ရွှေသုတ‌

မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ်

မြင့်သန်း

01 April 2026
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ်
Share to

မြန်မာဝတ္ထုတို အရေးအသားများတွင် ပုံစံချရေးသောအနေအထားမှ ကျော်လွန်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။ အလားတူပင် ဝတ္ထုတိုဆိုလျှင် ဘယ်လိုသရုပ်မှန်ရမယ်၊ ဘယ်လို နိုင်ငံရေးစံ ရှိရမယ် စသည်ဖြင့် ရီဗြူးယောင်ယောင်၊ ဖတ်ညွှန်းယောင်ယောင်၊ အမောင်တောင်မှန်းမြောက်မှန်းမသိတို့၏ စင်နောက်ဖေးဘက်ဆီမှ အတင်းစင်တင်ပေးသော အသံဗလံများသည် အတော်ငြိမ်သွားပါပြီ။ သို့သော်လည်း ချက်ကော့ဗ်သေနတ်ဖြင့် ကိုယ်ထင်ရာရမ်းကာ မျက်စိမှိတ်ပစ်ကြည့်ချင်သူများ ပေါ်လာကြပြန်သည်။

အတီတေ၊ ဗာရာဏသီရံ၊ ရဇ္ဇံ၊ ကာရံတေက ပြောခဲ့ဆိုခဲ့ကြသော အယ်ရစ်စတော်တလ် စ-လယ်-ဆုံး သုံးပါးညီညွတ်ရေး ရသအမြင်ကို အနက်ယူ လွဲမှားစွာဖြင့် ပြန်လည်အသက်သွင်းရန် အားထုတ်ရင်း၊ ကြိုးစားပမ်းစား ဝတ္ထုတိုရေးနေကြသူများကို အသစ်ကလေးမို့ သိပ်မဆိုးဘူးဟု အထက်စီးဖြင့် ဆရာလုပ်လာကြပြန်သည်။

တောင်ရိုးပြန် ပန်းနုရောင်တို့ သုံးလေ့ရှိသော လူသစ်ဆို 'တွယ်' ဟူသော အမြင်မှာ နေရင်းထိုင်ရင်း စာပေလောကထဲ ဝင်လာသည်ကို တွေ့ရပြန်သည်။ တစ်ချိန်တည်းမှာပင် တောင်စဉ်ရေမရ လက်ဖက်ရည်ဆိုင်(ကဇော်ဆိုင်)က စကားများကို စာပေဝေဖန်ရေးဟု ကင်ပွန်းတပ်ကာ တစ်ခုတ်တစ်ရပြောရင်း ဝေဖန်ရေးပညာကို တန်ဖိုးချပစ်ရန်၊ သိမ်ငယ်ရန် အားထုတ်လာကြပြန်သည်။ ဝတ္ထုတိုမှာ နေရင်းထိုင်ရင်း ဆရာအလုပ်ခံ လာရပြန်တော့သည်။ သို့ရာတွင် ထိုထိုသော အားထုတ်မှုများကြောင့် မြန်မာစာပေရေးသားဖော်ထုတ်မှု ပရဝဏ်အတွင်းမှ ဝေဖန်ရေးပညာသည်လည်းကောင်း၊ ဝတ္ထုတို၏အခန်းကဏ္ဍသည်လည်းကောင်း တန်ဖိုးကျခြင်း၊ သိမ်ငယ်ခြင်း ရှိသွားနိုင်မည် မထင်ပါ။

ယနေ့ကာလတွင် ဝတ္ထုတိုဆိုတာ ဘာလဲဟု မေးသော် (တစ်ထိုင်တည်းဖြင့် ဖြေရလျှင်) ဝတ္ထုတိုပါပဲဟု ဖြေရမည့်ကာလတစ်ခု ဖြစ်နေပါသည်။ တစ်ဖန် ဝတ္ထုတိုဆိုလျှင် ဘယ်နေရာတွင် အရေးကြီးသလဲဟု မေးစရာကား ရှိပါသည်။ (လက်လှမ်းမီသမျှကလေးသာ လေ့လာနိုင်သော) ကျွန်တော့်အမြင်အရ ဆိုရသော် ဝတ္ထုတိုမှာ နေရာတိုင်းတွင် အရေးကြီးနေပါသည်။ (တရုတ်စာရေးဆရာကြီး လောဝ်ရှ (Lao She) ရေးဖူးသလို If you want to write good short stories, you have to give it everything you've got ဟု ဆိုရမည်ထင်သည်။) အရေးကြီးသည်ဟု ဆိုရသည်မှာ ဝတ္ထုတိုသည် ကန့်သတ်ထားခြင်း ခံရသည့် (ဆိုလိုသည်မှာ 'တို'ဟု ဝိသေသပြုထားခြင်း ခံရသည့်) ကျဉ်းမြောင်းသော အနေအထားတစ်ခုအတွင်း ကျယ်ပြန့်သော အကြောင်းအရာများ (သို့မဟုတ်) တစ်ခုထက်ပိုသော အကြောင်းအရာများကို ဖော်ထုတ်နိုင်ရန် အားထုတ်ထားသောကြောင့် ဖြစ်သည်။ ရှေးကသော် Edgar Allen Poe ကဲ့သို့သော ဝတ္ထုတိုရေးသမားပညာရှင်က ဝတ္ထုတိုမှာ တစ်စုတစ်စည်းတည်း သက်ရောက်သော အကျိုးတစ်စုံတစ်ရာ Unified Effect ကို ရည်၍ ရေးသားခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ စာလုံးရေများသဖြင့် ရှည်သည်။ စာလုံးရေနည်းသဖြင့် တိုသည်ဟု သတ်မှတ်ခြင်း မဟုတ်ဟု ဆိုခဲ့ပါသည်။ တစ်နည်းဆိုသော ဝတ္ထုတို ဆိုသည်ကို အရေအတွက်သဘောဆောင်ခြင်းမှ အရည်အချင်း သဘောဆောင်ခြင်းအဖြစ် ပြောင်းလဲရှုမြင်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဝတ္ထုတိုကို ဟန်၊ ပုံစံ၊ အတွင်းသရုပ် စသည်များကို အခြေတည်၍ စာပေရေးသားဖော်ထုတ်မှုအတွင်း ကန့်သတ်ပြခြင်း၊ ရှုမြင်လက်ခံခြင်း (Genre န ပြုခြင်းကို ဆိုလိုသည်)မှာ ဝတ္ထုတိုဆိုတာ ဘာလဲဟူသော ပြဿနာ (ဤတွင် ပြဿနာဆိုသည်မှာ ဆက်လက်နှီးနှောရန် ရှိသည့် သဘောအနက်ယူသည်) တွင်အခြေမခံတော့ဘဲ ရှေးက ဝတ္ထုတိုနှင့် ခေတ်သစ်ဝတ္ထုတိုများ၏ ကွာခြားမှု မှာ ဘာလဲဟူသော ပြဿနာ (ဆိုခဲ့ပြီးသောအနက်နှင့် အလားတူ ယူသည်) တွင် အခြေခံလာကြသည်။

            ဤနေရာတွင် ဝတ္ထုတိုဟု ကန့်သတ်ပြခြင်း၊ ရှုမြင်လက်ခံခြင်း (Genre ပြုခြင်းကို ဆိုလိုသည်)ကို မျိုးတူစုပြုခြင်း (Categorisation ကို ဆိုသည်)နှင့် တစ်သဘောတည်းဟု ရောထွေးနားလည် လက်ခံထားကြ ရန်မသင့်။ မျိုးတုစုပြုခြင်းမှာ အရေးအသားတစ်ရပ်ကို ဝိသေသပြုထားသော တိုဟူသည့် စာလုံးတစ်လုံး တည်းဖြင့် ပြု၍ရနိုင်သောကြောင့် ဖြစ်သည်။

            ဝတ္ထုတိုနှင့် စပ်လျဉ်းသော အဆို၊ အမြင်၊ အယူအဆ၊ အနက်ဖွင့်ခြင်းများအကြောင်းကို နောင်တွင် သီးခြားတင်ပြ ဆွေးနွေးနိုင်ရန် ကြိုး ပမ်းပါမည်။ ဤအရေးအသား၏ အဓိကဦးတည်ချက်မှာ ဝတ္ထုတို၏ အပိတ်အကြောင်းကို ဆွေးနွေး တင်ပြလိုပါသည်။ သို့ရာတွင် စပ်လျဉ်းမှုရှိနေသဖြင့် မြန်မာစာပေနှင့် သတင်းပညာရှင် ဂျာနယ်ကျော် ဦးချစ်မောင်၏ ဝတ္ထုနှင့် စပ်လျဉ်းနေသော အမြင်ကို ဖော်ပြလိုပါသည်။ ဂျာနယ်ကျော် ဦးချစ်မောင်၏ဝတ္ထုတို အနက်ဖွင့်ထားပုံ ဖြစ်သော်လည်း ဝတ္ထုတိုဟူသော ကန့်သတ်ချက်နှင့် အလွန်နီးစပ်လှသည်။ ဦးချစ်မောင်က 'ဝတ္ထုဝတ္ထု'ဟု အမည်ပေးထားသော သူ၏ ဝတ္ထုတို အရေးအသား၏ အစတွင် ဤသို့ဆိုသည်။

            ဝတ္ထုအားလုံးပင် စိတ်ကူးဉာဏ်မှ ထွက်ပေါ်ကြသည်။ စိတ်ကူးဉာဏ်သည် သူတွေ့ကိုယ်တွေ့တည်းဟူသော တကယ့်အဖြစ်အပျက်များထဲမှသော်လည်းကောင်း၊ သဘာဝကျခြင်း၊ မကျခြင်းနှင့် မဆိုင်တော့သည့် ရောက်တတ်ရာရာ စဉ်းစားခြင်းမှ ပေါ်ပေါက်လာသော အကြောင်းအချက်များထဲမှသော်လည်းကောင်း ထွက်ပေါ်လာ၏။ ဝတ္ထုရေးသူသည် ဝတ္ထုဇာတ်ကွက်ကို ဖန်တီးချင်သလို ဖန်တီးနိုင်၏။ ဤလို မဖန်တီးဘဲ ထိုလိုဖန်တီးက ဝတ္ထုပို၍ ကောင်းမည်၊ သဘာဝပို၍ကျမည် ဆိုခြင်းသည် ဆိုသူ၏ သဘောသာလျှင် ဖြစ်နိုင်သည်။ ဖတ်သူ၏ စိတ်သည် မိမိ၏သဘောဖြင့် ဝတ္ထုအပေါ်တွင် မည်ကဲ့သို့ စုန်ဆန်သွားလာ ကျက်စားစိတ်ကူးသနည်း။ ထိုနည်း အတိုင်းပင် ကောင်းသည်၊ မကောင်းဟု ပြောကြခြင်း ဖြစ်၏။ သဘာဝမှာ တစ်နည်းတည်းအားဖြင့် မကျ။ နည်းအမျိုးမျိုးဖြင့် ကျ၏။ ကိုယ်ကျသော နည်းနှင့် သူကျသောနည်း ကွာခြားခြင်းသည်ပင် လူလူချင်း မတူမျှမှု၏အဓိပ္ပာယ်ကို ပေါ်လွင်စေ၏။

            ဂျာနယ်ကျော် ဦးချစ်မောင်မှာ စာအလွန်ဖတ်နိုင်သူ၊ စာပေ၊ စာပေ အမြင်၊ သတင်းစာပညာနှင့် ဝေဖန္တိက ပြုခြင်းများအပေါ်တွင် ကျွမ်းကျင်သည်သာမက ခေတ်အမြင်ရှိသူ၊ ခေတ်မီသူ (ကျွန်တော့်ဖခင် ပြောပြသဖြင့် သိထားခဲ့ရခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်၏ တိုက်ရိုက်သိ မဟုတ်ပါ။) ဖြစ်ရာ ဂျာနယ်ကျော် ဦးချစ်မောင်၏ အထက်ပါအမြင်မှာ ယနေ့တိုင် လေးစားစရာ၊ တန်ဖိုးထားစရာ ဖြစ်နေပါသေးသည်။ ထိုဖော်ပြခဲ့သော ဝတ္ထုနှင့် စပ်လျဉ်းသည့်အမြင်များအရပင်လျှင် ကျွန်တော့်အနေဖြင့် ဂျာနယ်ကျော် ဦးချစ်မောင်ကို မလေးစားဘဲ မနေနိုင်ပါ။

            ဝတ္ထုတိုတို့၏ အပိတ်အကြောင်း ဆွေးနွေးတင်ပြပါမည်။ တင်ကူး၍ ရှင်းလင်းထားလိုသော အချက်အချို့ ရှိပါသည်။ ပထမဦးဆုံးအချက်မှာ 'အပိတ်'ဟု သုံးနှုန်းထားသော စာလုံးအကြောင်း ဖြစ်ပါသည်။ Closure ကို ဆိုလိုပါသည်။ အပိတ်မှာ စာအရေးအသား၏ အဆုံးအကြောင်း မဟုတ်ပါ။ ဝတ္ထုတို၏ နောက်ဆုံး စာကြောင်းအကြောင်း မဟုတ်ပါ။ အဆုံးသတ်ထားသည့်အကြောင်းကို ဖော်ထုတ်တင်ပြထားပုံသာ ဖြစ်ပါသည်။ အဆုံးအကြောင်းမဟုတ်ဟု ဆိုသော်လည်း အဆုံးသတ်ထား သည့်အကြောင်းကို တည်ဆောက်ထားပုံ၊ နေရာချထားပုံအကြောင်းဟု ဆိုလိုသော် ဆိုနိုင်ပါသည်။ ဘယ်လို အဆုံးသတ်ထားသလဲဆိုသည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဘယ်လို အဆုံးသတ်ထားသလဲဆိုသည်ကို လေ့လာရန်အတွက် အကြို အဆုံးသတ်ပုံ (အပိတ်ကို ပျိုးထားပုံဟု အချို့သော အနေအထားမျိုးတွင် ဆိုနိုင်သည်)ကို သိရန်လည်း လိုအပ်ပါသည်။ Pre-Closure ကို ဆိုလို ပါသည်။ ၎င်းက ပို၍ပင် စိတ်ဝင်စားစရာ ကောင်းပါသည်။ စိတ်ဝင်စားစရာကောင်းသော အယူအဆ၊ အမြင်တစ်ရပ်ကို ပညာရှင် ဂါလက် John Gerlach ဆိုသူက တင်ပြခဲ့ဖူးသည်။ ဝတ္ထုတိုတစ်ပုဒ် အဆုံးသတ်တော့မည်ဆိုသောအခါ အချက်ပေးသံ ကြားလာရတတ်သည်။ (၁) အဓိကတင်ပြထားသော ပြဿနာကို ဖြေရှင်းလိုက်ခြင်း (ရှေးက ဖြေရှင်းသောနည်းများအတိုင်း ဖြေရှင်းလိုက်ခြင်း)၊ (၂) သာမန် ပြီးဆုံးသွားခြင်းမျိုး ပြီးဆုံးခြင်း (ဆိုလိုသည်မှာ ခရီးတစ်ခုသွားရာမှ ရောက်သွားခြင်း၊ နေ့တစ်နေ့ စတင်ခြင်း၊ မိုးလင်းလာရာမှ မိုးချုပ်သွားခြင်း)၊ (၃) ဇာတ်လမ်းအစသို့ ပြန်ရောက်လာခြင်း၊ (၄) လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရား ဆိုင်ရာစသည့် အဆိုတစ်ရပ်ကို အခိုင်အမာပြုလိုက်ခြင်းနှင့် (၅) အရေးအသားထဲမှ အရေးအကြီးဆုံး အကြောင်းတစ်ရပ်ကို အခိုင်အမာပြု ဖော်ထုတ် တင်ပြလိုက်ခြင်းများဟု ဆိုသည်။ ဤအချက်မှာ ပညာရှင်တစ်ဦး၏ အဆိုမျှသာ ဖြစ်ပါသေးသည်။ ဝတ္ထုတိုများ အဆုံးသတ်ပုံများ ထို့ထက်မျှမက စိတ်ဝင်စားစရာကောင်းလှပါသည်။ အချို့မှာ ဘာသာစကား တည်ဆောက်ပုံနှင့်သက်ဆိုင်ပြီး အချို့မှာ လူမျိုး၏အနေအထား (ဆိုလိုသည်မှာ ယဉ်ကျေးမှု၊ ဘာသာရေး စသည်တို့တွင် အခြေခံကာ သိမြင်လက်ခံထားပုံများ)နှင့် ဆိုင်ကြောင်း တွေ့ရသည်။ ပိုမို အဓိကကျသောအချက်တစ်ရပ်မှာ စာဖတ်သူ၏ သိမှုအခြေခံဖြင့် ပါဝင်ပတ်သက်စေခြင်း ဖြစ်သည်။ ဤတွင် သတိပြုသင့်သည်မှာ စာဖတ်သူ၏ ပါဝင်ပတ်သက်နိုင်၊ မနိုင်ဆိုသော အနေအထားနှင့် မည်ရွေ့မည်မျှသာ ပါဝင်ပတ်သက်နိုင်ကြောင်းများ ဖြစ်သည်။ ဝတ္ထုတို ရေးသမား၏ အဆုံးသတ်တိုင်းမှာ စာဖတ်သူ၏ သိနားလည်နိုင်စွမ်းနှင့် ဆိုင်သော်လည်း အဆုံးသတ်တိုင်းကို စာဖတ်သူက အဆုံးအဖြတ် မပေးနိုင်ပါ။ ဝတ္ထုတိုရေးသမားက စာဖတ်သူအတွက် မည်ရွေ့မည်မျှ ထားရစ်ခဲ့ကြောင်းကို သိရန်မှာ အရေးကြီးပါသည်။

            ယခု ကျွန်တော် ရေးသားတင်ပြမည်မှာ ဝတ္ထုတိုကို ပညာရပ်တစ်ခု၏ ဘောင်အတွင်းမှ လေ့လာကာ ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါသည်။ စိစစ် အကဲဖြတ်ဝေဖန်ရင်း ကောင်း-ဆိုး၊ မှား-မှန် အဆုံးအဖြတ်ပေးခြင်းမျိုး မဟုတ်ပါ။ ကျွန်တော့်တွင် ထိုရွေ့ထိုမျှအထိ ပညာမရှိသေးပါ။ သို့ရာတွင် ဝတ္ထုတည်ဆောက်ထား ပုံနှင့် ခရီးသွားဟန်လွဲ အကဲဖြတ်မှုများ အထိုက်အလျောက် ပါဝင်နေပါလိမ့်မည်။ ဤအရေးအသားတွင် အသုံးပြုထားသော ဝတ္ထုတိုများကို ရေးသားသူများအနေဖြင့် ကျွန်တော်၏ အရေးအသားကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြစေလိုပါ (ဖြစ်ခဲ့ရသော် ဝတ္ထုရေးသမားများက သာမက သူတို့၏ တပည့်သားမြေးများ အားလုံးကို ကျွန်တော် တောင်းပန်ပါသည်။) အခြား တစ်ချက်မှာ ပညာရပ် အခြေခံဖြင့် လေ့လာချက် ဖြစ်သောကြောင့် ပညာရပ်ဆိုင်ရာ စာလုံးအသုံးအနှုန်းများပါ ပါလိမ့်မည်။ ကြိုးစား၍ ရှောင်သော်လည်း အထိုက်အလျောက် ပါရှိနေပေဦးမည်။ အင်္ဂလိပ်စာလုံးများလည်း ပါနေပေဦးမည်။ ခွင့်လွှတ်ကြစေချင်ပါသည်။ အောက်ခြေရှင်းလင်းချက်များ မထည့်တော့ပါ။ နောက်ဆုံးအချက်တစ်ခုမှာ ဤအရေးအသား၏ အခြေခံမှာဝတ္ထုတိုကို ပညာရပ်တစ်ခုအဖြစ် လေ့လာကြသော ပညာရှင်များ (ဥပမာ- မျက်မှောက်ခေတ်ပညာရှင်များ ဖြစ်သော မေ Charles E.May, လိုဟဖာ Susan Lohafer တို့မှအစ အတိတ်မှ ပညာရှင်များဖြစ်သော ပိုး Edgar Allen Poe,ကရိမ်း Stephen Crane,ဂွိုက်စ် James Joyce, ချက်ကော့ဗ် Anton Chekhov အစရှိသူတို့)၏ အဆို၊ အမြင်၊ အယူအဆ၊ သဘောထား စသည်တို့တွင် အခြေတည်၍ လေ့လာချက်သာ ဖြစ်ပါသည်။ ကျွန်တော် တီထွင်ထားသော အဆို၊ အယူအဆများ မဟုတ်ပါ။

            (၁) သိုက်ထွန်းသက်၏ 'ခြောက်လုံးချက်ဂေါဝိန်'

                ဝတ္ထုတို (၁၉၉၂)

            သိုက်ထွန်းသက်၏ ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုအကြောင်းကို စဉ်းငယ်မျှ တင်ပြပါရစေ။ ဝတ္ထု၏အကြောင်းကို အမည်ဖော်မထားသော ဇာတ်ကောင် ကျွန်တော်က ပြန်လည် တင်ပြနေခဲ့သည်။ တင်ပြပုံမှာ ရုပ်ရှင်များတွင် ပြလေ့ရှိသော Flash Back ခေါ် နောက်ကြောင်းပြန်သဘောမျိုး ဖြစ်သည်။ စာအရေးအသားဖြင့်သော် အမြင်အခြေခံဖြင့် မဖော်ပြနိုင်။ အသိအခြေခံဖြင့်သာ ဖော်နိုင်ပေသည်။ နမူနာဆိုရသော် မီးတောက်ကို မြင်သည်တွင် လက်ဖြင့် လှမ်းကိုင်ကြည့်လိုက်ရာ ပူခြင်း (ဝေဒနာတစ်စုံတစ်ရာ)ကို သိရှိလိုက် ရပြီး ပူခြင်းကို အနက်ဖော်လိုက်နိုင်သည့် သဘောမျိုး ဖြစ်သည်။ ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတိုမှာ ကာလတရား နှစ်ခုတွင် အခြေခံထားခဲ့သည်။ ပုံစံအားဖြင့်သော် ပစ္စုပ္ပန်မှ အတိတ်၊ အတိတ်မှတစ်ဖန် ပစ္စုပ္ပန်သို့ ပြန်လာခြင်း ဖြစ်သည်။ ခရီးတစ်ခု ဖြစ်သည်။ သို့ရာတွင် ရုပ်ပိုင်းဆိုင်ရာ အခြေခံဖြင့် သွားသော ခရီးမျိုး မဟုတ်။ သိမှု၏ ဘောင်အတွင်း၌သာ ပြန်လည်သွားခဲ့သော ခရီးဖြစ်သည်။ 'ကျွန်တော်'ဆိုသူနှင့် ဌေးအောင်သည် ဇာတ်လမ်းကို တည်ဆောက်ပေးကြသူများ ဖြစ်သည်။ သို့ရာတွင် ဌေးအောင်မှာ ဇာတ်လမ်းကို တင်ပြနေသူ ကျွန်တော်ဆိုသူက တည်ဆောက်ပေးထားသူ ဖြစ်သဖြင့် ရှိနေရသူသာ ဖြစ်သည်။ ကျွန်တော်ဆိုသူ၏ အတိတ်တွင်သော် မမကြူနှင့် ကိုလှခိုတို့ ပါလာသည်။ မမကြူနှင့် ကိုလှခိုတို့၏ အတိတ်မှ ရှိနေခဲ့ခြင်းများကို ကျွန်တော်ဆိုသူကြောင့်သာ စာဖတ်သူများက သိရသည်။ သူတို့၏ ရှိနေခဲ့ခြင်းကို သက်သေခံနိုင်သူမှာ ဌေးအောင်ဖြစ်သည်။ စင်စစ် ဌေးအောင်မှာ ကျွန်တော်ဆိုသူ၏ အစီအမံခံသာ ဖြစ်သည်။ အကယ်၍ ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတို ရေးသားသူ၏ တည်ဆောက်ပြပုံအပိုင်းကို ချီးကျူးလိုသော် ဤသည်မှာ ချီးကျူးသင့်သော (သို့မဟုတ် ချီးကျူးရမည်ဖြစ်သော) အချက်တစ်ချက် ဖြစ်ပါသည်။

            ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတိုတစ်ခုလုံးတွင် တွယ်ရာမဲ့မှာ ဌေးအောင် ဖြစ်သည်။ ဝတ္ထုတည်ထားရာ ပစ္စုပ္ပန်နှင့် ပတ်သက်လျှင် ဌေးအောင်အတွက် ပြောပလောက်သည့် အကြောင်းမရှိသည်ကဲ့သို့ အတိတ်ကလည်း ကျွန်တော် ဆိုသူ၏ သူငယ်ချင်း ဖြစ်ခဲ့ရခြင်းသည်သာ အထည်ဝါဆုံးအကြောင်းတစ်ခုဟု ဆိုရဖွယ်ဖြစ်သည်။ (သို့ရာတွင် အကယ်၍ ယခုဆွေးနွေးနေသောအကြောင်းများ၏ နယ်ပယ်ကို ကျော်ကာ သိုက်ထွန်းသက်၏ ဝတ္ထုများကို လေ့လာဆွေးနွေးသော် ဌေးအောင်မှာ ဝတ္ထုတိုကို ဖော်ထုတ်တင်ပြနေသူ ကျွန်တော်နှင့် ပုံမှန် ဆက်စပ်မှု ရှိနေသော အဖော် သို့မဟုတ် အခြားသော ကျွန်တော် တစ်ဦးဖြစ်ကြောင်း တွေ့ရနိုင်သည်။ ဤကား သီးခြားအကြောင်းရပ်ဖြစ်၍ ချန်လှပ်ထားခဲ့ပါမည်။) ဝတ္ထုတိုကို က၊ ခ၊ ဂ၊ ဃ၊ င ဟု ခေါင်းစဉ်ငယ်ထိုးကာ ငါးပိုင်း ပိုင်းထားသည်တွင် ခ၊ ဂ၊ ဃ မှာ အတိတ်က အကြောင်းများဖြစ်ပြီး က နှင့် င မှာ ပစ္စုပ္ပန်မှ အကြောင်းများ ဖြစ်သည်။ အကြောင်းများဟု ဆိုရသော်လည်း အဓိကမှာ သူငယ်ချင်း နှစ်ဦးတို့၏ တစ်ခုတည်းသော ကာလအတွင်းမှ အပြန်အလှန် ဆက်သွယ်နေမှု (စကားပြောခန်း)သာ ဖြစ်သည်။ ပြန်ပြောသူမှာ ကျွန်တော်သာ ဖြစ်ပြီး အသံအားလုံးမှာ ကျွန်တော့်ထံမှ ထွက်လာခြင်း ဖြစ်သည်။ သို့ရာတွင် ထိုအသံထဲ၌ သဘောတူခြင်း၊ ကျေနပ်ခြင်း၊ သာယာခြင်းနှင့် သဘောမတူခြင်း၊ မကျေနပ်ခြင်း၊ မသာယာနိုင်ခြင်းများပါသည့် အသံများကိုလည်း ကြားနေရသည်။ ဆိုလိုသည်မှာ ကျွန်တော့်ထံမှ ထွက်လာသော အသံထဲတွင် မမကြူနှင့် ကိုလှခိုကြီးအပေါ် ထားရှိနေသော အသံများ မတူခြင်း ဖြစ်သည်။ ကလေး အမြင်၊ ကလေးအတွေးထဲမှာပင် ဆန့်ကျင်ဘက် လိင်အပေါ် သာယာသံနှင့် လိင်တူအပေါ် မနာလိုသံများ ပေါ်နေသည်။ ထိုသို့ ဖော်ထားခြင်းသည်ပင် အလွန်သဘာဝကျသည်ဟု ဆိုစရာ ဖြစ်နေသည်။

            ဝတ္ထုတိုမှာ လူသုံးဦး၏အကြောင်း ဖြစ်သည်။ ကျွန်တော်၊ မမကြူနှင့် ကိုလှခိုအကြောင်း ဖြစ်သည်။ ကျွန်တော်၏ ငယ်ဘဝနှင့် ကြီးဘဝတို့မှာ အကြောင်းတစ်ခုဖြစ်ပြီး ထိုကာလနှင့် အပြိုင်ဖြစ်ပျက်နေခဲ့သော မမကြူနှင့် ကိုလှခိုတို့အကြောင်းမှာ တစ်ခု ဖြစ်သည်။ ထိုအကြောင်းနှစ်ခုမှာ အားပြိုင်နေကြသည် မဟုတ်။ ဆိုလိုသည်မှာ တစ်ခု၏ဖြစ်ပျက်နေခြင်းနှင့် အခြားတစ်ခု၏ ဖြစ်ပျက်နေခြင်းမှာ တိုက်ရိုက်ဆက်စပ်မှု ရှိနေကြသည်မဟုတ်။ ကာလတရားအားဖြင့် တစ်ခုတည်းအတွင်းတွင် ဖြစ်ပျက်နေကြသော ကာလတူ မျိုးကွဲဖြစ်ရပ်များ ဖြစ်သည်။ သီးခြားအကြောင်းရပ်များကို ဖော်ထုတ် တင်ပြထားခဲ့သည်မှာ မှန်သော်လည်း ခြောက်လုံးချက် ဂေါဝိန် ဝတ္ထုတို၏ အဖွင့်နှင့်အပိတ်တို့မှာ တွဲစပ်ကြည့်စရာ ဖြစ်နေခဲ့သည်။ ဝတ္ထုရေးသမားသည် အဆုံးကို ဖွင့်ထားခဲ့သည်ဟု ဆိုရမည်။ ဤဝတ္ထုတို အဆုံးမျိုးမှာ အဓိကကျသော ပြဿနာတစ်စုံတစ်ရာကို ဖြေရှင်းပြီးနောက် ဝတ္ထုတိုကို အပြီးအပြတ် ပိတ်၍ အဆုံးသတ်သော ပုံစံမျိုး (Solution of central problem ကို ဆိုလိုသည်။) မဟုတ်။ ဆိုလိုသည်မှာ စုံထောက် ဦးစံရှားဝတ္ထုတိုများတွင် အဆုံးသတ်ပုံများကဲ့သို့ မဟုတ်။ ပြဿနာကို အဖြေပေးသော၊ အဖြေထုတ်ပေးသော ဝတ္ထုတို (Anecdotal Story ဟု ပညာရှင်အချို့က ခေါ်ကြသည်။) အရေးအသားပုံစံ မဟုတ်။ ထို့ကြောင့်ပင် ခြောက်လုံးချက် ဂေါဝိန် ဝတ္ထုတို၏ အပိတ် သို့မဟုတ် အဆုံးသတ်ထားပုံမှာ လေ့လာကြည့်ရာ ဖြစ်နေခဲ့သည်။ လေ့လာကြည့်စရာဟု ဆိုသော်လည်း စမ်းသပ်ဖန်တီးထားသော အဆုံးသတ်မျိုး မဟုတ်။ ပုံမှန်အဆုံးသတ်ပုံမျိုး (Natural Terminationကို ဆိုလိုသည်)သာ ဖြစ်သည်။ ပုံမှန် အဆုံးသတ်ပုံမျိုး ဆိုသည်မှာ အဖြစ်အပျက်တစ်ခု၊ ဘဝတစ်ခု၊ နေ့တစ်နေ့ စသည်တို့၏ ပြီးဆုံးသွားခြင်းဖြစ်သည်။ တစ်စုံတစ်ရာကို ပြန်လည်ဖော်ထုတ်တင်ပြပြီး (Epihhanic Story ကို ဆိုလိုသည်) အဆိုပါ အကြောင်းတစ်ခုခု၏ ပြီးဆုံးသွားခြင်းဖြင့် အဆုံးသတ်လိုက်ခြင်းဖြစ်သည်။

            ပုံမှန်အဆုံးသတ်ခြင်းဟု ဆိုရပင် ဆိုရငြားသော်လည်း ကာလတရားကိုတည်၍ ပြောင်းလဲခဲ့ပါသည်။ မြန်မာဝတ္ထု ရေးသားဖော်ထုတ်မှု နယ်ပယ်တွင် ၇ဝ ပြည့်နှစ်ကာလများမှ စတင်ကာ သိသိသာသာကြီး ပြောင်းလဲခဲ့သည်ကို တွေ့ရပါသည်။ ပုံမှန်ဝတ္ထုတို အရေး အသားများအတွင်းမှာပင် နိဂုံးကို ဖွင့်ထားသော အရေးအသားများ ပေါ်ပေါက်လာခဲ့ကြောင်း တွေ့ရသည်။ ရှေးကကဲ့သို့ နိဂုံးတွင် ဖြစ်နိုင်ချေ၊ ဖြစ်နိုင်စွမ်း အကြောင်းအရာ၊ အချက်အလက်တို့ကို ပျိုးထားခြင်းများ (Fore-grounding ကို ခပ်လွယ်လွယ် ဆိုလိုက်ခြင်း ဖြစ်သည်) လျော့လာသည်။ ဝတ္ထုတိုအတွင်းမှ အဓိကကျသူများ ဘာဖြစ်သွားသလဲကို ဖော်ထုတ်ပြခြင်းထက် ဘာလုပ်ကြသလဲဆိုသည်ကို ဖော်ထုတ်လာကြသည်။ အဆုံးသတ်များတွင် ဖတ်ရှုသူတို့၏ ပါဝင် ပတ်သက်နိုင်မှု ပါဝင်လာသည်။ ဆိုလိုသည်မှာ ဝတ္ထုတိုရေးသူများက ယတိပြတ် နိဂုံးတစ်ခုကို ပေးမည့်အစား ဖတ်သူ၏ ဆင်ခြင်တုံတရားဖြင့် တည်ဆောက်နိုင်မည့် အဆုံးအဖြတ် ရယူရန် အကြောင်းတစ်စုံတစ်ရာကိုသာ တင်ပြ၍ ထားရစ်ခဲ့တော့သည်။ သို့အတွက် နိဂုံးသည် ဒါပဲဟု ဆိုနိုင်သည် မှန်သော်လည်း ဒီလိုပဲ ဖြစ်ရမယ်ဟု မဆိုနိုင်တော့။ ရေးသားထားသော ဝတ္ထုတို၏ အတွင်း၌ 'ဤသို့ဖြစ်သည်...' ဟု ပြဆိုထားသည့်တိုင် နိဂုံးသည် 'ဤသို့ဖြစ်သည်' ဟူသော နိဂုံးမျိုး မထွက်တော့။ သို့ဖြစ်ရကား ခေတ်သစ်ကာလ၊ မျက်မှောက်ခေတ်ကာလအတွင်းမှ ဝတ္ထုတိုများသည် ပညာပေးသော ဝတ္ထုမျိုးမဟုတ်တော့ဘဲ ဖတ်ရှုသူ၌ သိမှုတစ်စုံတစ်ရာကို ဖြစ်စေခဲ့ခြင်းသာ ဖြစ်တော့၏။ ထိုသိမှုသည် ပင် ဖတ်ရှုသူ၏ အစွမ်းအစ၌တည်သော သိမှုမျိုးသာဖြစ်ဖွယ် ရှိတော့သည်။

            ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတိုတွင် ပြီးဆုံးသွားသော အကြောင်းနှစ်ခု ပါရှိခဲ့သည်။ ကျွန်တော်နှင့် ဌေးအောင်တို့ ကလေးဘဝပြီးဆုံးသွားခြင်းနှင့် မမကြူနှင့် ကိုလှခို အိမ်ထောင်ကျသွားခြင်း (လူလွတ်ဘဝ ပြီးဆုံးသွားခြင်း) ဖြစ်သည်။ သို့ရာတွင် ထိုဝတ္ထုတို၏ အဆုံးမှာ ထိုအချက်နှစ်ခုနှင့် တိုက်ရိုက် မသက်ဆိုင်။ ဖော်ထုတ်တင်ပြထားခဲ့သော အကြောင်းအရာများနှင့်ပင် တိုက်ရိုက် သက်ဆိုင်လှသည် မဟုတ်။ ဝတ္ထုတို၏ နောက်ဆုံးအပိုဒ်မှာ မမကြူက ကိုလှခိုအား ကျိန်ဆဲသော နည်းအနက်မှ 'ကျွန်တော်'က မှတ်တမ်းတင်လိုက်သော ကျိန်ဆဲနည်းတစ်ခုသာ ဖြစ်သည်။ ၎င်းမှာ 'သေချင်းဆိုး ငလှခို... ဒီလောက် အရက်တွေသောက်နေမှတော့ ရေချိုးရင်း ဖောင်ပေါ်ကနေ ရေထဲကို ထိုးကျပါစေတော်... ရေနစ်သေပါစေတော်... ဖောင်အောက်ဝင် သွားပါစေတော်' တဲ့ ဟူ၍ ဖြစ်သည်။ ဤတွင် သတိပြုသင့်သည်မှာ ဝတ္ထုရေးသမားက ဖန်တီးပေးထားသော ကျွန်တော်သည် ကောင်း၏၊ ဆိုး၏၊ မှန်၏၊ မှား၏ စသည်ဖြင့် ကောက်ချက်မချခြင်းပင် ဖြစ်သည်။ 'ကျွန်တော်၏ မှတ်ချက်မှာ 'ဒီထဲက ကျိန်ဆဲနည်းတစ်ခုကို ကြားရတော့ သဘောကျရမလား၊ ကြက်သီးထရမလား၊ ပြုံးရရယ်ရလား မသိဘူး ဖြစ်သွားတယ်' ဟူ၍သာ ဖြစ်သည်။ ဝတ္ထုရေးသမားအနေဖြင့် သူ ဖန်တီးထားသော 'ကျွန်တော်'ကို မညစ်နွမ်းသွားစေခြင်း၊ ဆိုလိုသည်မှာ 'ကျွန်တော်'သည် ပြောင်းလဲသွားခဲ့သော အခြေအနေတစ်ရပ်အတွင်း ပါဝင်နေခဲ့သူ မှန်သော်လည်း မမကြူနှင့် ကိုလှခို တို့ကဲ့သို့ မဟုတ်။ ဤတွင်၊ လူမှုယဉ်ကျေးမှု အခြေခံဘဝချင်း မတူ။ အလွှာ မတူသည့်ကိစ္စဟု မြင်လိုသော် မြင်ကြည့်နိုင်သည်။ အလွှာမတူသဖြင့် စရိုက် မတူကြ။ ဤသည်မှာ နေ့စဉ်ဘဝအခြေခံ ယဉ်ကျေးမှု၏ သဘောဖြစ်သည် (ထင်သာမြင်သာအောင် ဆိုရသော် ဆိုက်ကားသမားဆဲပုံနှင့် ကျောင်းဆရာဆဲပုံ မတူသည်ကဲ့သို့ ဖြစ်သည်။)

            'ကျွန်တော်'၏အနေအထားကို ဝတ္ထုတို့၏ အစ၌ပင် ဝတ္ထုရေးသမားက မပြောဘဲ ပြထားခဲ့သည် (ဝတ္ထုရေးသမားကို ချီးမွမ်းလိုသော် ဤအချက်ကို ထည့်ရပေမည်။) 'ကျွန်တော်'ကို ဖော်ရာတွင် ဝတ္ထုရေးသမားက 'သမီးတွေအတွက် ကျွန်တော်ပဲအဖေ၊ ကျွန်တော်ပဲ အမေ ဖြစ်ကျန်ရစ်တာတောင် တစ်နှစ်ပြည့်ပါပကော'ဟု ရေးကာ ပြထားခဲ့သည်။ ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတိုတွင် ထိုအချက်မှာ အလကားပဲတင်း အကျိုးတစ်စုံတစ်ရာ သက်ရောက်မှု မရှိစေရန် ထည့်သွင်းထားခဲ့သော အရေးအသားတစ်ခု ဖြစ်မည်မထင်။ ရည်ရွယ်ရင်း တစ်စုံတစ်ရာ ပါနှင့်ခဲ့ပြီးသော အရေးအသားမျိုးသာ ဖြစ်သည်။ ရှေ့တွင်ဆိုခဲ့သော အပိတ်အတွက် အပျိုးတစ်ခုဟု ဆိုရပေမည်။ သို့ရာတွင် ဝတ္ထုတို၏ အပိတ်အတွက် အကြိုအပိတ်မှာ ကိုလှခိုအား ဝတ္ထုရေးသမားက အစမ်းသတ်ပြလိုက်ခြင်း ဖြစ်သည်။ (ဤတွင် အစမ်းဆိုသည်မှာ ကလေးငယ်များ ကစားကြရာတွင် အစမ်း၊ အစိမ် ဟူသောသဘောမျိုးမှ အစမ်းကို ဆိုလိုသည်။ ဘယ်လိုနေမလဲ ဟူသော သဘောမျိုးကို အခြေခံကာ သွေးတိုးစမ်းသည့် သဘောလည်း ဖြစ်သည်။ အကင်းပါးသော ဝတ္ထုတိုရေးသမားတို့ ရေးလေ့ရှိကြသည့် ဟန်တစ်မျိုးဟု ဆိုနိုင်သည်) ဝတ္ထုတို၏ နောက်ဆုံးအပိုင်း (င) သို့ မရောက်မီ (ပစ္စုပ္ပန်သို့ ဝတ္ထုအရေးအသား ပြန်မလာမီ) ကိုလှခိုကို သတ်ကြည့်လိုက်သောအခါ အကင်းပါးသော စာ(ဝတ္ထု) ဖတ်သူများတွင် ဝတ္ထု၏ တကယ့်အဆုံးသတ်တွင် မမကြူ၊ ကိုလှခိုတို့နှင့် တစ်နည်းနည်းဖြင့် အဆုံးသတ်လိမ့်မည်ဟု ရိပ်မိလာသည်။ (အကြော်တဲကို မမြင်ရသေးသော်လည်း အကြော်နံ့ ရသကဲ့သို့ဟု နမူနာပြနိုင်သည်) တကယ်အဆုံးသတ်သောအခါ မမကြူ၊ ကိုလှခိုတို့နှင့်အတူ ဝတ္ထုတိုအတွင်း တည်ဆောက်ထားသော ဌေးအောင်နှင့် ကျွန်တော်ပါ တစ်နေရာတည်းတွင် ပြန်ပေါ်လာခဲ့တော့သည်။

            ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတို၏ အဆုံးသတ်ပုံမှာ အစသို့ ပြန်သွားသောပုံစံမျိုး ဖြစ်သည်။ (ပုံစံဖြစ်သည်ဟု ကျွန်တော် မဆိုလို)ဆိုလိုသည်မှာ စတင်ထားခဲ့သော အရင်းခံ မူလ (အပိုင်း က)ကို အပိုင်း ခ၊ ဂ၊ ဃ တို့ တွင် လက်ခံဖော်ပြခဲ့ခြင်း မရှိ။ အသိအမှတ်ပြုမထား (ဆန့်ကျင်သည်ဟု အပြည့်အဝ မဆိုနိုင်သော်လည်း ဆန့်ကျင်ထားသည့်သဘော။ ဆိုလိုသော် Anitithesis ဟု ဆိုရမည်။) အပိုင်း ခ၊ ဂ၊ ဃ ပြီးဆုံးသွားသောအခါ ၎င်း အပိုင်းများတွင် ဖော်ထုတ်တင်ပြထားခဲ့သော အပိုင်းများပါ ပြီးဆုံးသွားခဲ့သည် (Completion of antithesis ဟု ဆိုနိုင်သည်။) အပိုင်း (င) သို့ ရောက်သောအခါ အကြောင်းအရာသစ်များကို ဝတ္ထုရေးသမားက ဖော်ထုတ်တင်ပြလာသည်။ ကာလတရား မတူညီပုံ (အနှစ် သုံးဆယ်ကျော်ကြာတော့မှ...ဟု ရေးကာ အာမခံထားသည်) အနေအထား မတူညီပုံ (ဦးလှခိုကြီးလည်း မြင်းလှည်းမမောင်းနိုင်တော့၊ လမ်းစည်းကမ်းအသစ်တွေဟု ထပ်မံအားဖြည့် ထားပြန်သည်) များကို ဝတ္ထုရေးမသားက တိတိကျကျ ဖော်ထုတ်တင်ပြထား ခြင်းဖြင့် အပိုင်း (င)မှာ ရှေ့တွင် ရေးသားခဲ့သော အပိုင်းများမှ ဖြာထွက်လာခဲ့ပြီဖြစ်ကြောင်း စာဖတ်သူကို အသိပေးလိုက်သည်။ အကယ်၍ အပိုင်း (က)ကို သတိပြုကာ ဖတ်ရှုခဲ့ကြသော် အပိုင်း ခ၊ ဂ၊ ဃ တို့မှာ ဌေးအောင်က 'ကျွန်တော်ကို ပြန်ခေါ်လာခဲ့သော 'ဧရာဝတီမြစ် ကမ်းပါးထိပ်က ဂေါဝိန်ဈေးကြီး ...'နှင့် ပတ်သက်သော အပိုင်းဖြစ်ကြောင်း၊ စာဖတ်သူများ သိနှင့်ထားခဲ့ပေမည်။ အပိုင်း (ဃ) တွင်ပင် ၎င်း၏ ကာလ၊ ဒေသ၊ ပယောဂ အားလုံး ပြီးဆုံးသွားခဲ့သည်။ အပိုင်း (င)မှာ ဝတ္ထုရေးသမား ဖန်တီးထားသော 'ကျွန်တော်'၏ အပိုင်းဖြစ်သည်။

            သို့ရာတွင် 'ကျွန်တော်'သည် အပိုင်း (က)ဆီသို့ အပြည့်အဝ ပြန်မသွားတော့။ ဝတ္ထု၏အစတွင် 'ကျွန်တော်'က ဖော်ထုတ်တင်ပြထားခဲ့သော 'ကျွန်တော်ပဲ အဖေ၊ ကျွန်တော်ပဲ အမေ' အနေအထားဆီသို့ ပြန်မသွားတော့။ ပြန်မသွားသည်မှာ ဝတ္ထုရေးသမားက 'ကျွန်တော်'၏ အနေအထားကို ပြထားခဲ့ပြီး၍ ဖြစ်သည်။ စာဖတ်သူက 'ကျွန်တော်' အနေအထားကို သိနှင့်ခဲ့ပြီး ဖြစ်သည်။ ဝတ္ထုရေးသမားက စာဖတ်သူ၏ ပါဝင်ပတ်သက်မှုဖြင့် သူ၏ဝတ္ထုကို အဆုံးသတ်ထားသည်။ 'ကျွန်တော်'သည် မမကြူ၏ ကျိန်ဆဲနည်းနှင့် ပတ်သက်၍ မည်သို့သဘော ထားရမှန်း (အဆုံးအဖြတ်ပြုရမှန်း) မသိ (Ambiguity သဘောဖြစ်သည်) စာဖတ်သူသည် 'ကျွန်တော်' ကို 'ကျွန်တော်' သက်သက်အနေအထားမှ လည်းကောင်း၊ 'ကျွန်တော်ပဲ အဖေ၊ ကျွန်တော်ပဲ အမေ' အနေအထားမှ လည်းကောင်း စဉ်းစားကြည့်နိုင်သည်။ စင်စစ် ခြောက်လုံးချက်ဂေါဝိန် ဝတ္ထုတိုသည် ဂေါဝိန်ဆိပ်အနီးအနားမှ 'ကျွန်တော်'၏ အကြောင်းသာ ဖြစ်သည် မဟုတ်ပါလား။ သိုက်ထွန်းသက်၏ ဝတ္ထုတို အရေးအသားများအရ ဂေါဝိန်နှင့် ပတ်သက်၍ သူ၏ ကျွမ်းကျင်နှံ့စပ်မှုရှိခြင်းမှာ သံသယ ဖြစ်ရန်မလို။ သူ၏ ဂေါဝိန်အခြေခံဝတ္ထုများမှာ သိကြားလက်မှ ပတ္တမြားခွက်ဟုသာ ဆိုရန်သာ ရှိသည်။

            သိုက်ထွန်းသက်၏ ဝတ္ထု အပိတ်ကို စိတ်ဝင်စားသူများအနေ ဖြင့် 'လျှာထိုးဦးထုပ်အနီနဲ့ အမျိုး သမီး' ၁၉၉၄ ကိုလည်း ဖတ်ကြည့်သင့်သည်ဟု ကျွန်တော် ထင်သည်။

ဆက်လက်ဖော်ပြပါမည်

မြင့်သန်း

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေသုတ‌
...
မြန်မာဝတ္ထုတိုအချို့တို့၏ အပိတ် အပိုင်း (၂)
မြင့်သန်း

ညီပုလေး၏ မိုက်သလား၊ ရိုက်သလား မမေးနဲ့ ဝတ္ထုတိုမှာလည်း စ-လယ်-ဆုံး သုံးပါး စလုံး ညီညွတ်ရေး ပေတံမျိုးဖြင့် တိုင်းရမည့် အရေးအသားမျိုး မဟုတ်။ တစ်နည်းဆိုရပြန်သော် အစဉ်အလာတွင် အားသန်သော ပညာရှင်များ၏ ချဉ်းကပ်...

ရွှေသုတ‌
...
ဆွေမျိုးများနဲ့ ကမ္ဘောဇ နွေရက်များ
ညီပုလေး

မော်တော်မထွက်ခင်မှာ လှေ ဝမ်းပြာလေး တစ်စင်း လာဆိုက်တယ် ကလေးမလေး နှစ်ယောက် လှော်လာကြတာ ကျွန်တော်တို့ မော်တော်နဲ့ သူတို့လှေနဲ့ယှဉ်ပြီး ရေပေါ်ဈေးကလေး လာရောင်းကြရှာတာပါ လှေဦးက ထိုင်သူက နန်းနွဲ့ နောက်က လှော...

ရွှေသုတ‌
...
မုတ်သုန်ဆည်းဆာ
မောင်ခိုင်လတ်

ခြွင်းချက် ပြဿနာနှင့် ယေဘူယျ ပြဿနာ ဦးတည်ချက်နှင့် ပုံသဏ္ဌာန်။ စာရေးဆရာနှင့် သူ၏ဘက်လိုက်မှု။ ဝေဖန်ခြင်းနှင့် အပြစ်ရှာပြခြင်း။