ရွှေဝတ္ထု

စက်နဲ့ရေးတဲ့ဝတ္ထု

ဇင်သန့်

01 April 2026
စက်နဲ့ရေးတဲ့ဝတ္ထု
Share to

ဦးသူရိန်သည် အင်တာနက်မှ ကွန်ပျူတာလုပ်ငန်းဆိုင်ရာ သတင်းများကို ဖတ်ရှုနေသည်။ ထိုစဉ် မိမိစားပွဲရှေ့တွင် တစ်စုံတစ်ယောက် လာရပ်နေသည်ကို သတိထားလိုက်မိ၍ မော့ကြည့်လိုက်ရာ

မောင်ဝမ်ခ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

'ဆို... မောင်ဝမ်ခ'

မောင်ဝမ်ခမှာ ထုံးစံအတိုင်း ဆံပင်ကို မဖြီး၊ ခေါင်းစုတ်ဖွားနှင့်။ အင်္ကျီမှာလည်း ရင်ဘတ်ကြယ်သီးများ မတပ်ဘဲ ထားသည်။ ပုဆိုးကလည်း ဖိုသီဖတ်သီ။ သူ့ဝတ်စားဆင်ယင်ပုံကို မကြိုက်သော်လည်း အလုပ်တွင် အားကိုးရသူတစ်ယောက်ဖြစ်၍ ဦးသူရိန် သူ့ကို ခွင့်လွှတ်ထားရသည်။

'ကျွန်တော် ခွင့်သုံးလေးရက်လောက် လိုချင်လို့ပါ ဆရာ'

'သြော်... ဒါများကွာ။ ရပါတယ်။ ယူပါ။ သုံးလေးရက် မဟုတ်ဘူး။ နှစ်ပတ်လောက် ယူကွာ။ အေးအေးဆေးဆေး အနားယူလိုက်ဦးပေါ့'

တကယ်တော့ မောင်ဝမ်ခမှာ အလွန်အလုပ်ကြိုးစားသူ ဖြစ်သည်။ ခွင့်လည်း တစ်ခါမျှမယူခဲ့။ အလုပ်ပျက်သည်ဟူ၍လည်း မရှိ။ သူရိန်ကုမ္ပဏီတွင် သူမရှိလျှင် မဖြစ်သလောက် အားကိုးရသူတစ်ယောက် ဖြစ်သည်။ သူရိန်ကုမ္ပဏီ၏ ကွန်ပျူတာလုပ်ငန်းမှာလည်း သူစိတ်ဝင်စားဆုံး အလုပ်ဖြစ်နေရာ အလုပ်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသူ ဖြစ်သည်။ ထို့ကြောင့် ပိန်လှီ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ နေထိုင်မကောင်းခြင်း မရှိသော်လည်း လူမမာရုပ်ပေါက်နေသည်။ အလုပ်မှ ခေတ္တခဏ အနားယူလိုက်လျှင် သူ ပိုမိုလန်းဆန်းလာမည် ထင်၏။

'နှစ်ပတ် မလိုချင်ပါဘူး ဆရာရယ်။ သုံးလေးရက်ဆိုရင် လုံလောက်ပါပြီ'

'မဟုတ်ပါဘူးကွာ။ နှစ်ပတ်လောက် နားလိုက်စမ်းပါ။ အလုပ်မှာ မင်းတပည့်တွေနဲ့လည်း စိတ်ချရသားပဲ။ ငပလီတို့၊ ချောင်းသာတို့လို နေရာမျိုးကိုသွား။ ကောင်းကောင်း အနားယူလိုက်။ အလုပ်ကို ခေါင်းထဲမှာ မထားနဲ့။ မေ့ထားလိုက်။ ခွင့်ယူတဲ့ကာလအတွင်း မင်းရဲ့လစာလည်း အပြည့်ပေးမယ်။ မင်းသွားဖို့လာဖို့အတွက် ငွေကိုင် ခင်ခင်ငြိမ်းဆီမှာ ငွေတစ်သိန်းထုတ်သွား။ ဒီငွေကိုလည်း ပြန်ဆပ်စရာ မလိုဘူး'

'ငွေလည်း မလိုပါဘူး ဆရာ'

'မလိုပါဘူး မလုပ်နဲ့။ ငွေထုတ်သွား။ ငါပြောတဲ့အတိုင်းလုပ်။ ကဲ...သွားတော့'

မောင်ဝမ်ခ ကျေးဇူးတင်သော အကြည့်ဖြင့် ဦးသူရိန်ကို ကြည့်ကာ အခန်းထဲမှ လှည့်ထွက်သွားသည်။ ဦးသူရိန်လည်း လှည့်ထွက်သွားသော မောင်ဝမ်ခ၏ ကျောပြင်ကို ကြည့်ကာ သူ့အကြောင်းကို စဉ်းစားနေမိသည်။

မောင်ဝမ်ခသည် ကွန်ပျူတာသိပ္ပံတွင်ရော ကွန်ပျူတာနည်းပညာပိုင်းမှာပါ

အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သူတို့နိုင်ငံမှာလို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရှိမည်ဆိုလျှင် မောင်ဝမ်ခလည်း ဘီလ်ဂိတ်ထက်ပင် ချမ်းသာနေဦးမည်။ သူ့ ကျေးဇူးကြောင့်လည်း

သူရိန်ကုမ္ပဏီ ကြီးပွားတိုးတက်ခဲ့ရခြင်း ဖြစ်သည်။ နောက်ဝင်လာသည့် ဝန်ထမ်းအသစ်တွေလည်း သူ၏သင်ပြပေးမှုကြောင့် အတော်ပင်ကျွမ်းကျင်လာကာ အားကိုးရလောက်သည့်အဆင့်သို့ ရောက်လာပေပြီ။ ထို့ကြောင့် မောင်ဝမ်ခကို ဦးသူရိန် လစာကောင်းကောင်းပေးထားခြင်း ဖြစ်သည်။ မောင်ဝမ်ခမှာ တစ်ကိုယ်ရေတစ်ကာယသမား ဖြစ်သော်လည်း ကြီးပွားချမ်းသာချင်စိတ်လည်း ရှိနေပုံရသည်။ ဘီလ်ဂိတ်ကို အားကျနေသည် ထင်၏။ ထို့နောက် ဦးသူရိန် အင်တာနက်ကို ဆက်လက်ကြည့်နေသည်။

ဦးသူရိန် ဝန်ထမ်းစားပွဲ များကြားမှဖြတ်ကာ မိမိရုံးခန်းထဲသို့ ဝင်လိုက်သည်။ အတက်ချီကေ့စ်ကို

ဗီရိုထဲထည့်ပြီး စားပွဲတွင်ထိုင်လိုက်တော့ အခန်းထဲသို့ မောင်ဝမ်ခ ဝင်လာသည်ကို တွေ့လိုက်ရသည်။

မောင်ဝမ်ခ မျက်နှာမှာ ရွှင်လန်းတက်ကြွနေပုံရသည်။ လူပုံကတော့ ခါတိုင်းလိုပင် ညှင်းသိုးသိုးနှင့်။

'ဘယ့်နှယ် မောင်ဝမ်ခ၊ မင်းပြန်လာတာ စောလှချည်လား။ တစ်ပတ်ပဲ ရှိသေးတယ်။ နှစ်ပတ်နားပါလို့ ပြောလိုက်လျက်သားနဲ့'

'တစ်ပတ်ဆိုရင် လုံလောက်ပါပြီ ဆရာ။ ဒါကြောင့် အလုပ်ပြန်ဆင်းလာတာ'

'ဒါနဲ့ မင်း ဘယ်ရောက်ခဲ့သလဲ။ ငပလီလား၊ ချောင်းသာလား'

'ကျွန်တော် ဘယ်မှမသွားဘူး ဆရာ။ အိမ်မှာပဲ ဆော့ဖ်ဝဲတစ်ခု ထုတ်နေတာ'

'ဟာကွာ... အလုပ်ကို စိတ်ထဲမှာ မထားနဲ့လို့ မှာလိုက်သားနဲ့'

'မဟုတ်ဘူး ဆရာ။ ကျွန်တော်ခွင့်ယူတာ အနားယူချင်လို့ မဟုတ်ဘူး။ အဲဒါ လုပ်ချင်လို့ပါ'

'မောင်ဝမ်ခရယ်... မင်းကတော့ ဝပ်ကိုဟောလစ် ဖြစ်နေပြီ'

'ကျွန်တော်ထုတ်တဲ့ ဆော့ဖ်ဝဲကို ဆရာစိတ်ဝင်စားမှာပါ။ ဘယ်သူမှ စိတ်မကူးဖူးသေးတဲ့ ဆော့ဖ်ဝဲမျိုးပါ'

'ကဲ... ဆိုစမ်းပါဦး'

'ဒီဆော့ဖ်ဝဲက ဝတ္ထုရေးတဲ့ ဆော့ဖ်ဝဲပါ'

'ဟ...မင်းဟာက ဘာအသုံးကျမှာလဲ'

'ကျွန်တော် ရှင်းပြပါ့မယ် ဆရာ။ ဒီဆော့ဖ်ဝဲမှာ ထပ်ခွဲထားသေးတယ်။ ဝတ္ထုတိုရေးတဲ့ဆော့ဖ်ဝဲ၊ ဝတ္ထုရှည်ရေးတဲ့ ဆော့ဖ်ဝဲ၊ သိုင်းဝတ္ထုရေးတဲ့ ဆော့ဖ်ဝဲ'

'မင်းဟာက များလှချည်လား'

'ဒါတင် ဘယ်ကဦးမလဲ။ မော်ဒန်ဝတ္ထုရေးတဲ့ ဆော့ဖ်ဝဲတောင် ပါသေးတယ်'

'ဘာလဲကွ၊ မော်ဒန်ဝတ္ထုဆိုတာ'

'ဆရာက အသက်ကြီးတော့ ခေတ်မမီဘဲကိုး။ မော်ဒန်ဝတ္ထုဆိုတာက ဖတ်ပြီးသွားရင် စာဖတ်သူ ဘာကို စဉ်းစားရမှန်းမသိအောင် လည်ပြီး ကျန်ခဲ့ရမယ်။ အရေးအသားကလည်း မော်ဒန် ဖြစ်ရမယ်'

'မော်ဒန် အရေးအသား ဟုတ်လား'    

'ဆရာက မော်ဒန်ဝတ္ထုတွေ မဖတ်ဖူးလို့ မသိတာပါ။ မော်ဒန် အရေးအသားဆိုတာက သဒ္ဒါစည်းကမ်းကို ဖောက်ပြီး ရေးရတယ်။ ဥပမာ-ဆရာရယ်၊ 'သူသာ ခွေးတစ်ကောင် ဖြစ်သွားမယ်ဆိုရင်' ဆိုတဲ့ဝါကျရယ်၊ 'သူ ခွေးတစ်ကောင် ဖြစ်သွားတယ်ဆိုပါတော့' ဆိုတဲ့ ဝါကျနှစ်ခုဟာ သဒ္ဒါစည်းကမ်းနဲ့ ညီညွတ်တယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်ပြီး သဒ္ဒါစည်းကမ်း ဖောက်ထား တဲ့ 'သူသာ ခွေးတစ်ကောင် ဖြစ်သွားတယ်ဆိုပါတော့' ဆိုတဲ့ အရေးအသားမျိုးကို မော်ဒန်လို့ခေါ်တာ ဆရာရဲ့'

            'မင်းဟာကကွာ၊ ငါတောင် အူကြောင်ကြောင် ဖြစ်ချင်လာပြီ'

            'အဲဒါဟာ မော်ဒန်ရဲ့ အဓိက ရသပဲ'

            'ဖြစ်မှ ဖြစ်ရလေကွာ။ ကဲ... ဆက်ပါဦး၊ မင်းရဲ့ဆော့ဖ်ဝဲကိစ္စ။ ဒါကို ဘယ်လိုအသုံးချမှာလဲ'

            'ကျွန်တော့် ဆော့ဖ်ဝဲက ထုတ်တဲ့ ဝတ္ထုတွေဟာ အရေးအသားရော ဇာတ်လမ်းဇာတ်အိမ်ရော အတော်ဆုံး ဆိုတဲ့ စာရေးဆရာတွေထက် ကောင်းတယ်။ စာရေးဆရာဆိုတာက လူသားတွေ ဖြစ်တယ်။ အမြဲ ကောင်းအောင် မရေးနိုင်ဘူး။ ညံ့တဲ့အခါ ညံ့သွားနိုင်တယ်။ လက်နဲ့လုပ်တာထက် စက်နဲ့ထုတ်တာ ဖြစ်လို့ အမြဲတမ်း ကောင်းတာတွေပဲ ထွက်တယ်။ စက်နဲ့ထုတ်တာဟာ လက်နဲ့လုပ်တာထက် သာတယ်။ ဥပမာ-ဂဏန်းတွေ အများကြီးကို လူက ပေါင်းတာ၊ နုတ်တာ၊ မြှောက်တာ၊ စားတာ လုပ်ရင် အချိန်လည်း ကြာမယ်။ မှားလည်း မှားနိုင်တယ်။ ဂဏန်းပေါင်းစက်နဲ့ ပေါင်းနုတ် မြှောက်စားမယ်ဆိုရင် မြန်လည်း မြန်မယ်။ မှန်လည်း မှန်မယ်။ အခု ကျွန်တော်တို့ ဝတ်နေကြတဲ့ အင်္ကျီပိတ်သားတွေဟာ ပြည်ပက ဝင်လာတဲ့ စက်ရက် အထည်တွေပါ။ ဒီလောက်ပါးပြီး ချောတဲ့ ပိတ်သားမျိုးကို လက်ရက်ကန်းနဲ့ မရက်နိုင်ပါဘူး'

            'စက်နဲ့လုပ်တာဟာ လက်နဲ့လုပ်တာထက် ပိုပြီး သာတယ်ဆိုတာ ငါ လက်ခံပါတယ်'

            'အခု ကျွန်တော့်ဆော့ဖ်ဝဲနဲ့ ထုတ်တဲ့ ဝတ္ထုတွေဟာ အတော်ဆုံးဆိုတဲ့ စာရေးဆရာတွေရဲ့ လက်ထက် ပိုမကောင်းတောင် မညံ့ဘူး။ ဥပမာ- ဂေါ့ဖားသားဝတ္ထုနဲ့ နာမည်ကျော်ခဲ့တဲ့ မာရီယိုပူဇိုဟာ နောက်ပိုင်း သူ့ဝတ္ထုတွေ ညံ့သွားတာမျိုး ရှိပေမယ့် ကျွန်တော့်ဆော့ဖ်ဝဲနဲ့ ထုတ်တဲ့ ဝတ္ထုတွေဟာ တစ်ပြေးညီ ကောင်းသွားကြမယ်။ ဒါကြောင့် မဂ္ဂဇင်း အယ်ဒီတာတွေကလည်း ကြိုက်ကြမယ်။ လုံးချင်းတိုက်တွေကလည်း ထုတ်ချင်ကြမယ်'

            'အဲဒီတော့'

            'အခုဆိုရင် မဂ္ဂဇင်း တစ်ရာကျော်လောက် ရှိတယ်။ ဝတ္ထုတိုတွေကို နာမည်အမျိုးမျိုးခွဲပြီး အရေးအသားအမျိုးမျိုးနဲ့ ပို့ရင် မဂ္ဂဇင်းတစ်အုပ်မှာ ကျွန်တော်တို့ဝတ္ထုတွေ တစ်လသုံးပုဒ်လောက် ပါနိုင်တယ်။ မဂ္ဂဇင်း တစ်ရာပဲ ထားဦး၊ ဝတ္ထုအပုဒ် သုံးရာပါမယ်။ တစ်ပုဒ်ကို စာမူခ လေးထောင်ဆိုတော့ တစ်လကို ဆယ့်နှစ်သိန်းလောက် ရမယ်'

            'မဆိုးပါလား'

            'အပတ်စဉ်ထုတ်တွေကလည်း ရှိသေးတယ်။ အပတ်စဉ်ထုတ် တစ်စောင်မှာ တစ်ပုဒ်ပဲ ပါတယ်ထားဦး။ အစောင်တစ်ရာဆိုတော့ အပုဒ်ပေါင်းတစ်ရာ၊ တစ်လကို လေးပတ်ရှိတော့ အပုဒ် လေးရာ၊ စာမူခကို သုံးထောင်နဲ့ပဲ တွက်ဦး၊ တစ်လကို ဆယ့်နှစ်သိန်း ရမယ်'

            'ဘယ်ဆိုးလို့လဲ။ တစ်လကို နှစ်ဆယ့်လေးသိန်းလောက် ဝင်မယ့် သဘောပေါ့'

            'ဒါပေါ့ ဆရာရဲ့'

            'ဒါပေမယ့် စာဖတ်ပရိသတ်က ကလောင်နာမည် အစွဲရှိတယ်ကွ'

            'ဒီအတွက်လည်း ကျွန်တော် ပြင်ဆင်ထားပါတယ် ဆရာ'

            'ဘယ်လိုလဲကွ'

            'အခု နာမည်ကြီးနေတဲ့ စာရေးဆရာမ မေထွဋ်ခေါင်တို့၊ မေနီမိုးတို့ရဲ့ အရေးအသားနဲ့ တစ်ထပ်တည်း တူအောင် ရေးနိုင်တဲ့ ဆော့ဖ်ဝဲ ကျွန်တော့်မှာ ရှိတယ်။ တခြား နာမည်ကြီး အမျိုးသားစာရေးဆရာတွေနဲ့လည်း တစ်ထပ်တည်း တူအောင် ရေးနိုင်တယ်'

            'အဲဒီတော့...'

            'သူတို့ရဲ့ ကလောင်နာမည်တွေကို ဝယ်ယူလိုက်မှာပေါ့'

            'သူတို့က ရောင်းပါ့မလားကွ'

            'သူတို့ ရောင်းချင်လောက်တဲ့ ဈေးပေးမယ်လေ'

            'မင်းဟာ အကြံတော့ ကြီးပါပေတယ် မောင်ဝမ်ခရယ်။ အလုပ်ဖြစ် မဖြစ်တော့ လက်တွေ့ကျမှပဲ သိရတော့မယ်'

            'ကျွန်တော့်ကို ယုံပါ ဆရာ'

            'မင်းကိုတော့ ယုံပြီးသားပါ။ မင်းရဲ့စီမံကိန်းကိုသာ ငါ သံသယရှိတာ'

            ဦးသူရိန် မောင်ဝမ်ခ၏ ဆော့ဖ်ဝဲနှင့် ထုတ်သည့် စာမူများကို ဖတ်ကြည့်နေသည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ သိုင်းဝတ္ထုနှင့် မော်ဒန်ဝတ္ထုများ နှစ်ပုဒ်စီ ဖြစ်၏။ ထိုဝတ္ထုများအားလုံး ကောင်းသည်။ အရေးအသားကလည်း ညက်ညောသည်။ မော်ဒန်ဝတ္ထုများကိုသာ ဦးသူရိန် လိုက်မမီခြင်း ဖြစ်၏။

            ဝတ္ထုအားလုံး ပြီးအောင် သုံးရက်မျှ အချိန်ပေးလိုက်ရသည်။ ဝတ္ထု အားလုံး ဖတ်ပြီးသည့် နောက်တစ်နေ့တွင် ဦးသူရိန် မောင်ဝမ်ခအား ရုံးခန်းထဲသို့ လာရန် ခေါ်ခိုင်းလိုက်သည်။ မောင်ဝမ်ခ ရောက်လာတော့...

            'ထိုင်ကွ မောင်ဝမ်ခ'

            'ဝတ္ထုတွေ ဘယ့်နှယ်နေလဲ ဆရာ'

            'အားလုံး ကောင်းတယ်။ အပြစ်ပြောစရာ မရှိဘူး'

            မောင်ဝမ်ခက ဦးသူရိန်အား ပြုံးရွှင်စွာ ကြည့်နေသည်။

            'ငါလည်း ငယ်ငယ်ကတည်းက ဝတ္ထုတွေကို တရှိုက်မက်မက် ဖတ်လာခဲ့တာပဲ။ အခုမှသာ တခြားဖတ်စရာတွေ ရှိနေလို့ ဝတ္ထု အဖတ်ကျဲသွားတာ။ ငါ ဖတ်ဖူးသမျှထဲက အကောင်းဆုံးဆိုတဲ့ ဝတ္ထုတွေထက် ပိုကောင်းတယ်လို့ မပြောနိုင်ရင်တောင် မညံ့ဘူးဆိုတာတော့ သေချာတယ်ကွ'

            'ဒါဆိုရင် ကျွန်တော်တို့ရဲ့ အော်ပရေးရှင်း စကြမယ်'

            'လုပ်လေ'

            ဆဒ္ဒန်မောင်မောင် ဘောလ်ပင်ကို ရေးလက်စ စာမူပေါ် တင်လိုက်ရင်း ဆေးပေါ့လိပ်ကို ယူကာ မီးညှိလိုက်သည်။ စာမူကို ရေးသားနေရသော်လည်း စိတ်က မပါချင်။ စိတ်တွေက ထွေပြားနေသည်။ အာရုံကို စူးစိုက်၍မရ။

            အခုတလော ကလောင်သစ်တွေ မှိုလိုပေါက်အောင် ပေါ်လာနေသည်။ ကလောင်သစ်တွေ ဆိုပေမယ့် လက်တွေက ကလောင်ရင့်ကြီးတွေထက်ပင် ကောင်းနေသေးတော့သည်။ ထိုကလောင် သစ်အားလုံးသည် သူရိန်ကုမ္ပဏီ တစ်ခုတည်းကဟုလည်း ကြားနေသည်။

            ကလောင်သစ်တွေကြောင့် မဂ္ဂဇင်းများတွင် မိမိတို့လို ကလောင်ရင့်ကြီးများ၏ စာမူများ အပါကျဲလာသည်။ ယခင်ကဆိုလျှင် စာမူကို သည်လ ပေးလိုက်သည်နှင့် နောက်လ ပါလာစမြဲ။ အများဆုံး စောင့်ရလျှင် တစ်လမျှသာဖြစ်သည်။ ယခုတော့ ပေးလိုက်သည့်စာမူ သုံးလနှင့်လည်း ပါမလာ၊ လေးလ ငါးလလောက်ကျမှ ပါလာတတ်သည်။ တစ်ခါတစ်ရံ ခြောက်လ ခုနစ်လ အထိပင် ကြာတတ်သည်။ သွားမေးတော့လည်း အယ်ဒီတာချုပ်က...

            'ဆရာ့စာမူ သုံးမှာပါ ဆရာရယ်။ စာမူတွေ ကျပ်နေလို့ပါ' ဟု ဆိုသည်။

            လုံးချင်းတိုက်များတွင်လည်း ယခုတလော ကလောင်သစ်များ တင်လာနေသည်ကို တွေ့ရသည်။ သူတို့လည်း လက်ကောင်းတွေပင်။ မိမိ နာမည်ရခဲ့သော ဝတ္ထုများထက်ပင် ကောင်းသည်ဟု ဆိုနိုင်သည်။ မိမိ၏ လုံးချင်းတွေလည်းအထွက် ကျဲလာနေသည်။ သွားမေးတော့ ထုတ်ဝေသူက...

            'ဆရာ့စာအုပ်က ကွန်ပျူတာ စီထားပြီးပါပြီ။ စာအုပ်တွေက ကျပ်နေလို့ ဆိုင်းထားရတာပါ။ တစ်ပြိုင်တည်း အကုန်ထုတ်ဖို့ကလည်း ကျွန်တော့်မှာ ငွေမနိုင်ဘူးလေ။ ခဏတော့ သည်းခံပြီး စောင့်ပေးပါ ဆရာရယ်' ဟု ဆိုပြန်သည်။

            ထို့ကြောင့် ရထားသမျှ စာမူခ ငွေကလေးများကို ဖဲ့သုံးရင်း လက်ကျန်ငွေက အတော်ကလေး ပါးလျားလာခဲ့သည်။

            ယခုတလော သူရိန်ကုမ္ပဏီက နာမည်ကြီး စာရေးဆရာများ၏ ကလောင်နာမည်များကို လိုက် ဝယ်နေသည်။ သူတို့ကမ်းလှမ်းသည့် ငွေကလည်း မက်လောက်စရာပင်။ အချို့စာရေးဆရာများလည်း သူရိန် ကုမ္ပဏီက ပို့လိုက်သည့် စာချုပ်ကို လက်မှတ်ထိုးပေးလိုက်ကာ ကလောင်နာမည်ကို ရောင်းပစ်လိုက်ကြသည်။ အချို့ကတော့ မရောင်းသေးဘဲ တင်းခံနေကြသည်။

            ထိုစဉ် မီးဖိုခန်းဆီမှ ဇနီးသည်နှင့် ကလေးများ၏ အသံများကို ကြားနေရသည်။

            'မေမေ သားကို မုန့်ဖိုးပေးပါ'

            'သမီးကိုလည်း မုန့်ဖိုး ပေးရမယ်'

            'နေကြစမ်းပါဟယ်။ ဈေးဖိုး နည်းနေရတဲ့အထဲ။ ခုတလော နင်တို့ အဖေကလည်း ဝင်ငွေ သိပ်ကောင်းတာ မဟုတ်ဘူး။ စာမူခတွေ သိပ်မရတော့ဘူး။ မေမေ့ကိုတောင် ဈေးဖိုး အရင်ကလို အပြည့်အဝ မပေးနိုင်ဘူး။ ရတဲ့ဈေးဖိုးနဲ့ အဆင်ပြေအောင် ကြည့်ပြီး စီစဉ်နေရတာ။ ဒီကြားထဲ နင်တို့က မုန့်ဖိုး လိုချင်ကြသေးတယ်'

            'မေမေကလည်းဗျာ၊ ခါတိုင်းလည်း ပေးနေကျပဲဟာ'

            'အခု ခါတိုင်းလို မဟုတ်လို့ပေါ့ဟဲ့'

            ထိုအသံများကို နားထောင်ရင်း စာရေးဆရာကြီး ဆဒ္ဒန်မောင်မောင် သက်ပြင်းရှည်ကြီးတစ်ခုကို လေးတွဲ့စွာ မှုတ်ထုတ်လိုက်သည်။

            ထို့နောက် စားပွဲထိပ်တွင် တင်ထားသော စာချုပ်ဆီသို့ လက်လှမ်းလိုက်မိပ တော့သည်။

ဇင်သန့်

(Rodah ၏ ခေါင်းစဉ် မမှတ်မိတော့သော ဝတ္ထုတစ်ပုဒ်ကို ခိုးချပါသည်)

(အမှတ် ၂၀၀၊ ဇူလိုင်၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

ရွှေဝတ္ထု
...
ဆရာအိုပြဿနာ... ရှာပါလှည့်လေး
သုမောင်

ဆရာ့ဆောင်းပါးဖတ်မိတော့မှ ဆရာသိန်းဖေမြင့်၏ ဇာတ်ဆောင် သရုပ်သည် ပို၍ ပီပြင်လာပါသည် ရသစာပေတွင် နှမ်းထောင်းဖြူးရုံဖြင့် ကောက်ညှင်းပေါင်း ပိုပြီး စားကောင်းသွားသလို ဖြစ်ပါသည် သုတသဘောအရမူ အငန်ဓာတ်ကလေး ဖြည့...

ရွှေဝတ္ထု
...
အဆင်းအနံ့က သင်းပျံ့မွှေးကြည်ကြည်
ကျော်ညိုလွင် ၊ကျောက်ဆည်၊

သင်္ကြန်မှာ တမာ မပွင့်ရဘူးဟု မည်သူတွေက တားမြစ်ထားနိုင် ကြမှာတဲ့လဲ သူ့အချိန် သူ့အခါ ရောက်လျှင် တမာပန်းတွေလည်း ပွင့်တတ်ကြပါသည်

ရွှေဝတ္ထု
...
ဖိတ်စာကလေးနှစ်စောင်
ကိုလှိုင်ကြည်ဝင်း

ဆွေကြီး မျိုးကြီး မျက်နှာကြီးအလှူပေမို့ အလှူက ကြက်ပျံမကျ ဝက်ဝက်ကွဲမျှ တိုးမရလောက်အောင်ပင် စည်ကားလှသည်အလှူမဏ္ဍပ် အပြင်အဆင်ကလည်း သည်နယ်တစ်ဝိုက်တွင် ရှိခဲ့မည်မထင်