွေ့ပြီး ဆေးရုံက ဆင်းလာတယ်လေ။
ကျွန်မတို့ မြန်မာစကားမှာ 'သားဦးရူးသတဲ့'။ အဲဒါ မွေးတဲ့သားဦးက ရူးတာမဟုတ်ဘူး။ ဖအေက ရူးတာကို ပြောတာဖြစ်မှာပါ။
ဦးလှမှာ ဒီသားကလေး ပထမဆုံးရတော့ အလွန်ကျေနပ်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ဒုတိယကလေးက သမီးလေး
သန်းယဉ်မာပါ။ အဲဒီသမီးလေးကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၃ ခုနှစ် သြဂုတ်လ ၂ဝ ရက်
သောကြာနေ့မှာ စစ်ပြေးရင်း မန္တလေးရဲ့ မြောက်ဘက် ၁ဝ မိုင်လောက်ဝေးတဲ့
ကပိုင်တောင်ငူစုကျောင်းထဲမှာ မွေးခဲ့ပါတယ်။ ဗုံးခိုကျင်းအပေါက်ဝမှာ
တဲကြီးထိုးလို့ပေါ့။ ကျွန်မနဲ့ ညီအစ်မ ဝမ်းကွဲတော်တဲ့ သားဖွားအောင်ပြီးသား
ကျောင်းဆရာမကြီး ဒေါ်စိန်စိန်နဲ့ မန္တလေးဆေးရုံကြီးက သူနာပြု စစ္စတာလို့ ခေါ်ရတဲ့
ဆရာမကြီး ဒေါ်စောကျန်တို့ မွေးပေးပါတယ်။ ဆရာမကြီး ဒေါ်စောကျန်ကလည်း မူးသာသူ၊
ကျွန်မနဲ့ ဆွေမျိုးမကင်းသူ၊ အဖေ့အမျိုးပါ။ စစ်အတွင်း ကာလကြီးပေမယ့်
သူတို့နှစ်ယောက်လာပြီး စောင့်ရှောက်ပြုစုကြလို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့
ဒီသမီးကလေး ရပါတယ်။
တတိယကလေးကတော့ သားကလေး
ဖိုးသံချောင်းပါ။ ဒီကလေးကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်မှာ မွေးပါတယ်။ သူမွေးတော့
ဒုတိယ ကမ္ဘာစစ်ကြီးပြီးလို့ ကျွန်မတို့ မန္တလေးကို ပြန်ရောက်လာပြီး ၈၄ လမ်း
လက်ဆည်ကန်က ရွှေမျက်မှန်တိုက်မှာ နေကြပြီ။ လူထုဂျာနယ်လည်း ထုတ်ဝေနေပြီ။ ဦးလှကလည်း ဖတပလမှာ
အတွင်းရေးမှူးလုပ်နေပါပြီ။ စစ်ကြီးပြီးစက ထုတ်ဝေတဲ့ ကျွန်မဘာသာပြန် 'သက်တန့်ရောင်'
ဝတ္ထုဟာ အဲဒီသားကလေး ကိုယ်ဝန်ကြီးနဲ့ ဘာသာပြန်ခဲ့တာပါ။
မှတ်မိနေသေးတယ်။ စာအုပ်ကလည်း ကြိုက်လို့ ဘာသာပြန်တာ။ ကိုယ်ဝန်က ရင့်နေတော့
ထိုင်ရင်းနဲ့ စာရေးလို့မရဘူး။ စာအုပ်ကလည်း ပြီးခါနီး။ ဒါကြောင့် မွေးပြီးအောင်
မစောင့်နိုင်ဘူး။ စားပွဲကို မြှင့်၊ စားပွဲအောက် ဗိုက်ကို သွင်းပြီး ရေးခဲ့ရတယ်။
ကျွန်မ ဒီကလေးကို မွေးမယ်ဆိုတော့
ဆေးရုံက စိန်ပီတာကျောင်းနဲ့ အက်စ်ပီဂျီကျောင်းမှာ ဖွင့်ထားရတဲ့ ကာလ။
မန္တလေးဆေးရုံကြီးက စစ်အတွင်းမှာ ဗုံးချခံထားရလို့ စစ်ကြီးပြီးတော့ အဲဒီမှာ
ဆေးရုံပြန်မဖွင့်နိုင်လို့ စိန်ပီတာ အထက်တန်းကျောင်းကြီးနဲ့ အက်စ်ပီဂျီကျောင်း ၂
ကျောင်းကို သိမ်းပြီး ဆေးရုံလုပ်ထားရတဲ့ ကာလလေ။ မြို့ပေါ်မှာ ညဆိုရင် လမ်းထွက်လို့
မရသေးဘူး။ ညမထွက်ရ အမိန့်ရှိသေးတယ်။ စစ်တပ်တွေက တစ်မြို့လုံး စောင့်နေဆဲကာလ။
ဒါကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို ကလေး မီးဖွားချင်တာ အချိန်မဲ့ဖြစ်နေခဲ့ရင်
ဆေးရုံကို မိခင်လောင်း ပို့ခွင့်ပြုပါလို့ ပြောတော့ အာဏာပိုင်များက မီးအိမ်ယူပြီး
လာခဲ့။ လမ်းမှာခွင့်တောင်း၊ ဒါမှ သွားလို့ ရမယ်တဲ့။ ထင်တဲ့အချိန်ပဲ။ ဇူလိုင် ၂၂
ရက် ညဦးမှာ ဗိုက်နာလာတယ်။ ဒါကြောင့် အိမ်နဲ့မျက်စောင်းထိုးမှာရှိတဲ့ ဝပ်ရှော့က
ကားတစ်စီးကို တောင်းပြီး ဆေးရုံပို့ပေးပါ ခိုင်းရတယ်။ သူတို့ရယ်၊ ဦးလှရယ်
ကျွန်မကို ကားနဲ့ ဆေးရုံ လိုက်ပို့ကြရတယ်။ ၃၁ လမ်းထောင့် ရောက်တော့
ရွှေမောင်းတိုက်ကြီးမှာ ရှိနေတဲ့ စစ်ဘက်က အစောင့်တွေကို ကားရပ်ပြီး မီးဖွားဖို့
ဆေးရုံသွားချင်လို့ပါဆိုကာ လူနာကို မီးအိမ်မြှောက် ပြပြီး ခွင့်တောင်းရတယ်။
သွားဆိုတော့မှ သွားခဲ့ရတယ်။ စိန်ပီတာ ဆေးရုံမှာ သားကို ချောချောမောမောပဲ
မွေးရပါတယ်။ သားမွေးတော့ စစ်အတွင်းတုန်းက ပြင်ဦးလွင်က သူ့အဖေ ဝယ်လာတဲ့
ကလေးခုတင်ကလေး ဆေးရုံကို အဖေက ယူလာလို့ အဲဒီ ခုတင်လေးနဲ့ သီးခြားသိပ်ထားရတယ်။
ဆေးရုံက ကလေးတွေကို သိပ်စရာ ခုတင်လေးတွေ ပြည့်စုံအောင် မရှိ သေးဘူးလေ။ ဒါကြောင့်
ခုတင်လေးကို အလှူခံသေးတယ်။ ကိုယ်ကလည်း မလှူခဲ့နိုင်ဘူး။ သူ့ကို မွေးပြီးတဲ့
ဒုတိယနေ့မှာတော့ သူ့အဖေက ဟာကင်ဂျီ ဦးမောင်ကိုက စာပုံနှိပ်စက်ကြီးက စက်တွေကို
သူတို့ရထားတဲ့ ကာလာဂရီဒီ ဦးလှယူပါဆိုပြီး ပေးနေတယ်။ ဝယ်စရာငွေ မရှိပါဘူးပြောရဲ့နဲ့
အကြွေးယူထားပါ၊ နောင်မှပေးပါလို့ ပြောပြီး ပုံနှိပ်စက်တွေ ပေးတယ်လို့ လာပြောပါတယ်။
ကာလာဂရီဒီ စာပုံနှိပ်စက်ဆိုတာ မန္တလေးမှာ ရှေးအကျဆုံးနဲ့ အကောင်းဆုံးစက်တွေပါ။
ဟာကင်ဂျီဆီက ဝယ်တဲ့ပုံနှိပ်စက် (ခြေနင်းစက်ကလေးတွေ)နဲ့ ကျွန်မတို့ ၁၉၉၅
ခုနှစ်လောက်အထိ အလုပ် (Job) ရိုက်စားခဲ့ရပါတယ်။
စတုတ္ထကလေးက သမီးလေး မတင်ဝင်းပါ။
မတင်ဝင်းကို ၁၉၄၇ ခုနှစ် မေလ ၃၁ ရက်မှာ မွေးပါတယ်။ သူ့ကို ၈၄ လမ်း လက်ဆည်ကန်က
ရွှေမျက်မှန်တိုက်မှာပဲ မွေးပါတယ်။ သူ့ကို မွေးပေးသူက စိန်ပန်းက ဆရာမကြီး
ဒေါ်ဦးပါ။
ပဉ္စမကလေးကတော့ သားအငယ်ဆုံး ဘိုညိုပါ။
သူ့ကိုတော့ ခု လူထုတိုက်ကို ပြောင်းရွှေ့လာပြီး မကြာခင်မှာပဲ မွေးပါတယ်။ ၁၉၅၂ ခု
ဖေဖော်ဝါရီလ ၅ ရက် (၅.၂.၅၂)ပေါ့။ သမီး မသန်းယဉ်မာကို မွေးပေးကြတဲ့ အစ်မ
ဆရာမကြီးတွေဖြစ်တဲ့ ဒေါ်စိန်စိန်နဲ့ ဒေါ်စောကျန်တို့ပဲ မွေးပေးတာပါ။
ဒီသားသမီး ၅ ယောက်ကို ကျွန်မက အားလုံး
အမေ့နို့ပဲ တိုက်မွေးခဲ့တယ်။ အမေ့နို့ဟာ အကောင်းဆုံးလို့ သိလို့တော့ မဟုတ်ဘူး။
ကျွန်မက ကျွန်မကို စောင့်ရှောက်ပေးမယ့်လူရှိရင် နို့ဘူးတိုက်ပြီး ကျွန်မက အလုပ်တွေ
လုပ်ချင်တယ်။ နို့ပေမယ့် နို့ဘူးတိုက်တယ်ဆိုတာက ကရိကထ သိပ်များတာ။ နို့ဘူးတွေကို
ဆေးဦးကြောဦး ပြုတ်ဦးဆိုတာတွေ လုပ်ရဦးမယ်။ သန့်သန့်ပြန့်ပြန့် ဖျော်တတ်ရဦးမယ်။
အဲဒါမျိုးတွေကို ကျွန်မ ပြန်မကြည့်ရဘဲ လုပ်ပေးမယ့်လူက မရှိဘူး။ ဒါကြောင့်
ကိုယ့်နို့ကို တိုက်ပြီး ကြီးပြင်းစေခဲ့ရတယ်။
ဒီကလေး ၅ ယောက်အနက် စတုတ္ထသမီးကလေး
မတင်ဝင်း ၁ဝ လ သမီး ရတော့ မန္တလေးမြို့တွင်းမှာ ပေါက်နေတဲ့ ကျောက်ကြီးရောဂါက
ကျွန်မကလေးတွေကို ကျောက်ဆေးထိုးပေးထားပါရဲ့နဲ့ သမီးလေး လာပေါက်ပါလေရော။ အဲဒီမှာ
တခြားကလေးတွေကို ကူးကုန်မှာစိုးလို့ ပြင်ဦးလွင်မှာနေတဲ့ ညီမ ဒေါ်တင်တင်နဲ့
ဗိုလ်လှဖေတို့ဆီကို ကလေးအကြီးတွေ ပို့ထား ခွဲထားလိုက်ရတယ်။
၁ဝ လ သမီးကလေးက သနားစရာ။ ကျောက်တွေမှ
ထူထူကြီးပေါက်တာ။ အော်လို့တောင် မငိုနိုင်ရှာဘူး။ အယ်...အယ်နဲ့ပဲ
အော်ရလှိမ့်ရရှာတယ်။ ဆရာဝန် ဒေါက်တာရှားမားကို ခေါ်ကုရတယ်။ သေမှာလား၊
ရှင်မှာလားလည်း မသိဘူး။ ကျောက်တွေက တချို့နေရာတွေမှာ တစ်လုံးစီ အရည်မထည့်တော့ဘဲ
ကူးကုန်လို့ အပြင်ကြီးအဖြစ်နဲ့ အရည်တွေ ဝင်နေတယ်။
အဲဒီအချိန်မှာ ပြင်ဦးလွင် ညီမဆီက
သန်းယဉ်မာလည်း နေမကောင်း ဖြစ်လာတယ်။ အဖူးကလေးတွေ ထွက်လာတယ်ဆိုလို့ တစ်ယောက်ကို
ကားနဲ့ သွားအခေါ်ခိုင်းလိုက်ရတယ်။ ဒီရောက်တော့ သန်းယဉ်မာကလည်း ကျောက်ပေါက်တာပါ။
ဒါပေမယ့် သူက နည်းနည်းနဲ့ ကျဲကျဲကလေး။ အငယ်မကတော့ ကျောက်တွေက ထူလိုက်တာ။
သေမှာထင်ပါရဲ့လို့ အောက်မေ့ပြီး အစွမ်းကုန်ပြုလိုက်ရပါတယ်။ ကံအားလျော်စွာသူက
ဒီရောဂါက ကျန်းမာလာတယ်။ နို့ပေမယ့် ကလေးက ကောင်းကောင်းမသန်ဘူး။ တခြားကလေးတွေ ၁ဝ
လဆို မတ်တတ်ထ၊ ၁ နှစ်ဆို လမ်းသွားနိုင်ကြပေမယ့် သူ့မှာ အလဲလဲအပြိုပြိုနဲ့
တော်တော်နဲ့ လမ်းမလျှောက်နိုင်ရှာဘူး။
ကျွန်မတို့အမေက ဒီကလေး သန်မာလာအောင်
သဲလှည်း ၂ စီး လောက်ဝယ်ပြီး အိမ်နောက်မှာ ပုံပေးထားပါ။ သဲထဲ သူ့ကို
ကစားရအောင်ချထား၊ သူ့ဘာသာ ကစားရင်း သန်လာလိမ့်မယ်ပြောလို့ သဲပုံကြီးထဲ ကစားခိုင်းရပါတယ်။
အမေပြောတဲ့အတိုင်းပဲ နောက်တော့ သွားနိုင်လာနိုင် ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်မက
သူ့အဖေ မရှိတော့ သူ့မောင်လည်း အိမ်မှာမရှိတော့ သူတစ်ယောက်တည်း ကြီးပွားရေးနဲ့
လူထုကို အုပ်စိုးပြီး အစစ ဈေးတက်၊ ငွေတန်ဖိုး မရပ်မနားကျနေတဲ့ ခေတ်ကြီးမှာ
ကျွန်မကို သူရှာဖွေကျွေးနေတော့ သြော်... ခုနေ ငါ့အမေများရှိရင် ငါ့သမီးရယ်၊
ညည်းကို မတင်ဝင်းက ရှာကျွေးနေရသတဲ့လားအေလို့ ပြောမှာအမှန်။ ငါ့မြေး
မစွမ်းမသန်ကလေးက ခုရှာကျွေးနေတာတဲ့လို့ တဖျစ်တောက်တောက် ပြောနေမှာလို့ အမေ့ကို
သတိရတယ်လေ။ ကျွန်မ အမေက ၁၉၆၇ ခုနှစ်က သူ့အသက် ၇၇ နှစ်မှာမှ ဆုံးရှာတာ။ ကျွန်မက
သူ့ကို ဘာမှ ထောက်ပံ့ကူညီရတာ မရှိပေမယ့် သူ့ခမျာ ကျွန်မ ပူစရာပင်စရာ ကိစ္စမှန်သမျှ
မိခင်တစ်ယောက်အနေနဲ့ ဘာမဆို ပူရှာပန်ရှာရတယ်လေ။
ကျွန်မက သမီးလေးနှစ်ယောက်ကို အခု
အမှတ် ၈ ကျောင်းလို့ ခေါ်တဲ့ စိန့်ဂျိုးဇက်ကွန်ဗင့်မှာ ကျောင်းထားတယ်။ သားကလေး ၃
ယောက်ကို နေရှင်နယ်နဲ့ စိန်ပီတာမှာ ကျောင်းထားပါတယ်။ သားကြီးကိုစိုးဝင်းက
မန္တလေးကောလိပ်က အိုင်အက်စီ အောင်တော့ ရန်ကုန်တက္ကသိုလ်မှာ ဘီအက်စီ တက်တယ်။
သမီးကြီး သန်းယဉ်မာက မန္တလေးမှာပဲ အမ်ဘီဘီအက်စ်ခေါ်တဲ့ ဆရာဝန်သင်တန်း အောင်တယ်။
အောင်တော့ ဝေးဝေးလံလံ ရောက်မသွားအောင် မန္တလေး ဆေးတက္ကသိုလ် ဆေးပညာဌာနမှာပဲ
နည်းပြဆရာမ လုပ်နေစေတယ်။ နောက် ရန်ကုန်မှာ ဆေးပညာ မဟာသိပ္ပံဘွဲ့ ယူပြီး မန္တလေး
ပြန်လာတယ်။ ၁၂ နှစ်လောက် လုပ်မိတော့ ချင်းတောင် ဖလမ်းဆေးရုံကို အလုပ်ရွှေ့ရတယ်။
အရေးအခင်းကြီး ဖြစ်ပြီးတော့ ဖလမ်းကနေပြီး ပခုက္ကူ ဆေးရုံကို အလုပ် ပြောင်းရပြန်တယ်။
ပခုက္ကူမှာ ၅ နှစ်လောက် လုပ်ပြီးတော့ ရန်ကုန် လုပ်သားဆေးရုံကို ပြောင်းရပြန်တယ်။
လုပ်သားဆေးရုံမှာ ၁ နှစ်လောက် လုပ်ပြီးတော့ မန္တလေးကို ပြန်ပြောင်းပြီး
ဆေးတက္ကသိုလ် ဆေးပညာဌာနမှာပဲ ကထိက အဖြစ်နဲ့ အလုပ်လုပ်နေရတယ်။ အခု
ပါမောက္ခဌာနမှူးအဖြစ်နဲ့ အငြိမ်းစား ယူလိုက်ရပါပြီ။
ကျွန်မ အသက် ၈ဝ ကျော် မုဆိုးမ ဘဝမှာ
သမီးဆရာဝန် ကိုယ့်အနား ပြန်ရောက်လာရတယ်ဆိုတော့ အိုကံကောင်းတယ် ပြောရမှာပေါ့။
ဒီသမီးက သူ့အဖေကိုလည်း ပြုလိုက်ရတယ်။ သူ့ လက်ပေါ်မှာပဲ အဖေ ကွယ်လွန်ရတာပါ။
ကျွန်မအဖေနဲ့ အမေဆိုရင် အသက် ၄ဝ ကျော်မှမွေးတဲ့ သားအငယ်ဆုံးကို ဆရာဝန်သင်ပေးတော့
အမေ အဖေ အသက် ၇ဝ ကျော်တဲ့အထိ သားက ဆရာဝန် မဖြစ်သေးဘူး။ ကျွန်မက အမေ့ဆီရောက်တဲ့အခါ 'ကျွန်မဖြင့်
အမေ့ကို ကြည့်ပြီး သံဝေဂဖြစ်မိတယ်။ အမေ့အသက် ၇ဝ ကျော်ပြီ၊ သားသမီး ကျောင်းထားစရာ
မကုန်သေးဘူး။ သူတို့လုပ်စာ ဘယ်တော့များ စားရမှာပါလိမ့်'လို့
ပြောမိတယ်။ တကယ်ပါပဲ။ ကျွန်မအမေ ဆုံးတော့ သူ့သား အိမ်မှာ မရှိပါဘူး။
အသုဘချတဲ့နေ့မှ အလောင်းကို မြင်လိုက်ရတယ်။ ကျွန်မအဖေ အသက် ၉၅ နှစ်မှာ မမာတော့
အဖေမုဆိုးဖိုကို ကျွန်မက အတူနေဖို့ ခေါ်ထားလို့ အဖေ့ကို ကျွန်မ သမီး သန်းယဉ်မာက
ပြုလိုက်ရတယ်။ သူ့သားက အဲဒီတော့လည်း နိုင်ငံခြား ရောက်နေတယ်လေ။
ဒီသမီး သန်းယဉ်မာနဲ့
ဦးခင်ဂျက်ဝင်းတို့က ၁၉၇၈ မှာ စုစုမာဆိုတဲ့ သမီးလေးနဲ့ ၁၉၈ဝ မှာ ဘိုဘိုဆိုတဲ့
သားကလေးမွေးလို့ သူတို့က ကျွန်မအတွက် မြေးနှစ်ယောက်ပါ။
တတိယသား ဖိုးသံချောင်းက ကျွန်မတို့
မွေးသမျှထဲ ရုပ်ရည်အချောဆုံး။ သူ မန္တလေးတက္ကသိုလ်မှာ ဘီအက်စီအထိ ပညာသင်ရတယ်။
သူ့ဇနီး ချိုချိုနဲ့ ၁၉၈၂ မှာ ဖြူပြာသန့်ဆိုတဲ့ သမီးလေး ရတယ်။
စတုတ္ထသမီးက အဖေအမေ အနွံ အတာကို
ခံတယ်။ အေးအေးချမ်းချမ်း ပြုစုလုပ်ကျွေးရှာတယ်။
သားအလတ်နဲ့ သားအငယ်က
ပန်းချီဆွဲတတ်တယ်။ စာရေးတတ်တယ်။ ဘောလုံးကန်လည်း မညံ့ကြဘူး။ သားအငယ်ကို သူ့အဖေက ၁၉၈၁
နှစ် ဖေဖော်ဝါရီလမှာ ရှမ်းပွဲက သီဝ ဆရာချစ်ရဲ့သမီး တင်တင်ဝင်းနဲ့
ထိမ်းမြားပေးခဲ့တယ်။ ဒီသားက သမီး ၁ ယောက် လင်းလင်းမွန်လို့ အဘိုးအေက
နာမည်ပေးခဲ့တဲ့ကလေးရယ်၊ အဘိုးအေ မရှိတော့မှ ၁၉၈၅ ခုနှစ်မှာ သားကလေး အောင်ဘာလေရယ်၊
၁၉၈၈ ခုနှစ်မှာ သမီးကလေး ရွှေပြည်စိုးရယ် မွေးလို့ အဘွားမှာ ဒီသားက မြေးသုံးယောက်
မွေးပေးတယ်ပေါ့။
ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊
သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း
သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။ အဲ... ဒုတိယမွေးတဲ့သမီးကတော့ ငယ်ငယ်က
ဆိုးတယ်။ ဆိုးတော့ ကျွန်မက ရိုက်တယ်။ အိမ်နီးချင်း အပျိုကြီး ညီအစ်မက အမြဲတမ်း
တုတ်အောက်က ဆွဲပြီး လာခေါ်သွားရတယ်။
ဦးလှက သားသမီးတွေကို ချစ်သလောက်
အလိုလိုက်တတ်သလောက် သံယောဇဉ်လည်း ကြီးပါတယ်။ ကြီးလည်း ကြီးချင်စရာပဲ။ သူ့သားတွေက
သုံးယောက်စလုံး ဘယ်သူမှ ဆေးလိပ်မသောက်ဘူး။ ကွမ်းမစားဘူး။ အရက်မသောက်ဘူး။
ဘယ်သူနဲ့မှ ရန်ဖြစ်မလာစဖူးဘူး။ အဆဲအရေးလည်း မတတ်ကြဘူး။ ကားမောင်းကြရင် ကားတိုက်မှု
ဘယ်သူနဲ့မှ မဖြစ်စဖူးဘူး။ အားလုံး သူ့တူကြတယ် ထင်ပါရဲ့။ နိုင်ငံရေးကတော့
သူတို့မွေးလာတဲ့ ခေတ်ကာလနဲ့ သူတို့ပတ်ဝန်းကျင်အလျောက် ဖြစ်ကြတာကိုး။
နိုင်ငံရေးကြောင့် မိသားစုကွဲကွာရပြီး စိတ်ဆင်းရဲတာကလွဲလို့ တခြားဘာအကြောင်းနဲ့မှ
ဘယ်သားသမီးကြောင့်မှ စိတ်ဒုက္ခ မရောက်ကြရဘူး။
သားတွေကို ကျွန်မလည်း လွမ်းတာပဲ။
သူလွမ်းတာလည်း ကျွန်မ သိတာပဲ။ အဲဒီတော့ ကျွန်မစိတ်ထဲ သားတွေအကြောင်း သတိရလို့
ပေါ်လာရင် ပါးစပ်ကဖွင့်ပြီး သူ့ကို မပြောမိအောင် သတိထားပြီး ချုပ်တည်းထားလိုက်တယ်။
သူကလည်း ဒီလိုပဲနေမှာပဲ။ ကျွန်မတို့နှစ်ယောက် သားတွေကို လွမ်းတဲ့အကြောင်း
ဘယ်တော့မှ စကားစပ်ပြီးမပြောလေ့ဘူး။ သူလည်း သူ့ဘာသာ၊ ကိုယ့် ကလည်း ကိုယ့်ဘာသာ
ကြိတ်မှိတ်နေလိုက်ကြတာပဲ။ ပြောမိရင် ပွားမှာဟုတ်လား။
ကျွန်မ မုဆိုးမဘဝ အိုကြီးအိုမအထိ
အသက်ရှည်နေတဲ့အခါမှာလည်း သားသမီးများကရော သမက်နဲ့ချွေးမကပါ ကျွန်မကို လိုလေသေးမရှိ
စောင့်ရှောက် ပြုစုကျွေးမွေးကြပါတယ်။
ဆက်လက်ဖော်ပြပါမည်
လူထုဒေါ်အမာ
(အမှတ် ၁၉၉၊ ဇွန်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွ...
၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီ...
ဦးလှနဲ့ ကျွန်မ ဖူးစာဆုံစည်းရမှုကို ခုပြန်စဉ်းစားတဲ့အခါ ဦးလှထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းကို သဘောကျတာက အကြောင်းရင်းခံတယ်။ နောင်တော့ ဦးလှက မိတ်ဆွေတွေဆီကို စာရေးရင် တရင်းတနှီး ရေးလေ့ရှိတယ်။ ပေးစာ အရေးကေ...