ရွှေသုတ‌

ဒါရိုက်တာ အေဝမ်းမောင်လှမျိုး

ကေမြူး

01 April 2026
ဒါရိုက်တာ အေဝမ်းမောင်လှမျိုး
Share to

၁။

            ၁၉၂ဝ ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင် ဦးဆောင်သည့် ဘားမားဖလင်း ကုမ္ပဏီမှ မြန်မာ့ပထမဦးဆုံး ရုပ်ရှင်ကား ‘မေတ္တာနှင့် သူရာ’ကို ရိုက်ကူးရုံတင်နိုင်ခဲ့သည်။ ဘားမားဖလင်းမှ ရုပ်ရှင်ကား ခုနစ်ကားကို ထုတ်လုပ်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်မှ ဘားမားဖလင်းအား မြန်မာ့အဆွေ ဦးဘညွန့်သို့ လွှဲပြောင်းပေးခဲ့သည်။ ဦးဘညွန့်မှ နယူးဘားမားဖလင်းဟု ပြင်ဆင်ပြီး ၁၉၂၃ ခုနှစ်တွင် ‘တောမြိုင်စွန်းက လွမ်းအောင်ဖန်’ ရုပ်ရှင်ကားကို ဆက်လက်ထုတ်လုပ် ရုံတင်ခဲ့သည်။ ထို့နောက် မြန်မာ့အဆွေ ဦးဘညွန့်မှ နယူးဘားမား ဖလင်းအား မြန်မာ့အဆွေ အေဝမ်းဖလင်းနှင့် အေဝမ်းဖလင်း ကုမ္ပဏီလီမိတက်များအဖြစ် အမည်များ ပြောင်းလဲ၍ ရုပ်ရှင်ကား ထုတ်လုပ်မှု လုပ်ငန်းကို စဉ်ဆက်မပြတ် အောင်မြင်စွာ လုပ်ကိုင်ခဲ့သည်။

            အေဝမ်းဖလင်း၏ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုတွင် ကနဦးကာလများ၌ ဦးဘညွန့်၏ သားများဖြစ်သော ဦးတင်နွယ်၊ ဦးညီပုနှင့် ဦးမောင်မောင်စိုးတို့က ဦးဆောင်လုပ်ကိုင်ခဲ့ကြသည်။ ဦးညီပုနှင့် ဦးမောင်မောင်စိုးမှာ ‘မေတ္တာနှင့် သူရာ’ ရိုက်ကူးစဉ်ကပင် လန်ဒန်အက် ဦးအုန်းမောင်နှင့်အတူ သရုပ်ဆောင်များအဖြစ် ပါဝင်လှုပ်ရှားခဲ့ကြသူများ ဖြစ်သည်။ ဦးတင်နွယ်က ဒါရိုက်တာအဖြစ်သာ လုပ်ကိုင်ခဲ့သော်လည်း ဦးညီပုနှင့် ဦးမောင်မောင်စိုးတို့က သရုပ်ဆောင် ဒါရိုက်တာများအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက် ဦးဘညွန့်၏ သားငယ် မောင်တင်မောင်အား ၁၉၃၄ ခုနှစ်မှ စတင်၍ သွေးသစ်လောင်း အားဖြည့်ပြီး အေဝမ်းဖလင်း၏ ရုပ်ရှင်ကား ထုတ်လုပ်မှုလုပ်ငန်းတွင် ဒါရိုက်တာ အဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ပါ ဆောင်ရွက်စေခဲ့သည်။

            မောင်တင်မောင်အား အေဝမ်းဖလင်း၏ ပထမမျိုးဆက်တွင် နောက်ဆုံး သွေးသစ်လောင်း အားဖြည့်ပြီးနောက် ဒုတိယမျိုးဆက်များအဖြစ် ဒါရိုက်တာ မောင်တင်ယု၊ သရုပ်ဆောင်ဒါရိုက်တာ မောင်သိန်းဇော်နှင့် သရုပ်ဆောင် ဒါရိုက်တာ မောင်ဝေဇင်တို့ကို ဆက်လက် သွေးသစ်လောင်း အားဖြည့်ပြီး အေဝမ်းဖလင်း၏ ရုပ်ရှင်ထုတ်လုပ်မှု လုပ်ငန်းအား ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၆၅ ခုနှစ်တွင် အေဝမ်းဖလင်း၏ ဒုတိယမျိုးဆက်မှ မောင်လှမျိုးအား ဒါရိုက်တာအဖြစ် သွေးသစ်လောင်း အားဖြည့်ပြီး ‘မေတ္တာမွန်’ ရုပ်ရှင်ကားကို ပွဲဦးထွက် ရိုက်ကူးစေခဲ့သည်။

            အေဝမ်းဖလင်းမှာ စစ်ကြိုခေတ်က စစ်ရုပ်ရှင်ကား အနည်းငယ် ရိုက်ကူးခဲ့ဖူးသော်လည်း စစ်ပြီး ခေတ်တွင် မရိုက်ကူးဖြစ်ခဲ့ဘဲ ၁၉၆၅ ခုနှစ်တွင်မှ ‘မေတ္တာမွန်’ ဖြင့် စစ်ရုပ်ရှင်ကားကို ထူးခြားစွာ ပြန်လည်ရိုက်ကူးခြင်း ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင်လည်း စစ်ရုပ်ရှင်ကား ထုတ်လုပ်မှုမှာ စစ်ပြီးခေတ်တွင် မရှိသလောက်ရှိရာမှ ၁၉၆၅ ခုနှစ် အတွင်းတွင်မှ ပြန်လည်ရိုက်ကူးခဲ့ကြသည်။ ၁၉၆၂ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဆွေ၏ ပုလဲမျက်ရည်၊ ဒါရိုက်တာ ပန်းသာတင်ရွှေ၏ တပ်စခန်း တစ်နေရာတွင်နှင့် တပ်တော်ဦးဆီ၊ ဒါရိုက်တာ မောင်လှမျိုး၏ မေတ္တာမွန်တို့ ရုံတင်ခဲ့ကြသည်။

            မေတ္တာမွန်မှာ မြန်မာ့အသံဇာတ်လမ်းပမာ အခန်းမှ ထုတ်လွှင့်ရာတွင် လူကြိုက်များခဲ့သော ပေဖူးလွှာ ဇာတ်လမ်းကို အခြေခံပြီး ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ တပ်ကြပ်လေး ခင်မောင်ရီနှင့် အပျိုကြီးမမ မမရှင်တို့၏ လွမ်းမောဖွယ် မေတ္တာဇာတ်လမ်းအား သဘာဝနှင့် တိုက်ပွဲခန်းများဖြင့် ရောယှက်တန်ဆာဆင်ထားသည်။ ရာဇဝင်နှင့် သမိုင်းကားများတွင်သာ အများဆုံး သရုပ်ဆောင်လေ့ရှိသော မင်းသား ခင်မောင်ဇင်အား တပ်ကြပ်လေး ခင်မောင်ရီအဖြစ် ဒါရိုက်တာ မောင်လှမျိုးက စရိုက်ပြောင်းပြထားသည်။ စစ်ကြိုခေတ်ကပင် ထင်ရှားခဲ့ပြီး ရုပ်ရှင်ရိုက်ကူးခြင်းမှ အနားယူနေသော မေရှင်အား မောင်လှမျိုးက မမရှင်အသွင် ပြန်လည် သရုပ်ဆောင်စေခဲ့သည်။ ‘မေတ္တာမွန်’မှာ မေရှင်၏ ရုပ်ရှင်လောကမှ မထွက်ခွာမီ နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ကားလည်း ဖြစ်သည်။

            ထူးခြားစွာ ရိုက်ကူးခဲ့သော ‘မေတ္တာမွန်’ ရုပ်ရှင်ကားမှာ အောင်မြင်မှု ရရှိခဲ့သဖြင့် မောင်လှမျိုးအား အေဝမ်းဖလင်းအပြင် အခြားရုပ်ရှင် ကုမ္ပဏီများမှပင် ဒါရိုက်တာအဖြစ် ဆောင်ရွက်စေခဲ့ကြသည်။

၂။

            အေဝမ်းဖလင်းမှ ဝတ္ထုရောင်နီ၊ ဇာတ်ညွှန်း စိန်ဖေတင်နှင့် ဒါရိုက်တာ  အေဝမ်းမောင်လှမျိုး တို့၏ ‘ဆောင်း’ ရုပ်ရှင်ကားအား ၁၉၆၆ ခုနှစ်တွင် ရုံတင်ခဲ့သည်။ ဆောင်းတွင် ညွန့်ဝင်း၊ စံရှားတင်၊ နှင်းဆီ၊ စမ်းစမ်းဝင်း၊ နေစိုး၊ မြမောင်နှင့် ကျော်လွင်စသည့် သရုပ်ဆောင်များစွာ ပါဝင်ခဲ့ကြသည်။

            ‘ဆောင်း’ မှာ ဒုတိယကမ္ဘာစစ်ကာလ ဖက်ဆစ်တော်လှန်ရေး ကာလနှင့် ပြည်တွင်းသောင်းကျန်းမှု ကာလများကို နောက်ခံထားပြီး တပ်မတော်သား ဗိုလ်ကျော်စွာ၊ ကရင် တိုင်းရင်းသူလေး နော်ဖော့လူ၊ သူနာပြုဆရာမ မကြော့ရီနှင့် တပ်သား လေးထွန်းကျော်တို့၏ ကြေကွဲဖွယ် ဖြစ်အင်ကို တိုက်ပွဲခန်းများဖြင့် ပေါင်းစပ်ပြသထားသည်။

            ထို့ပြင် ‘ဆောင်း’ ရုပ်ရှင်ကားမှာ နယ်ချဲ့နှင့် ဖက်ဆစ်ဆန့်ကျင်ရေး၊ တိုင်းရင်းသား ချစ်ကြည်ရေးနှင့် ပြည်တွင်းသောင်းကျန်းမှု ချုပ်ငြိမ်းရေး ဦးတည်ချက်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ရာ ရည်ရွယ်ချက် မြင့်မားသော ရုပ်ရှင်ကား ဖြစ်သည်။ ဝတ္ထုဇာတ်ညွှန်း၊ လှုပ်ရှားမှုရိုက်ချက်၊ သရုပ်ဆောင်မှု၊ တည်းဖြတ်မှု၊ အသံ၊ ဓာတ်ပုံ၊ တေးဂီတ ဘက်စုံကောင်းအောင်လည်း ဖန်တီးခဲ့သည်။ ဘက်စုံကောင်း၍ လူကြိုက်များခဲ့သဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးသုခ၏ ‘ဘဝ သံသရာ’ နှင့် ဦးတင်မောင်၏ ရတနာပုံပြီးလျှင် မောင်လှမျိုး၏ ‘ဆောင်း’ မှာ တတိယ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် ကာလကြာမြင့်စွာ ရပ်တည်ခဲ့သည်။

            ဆောင်းရုပ်ရှင်ကားအား ၁၉၆၆ ခုနှစ်တွင် အကောင်းဆုံးဇာတ်ကားဆု ချီးမြှင့်ခံခဲ့ရပြီး ဆောင်းဇာတ်ကားတွင် ကရင်တိုင်းရင်းသူ နော်ဖော့လူအသွင် သရုပ်ဆောင်ခဲ့သူ စံရှားတင်ကိုလည်း အမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခံခဲ့ရသည်။ တော်လှန်ရေးကောင်စီလက်ထက် (၆၂-၇၃) တွင် အကောင်းဆုံး ဇာတ်ကားများအဖြစ် ‘ဆောင်း’၊ ‘စကားပြောသော အသည်းနှလုံး’ ၊ ‘မှုံရွှေရည်’နှင့် ‘ဘယ်သူပြိုင်လို့ လှပါတော့နိုင်’ ရုပ်ရှင်လေးကားသာ ချီးမြှင့်ခံခဲ့ရသည်မှာ ထူးခြားမှုပင်။

            ရုပ်ရှင်ဆောင်းပါးရှင် စာရေးဆရာ မောင်စင်ကြယ်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုမှတ်တမ်း (စံပယ်ဦးစာပေ)တွင် ဆောင်းရုပ်ရှင်ကားနှင့် စပ်လျဉ်း၍ 'မြန်မာ့ရုပ်ရှင်သမိုင်းတွင်သော်လည်း၊ ရုပ်ရှင်ထူးချွန်ဆု ရေစီးကြောင်းတွင် သော်လည်းကောင်း၊ ‘ဘဝသံသရာ’၊ ‘ဆောင်း’၊ ‘ဘယ်သူပြိုင်လို့ လှပါတော့နိုင်’ ဇာတ်ကားမျိုးသည် နောက်ထပ် တော်တော်နှင့် ပေါ်လာနိုင်တော့မည်မဟုတ်' ဟု သုံးသပ်ခဲ့သလို 'ဒါရိုက်တာ အေဝမ်းမောင်လှမျိုးအနေနှင့်လည်း အေဝမ်းပိုင် ဇာတ်ကားဖြစ်၍ ဇာတ်ကားကောင်းဖို့ရာသာ အဓိကထားပြီး အားသွန်လုပ်ဆောင်ခဲ့ရာ နောင်ဆိုလျှင် ‘ဆောင်း’လို ဇာတ်ကားမျိုး ရိုက်ကူးထုတ်လုပ်ရန်လည်း တော်တော်နှင့် လွယ်မည်မဟုတ်' ဟုလည်း ကောက်ချက်ချခဲ့သည်။

            ‘ဆောင်း’ ရုပ်ရှင်ကားမှာ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားများတွင် အကောင်းဆုံး (Master Piece) ဟု ဆိုနိုင်သကဲ့သို့ အေဝမ်းဖလင်း၏ အကောင်းဆုံးဇာတ်ကားများနှင့် မြန်မာ့ရုပ်ရှင်လောက၏ ဂန္ထဝင် ရုပ်ရှင်ကားများတွင် စာရင်းဝင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။

၃။

            ‘ဆောင်း’ ရုပ်ရှင်ကားကဲ့သို့ ဇာတ်လမ်းဇာတ်အိမ်နှင့် ရိုက်ကူးတင်ပြမှုတွင် ကြီးကျယ်ခမ်းနားမှု မရှိသော်လည်း ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများတွင် ‘ဆောင်း’ ကဲ့သို့ ထူးချွန်ဆု အမျိုးမျိုး ချီးမြှင့်ခံရသည့် ရုပ်ရှင်ကားများမှာ ‘ဗန်တိုလူလေးနှင့် သူဇာ’၊ ‘တစ်ကွေ့တစ်ကမ္ဘာ’ နှင့် ‘လကွယ်မိုးနှောင်း’တို့ ဖြစ်ကြသည်။

            ‘ဗန်တိုလူလေးနှင့် သူဇာ’ မှာ စတားလိုက်ဖလင်းမှ ထုတ်လုပ်ပြီး စာရေးဆရာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ဝတ္ထုဇာတ်ညွှန်းအား ဒါရိုက်တာ အေဝမ်းမောင်လှမျိုးက ညွန့်ဝင်း (နှစ်ကိုယ်ခွဲ)၊ ဒေစီကျော်ဝင်းနှင့် လှံမင်းသား စံတင်တို့ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ‘ဒေါက်တာ သူတော်’၊ ‘လူရမ်းကား ဗန်တိုလူလေး’၊ ‘မိန်းမချောလေး သူဇာ’ နှင့် ‘လူဆိုးလူမိုက် ဓားဘခက်’တို့၏ လေးပွင့်ဆိုင် ဇာတ်ကြောင်းကို ကြမ်းကြမ်းရမ်းရမ်း အထိုးအသတ်များဖြင့် တင်ပြထားသည်။ ဝတ္ထုဇာတ်ညွှန်း၏ ခိုင်မာမှု၊ ဒါရိုက်တာ၏ ကြိုးပမ်းအားထုတ်မှုနှင့် သရုပ်ဆောင်များ၏ ပီပြင်မှုတို့ကြောင့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လာပြီး ပရိတ်သတ်၏ အကြိုက်တွေ့ခဲ့သည်။ ညွန့်ဝင်းမှာ လူရမ်းကား  ဗန်တိုလူလေးအဖြစ်ရော၊ လူရိုးလူကောင်း ဒေါက်တာသူတော် အနေနှင့်ပါ နှစ်ကိုယ်ခွဲ၍ ထိထိမိမိ သရုပ်ဆောင်ပြနိုင်ခဲ့ရာ ၁၉၆၈ ခုနှစ်အမျိုးသား ဇာတ်ဆောင်ဆု ချီးမြှင့်ခံခဲ့ရသည်။ အေဝမ်းသိန်းဇော်၏ ‘သတို့သမီး အလိုရှိသည်’၊ အေဝမ်း ဦးတင်မောင်၏ ‘မမထားနှင့် အပါ’၊ ဦးတင်ယု၏ ‘မေတ္တာ ကမ္ဘာခြားသူ’ တို့ဖြင့် ပရိသတ် သိခဲ့သော ညွန့်ဝင်းမှာ အေဝမ်းမောင်လှမျိုး၏ ‘ဆောင်း’ နှင့် ‘ဗန်တိုလူလေးနှင့် သူဇာ’ တို့ကြောင့် အထွတ်အထိပ်သို့ ရောက်ရှိ ကျော်ကြားခဲ့သည်ဟု ဆိုရပါမည်။

တစ်ကွေ့တစ်ကမ္ဘာမှာ စံပြရုပ်ရှင်မှ ထုတ်လုပ်ပြီး စာရေးဆရာ ကိုကို၏ ဝတ္ထုဇာတ်ညွှန်းအား ဒါရိုက်တာ အေဝမ်းမောင်လှမျိုးက ညွန့်ဝင်း၊ မြင့်မြင့်ခိုင်၊ ဗိုလ်ဗကိုနှင့် ဦးကျောက်လုံးတို့ဖြင့် ရိုက်ကူးခဲ့သည်။ ဖခင်တို့၏ မေတ္တာကြီးမားပုံအား တိုင်းရင်းသားချစ်ကြည်ရေးနှင့် ပြည်နယ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များ ဝန်းရံလျက် ကယားပြည်နယ်ကို နောက်ခံထား ရိုက်ကူး ထားသည့် တစ်ကွေ့တစ်ကမ္ဘာတွင် တိုင်းရင်းသား ကယားအမျိုးသား ဖခင်ကြီးအသွင် ပီပီပြင်ပြင် သရုပ် ဆောင်ပြနိုင်မှုအတွက် ၁၉၇၁ ခုနှစ် အမျိုးသား ဇာတ်ပို့ဆုအဖြစ် ဗိုလ်ဗကိုအား ချီးမြှင့်ခဲ့သည်။

            မြန်မာ့ရုပ်ရှင်လောကတွင် အချစ်နှင့် အိမ်ထောင်ရေး၊ မိဘ မေတ္တာဘွဲ့၊  အထိုးအကြိတ် အက်ရှင်၊ ဟာသ၊ ရာဇဝင်စသော ရုပ်ရှင်ကား အမျိုးအစားများမှာ အများဆုံးထုတ်လုပ်ခဲ့ကြသည်။ စစ်ရုပ်ရှင်ကားများမှာ ရှားပါးလှသည့်ပြင် စိတ္တဗေဒ အကြောင်းအရာကို အခြေခံထားသော ရုပ်ရှင်ကားများမှာ မရှိသလောက်ပင် ရှိခဲ့သည်။ မြန်မာ့ရုပ်ရှင်လောက၏ ကွက်လပ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ဒါရိုက်တာ အေဝမ်းမောင်လှမျိုးက စံပြရုပ်ရှင်မှ ဝင်းညွန့်၊ ညွန့်ဝင်း၊ တင်တင်နွဲ့နှင့် အေးအေးသင်းတို့ သရုပ်ဆောင်စေပြီး ‘လကွယ်မိုးနှောင်း’ စိတ္တဗေဒ အကြောင်းအရာ အခြေခံ ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ စိတ္တဗေဒရုပ်ရှင်ကားများမှာ သရုပ်ဆောင်များ၏ အမူအရာနှင့် လှုပ်ရှားမှုအား ဓာတ်ပုံ၊ အသံ၊ တေး ဂီတတို့ဖြင့် ထူးခြားစွာ ပို့ဆောင် ပေးရလေ့ရှိသည်။ ‘လကွယ်မိုးနှောင်း’ တွင် သည်းထိတ်ရင်ဖို ဖြစ်စေသည့် ပြကွက်များစွာ ပါဝင်ခဲ့ရာ ဓာတ်ပုံ၏ ပို့ဆောင်မှုမှာ ထူးခြားကောင်းမွန်လှရာ ဓာတ်ပုံတာဝန်ခံ ဦးစံအေးကို ၁၉၇ဝ ပြည့်နှစ်အတွက် ဓာတ်ပုံ ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသည်။

၄။

            မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားရာ ပြည်ထောင်စု မပြိုကွဲရေးအတွက် နိုင်ငံသားတိုင်း ပြည်ထောင်စုစိတ်ဓာတ်ရှိရန်နှင့် တိုင်းရင်းသား ချစ်ကြည် ရင်းနှီးရန် အထူးလိုအပ်လှပါသည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ကြရန်နှင့် တိုင်းရင်းသား ချစ်ကြည်ရင်းနှီးရန် စာပေ၊ ဂီတ၊ သဘင်နှင့် ရုပ်ရှင်အနုပညာရှင်များမှ ပညာပေးစည်းရုံးကြရန် လိုအပ်လှပါသည်။ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများတွင် ‘ဆောင်း’၊ ‘အပြန်လမ်းက ချစ်မေတ္တာ’ နှင့် ‘စွန့်စွန့်စားစား’ ရုပ်ရှင်ကားများကို ကရင်ပြည်နယ် နောက်ခံထား၍လည်းကောင်း၊ ‘တစ်ကွေ့တစ်ကမ္ဘာ’ကို ကယားပြည်နယ် နောက်ခံထား၍ လည်းကောင်း၊ ‘ကေသွယ်ရယ် ကော့မိုင်ရယ်’ ကို ကချင်ပြည်နယ် နောက်ခံထား၍လည်းကောင်း၊ ‘စုရဲလ်တူ ကမ်းတောင်းကို’ ချင်းပြည်နယ် နောက်ခံထား၍လည်းကောင်း သက်ဆိုင်ရာ ပြည်နယ်များ၏ သဘာဝအလှအပများနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့စရိုက်များကို ခင်းကျင်းပြီး ဇာတ်အိမ်ဖွဲ့ထားကြပါသည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေးနှင့် တိုင်းရင်းသား ချစ်ကြည်ရေးကို ဖော်ဆောင်ကြသည့် အနုပညာရှင်များတွင် ဒါရိုက်တာ အေဝမ်းမောင်လှမျိုးသည် ထိပ်တန်းက ပါဝင်ခဲ့ပါသည်။ စစ်ရုပ်ရှင်ကားများမှ တပ်မတော်သားဘဝကို ထင်ဟပ်ပြီး မျိုးချစ်စိတ်ပွားများစေပါသည်။ စစ်ရုပ်ရှင်ကားများ ရိုက်ကူးရသည်မှာ အခြားရုပ်ရှင်ကားများ ရိုက်ကူးရသည်ထက် အချိန်ယူပြီး ခက်ခဲပင်ပန်းလှပါသည်။ ထို့ကြောင့်လည်း စစ်ရုပ်ရှင်ကားများကို ရိုက်ကူးကြသော ဒါရိုက်တာများအဖြစ် ပန်းသာတင်ရွှေ၊ ကျော်ဆွေ၊ ဗိုလ်ဗကို၊ အေဝမ်းမောင်လှမျိုး၊ စိန်ဖေတင်၊ တင်သန်းဦးနှင့် ဝေမှိုင်းညို စသူတို့လောက်သာ ရှားပါးစွာ တွေ့ရခြင်းဖြစ်ပါသည်။ အေဝမ်းမောင်လှမျိုးက ‘မေတ္တာမွန်’၊ ‘ဆောင်း’၊ ‘မုန်းမေ့လေသလား’၊ ‘ပျဉ်းမငုတ်တို’၊ ‘အပြန်လမ်းက ချစ်မေတ္တာ’ နှင့် ‘စွန့်စွန့်စားစား’ စစ်ရုပ်ရှင်ကားများကို ရိုက်ကူးခဲ့ရာ စစ်ရုပ်ရှင်ကား အများဆုံး ရိုက်ကူးခဲ့သည့် ဒါရိုက်တာဟု သတ်မှတ်နိုင်ပါသည်။

            မြန်မာ့ရုပ်ရှင်လောကတွင် ရှားပါးလှသော စိတ္တဗေဒအကြောင်းအရာကို အခြေခံသော ‘လကွယ်မိုးနှောင်း’ ရုပ်ရှင်ကားကို ရိုက်ကူးပြီးနောက် ဒါရိုက်တာ အေဝမ်းမောင်လှမျိုးမှာ သိပ္ပံဇာတ်ကားဟု ဆိုနိုင်လောက်သော ကိုယ်ပျောက်ရန် ကြံရွယ်သည့် ဆရာဝန်ကြီးတစ်ဦး၏ ဖြစ်အင်များကို ဇော်လွင်၊ ခင်သန်းနု တို့ဖြင့် ‘ဝံပုလွေနှင့် လှယမင်း’ ရုပ်ရှင်ကားဖြင့် ရိုက်ကူးပြခဲ့သည်။ မင်းသား ဇော်လွင်ကို ရုပ်ရှင်ကြည့် ပရိသတ်မှ ဇာတ်သိမ်းလုနီးချိန်မှ မြင်တွေ့ကြရပြီး  ဇာတ်ကားတစ်ကားလုံးနီးပါး အသံသာ ကြားနေကြရာ ထူးခြားရှားပါးလှပါသည်။ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ထူးခြားဆန်းသစ်စွာ တင်ပြလိုသည့် စေတနာမှာ ပေါ်လွင်လှပါသည်။

            ဒါရိုက်တာ အေဝမ်းမောင်လှမျိုး ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားများအနက် ‘ဆောင်း’၊ ‘ဗန်တိုလူလေးနှင့် သူဇာ’နှင့် အချို့ရုပ်ရှင်ကားများမှာ ဒါရိုက်တာ ထူးချွန်ဆုကို ရနိုင်လောက်သော်လည်း အကြောင်းအရာ အမျိုးမျိုးနှင့် ကံတရားကြောင့် အေဝမ်းမောင်လှမျိုးမှာ ဒါရိုက်တာထူးချွန်ဆုနှင့် အလှမ်းဝေးခဲ့ရသည်။ သို့သော် အောင်မြင်ကျော်ကြားသော ဒါရိုက်တာအဖြစ် ရုပ်ရှင်သက်တမ်း တစ်လျှောက်လုံး၌ (၁၉၆၂ ခုနှစ်မှ ကွယ်လွန်ချိန် ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီ လ ၂၄ရက်ထိ) ရပ်တည်ပြီး သေသပ်ကောင်းမွန်သော ရုပ်ရှင်ကားများစွာကို ဖန်တီးခဲ့သည်။ အခါအားလျော်စွာ ဗီဒီယိုကားများကိုလည်း ရိုက်ကူးခဲ့ပြီးရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

            ဒါရိုက်တာ အေဝမ်းမောင်လှမျိုးမှာ အေဝမ်းဖလင်း၏ ပထမမျိုးဆက် ဖခင် ဦးတင်နွယ်၊ ဦးလေးများဖြစ်သော ဦးညီပု၊ ဦးမောင်မောင်စိုး၊ ဦးတင်မောင်နှင့် အေဝမ်းဖလင်း၏ အခြားဒါရိုက်တာများထံမှ ရုပ်ရှင်အနုပညာအမွေကို အေဝမ်းဖလင်း၏ ဒုတိယမျိုးဆက်အဖြစ် ကောင်းမွန်စွာ လက်ခံပြီး တန်ဖိုးရှိစွာ အသုံးချနိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် ဒါရိုက်တာ အေဝမ်းမောင်လှမျိုးမှာ ရုပ်ရှင်အနုပညာအမွေကို အေဝမ်းဖလင်း၏ တတိယမျိုးဆက် သားဖြစ်သူ ဒါရိုက်တာ ခင်စောမျိုးသို့လည်း လွှဲပြောင်းပေးနိုင်ခဲ့ပြီ ဖြစ်၍ ခင်စောမျိုးမှာ အောင်မြင်သော လူငယ်ဒါရိုက်တာအဖြစ် ရပ်တည်လျက် ရှိပါသည်။

▀

ကေမြူး

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 

လက်လှမ်းမီသမျှ ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ရုပ်ရှင်ကားများ

စဉ်

ရုပ်ရှင်ကားအမည်

ထုတ်လုပ်ရေး

သရုပ်ဆောင်များ

၁

မေတ္တာမွန်

အေဝမ်း

ခင်မောင်ဇင်၊ မေရှင်

၂

ဆောင်း

အေဝမ်း

ညွန့်ဝင်း၊ စံရှားတင်၊ နှင်းဆီ၊ စမ်းစမ်းဝင်း

၃

ကေသွယ်ရယ်ကော့မိုင်ရယ်

အေဝမ်း

ညွန့်ဝင်း၊ ခင်သန်းနု၊ သန်းထွဋ်၊ ခေါန်ဂျီး

၄

မုန်းတစ်လှည့်ပြုံးတစ်လှည့်

မဉ္ဇူ

ဝင်းဦး၊ အောင်လွင်၊ တင်တင်အေး၊ သန်းနွဲ့

၅

မုန်းစိတ်မရည်ရွယ်

မဉ္ဇူ

ဝင်းညွန့်၊ ကျော်သန်း၊ ခင်ယုမေ

၆

မုန်းမေ့လေသလား

မဉ္ဇူ

မောင်ယဉ်ထွေး၊ ခင်သန်းနု၊ နှင်းဆီ

၇

မုန်းတဲ့ချစ်သူ

မဉ္ဇူ

ညွန့်ဝင်း၊ ခင်သန်းနု၊ ပုလဲ၊ သန်းနွဲ့

၈

 

မမုန်းသာသည်

ရွှေမြင့်မိုရ်

ကောလိပ်ဂျင်နေဝင်း၊ ဝါဝါဝင်းရွှေ၊ ဝင်းဆွေ

၉

မိုးနှင့်မြေလွှာ

ရွှေမြင့်မိုရ်

ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ သန်းနွဲ့

၁၀

ဗိုလ်ယက္ခ

ရွှေမြင့်မိုရ်

ရွှေဘ၊ ကြည်ကြည်ဋ္ဌေး

၁၁

ဗန်တိုလူလေးနှင့်သူဇာ

စတားလိုက်

ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ စံတင်

၁၂

ချူရန်ခက်တဲ့ သဇင်

ဇမ္ဗူထွန်း

ကောလိပ်ဂျင်နေဝင်း၊ ဇော်ခင်၊ ဝါဝါဝင်းရွှေ

၁၃

မသွေတမ်းချစ်မယ်

စိန်မောင်

ကောလိပ်ဂျင်နေဝင်း၊ စမ်းစမ်းအေး၊ သန်းနွဲ့

၁၄

တစ်ကွေ့တစ်ကမ္ဘာ

စံပြ

ညွန့်ဝင်း၊ ဗိုလ်ဗကို၊ မြင့်မြင့်ခိုင်၊ ဦးကျောက်လုံး

၁၅

လကွယ်မိုးနှောင်း

စံပြ

ဝင်းညွန့်၊ ညွန့်ဝင်း၊ တင်တင်နွဲ့၊ အေးအေးသင်း

၁၆

ချစ်သက်ဝေ

စိန်

ညွန့်ဝင်း၊ ခင်သန်းနု၊ မြင့်မြင့်ခိုင်၊ ဝင်းမော်

၁၇

အမုန်းသူဌေးမလေး

စိန်

ဝင်းမော်၊ နွဲ့နွဲ့မူ၊ ဆွေဇင်ထိုက်

၁၈

ဗန်တိုလူလေး-၂

စိန်

ညွန့်ဝင်း၊ ဆွေဇင်ထိုက်၊ မြင့်နိုင်၊ ဌေးဝင်း

၁၉

ဗန်တိုလူလေး-၂၊ လင်းယုန်နက်-၁

စိန်

ညွန့်ဝင်း၊ စံတင်၊ လဲ့လဲ့ဝင်းလှိုင်၊ အံ့ကျော်

၂၀

ပန်းကမ္ဘာလေးထဲက စောင့်နေမယ်

စိန်

ကျော်ဟိန်း၊ ထွန်းထွန်းနိုင်၊ခင်သီတာထွန်း

၂၁

ဆတ်ဆတ်ကြဲ

စိန်

ကျော်သူ၊ မို့မို့မြင့်အောင်၊ သတိုးစော

၂၂

ငွေဆယ်သိန်း၊ လူငါးယောက်နှင့်

အမျိုးသား

ညွန့်ဝင်း၊ ခင်သန်းနု၊ သိန်းဇော် ၊ နန်းကျော့ခိုင်

၂၃

အကွေ့တစ်ထောင်

အမျိုးသား

ညွန့်ဝင်း၊ ဒေစီကျော်ဝင်း၊ အံ့ကျော်

၂၄

ဓားဘုရင်

အမျိုးသား

လင်းထင်၊ လင်းအောင်၊ ခင်ယုမေ

၂၅

ဝံပုလွေနှင့် လှယမင်း

အမျိုးသား

ဇော်လွင်၊ ခင်သန်းနု၊ ဗိုလ်ဗကို

၂၆

ချိုကြီး၊ ချိုလေး

အမျိုးသား

ညွန့်ဝင်း၊ လင်းထင်၊ ချိုပြုံး၊ မေဝင်းမောင်

၂၇

မဏိဇောတ ဝင်္ကဘာ  

အမျိုးသား      

ညွန့်ဝင်း၊ ခင်သီတာထွန်း၊ အံ့ကျော်

၂၈

စုရဲလ်တူကမ်းတောင်း

အမျိုးသား

ညွန့်ဝင်း၊ ဆန်းဝင်း၊ နွဲ့နွဲ့မူ

၂၉

စောနှမ မိုးနှင်းဆီ

အမျိုးသား

ညွန့်ဝင်း၊ စိုးရွှေ၊ ဝါဝါဝင်းရွှေ

၃၀

ယက္ခနဲ့ ပပ

အမျိုးသား

ညွန့်ဝင်း၊ ခင်သီတာထွန်း၊ ဇော်လင်း

၃၁

ဝေဠု

အမျိုးသား

ဝင်းဦး၊ ကျော်စွာဝင်း၊ မေဝင်းမောင်

၃၂

သိန်းသုံးဆယ်နှင့် လူစိမ်းတစ်သိုက်

အမျိုးသား

ညွန့်ဝင်း၊ ကျော်သူ၊ ချိုပြုံး၊ မေဝင်းမောင်

၃၃

နေမင်းသို့ ခြေလှမ်းကိုးဆယ်

အမျိုးသား

ကျော်သူ၊ ဇော်လင်း၊ ခင်သီတာထွန်း

၃၄

ပျဉ်းမငုတ်တို  

ကျော်စိုး

ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊

ယဉ်ယဉ်အေး

၃၅

ဗေဒါလမ်း

ဒဂုံ

ညွန့်ဝင်း၊ ထွန်းထွန်းနိုင်၊ ဆွေဇင်ထိုက်၊ မေဆွိ

၃၆

ကိုလူချောတို့ လာချေပြီ

သစ္စာမေတ္တာ

ကျော်ဆွေ၊ ညွန့်ဝင်း၊ ခင်ယုမေ

၃၇

ကျားမျက်လုံး

ပန်းသာ

ညွန့်ဝင်း၊ ဆွေဇင်ထိုက်၊ စံတင်၊ မြင့်နိုင်

၃၈

ရဲစိတ်ရဲမာန် သူ့ကျွန်မခံ

အပေါင်းလက္ခဏာ

ကျော်ဟိန်း၊ လင်းထင်၊ ဆွေဇင်ထိုက်

၃၉

သံသယအသည်းတံခါး

မိုး

လင်းထင်၊ ဇော်ခင်၊ ချိုပြုံး

၄၀

စွန့်စွန့်စားစား

မာလာဦး

ကျော်သူ၊ ဇော်လင်း၊ နွဲ့နွဲ့မူ၊ သီတာသိမ့်၊

စုမြတ်နိုင်        

၄၁

မောင်မောင်လာမယ်ဆိုလို့

မဟာဝိဇ္ဇာဓိုရ်

ဇော်ဝမ်း၊ လင်းအောင်၊ ဆွေဇင်ထိုက်

၄၂

အစကတော့ မုန်းတယ်ဆို

မဟာဝိဇ္ဇာဓိုရ် 

ပြေငြိမ်း၊ ခင်သန်းနု

၄၃

ရှိန်းဆာယာ

မဟာဝိဇ္ဇာဓိုရ်

ကျော်သူ၊ မို့မို့မြင့်အောင်၊ စပ်စု

၄၄

အိုင်အိုမင်းမောင်နှင့်ဝေသာလီမိုးမှောင်

သိင်္ဂီ

ညွန့်ဝင်း၊ ခိုင်ခင်ဦး၊ အံ့ကျော်

၄၅

ပျားရည်ဆမ်းသော ချစ်ခရီးလမ်း

သိင်္ဂီ    

ကျော်သူ၊ မေဆွိ၊ တင့်တင့်ထွန်း၊ ဇေယျာ

၄၆

အပြန်လမ်းက ချစ်မေတ္တာ

နဝရတ်

နေအောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ ရှိုင်းအောင်

                                   

                       

                       

           

                       

 


Related Articles

ရွှေသုတ‌
...
ကျားထူးအလွန်
ခင်ခင်ထူး

'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'

ရွှေသုတ‌
...
ကြည့်ဖြစ်တဲ့ကဇာတ်
ဝင်းငြိမ်း

တကယ်တော့ တိရစ္ဆာန်တွေရဲ့ စိတ်ကိုမဆိုထားနဲ့ အသိပညာရှိတဲ့ လူတွေရဲ့စိတ်ကိုတောင် အစိုးမရဘူးမဟုတ်လား။ လေထဲကျမှ သူ့စိတ်ကူးပေါက်လာရင် ကိုင်ပေါက်လိုက်လို့ ဒုက္ခများသွားနိုင်တယ် မဟုတ်လား။

ရွှေသုတ‌
...
စာရေးဆရာ မြသန်းတင့်၏ ပဲဆွတ်ချိန်ဇာတ်လမ်းကို ခံစားခြင်း
စည်သူမြသန်း

လရောင်အောက်တွင် ပန်းရိုင်းလိုလှနေသော မြညွန့်၏ အလှကို ငေးမောကာ ကြည်နူးနေမိပါသည် ကျွန်တော်သည် မြညွန့်၏အလှကို မအိပ်ဘဲ မစားဘဲ ထိုင်၍သာ ကြည့်နေချင်ပါသည် မြညွန့်အား ညစ်ညမ်းသောကိစ္စများနှင့် ရောထွေး၍ မတွေးလိ...